Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၁.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သမ္မတဦးသိန်းစိန် စင်ကာပူသို့ အလည်အပတ်ရောက်

(Channel News Asia မှ 29 January 2012 ရက်စွဲပါ S Ramesh ရေးသားသော Myanmar’s President Thein Sein visits Singapore ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ပြောင်းလဲခြင်းမပြီးဆုံးသေး၊ ပြုပြင်ပြောင်းလဲရေးများ ရှိသေးသည်ဟု ဝန်ကြီးပြော

(Reuters မှ 28 January 2012 ရက်စွဲပါ Tomasz Kanowski and Michele Sani တို့ရေးသားသော Myanmar shift to democracy not over, more reforms ahead: minister ကို ဘာသာ ပြန်ဆိုသည်)

  1. နော်ဝေက မြန်မာနှင့်ကုန်သွယ်ရာတွင် နောက်ထပ်ဖြေလျှော့

(The Foreigner မှ 28 January 2012 ရက်စွဲပါ Norway eases Burma trade further ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားတို့၏ နာမည်ကျော်နေရာဖြစ်လာတော့မည်

(CheapOair(blog) မှ 28 January 2012 ရက်စွဲပါ Nick Papa ရေးသားသော Myanmar to become popular tourist destination ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************************

သမ္မတဦးသိန်းစိန် စင်ကာပူသို့ အလည်အပတ်ရောက်

(Channel News Asia မှ 29 January 2012 ရက်စွဲပါ S Ramesh ရေးသားသော Myanmar’s President Thein Sein visits Singapore ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် တနင်္ဂနွေနေ့မှ ဖေဖော်ဝါရီလ (၁)ရက်နေ့ထိ သွားရောက် လည်ပတ်ပြီ ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့်အတူ ဇနီးဖြစ်သူဒေါ်ခင်ခင်ဝင်း၊ ဝန်ကြီးအချို့၊ အကြီးတန်းတာဝန်ရှိသူများနှင့် စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်သည်ဟု စင်ကာပူနိုင်ငံခြားရေးဌာနက ပြောကြားသည်။ Istana တွင် တရားဝင်ကြိုဆိုပွဲအခမ်းအနားအပြီးတွင် ဦးသိန်းစိန်သည် သမ္မတ Tony Tan Keng Yam နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဝန်ကြီးချုပ်လီရှန်လွန်းကလည်း သမ္မတနှင့်တွေ့ဆုံမည်ဖြစ်ပြီး စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် စင်ကာပူတွင် ရှိစဉ်အတွင်း ဝါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့်လည်း နံနက်စာ စားသုံးရင်း တွေ့ဆုံမည်ဖြစ်ပြီး HDB Hub သို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။ သမ္မတအနေဖြင့် ၂ဝဝ၉ ခုနှစ် ဝန်ကြီးချုပ်ဘဝက စင်ကာပူသို့ နောက်ဆုံး လာရောက်ခဲ့ဖူးသည်။

*****************************************************************************

မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ပြောင်းလဲခြင်းမပြီးဆုံးသေး၊ ပြုပြင်ပြောင်းလဲရေးများ ရှိသေးသည်ဟု ဝန်ကြီးပြော

(Reuters မှ 28 January 2012 ရက်စွဲပါ Tomasz Kanowski and Michele Sani တို့ရေးသားသော Myanmar shift to democracy not over, more reforms ahead: minister ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်ရေးအတွက် များစွာလုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလည်း ရရှိခဲ့ကြောင်း၊ သို့သော်ဒီမိုကရေစီသို့ ပြန်သွားခြင်းမှာ မပြည့်စုံသေးကြောင်း၊ နောက်ထပ် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လိုအပ် နေသေးကြောင်း မြန်မာနိုင်ငံ၏ ဝန်ကြီးတစ်ဦးက စနေနေ့က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ပြီးခဲ့သည့်မတ်လ အရပ်သားအစိုးရ တာဝန် ယူပြီးကတည်းက ပြင်ပကမ္ဘာသို့ ဖွင့်ပေးခဲ့ရာ အံ့ဩဖွယ် လျင်မြန်သောအရှိန်ဖြင့် ဖွင့်ပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်ခြင်းတို့လည်း ပါဝင်ခဲ့သည်။

အနောက်နိုင်ငံများက ချမှတ်ထားသောအရေးယူမှုများ ရုတ်သိမ်းမည့်အလားအလာများလည်း တွေ့လာရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအား အာရှ၏နောက်ဆုံးထွက်ပေါ်လာသည့် ရှေ့မှဦးဆောင်မည့် ဈေးကွက်တစ်ခုဟု ရှုမြင်လာကြပြီး စိတ်ဝင်စားမှုများ ရုတ်တရက် မြင့်တက်လာခဲ့သည်။

အမေရိကန်၏ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်မှုများ လုံလောက်မှုရှိမရှိ ယင်း၏ အမြင်အား မေးမြန်းရာ ဝန်ကြီးဦးစိုးသိန်းက Reuters ရုပ်မြင်သံကြားသို့ပြောကြားရာတွင် “ကျွန်တော်တို့ အတော်များများ လုပ်ခဲ့ပြီးပါပြီ။ လာမယ့်မဝေးတဲ့အနာဂတ်မှာလည်း လုပ်စရာတွေရှိနေပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်ကတော့ မပြီးသေးပါဘူး” ဟု ဆိုသည်။

“ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ရဦးမှာပါ။ ပြောင်းစရာတွေရှိပါသေးတယ်။ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ နိုင်ငံရေး ကဏ္ဍမှာတင် မဟုတ်ပါဘူး။ စီးပွားရေးကဏ္ဍမှာပါ ပြောင်းရမှာပါ။ အရေးယူမှု ရုတ်သိမ်းရေးဟာ အဲဒီအချက်တွေအပေါ်မှာ မူတည်မှာပါ” ဟု ယင်းက ပြောသည်။

ဦးစိုးသိန်းသည် ဆယ်စုနှစ်ငါးခုခန့် အထီးကျန်ဖြစ်နေရာမှ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ပထမဆုံးတက်ရောက်သော တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းက ဖိုရမ်တွင် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် တွေ့ဆုံခြင်းများအတွက် အားတက်မိကြောင်း ပြောသည်။

“ကျွန်တော် ဝန်ကြီးတွေ၊ CEO တွေ နှစ်ဆယ်ကျော်လောက် တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်တာတွေ ဆွေးနွေးကြပါတယ်” ဟု ဆက်လက်ပြောသည်။ “ကျွန်တော်တို့ရဲ့ တည်နေရာ၊ ကျွန်တော်တို့ရဲ့ ဈေးကွက်နဲ့ သယံဇာတအလားအလာကောင်းမျာဟာ သူတို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေပါတယ်” ဟုလည်း ဆိုသည်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ်တွင် အဆိုပါဖိုရမ်သို့ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာဝန်ကြီး၏ ပြောကြားချက် များသည် မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုလက္ခဏာများဖြစ်သည်ဟု ပါဝင်သည်။ မြန်မာနိုင်ငံသည် ကြီးမားသော အသွင်ပြောင်းမှုကို မရောက်သေးကြောင်း၊ သို့သော် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသည် ထိုသို့အသွင်ပြောင်းမှုအတွက် ပိုမို နီးစပ်သွားနိုင်ကြောင်းနှင့် ထိုရွေးကောက်ပွဲအတွက် ပြင်ဆင်နေရမှုကြောင့် ဖိုရမ်သို့ မတက်ရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံ၏ ဓာတ်ငွေ့တည်ရှိမှု ကြွယ်ဝခြင်း၊ အခြား သယံဇာတများ ကြွယ်ဝခြင်း၊ ငယ်ရွယ်၍ များပြားသော လုပ်သားအင်အားရှိခြင်း၊ တိုင်းပြည်မှာ သဘာဝအတိုင်းမပျက်မစီးရှိနေခြင်းတို့ကြောင့် ခရီးသွားများအား ဆွဲဆောင်လျက် ရှိခြင်းတို့ကြောင့် ကုမ္ပဏီများကို လာရောက် ရင်းနှီးမြှုပ်နှံလိုစိတ် ဖြစ်အောင် ဆွဲဆောင်လျက်ရှိသည်။

ယခုနှစ်စတွင် ဂျပန်ကုန်သွယ်ရေးဝန်ကြီးက အမှုဆောင်များအုပ်စုကို ဦးဆောင်လာရောက်ခဲ့ပြီး လာမည့်လတွင် အမေရိကန်စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ လာရောက်မည်ဟု မျှော်လင့်ရသည်။ မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးက ယခုအပတ် အစောပိုင်းက Reuters သို့ ပြောကြားရာတွင် နော်ဝေ၊ ဘရာဇီး၊ ရုရှားနှင့် ဂျပန်တို့မှ စွမ်းအင်ကုမ္ပဏီများသည် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒါးဗို့စ်တွင် Westin, Sheraton နှင့် Le Meridien စသည့် ဟိုတယ်များဖွင့်လှစ်ထားသော Starwood Hotels and Resorts နှင့် Marriott International တို့သည် မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရေး စိတ်ဝင်စားလျက်ရှိနေသည်။

***************************************************************************

နော်ဝေက မြန်မာနှင့်ကုန်သွယ်ရာတွင် နောက်ထပ်ဖြေလျှော့

(The Foreigner မှ 28 January 2012 ရက်စွဲပါ Norway eases Burma trade further ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့်အပတ်က နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါ ကုန်သွယ်ရေးပိုမိုလွယ်ကူစေရန် ပြုလုပ်ပေးခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်မှာ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက် ပြုပြင် ပြောင်းလဲရေး အတွက် ကြိုးစားမှုများကြောင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေးကို လွယ်ကူအောင် ပြုလုပ်ပေးခြင်းဖြင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သော မြန်မာနိုင်ငံမှ တင်ပို့သော ပစ္စည်းများ Generalised System of Preferences (GSP) အရ နော်ဝေတွင် အခွန်ဆောင်စရာမလိုဘဲ တင်ပို့နိုင်မည် ဖြစ်သည်။ နော်ဝေအစိုးရသည် သောကြာနေ့က အဆိုပါကြေညာချက်ကို နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ဆက်စပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။ အခြားသောနိုင်ငံများကလည်း ထိုသို့သော ဆုံးဖြတ်ချက်များ  ပြုလုပ်လိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်လျက်ရှိသည်။

နော်ဝေနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးသည် အနည်းငယ်သာ ရှိသည်။ စီးပွားရေးတွင် ကုန်သွယ်မှုအသစ်၏ သက်ရောက်မှုများရှိရန် အချိန် အနည်းငယ်စောင့်ရနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Store က ပြောသည်။ မကြာသေးခင်က အရေးယူမှုများ ပယ်ဖျက်ပြီးနောက် နော်ဝေကုမ္ပဏီများအား မြန်မာနိုင်ငံတွင် သွားရောက် ရင်းနှီးမြှုပ်နှံရန် ပြောခဲ့သည်။ “မြန်မာနိုင်ငံအနေနဲ့လည်း ကျွန်တော်တို့နဲ့ ကူးသန်းရောင်းဝယ်နိုင်တဲ့ အခြေအနေတွေ အတူတူ ရှိရပါမယ်။ ဒါမှသာ နော်ဝေကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု နော်ဝေနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

*****************************************************************************

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားတို့၏ နာမည်ကျော်နေရာဖြစ်လာတော့မည်

(CheapOair(blog) မှ 28 January 2012 ရက်စွဲပါ Nick Papa ရေးသားသော Myanmar to become popular tourist destination ကို ဘာသာ ပြန်ဆိုသည်)

ထူးထူးခြားခြားလှပသော မြန်မာနိုင်ငံသည် အထွေထွေရွေးကောက်ပွဲနှင့် အရပ်သားအစိုးရထွက်ပေါ်လာပြီး ပြီးခဲ့သည့်နှစ်က စစ်တပ် အုပ်ချုပ်ရေးမှ ရုန်းထွက်လာနိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပြင်ပကမ္ဘာကို တံခါးဖွင့်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အလွန်ကောင်းမွန်သော သတင်းများကို သယ်ဆောင်လာသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များထံမှ ရသောဝင်ငွေများဖြင့် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ သို့သော် ကမ္ဘာလှည့်ခရီးသည်များသည် လုံးဝမထိမတို့ရသေးသော သဘာဝအလှများကို ရှာဖွေလိုကြသည်။ ကမ္ဘာပေါ်မှ ရှုတ်ထွေးနေသော ဗိသုကာဟန်များကလည်း အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်။

Yahoo သတင်းဆောင်းပါးတစ်ပုဒ်တွင် ရွှေတိဂုံဘုရား၏ တောက်ပနေသော အလင်းရောင်ကို ကြည့်လိုသော Kipling ၏ Road to Mandalay မှ ဘုရားစေတီများ အရောင်လက်သော ခေါင်းလောင်းသံလေးများကို နားထောင်လိုသော ခရီးသွားများသည် တစ်နေ့တွင် Westin သို့မဟုတ် Marriott ဟိုတယ်များတွင် တည်းခိုရင်း သွားရောက်နိုင်မည်ဟု မျှော်လင့်နေကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက တံခါးဖွင့်ခဲ့သောအခါ အဆိုပါနာမည်ကျော်ဟိုတယ်ကြီးများသည် မြန်မာနိုင်ငံတွင် ဟိုတယ်တည်ဆောက်နိုင်ရန် အပြိုင်အဆိုင်ကြိုးစားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် အစပိုင်းတွင် ယင်းတို့မှ တုံ့ဆိုင်းနေနိုင်သည်။

“Marriott အနေနဲ့ အခြေအနေတွေကောင်းရင် မြန်မာနိုင်ငံကို သွားလိုပါတယ်။ မြန်မာနိုင်ငံဟာ ခရီးသွားတွေရဲ့ စိတ်ကို ဆွဲဆောင်ထားနိုင်တာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ” ဟု Marriott International ဥက္ကဋ္ဌ Arbe Sorenson က ပြောကြားသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှစ်ခုကျော် အားလုံးက ပစ်ပယ်ထားသော အပယ်ခံနိုင်ငံ ဖြစ်ခဲ့ပြီးနောက် ပုံမှန် ပတ်ဝန်းကျင်သို့ ပြန်လည်ဝင်ရောက်ရမည် ဆိုသည်ကို တဖြည်းဖြည်းသဘောပေါက်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသူမရှိသေးသော ကျွန်းများ၊ ရွှေရောင်အဆင်းရှိဘုရားများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် မထိတွေ့ရသေးဘဲ သဘာဝအတိုင်း ရှိနေသေးရာ မြန်မာနိုင်ငံသည် ၂၀၁၂ နှင့် နောက်ပိုင်းတွင် နာမည်ကျော်ကမ္ဘာလှည့်ခရီးသွားများ လာရောက်မည့် နေရာ ဖြစ်လာတော့မည် ဖြစ်သည်။

****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၁.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာက အင်ဒိုနီးရှားသို့ တစ်နှစ်လျှင် ဆန်တန်ချိန်နှစ်သိန်းခန့်ရောင်းမည်

(Asiaone Business မှ 28 January 2012 ရက်စွဲပါ Reuters ၏ Myanmar to Sell Indonesia up to 200000 tonner rice a year ကို ဘာသာ ပြန်ဆိုသည်)

  1. ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(Reuters သတင်းဌာနမှ 29 Jan 2012 ရက်စွဲပါ Suu Kyi calls for changes to constitution ကိုဘာသာပြန်ဆိုသည်)

  1. ဥရောပက မြန်မာနိုင်ငံသို့ ဝင်ရောက်ရေး ထိုင်းကို တံခါးပေါက်သဖွယ်ရှုမြင်

(30 January 2012 ရက်စွဲပါ Bangkok Post မှ Europeans see Thailand as gateway for Push into Myanmar ဘာသာ ပြန်ဆိုသည်)

**********************************************************************************************

မြန်မာက အင်ဒိုနီးရှားသို့ တစ်နှစ်လျှင် ဆန်တန်ချိန်နှစ်သိန်းခန့်ရောင်းမည်

(Asiaone Business မှ 28 January 2012 ရက်စွဲပါ Reuters ၏ Myanmar to Sell Indonesia up to 200000 tonner rice a year ကို ဘာသာ ပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံပိုင်ပစ္စည်းဝယ်ယူရေးအေဂျင်စီ Bulog သည် စနေနေ့တွင် မြန်မာ့ဆန်စပါး ထုတ်လုပ်မှုအဖွဲ့ (MRIA) နှင့် တစ်နှစ်လျှင် ဆန်တန်ချိန် တစ်သိန်းမှ နှစ်သိန်းဝယ်ယူရန် သဘောတူစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း၊ MRIA တာဝန်ရှိသူတစ်ဦးက ပြောသည်။

Bulog သည် ပြီးခဲ့သည့်နှစ်က ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယတို့မှ ဆန်တန်ချိန် ၁.၉ သန်းတင်သွင်းခဲ့ရသည်။ သို့သော် ဇန်နဝါရီလ(၅)ရက်ခန့်က Bulog က ပြောကြားရာတွင် ၎င်းအနေဖြင့် ယခုနှစ်တွင် ဆန်မတင်သွင်းလိုကြောင်း၊ ၁၉၈ဝ နှစ်များဆီကကဲ့သို့ မိမိဘာသာဖူလုံရေးကို ရည်ရွယ်ကြောင်း ဆိုသည်။ "Bulog နဲ့ MRIA တို့ဟာ ဒီညနေမှာ သဘောတူစာချုပ်ချုပ်ပါမယ်။ ဒီစာချုပ်အရ အင်ဒိုနီးရှားဟာ နှစ်စဉ် မြန်မာနိုင်ငံကနေ ၅% အကျိုးအကြေ ပါတဲ့ ဆန်တန်ချိန် တစ်သိန်းကနေ နှစ်သိန်းအထိ ဝယ်ယူမှာ ဖြစ်ပါတယ်။" ဟု MRIA မှ အတွင်းရေးမှူး ဦးရဲမင်းအောင်က Reuters သို့ပြောသည်။

၅% အကျိုးပါသော အဆိုပါ ဆန်အမျိုးအစားကို နိုင်ငံတကာဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၅ဝဝ (စင်ကာပူ ဒေါ်လာ ၆၄၂ ) ရသည်ဟု ၎င်းက ပြောသည်။ “ပထမဆုံးအသုတ်အနေနဲ့  ဆန်တန်ချိန်တစ်သောင်းကို သဘောတူညီချက်တိုင်း ဖေဖော်ဝါရီလမှာ ပို့ပါမယ်”ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။ မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် ၂၅% အကျိုးပါသော ဆန်များကိုသာ တင်ပို့လေ့ရှိသည်။ MRIA ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ၂၀၁၀ - ၂၀၁၁ ၊ ဘဏ္ဍာနှစ်တွင် အဆိုပါဆန်အမျိုးအစား ၅၃၇၀၀၀ တန် တင်ပို့ခဲ့ကြောင်း၊ ထိုမတိုင်မီနှစ်က ၈၉၇၀၀၀ တန်တင်ပို့နိုင်ခဲ့ကြော်ငး သိရှိရသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ဇန်နဝါရီလ (၁၅)ရက်နေ့အထိ ဆန် ၅၃၃၀၀၀ တန်ကျော်ကျော်တင်ပို့ပြီးဖြစ်သည်။ “ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ အဲဒီ ၂၅ မှတ် ဆန်နှစ်စဉ် တန် ၇ သိန်းလောက်ပို့ရပါတယ်။ ဒီနှစ် လည်း အဲဒီဝန်းကျင်လောက် ရှိလိမ့်မယ် ထင်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်ထက်က ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း ၁၉၆ဝ ခုနှစ်များမှစ၍ စစ်အစိုးရ လက်ထက်တွင် အဆိုပါကဏ္ဍယိုယွင်းသွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ အိမ်နီးချင်းထိုင်းနိုင်ငံသည် ကမ္ဘာထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံဖြစ်နေသည်။ ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ဆန်တန်ချိန် ၁ဝ သန်းခန့်တင်ပို့သော နိုင်ငံဖြစ်သည်။ သို့သော် ယခုနှစ်တွင် တင်ပို့သည့် ပမာဏ ကျဆင်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရက လယ်သမားများကို ကူညီသည့်အနေဖြင့် ဆန်ဝယ်ယူရေးစီမံချက် လုပ်ဆောင်နေရာ ဆန်ဈေးသည် ဆန်တင်ပို့သည့် ဈေးကွက်ထက်မြင့်သွားခြင်းကြောင့် ဖြစ်သည်။

ထိုင်းဆန်တင်ပို့မှုကျဆင်းခြင်းကြောင့် အိန္ဒိယကိုအကျိုးဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံကလည်း အသာစီး ရယူနိုင်သော်လည်း ၎င်း၏ သယ်ယူပို့ဆောင်ရေးနှင့် အခြားပြဿနာများကြောင့် ကုန်သွယ်ရေးကို နှောင့်နှေးမှုများ ဖြစ်စေသည်။

**********************************************************************

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(Reuters သတင်းဌာနမှ 29 Jan 2012 ရက်စွဲပါ Suu Kyi calls for changes to constitution ကိုဘာသာပြန်ဆိုသည်)

မြန်မာစစ်အစိုးရ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ဆန့်ကျင် သပိတ်မှောက်မှု အဆုံးသတ်ကာ ဒီမိုကရေစီရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာပြီးနောက် ပထမဆုံးအကြိမ် ထားဝယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့တောင်ဘက် မိုင်ပေါင်း ၃၈၀ အကွာအဝေးတွင်ရှိသည့် ထားဝယ်သို့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် မော်တော်ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံပြည်သူများက "အမေစု ကျန်းမာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ" ဟူ၍ ကြွေးကြော်ကာ ဆုတောင်းမေတ္တာပို့သကြသည်။ ယင်းခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက် စတုတ္ထအကြိမ် ခရီးစဉ်လည်းဖြစ်သည်။ "ပြည်သူတွေရဲ့ လွတ်လပ်မှုကို အဟန့်အတားဖြစ်နေတဲ့ ဥပေဒေတွေရှိနေပါတယ်။ အဲဒီဥပဒေတွေကို ပါလီမန်လွှတ်တော်ထဲကနေ ပြင်ဆင်ရေးဆွဲဖို့ ကျွန်မတို့ကြိုးပမ်းသွားမှာပါ" ဟု ထားဝယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သူမကို ထောက်ခံသူများအား ပြောကြားသည်။

NLD ကိုမြန်မာနိုင်ငံတွင် လူအတော်များများကသိကြသော်လည်း ပါတီအနေဖြင့် စစ်မှန်သော နိုင်ငံရေးအတွေ့အကြုံမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ NLD သည်၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော်လည်း ယခင်စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို မသိကျိုးနွံပြုကာ အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။

NLD သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ဒီမိုကရေစီရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက် ကန့်ကွက်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပါတီက မဲလိမ်မှုများဖြင့် အနိုင်ရရှိခဲ့သည်ဟု စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။

ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က "ဖွဲ့စည်းပုံဥပဒေရဲ့ အချို့အပိုင်းတွေကို ကျွန်မတို့ ပြင်ဆင်ရေးဆွဲဖို့ လိုအပ်ပါတယ်"ဟု ဆိုပြီး မိမိတို့အနေဖြင့် နောက်ကြောင်းပြန်မလှည့်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်သွားသည်နှင့် တစ်ပြိုင်နက်တည်း နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံကို အကူအညီပေးရန် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း သူမက ဖြည့်စွက်ပြောဆိုသည်။

မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်သူပုန်များအကြား တိုက်ခိုက်မှုများနှင့် ပဋိပက္ခများ ဖြေရှင်းရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။ "မတူကွဲပြားခြားနားတာဟာ ကြောက်စရာ မဟုတ် ပါဘူး။ ကျေကျေနပ်နပ်နဲ့လက်သင့်ခံရမယ့်ကိစ္စပါ" နိုင်ငံခြားရင်းနှီ်းမြှုပ်နှံသူများအတွက် ၈ နှစ်တာအခွန်ကင်းလွတ်ခွင့် မြန်မာအစိုးရပေး (CNA သတင်းဌာနမှ 28 Jan 2012 ရက်စွဲပါ Open door Myanmar offers 8-year tax break to foreign firms ကို ဘာသာပြန်ဆိုသည်) မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းများကို ရှစ်နှစ်တာ အကောက်ခွန် ကင်းလွတ်ခွင့်ပေးရန် စီစဉ်ထားကြောင်း မြန်မာအစိုးရက ထုတ်ဖော်ပြောဆိုလိုက် သည်။ ယခုအခါ အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ရန် စိုင်းပြင်းလျက် ရှိသောကြောင့် ယခုလို ရှစ်နှစ်တာမျှ အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးခြေလှမ်းများ စတင်နေပြီဖြစ်ရာ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် အလွန်အမင်း စိတ်ဝင်စားလျက် ရှိကြောင်း၊ ၎င်းတို့နှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်များကို ပြောကြားသည်။ "သူတို့တတွေ ကျွန်တော်တို့နိုင်ငံကို လာဖို့ အလောသုံးဆယ် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ ကလည်း တံခါးဖွင့်ထားပါတယ်"ဟု ဦးစိုးသိန်းကပြောကြားသည်။

မြန်မာ့စီးပွားရေးသည် လာမည့်နှစ်အတွင်း ၆ ရာခိုင်နှုန်းဖြင့် တိုးတက်သွားလိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအတွက် ဆွဲဆောင်မှုရှိသော နေရာဒေသတစ်ခုဖြစ်သင့်ကြောင်း ဦးစိုးသိန်းက ၎င်း၏ ပထမဆုံး ဒါဗို့စ်ဖိုရမ်အောင်မြင်မှု ရရှိခဲ့မှုကို သက်သေ အထောက်အထားအဖြစ် ကိုးကားပြောဆိုသည်။ "ကျွန်တော် ဖိုရမ်မှာ လူအတော်များများနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဝန်ကြီးတွေတင်မကဘူး စီအီးအိုတွေနဲ့ပါ တွေ့ခဲ့တာပါ။ ကျွန်တော်တို့သူတို့နဲ့ စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အလားအလာ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံရဲ့ လမ်းဆုံလမ်းခွမှာရှိနေတဲ့တည်နေရာ အဲဒါတွေကို ရှင်းပြတယ်။ ကျွန်တော်တို့ရဲ့တည်နေရာက အင်မတန် နှစ်သက်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့မှာ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ အလားအလာတွေ ရှိတယ်၊ ငါးဖမ်းလုပ်ငန်းတွေ လုပ်လို့ရတဲ့ အလားအလာတွေ ရှိတယ်၊ မြန်မာပြည်သူတွေကလည်း အင်္ဂလိပ်စာ နားလည်တယ်ဆိုတော့ ပြောဆိုဆက်ဆံရတာ လွယ်ကူတယ်" ဟု ဦးစိုးသိန်းကပြောကြားသည်။

မြန်မာ့မီးရထားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်သောင်းအဆိုအရ မြန်မာအစိုးရသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရေးအတွက် အခြေခံ ကျသော ဥပဒေများရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ "လောလောဆယ်တော့ ကျွန်တော်တို့မှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာ ရှိပါတယ်။ ကန့်သတ်မှုတွေတော့ အတော်ရှိတဲ့ ဥပဒေပါ။ အဲဒီဥပဒေကို အခုကျွန်တော်တို့ ပြန်လည်ပြင်ဆင်နေပါတယ်။ နိုင်ငံခြားက အတိုင်ပင်ခံ ပညာရှင်တွေကို ကျွန်တော်တို့ငှားရမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီးဆွဲဆောင်မှု ရှိလာအောင် ရေးပေးဖို့သူတို့ကို ပြောပါတယ်" ဟု ၎င်းကဆိုသည်။

"အဲဒီ ဥပဒေက ရှစ်နှစ်အထိ အခွန်ကင်းလွတ်ခွင့်ပေးပါလိမ့်မယ်။ တကယ်လို့ လုပ်ငန်းတစ်ခုဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမယ်ဆိုရင် ကျွန်တော်တို့က မက်လုံးတွေထပ်တိုးပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမူကြမ်း ရေးဆွဲထားပြီးပါပြီ။ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အဲဒီဥပဒေ ထွက်လာမှာပါ" ဟု ၎င်းကဆိုသည်။

**************************************************************************

ဥရောပက မြန်မာနိုင်ငံသို့ ဝင်ရောက်ရေး ထိုင်းကို တံခါးပေါက်သဖွယ်ရှုမြင်

(30 January 2012 ရက်စွဲပါ Bangkok Post မှ Europeans see Thailand as gateway for Push into Myanmar ဘာသာ ပြန်ဆိုသည်)

ဥရောပကုမ္ပဏီများသည် ထိုင်းနိုင်ငံအား မြန်မာနိုင်ငံသို့ ဝင်ပေါက်အဖြစ်အသုံးပြုရန် စိတ်အားထက်သန်လျက် ရှိသည်။ မြန်မာနိုင်ငံသည် နောက်ပိုင်းတွင် နိုင်ငံတကာအသိုင်းအဝိုင်းကို တံခါးဖွင့်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လာသည်။

ပြီးခဲ့သည့်လက ဥရောပရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို မျက်နှာသာပေးသည့် အပေါင်းလက္ခဏာဆောင်သည့်တိုးတက်မှုများကို ကြည့်ရှုခဲ့သည်ဟု မကြာသေးခင်က ဖွင့်လှစ်ခဲ့သော ဥရောပ-အာဆီယံစီးပွားရေးဗဟိုဌာန(EABC)ဥက္ကဋ္ဌ Rolf-Dieter Daniel က ပြောသည်။ “မြန်မာနိုင်ငံက တံခါးဖွင့်နေတဲ့လုပ်ငန်းစဉ်ဟာ အောင်မြင်ပြီး ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိပါတယ်။ မြန်မာလူမျိုးတွေဟာ ဥရောပရင်းနှီးမြှုပ်နှံသူတွေဝင်လာဖို့ စိတ်အားထက်သန်နေတဲ့နေရာမှာ စီးပွားရေးလုပ်ငန်းကြီးတွေတင် မကဘူး အသေးလေးတွေလည်း ဝင်လာစေချင်နေပါတယ်” ဟု ဂျာမန်-ထိုင်း ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌလည်းဖြစ်သူ Mr. Daniel က ပြောကြားခဲ့သည်။ “မြန်မာပြည်က ပိုပြီးတံခါးဖွင့်လာတာနဲ့ အမျှ၊ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံဝင်တဲ့ ဂိတ်ပေါက်အဖြစ် အသုံးပြုမှုကြောင့် ထိုင်းနိုင်ငံလည်း အကျိုးရှိပါတယ်။ သဘာဝအရ ဖြစ်နေတဲ့ နယ်စပ်ကိုလည်း ကျေးဇူးတင်ရမှာပါ။"

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် တရုတ်ပြီးလျှင် ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ဥရောပ စီးပွားရေးလုပ်ငန်းများသည်လည်း သဘာဝ သယံဇာတများ အားလုံးနှင့် အခြေခံအဆောက်အဦးစီမံကိန်းများကို စိတ်ဝင်စားလျက် ရှိသည်။ မြန်မာနိုင်ငံသည် ၂ဝ၁၄ တွင် အာဆီယံဥက္ကဋ္ဌနေရာ ရယူမည်ဖြစ်၍ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုအတွက် နောက်ထပ်လုပ်ဆောင်စရာများကို အရှိန်မြှင့်လုပ်ဆောင်ရန် မျှော်လင့်ရသည်ဟု Mr Daniel က ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစသည့် ကဏ္ဍများတွင် တံခါးဖွင့်ရန် လိုအပ်လျက်ရှိရာ ထိုကဏ္ဍများမြှင့်တင်ရာတွင် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလုပ်ဆောင်နိုင်သည်ဟု ၎င်းက ယုံကြည်လျက်ရှိသည်။ အဆင့်မြင့်ဆက်သွယ်ရေးစနစ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများရှိခြင်းကြောင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။ EABC ကို ပြီးခဲ့သည့် အပတ်ကဖွင့် လှစ်ခဲ့ရာ အာဆီယံရှိဥရောပလူမျိုးများကို အခြေခံသတင်း အချက်အလက်များဖြည့်ဆီးပေးရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများ ဖော်ထုတ်ရန်နှင့် အစိုးရအေဂျင်စီများနှင့် စကားပြောနိုင်ရန် အကူအညီများပေါ်ရန် ရည်ရွယ်ခဲ့ပါသည်။ EABC တွင် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ အဖျော်ယမကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး ICT ၊ တစ်ဦးချင်း အခြေပစ္စည်းပိုင်ခွင့်၊ အာမခံ၊ မော်တော်ကားနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ညှိနှိုင်း ဆောင်ရွယ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

EABC သည် ၎င်း၏ ပထမနှစ်တွင် အဖွဲ့ဝင် (၆၀၀) ခန့်ရရန် ရည်မှန်းထားသည်ဟု Mr Daniel က ပြောသည်။ ထိုအထဲတွင် လက်ရှိ ဥရောပကုန်သည်ကြီးများ အသင်း(၁၃)ခုပါဝင်မည်ဖြစ်ရာ ၎င်းတွင် အဖွဲ့ဝင် ၂၅ဝဝဝ ပါဝင်ပါသည်။ ထို့အပြင် ထိုင်းနိုင်ငံရှိ လက်ရှိသံများနှင့် ကုန်သည်ကြီးများ အသင်းတွင် ပါဝင်ခြင်းမရှိသေးသော ကုမ္ပဏီများလည်း ပါဝင်နိုင်သည်ဟုဆိုသည်။ ဥရောပရင်းနှီးမြှုပ်နှံသူများသည် ထိုင်းအစိုးရက ဥရောပသမဂ္ဂနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FIA) အတွက် စတင်ညှိနှိုင်းလာခြင်းအပေါ်အားတက်လျက်ရှိသည်။ လက်ရှိအားဖြင့် အီးယူသည် မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်တို့ဖြင့် FTA များရှိသော်လည်း၊ ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဖွဲ့ဝင်(၂၇)နိုင်ငံရှိသော အီးယူနှင့် FTA အတွက် ဆွေးနွေးရခြင်းမရှိသေးပေ။

ဥရောပသည် ထိုင်းထုတ်ကုန်များတင်ပို့ရေးအတွက် အာဆီယံပြီးလျှင် အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သည်။ ဥရောပရင်းနှီးမြှုပ်နှံသူများကလည်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုများတွင် ဒုတိယနေရာ၌ရှိပါသည်။ “ထိုင်းက ကျွန်တော်တို့နဲ့ FTA မရှိရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ နောက်မှာကျန်ခဲ့ပါလိမ့်မယ်။ GSP စနစ်အရ ထိုင်းထုတ်ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ပြုကာ လာမည့် နှစ်ဆိုရင်သက်တမ်းကုန်ပါပြီ။ ဒါဆိုရင် ထိုင်းထုတ်ကုန်တွေ ဥရောပမှာ အသာစီး မရနိုင်တော့ပါဘူး” ဟု Mr Daniel က ပြောသည်။ “ထိုင်းအစိုးရနဲ့ ဥရောပရဲ့ အသံတွေ ပြောလိုပါတယ်။ ဒါမှသာ ထိုင်းနိုင်ငံမှာ အနည်းဆုံးတော့ နှစ်ဖက် သာတူညီမျှ ကစားနိုင်မှာပါ”ဟု ၎င်းကပြောသည်။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs