Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို့

*****************************************

ဆောင်းပါးကဏ္ဍ

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို့

ကိုသိန်း(ကျောက်ကြီး)

(Myanmar Times အတွဲ (၂၈) အမှတ် (၅၆၀)မှ ထုတ်ယူဖော်ပြသည်)

အရင်ဦးဆုံး စာဖတ်သူများကို ဝန်ခံလိုတာကတော့ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်မဟုတ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတစ်ဦးသာလျှင် ဖြစ်ပါတယ်။ ကျွန်တော့ရဲ့ အရေးအသားအတွေးအခေါ် အယူအဆတွေဟာ အမြီးအမောက်တည့်ချင်မှ တည့်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့ရင်ထဲ၊ စိတ်ထဲမှာ ကျွန်တော်တို့တိုင်းပြည်ကြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါနဲ့ တည်ငြိမ် အေးချမ်းစေချင်တဲ့ ဆန္ဒ၊ နိုင်ငံသူ နိုင်ငံသားတွေလည်း ကမ္ဘာ့အလယ်မှာ ဘယ်နိုင်ငံဘယ်တိုင်းပြည်ပဲသွားသွား မျက်နှာမငယ်စေချင်တဲ့ဆန္ဒ၊ ပြည်သူပြည်သားအားလုံး ဆင်း ရဲခပ်သိမ်း ကင်းစေချင်တဲ့ ဆန္ဒ၊ ဒေါသခပ်သိမ်း ကင်းစေချင်တဲ့ဆန္ဒ၊ စိုးရိမ်ခပ်သိမ်း ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တဲ့ ဆန္ဒတွေ ပြည့်လျှံ လျက်ရှိနေပါတယ်။

ဤကမ္ဘာကြီး တည်ရှိနေသရွေ့ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာ့အလယ်မှာ မျက်စိသူငယ်၊ နားသူငယ်နဲ့ မကျန်ရစ်ခဲ့ရလေအောင် ပြည်သူတစ်ဦးချင်းစီမှအစ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူများအဆုံး လူ့အဖွဲ့အစည်းမှာ အခြေခံကျလှတဲ့ ကိုယ်ကျင့်တရား များကို လက်ကိုင်ထားပြီး မိမိတို့မှာရှိကြတဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ပြုပြင်ဖာထေးကြရပါမယ်။ (ဖာထေး၍ မရသည်များကို အသစ်နဲ့ လဲလှယ် ပစ်ရပါမယ်)။ လူ့အဖွဲ့အစည်းအတွင်းမှာ ပွင့်လင်းမြင်သာလာတဲ့ နည်းပညာအဆင့်အတန်းတွေကို မျက်ခြည်မပြတ် ချိတ်ဆက်ဆောင်ရွက်ခွင့် ပြုပေး သင့်သလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင်လည်း အားလုံးက လက်တွေ့ကျကျ အသုံးချနိုင်အောင် လေ့လာလိုက်စား ဆည်းပူးကြရမှာပါ။

မိမိတို့တိုင်းပြည်ကြီး အမြန်ဆုံး တိုးတက်စေချင်တယ်ဆိုရင်တော့ မိမိတို့ထက် အတွေ့အကြုံ၊ နည်းပညာ၊ လူမှုရေးအခြေခံကောင်းတွေ ရင့် ကျက်လှတဲ့ လူ့အဖွဲ့အစည်း (ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို ဆိုလိုပါသည်) အသီးသီးနဲ့ ရဲရင့်ပြတ်သားစွာ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်အခါကောင်းကို ရောက်ရှိနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ချီတုံချတုံ ဟိုတွေးဒီတွေးနဲ့ လက်တွန့်နေဦးမယ်ဆိုရင်တော့ ရရှိလာမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါ တယ်။ အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကို ပြုပြင်လို့မှမရရင် အများပြည်သူတွေအတွက် စတေးသင့်ရင် ပြတ်ပြတ်သားသား စတေးပစ်လိုက်ဖို့ အချိန်တန် ပါပြီ။

နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှာရှိကြတဲ့ လူထုလူတန်းစားတွေနဲ့ အုပ်ချုပ်သော တာဝန်ရှိသူတွေ အသီးသီးဟာ မိမိတို့ တာဝန်ယူ ဆောင် ရွက်နေကြတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှအစ နိုင်ငံတော်စီမံကိန်းကြီးတွေအဆုံး တာဝန်ယူကြရမှာဖြစ်သလို မိမိတို့ရဲ့လုပ်ရပ်၊ မိမိတို့ရဲ့ အရေးအသား၊ မိမိတို့ရဲ့ပြောစကား၊ မိမိတို့ရဲ့ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်များအပေါ် ရဲရဲရင့်ရင့်နဲ့ ဗမာ့သွေးပါသူများပီပီ တာဝန်ယူကြရမှာ။ သွေးကြောင်နေကြရမယ့် အချိန် မဟုတ်တော့ပါဘူး။

မိမိတို့ အိမ်ထောင်စုတစ်စုမှာတောင် အိမ်ထောင်ဦးစီး ယောက်ျားလုပ်တဲ့သူက အိမ်ထောင့်တာဝန်ကို ဦးစီးပြီး တာဝန်မယူနိုင်ဘူးဆိုရင် မိမိထက် အရည်အချင်းရှိပြီး အိမ်ထောင်ဦးစီး တာဝန်ယူ ဆောင်ရွက်နိုင်တဲ့ မိန်းမလုပ်သူကို အိမ်ထောင်ဦးစီးတာဝန်ပေးအပ်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုကို နောက်ကနေ ပံ့ပိုးပေးကြရမှာပါ။ ရှေ့ကလည်းမနေ၊ နောက်ကလည်းမလိုက်၊ ဘေးကနေလည်း ပါမလာသလိုမျိုး လုပ်နေမယ်ဆိုရင်တော့ အဲဒီ မိသား စုဟာ ဘယ်တော့မှ ကြီးပွား တိုးတက်လာမှာမဟုတ်ပါဘူး။ မိသားစုတစ်စုချင်းအလိုက် မကြီးပွားမတိုးတက်ရင် နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း မကြီးပွား မတိုးတက်နိုင်ပါဘူး။ အရည်အချင်းရှိသူတွေကို အရည်အချင်းရှိတဲ့အလျောက် မြှောက်စားရမယ့်အချိန် ရောက်နေသလို ကိုယ့်ထက်သာ မနာလိုဆိုတဲ့ စိတ်ထားမျိုးတွေကိုလည်း ဖယ်ထုတ်ပစ်ကြရမှာပါ။ ကိုယ့်လူမျိုးအချင်းချင်း မစ္ဆရိယစိတ်တွေ ပွားနေရမယ့်အချိန် မဟုတ်တော့ပါဘူး။

လူမျိုးပေါင်းစုံ လက်ချင်းချိတ်လို့ 'သာတူညီမျှ'ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး 'ညီမျှခြင်း'ဆိုတဲ့အရာအပေါ် အလေးအနက်ထား ဆောင်ရွက်သွားကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ရက်စွဲများကို ကျွန်တော်တို့ သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်ကြမှာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ပြည်သူ ပြည်သား အများစုတွေဟာ အားလပ်ရက်တွေ၊ အပန်းဖြေရက်တွေ၊ ပွဲလမ်းသဘင် အမျိုးမျိုးတွေနဲ့ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ကျင်းပနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ပြည်သူ မိသားစုဝင်အများစုဟာ နေ့စဉ် မနက်စာ၊ ညစာကို ဟင်းကောင်းကောင်းလေးနဲ့ နပ်မှန်အောင်စားနိုင်ဖို့ မနည်းရုန်းကန် နေကြရ တာပါ။ ပျော်ရွှင်မှု၊ ပျော်ပွဲရွှင်ပွဲဆိုတာ သာမန်မိသားစုတွေအဖို့ အိပ်မက်တောင် မမက်နိုင်ကြပါဘူး။

ကျွန်တော်တို့ သာမန်ပြည်သူတွေဟာ ဟက်ဟက်ပက်ပက် ရယ်မောပြီး မပျော်ရွှင်နိုင်တာ နေ့ရက်များစွာ ကြာခဲ့ပါပြီ။ မိသားစု အများစုဟာ လည်း ကျွန်တော်တို့လိုပဲ ခံစားကြရမယ်လို့ ထင်မိပါတယ်။ တစ်ပိုင်တစ်နိုင်နဲ့ မိသားစု ဝင်ငွေလေးရဖို့၊ မိသားစု စားဝတ်နေရေးပြေလည်ဖို့ သမ္မာအာဇီဝ ကျစွာနဲ့ ရိုးရိုးသားသား နေ့စဉ်ရုန်းကန် နေကြရပေမယ့်လည်း ဒီနေ့ဒီအချိန်အထိ လွတ်လပ်စွာနဲ့ လှုပ်ရှားသွားလာ လုပ်ကိုင်စားသောက်နိုင်မှု မရှိကြရ သေးပါဘူး။ အမျိုးမျိုးသော ကန့်သတ် ချုပ်ချယ် ပိတ်ပင်မှုတွေ ရှိနေပါသေးတယ်။

အထက်က မူဝါဒကောင်းတွေ ချမှတ်ပေးထားပေမယ့်လည်း အောက်ခြေက အကောင်အထည်ဖော်နေကြတဲ့ အချို့အချို့သော အဖွဲ့အစည်း တွေမှ ပုဂ္ဂိုလ်တွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ် အခွင့်အရေးယူပြီး လုပ်ကိုင်ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်တွေကိုလည်း ကိုယ်ချင်း စာတရား ထားစေချင်ပြီး ကိုယ့်ရဲ့စီးပွားရေး၊ ကိုယ့်ရဲ့မိသားစု အရေးများဖြစ်ခဲ့ရင်ဆိုတဲ့ အသိလေးတွေ ဝင်စေချင်ပါတယ်။ မြို့နယ်၊ ရပ်ကွက် အဖွဲ့အ စည်း အသီးသီးမှသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်းအထိ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်ကြီးငယ်များဟာ မိမိတို့ သာမန်ပြည်သူတွေရဲ့ဘဝတွေကို ထဲထဲဝင် ၀င် သိရှိအောင် လေ့လာစေချင်ပါတယ်။

ခေတ်အဆက်ဆက် အထက်နဲ့အောက် ကွာဟချက်တွေ ကျဉ်းမြောင်းအောင် မဆောင်ရွက်နိုင်ခဲ့ကြလို့သာ ကျွန်တော်တို့ ပြည်သူတွေဟာ စားဝတ်နေရေး ကျပ်တည်းခဲ့ကြရတာပါ။ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့ ရုန်းကန်နေကြရတဲ့ ဘ၀အမှန်ကိုသိရှိပြီး ကိုယ်ချင်းစာတရားထားကာ ရင်ဝယ်သားလို ဆက်ဆံဆောင်ရွက်ပေးကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ သာယာလှပလာမှာဖြစ်သလို အခြားကမ္ဘာ့နိုင်ငံက ပြည်သူပြည်သားတွေနည်းတူ ပျော်ရွှင်စရာနေ့ရက်များစွာ ပိုင်ဆိုင်လာနိုင်ကြမှာပါ။ ကျွန်တော်တို့ သာမန်ပြည်သူတွေဟာ ရွှေဈေး၊ ဒေါ်လာဈေး၊ အိမ်ခြံမြေဈေးတွေနဲ့ ကားဈေးတွေပေါ် စိတ်မ၀င်စားနိုင်ကြပါဘူး။ (စိတ်ဝင်စားနိုင်လောက်တဲ့ အင်အားလည်း မရှိကြပါဘူး)။ ဘယ်နေရာမှာ မုန့်ဟင်းခါး တစ်ပွဲ ၁၀၀ နဲ့ ရောင်းလဲဆိုတာ စုံစမ်းပြီး ဗိုက်ဖြည့် နေကြရတဲ့ဟာတွေက များပါတယ်။ အထူးယာဉ်တွေ အသီးသီးပေါ်လာခဲ့ပေမယ့် ကျပ် ၂၀၀ တန် အထူးယာဉ် မစီးနိုင်ကြလို့ ၅၀ တန် ရိုးရိုးယာဉ်တွေကိုသာ တိုးဝှေ့ စီးနေကြရတဲ့ ပြည်သူအများစု ရှိနေဆဲပါ။

ကျွန်တော်တို့ပြည်သူအများစုဟာ သိပ်ပြီး ကြီးကြီးမားမား မမျှော်လင့်တတ်ကြပါဘူး။ ဒါကြောင့်မို့ ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင် စားသောက်နိုင်အောင်၊ အခွန်အခတွေ အသက်သာဆုံးနှုန်းထား ရောက်ရှိလာအောင် တာဝန်ရှိသူ အဖွဲ့အစည်းအသီးသီးက စီစဉ်ဆောင်ရွက်ပေးမှသာ ပြည်သူအများစုဟာ အခက်အခဲ အကျပ်အတည်းကြားကနေ လွတ်မြောက်နိုင်မှာပါ။ ပြည်သူအများ စားဝတ်နေရေး ပြေလည်ပြီး အခက်အခဲ အကျပ်အတည်းကြားနေ လွတ်မြောက်မှသာ သာယာဝပြောတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။ မိသားစုတိုင်း မိသားစုတိုင်း သာယာဝပြော လာမှသာ ကျွန်တော်တို့ တိုင်းပြည်ကြီး သာယာဝပြောတဲ့ နေ့ထူးနေ့မြတ်တွေကို ပိုင်ဆိုင်လာမှာပါ။

နေ့ထူးနေ့မြတ်တွေဆိုလို့ ကမ္ဘာပေါ်မှာလည်း နေ့ထူးနေ့မြတ်တွေက တိုင်းပြည်နိုင်ငံအလိုက် တည်ရှိနေကြသလို ထီးမွေနန်းမွေ ဆက်ခံတဲ့နေ့၊ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ လွတ်ငြိမ်းချမ်းသာပေးတဲ့နေ့၊ မင်္ဂလာအခမ်း အနားကျင်းပတဲ့ နေ့များစွာရှိသလို နေ့ထူးနေ့မြတ်အသီးသီးကိုလည်း သတင်းစာ၊ ဂျာနယ်၊ ရုပ်သံသတင်းတွေမှာ ကြားသိမြင်တွေ့နေကြမှာပါ။ အထူးသဖြင့်တော့ လူအများစိတ်ဝင်စား အတုယူ စံထားလေးစားလောက်တဲ့ နိုင်ငံ့အမျိုးသားခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင်ရက်စွဲတွေ၊ သမိုင်း ဦး စွန့်ဦးတီထွင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ယှဉ်တွဲပြီး သူတီထွင်အောင် မြင်ခဲ့တဲ့ နေ့စွဲနေ့ရက်တွေ၊ ကိုလိုနီနယ်ချဲ့ပဲ ပြောပြော၊ နယ်မြေသစ် ရှာဖွေကြတဲ့ ပုဂ္ဂိုလ်တွေလို့ပဲဆိုဆို ကမ္ဘာတစ်လွှား ရွက်လှေလွှင့်ပြီး ကမ္ဘာ့နယ်မြေသစ်တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ရက်စွဲတွေဟာ သူ့နိုင်ငံ သူ့လူမျိုးတွေအတွက် ဂုဏ်ယူစရာ နေ့စွဲများပင် ဖြစ်ပါသည်။

ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဆိုပြီး နေ့ထူးနေ့မြတ်တွေ ရှိခဲ့ကြပေမယ့်လည်း အများစုဟာ နှစ်တွေကြာသွားလို့လား၊ သွေးအေးသွားကြလို့လား၊ အစဉ်အလာ အရသာ ပြုလုပ်နေကျမို့လားမသိ၊ စိတ်ဝင်စားမှု လျော့နည်းနေကြတာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ကလို ၂၀၁၂ နှစ်ဆန်းပိုင်းလောက်မှာပဲ နေ့ထူးနေ့မြတ်တွေဟာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာတာ ကိုတော့ လူတိုင်း ငြင်းဆိုနိုင်မယ် မထင်ပါဘူး။ အရပ်သား အစိုးရတစ်ရပ် ပေါ်ထွန်းတဲ့နေ့၊ သမ္မတကြီးဦးသိန်းစိန် နိုင်ငံတော်သို့ မိန့်ခွန်းခြွေတဲ့နေ့၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့၊ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်တဲ့နေ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး တွေ့ဆုံခဲ့တဲ့နေ့၊ တိုင်းရင်းသားပေါင်းစုံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပတဲ့နေ့များ၊ ကုလသမဂ္ဂ အထူးသံတမန်တွေနဲ့ EUက အထင်ကရပုဂ္ဂိုလ်တွေ၊ အင်္ဂလန်၊ အမေရိကန် အစရှိတဲ့ အနောက်နိုင်ငံခြား တိုင်းပြည်များက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ လာရောက်ခဲ့တဲ့ နေ့တွေဟာဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက် ရောင်ခြည်သန်းလာမယ့် နေ့ထူးနေ့မြတ်တွေဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။

ယနေ့အချိန်အခါမှာ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတာက တိုင်းရင်းသားအားလုံးချစ်ကြည် ရင်းနှီးစွာနဲ့ အတူတကွ လက်တွဲပြီး လျှောက်လှမ်းရမယ့်အချိန် ရောက်နေပါပြီ။ မကြာတော့သော အချိန်ကာလမှာ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး အသီးအပွင့်တွေ စံစား ခံစားရမယ့်အချိန် ရောက်ရှိလာတော့မှာပါ။ အဲဒီအတွက်လည်း ဒေသခံ ပြည်သူတွေအပါအ၀င် နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူများအားလုံး ရင်ခုန်စိတ် လှုပ်ရှားစွာနဲ့ မျှော်လင့်စောင့်စား နေကြပါပြီ။ တိုင်းရင်းသား ညီရင်းအစ်ကိုမောင်နှမ၊ တောင်ပေါ် မြေပြန့်မကျန် သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းသာယာ မှသာ ကျွန်တော်တို့ တိုင်းပြည် အေးချမ်း သာယာပြီး စည်ပင် တိုးတက်လာမှာပါ။

မကြာတော့တဲ့ ကာလတစ်ခုမှာပဲ ကြားဖြတ်ရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မှာမို့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အချိန်အတွင်းမှာ တိုင်းရင်းသား ညီရင်းအစ်ကိုတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတကွ ပါဝင်ဆင်နွှဲစေချင်တဲ့ ဆန္ဒကြောင့်ပါ။ရွေးကောက်ပွဲကြီး သန့်ရှင်းမျှတစွာနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီးစီးနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဆန္ဒပြုရတဲ့အတိုင်းလည်း ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကြီးကနေ ဖြစ်တည်လာမယ့် လွှတ်တော်အမတ်တွေ ပြည်သူ့လွှတ်တော်ထဲရောက်ရှိမယ့် ရက်စွဲတွေ၊ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ကိုယ်စားပြုပြီး ပြည်သူတွေ အကျိုးရှိမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ မဏ္ဍိုင်တွေကို တည့်မတ်ပေးနိုင်မယ့် ရက်စွဲတွေကို ပြည်သူ ပြည်သားတွေ အများစုက စောင့်မျှော် စောင့်ကြိုနေကြပါပြီ။

အိမ်ထောင်စု တစ်စုမှာ သားသမီးတစ်ဦးဟာ သူ့ဆန္ဒမပြည့်ဝလို့ ငိုယိုပူဆာနေမယ်ဆိုရင် အဲဒီအိမ်ထောင်စု မိသားစုရဲ့အိမ်ဟာ မင်္ဂလာ မရှိနိုင်ပါဘူး။ သားသမီးအလိုဆန္ဒ ပြည့်ဝအောင် ဖြည့်ဆည်းပေးရမယ့်တာဝန်က မိဘနှစ်ပါးပါ။ ထိုနည်းတူစွာပဲ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲ များက သားသမီးတွေနဲ့တူတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့အလိုဆန္ဒ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မင်္ဂလာရှိတဲ့ မိသားစု အသိုင်းအ ၀ိုင်းကြီး ပေါ်ထွန်းလာမှာဖြစ်သလို မင်္ဂလာရှိတဲ့ တိုင်းပြည်ကြီးနဲ့အတူ မင်္ဂလာရှိတဲ့နေ့စွဲများကိုလည်း ကျွန်တော်တို့ ပြည်သူတွေ ပိုင်ဆိုင်လာကြမှာ ဧကန်မလွဲပါပဲ။ အဲဒီလိုသာ ကျွန်တော်တို့ မင်္ဂလာရှိတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်လာကြပြီဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း သာယာလှပ လာတော့မှာပါ။

မင်္ဂလာရှိတဲ့ရက်စွဲတွေ ပိုင်ဆိုင်ကြဖို့ လူတိုင်းလူတိုင်းဟာ ကိုယ်ကျင့်တရားကောင်းကြဖို့ လိုအပ်သလို စည်းကမ်းကောင်းပြီး တစ်ဦးချင်း ဉာဏ်ရည် ထက်မြက်မြင့်မားဖို့လည်း လိုအပ်လှပါတယ်။  နယ်ပယ်အသီးသီးမှာ မနာလိုကင်း ၀န်တိုရှင်းဆိုတဲ့ စကားလိုပဲ တစ်ဦးကြီးပွားတာကို တစ်ဦးက မုဒိတာပွားများ ကြရမှာပါ။  ဒီနေ့ဒီအချိန်အခါဟာ တော်ရင်တော်သလို ချီးမြှင့်မြှောက်စားရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။ နိမ့်ကျလှတဲ့ စိတ်ထား အတွေးအခေါ်တွေကို ဖယ်ထုတ်ကြရတော့မှာပါ။ နယ်ပယ်အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပုပ်ချ၊ အမြင်စောင်း ပြောဆိုနေကြရမယ့် အချိန် မဟုတ်တော့ပါဘူး။ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်၊ ပြည်သူလည်း ပြည်သူ့အလျောက်၊ ကျောင်းသားလည်း ကျောင်းသားအလျောက် တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေ၊ စည်းကမ်းတွေ၊ ကိုယ်ကျင့်တရားတွေ အထူးကောင်းမွန်ကြဖို့ ကျင့်ကြံကြရတော့မှာပါ။ ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော် ကြီး သားစဉ်မြေးဆက် ကမ္ဘာ့အလယ်မှာ တည်ငြိမ်အေးချမ်း တိုးတက်ပြီး သာယာလှပတဲ့ နိုင်ငံတော်ကြီးအဖြစ် မော်ကွန်းတင် ကမ္ပည်းထိုးနိုင်ဖို့ ယနေ့ လူငယ်လူရွယ်များနှင့်တကွ ပြည်သူပြည်သားအားလုံး တာဝန်အသီးသီး ရှိကြပါတယ်။

ယနေ့နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ ကျန်စစ်သားတို့ထုံး နှလုံးမူပြီး ပြည်သူပြည်သားတွေနဲ့တကွ ပါတီအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွေနဲ့အတူ တက်ညီလက်ညီ လက်တွဲဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ နောင်အနာဂတ်ဟာ သာယာလှပလာပြီး ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာလည်း လူမျိုးအလိုက် ဂုဏ်ပြုဖွယ်ရာ မင်္ဂလာရှိသော နေ့မြတ်များကို မလွဲဧကန် ပိုင်ဆိုင် နိုင်ကြတော့မှာပါ။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၀.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်တွင်း သစ်ထုတ်လုပ်မှု လျှော့ချမည်
  2. တက္ကသိုလ်၊ ကောလိပ်များ ပညာသင်နှစ်တစ်နှစ် ထပ်တိုးရန် အတည်ပြု
  3. ထိုင်းနိုင်ငံရောက် ပအိုဝ်း လုပ်သားများ မှတ်ပုံတင်ရေး စည်းရုံးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဝန်ကြီးဌာနအချို့ ငွေကျပ်သိန်းထောင်ချီ၍ အလွဲသုံးစားလုပ်လျက်ရှိ
  2.  တရုတ်ကွန်မြူနစ်နှင့် ပြင်သစ်ပါလီမန်အမတ်ဟောင်းတို့ NDFပါတီသို့ လာရောက်တွေ့ဆုံ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်တွင်း သစ်ထုတ်လုပ်မှု လျှော့ချမည်

မြန်မာ့သယံဇာတထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် မြန်မာ့သစ်ထုတ်လုပ်နေမှုများကို ယခုနှစ်မှစတင်၍ စိစစ် လျှော့ချသွားတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံထဲက အဓိက သစ်ထွက်ရှိတဲ့ဒေသတွေက ပဲခူးတိုင်းဒေသကြီးပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းတာတွေကို ကာကွယ်ဖို့နဲ့ မြန်မာ့ သယံဇာတ ထွက်ပစ္စည်းတွေ မဆုံးရှုံးဖို့အတွက် ပဲခူးတိုင်းနဲ့ ကျန်ဒေသတွေအသီးသီးက ထွက်ရှိတဲ့ မြန်မာ့သစ်ထုတ်လုပ်မှုတွေကို လျှော့ချရတာပါ”ပာု ၎င်းက ဆက်လက် ဆိုသည်။

မြန်မာနိုင်ငံအတွင်း သစ်ထုတ်လုပ်မှုများကို လျှော့ချနိုင်ရန် သစ်အဓိကထွက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၌သာမက သစ်ထွက်ရှိသည့်အခြား  ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သစ်ထုတ်လုပ်မှုများလျှော့ချခြင်း၊ ဒေသတစ်ခုအတွင်းမှ သစ်အများအပြား ထုတ်လုပ်နေမှုများကို စိစစ်ချိန်ဆ ထိန်းညှိခြင်း၊ အနားပေးသင့်သည့် သစ်တောများကို စိစစ်ရွေးချယ် အနားပေးခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျွန်းနှင့် သစ်မာများကို နှစ်စဉ်သစ်တောထွက်ပေါ် အခြေခံ၍ စီစဉ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာကဏ္ဍ၏ (၂၀၁၁-၂၀၁၂)ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၌ ဖော်ပြပါရှိသည်။

“မြန်မာ့သစ်တောကဏ္ဍ၌ ထွက်ရှိတဲ့သစ်တွေထဲက ထုတ်လို့ရတဲ့သစ်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်သွားမှာပါ။ ဒီလို မြန်မာ့သစ်တောကို ထုတ်လုပ်တဲ့နေရာမှာ အလေအလွင့်နည်းပါးပြီးတော့ သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ အဓိကရည်ရွယ်ထားပါတယ်”ပာု သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသည့် သစ်မပာုတ်သည့် အခြားသစ်တောထွက်ပစ္စည်းများကို စီမံကိန်းလျာထားချက် ဘောင်အတွင်းမှ ထုတ်ယူသုံးစွဲခြင်း၊ ခေတ်မီစက်ယန္တယားများဖြင့် သစ်ထုတ်လုပ်ရေးကဏ္ဍများတွင် အင်အားတိုးမြှင့်ခြင်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေဖြစ်စေမည့် သစ်ထုတ်လုပ်ခြင်းနည်းစနစ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

တက္ကသိုလ်၊ ကောလိပ်များ ပညာသင်နှစ်တစ်နှစ် ထပ်တိုးရန် အတည်ပြု

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၏ ဘွဲ့ကြိုသင်တန်း ပညာသင်နှစ်များကို တစ်နှစ် တိုးမြှင့် သင်ကြားရန် တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီမှ အတည်ပြုခဲ့သည်။

“တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်နှစ် တစ်နှစ်စီ ထပ်တိုးဖို့အတည်ပြုလိုက်ပြီဆိုတော့ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ရိုး မာတိကာတွေကို ပြင်ဆင်ရေးဆွဲနေတယ်။ အခုလာမယ့် ပညာသင်နှစ်က စတင်ပြီးတော့ တစ်နှစ်စီတိုးမှာပါ”ပာု တက္ကသိုလ် ပညာရေး အဖွဲ့များကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပညာရေးအဖွဲ့များကောင်စီအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဘွဲ့ကြိုသင်တန်းများတွင် ပညာသင်နှစ် တစ်နှစ်တိုးမြှင့်သင်ကြားသကဲ့သို့ ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ အဖြစ်ပါ ပြောင်းလဲသွားမည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ အမျိုးသား ပညာရည်မြင့်မားမှုမှာ အနာဂါတ်အတွက် အားတက်ဖွယ်ရာ ပင်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိပညာသင်နှစ်မှ စတင်၍ ကွန်ပျူတာတက္ကသိုလ်များ၏ ပညာသင်နှစ်များကို လေးနှစ်သို့ တိုးမြှင့်ပြီးဖြစ်သည့်အတွက် လာမည့် ပညာသင်နှစ်တွင် အခြားတက္ကသိုလ်နှင့် ကောလိပ်များသာ ပညာသင်နှစ် တစ်နှစ်ထပ်မံ သက်တမ်း တိုးရမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် ဘွဲ့၊ ဒီဂရီ ရရှိရန် တစ်နှစ်ထပ်မံ ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က တက္ကသိုလ်၊ ကောလိပ်တွေရဲ့ ပညာသင်နှစ်ကို တစ်နှစ်လျှော့လိုက်တာပါ။ အခု အစိုးရသစ် လက်ထက်ကမှ ပြန်ပြီး ပညာသင်နှစ်ကို တစ်နှစ်ပြန်တိုးဖို့ လုပ်ဆောင်တာပါ။ ဒီလိုမှမပာုတ်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးစနစ်ပာာလည်း တိုးတက်ဖို့ မရှိတော့ဘူး”ပာု မြန်မာ့ပညာရေး လေ့လာနေသူတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထိုင်းနိုင်ငံရောက် ပအိုဝ်း လုပ်သားများ မှတ်ပုံတင်ရေး စည်းရုံးမည်

မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် ပအိုဝ်းရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင် မှတ်ပုံတင် များ ပြုလုပ်ရန် ပအိုဝ်းအမျိုးသားနေ့တွင် စည်းရုံးလှုံဆော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံထဲမှာ အလုပ်သွားလုပ်နေတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ တရားဝင်အလုပ်လုပ်နိုင်အောင် မှတ်ပုံတင်တွေပြုလုပ်ဖို့အတွက် ကျွန်တော် တို့ရဲ့ အမျိုးသားနေ့မှာ စည်းရုံးလှုံဆော်သွားမှာပါ”ပာု ပအိုဝ်းအလုပ်သမားတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံရောက် ပအိုဝ်းရွှေ့ပြောင်းလုပ်သားများ တရားဝင်မှတ်ပုံတင်ပြုလုပ်ရန် စည်းရုံးလှုံဆော်ရခြင်းမှာ ထိုင်းနိုင်ငံသားများ နည်းတူ လုပ်ခလစာ ရရှိနိုင်စေရန်နှင့် တန်းတူအခွင့်အရေး၊ ရပိုင်ခွင့်များ ရရှိနိုင်စေရန် စသည့် အချက်များကြောင့်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေဆိုရင် နှိမ်ကြတာပဲ။ လုပ်ခလစာတွေကလည်း သူတို့ပေးသလောက်ပဲရတော့ အဆင်မပြေကြဘူး။ အလုပ်ကြတော့ သူတို့ထက်ကို ပိုလုပ်ရတယ်။ ဒီတော့ ထိုင်းနိုင်ငံသားတွေနဲ့ တန်းတူ လုပ်ခလစာတွေ၊ ရပိုင်ခွင့်တွေ ရရှိဖို့အတွက် ခုလိုလှုံဆော်ရတာပါ”ပာု ပအိုဝ်းရွှေ့ပြောင်းလုပ်သား ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသော ပအိုဝ်းတိုင်းရင်းသား အလုပ်သမားပေါင်း ငါးသောင်းဝန်းကျင်ခန့်ရှိပြီး အများစုမှာ နေ့စားအလုပ်သမားများအဖြစ် ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်း၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ပအိုဝ်း အမျိုးသားနေ့ကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဝန်ကြီးဌာနအချို့ ငွေကျပ်သိန်းထောင်ချီ၍ အလွဲသုံးစားလုပ်လျက်ရှိ

မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအချို့တွင် ငွေကျပ်သိန်းထောင်ချီ၍ အလွဲသုံးစားလုပ်မှုများနှင့် စာရင်း မမှန်မကန် ဖော်ပြမှုများကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စာရင်းစစ်ချုပ်ရုံးမှ သတင်းရရှိသည်။

“ဒီလို ငွေကြေးတွေအလွဲသုံးစားပြုလုပ်နေတဲ့ ဝန်ကြီးဌာနတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဌာနအချို့မှာလည်း ခုချိန်ထိ စာရင်းမှန်တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ ဒီလိုဌာနတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ငွေကြေးအလွဲသုံးစားခြင်းနှင့် စာရင်းလိမ်လည်တင်ပြလျက်ရှိသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့ ပါဝင် ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပြည်သူ့လွှတ်တော် ငွေ စာရင်းကော်မတီသို့ ပေးပို့သည့် အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

“ပြန်ကြားရေးဝန်ကြီးဌာနကဆို နိုင်ငံပိုင်သတင်းစာတွေရောင်းချလို့ရတဲ့ ကျပ်သိန်းပေါင်း နှစ်ထောင့်ငါးရာရှစ်ဆယ်ကျော် ဘဏ်ကိုပေးသွင်း ထားပေမယ့် ဌာနစာရင်းကိုတော့ ပေးသွင်းခြင်းမလုပ်ဘဲ အလွဲသုံးစားပြုလုပ်ထားပါတယ်။ ဒါကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိ တော့ ကျပ်သိန်းပေါင်း တစ်ထောင့်ငါးရာကိုသာ ပြန်လည်ပေးသွင်းခဲ့ပါ တယ်”ပာု ၎င်းက ဆက်လက်ဆိုသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ထပ်မံစစ်ဆေးတွေ့ရှိရသည့် ဝန်ကြီးဌာနအချို့၏ ငွေအလွဲသုံးစားမှုများမှာ အမှတ်(၁) စက်မှုဝန်ကြီးဌာန သည် ရသာချိုခေါက်ဆွဲခြောက်ပြုလုပ်ရန် မီးထိုးဆီဂါလန် နှစ်သိန်းကျော်ကို ချောက်ရေနံချက်စက်ရုံမှ ထုတ်ယူ၍ ပြင်ပသို့ လက်လွှဲရောင်းချခြင်း၊ သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁)သည် သတ္တုတွင်းလုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း၏ အစုရှယ်ယာ ၅၀ရာခိုင်နှုန်းကို ဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်သို့ ရောင်းချခဲ့ရာတွင် ရောင်းရငွေများကို စီးပွားရေးဦးပိုင်လီမီတက်မှ ပေးသွင်းခြင်းမပြုဘဲ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ ပေးချေခဲ့ခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန၏ ကျပ်သိန်းပေါင်းထောင်ချီ အရှုံးပေါ်နေသည့် စက်ရုံ လုပ်ငန်းများ အမြတ်ငွေရရှိသည်ပာု လိမ်လည်ဖော်ပြခြင်းနှင့် အရှုံးငွေ ပမာဏလျှော့၍ ဖော်ပြခြင်းများဖြစ်ကြောင်း သိရသည်။

“ဒီဝန်ကြီးဌာနတွေ ငွေတွေကို အလွဲသုံးစားလုပ်နေတယ်ဆိုတာ ခုမှ လုပ်နေကြတာမပာုတ်ပါဘူး။ အရင် အစိုးရလက်ထက်ကတည်းက လုပ်နေကြတာပါ။ ဒါကို မပြုပြင်နိုင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂါတ်အတွက် ရင်လေးစရာပဲ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ယင်းဝန်ကြီးဌာနအချို့၏ ငွေစာရင်းအလွဲသုံးစားပြုလုပ်နေမှုများကို ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ref;The  Voice

-----------------------------------------------------------------------------------------------------------------------------------

တရုတ်ကွန်မြူနစ်နှင့် ပြင်သစ်ပါလီမန်အမတ်ဟောင်းတို့ NDFပါတီသို့ လာရောက်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ရုံးချုပ်သို့သို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီမှ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms.Shen Beiliတို့အဖွဲ့သည် တရားဝင်အဆက်အသွယ်ပြုလုပ်ရန်အတွက် မတ်လ ၈ရက်နေ့တွင် ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

“သူတို့တွေလာရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ပါတီနဲ့ တရားဝင်အဆက်အသွယ်ပြုလုပ်ရန်နဲ့ ဒီလို ပြုလုပ်တာကလည်း မြန်မာနိုင်ငံက ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်းပြုလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ ပြီးတော့ မြန်မာနိုင်ငံတိုးတက်တာကို မြင်တွေ့လိုကြောင်း ပြောသွားပါတယ်”ဟု ယင်းပါတီမှ တာဝန်ရှိအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့နောက် ယခုကဲ့သို့ လာရောက်တွေ့ဆုံ၍ တရားဝင်အဆက်အသွယ်ပြုလုပ်ပြီး မြန်မာနိုင်ငံတိုးတက်အောင် အတတ်နိုင်ဆုံး ကူညီမည်ဟု ပြောဆိုခြင်းကြောင့်လည်း ၎င်းအနေဖြင့် ကြိုဆိုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတစ်ခုလုံး အကျိုး စီးပွားရေးများဖြင့် ဆက်စပ်နေကြောင်းနှင့် ၎င်းတို့အနေဖြင့် အစိုးရမဟုတ်သောကြောင့် နိုင်ငံရေးလိုအပ်ချက်များအား ဆုံးဖြတ်ချက် မချနိုင်ကြောင်း တို့ကိုလည်း ပြန်လည်ပြောကြားခဲ့သည်ဟု အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ပါတီများပေါ် ၎င်းတို့၏အမြင်နှင့် NDFပေါ်ပေါက်လာပုံနှင့် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် များကိုလည်း ထည့်သွင်းဆွေးနွေးသွားခဲ့သည်ဟု သိရသည်။

ထို့နောက် ယင်းတွေ့ဆုံမှုအား နေ့လည်တွင် ပြီးဆုံးသွားခဲ့ပြီး ညနေ ၃နာရီတွင် ပြင်သစ်ပါလီမန်အမတ်ဟောင်း တစ်ဦးဖြစ်သူ Mr. Jean Mil တို့နှင့်လည်း တွေ့ဆုံ၍ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းအပါအဝင် အတွင်းရေးမှူး ဒေါက်တာ ဝင်းနိုင်တို့နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

ယင်းတွေ့ဆုံမှုတွင်လည်း NDFပါတီမှ အဓိကအနေဖြင့် လက်ရှိတွင် ပိတ်ဆို့အရေးယူထားခြင်းများနှင့် ဆက်လျဉ်း၍ မေးမြန်းခြင်းအား ၎င်းတို့ဘက်မှ ရုပ်သိမ်းပေးရန်အတွက် ကူညီပေးသွားမည်ဟုလည်း ပြောဆိုခြင်းကြောင့် ကျွန်တော်တို့ပါတီက ဝမ်းမြောက်ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး ညနေ ၄နာရီခန့်တွင် ပြီးဆုံးခဲ့သည်ဟု NDFပါတီမှ ဗဟိုအလုပ်မှု ဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လစာတိုးနိုင်အောင် အခွန်တိုးကောက်ဖို့လိုပါတယ်။ အခွန်ကောက်တယ်ဆိုတာ ပြည်သူလူထုဆီက ကောက်တာမဟုတ်ဘူး။ ပြည်သူတွေ တကယ် ပေးနေရပြီး အစိုးရရဲ့ ဘဏ္ဍတိုက်ထဲမရောက်တဲ့ငွေတွေ အများကြီးရှိတယ်။ မြန်မာပြည်မှာ အခွန်ဆောင်တဲ့ ထိပ်သီးစာရင်းထဲမှာ နာမည်ကြီး သူဌေးကြီးတွေ တစ်ယောက်မှ မပါဘူး။ ပြောလိုတာက ထိုက်သင့်တဲ့ခွန် မပေးဆောင်တဲ့ သူဌေးကြီးတွေရှိနေတယ်”

မတ် ၉ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၆၀) တွင်ပါသည့် “ဝန်ထမ်းများ လစာတိုးပေးရေး ဆက်လက်ဆောင်ရွက်ပေးသင့်ဟု လွှတ်တော် ကိုယ်စားလှယ်များက သမ္မတမိန့်ခွန်းအပြီး ပြောကြား” သတင်းမှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့တွေ့ခဲ့သမျှထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်တွေ အမြဲတမ်းရခဲ့ပါတယ်။ သူလည်း ကျွန်တော်တို့ ပြောသမျှကို နားထောင်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားထဲမှာ ပြဿနာ စိုးစဉ်မျှမရှိပါဘူး။ အောက်ခြေတွေမှာတော့ လူ့အဖွဲ့အစည်းရဲ့ သဘာဝဖြစ်တဲ့ ဆွေးနွေးချင်စရာ၊ ပြောစရာတွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် အချက်အလက်အရ ဘယ်အချက်ကို ပြောတယ် ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး”

မတ် ၉ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၆၀) တွင်ပါသည့် “၈၈မျိုးဆက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေး အဖုအထစ် မရှိဟု ကိုမင်းကိုနိုင်က ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်၊ တရားဥပဒေစိုးမိုးရေး လုပ်မယ်၊ နောက်ပြီး တစ်ခါမှမသုံးခဲ့ဖူးတဲ့ တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့ စကားရပ် ကိုလည်း ဒီမိန့်ခွန်းမှာ ပြောသွားတယ်။ တန်းတူညီတူရေးအကြောင်းကိုလည်း ပြောသွားတယ်။ နောက်ပြန်မလှည့်ချင်ဘူးလည်း ပြောတယ်။ ပင်လုံစိတ်ဓာတ် ဆိုတာကိုလည်း ထည့်ပြောလာတယ်။ ဒါတွေက ရေးထားတဲ့စာရွတ် ဖတ်ရုံနဲ့မပြီးဘူး။ ရင်ထဲက၊ စိတ်ထဲက ကပ်ပြီးလုပ်သွားဖို့ လိုတယ်။ အဲဒီလိုသာလုပ်ရင် တကယ့်ကို သိသာတဲ့ အပြောင်းအလဲကြီးတစ်ခုဆီကို သေချာပေါက်ရောက်မှာပါ”

မတ် ၈ ထုတ် Venus News (၃) အမှတ် (၃၄) တွင်ပါသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အမြင်တူညီမှု သမိုင်းဝင်နိုင်ငံရေး အချိုးအကွေ့ကြီးဆီသို့ ဦးတည်နေပြီဟုဆို” သတင်းမှ ဒေါက်တာ အေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၉) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ တရားစီရင်ရေးကဏ္ဍ၌ ဂျူရီစနစ် သုံး/ မသုံး လွှတ်တော်တွင်း ပထမဆုံးဆွေးနွေး
၂။ KNPPနှင့် အပတ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှု လက်မှတ်ရေးထိုး
၃။ ကြိုတင်မဲမှအပ ကျန်မဲဆန္ဒရှင်များ မဲရုံတွင်သာ မဲပေးရန် ကော်မရှင်မှ နှိုးဆော်
၎။ မဲစာရင်းကျန်သူ သိသာစွာများပြား
၅။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်သားများ ပါဝင်ရန် ဒေါ်စု
တိုက်တွန်း
၆။ တနင်္သာရီတိုင်းဒေသကြီးရှိ ရေကာတာအား နေရာပြောင်းပေးရန် ဒေသခံများတောင်းဆို
၇။ ပို့ဆောင်ရေးလုပ်ငန်းအား အများပိုင်အဖြစ်ပြောင်းလဲရေး ဝန်ထမ်းများလက်မခံ
၈။ MEC ဆီကန် ဆီ ဆယ်ပိသာကျော် လျှော့
၉။ ဂလိုဘယ်ဖန်း၏ ကူညီမှုရပ်ဆိုင်းသည့်အတွက် HIV/AIDS ဝေဒနာရှင်များ
အခက်ကြုံ စတဲ့သတင်းတွေအပြင် ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများ
ကဏ္ဍကိုလည်း ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ
သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.