Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၈. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(၂၀၁၂) ကျင်းပ
  2. သင်္ကြန် ရေပက်ခံကားများတွင် နိုင်ငံတကာအလံ တပ်ဆင်ပါက အရေးယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လွှတ်တော်ထဲသို့ ပါဝင်ရန် နိုင်ငံတော်သမ္မတမှ KNUအား ဖိတ်ခေါ်
  2. KNUနှင့် အမြင်သဘောထားခြင်းတူသည်ဟု ဒီချုပ်ဥက္ကဋ္ဌ ပြောကြား
  1. မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုအချို့ အမေရိကန် စတင်ရုတ်သိမ်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(၂၀၁၂) ကျင်းပ

၂၀၁၂ ဧပြီ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ကိုရီးယားသမ္မတနိုင်ငံ Knowledge Econ- omy ဝန်ကြီးဌာနတို့မှ ပူးပေါင်း ကျင်းပခဲ့သည့် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(၂၀၁၂) (Korea-Myanmar Economic Cooperation Forum 2012) ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင် ကွန်ဗင်းရှင်းဗပာိုဌာန (MICC) Banquet Hall ၌ ကျင်းပခဲ့ကြောင်းနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ယခုကဲ့သို့ ကိုရီးယားစီးပွားရေး လုပ်ငန်းရှင် များအဖွဲ့ လာရောက်သည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ချစ်ကြည်ရင်းနှီးမှုကဏ္ဍများတွင် ပိုမိုတိုးမြှင့်တည်ဆောက်နိုင်မည်ပာု ယုံကြည်ကြောင်း နှင့် မြန်မာနိုင်ငံ၏ လက်ရှိကာလ စီးပွားရေးအခြေအနေများကို လေ့လာကာ အနာဂါတ်အခွင့်အလမ်းကောင်းများကို ချဉ်းကပ် သုံးသပ်လုပ်ကိုင် ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားသည်။

ထို့ပြင် ကိုရီးယား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ နိုင်ငံ၏ ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) များအဖြစ် ဆောင်ရွက်နိုင်ရေး၊ IT ကဏ္ဍတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်သည့် ရော်ဘာ၊ ဆီအုန်း၊ စားသောက်ကုန် စသည့်လုပ်ငန်းများတွင် အသေးစားနှင့် အလတ်စားစက်ရုံ တည်ထောင်နိုင်ရေး၊ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခု ထူထောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သကဲ့သို့ သီလဝါ အထူး စီးပွားရေးဇုန်ကို ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ကားလမ်း၊ ရထားလမ်းဆိုင်ရာ အဆင်မြှင့်တင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွား နိုင်ရန် သမ္မတဦးသိန်းစိန်က ညွှန်ကြားခဲ့သည်။

ယခုကျင်းပသည့် ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဦးဝင်းအောင်မှ လက်မှတ်ရေးထိုးခဲ့ပြီး ကိုရီးယားနိုင်ငံဘက်မှ ကိုရီးယားကုန်သည်နှင့် စက်မှုအသင်းချုပ် (KCCI) မှ Mr.Sohn Kyung Shik တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

 သင်္ကြန် ရေပက်ခံကားများတွင် နိုင်ငံတကာအလံ တပ်ဆင်ပါက အရေးယူမည်

ယခုနှစ်၌ ကျရောက်မည့် အတာသင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေပက်ခံကားများတွင် နိုင်ငံတကာအလံများ တပ်ဆင်၍ မောင်းနှင် သွားလာပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထို့ပြင် သင်္ကြန်ရေပက်ခံကားများ အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ သောက်စားမူးယစ်၍ မောင်းနှင်ခြင်း၊ ယာဉ်နံပါတ်ပြားများ မပါရှိခြင်း၊ အခြားယာဉ် နံပါတ်ပြားများ တပ်ဆင်မောင်းနှင်ခြင်းနှင့် ယာဉ်ဘေးတံခါးဖြုတ်၍ မောင်းနှင်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားပြီး အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိများကိုလည်း ကိရိယာများအသုံးပြု၍ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်္ကြန်ရက်များအတွင်း မတော်မဆမှုများမရှိနိုင်စေရန် အင်းလျားကန်နှင့် ကန်တော်ကြီးများတွင် အသက်ကယ်လှေတစ်စီးစီ ထားရှိပေး သွားမည်ဖြစ်ပြီး ယခုကဲ့သို့ အင်းလျားကန်နှင့် ကန်တော်ကြီး၌ အသက်ကယ်လှေများ ထားရှိရခြင်းမှာ ယခင်သင်္ကြန်နှစ်များ၌ ရေဆင်းကူး၍ မတော်တဆ ဖြစ်မှုများ ဖြစ်ပွားခဲ့သည့်အတွက်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကာလနှင့် ရုံးပိတ်ရက်များအတွင်း လျှပ်စစ်မီးအား ပိုမိုရရှိနိုင်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဧပြီ ၂ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိသည့် အချိန်ပိုင်း လျှပ်စစ်မီးပေးနေမှုများကိုလည်း ပုံစံတစ်မျိုးဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လွှတ်တော်ထဲသို့ ပါဝင်ရန် နိုင်ငံတော်သမ္မတမှ KNUအား ဖိတ်ခေါ်

ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့သည် ဧပြီလ ၇ရက်နေ့ မနက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ကြကြောင်း ယင်း KNUအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် “နိုင်ငံတော်သမ္မတက ကိုယ့်ရဲ့ ကရင်ပြည်နယ်ဒေသကို အုပ်ချုပ်ပြီး နိုင်ငံရေးပါတီတစ်ခု အနေနဲ့ နောက်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး လွှတ်တော်ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းပါတယ်။ ပြီးတော့ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ထာဝရငြိမ်းချမ်းရေးရဖို့ သဘောထား အမှန်တကယ်ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြား သွားပါ တယ်”ဟု အထက်ပါပုဂ္ဂိုလ်တစ်ဦးမှ ပြောသည်။

၎င်းတို့အဖွဲ့သည် ဧပြီ ၄ရက်နေ့မှစ၍ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ်ရေးထိုးရန် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၆ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

KNUနှင့် အမြင်သဘောထားခြင်းတူသည်ဟု ဒီချုပ်ဥက္ကဋ္ဌ ပြောကြား

ဧပြီလ ၈ရက်နေ့ မနက် ၁၀နာရီခွဲခန့်မှစတင်၍ တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ KNUမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့နှင့် တွေ့ဆုံ၍ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

“ဒီလိုတွေ့ဆုံမှုမှာ သူတို့တွေရဲ့ တိုင်းပြည်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စတွေရယ် ပြီးတော့ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီမို ကရေစီ ဖော်ဆောင်တဲ့အခါမှာ စည်းစည်လုံးလုံး လုပ်ဆောင်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ ကြပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သူနဲ့ KNU အဖွဲ့တို့ရဲ့ ဒီဆွေးနွေးမှုမှာ အမြင်ချင်းတူတာလေးတွေလည်း ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်”ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းမီဒီယာမှ သတင်းထောက် တစ်ဦးက ပြောကြားသည်။

ထို့နောက် ယင်းတို့ နှစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ထိုတွေ့ဆုံပွဲသို့ လာရောက်စောင့်ဆိုင်းနေကြသည့် ပြည်တွင်းပြည်ပ မီဒီယာ များဖြင့်လည်း တစ်နာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်ဟု လည်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။

ထို့ပြင် KNUငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ဧပြီလ ၆ရက်နေ့၌ ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့ကြပြီး ဧပြီလ ၇ရက်နေ့မနက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း ထပ်မံတွေ့ဆုံခဲ့ကြ သည်ဟုလည်း သတင်းရရှိ သည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုအချို့ အမေရိကန် စတင်ရုတ်သိမ်း

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအပေါ် အမေရိကန်နိုင်ငံမှ ကျေနပ်အားရမှုများ ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ လုပ်ဆောင်ထားသည့် စီးပွားရေးပိတ်ဆို့မှုအချို့ကို စတင်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ဧပြီ ၄ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုပြုလုပ်ထားသည့် အချက်များထဲမှ မြန်မာအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်သို့လာရောက်ခွင့်ပြုမည့်အချက်များအပါအဝင် မြန်မာ-အမေရိကန် နှစ်နိုင်ငံပို့ကုန်ကဏ္ဍ၊ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဆိုင်ရာ အချက်များ အပါအဝင် အခြားစီးပွားရေး ကန့်သတ်ချက်များကို ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံရဲ့ စီးပွားပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားလိုက်ပြီဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှု ကဏ္ဍတွေက အနှေးနဲ့အမြန် ဆိုသလို ဖြစ်လာမှာပါ။ ချက်ချင်းကြီးတော့ စီးပွားရေးက တရှိန်ထိုး တိုးတက်သွားမှာတော့ မပာုတ်ဘူး။ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရမှာပါ”ပာု မြန်မာ့ နိုင်ငံရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက ဖနွမ်းပင်၌ ကျင်းပပြုလုပ်ခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံထိပ်သီး နှစ်စဉ် ပုံမှန်အစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို အမြန်ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အကူအညီပေးခြင်း၊ ခရီး သွားလာခြင်းနှင့် မြန်မာနိုင်ငံမှ ပို့ကုန်များပိတ်ပင်ခြင်း စသည့် စီးပွားရေးပိတ်ဆို့မှုများကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီနှစ်လူငယ်တွေ တော်တော်များများက သံချပ်တွေထိုးဖို့ ပြင်နေကြတယ်လို့ကြားရတယ်။ ရေပက်မဏ္ဍပ်တွေမှာ လုပ်မယ်ထင်တယ်။ ကျွန်တောလဲ သံချပ် အလွမ်းဆိုပြီး ဆောင်းပါးတစ်ပုဒ်ကို ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးလိုက်သေးတယ်။ ဒီမို ကရေစီခေတ်သစ်မှာ အမျိုးသားယဉ်ကျေးမှုအစဉ်အလာ၊ ပြည်သူရဲ့ ရင်ဖွင့်သံ၊ အနုပညာအသွင်နဲ့ ဟာသနှောပြီး သရော်တဲ့ပုံစံမျိုးနဲ့ ထောက်ပြဝေဖန်တဲ့သံချပ်တွေကို ပြန်လည်မြင်ချင်ပါတယ်။ ခွင့်ပြုသင့်ပါတယ်။ အစိုးရ အနေနဲ့လဲ သံချပ်တွေကို နားဆင်ရင်း ပြည်သူတွေရဲ့ အသံအစစ်၊ တိုင်းပြည်ရဲ့ အခြေအ နေမှန်ကို ရိပ်စားသိရှိနိုင်ပါလိမ့်မယ်”

ဧပြီ ၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၄) တွင်ပါသည့် “ဒီမိုကရေစီသင်္ကြန်၊ သံချပ်သင်္ကြန်၊ ပြည်သူတွေရဲ့ ရင်တွင်းအသံ” သတင်း ဆောင်းပါးမှ မောင်ဝံသ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မကြာသေးခင် အခွန်အခနှုန်းထားများ တိုးမြှင့်ခြင်းကို နိုင်ငံတကာနှုန်းများဖြင့် နှိုင်းယှဉ်ပြသွားတာတွေ ကြားသိ လိုက်ရသည်။ ဟုတ်ပါသည်။ ခေတ်နှင့် အညီ ဖြစ်စေဖို့အတွက် ဒါတွေကို လေ့လာနှိုင်းယှဉ်ကြရပေမည်။ တစ်ဖက်တွင်လည်း မြန်မာပြည်သူ လူများစုကြီး၏ ဝင်ငွေအဆင့်အတန်းကို နိုင်ငံတကာ စံများဖြင့် ‘မှန်မှန်ကန်ကန်’ တွက်ချက်ကြည့်ရန် လိုပါသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲများပြီး၍ နိုင်ငံရေးအခြေအနေတည်ငြိမ်လာမည်။ နယ်စပ် ဒေသ များမှာလည်း ပိုမို အေးချမ်းလာမည်။ ဒါတွေကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ဝိုင်းကြဝန်းကြ မည်ဆိုလျှင် အခြေအနေတွေ တိုးတက် ကောင်းမွန် လာပါ လိမ့်မည်။ နိုင်ငံအစိုးရနှင့်သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးကလည်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီ ပိုမိုအာရုံစိုက်လာနိုင်လိမ့်မည်ဟု လည်း မျှော်လင့် မိပါသည်”

ဧပြီ ၅ ထုတ် 7DAYS NEWS အတွဲ (၁၁) အမှတ် (၅) တွင်ပါသည့် ဆောင်းပါးရှင် ထင်အောင်ကျော်၏ “ဝမ်းဝလို့ ခါးလှ စေချင်” သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. တရုတ်က မြန်မာအပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရန် တောင်းဆို

(Reuters မှ 5 April 2012 ရက်စွဲပါ China calls for all Myanmar sanctions to go after poll ကို ဘာသာ ပြန်ဆိုသည်)

  1. ဒီမိုကရေစီလမ်းပေါ်မှ နောက်ပြန်မဆုတ်အောင် မြန်မာကို ကူညီကြရန် အကွီနို ဆော်ဩ

(Philippines Daily Inquirer မှ 4 April 2012 ရက်စွဲပါ Help Myanmar not to backslide on democracy ကို ဘာသာ ပြန်ဆိုသည်)

  1. ပိုမို ပွင့်လင်းလာမည့် မြန်မာနိုင်ငံဆီသို့

(Business Week မှ 5 April 2012 ရက်စွဲပါ Toward a move open Myanmar ကို ဘာသာ ပြန်ဆိုသည်)

*************************************************

တရုတ်က မြန်မာအပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရန် တောင်းဆို

(Reuters မှ 5 April 2012 ရက်စွဲပါ China calls for all Myanmar sanctions to go after poll ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် တနင်္ဂနွေက ကြားဖြတ်ရွေးကောက်ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲရခြင်းကြောင့် တိုင်းပြည် တည်ငြိမ်ရေး အတွက် မျှော်လင့်ချက် ကောင်းမွန်လာသဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ အားလုံး ရုတ်သိမ်းပေးရန် တရုတ်က တောင်းဆိုခဲ့သည်။

"ရွေးကောက်ပွဲ ရလဒ်ကို ပြည်တွင်းကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ပါပြီ" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာ ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရုတ်၏ ပထမဆုံး မှတ်ချက်အနေဖြင့် ပြောကြားခဲ့သည်။ "တရုတ်အနေနဲ့ ဒီကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်နဲ့ တည်ငြိမ် တိုးတက်ရေးကို တွန်းအားပေးရာမှာ အပြုသဘော ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု Hong က ပုံမှန်သတင်း ပြောကြားသည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထား၍ အနောက် ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်နိုင်ခြင်းကြောင့် တရုတ်သည် မြန်မာ၏ အကြီးဆုံး မဟာမိတ် ဖြစ်လာခဲ့ပြီး အခြေခံ အဆောက်အဦ လုပ်ငန်းများ၊ ရေအား လျှပ်စစ်လုပ်ငန်းများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ "တချို့ အနောက်နိုင်ငံတွေက မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို ရုတ်သိမ်းပေးမယ်လို့ ပြောထားတယ်လို့ တရုတ်အနေနဲ့ မှတ်သား ထားပါတယ်။ တရုတ်က ဒီကိစ္စမှာ သဘောထား တစ်ခုတည်းပေါ်မှာပဲ ရပ်တည်ပါတယ်။ ဒီနိုင်ငံတွေ မြန်မာအပေါ် အရေးယူမှုတွေ ရုတ်သိမ်းဖို့ကို ကြိုဆိုပါတယ်။ အမြန်ဆုံး ရုတ်သိမ်းပေးဖို့ အားလုံးကို တောင်းဆိုပါတယ်" ဟု ယင်းက ပြောသည်။

အမေရိကန်ကလည်း မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုကို အသိအမှတ် ပြုသောအားဖြင့် အရေးယူမှုအချို့ကို ဖြေလျှော့ပေးသွားရန် အသင့် ရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ ဖြေလျှော့ပေးမှုတွင် အမေရိကန် ကုမ္ပဏီများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ ပါဝင်မည် ဖြစ်သည်။

အီးယူကလည်း အရေးယူမှုအချို့ကို ရုတ်သိမ်းပေးမည် ဖြစ်ပြီး ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို ဆက်လက် ဖိအား ပေးသွားမည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ်က ပြောကြားခဲ့သည်။

ဘေဂျင်းသည် မြန်မာ၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်အဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် မြစ်ဆုံ ရေလှောင်တမံကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဆက်ဆံရေး ထိခိုက်ခဲ့သည်။ ဝါရှင်တန်က မြန်မာနှင့် ပြန်လည် ဆက်ဆံရေး ပြုလုပ်ရန် လုပ်ဆောင် လာခြင်းကလည်း ဆက်ဆံရေးကို ပိုမို ရှုပ်ထွေးလာစေသည်။

အမေရိကန်မှ တရုတ်အပေါ် ဝန်းရံထားရန် ကြိုးစားမှုတွင် မြန်မာက တံတိုင်းသဖွယ် ကာရံထားလိမ့်မည်ဟု တရုတ်က ယုံကြည်ထား ခဲ့သော်လည်း ယခုအခါ အမေရိကန်က မြန်မာနှင့် စတင် ဆက်ဆံလာခဲ့ရာ တရုတ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။

**************************************************

ဒီမိုကရေစီလမ်းပေါ်မှ နောက်ပြန်မဆုတ်အောင် မြန်မာကို ကူညီကြရန် အကွီနို ဆော်ဩ

(Philippines Daily Inquirer မှ 4 April 2012 ရက်စွဲပါ Help Myanmar not to backslide on democracy ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက် ပြုပြင် ပြောင်းလဲအောင် အားပေးရေးအတွက် မူလ ချမှတ်ထားသော ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန် လိုအပ်နေပြီး မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုများ နောက်ပြန်မဆုတ်အောင် တားဆီးကြရမည်ဟု ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အကွီနိုက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသွားသော ရွေးကောက်ပွဲများအပြီး အနောက်နိုင်ငံ ပိတ်ဆို့မှုများ ရုတ်သိမ်းပေးကြရန် တောင်းဆိုနေကြသော အခြား အာဆီယံ ခေါင်းဆောင်များနှင့်အတူ အကွီနိုလည်း ပူးပေါင်း ပါဝင်လာခြင်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ စနစ်သို့ အရေးကြီးသော ကူးပြောင်းမှု ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံကို ကိုယ့်အားကိုယ်ကိုး သဘောဖြင့် ပစ်ထားခြင်းသည် ပြုပြင်ပြောင်းလဲရေး မလိုလားသော သဘောထား တင်းမာသူ အုပ်စုများကို အားပေးရာ ရောက်သွားမည့် အန္တရာယ် ရှိသည်ဟု ဖိလစ်ပိုင် ခေါင်းဆောင်က သတင်းထောက်များကို အင်္ဂါနေ့တွင် ပြောကြားခြင်း ဖြစ်သည်။

"မြန်မာ့အပြောင်းအလဲကို ကျွန်တော်တို့ အားပေးချင်တယ်။ တည်ငြိမ်မှု ရှိအောင် အားပေးပံ့ပိုးချင်တယ်။ ဒါမှလည်း အာဆီယံ တစ်ခုလုံးရဲ့ တည်ငြိမ်မှုကို တိုးတက်ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါဟာ အာဆီယံ ဒေသကြီး တစ်ခုလုံး လူနေမှုအဆင့်အတန်း တိုးတက်လာဖို့ အခြေခံပါပဲ။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးသမားတွေကို သူတို့ရွေးတဲ့လမ်း မှန်ကန်ကြောင်း ကျွန်တော်တို့က ဝိုင်းဝန်း ထောက်ခံ ပြသဖို့ လိုပါတယ်" ဟု အကွီနိုက ရှင်းလင်း ပြောကြားသည်။

ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ပြုလုပ်ချိန်တွင် ပိတ်ဆို့မှုများ ဆက်လက် ချမှတ်ထားမည် ဆိုပါက နောက်ကြောင်း ပြန်လှည့်ချင်နေသော ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူများကို အားပေးသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟုလည်း ယင်းက ဆိုသည်။

ဖိလစ်ပိုင်တွင် အာဏာရှင် ဖာဒီနန်မားကို့စ်၏ နှစ်ပေါင်း ၂ဝ အုပ်ချုပ်မှုကို ဖယ်ရှားခဲ့သော ပြည်သူ့အာဏာ တော်လှန်ရေးအတွင်း အာဏာ ရရှိခဲ့သော ကွယ်လွန်သူ ကိုရာဇန် အကွီနို (လက်ရှိသမ္မတ၏ မိခင်) သည် အာဏာရယူ ပြီးနောက်ပိုင်း နောက်ပြန်ဆွဲဝါဒီများ၏ အာဏာသိမ်းရန် ကြိုးပမ်းမှု မြောက်မြားစွာကို တွန်းလှန် ကျော်ဖြတ်ခဲ့ရသည်ဟု ဖိလစ်ပိုင် ခေါင်းဆောင်က ဆိုသည်။

အဆိုပါ အာဏာသိမ်းရန် ကြိုးပမ်းမှုများအတွင် လက်ရှိ သမ္မတ အကွီနိုကိုယ်တိုင် ခြုံခို တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ဒဏ်ရာ ရရှိခဲ့ပြီး လည်ပင်းတွင် ကျည်ဆန်အပိုင်းအစတစ်ခု ယခုတိုင် ကျန်ရှိနေသည်ဟု သိရသည်။

အပြောင်းအလဲ အောင်မြင်ရေးသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ သန္နိဋ္ဌာန်အပေါ် များစွာ မူတည်သည်ဟု အကွီနိုက ဆိုပြီး အစိုးရအာဏာ ဟူသည်မှာ ပြည်သူများဆီက ဆင်းသက်လာခြင်း ဖြစ်သည်။ ပြည်သူတွေက ဒီလမ်းကြောင်းကို သွားရန် ဆုံးဖြတ်ပြီးပြီ ဆိုပါက အစိုးရက ပြည်သူများ နောက်က လိုက်သွားရမည် ဟုလည်း ဆက်လက် ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသူတွေကိုလည်း ရေတိုမှာ မျှော်လင့်ချက်တွေ လျှော့ထားကြဖို့ ပြောချင်ပါတယ်။ ဒီမိုကရေစီကို သွားတဲ့လမ်းဟာ လွယ်ကူမှာ မဟုတ်ပါဘူး" ဟုလည်း ဆိုသည်။ "ဒါပေမဲ့လည်း မြန်မာပြည်သူတွေ ပိုကောင်းတဲ့လမ်းဆီ ဦးတည်နေပြီလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဖြစ်လာမလဲ ဆိုတာကို စိုးရွံ့နေရတဲ့ အနေအထားသစ်ကိုလည်း အသားကျနေလောက်ပါပြီ" ဟု အကွီနိုက ပြောကြားသွားခဲ့သည်။

*******************************************

ပိုမို ပွင့်လင်းလာမည့် မြန်မာနိုင်ငံဆီသို့

(Business Week မှ 5 April 2012 ရက်စွဲပါ Toward a move open Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသွားသော ကြားဖြတ်ရွေးကောက်ပွဲများသည် အရေးပါသည်ဆိုသည်ကို ငြင်းပယ်၍ မရပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သော NLD ပါတီသည် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၅ နေရာအနက် ၄၃ နေရာ နိုင်သည့် လက္ခဏာ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ခိုင်မာသော နိုင်ငံရေးခြေကုပ်ကို ရရှိသွားပြီ ဖြစ်သည်။

မြန်မာအစိုးရ၏ စီးပွားရေး မူဝါဒဆိုင်ရာ လတ်တလော ဆုံးဖြတ်ချက်များသည်လည်း အာမခံချက် ပိုရှိလာသည်ကို တွေ့ရသည်။ အစိုးရ ငွေလဲနှုန်းနှင့် ပြင်ပငွေလဲနှုန်းကြား အဆတစ်ရာကျော် ကွာခြားမှုကို ဖျက်သိမ်းကာ မြန်မာကျပ်ငွေ နှုန်းရှင်ထားခြင်းကို ဧပြီ ၁ ရက်တွင် စတင် လိုက်ခြင်းသည် မြန်မာ၏ ကုန်ထုတ်လုပ်မှုနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍများကို အထောက်အကူ ပြုမည့်အပြင် အဂတိ လိုက်စားသော အာဏာပိုင်များ၏ တရားမဝင် ငွေကြေးများကို ဖုံးကွယ်ထားရန် ခက်ခဲသွားစေလိမ့်မည်ဖြစ်ပြီး ရေးဆွဲထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ရင်းနှီးမြှုပ်နှံသူများကို မြေငှားရမ်းသုံးစွဲခွင့်၊ အမြတ်အစွန်း ပြန်ပို့ခွင့်၊ ကျွမ်းကျင်လုပ်သား ခေါင်းဆောင် ခေါ်လာခွင့်တို့ ပေးထားပြီး ဖြစ်ပြီး နိုင်ငံခြားဘဏ်များကိုလည်း မြန်မာနိုင်ငံ၌ ဖွင့်လှစ် လုပ်ကိုင်ခွင့် ပေးတော့မည် ဖြစ်သည်။

မသမာမှု နည်းပါးအောင် တားဆီးထားသော ယခု ရွေးကောက်ပွဲ ရလဒ်များက အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေး တောင်းဆိုမှု၊ ကယ်ဆယ်ရေး ရံပုံငွေ ပိုပေးရန် တောင်းဆိုမှုနှင့် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ၁၉၈ဝ ခုနှစ်များကာလ ခမာနီ အုပ်စိုးမှု အပြီး နိုင်ငံခြား ထောက်ပံ့ ရံပုံငွေများဖြင့် အကျိုးဖြစ်ထွန်းကာ ယခုအခါ အဂတိ လိုက်စားမှုနှင့် ဆွေမျိုး ကောင်းစားရေး ကိစ္စတွင် စံပြနိုင်ငံ ဖြစ်လာသော ကမ္ဘောဒီးယား နိုင်ငံသည် မြန်မာအပေါ် နှစ်ကြိမ်၊ နှစ်ခါ ပြန်လည် စဉ်းစားရန် အကောင်းဆုံး အကြောင်းရင်းပင် ဖြစ်သည်။

ယခု အဆင့်၌ ထောက်ပံ့ကြေး ရံပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးတွင် လိုအပ်သော စွမ်းအားစုများ မြန်မာနိုင်ငံတွင် မရှိခြင်းကြောင့် အင်အား ကြီးပြီးသား အာဏာရှိပြီးသား သူများသာ ကြွယ်ဝသွားကြမည့် အလားအလာ ရှိနေသည်။

ယခုအချိန်မျိုးတွင် မြန်မာနိုင်ငံသို့ ထောက်ပံ့ရေး ရံပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပုံအော၍ ပေးမည့်အစား လွှတ်တော်နှင့် ဝန်ကြီးဌာနဆိုင်ရာ ဆက်ဆံ ဖလှယ်မှုများ၊ လယ်ယာနှင့် ထုတ်လုပ်မှုကဏ္ဍ တိုးတက်အောင် ပျိုးထောင်ပေးမှုများ အပါအဝင် နည်းပညာအကူအညီများကို ပိုမို ပေးအပ်သင့်သည်။ အဆိုပါ နယ်ပယ်များအပေါ် အကူအညီ ပေးခြင်းနှင့် အရေးယူမှုများ ရုတ်သိမ်းခြင်းတို့သည် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်သော ဘောင် သို့မဟုတ် အကန့်အသတ်တစ်ခု ရှိသင့်သည်။ ဥပမာအားဖြင့် မြန်မာအာဏာပိုင်များအပေါ် ဗီဇာပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှု ချုပ်ထိန်းခြင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ကမ္ဘာ့ငွေကြေး အဖွဲ့များ၏ ကူညီမှုများ တားမြစ်ခြင်းတို့ ပြုလုပ်ထားသော "မြန်မာနိုင်ငံ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အက်ဥပဒေ ၂ဝဝ၃" နှင့် မြန်မာထွက် ကျောက်မျက်ရတနာများ၊ ငွေကြေး လွှဲပြောင်းမှုများကို တားမြစ်သော "မြန်မာကျောက်စိမ်းဥပဒေ" စသော ပိတ်ဆို့မှု ဥပဒေများကို အမေရိကန် ကွန်ရက်အနေဖြင့် ပြန်လည် သုံးသပ်ပြင်ဆင်သင့်သည်။ ထို့ပြင် အာဏာပိုင်များ၏ အပြုအမူ၊ လုပ်ဆောင်ချက်များပေါ် မူတည်၍ သမ္မတ အိုဘားမားအနေဖြင့် တိုးသာ ဆုတ်သာ ရှိအောင်လည်း ပြုလုပ်ထားသင့်ပေသည်။

************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၁၂) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို စောင့်ကြည့်အကဲခတ်ရန်
လူထုလူတန်းစားအဖွဲ့များ ဖွဲ့စည်းရန် သဘောတူ
၂။ K.N.U အား မတရားအသင်းအဖြစ် ကြေညာထားခြင်းကို မကြာမီပယ်ဖျက်နိုင်ဖွယ်ရှိ
၃။ မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ခန့်အပ်ကြောင်း
နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ
၎။ ဒီမိုဆယ်ပါတီ နှင့် KNUတို့တွေ့ဆုံ
၅။ မိတ္ထီလာမဲဆန္ဒနယ်တွင် မဲပေးပိုင်ခွင့်ရှိသော်လည်း
မဲစာရင်းထဲတွင်မပါရှိသူဦးရေ ၅၀၀ကျော်ရှိ
၆။ မဲရုံရှေ့၌ ဆန္ဒပြသူများကို ကော်မရှင်အဖွဲ့ဝင် တားမြစ်ချိန်းခြောက်
၇။ ကော့မှူးတွင် ပြည်သူတချို့နှင့် ပြည်ခိုင်ဖြိုး ထိပ်တိုက်တွေ့
၈။ ဧပြီ ၈ ရက်နေ့၌ KNU နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်
၉။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အာဆီယံ စတင်တောင်းဆို
စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ
သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.