Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၁.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်သမားအဖွဲ့အစည်းဥပဒေ အာဏာတည်ကြောင်း သတ်မှတ်ကြေညာ
  2. မြန်မာနိုင်ငံသို့ ကာတာလေကြောင်းလိုင်းပြေးဆွဲမည်
  3. သဘာဝပတ်ဝန်းကျင် ထိခိုက်ပါကအုတ်သဲကျောက် လုပ်ငန်းလိုင်စင်ရုတ်သိမ်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကွင်တားနား၏ ကဏ္ဍအသီးသီးဖြင့် ဖော်ပြထားသည့် စာမျက်နှာ ၂၁မျက်နှာအားကုလသို့ တင်ပြမည်
  2.  ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အလုပ်သမားအဖွဲ့အစည်းဥပဒေအာဏာတည်ကြောင်းသတ်မှတ်ကြေညာ

မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းဥပဒေ စတင်အာဏာတည်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ မတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြေညာ စာအမှတ် ၂၂/၂၀၁၂ ကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင်၍ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ အလုပ်သမားအဖွဲ့အစည်း ဥပဒေ စတင် အာဏာတည်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် မှတ်ပုံတင်ပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ မတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် မှတ်ပုံတင်အရာရှိချုပ် ခန့်အပ်ကြောင်း အမိန့်ကြေညာစာအမှတ် ၂၃/၂၀၁၂ ကို ထုတ်ပြန် ကြေညာခဲ့သည်။

၎င်း မှတ်ပုံတင်အရာရှိချုပ် ခန့်အပ်တာဝန်ပေးခြင်း အမိန့်ကြေညာစာ၌ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က) အရ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား မှတ်ပုံတင်အရာရှိချုပ်အဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်နိုင်ရန် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနှင့်အညီ သက်ဆိုင်ရာ မြို့နယ်မှတ်ပုံတင်အရာရှိထံ၌ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့် လျှောက်ထားရမည် ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ဥပဒေ၌ ဖော်ပြပါရှိသည်။

“အခုခန့်အပ်လိုက်တဲ့ မှတ်ပုံတင်အရာရှိချုပ်က အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရှိတယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်ပေးမှာလို့ အလုပ်သမား နည်းဥပဒေမှာ ဖော်ပြထားပါတယ်။”ပာုရှေ့နေတစ်ဦးကဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ကာတာလေကြောင်းလိုင်းပြေးဆွဲမည်

ကာတာနိုင်ငံ၊ ဒိုပာာမြို့မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ကမ္ဘာ့အကောင်းဆုံးလေကြောင်းစာရင်းဝင် ကာတာလေကြောင်းလိုင်းမှ လေကြောင်း ခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကာတာလေကြောင်းလိုင်းမှ ပြီးခဲ့သည့် မေလမှစတင်၍ လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲနေမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ၎င်းလေကြောင်း ခရီးစဉ် တိုးချဲ့ပြေးဆွဲမှုအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်ပြီး ကာတာနိုင်ငံ၏ လေကြောင်းခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲမှုများတွင် ခရီးစဉ်သစ် ငါးခုနှင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းစဉ်များပါ ပါဝင်ကြောင်း Gulf Time သတင်းစာ၌ ဖော်ပြပါရှိသည်။

ကာတာလေကြောင်းလိုင်း၏ မေလမှ စတင်၍ ပြေးဆွဲမည့် ခရီးစဉ်များထဲတွင် မြန်မာနိုင်ငံနှင့်အတူ အီရတ်၊ တန်ဇင်းနီးယားနိုင်ငံနှင့် ဆာဗီးယားနိုင်ငံတို့ ပါဝင်ကြောင်းသိရသည်။

ထိုသို့ကာတာလေကြောင်းလိုင်း၏ ခရီးစဉ်သစ်ပြေးဆွဲမှု အစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ လေကြောင်းဆိုင်ရာ တာဝန်ရှိသူများနှင့် တရားဝင်လာရောက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခြင်း မရှိသေးကြောင်း နိုင်ငံတကာလေကြောင်း ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ဝန်းကျင်တွင် ကာတာလေကြောင်းလိုင်းသည် ရန်ကုန်နှင့် ဒိုပာာအကြား လေကြောင်းခရီးစဉ်များ ပြေးဆွဲခဲ့ပြီး အခြေ အနေ အကြောင်းအမျိုးမျိုးကြောင့် ၂ ကြိမ် ရပ်နားခဲ့ကြောင်း သိရသည်။

              Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

သဘာဝပတ်ဝန်းကျင် ထိခိုက်ပါကအုတ်သဲကျောက် လုပ်ငန်းလိုင်စင်ရုတ်သိမ်းမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းထုတ်လုပ်လျက်ရှိသည့် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်လာပါက ထုတ်ယူခွင့်လုပ်ငန်းလိုင်စင်အား ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်ခွင့်နှင့် မြေနှင့်မြေထွက် ပစ္စည်းတူးဖော်ထုတ်လုပ်ခွင့် လိုင်စင်ကို စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ၂၀၁၁-၂၀၁၂ အတွက် သဲထုတ်လုပ်သူ ၃ ဦး၊ ကျောက်စရစ်ထုတ်လုပ်သူ ၂ ဦး၊ သဲကျောက် ထုတ်လုပ်သူ ၂၁ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရေဖြူမြို့နယ်အတွင်း အုတ်သဲကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် လူနေ ထိုင်မှုနှင့် ဝေးသော ကုန်းတွင်းကျောက်တောင်များ၊ ရေအောက်မြေများနေရာတွင်သာလုပ်ကိုင်ရန် သက်ဆိုင်ရာက ခွင့်ပြုခဲ့ကြောင်း သိရသည်။

“သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် လုပ်ငန်းမျိုးဆိုရင် နိုင်ငံတော်အနေနဲ့လည်း တားဆီးသင့်ပါတယ်။ ခုဆို ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် လုပ်ငန်းမျိုးတွေကို အနည်းငယ်လျှော့ချမှုတွေ လုပ်နေပါပြီ”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ကျောက်ဖြူရေနက်စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ကျောက်ဖြူလေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်းတိုးချဲ့မှုစီမံကိန်းများကို  နိုင်ငံတော် စီမံကိန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

                Ref:Favourite News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကွင်တားနား၏ ကဏ္ဍအသီးသီးဖြင့် ဖော်ပြထားသည့် စာမျက်နှာ ၂၁မျက်နှာအားကုလသို့ တင်ပြမည်

ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Thomas Quantanaသည် မတ်လ ၁၂ရက်နေ့တွင် စာမျက်မှာ ၂၁မျက်နှာပါရှိသည့် အစီရင်ခံစာအားကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းမည်ဟုသတင်းများအရသိရသည်။

၎င်း၏ စာမျက်နှာ ၂၁မျက်နှာပါ အစီရင်ခံစာထဲတွင် လက်ရှိအချိန်၌ အကျဉ်းထောင်များအသီးသီးတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများအခြေအနေနှင့် ပြည်တွင်းတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းလူမျိုးစုနယ်မြေကိစ္စရပ်များတို့ ပါဝင်သည်ဟု သတင်းရရှိသည်။

ထို့ပြင် ယင်းစာမျက်နှာများထဲ၌ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများတွင် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ အပြုသဘောဆောင် သည့် လုပ်ရပ်များဖြစ်နေပြီးနောက်ပိုင်းတွင် နောက်ပြန်လှည့်နိုင်သည့် စိုးရိမ်ဖွယ်ရာရှိသည့် အခြေအနေဖြစ်သွားမည်ဟု ယင်းအစီရင်ခံစာထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

၎င်းသည် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အကျဉ်းထောင်များသို့ သွားရောက်လေ့လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများအရသိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံပိုင် အသံလွှင့်ဌာနများမှတဆင့် မဲဆွယ်စည်းရုံးခွင့် ပြုထားရာတွင် ပြောဆိုသော အဓိကမိန့်ခွန်းများကို မြန်မာအစိုးရအာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့မဲဆွယ်ရာ၌ ယခင်စစ်အစိုးရအပေါ် ဝေဖန်ပြောဆိုချက်များကို အာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့်မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်မခံခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းတွင် ကြိုတင်ရိုက်ကူးမည့် ၁၅မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့်အထဲက ဥပဒေစိုးမိုးရေးနှင့် ဆိုင်သည့် အပိုဒ်တပိုဒ်အား ပြင်ဆင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အစီအစဉ်မလုပ်မီ ကျွန်မပြောဆိုမယ့် စာသားတွေကို သူတို့ကိုတင်ပြရတယ်။ စာပိုဒ်တစ်ခု အဖြတ်ခံရတယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်တော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျွန်တော်တို့တင်ခဲ့ပါတယ်။ စာပိုဒ်တချို့ကို ဖြုတ်ခိုင်းတယ်။ အဲ့ဒီ ဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျွန်တော်တို့ အစားထိုး ထပ်တင် တယ်။ အချိန်ကနည်းတော့ ကျွန်တော်တို့ဘက်ကလည်း Faxနဲ့ ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ”ဟု NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။

"အဖြတ်ခံရတာတွေကတော့ တရားဥပဒေစိုးမိုးမှု မရှိခဲ့တဲ့ကိစ္စရယ်၊ ယခင်စစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်တဲ့ ဥပဒေကို ထပ်ခါတလဲလဲ ကျင့်သုံးခဲ့တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု ၎င်း၏ ဆက်လက်ပြောဆိုသည်။

ထို့အပြင် ဒီိမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ရုပ်သံနှင့် ရေဒီယိုများတွင် ပြောကြားရန် ရေးသားထားသည့် မူကြမ်းထဲက ပါတီမူဝါဒ ဆိုင်ရာ ဆောင်းပါးနှစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးစနစ်များကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ယှဉ်ပြီး သုံးသပ်ပြထား ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောခွင့်မပြုခဲ့ခြင်းကြာင့် ယင်းအချက်များချန်လှပ်ပြီး ပြောခဲ့ရကြောင်းလည်း သတင်းရရှိသည်။

Moe Z

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လာမယ့် ကြာဖြတ်ရွေးကောက်ပွဲမှာသေပြီးသူတွေကမဲပေးဖို့ြ့ပင်နေကြပုံပါပဲ။ ဒါမျိုးလက်သင့်မခံနိုင်ပါဘူး”

မတ်လ ၁၀ရက်နေ့ထုတ် The Voice Weekly  အတွဲ(၈) အမှတ်(၁၃) တွင်ပါသည့် “မဲစာရင်းတွင် သေဆုံးသူများပါဝင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံသားတွေနဲ့ ထိတွေ့ပြီးလုပ်တဲ့အလုပ်၊ အဲဒီလိုထိတွေ့မှု မလုပ်နိုင်အောင် ပိတ်ထားရင် လူထုကြားထဲမှာ ကိုယ် တွေ့ချင် တဲ့သူကို မတွေ့ရဘူးဆိုရင် မတတ်သာလို့နေမယ် စိတ်ထဲကတအုံအုံနွေးနွေးနဲ့ မကျေနပ်မှုတွေကို မွေးမြူထားတယ်ဆိုတာကို သတိထားစေချင်တယ်”

မတ်လ ၁၀ရက်နေ့ထုတ် STREET VIEW  အတွဲ(၁) အမှတ်(၁၀) တွင်ပါသည့် “၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး၏ သဘောထား” သတင်းမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒေါ်လာအရာင်းအဝယ် သိပ်မရှိဘူး။ FECကတော့ ငွေလဲကောင်တာတွေဆို ပြတ်နေပြီ။ ကားတင်သွင်းတဲ့သူတွေက အခွန်ဆောင်ရင် FEC နဲ့ ပေးဆောင်ရတော့  FECကိုပဲ လိုက်ဝယ်နေကြတာဆိုတော့   အဝယ်အရမ်းလိုက်နေတယ် ”

မတ်လ ၁၀ရက်နေ့ထုတ်  STREET VIEW  အတွဲ(၁) အမှတ်(၁၀) တွင်ပါသည့် “FECဈေးနှုန်း ဒေါ်လာထက်ရောက်ပြီး ဝယ်သူများပြားနေ၍ ဆက်လက် ဈေးမာလျက်ရှိ” သတင်းမှ ရွှေဘုံသာလမ်းရှိဝါရင့် ငွေကြေးရောင်းဝယ်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မဲဆန္ဒရှင်စာရင်းတွင် မရိုးသားမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(The Associated Press မှ 8 March 2012 ရက်စွဲပါ “Myanmar A Warning on Voter Lists” သတင်းကို ဘာသာ ပြန်ဆိုသည် )

  1. မြန်မာ တံခါးဖွင့်မှု မလေးရှား FDI ကို မထိခိုက်ဟုဆို

(Bernama မှ 8 March 2012 ရက်စွဲပါ Myanmar’s open door policy will not affect FDI flows into Malaysia, says Mukhriz ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံအကြီးအကဲက ထိုင်းကုမ္ပဏီများကို လုပ်သားမလုံလောက်မှုကိစ္စသတိပေး

(Bangkok Post မှ 10 Mar 2012 ရက်စွဲပါ Asean chief warns firms of labour shortage သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ် လူမှုရေး ကွန်ရက်များ ဆင်ဆာကြုံနေရ

(BBC News မှ 9 March 2012 ရက်စွဲပါ China's social networks hit by censorship, says study ကို ဘာသာ ပြန်ဆိုသည်)

******************************************************************

မဲဆန္ဒရှင်စာရင်းတွင် မရိုးသားမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(The Associated Press မှ 8 March 2012 ရက်စွဲပါ “Myanmar A Warning on Voter Lists” သတင်းကို ဘာသာ ပြန်ဆိုသည် )

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ဧပြီလဆန်း ကြားဖြတ် ရွေးကောက်ပွဲအတွက် တရားဝင် မဲဆန္ဒပေးခွင့် ရှိသူ စာရင်းများတွင် ကွယ်လွန်ပြီးသောလူများ၏ အမည်များ ပါဝင်နေသည်ဟု ပြောကြားလိုက်ပြီး ရွေးကောက်ပွဲမဲလိမ်မှု ဖြစ်နိုင်ခြေရှိသော သံသယ မေးခွန်းများကို ထုတ်ဖော်လိုက်သည်။

အနောက်နိုင်ငံများအနေဖြင့် မြန်မာအစိုးရကို လူရာသွင်းဆက်ဆံမည့် သံတမန်ရေးရာမူဝါဒများကို မဆုံးဖြတ်မှီ မြန်မာရွေးကောက်ပွဲ ကော်မရှင်၏ “ရွေးကောက်ပွဲမသမာမှု ကိုင်တွယ်ဆောင်ရွက်ပုံ” ကို အနီးကပ် လေ့လာ စောင့်ကြည့်ကြပါဟု ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြားကမ္ဘာ့နိုင်ငံများကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ ယခင်တပ်မတော်အစိုးရသည် ၎င်း၏ မြန်မာပြည်သူလူထုအပေါ် လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများက စီးပွားရေးနှင့် နိုင်ငံရေး Sanctions များချမှတ်ကာ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားခဲ့ကြသော်လည်း မနှစ်က အာဏာလွဲပြောင်း ရယူထားသည့် အစိုးရအဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှုများကို သိသိသာသာ စတင် ပြုလုပ်လာပြီးနောက်ပိုင်း ယခင်က ချမှတ်ထားသော Sanctions များကို ဖြေလျော့ပေးရန် စတင်စဉ်းစား သုံးသပ်နေကြပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD သည် လာမည့်ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်ကိုယ်စားလှယ် ၄၈ နေရာစလုံး၌ ပါဝင်ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံး ပြင်ဆင်လျက်ရှိသည်။

*********************************************************************

မြန်မာ တံခါးဖွင့်မှု မလေးရှား FDI ကို မထိခိုက်ဟုဆို

(Bernama မှ 8 March 2012 ရက်စွဲပါ Myanmar’s open door policy will not affect FDI flows into Malaysia, says Mukhriz ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးမူဝါဒသည် မလေးရှား၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datak Mukhriz Tun Mahathir က ပြောကြားခဲ့သည်။

၎င်းကပြောကြားရာတွင် မလေးရှားသည် လက်ရှိအားဖြင့် အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများကို အားထည့် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်အာရုံပြုဆွဲဆောင်သွားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံက သစ်အခြေခံစက်မှုလုပ်ငန်းနဲ့ သစ်အပေါ်မှာပိုပြီးအားရုံပြုနေပါတယ်။ ကျွန်တော်တို့ကလည်း လုပ်အား အများကြီးသုံးရတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားပါဘူး” ဟု ၎င်းက Tanjung Langsat ရှိ Technip Asiaflex Products Sdn Bhp အဆောက်အဦးသို့ လာရောက် လည်ပတ်စဉ် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် မလေးရှားနိုင်ငံတွင် မလေးရှားရင်းဂစ်( ၅၆.၁) ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများပါဝင်သော ထုတ်လုပ်မှုစီမံကိန်း (၈၄၆) ခုကို ပြီးခဲ့သည့်နှစ်က အတည်ပြုပေးခဲ့သည်ဟုဆိုသည်။

ထိုပမာဏတွင် ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (DDI) သည် ရင်းဂစ်(၂၂) ဘီလီယံရှိပြီး ၃၉.၂% ရှိသည်။ ကျန်ရှိနေသော ရင်းဂစ် ၃၄.၁ ဘီလီယံဖြစ်သော ၆၀.၈% ကို FDI မှ ပါဝင်သည်ဟု ၎င်းကရှင်းပြသည်။ “Johor မှာ ရင်နှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း ရင်းဂစ် ၆.၆ ဘီလီယံရှိပြီး အတည်ပြုပြီး ထုတ်လုပ်မှုစီမံကိန်း ၁၈၈ ခု ရှိသည့်အတွက် ပီနန်၊ ဆီလီဂေါနဲ့ ဆာရာဝတ်တို့နောက်မှာ စတုတ္ထလိုက်ပါတယ်။ ၂၀၁၀ တုန်းက Jahor မှာ ထုတ်လုပ်မှုစီမံကိန်း ၁၇၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၅.၇ဘီလီယံကို အတည်ပြုပေးခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

Mukhriz ၏ အဆိုအရ အတည်ပြုပြီးသော ထုတ်လုပ်မှုစီမံကိန်းများ၏ ရင်းဂစ် ၆.၆ ဘီလီယံတန်ဖိုးအနက် ရင်းဂစ် ၃.၃ ဘီလီယံမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများမှ ဝင်ရောက်ခဲ့ပြီး ကျန်ပမာဏမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြောင်း သိရသည်။

ကွေးနိုင် ချိုးနိုင်သောပိုက်များ( Flexible Pipes) များထုတ်လုပ်သော Technip Asiaflex သို့ လာရောက်ရာတွင် Mukhirz ကပြောကြားရာ၌ အလုပ်သမားများကို အဆင့်မြင့်နည်းပညာလုပ်ငန်းစဉ်များ လေ့ကျင့်သင်ကြားပေးခြင်းသည် မလေးရှားနိုင်ငံအတွက် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ ထုတ်လုပ်ရန် စွမ်းရည်တိုးလာစေသည်ဟု ပြောကြားခဲ့သည်။                 “အလုပ်သမားတွေကို ပြင်သစ်၊ ဘရာဇီးနဲ့ အခြားနိုင်ငံတွေမှာ လေ့ကျင့်သင်ကြားဖို့ လွှတ်တယ်ဆိုတော့ ကောင်းပါတယ်။ ကျွန်တော်တို့ ဒါမျိုးရင်းနှီးမြှုပ်နှံမှုမျိုးကို ကြိုဆိုရမှာပါ” ဟု ၎င်းကပြောသည်။

*************************************************************

အာဆီယံအကြီးအကဲက ထိုင်းကုမ္ပဏီများကို လုပ်သားမလုံလောက်မှုကိစ္စသတိပေး

(Bangkok Post မှ 10 Mar 2012 ရက်စွဲပါ Asean chief warns firms of labour shortage သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုင်းအဝိုင်းထူထောင်ဖွဲ့စည်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၌ မြန်မာ အလုပ်သမားများ လျော့နည်းသွားနိုင်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်စွာပြော ကြားလိုက်သည်။

မြန်မာနိုင်ငံသည် ၎င်း၏ အထူးစီးပွားရေးဇုံအသစ်(၃)ခုအတွက် အိမ်နီးချင်းနိုင်ငံများအထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများကို ပြန်လည် ခေါ်ယူဖွယ်ရှိသည်ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။ မြန်မာလုပ်သားတွေအပေါ်မှာ ကြီးကြီးမားမားအားပြုရပ်တည်နေကြတဲ့ ထိုင်းကုမ္ပဏီ အများစု ဒုက္ခရောက်ကြပါလိမ့်မယ် ဟု မစ္စတာဆူရင်က ပြောကြားသည်။

မစ္စတာဆူရင်က ထိုင်းနိုင်ငံမှအာဆီယံစီးပွားရေးအသိုင်းအဝိုင်း AEC အနေအထားနှင့် ပြောင်းလဲနိုင်ချေ များနှင့်ပတ်သက်၍ ထိုင်းတရားစီရင်ရေး ဝန်ထမ်းများကို မနေ့က ဆွေးနွေးဟောပြောခဲ့ခြင်း ဖြစ်သည်။

မစ္စတာဆူရင်က ထိုင်းကုမ္ပဏီများအနေဖြင့် ခေတ်မှီနည်းပညာများဖြင့် အဆင့်မြင့်ရေးကို အာရုံစိုက်ရန် လိုအပ်ကြောင်း သို့မှသာ ၎င်းတို့အတွက် အလုပ်လုပ်ပေးနေသည့် မြန်မာလုပ်သားများမရှိတော့ချိန်တွင် အခက် အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်း ပြောဆိုသည်။

ထို့အပြင် အခြားအာဆီယံနိုင်ငံများတွင် ထိုင်းလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံနိုင်အောင် ထိုင်းအစိုးရက တာဝန်ယူကာ ထိထိရောက်ရောက် ပံ့ပိုးပေးရန်လိုအပ်သည်။ အာဆီယံစီးပွားရေးအသိုင်းအဝိုင်း(AEC)၏ အောက်တွင် အခွန်ကင်းလွတ် သက်သာခွင့်များ ဈေးပေါသော လုပ်သားများ၊ ကြွယ်ဝသော သယံဇာတများကို အခွင့်ထူးရရှိနိုင်သည်ဟုလည်း မစ္စတာဆူရင်က ထောက်ပြသည်။

“ထိုင်းကုမ္ပဏီများ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေဖြင့် AEC စတင်ခြင်းမပြုမှီ အခြား အာဆီယံနိုင်ငံများ၌ လုပ်ငန်းများ ကြိုတင်တိုးချဲ့ထားသင့်သည်။ ယခုအချိန်သည် ထိုင်းနိုင်ငံအတွင်း တစ်ဦးနှင့်တစ်ဦးယှဉ်ပြိုင်နေရုံမျှဖြင့် မလုံလောက်တော့ပါ။ ထိုင်းလူမျိုးများကို မြှင့်ပေးရမည်။ စိတ်ဓာတ်တွေကို ပြောင်းပေးရမည်”ဟု ဆူရင်ပစ်ဆူဝမ်က ပြောဆိုခဲ့သည်။ အာဆီယံနိုင်ငံအများစု၌ ဖြစ်ပေါ်နေသော ပုံစံသစ်သည် စီးပွားရေးပူးပေါင်းချဲ့ထွင်မှုဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၌သာ ရပ်တည်လည်ပတ်နေရန် မျှော်လင့်၍မရပဲ အခြားနိုင်ငံများ သို့ တိုးချဲ့ရန် လိုအပ်နေသည်ဟု ဆူရင်က ပြောကြားသည်။

၃နှစ်အတွင်း စတင်သက်ရောက်လာတော့မည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC သည် အာဆီယံ ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဖွဲ့စည်းမှုကို မလွှဲမရှောင်သာဖန်တီးမည်ဖြစ်၍ ကုမ္ပဏီလုပ်ငန်းရှင်များ ရှင်သန်နိုင်စွမ်းရှိရန် လိုအပ်သည်ဟုလည်း သိရှိရသည်။

အခြားအာဆီယံနိုင်ငံဈေးကွက်များ၌ စီးပွားရေးအခွင့်အလမ်းများ မည်သို့ရှာရမည်ကိုသိရှိသော ထိုင်းမျိုးဆက်သစ်များကို မြင်တွေ့လိုသည် ဟုလည်း မစ္စတာဆူရင်က ပြောကြားသည်။

ဆူရင်က သူ့အနေဖြင့် ဤကိစ္စအကြောင်းအရာကို ထိုင်းကုန်သည်ကြီးများအသင်းတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ ထူထုသည် ဝယ်ယူနိုင်စွမ်း အားကောင်းလာသော်လည်း ဘဝအရည်အသွေး၊ ဘေးကင်းစိတ်ချရမှု၊ သုံးစွဲတတ်မှုတို့ ပိုမိုကောင်းမွန်ရန် လိုအပ်နေသေးကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

မနှစ်က အာဆီယံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၀ ဘီလျံခန့်ရှိခဲ့ပြီး၊ လူသုံးပစ္စည်း၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေးကဏ္ဍများသို့ ၇၀ ရာခိုင်နှုန်းခန့်စီးဝင်ရောက်ရှိသွားသည်ဟုသိရှိရသည်။

**********************************************************************

တရုတ် လူမှုရေး ကွန်ရက်များ ဆင်ဆာကြုံနေရ

(BBC News မှ 9 March 2012 ရက်စွဲပါ China's social networks hit by censorship, says study ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ဆင်ဆာများသည် လူမှုရေးမီဒီယာများက ပိတ်ပင်ထားသော အကြောင်းအရာများ ဆွေးနွေးခြင်း၊ သုတေသနပြုခြင်းများကို ပိတ်ပင်ရန် တက်ကြွစွာ ပစ်မှတ်ထား လုပ်ကိုင်လျက် ရှိသည်။

အမေရိကန်မှ လေ့လာမှုတစ်ခုက Microblogging ဝက်ဘ်ဆိုက်များတွင် ဆွေးနွေးခြင်းများအပေါ် တရုတ် မူဝါဒများအား ထဲထဲဝင်ဝင် လေ့လာတင်ပြခဲ့သည်။ Twitter နှင့် အလားတူသော တရုတ်ဝက်ဘ်ဆိုက်မှ သန်း (၆ဝ) နီးပါးရှိသော သတင်းစကား (မက်ဆေ့) များအား လေ့လာ သုံးသပ်ပြီး မည်သည့်အကြောင်းအရာများကို ပိတ်ပင်ထားသည်ကို ဖော်ထုတ်ခဲ့သည်။

Carnegie Mellon မှ Language Technologies Institute မှပါမောက္ခဖြစ်သူ နိုအာစမစ်၊ ဒေးဗစ်ဘန်းမန့်နှင့် ဘရန်ဒန် အိုကွန်နာ တို့၏ News Scientist တွင်ဖော်ပြထားသော လေ့လာမှုစာတမ်းတွင် Sina Weibo Service မှတစ်ဆင့် ပေးပို့သော မက်ဆေ့တိုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့သည်ဟု ဆိုသည်။

Sina Site တွင် ဇွန်လ၊ ၂၇ မှ စက်တင်ဘာ၊ ၃ဝ အတွင်းပေးပို့သော မက်ဆေ့တိုပေါင်း ၅၇ သန်းကို စောင့်ကြည့်ခဲ့သည်။ သုံးလအကြာတွင် စစ်ကြည့်သောအခါ အချို့မက်ဆေ့များ ပျောက်သွားကြောင်း တွေ့ရသည်။ အဆိုပါ ပျောက်သွားသော သတင်းတိုများတွင် ဆင်ဆာ သတိပြုမိလောက်သော မည်သည့်အသုံးအနှုန်းကို ဖော်ပြထားသည်ဆိုသည်ကို ရှာဖွေခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တွေ့ရှိရသည့် အချက်မှာ လူမှုရေးမီဒီယာဆင်ဆာသည် Chinese Web အား စောင့်ကြည့်သည့် စနစ်နှင့် အတူတူပင်ဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါစနစ်ကို Great Firewall ဟု လူသိများပြီး ပြည်သူအများ တရုတ်နိုင်ငံ ပြင်ပမှ ဝက်ဘ်ဆိုက်များ ဝင်မကြည့်နိုင်အောင် ပြုလုပ်ထားသည်။ ပိတ်ပင်ထားသော ဝေါဟာရများ၊ ဆင်ဆာပြုလုပ်ထားသော စကားပြောခန်းများ (Chat)နှင့် ဘလော့များကို ရှာမတွေ့နိုင်အောင် ပြုလုပ်ထားခြင်း စသည်တို့ကိုလည်း ပြုလုပ်ထားသည်။ ပိတ်ပင်ထားသော အကြောင်းအရာများတွင် Falun Gong ဘာသာရေး လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ Ai Weiwei အကြောင်းလည်း ပါဝင်သည်။

ထိုနည်းအတိုင်းပင် Sina Weibo Service တွင် အဆိုပါ အကြောင်းအရာများ ပါသော သတင်းစကားများ ဖျက်ပစ်ခြင်း ခံရသည်ဟု လေ့လာမှုစာတမ်းက တွေ့ရှိခဲ့သည်။ ထို့အပြင် စကားလုံးများ သို့မဟုတ် စာပိုဒ်များသည် နိုင်ငံရေး အဓိပ္ပာယ်များ ပိုမိုပါဝင်သည်ဟု သိရှိသည်နှင့် တစ်ပြိုင်နက် ဆင်ဆာစနစ်သည် လျှင်မြန်စွာ အလုပ်လုပ်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် "Jianghui" ဆိုသည့် စကားလုံးသည် ဆန္ဒပြရန် စီစဉ်ခြင်းအတွက် လျှို့ဝှက်စကားလုံးဟု သိလာသည်နှင့် ဆင်ဆာက ထိုစကားလုံးကို အလွတ်မပေးတော့ခြင်း ဖြစ်သည်။

ထို့အတူပင် "တစ်ဦးဦးအား နုတ်ထွက်ပေးရန် တောင်းဆိုမှု" ဟု အဓိပ္ပာယ်ရှိသော စကားလုံးမှာလည်း ၂၀၁၁ ဇူလိုင်က လူ ၄ဝ သေဆုံးသော မြန်နှုန်းမြင့် ရထားတိမ်းမှောက်မှု အပြီးတွင် ဆင်ဆာက အလွတ်မပေးသော စကားလုံး ဖြစ်ခဲ့သည်။ ထိုသို့သော အဖြစ်ဆိုးမှာ တာဝန်ရှိသူများ၏ မှားယွင်းမှုကြောင့်ဟု ပြည်သူများက အပြစ်တင်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ဒေသအလိုက် ဆင်ဆာစနစ်နှင့် အလုပ်လုပ်ပုံနှုန်း မတူညီမှုကိုလည်း လေ့လာမှုက တွေ့ရှိခဲ့သည်။ တိဗက်တွက် သတင်း မက်ဆေ့များ၏ ၅ဝ% ဖျက်ပစ်ခံနေရချိန်တွင် ဘေဂျင်း၌ ၁၂% နှင့် ရှန်ဟိုင်းတွင် ၁၁% ဖျက်ပစ်ခံနေရသည်။

ပိတ်ပင်ထားသော စကားလုံးများ ဖြစ်သော Falun Gong ကဲ့သို့သော စကားလုံးများ ပြန်လည် တွေ့မြင်နေရခြင်းအပေါ် မစ္စတာ ဘန်းမန်းက အံ့ဩရပြန်သည်ဟု ဆိုသည်။ "မက်ဆေ့တွေမှာ ဒီစကားလုံးတွေ ပြန်တွေ့နေရတော့ ဆင်ဆာစနစ်က အလိုအလျောက် စနစ်မဟုတ်ဘူးလို့ ထင်ရပါတယ်" ဟု ယင်းက BBC သို့ ပြောသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အစိုးရက မူဝါဒများ တက်ကြွစွာ လုပ်ဆောင်ရန် တောင်းဆိုမှုနှင့် ကုမ္ပဏီများက လိုက်နာရန် တုံ့ဆိုင်းနေခြင်းကြောင့် တင်းမာမှုများ ဖြစ်နေရခြင်းကြောင့် ဖြစ်ပုံ ရသည်ဟုလည်း ယင်းက ပြောသည်။

လူမှုရေးမီဒီယာများတွင် ပျံ့နှံ့နေသော မက်ဆေ့များသည် များပြားလှသောကြောင့် အစိုးရအနေဖြင့် ဆင်ဆာ ပြုလုပ်ရန် မလွယ်ကူနိုင်ဟု ယင်းက တွက်ဆသည်။ လူအများသည် ထိန်းချုပ်မှုများကို ရှောင်ရှားသော နည်းလမ်းများ ရှာကြလိမ့်မည်ဟုလည်း ဖြည့်စွက်ပြောသည်။ "လူတွေက ပြောချင်တာ ပြောကြမှာပဲ။ ပြောနိုင်မယ့် နည်းလမ်းလည်း ရှာကြမှာပါ" ဟု ဆိုသည်။

အဆိုပါ အသေးစိတ် လေ့လာမှုစာတမ်းကို မတ်လတွင် ထုတ်ဝေမည့် First Monday ဂျာနယ်တွင် ဖော်ပြမည် ဖြစ်သည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs