Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၅.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စီးပွားရေးကဏ္ဍ ၁၂ ခုတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မည်
  2. မြန်မာ့တန်းမြင့်ဆန်များ အင်ဒို စတင်ဝယ်ယူ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်
  1. ကယားပြည်နယ်၌ NLD ပြည်နယ်ရုံးမဖွင့်နိုင်
  2. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စီးပွားရေးကဏ္ဍ ၁၂ ခုတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မည်

၂၀၁၂ အတွင်းမှ စတင်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ တွင် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့် ကဏ္ဍ(၁၂)ခုမှာ ကုန်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ ပိာုတယ်လုပ်ငန်း၊ သစ်တင်ပို့ရောင်းချရေး လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း တင်ပို့ရောင်းချမှု လုပ်ငန်း၊ စတီးနှင့် ဖိုက်ဘာလုပ်ငန်း၊ ဘိလပ်မြေ လုပ်ငန်း စသည့်ကဏ္ဍများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်တက်လာပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်ပိုင်းတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုများစွာအား လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်များတွင် ထိုင်းနိုင်ငံမှ တစ်ဝက်ခန့်နီးပါး ရင်းနှီးမြှုပ်နှံ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ ၁၃.၆ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့တန်းမြင့်ဆန်များ အင်ဒို စတင်ဝယ်ယူ

မြန်မာနိုင်ငံ၏ အိမ်နီးခြင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်သည့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၈,၀၀၀ အား ယခုလတွင် စတင်ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရောင်းချမည့် တန်းမြင့်ဆန် တန်ချိန် ၈,၀၀၀ အား အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆန်စပါး ဝယ်ယူရေးအဖွဲ့ Perum Bulog မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တင်ပို့မည့် ဆန်အမျိုးအစားမှာ ဧည့်မထ ငါးမှတ်ဆန် အမျိုးအစားဖြစ်ကြောင်း သိရသည်။

၂၀၁၂ ဇန်နဝါရီ ၂၈ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံတော်ဆန်စပါးဝယ်ယူရေးအဖွဲ့ (Perum Bulog) ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းတို့သည် အင်ဒိုသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရောင်းချရေးအတွက် နားလည်မှု စာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့မှုများကို ၂၀၀၆ ခုနှစ် နောက်ပိုင်းကာလများတွင် ရပ်နားထား ရပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂,၁၂၅ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

                မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ဆန်ဈေး အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရည်ရွယ်၍ လစ်လပ် မဲဆန္ဒနယ်များဖြစ်သည့် မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့ ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် သွားရောက်၍ မဲဆွယ် စည်းရုံးခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်များရှိ ပါတီရုံးများဖွင့်ပွဲအား ကိုယ်တိုင်တက်ရောက်၍ ဖွင့်လှစ်ပေးခြင်းအပြင် ယင်းနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အန်အယ်ဒီ၏ ကိုယ်စားလှယ်လောင်းများကို မဲပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည်မှ အလေးအနက်ထား တိုက်တွန်းခဲ့သည်။

မရမ်းကုန်းမြို့နယ်မှ ရွေးကောက်ပွဲဝင်မည့် ဒေါက်တာဒေါ်မေဝင်းမြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီး ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် ထောက်ခံမဲပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟပြောကြားသည်။

“ကျမတို့ရဲ့ မူဝါဒတွေ၊ ကျမတို့ရဲ့ ခံယူချက်တွေအရ၊ အနှစ် ၂၀ ကျော် ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအရ ကျမတို့ရဲ့ ကိုယ်စားလှယ် တွေဟာ လွှတ်တော်ထဲမှာ ရောက်လို့ရှိရင် ဆက်ပြီးတော့လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ လူပုဂ္ဂိုလ်ကို ကြည့်တာထက် ကျမတို့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက် တွေကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်”ဟု  မရမ်းကုန်းမြို့နယ် ပြည်သူလူထုအား ဆိုသည်။

                ဒေါ်အောင်ဆန်းစုကြည်သည် မရမ်းကုန်းမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှ ဖေဖော်ဝါရီ ၁၅ရက် နံနက် ၁၀ နာရီခွဲတွင် ထွက်ခွာလာပြီး နံနက် ၁၁ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ ရောက်ရှိလာကာ ရုံးခန်းဖွင့်လှစ်ခြင်းကိုကိုယ်တိုင် မပါဝင်နိုင်သည့် အတွက် ဒေသခံ ပြည်သူလူထုအား တောင်းပန်စကား ဆိုသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့နယ်သို့ ဆက်လက်ထွက်ခွာလာပြီး မြို့နယ် အားကစား ကွင်းတွင် ဒေသခံပြည်သူအား တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးကိစ္စရပ် ဖြစ်သည်ကို ပြည်သူအား သတင်းပေးသည့် မိန့်ခွန်းနှင့်ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖြိုးမင်းသိန်းကို ထောက်ခံမဲပေးရန် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်းကို ထောက်ခံမဲပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးခဲ့သည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ကယားပြည်နယ်၌ NLD ပြည်နယ်ရုံးမဖွင့်နိုင်

ကယားပြည်နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမာခံများမရှိတော့သဖြင့် ပြည်နယ်ရုံးကို မဖွင့်လှစ်နိုင်သေးကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

“သူတို့တွေက ဟိုတုန်းကတည်းက တောခိုသွားတော့ အမာခံတွေက မရှိတော့ဘူး။ အခုအဲဒီမှာ ရုံးမဖွင့်နိုင်ပေမဲ့ နောက်တော့ ဖွင့်သွားမယ်” ၎င်းက ဆက်ပြောကြားသည်။

NLD ပါတီသည် ပြန်လည်မှတ်ပုံတင်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာဖြစ် ပြည်နယ်နှင့်တိုင်းရုံး ၁၃ရုံး ဖွင့်လှစ်နိုင်ခဲ့ပြီး မြို့နယ်ရုံးခွဲနှင့်ရပ်ရွာ ရုံးခွဲ အမြောက်အများ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

“အန်ကယ်တို့ ကော့မှူး ကွမ်းခြံကုန်းကတော့ ၈၉ ကတည်းက လုံးဝဆိုင်းဘုတ် မချခဲ့ဘူး” ဟု ယင်းကဲ့သို့ စစ်အစိုးရ၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံ ရပ်တည်နေသည့် မြို့နယ် NLD ရုံးများလည်းရှိကြောင်း ကော့မှူးမြို့နယ် ၉၀ အမတ်ဟောင်း မြောင်းမြဘဆွေက ပြောကြားသည်။

ယခင်အစိုးရဟောင်းသည် NLD ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည့်အပြင် နိုင်ငံပိုင်သတင်းစာများတွင် NLD ကင်းစင်နယ်မြေများဟု မြို့နယ်တချို့ကို တရားဝင်ကြေငြာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အတိုက်ခံနှင့် အစိုးရအကြား တိုက်ခိုက်နေသည့်ပုံစံမှ ခွဲထွက်ပြီး တူရာကိုပူးပေါင်းကာ တိုင်းပြည်နှင့်လူမျိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲရေးများကို နှစ်ဖက်ပူးပေါင်းပြီး ညှိနှိုင်းလုပ်ဆောင်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တစ်နိုင်ငံလုံးအတိုင်းတာ နယ်လှည့်ခရီးစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ချစ်ခင်မှုများကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိအင်အားအကြီးဆုံး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကျော်လွန်ပြီး အင်အားအကြီးဆုံးပါတီဖြစ်လာလိမ့်မည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

NLD ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်ခံပါတီအပြင် ဒီမိုကရေစီပါတီများကိုပါ အလျှော့ပေးသွားမည် မဟုတ်ကြောင်း ကြေငြာထားသည်။ ကော့မှူးမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်သည့်အတွက် ကြံ့ခိုင်ရေး ပါတီမှအပ တစညအပါဝင်အတိုက်ခံပါတီများက ယင်းမဲ ဆန္ဒနယ်ကို ရှောင်ခဲ့ကြကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်  ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြပါရှိသည်။

၎င်း အစည်းအဝေး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ် နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ ဆက်လက်၍ “အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကပါ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”ပာု ထပ်မံပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ဆောင်ရမည့် မဲစာရင်း ပြုစုခြင်းနှင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအား လည်းကောင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ကန့်ကွက်ခြင်း၊ ရုတ်သိမ်းခြင်း၊ မဲလက်မှတ်များ ပြုစုရိုက်နှိပ်ခြင်း၊ ဖြန့်ဝေပေးပို့ခြင်း၊ မဲစာရင်းမိတ္တူ ကူးယူခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာများအား လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူ တစ်ဦးက “အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကော်မရှင်အနေနဲ့ တရားမျှတမှုရှိရှိနဲ့ လုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန်တို့ အီးယူတို့ ကလဲ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့အတွက် ဒါကိုစောင့်ကြည့်နေတာပဲလေ။ အရင် ၂၀၁၀ ကလို အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဘာမှဖြစ်လာမှာ မပာုတ်တော့ဘူး” ပာု ပြောကြားခဲ့သည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခု ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာ အများကြီးပဲ။ ဒါပေမယ့် လက်မှတ်ထိုးတဲ့အဆင့်မရောက်သေးဘူး။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာရောက်လေ့လာနေကြတာ။ တကယ့် ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင်တော့ နိုင်ငံတော်အတွက် ဝင်ငွေရသလို တခြားအကျိုးအမြတ်တွေ ရလာနိုင်တယ်။ အခုလည်း သမ္မတနဲ့ အစိုးရအဖွဲ့က ဖွံ့ဖြိုးအောင် လုပ်နေကြတယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းလိုဟာမျိုး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုဇုန်၊ စိုက်ပျိုးရေးတွေဘက်မှာ ဖွံ့ဖြိုးဖို့ လုပ်နေကြတယ်။ နောင်နှစ်တွေဆိုရင် ဆန်စပါး အများဆုံးပို့တဲ့ နိုင်ငံဖြစ်လာတော့မယ်။ စီးပွားရေးမှာ အဓိကက စက်မှုလုပ်ငန်း ဖွံ့ဖြိုးဖို့ အရေးကြီး ပါတယ်။ စက်မှုလုပ်ငန်းက လောလောဆယ် အားထားလို့ မရသေးဘူး။ အခြေခံအဆောက်အအုံတွေ အများကြီး လိုအပ်နေသေးတယ်။ အမေရိကန်နိုင်ငံက ဟီလာရီ ကလင်တန်လာပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာတွေပိုလမ်း ပွင့်လာတယ်။ ကမ္ဘာ့ဘဏ်တွေကလည်း ငွေကြေး အကူအညီတွေ ရလာနိုင်တယ်။ တခြား ပြည်ပအဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့မှုတွေ ရလာနိုင်တယ်။ အခုဆိုရင် ခရီးသွားလုပ်ငန်းကလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်နေတယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း ကြိုတင်ပြင်ဆင်ဖို့လိုသလို သက်ဆိုင်တဲ့သူတွေကလည်း ဝိုင်းကူကြဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ ကဏ္ဍတွေက စက်မှုပိုင်း၊ စိုက်ပျိုးရေးပိုင်းတွေမှာနည်းပညာရော ငွေအင်အားပါ ဒီထက်ပိုပြီး ရင်းနှီးမြုပ်နှံဖို့လိုတယ်။ အခု လက်ရှိမြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ်နိုင်ငံပဲ။ ဒုတိယက ထိုင်းနိုင်ငံပါ”

ဖေဖော်ဝါရီ ၁၄ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၂၁) တွင်ပါသည့် “ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာမှုအပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ စကာသံ” သတင်းမှ ဦးတင်ဝင်း (ဥက္ကဋ္ဌ- မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း (ရန်ကုန်)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခွန်ဥပဒေကို ခေတ်စနစ်နဲ့အညီ ပြင်ဆင်တာ ကောင်းပါတယ်။ အရေးကြီးတာက တည်ဆဲဥပဒေနဲ့အညီ အသက်ဝင် အောင် ချို့ယွင်းချက်တွေ အားနည်းချက်တွေ ပြင်ဆင်ပြီး လုပ်ဖို့လိုတယ်။ ဒီထဲမှာမှ ခေတ်အဆက်ဆက် အခွန်ကင်းလွတ်နေတဲ့ ရှောင်နေတဲ့ သူဋ္ဌေးကြီးတွေ ကုမ္ပဏီအသင်း အဖွဲ့တွေကို ထိထိရောက်ရောက် ဖော်ထုတ်စည်းကြပ်ရမယ်။ လွတ်နေတဲ့ အများစုက ပတ်သက်ရာ နီးစပ်ရာတွေဆိုတော့ ဒါတွေကို တိတိကျကျ စိစစ်မယ်ဆိုရင် နိုင်ငံရဲ့ ဘဏ္ဍရေးစနစ်ဟာ ရေရှည်အဓွန့်ရှည်မယ်”

ဖေဖော်ဝါရီ ၁၃ ထုတ် The Messenger အတွဲ (၂) အမှတ် (၃၉) တွင်ပါသည့် “အခွန်ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်သလို အခွန်လွတ်နေသော ပုဂ္ဂိုလ်နှင့်အဖွဲ့များကိုလည်း ထိရောက်စွာဖော်ထုတ်ရန်လို” သတင်းမှ ဦးဟန်ထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- လက်ရှိ မြန်မာနိုင်ငံရေးရဲ့ ပြောင်းလဲမှုအပေါ်ကို ဘယ်လိုမြင်ပါသလဲ။

Dr- တကယ်တော့ ဒီမိုကရေစီရေးကြိုးတန်းလျှောက်နေတဲ့ အချိန်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့မှာ ရှေ့လျှောက်ကောင်းနိုင်တဲ့ အလား အလာတွေလည်း အများကြီးရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်ပြန် ဆုတ်သွားနိုင်တဲ့ အလားအလာတွေလည်း အများကြီးရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ အလားအလာနှစ်ခုမှာ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေး အင် အားစုတွေ၊ ဘယ်လိုအခင်းအကျင်းမှာ ဘယ်လိုမျိုးအခြေအနေကို ဝင်ပြီးတော့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုဝင် ကစားကြမလဲ၊ ဘယ်လောက် မျှမျှတတရှိလဲ၊ ဘယ်လောက်အထိ Talent  ရှိလည်း ဆိုတာမူတည်ပြီးတော့ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ထုတ် The STREET VIEW အတွဲ (၁) အမှတ် (၆) တွင်ပါသည့် “ပြည်ပသို့ ၂၁နှစ်အကြာ ထွက်ခွာခဲ့ပြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော ဒေါက်တာမင်းဇော်ဦးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်းရတ်ချာဘူရီကုမ္ပဏီ ၂၀၁၂ ဘတ်ဂျက်ချမှတ်၍ မြန်မာ၌ လုပ်ငန်းချဲ့ရန် မျှော်မှန်း

(Reuters News မှ 14 Feb 2012 ရက်စွဲပါ Thai Ratchaburi Sets 2012 Capex sees Myanmar Expansion သတင်းကို ဘာသာ ပြန်ဆိုသည်။)

  1. မြန်မာနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်ရန် စင်ကာပူမျှော်မှန်း

(Channel News Asia မှ 14 Feb 2012 ရက်စွဲပါ S’pore eyes more links with Myanmar ကို ဘာသာ ပြန်ဆိုသည်။)

  1. တရုတ်ဒုတိယသမ္မတ၏ အမေရိကန်ခရီးစဉ်စတင်

(BBC သတင်းဌာနမှ 13 Feb 2012 ရက်စွဲပါ China's Xi Jinping in closely-watched visit to US ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************

ထိုင်းရတ်ချာဘူရီကုမ္ပဏီ ၂၀၁၂ ဘတ်ဂျက်ချမှတ်၍ မြန်မာ၌ လုပ်ငန်းချဲ့ရန် မျှော်မှန်း

(Reuters News မှ 14 Feb 2012 ရက်စွဲပါ Thai Ratchaburi Sets 2012 Capex sees Myanmar Expansion သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူ Ratchaburi Electricity Generating Holding Pcl ကုမ္ပဏီသည် ၂၀၁၂ အတွက် ဘတ်ငွေ ၈ ဘီလျံ(ဒေါ်လာသန်း ၂၆၀) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး၊ ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လေ့လာလျက်ရှိသည်။

ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာအစိုးရက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုအကြောင်းပြ၍ မီဂါဝပ် ၄၀၀၀ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကိုရပ်ဆိုင်းခဲ့ပြီးနောက်တွင် မိမိတို့ ရတ်ချာဘူရီ ကုမ္ပဏီအနေဖြင့် အခြားလောင်စာဆီသုံးအမျိုးအစားများကို ရှာဖွေလေ့လာနေသည်ဟု ကုမ္ပဏီဥက္ကဋ္ဌ နီပေါမီလင်သန်းဇွန်းက သတင်းထောက်များကိုပြောကြားသည်။

“ထားဝယ်စီမံကိန်းနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ချေအားလုံးကို ကျွန်တော်တို့ လေ့လာနေတုန်းပါပဲ။ အဆုံးစွန် ပြောရမယ်ဆိုရင် အီတာလျံ၊ ထိုင်းကုမ္ပဏီနဲ့ မြန်မာအစိုးရက သဘောတူမှသာ ရှင်းလင်းတဲ့ အဖြေထွက် လာမှာပါ” ဟု နီပေါက ဆိုသည်။ ထားဝယ်စီမံကိန်းကို ဦးဆောင်နေသော အီတာလျံထိုင်းကုမ္ပဏီသည် မြန်မာတောင်ပိုင်း တနင်္သာရီကမ်းရိုးတမ်း ထားဝယ်ဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် မြန်မာအစိုးရနှင့် ဒေါ်လာ ၈ ဘီလျံ တန်ဖိုးရှိကန်ထရိုက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ရတ်ချာဘူရီကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် များပြားလာနေသော နေပြည်တော်နှင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရှိ အခြား မြို့ကြီးများတွင် ထပ်မံရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကိုလည်း လေ့လာ သုံးသပ်နေသည်ဟု နီပေါက ပြောကြားသည်။ “မြန်မာနိုင်ငံဟာ နိုင်ငံတကာစံမီအောင် ကြိုးစားတော့မည်အဆင့်တစ်ခုထဲကို ဝင်ရောက်နေပါပြီ၊ ဒီအခြေအနေဟာ ကျွန်တော်တို့သွားရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်း တံခါးတွေ အများကြီးဖွင့် ပေးထားပါတယ်” ဟု နီပေါက သုံးသပ်ပြောဆိုသည်။ ရတ်ချာဘူရီကုမ္ပဏီသည် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်အဖြစ် ဘတ်ငွေ ၈ ဘီချံချမှတ်ထားပြီး လက်ရှိလည်ပတ်နေသောဓာတ်ပေးစက်ရုံ ၁၃ ခု ပြုပြင်ထိန်းသိမ်းရေးနှင့် သဘောတူညီချက် ရပြီးသား အပါအဝင် စီမံကိန်းသစ်များအတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟုသိရှိရသည်။

အခြားသောထိုင်းအင်အားကြီးကုမ္ပဏီများကဲ့သို့ပင် ရတ်ချာဘူရိကုမ္ပဏီသည် လျှပ်စစ်ဓာတ်အားပေး မလုံလောက်သော သြစတြေးလျ၊ လာအိုနှင့် အခြားအိမ်နီးခြင်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံ၊ စီးပွားရှာနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေလေ့လာလျက်ရှိပြီး၊ ၂၀၁၂ အတွင်း အခြား ရွေးချယ်စရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နည်းလမ်းများနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းများကိုအဓိကဦးတည်လေ့လာမည်ဖြစ်သည်။ “ကျွန်တော်တို့ ရတ်ချာဘူရီ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ စီမံကိန်းတိုင်းမှာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါတယ်” ဟုနီပေါက ဆိုသည်။

ရက်ချာဘူရီကုမ္ပဏီသည် ၎င်း၏ လက်ရှိတပ်ဆင်ထုတ်လုပ်နိုင်စွမ်း ၅၁၃၁ မီဂါဝပ်ကို ၂၀၁၂ နှစ်ကုန် တွင် မီဂါဝပ် ၃၀၀ ထပ်မံတိုးမြှင့်ရန် မျှော်လင့်ထားပြီးအသစ်ထပ်မံထုတ်လုပ်မှုကိုနေစွမ်းအင်သုံးဓာတ်ပေးစက်ရုံ နှစ်ခုနှင့် သြစတြေးလျရှိ ၎င်း၏ Ratch, Australia Corporation LTD ထံမှ ရရှိမည်ဟု သိရှိရသည်။ ပြီးခဲ့သောမေလတွင် ရက်ချာဘူရီကုမ္ပဏီသည် သြတြေးလျးဓာတ်အားပေးစက်ရုံထုတ်လုပ်သူTransfield Services Infrastructure fund ကုမ္ပဏီတွင် အဓိကပင်မရှယ်ယာဝယ်ယူ၍ TransfieldကိုRatch-Australia Corporation LTD ဟုအမည်ပြောင်းလဲခဲ့သည်။ ရတ်ချာဘူရီ ကုမ္ပဏီတွင် နိုင်ငံပိုင် ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အာဏာပိုင်လုပ်ငန်းက ၄၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်သည်။

ပြီးခဲ့သောအင်္ဂါနေ့တွင် ကုမ္ပဏီကသတင်းထုတ်ပြန်ရာတွင်မူ နိုင်ငံတွင်းလေးပုံတစ်ပုံခန့် ရေလွှမ်းမိုးကာ ဓာတ်အားသုံးစွဲမှု လျော့နည်း သွားခြင်းကြောင့် ၂၀၁၁ အတွက် အသားတင် အမြတ်ငွေ ၇.၄ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟုဖော်ပြထားသည်။ ရတ်ချာဘူရီကုမ္ပဏီက ၎င်း၏ ရှယ်ယာများကို ဘွန်းစာချုပ်များဖြင့် ဒေါ်လာသန်း ၅၀၀ ဖိုး ရောင်းချသွားမည်ဖြစ်ပြီး ရရှိသောဘဏ္ဍငွေများကိုချေးငွေပြန်ဆပ်ခြင်း၊ ဓာတ်အား ထုတ်လုပ်မှုနှင့် ဆက်စပ်ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်း လည်ပတ်မှု ရင်းနှီးငွေများအဖြစ် အသုံးပြုသွားမည်ဟုဆိုသည်။

***************************************************************************

မြန်မာနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်ရန် စင်ကာပူမျှော်မှန်း

(Channel News Asia မှ 14 Feb 2012 ရက်စွဲပါ S’pore eyes more links with Myanmar ကို ဘာသာ ပြန်ဆိုသည်။)

စင်္ကာပူနိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာပိုမိုတံခါးဖွင့် ပွင့်လင်းလာသော မြန်မာနိုင်ငံနှင့်ဆက်သွယ် ဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် မျှော်လင့်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးကေရှန်မူဂမ်က ပြောကြားလိုက်သည်။ အင်္ဂါနေ့က ပါလီမန်တွင် စင်္ကာပူ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အနေအထားနှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ နေရာကို တာဝန်မယူခင် မြန်မာနိုင်ငံအတွက် တိုးတက်ပြောင်းလဲမှု အဆင့်သတ်မှတ်ချက်များကို အာဆီယံက ပစ်မှတ်ထားရေး စသောကိစ္စရပ်များနှင့် ပတ်သက်သည့် မေးခွန်းများကိုရှန်မူဂမ်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှန်မူဂမ်ကစင်္ကာပူနှင့် မြန်မာနိုင်ငံတို့သည် ကာကြာရှည်ကောင်းမွန်၊ ခိုင်မြဲသောဆက်ဆံရေးရှိခဲ့ကြပြီး ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူမည့် မြန်မာနိုင်ငံကို စင်္ကာပူက ကြိုဆိုထောက်ခံသည်ဟုဆက်လက်ပြော ကြားသည်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကဆက်လက်၍ အာဆီယံအဖွဲ့သည် ဥက္ကဋ္ဌနေရာနှင့် ပတ်သက်၍ ပြောင်းလဲ တိုးတက်ရေး ကိစ္စကို စည်းကမ်းသတ်မှတ်ချက်အဖြစ် လုံးဝမချမှတ်ခဲ့ကြောင်း၊ ဤအစား မြန်မာအစိုးရကသူတို့ ချမှတ်ထားသော အဆင့် ၇ ဆင့် လမ်းညွှန်မြေပုံအတိုင်းဆောင်ရွက်နိုင်အောင် အာဆီယံကစောင့်ကြည့် အားပေးခဲ့ကြောင်း၊ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်သည်လည်း လက်ရှိအရှိန်အဟုန်ကို မြန်မာနိုင်ငံဆက် လက်ထိန်းထားရန် အခွင့်အလမ်း တစ်ရပ်ပင်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

“အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူလိုက်ပြီဆိုရင် မြန်မာနိုင်ငံဟာအဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးမျက်နှာဖုံးဖြစ်လာမှာပါ။ ဒါဆိုရင် သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို သာမကပဲ အာဆီယံတစ်ဖွဲ့လုံးရဲ့ အကျိုးစီးပွားကိုပါ ကာကွယ်လုပ်ဆောင် ပေးရတော့မှာပါ” ဟုရှန်မူဂမ်က ဆိုသည်။ “ဒါ့အပြင် ဥက္ကဋ္ဌ တာဝန်ယူတဲ့ မြန်မာနိုင်ငံဟာအာဆီယံအဖွဲ့ရဲ့ ပြင်ပမိတ်ဆွေနိုင်ငံတွေ ယုံကြည်စိတ် ချမှုရှိအောင် လုပ်ပြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အာဆီယံအဖွဲ့ဟာ ၂၀၁၅ မှာအာဆီယံအသိုင်းအဝိုင်းတစ်ခုထဲ ဖြစ်လာအောင် ဦးတည်ပြီးတိုးတက်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်ကြမှာပါ” ဟုစင်္ကာပူဝန်ကြီးက ပြောကြားသည်။

“ကမ္ဘာကြီးကတော့ စောင့်ကြည့်နေပါပြီ။ လက်ရှိ မြင်တွေ့မှုတွေအရ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်မြင်အောင် အားထုတ် ကြိုးစားလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ၂၀၁၄ ဥက္ကဋ္ဌ တာဝန်ယူရင်း မြန်မာတွေ အောင်မြင်မှုရလဒ် ရရှိအောင် စင်္ကာပူနိုင်ငံက အတူတကွ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

**************************************************************************

တရုတ်ဒုတိယသမ္မတ၏ အမေရိကန်ခရီးစဉ်စတင်

(BBC သတင်းဌာနမှ 13 Feb 2012 ရက်စွဲပါ China's Xi Jinping in closely-watched visit to US ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ပြည်၏ နောင်ခေါင်းဆောင်ဖြစ်လာဖွယ်ရှိသည့် ဒုတိယသမ္မတ Xi Jinping သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ်ခရီးစဉ်စတင်ခဲ့ပြီး ၎င်း၏ ခရီးစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိသည်။

ယင်းခရီးစဉ်မစတင်မီ အမေရိကန်သတင်းစာတစ်စောင်နှင့် တွေ့ဆုံရာ၌ မစ္စတာ Xi Jinping က အာရှပစိဖိတ်ဒေသအတွင်း အမေရိကန် ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ ရပ်တည်ချက်နှင့်ပတ်သက်၍ သတိပေးပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ရေးရာ လုပ်ကိုင် ဆောင်ရွက်မှုများ တိုးမြှင့်လာသည့် ကိစ္စသည် ဒေသတွင်းနိုင်ငံများ တွေ့မြင်လိုသည့်အရာ မဟုတ်ကြောင်း ၎င်းကဆိုသည်။ မစ္စတာ Xi Jinping သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးသည်။

"ယခုခရီးစဉ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ မတူညီတဲ့ကိစ္စတွေအပေါ် ဆွေးနွေးနိုင်ဖို့အတွက် အခွင့်အလမ်း တစ်ရပ်ပါပဲ" ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gary Locke က မစ္စတာ Xi Jinping အားနှုတ်ဆက်တွေ့ဆုံရာတွင် ပြောကြားသည်။ နှစ်နိုင်ငံသမ္မတများ အနေဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စု၏ ဘုံအကျိုးစီးပွားများအပေါ် ဖိုးကပ်စ်လုပ်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးကဆိုသည်။

ယခုအခါ အသက် ၅၈ နှစ်အရွယ်ရှိသော မစ္စတာ Xi Jinping သည် လက်ရှိသမ္မတ ဟူဂျင်တောင်၏ နေရာကို ရယူမည့်သူအဖြစ် ထင်ကြေးပေး သတ်မှတ်ခံထားရသည်။ သမ္မတဟူဂျင်တောင်သည် ယခုနှစ်ကုန်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ်မှ အငြိမ်းစားယူမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်မူ သမ္မတအဖြစ်မှ အငြိမ်းစားယူမည်ဖြစ်သည်။ ဒုတိယသမ္မတ Xi Jinping သည် သမ္မတဟူဂျင်တောင် ဝါရှင်တန်သို့ သွားရောက် လည်ပတ်ပြီးနောက် တစ်နှစ်ခန့်အကြာတွင် သွားရောက်ခြင်းဖြစ်သည်။ ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့သော ၎င်း၏သုံးသပ်ချက်များကို တရုတ် အစိုးရမှ တာဝန်ရှိသူများက ဘာသာပြန်ဆိုပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမေရိကန်ဒုတိယသမ္မတ Joe Biden ၏ အထူးဧည့်သည်အဖြစ် အမေရိကန် ပြည်ထောင်စုတွင် ရက်သတ္တတစ်ပတ်ကြာမျှ လည်ပတ်သွားလာမည်ဖြစ်သည်။ ၎င်းသည် အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta နှင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အိုင်အိုဝါမြို့သို့သွားရောက်ရန်စီစဉ်ထားသည်။ ယခုခရီးစဉ်သည် ၎င်းအတွက် ၁၉၈၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ကြောင်း၊ ထိုနှစ်မတိုင်မီက တရုတ်အစိုးရအရာရှိအဖြစ် သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

အိုင်အိုဝါမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကယ်လီဖိုးနီးယား ပြည်နယ်သို့ သွားရောက်ကာ စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။ မစ္စတာ Xi Jinping က အာရှပစိတ်ဖိတ်ဒေသတွင်း အမေရိကန်အခန်းကဏ္ဍနှင့်ပတ်သက်၍ ယခုလို ဝေဖန်ပြောဆိုသည်။ "တည်ငြိမ် ကောင်းမွန်သော အမေရိကန်-တရုတ်ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် များစွာအခရာကျသည်ဟူသော အချက်ကို နှစ်ပေါင်း ၄၀ တာကာအတွင်းဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကပြောနေကြောင်း" ၎င်းကဆိုသည်။

သတင်းထောက်များ၏ အဆိုအရ အမေရိကန်-တရုတ်ဆက်ဆံရေးမှာ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အရေးကိစ္စများကြောင့် ယခင်ကထက်ပို၍ နူးညံ့သိမ်မွေ့လာကြောင်း သိရသည်။ ဝါရှင်တန်သည် တရုတ်နိုင်ငံ၏ ငွေကြေးတန်ဖိုးသတ်မှတ်မှုနှင့်ပတ်သက်၍ ဖိအားပေးမှုများတိုးမြှင့်လျက်ရှိသလို တရုတ်ပြည်သည် မျှတမှုမရှိသည့် ကုန်သွယ်မှုများကို လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် တက်ကြွမှုရှိသော လုပ်ကိုင်ဆောင်ရွက်မှု အဆင့်ဆင့်ဖြင့် ဖြေရှင်းသွားမည်ဖြစ်သည်ဟု မစ္စတာ Xi Jinping ကဆိုသည်။ "ကျွန်တော်တို့တတွေရဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေး လုပ်ဆောင်ချက်တွေကြားမှာရှိနေတဲ့ ပဋိပက္ခနဲ့ မတူညီမှုတွေကို ရှောင်ရှားဖို့ဆိုတာ ခက်ခဲလှပါတယ်" ဟုလည်းဆိုသည်။

တရုတ်သည် အာရှပစိဖိတ်ဒေသတွင်း အမေရိကန်စစ်ဘက်ရေးရာထားရှိမှုအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းအပေါ် အမေရိကန်စစ်လက်နက်ရောင်းချမှုကိုလည်း မကျေမနပ်ဖြစ်လျက် ရှိသည်။

 ********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs