Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မလေးကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရေး စဉ်းစားရန် တိုက်တွန်း

(The Star Online မှ 15 March 2012 ရက်စွဲပါ Zazali Musa ရေးသားသော Consider investing in Myanmar Malaysian companies told ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်သို့ကျူးကျော်ခြင်း

(Strategy Page မှ 14 March 2012 ရက်စွဲပါ Invading China ကို ဘာသာပြန်ဆိုသည်)

******************************************************************************

မလေးကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရေး စဉ်းစားရန် တိုက်တွန်း

(The Star Online မှ 15 March 2012 ရက်စွဲပါ Zazali Musa ရေးသားသော Consider investing in Myanmar Malaysian companies told ကို ဘာသာ ပြန်ဆိုသည်)

မလေးရှားအစိုးရသည် မလေးရှား ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံအပေါ် ယင်းတို့၏ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာနေရာအဖြစ် သတ်မှတ်ရန် လိုလားလျက် ရှိသည်။

နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Mustapa Mohamed က မြန်မာအစိုးရ၏ မူဝါဒ ပြောင်းလဲမှုများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လေးလေးနက်နက် ဖိတ်ခေါ်နေသည့် လက္ခဏာ ဖြစ်ကြောင်း ဆိုသည်။ ဆက်လက်ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများတွင် လမ်းဖောက်ခြင်း၊ အဝေးပြေးလမ်းများ ဖောက်ခြင်းနှင့် လေယာဉ်ကွင်း တည်ဆောက်ခြင်း စသည့် အခြေခံအဆောက်အဦများ၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ အခြေပစ္စည်း ဖွံ့ဖြိုးမှု စီမံကိန်းများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းများ ပါဝင်ကြောင်း ဆိုသည်။

"လက်ရှိအားဖြင့် မလေးရှားကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ဝဝ ကျော် မြန်မာနိုင်ငံတွင် ရှိနေပြီး နောက်ထပ် မြန်မာကို ပိုပြီး သွားစေချင်ပါတယ်" ဟု ယင်းက ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Mustapa က မကြာမီက မြန်မာနိုင်ငံသို့ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံသည် မလေးရှားရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး အခွင့်အလမ်းကောင်းများ ချပြခဲ့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ယင်းသည် Johor တွင် ရင်းနှီးမြှုပ်နှံသူများနှင့် တံခါးပိတ်အစည်းအဝေး တက်ရောက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် Iskandar ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ CEO ဖြစ်သူ Ismail Ibraham ၏တင်ပြမှုကို တက်ရောက် နားထောင်ခဲ့သည်။

Mustapa က မြန်မာနိုင်ငံ၏ တံခါးဖွင့်ဝါဒကြောင့် မလေးရှား၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်မည်ကို မစိုးရိမ်ကြောင်း ပြောသည်။ "နှစ်နိုင်ငံစလုံးဟာ FDI ကို ဆွဲဆောင်ရာမှာ သူ့ပစ်မှတ်နဲ့သူ ရှိပါတယ်။ မလေးရှားက အဆင့်မြင့်နည်းပညာသုံး ရင်းနှီးမြှုပ်နှံမှုတွေကို ရည်ရွယ်နေပါတယ်။ မြန်မာနိုင်ငံကတော့ လုပ်သားအင်အား သုံးရတဲ့ စက်မှုလုပ်ငန်းအပေါ် ပိုပြီး ပစ်မှတ်ထားပါတယ်" ဟု ယင်းက ပြောသည်။

****************************************************************

တရုတ်သို့ကျူးကျော်ခြင်း

(Strategy Page မှ 14 March 2012 ရက်စွဲပါ Invading China ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရ၏ အနောက်နိုင်ငံများနှင့် ကုန်သွယ်မှုနှင့် အကူအညီများ ရရန် ကြိုးစားမှုသည် ဒီမိုကရေစီကို ပြ၍ ယုံကြည်လာအောင် လုပ်ပြနိုင်မှုပေါ်တွင် မူတည်သည်။ သို့သော်လည်း မြန်မာများကမူ လက်ရှိတွင် အများစုက အငြိမ်းစားယူသွားခဲ့ပြီ ဖြစ်သော စစ်တပ်အရာရှိများ လွှမ်းမိုးသော အစိုးရ၏ ချုပ်ကိုင်မှု ရှိနေသေးသည်ဟု ခံစားနေကြရသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း လွှတ်ပေးခဲ့သော ဒီမိုကရေစီ လှုပ်ရှားသူအများစုကို ရဲများက စောင့်ကြည့်၍ အနှောင့်အယှက် ပေးနေဆဲ ဖြစ်သည်။ ယခု ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲသည် မရိုးသားမှုများ ရှိလိမ့်မည်ဟု ယုံကြည်ရသည်။ မဲဆန္ဒရှင်စာရင်းကို စစ်ဆေးကြည့်သောအခါ သေဆုံးသူ အများအပြား စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်ကို တွေ့ကြရသည်။ အစိုးရကမူ ပြန်လည် ပြင်ဆင်ပေးမည်ဟု ဆိုသည်။ အစိုးရသည် တိုင်းပြည်တွင် ထိန်းချုပ်ထားမှု အတော်များများကို လျှော့ချခဲ့သော်လည်း ပြည်သူများသည် စကား ပြောဆိုရာတွင် လည်းကောင်း၊ မည်သူ့ကို ပြောသည် ဆိုသည်ကိုလည်းကောင်း သတိထားနေရဆဲ ဖြစ်သည်။

ဗိုလ်ချုပ်များနှင့် ယင်းတို့၏ မိသားစုများသည် စီးပွားရေး လုပ်ငန်း အတော်များများကို ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး အစိုးရ၏ အလွန်အကျွံ  ပူးပေါင်း ဆောင်ရွက်မှုကို ရရှိသည်။ အဆက်အသွယ် ကောင်းကောင်း မရှိသူများသည် အခက်အခဲများ တွေ့ကြရသည်။ လာဘ်ပေးခြင်းသည် အထောက်အကူ ဖြစ်သော်လည်း ခက်ခက်ခဲခဲ လုပ်ဆောင်ကြရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အဓိက လူမျိုးစု လက်နက်ကိုင် အုပ်စုနှစ်ခု ဖြစ်သော 'ဝ' ပြည်ထောင်စု တပ်မတော် (UWSA) နှင့် ရှမ်းပြည်နယ် တောင်ပိုင်း တပ်မတော် (SSA-S) တို့သည် မြန်မာ စစ်တပ်နှင့် ညှိနှိုင်းရန် ငြင်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အုပ်စု နှစ်ခုသည် မူးယစ်ဆေးဝါး လုပ်ငန်းမှ ငွေများစွာ ရနေခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်။ ဘိန်းနှင့် ဟီရိုးအင်းကို လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြန်လည် ထုတ်လုပ်ခဲ့ကြသည်။ မက်သာဖက်တမင်း ထုတ်လုပ်မှုမှာ ကြီးမားခဲ့သည်။ မြန်မာပြည်တွင်းက ရာဘ (crazy drug) ဟု ခေါ်သော မူးယစ်ဆေးဝါးကို ထိုင်းနိုင်ငံ မှတဆင့် ရောင်းဝယ်ဖောက်ကားပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ရာဘဆေးပြား ထုတ်လုပ်မှုမှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။ မကြာသေးမီက ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ စစ်တပ်ကားဖြင့် တင်ဆောင်လာသော မက်သာဖက်တမင်း ဆေးပြားလေးသန်းကို ဖမ်းမိခဲ့သည်။ သို့သော် မဖမ်းမိပဲ ရောင်းဝယ်နေသော ပမာဏ အများကြီး ရှိသည်။ မက်သာဖက်တမင်း စက်ရုံများမှာ ဘိန်းခင်းများထက် လူမမြင်အောင် လုပ်ရလွယ်သည်။ (ဘိန်းသည် ဘိန်းပင်မှ အဆီဖြစ်သည်)။ ရာဘ ဆေးပြားများကို တစ်နှစ်လျှင် သန်းရာချီ၍ အဆိုပါ စက်ရုံများမှ ထုတ်လုပ်နေသည်ဟု ယုံကြည်ရသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၊ အထူးသဖြင့် UWSA သည် ဘိန်းလုပ်ရာမှ အမြတ်ငွေကို ယင်းတို့၏ စစ်တပ်အတွက် လက်နက်များ ပိုမို ဝယ်ယူသည်။ အစိုးရသည် ထိုဒေသများတွင် ညှိနှိုင်းမှု၌ အာဏာမတည်ပဲ အားနည်းနေသည်။

မြန်မာအစိုးရသည် အိမ်နီးချင်း တရုတ်အပေါ်တွင် စီးပွားရေးအရ မှီခိုရမှု လျှော့ချရန် ကြိုးစားသည့် အနေဖြင့် အခြားနိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ကုန်သွယ်မှု ပိုမို တိုးတက်အောင် လုပ်ဆောင်လျက် ရှိသည်။ တရုတ်နယ်စပ်များသည် သူပုန်များ ကြီးစိုးရာ နေရာများ ဖြစ်ခြင်းကြောင့် တရုတ်များအဖို့ လုပ်ရကိုင်ရသည်မှာ ကျပ်ကျပ်တည်းတည်း ဒုက္ခများ ရှိကြသည်။ အချို့ တိုင်းရင်းသားများသည် နယ်စပ်တွင် နှစ်ဖက်ခွ၍ နေထိုင်ကြပြီး နယ်စပ်ကို လွတ်လပ်စွာ ဖြတ်ကျော်နေသည်မှာ ထုံးစံ တစ်ခုလို ဖြစ်နေသည်။ ထိုဒေသများတွင် လူဦးရေ ကျဲပါးပြီး သစ်ပင်များ ပေါက်ရောက်လျက် ရှိခြင်းကြောင့် အစိုးရ နှစ်ခုစလုံးသည် နယ်စပ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ တရုတ်သည် ယခု မြန်မာ စစ်သားများ တရုတ်နယ်ထဲသို့ ဝင်၍ ပြဿနြာ ဖစ်သော တရုတ်အား သေနတ်ဖြင့် ပစ်သတ်ခြင်းကို စောဒက တက်လျက် ရှိသည်။

တရုတ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းများတွင် များစွာ ရင်းနှီးမြှုပ်နှံထားမှုကြောင့် စိုးရိမ် ကြောင့်ကြမှု ဖြစ်ပေါ်လျက် ရှိသည်။ တရုတ်တို့၏ ၃.၆ ဘီလျံ ဒေါ်လာတန် ရေလှောင်တမံ စီမံကိန်းမှာ လွန်ခဲ့သော ၆ လက ရပ်ဆိုင်းသွားခဲ့သော်လည်း ဘင်္ဂလားပင်လယ်အော်မှ တရုတ်သို့ ဆက်သွယ်သော ပိုက်လိုင်းများမှာမူ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ ရေလှောင်တမံ အတွက် ခြုံများ ဖုံးနေသော စက်ပစ္စည်း ကိရိယာများနှင့် တရုတ်လုပ်သားများမှာ လုပ်ငန်း ပြန်လည် စတင်ရေး အတွက် အမိန့်ကို စောင့်နေသည်။ ထိုသို့ စောင့်ဆိုင်းနေရခြင်းကြောင့် တရုတ်တို့ ငွေ အမြောက်အများ ကုန်ကျလျက် ရှိသည်။ အစိုးရသည် ကချင်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ သို့သော် အောင်မြင်မှု ရရှိခြင်း မရှိသေးပေ။ အစိုးရသည် အတိတ်က ကချင်တို့အပေါ် တိုက်ခိုက်မှု၊ နှိပ်ကွပ်ခဲ့မှုများကြောင့် ယခု ညှိနှိုင်းရာတွင် လုံလောက်သော ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲနေသည်။ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ စတင် ဖြစ်ပွားခြင်းကြောင့် ကချင် ဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့ခြင်းကြောင့် တရုတ်က စိတ်ညစ်လျက် ရှိသည်။

*********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. ရေပြင်နယ်နိမိတ် အငြင်းပွားမှုအပေါ် ကုလခုံရုံး ဆုံးဖြတ်ချက် ဘင်္ဂလားဒေ့ရှ် ကြိုဆို

(Reuters မှ 14 March 2012 ရက်စွဲပါ Bangladesh hails UN ruling in Myanmar border dispute ကို ဘာသာ ပြန်ဆိုသည်)

  1. ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတစေရန် အမေရိကန်ကိုယ်စားလှယ် ထပ်မံတိုက်တွန်း

(The Washington Post မှ 14 March 2012 ရက်စွဲပါ US special envoy repeats calls for free and fair parliamentary by-elections in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ယွမ်ငွေမြင့်တက်မှု လျှော့ချမည့် အရိပ်အယောင် တရုတ်ပြသ

(Financial Times မှ 12 March 2012 ရက်စွဲပါ China hints at halt to Yuan rise ကို ဘာသာပြန်ဆိုသည်)

***********************************************************************************

ရေပြင်နယ်နိမိတ် အငြင်းပွားမှုအပေါ် ကုလခုံရုံး ဆုံးဖြတ်ချက် ဘင်္ဂလားဒေ့ရှ် ကြိုဆို

(Reuters မှ 14 March 2012 ရက်စွဲပါ Bangladesh hails UN ruling in Myanmar border dispute ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ရေပြင်နယ်နိမိတ်မျဉ်း အငြင်းပွားမှုအပေါ် ကုလသမဂ္ဂခုံရုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသာပေး ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ကမ်းလမ်ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရန် လမ်းပွင့်သွားပြီဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၂ နိုင်ငံ၏ ရေပြင်ပိုင်နက် အငြင်းပွားမှုကို ဟမ်းဘတ် အခြေစိုက် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်ပေးပြီး နောက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီက "ကျွန်မတို့ ပျော်ရွှင်နေပါတယ်။ တကယ်ကို ဝမ်းမြောက်ဝမ်းသာ ပျော်နေတာပါ" ဟု ပြောသည်။ "ဒီနေ့ဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးကျယ်တဲ့နေ့ပါပဲ။ ကျွန်မတို့ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေ အားလုံး ပြည့်ဝသွားပါပြီ။ ဒီပင်လယ်ပြင်မှာ ရေနံနဲ့ ဓာတ်ငွေ့ရှာဖွေမှုတွေကို ဆက်လက် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု သူမက ဆက်လက် ဆိုသည်။

ဘင်္ဂလားဒေ့ရှ်က ရေနံ၊ ဓာတ်ငွေ့ ရှာဖွေရန် ကြိုးစားနေသော နယ်မြေတစ်စိတ်တစ်ပိုင်းကို မြန်မာတို့ကလည်း ယင်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အငြင်းပွားမှု ရေချိန်တက်လာချိန်တွင် စစ်တကောင်းဆိပ်ကမ်းနှင့် ၂၈ဝ ကီလိုမီတာ အကွာရှိ အငြင်းပွားရေပြင်သို့ နှစ်နိုင်ငံစလုံးက ရေတပ်သင်္ဘောများ စေလွှတ်ခဲ့ကြသည်။

**********************************************************

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတစေရန် အမေရိကန်ကိုယ်စားလှယ် ထပ်မံတိုက်တွန်း

(The Washington Post မှ 14 March 2012 ရက်စွဲပါ US special envoy repeats calls for free and fair parliamentary by-elections in Myanmar ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာသော အမေရိကန် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ မကြာမီ ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ် မျှတ ပွင့်လင်းမြင်သာအောင် ပြုလုပ်လိမ့်မည်ဟု ဝါရှင်တန်က မျှော်လင့်ထားကြောင်း ထပ်မံထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ ၇ လအတွင်း ၆ ကြိမ်မြောက် ရောက်ရှိလာသော အမေရိကန် ကိုယ်စားလှယ် ဒဲရက်မစ်ချယ်က ဧပြီ ၁ ရက် ရွေးကောက်ပွဲမတိုင်မီ မြန်မာအစိုးရ တာဝန်ရှိသူများ၊ အခြားပါတီများနှင့် အလွန်အပြုသဘော ဆောင်သော၊ အလွန်ရလဒ်ကောင်းသော၊ အလွန်ပွင့်လင်း ရိုးသားသော၊ ဖြောင့်ဖြူးသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဒဲရက်မစ်ချယ်က သတင်းထောက်များကို ပြောကြားရာတွင် "မြန်မာ အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပါပြီလို့ အာမခံထားတဲ့ ကတိကဝတ်ကို သိသာထင်ရှားအောင် ပြသတဲ့နေရာမှာ လွတ်လပ်မျှတ၊ ပွင့်လင်း မြင်သာတဲ့ ရွေးကောက်ပွဲဟာ အလွန်အရေးကြီးပါတယ်" ဟု ဆိုသည်။

ယခင် တပ်မတော်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နှိပ်စက်သော မူဝါဒများကြောင့် စီးပွားရေး၊ နိုင်ငံရေး ဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ချမှတ် အရေးယူထားသော အမေရိကန်သည် မနှစ်က အာဏာရလာခဲ့သော မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို စတင် အားပေး ထောက်ခံနေပြီ ဖြစ်သည်။

ယခုအခါ သမ္မတဦးသိန်းစိန်အစိုးရက နိုင်ငံ၏ နိမ့်ကျနေသော စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အရေးယူမှုများ ရုတ်သိမ်းသွားစေရန် ကြိုးစားလျက်ရှိသည်။ အမေရိကန်နှင့် အလားတူ အရေးယူမှုများ ချမှတ်ထားသော အီးယူကလည်း "မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲများ မည်သို့ မည်ပုံ ကျင်းပသည် ဟူသည့် အချက်အပေါ် မူတည်ပြီး ဒီမိုကရေစီ အသွင်ပြောင်းမှု တိုးတက်ခြင်း ရှိ မရှိ ဆုံးဖြတ်မည်" ဟု ပြောကြားထားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲများကို လွတ်လပ် မျှတမှု မရှိ၊ ဒီမိုကရေစီမရှိဟု သတ်မှတ်ကာ သပိတ်မှောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံး၌ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

သို့ရာတွင် မဲဆန္ဒရှင်များစာရင်းတွင် ကွယ်လွန်သူတို့၏ အမည်များ ပါဝင်နေခြင်းကြောင့် ရွေးကောက်ပွဲ မသမာမှုများ ရှိနိုင်သည့် အလားအလာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။ "ရွေးကောက်ပွဲတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်း ပြုလုပ်ကျင်းပရဲ့လား ဆိုတာကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်း စောင့်ကြည့်ပေးစေချင်ပါတယ်" ဟု သူမက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသွားသည်။

************************************************************

ယွမ်ငွေမြင့်တက်မှု လျှော့ချမည့် အရိပ်အယောင် တရုတ်ပြသ

(Financial Times မှ 12 March 2012 ရက်စွဲပါ China hints at halt to Yuan rise ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ ပြည်တွင်းသုံး ယွမ်ငွေတန်ဖိုးအား တဖြည်းဖြည်းချင်းပြင်ဆင်သတ်မှတ်မှုကို ခြောက်နှစ်တာမျှ ပြုလုပ်ခဲ့ပြီးနောက် ထပ်မံ တန်ဖိုး လျှော့ချထား၍ ရရှိတော့မည် မဟုတ်ကြောင်း တရုတ်ဗဟိုဘဏ်မှ အရာရှိကြီးများက ဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးလိုငွေပြမှု ပမာဏများစွာဖြစ်ပေါ်ခဲ့မှုကို ကိုးကားပြောဆိုသည်။

မကြာသေးခင် ရက်ပိုင်းအတွင်း တရုတ်အစိုးရက ထုတ်ပြန်သော ကိန်းဂဏန်းများအရ တရုတ်ပြည်သည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ကာလများ အတွင်း ကုန်သွယ်ရေးလိုငွေပြမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုက ပို့ကုန်တင်ပို့မှုထက် တန်ဖိုး ပိုမိုများပြားနေသည်ကို တွေ့ရသည်။ "ယခု ဖြစ်ပေါ်တဲ့ ကုန်သွယ်ရေး လိုငွေပြမှုဟာ ယွမ်ငွေ လဲလှယ်မှုနှုန်းထား မျှခြေအနေအထားကို ရောက်ရှိနေပြီဆိုတာကို ဖော်ကျူးတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်" ဟု တရုတ်ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး Yi Gang က တရုတ် ပြည်သူ့ ကွန်ဂရက်တွင် ပြောဆိုသည်။

တရုတ်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Zhou Xiaochuan ကမူ ယွမ်ငွေတန်ဖိုး မျှတစွာ သတ်မှတ်နိုင်ခြင်း ရှိ၊မရှိ ဟူသည့် အကဲဆတ်သော အရေးကိစ္စအပေါ် သတိကြီးစွာဖြင့် တုံ့ပြန်ပြောဆိုသည်။ "ယခုကိစ္စဟာ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ" ဟု ၎င်းက ဆိုသည်။ ကုန်သွယ်ရေးလိုငွေပြမှုဟူသည် ယွမ်ငွေတန်ဖိုး မျှခြေအနေအထားသို့ ရောက်ရှိလာသည့် အဓိပ္ပာယ်ကို ဆောင်သလောဟု မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။ ယွမ်ငွေတန်ဖိုး ပြင်ဆင်သတ်မှတ်မှုကို ဗဟိုဘဏ်အနေဖြင့် ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ခြင်း ရှိ၊မရှိ သိလိုကြောင်း မေးမြန်းရာတွင် ၎င်းက "ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ယွမ်ငွေ လဲလှယ်မှုနှုန်းထားဟာ ဝယ်လိုအားနဲ့ ရောင်းလိုအားက အဓိကဦးဆောင်တဲ့ မျှခြေရှိတဲ့အနေအထားနဲ့ နီးကပ်လာပြီ ဖြစ်တဲ့ အတွက် အဲဒီဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအားအတွက် ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ခွင့်ပြုပေးရမယ်၊ အားပေး အားမြှောက် ပြုပေးရမယ်" ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်သမ္မတဘားရက်အိုဘားမားက တရုတ်နိုင်ငံသည် 'ငွေကြေး ကြိုးကိုင် ခြယ်လှယ်သည့် နိုင်ငံ" ဖြစ်သည်ဟူသော ပုံမှန် စွပ်စွဲပြောဆိုမှုမျိုး မပြုလုပ်ဘဲ နေလျက် ရှိသည်။ လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်ပါတီအတွက် သမ္မတလောင်း ဖြစ်မည်ဟု တစ်ပေးခံထားရသူ Mitt Rommey က မိမိအနေဖြင့် အဆိုပါယွမ်ငွေကိစ္စအား သမ္မတအဖြစ်တာဝန်ယူမည့် ပထမဆုံး နေ့ရက်တွင် ရွေးချယ် လုပ်ကိုင်မည် ဖြစ်သည်ဟု ဆိုသည်။ "တရုတ်ပြည်က ယွမ်ငွေတန်ဖိုး အနည်းဆုံးအတိုင်းအတာနဲ့ မြင့်တက်လာအောင် လုပ်ဆောင် နေပေမယ့်လည်း ကျွန်တော်တို့ကတော့ မျှခြေနဲ့ ဝေးနေသေးတဲ့အဆင့်မှာပဲ ရှိပါသေးတယ်" ဟု အိုဟိုင်းအိုးပြည်နယ်မှ ဒီမိုကရက်တစ်အမတ် Sherrod Brown က ပြောကြားသည်။ "ကျွန်တော်တို့ စိတ်ရှည်ရမယ့် အတိုင်းအတာကနေ ကျော်လွန်သွားခဲ့ပါပြီ" ဟု ၎င်းက ဆိုသည်။

တရုတ်ပြည်သည် ဆယ်စုနှစ်တစ်ခုတာမျှ ဒေါ်လာနှင့် ယွမ်ငွေလဲလှယ်မှု ပုံသေနှုန်းထား သတ်မှတ်သည့် မူဝါဒကို ၂၀၀၅ ခုနှစ်တွင် ဖယ်ရှားလိုက်ပြီးနောက် ယွမ်ငွေတန်ဖိုးမှာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ သို့သော် ဘေဂျင်းအစိုးရက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင် နှုန်းသေသတ်မှတ်မှုကို ပြန်လည် သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ အကျပ်အတည်းကြောင့် ယွမ်ငွေနှင့် ဒေါ်လာ လဲလှယ်မှုနှုန်းထားမှာ ၂ နှစ်တာ ကာလမျှ ပုံသေနှုန်းထားဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်မူ ယွမ်ငွေတန်ဖိုးကို ဒေါ်လာထက် ၅ ရာခိုင်နှုန်းခန့် လျော့နည်းအောင် ပြင်ဆင် သတ်မှတ်ခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်သို့ရောက်ရှိလာချိန်တွင် ယွမ်ငွေတန်ဖိုးမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိသွားသည်။

စီးပွားရေးကျွမ်းကျင်သူ ပညာရှင်များက တရုတ်ပြည်၏ ကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းများ၊ နယ်စပ်ဖြတ်ကျော် အရင်းအနှီး ဝင်ရောက် လာမှုများနှင့် နိုင်ငံခြားအရန်ငွေကြေးများ နှေးကွေးစွာဖြင့် တိုးပွားလာမှုများကို ကြည့်လျှင် ယွမ်ငွေတန်ဖိုးမှာ ထပ်မံလျှော့ချထား၍ မဖြစ်နိုင် တော့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။ "အခြေခံပိုလျှံမှုက တဖြည်းဖြည်းချင်း နည်းပါးလာပြီး ယွမ်ငွေဟာ မျှခြေနဲ့ ပိုမိုနီးကပ်လာတယ်"ဟု HSBC မှ အာရှ ငွေကြေးဆိုင်ရာ အကြီးအကဲ Paul Mackel ကပြောသည်။ "ယခုလို တရုတ်ငွေကြေး ပေးချေမှုနဲ့ ဆိုင်တဲ့ ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်လာတဲ့ ကိစ္စဟာ ကျွန်တော်တို့ တတွေရဲ့ ငွေကြေးအပေါ်မှာ အများကြီး ဂယက် ရိုက်ခတ်မှု ရှိပါတယ်" ဟု ၎င်းကဆိုသည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Chen Deming က "ယွမ်ငွေလဲလှယ်မှုနှုန်းထားဟာ ကျိုးကြောင်းဆီလျော်မှု ရှိတဲ့ အနေအထားထဲကို ရောက်ရရှိလာပါပြီ" ဟု ဆိုသည်။ ဗဟိုဘဏ် အကြံပေးပုဂ္ဂိုလ် Li Daokui ကလည်း ယွမ်ငွေသည် မျှတမှုရှိသည့် တန်ဖိုးနှင့် နီးကပ်လာလျက် ရှိသည်ဟု ပြောကြားသည်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Zhou ကမူ တရုတ်ပြည်သည် ၂၀၁၁ ခုနှစ် ပထမလပိုင်းများတွင် ကုန်သွယ်ရေး လိုငွေ ပြခဲ့သော်လည်း အဆိုပါနှစ်သည် ကုန်သွယ်ရေးပိုလျှံမှုပမာဏ ဒေါ်လာ ၁၅၀ ဘီလီယံဖြင့် အဆုံးသတ်နိုင်ခဲ့ကြောင်း၊ အကြောင်းမှာ ရာသီအလိုက် အတက်အကျ ဖြစ်မှုများနှင့် ပို့ကုန်တင်ပို့မှုများ ဆက်လက်မြင့်တက်ခဲ့သောကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

**************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs