Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1.  ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်

***************************************

ဆောင်းပါးကဏ္ဍ

ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်

အောင်သန်း (အခြေခံပညာ)

(ဧပြီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၉)မှ ထုတ်ယူဖော်ပြသည်။)

ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပြီ။ ပြိုင်ပွဲဆိုတာ အနိုင်-အရှုံး အဆုံးအဖြတ် ခံယူပွဲဖြစ်တယ်။ နိုင်တဲ့သူ ရှိသလို ရှုံးတဲ့သူလည်း ရှိမယ်။ ပြိုင်ပွဲမှာ နိုင်သူကလည်း မောက်မာထောင်လွှားခြင်း မရှိသင့်သလို ရှုံးသူအနေနဲ့လည်း အရှုံးကိုဝန်ခံရဲသည့် စိတ်ဓာတ်ရှိရမယ်။ ဒါမှ အငြိုးအတေးမရှိတဲ့ သန့်ရှင်းတဲ့ ပြိုင်ပွဲ Healthy Competition ဖြစ်ပါမယ်။ ရွေးကောက်ပွဲမတိုင်ခင်၊ အပြိုင်အဆိုင် အကြိတ်အနယ် ကြိုးစားခဲ့ကြပေမယ့် ရွေးကောက်ပွဲပြီးသွားတဲ့အခါ နိုင်သူရော ရှုံးသူပါ အတူလက်တွဲပြီး တညီတညွှတ်တည်း တိုင်းပြည်အကျိုးဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန်ရွေးကောက်ပွဲများအကြောင်း အတုယူ နိုင်ဖို့ ပြောပြလိုပါတယ်။ လွတ်လပ်ရေးစစ်ပွဲအပြီး အမေရိကန်ပြည်ထောင်စုမှာ၊ သမ္မတ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က ကျင်းပခဲ့ကြတဲ့ ရွေးကောက်ပွဲများကိုကြည့်ရင် သန့်ရှင်းပွင့်လင်းပြီး ထင်သာ မြင်သာရှိတယ်။ သမ္မတများ၊ နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုး မရှာ တိုင်းပြည်နှင့် လူမျိုးအတွက်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးပါတီများ ယုံကြည်ချက်အယူဝါဒ မတူကြဘူး။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့အခါမှာ တညီတညွှတ်၊ တစ်စိတ်တစ်ဝမ်းတည်း ရှိကြတယ်။ ဒီအစဉ်အလာကောင်းဟာနှစ်ပေါင်း၂၀၀ကျော်လာ ခဲ့ ပေမယ့် အခုထိ ဆက်လက်လက်ဆင့်ကမ်း တည်ရှိနေတယ်။ အဲဒါဟာ ချီးကျူးစရာ၊ အတုယူစရာပဲ။ ၂၀၀၀ ပြည့်နှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတ ရွေးကောက် ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတ အယ်လ်ဂိုးနှင့် ရီပါဘလစ်ကန် ပါတီမှ ဂျော့ဘုရှ်တို့ အကြိတ်အနယ် ပြိုင်ကြတယ်။ ဂျော့ဘုရှ်က မဲအနည်းငယ်နဲ့ ပွတ်ကာသီကာနိုင်တယ်။ ဒုတိယသမ္မတ အယ်လ်ဂိုးက သူရှုံးကြောင်းဝန်ခံပြီး ဂျော့ဘုရှ်နိုင်တဲ့အတွက် ၀မ်းသာကြောင်းနဲ့ ဂုဏ်ပြုကြောင်း ဖုန်းဆက်ပြော တယ်။

ထိုနည်းတူပဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီမှအရွေးခံသူ ဆီနိတ်တာ ဂျွန်မက်ကိန်းက ဒီမို ကရက်တစ်ပါတီမှ အရွေးခံသူ ဘားရက်အိုဘားမား နိုင်သည်ကိုဝန်ခံပြီး အိုဘားမားအနိုင်ရသည်ကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုကြောင်းနှင့် နိုင်ငံတော်အတွက် လက်တွဲဆောင်ရွက်မယ့်အကြောင်း ပြောကြားခဲ့တယ်။ ရှုံးတဲ့သူက အရှုံးကိုဝန်ခံရဲပြီး  နိုင်တဲ့သူကလည်း ထောင်လွှားမှု မရှိဘူး။ လက်တွဲ ဆောင်ရွက်ကြဖို့သာ ပြောတယ်။ ပြောတဲ့အတိုင်း၊ တိုင်းပြည်ကိစ္စများ ဆောင်ရွက်ကြရာမှာ သဘောကွဲလွဲမှု၊ အငြင်းအခုန်များ ရှိပေမယ့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ တညီတညွတ်တည်း ရှိကြတယ်။ အစိုးရ အပြောင်းအလဲ ရှိပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ငန်းများ တုံ့နှေးမှု မရှိဘူး။ ပုံမှန် အတိုင်း လည်ပတ်နေတယ်။ ဒီတိုင်း ပြည်ထိပ်တန်းရောက်နေတာ ဒီစိတ်ဓာတ်နဲ့ ဒီစနစ်ကြောင့်ပဲလို့ ပြောရင် လွန်မယ်မထင်ဘူး။ အတုယူစရာတွေပါ။

နိုင်ငံရေးနဲ့ပတ်သက်ပြီး အတုယူစရာ နောက်တစ်ခု ပြောချင်သေးတယ်။ အဲဒါကတော့ ၁၈၀၁ ခုနှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတဖြစ်လာတဲ့ သောမတ်ဂျက်ဖာဆင် သမ္မတကျမ်းသစ္စာကြိမ်ဆိုပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ''မိတ်ဆွေများနဲ့ တိုင်းသူပြည်သားများခင်ဗျာ၊ မိတ်ဆွေတို့ ယုံကြည်အားကိုး တင်မြှောက်ခဲ့လို့ တိုင်းပြည်ရဲ့အမြင့်ဆုံးရာထူးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ သမ္မတဆိုတဲ့ ကြီးလေးများပြားတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ စိုးရွံ့စိတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီခန်းမထဲ ၀င်လာတဲ့အခါမှာ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များမျက်နှာကို တွေ့လိုက်ရတော့ အားရှိသွားပါတယ်။ နိုင်ငံတော် စည်းကမ်းဥပဒေကို ရေးဆွဲခဲ့ကြတဲ့ ဥပဒေပညာရှင်ကြီးများ၊ စီးပွားရေး ပညာရှင်ကြီးများ စက်မှုလက်မှု ပညာရှင်ကြီးများ၊ ကွန်ဂရက် လူကြီးမင်းများ၏အားသည် တိုင်းပြည်အတွက် အင်အား ဖြစ်လို့ အားတက်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီများအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြပါပြီ။ တရားမျှစွာ၊ လွတ်လပ်စွာ၊ ပြိုင်ဆိုင်ခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ နိုင်ငံတော်ဟာ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ပြီးဖြစ်ပါတယ်။ စကား အခြေအတင် ပြောခဲ့ကြတာတွေ၊ ငြင်းခုံခဲ့ကြတာတွေ ပြီးခဲ့ကြပါပြီ။ အခုအချိန်မှာ ပြည်သူအားလုံး၊ လူမျိုးဘာသာမရွေး၊ စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့တိုင်းပြည်အတွက် ကောင်းအောင်လုပ်ကြဖို့ပဲ ကျန်ပါတယ်။ ရွေးကောက်ပွဲမှာ အများစုက အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့် လူနည်းစု ရှိနေတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ အများစုရဲ့ဆန္ဒအရ အုပ်ချုပ်ရမယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အများစု၏ အုပ်ချုပ်မှုသည် တရားမျှတ ရပါမယ်။ လူနည်းစု အခွင့်အရေးနှင့် တူညီရပါမယ်။ မှန်ကန်မျှတသော တရားဥပဒေ၏ အကာအကွယ် ရရှိရပါမယ်။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေ တတ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သားအားလုံးကို လွတ်လပ်မှု၊ တရားမျတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်း ရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုးရှိဖို့ လိုပါတယ် …

ကျွန်ုပ်တို့ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ စိတ်ရော ကိုယ်ပါ ညီညွတ်ကြပါစို့။ ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ လွတ်လပ်စွာ တွေးခေါ်မှု ပြောဆိုမှု၊ ရေးသားမှုမရှိလျှင် ဘ၀သည် အဓိပ္ပာယ်မရှိပါ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု မရှိလျှင် နိုင်ငံရေး လွတ်လပ်မှု မရှိနိုင်ပါ။ သို့ဖြစ်၍ကိုးကွယ်မှု၊ ယုံကြည်မှု မတူ၊ ကွဲပြားသဖြင့် လူနည်းစုများကို အပြစ်ပေးခြင်း၊ ညှဉ်းဆဲနှိပ်ကွပ်ခြင်းများ အလျဉ်းမရှိစေရပါ။ ကျွန်ုပ်တို့ ညီညွတ်နေတဲ့ ကာလပတ်လုံး ပြည်ထောင်စု အစိုးရကို ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်နေသမျှကာလပတ်လုံး၊ ကျွန်ုပ်တို့နိုင်ငံ တည်ရှိနေပါမယ်။ ဒီစနစ်ကြောင့် ကျွန်ုပ်တို့ကံကောင်းသည် ဆိုရပါမယ်။ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံများမှာ ဘုရင်များ၊ အာဏာရှင်များ၊ သက်ဦးဆံပိုင်မင်းများ အုပ်စိုးခဲ့ကြလို့ အချင်းချင်း အာဏာလု စစ်ပွဲများ ဖြစ်ခဲ့ကြတယ်။ တိုင်းသူပြည်သားများ သေကြေကြတယ်။ အလုပ်မလုပ်နိုင်လို့ ဆင်းရဲကြတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်ကို မလိုလား ဘူး။ လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှုကို လိုလား တယ်။ ဒါကြောင့် စိတ်ဆင်းရဲမှုမရှိဘူး။ မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တွေးခေါ်ဆောင်ရွက် နိုင်လို့ သားစဉ်မြေးဆက် တည်တံ့ပါမယ်။ ကျွန်ုပ်တို့က ပေါက်ဖွားလာတဲ့ မျိုးဆက်များ တန်းတူရည်တူ အခွင့်အရေး ရှိကြတယ်။ ချမ်းသာတဲ့မိဘက မွေးဖွား လာသူသာ၊ လူမဟုတ်၊ ဆင်းရဲတဲ့မိဘက မွေးဖွားလာသူလည်း လူဖြစ်တယ်။ အခွင့်အရေး တန်းတူရှိတယ်။ ဒီနိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု၊ ဘာသာအယူ ကွဲပြားသူ အများအပြားရှိတယ်။ ဘာသာအားလုံး ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှု သင်ကြားပေးပြီး သတ္တ၀ါအားလုံးအပေါ် ကြင်နာသနား တယ်။ ဒီလိုပြည့်စုံနေတဲ့အတွက် ကံကောင်းကြပါတယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများခင်ဗျား။ ကျွန်တော်တို့မှာ လိုအပ်နေတာ တစ်ခုရှိပါ တယ်။ အဲဒါကတော့ တွေးခေါ်မြော်မြင်တတ်တဲ့ အသိပညာပါတဲ့။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ် ရှိဖို့လိုပါတယ်။ အစိုးရတစ်ရပ် သည် မိမိတိုင်းသူပြည်သား အားလုံးကို လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ် ကြီးစား မလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့အစိုးရမျိုးရှိဖို့လိုပါတယ်။

ကျွန်တော့်ရဲ့ တိုတောင်းတဲ့ မိန့်ခွန်းထဲမှာ ကျွန်တော်လုပ်မယ့်ကိစ္စ အားလုံးပြောပြလို့ ကုန်မှာမဟုတ်ပါဘူး။ ကျွန်တော်လုပ်လိုတဲ့ ခံယူချက်၊ ယုံကြည်ချက်များကို အတိုချုံ့တင်ပြပါမယ်။

 ၁။ နိုင်ငံရေး၊ ဘာသာရေး ယုံကြည်မှု၊ ဆင်းရဲချမ်းသာ လူနေမှုအဆင့် မည်သို့ပင် ကွဲပြားပါစေ တူညီသော တရားမျှတမှုကို ရှိစေပါမယ်။

၂။ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဆွေအဖြစ် ငြိမ်းချမ်းစွာ ကုန်သွယ်မှု၊ ဆက်ဆံပေါင်းသင်းမှုများ ပြုလုပ်ပါမယ်။

၃။ စစ်သည်လူသားတို့အတွက် ကောင်းကျိုးမပြုပါ။ စစ်ပြုရန်အတွက် မည်သည့်နိုင်ငံနှင့်မျှ မိတ်ဆွေဖွဲ့ခြင်း၊ စာချုပ်ချုပ်ဆို ခြင်း မလုပ်ပါ။

၎။ ပြည်ထောင်စုအစိုးရကို ထောက်ခံနေသော ပြည်နယ်အစိုးရများ၏ တရားသော အခွင့်အရေးအားလုံးကို ထောက်ခံပါ မယ်။

၅။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု သာယာအေးချမ်းရေးအတွက် နိုင်ငံတော်စည်းမျဉ်း ဥပဒေနှင့်အညီ ပြည်ထောင်စု ဗဟိုအစိုးရ အာဏာကြီးထွား အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါမယ်။

၆။ ပြည်သူများ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များ ရွေးချယ်နိုင်သည့် အခွင့်အရေးရရှိရန် ဆောင်ရွက်ပါမယ်။ ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိ၊ မှန်ကန်စွာ ရွေးချယ်ခွင့်မရရှိခဲ့လျှင် တော်လှန်မှု သွေးထွက်သံယိုမှုများ ဖြစ်ပွားပါလိမ့်မယ်။

၇။ ရွေးကောက်ပွဲတွင် မဲအများစုရရှိသူသည် တိုင်းပြည်ကို အုပ်စိုးရပါမည်။ ဤသည်မှာ ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည်။ အများစုဆန္ဒကို လွန်ဆန်ပြီး အုပ်ချုပ်ခွင့် ငြင်းဆန်ခဲ့လျှင် အာဏာရှင်စနစ် ဖြစ်သွားပါမယ်။

၈။ တပ်မတော်သည် တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်တယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်သောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာ ရေး၊ လူမျိုးရေးပြဿနာများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေလို၊ သာမန်အချိန်တွင် ယင်းသို့သောကိစ္စများကို ကူညီထိန်းသိမ်းစောင့်ရှောက်ရန်၊ အပျော်တမ်း လက်နက်ကိုင်တပ်ဖွဲ့ထား ရှိသင့်သည်။

ပြည်သူတစ်ရပ်လုံးနှင့်ဆိုင်သော ပြည်ပရန်ရှိလာသည့်အခါ Civil Administration ခေါ် မြို့ပြအုပ်ချုပ်သူ နိုင်ငံဝန်ထမ်း အကြီးအကဲ၏ အမိန့်ပေး ခွင့်ပြုမှသာ စစ်တပ်က ပါဝင်တိုက်ခိုက်ရမည်။ မည်သည့်အချိန် မည်သည့်ကိစ္စတွင်မဆို စစ်ဘက်ဆိုင်ရာအရာရှိများသည် မြို့ပြအုပ်ချုပ်သူ အရာရှိ အကြီးအကဲ၏ အမိန့်ကို နာခံရမည်။ မြို့ပြအုပ်ချုပ်သူအရာရှိ၏ အမိန့်မရဘဲ မည်သည့်ကိစ္စမှ ၀င်ရောက်စွက်ဖက် အင်အားသုံးခြင်း မရှိစေရပါ။ ကျွန်ုပ် ဦးဆောင်သော အစိုးရလက်ထက်တွင် လူ့အခွင့်အရေးသည် အဓိကဖြစ်တယ်။ သတင်းအချက်အလက်၊ အသိပညာ၊ ထင်မြင်ယူဆချက်များ လျင်မြန်ချော မွေ့စွာ ပျံ့နှံ့စေရမည်။ ဘာသာရေး လွတ်လပ်မှု၊ အနိုင်အထက် အတင်းအကျပ်ပြုလုပ်ခြင်းမှ လွတ်လပ်မှု၊ လွတ်လပ်စွာပြော ဆိုရေးသားထုတ်ဝေခွင့် လူ တစ်ဦး၏ လွတ်လပ်မှုအတွက်  Habeas Corpus ခေါ် စာချွန်တော်ဥပဒေ တင်းကျပ်ပေးမည်။ အမြော် အမြင်ကြီးစွာဖြင့် ရေးသားအတည်ပြုခဲ့ကြတဲ့ ပညာ ရှင်များရဲ့ ခံယူချက်များကြောင့် တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီး လွတ်လပ်တဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။ လွတ်လပ်မှုအတွက် အသက် ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၏ ခံယူချက်အပေါ်မှာ နိုင်ငံရေးယုံကြည်ချက်ကို ယထာဘူတကျကျ ဆင်ခြင်၊ သုံးသပ်တည်ဆောက်ခြင်း ဖြစ်တယ်။ လူ့အခွင့်အရေး သည်သာလျှင် လွတ်လပ်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်မည် ယုံကြည်ပါတယ်။

မိတ်ဆွေပြည်သူတို့၏ ထောက်ခံမှုဖြင့် ကျွန်ုပ်နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ပါပြီ။ မိတ်ဆွေတို့ အကူအညီကို ဆက်လက်တောင်းခံလိုပါတယ်။ ကျွန်ုပ် သည် ပုထုဇဉ်လူသားဖြစ်သဖြင့် အမှားရှိနိုင်ပါတယ်။ အမှားရှိခဲ့လျှင် အမှန်ရောက်အောင် ပြုပြင်ပေးပါ။ အမှန်လုပ်သည်ကိုပင် အချို့က မှားသည်ဟု စွပ်စွဲ ကောင်း စွပ်စွဲကြပါမည်။ ကျွန်ုပ်မှန်လျှင် ကျွန်ုပ်ဘက်မှ ရပ်တည်ပေးကြစေလိုပါတယ်။ ကျွန်ုပ် ကတိပေးနိုင်တာကတော့ ကျွန်ုပ်ဖြောင့်မတ်စွာ လုပ်ဆောင် ပါ့မယ်။ ကျွန်ုပ်ကို ထောက်ခံသူရော ကန့်ကွက်သူများကိုပါ တိုင်းသူပြည်သားအားလုံး၏ လွတ်လပ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက် ပါမယ်ဆိုတာပါပဲ။ တိုင်းပြည်သမ္မတအနေနဲ့ ဆောင်ရွက်ရာမှာ မိတ်ဆွေများရဲ့ ပံ့ပိုးမှုလိုအပ်ပါတယ်။ မိတ်ဆွေများအနေနဲ့ ကျွန်ုပ်ထက်၊ သမ္မတအဖြစ် ပိုမို သင့်တော်မည့်သူရှိပါက ကျွန်ုပ်အနေနဲ့ နေရာပေးရန် အသင့်ရှိကြောင်းကိုပါ ထပ်လောင်းပြောကြားလိုပါတယ်။ ဤစင်္ကြာဝဋ္ဌာမှာ ပြည်သူများအား ငြိမ်းချမ်း ရေးနှင့် ပျော်ရွှင်ရေးပေးနိုင်မည့် တန်ခိုးအာဏာများ ရရှိနိုင်စေကြောင်း ဆုတောင်းပါတယ်'' လွန်ခဲ့သော နှစ် ၂၀၀ ကျော်က သမ္မတ သောမတ် ဂျက်ဖာ ဆင်ရဲ့ နိုင်ငံရေးအတွေးအခေါ်များ ယနေ့တိုင် စံပြုနေရဆဲ ဖြစ်တယ်။ ခေတ်စနစ်တွေပြောင်းခဲ့ပေမယ့် မှန်ကန်မှုကတော့ ပြောင်းလဲခြင်း မရှိပါ။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဆောင်ရွက်နေသူများ စံပြုအတုယူနိုင်ကြဖို့ တင်ပြခြင်းဖြစ်ပါတယ်။

Ref; The Making of a Nation နှင့် Amrican Moasie တို့ကို ကိုးကားပါသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၄. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံမှ လေဆိပ်နှစ်ခု၌ ရင်းနှီးမြှပ်နှံရန် ဂျပန်နိုင်ငံ စိတ်ဝင်စားလျက်ရှိ
  2. ယခင်နှစ်ထက်အပူချိန်ပိုမိုမြင့်တက်ပြီး နေအမဲစက်အများဆုံးနှစ်အဖြစ် ပညာရှင်အချို့သတ်မှတ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အဆင့်မြင့်အရာရှိများဖြင့် ပြောင်းလဲခန့်အပ်
  2. လွှတ်တော် မတက်ရောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားသာဖြစ်
  1. နိုင်/ကျဉ်းဟောင်းများမှ အကြမ်းဖက်မှုများအား အရေးယူခြင်းနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံမှ လေဆိပ်နှစ်ခု၌ ရင်းနှီးမြှပ်နှံရန် ဂျပန်နိုင်ငံ စိတ်ဝင်စားလျက်ရှိ

မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် နိုင်ငံတကာလေဆိပ်နှစ်ခုတွင် တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များအား လာရောက်ရင်းနှီးမြှပ်နှံမှု များပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း စီးပွားရေးပညာရှင်တစ်ဦးထံမှ သိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ တောင်ကိုရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြှပ်နှံပါက ယခင်တွင် တောင်ကိုရီးယားမှ ဥရောပသို့သွား ရောက်မည်ဆိုပါက မြန်မာနိုင်ငံရှိ လေဆိပ်တွင် ဝင်ရောက်ဆင်းသက်မှုများ ပြုလုပ်နိုင်ပြီး စင်ကာပူနိုင်ငံနှင့် ဘန်ကောက်နိုင်ငံများအား ပတ်၍ ဆင်းရတာ ထက်စာလျှင် ပိုမို၍ အဆင်ပြေချောမွေ့နိုင်ကြောင်း၊ သို့သော် ယင်းကဲ့သို့ လာရောက်ရင်းနှီးမြှပ်နှံရာတွင် ပူးပေါင်းဆောင်ရွက်ပြီး ယင်းလေဆိပ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်းစားသင့်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့သည်ဟု ပြည်ပသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်မှ သိရှိရသည်။

“ဒီလိုမျိုး ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာလေဆိပ်နှစ်ခုမှာလာပြီး ရင်းနှီးမြှပ်နှံတဲ့နိုင်ငံတွေထဲမှာ တောင်ကိုရီးယားထက် ဂျပန်နိုင်ငံက ပိုပြီးစိတ် ဝင်စားနေတယ်။ ပြီးတော့ သူတို့ကလည်း ဒီလိုရင်းနှီးမြှပ်နှံမှုလုပ်တဲ့အခါမှာ လေကြောင်းလိုင်း ပျံသန်းမှုထိန်းချုပ်စနစ်တွေကိုအပြင် လေဆိပ်တစ်ခုလုံးကို မြှပ်နှံ တာမျိုးလိုချင်နေပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ နိုင်ငံတကာလေဆိပ်နှစ်ခုအား လာရောက်ရင်းနှီးမြှပ်နှံရာ၌ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ အပြိုင်လုပ်ကိုင်ရမည့် အနေအထားများရှိနေပြီး ဂျပန်နိုင်ငံသည် ယင်းကိစ္စနှင့်ပတ်သက်၍လည်း လေ့လာမှုများပြုလုပ်နေပြီဖြစ်သည်ဟု ပြည်ပသတင်းမီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ယခင်နှစ်ထက်အပူချိန်ပိုမိုမြင့်တက်ပြီး နေအမဲစက်အများဆုံးနှစ်အဖြစ် ပညာရှင်အချို့သတ်မှတ်

ယခုနှစ်အချိန်အခါတွင် ၁၁နှစ်ကြာမှ တစ်ကြိမ်ခန့်သာဖြစ်ပွားသည့် နေအမဲစက်အများဆုံးနှစ် (Maximum Sun Spot Year) ဖြစ်သည့်အတွက် ယခင်နှစ်များထက် ပိုမို၍ အပူချိန်မြင့်တက်ပြင်းထန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတစ်ဦးမှထံမှ သိရှိရသည်။

“ဒီလိုမျိုး နေအမဲစက်တွေအများဆုံးနှစ်ဖြစ်ပြီဆိုရင် အပူချိန်ကလည်း ပြင်းလာမယ်။ ပြီးတော့ ခရမ်းလွန်ရောင်ခြည်ကလည်း ပိုများလာနိုင်ပြီး နေ့ လည်ပိုင်းအချိန်တွေမှာ နေပူထဲအလုပ်လုပ်မယ့်သူတွေက အထူးသတိထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပိုပြီးသတိထားသင့်တာက လမ်းဘေးက ဓာတ်ဆီ ဆိုင်တွေလည်း သတိထားသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဓာတ်ဆီတစ်ပုံးနဲ့တစ်ပုံး လဲလှယ်တဲ့အခါမှာ ပုံးအလွတ်တွေထဲမှာ အပူငွေ့တွေ ကိန်း အောင်းနေတာမျိုးရှိတယ်။ အဲဒါကြောင့် ဓာတ်ဆီပုံးတစ်ပုံးကနေ တစ်ပုံးကို လဲတော့မယ်ဆိုရင် ပုံးအလွတ်ကို အဖုံးဖွင့်ထားပြီး အပူငွေ့တွေမရှိတော့ဘူး ဆိုမှ လဲလှယ်သင့်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ထပ်မံပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့အချိန်အခါမျိုးတွင် ခရမ်းလွန်ရောင်ခြည်များနေသည့်အတွက် အပြင်ထွက်ပါက အကာအကွယ်ဖြင့်ထွက်သင့်ကြောင်းနှင့် အကာ အကွယ်မပါပါက အသားအရေပျက်စီးမှုများ ဖြစ်ပွားနိုင်ကြောင်း အရေပြားအထူးကုဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထို့ကြောင့် အဲယားကွန်းအခန်းအတွင်း အလုပ်လုပ်ကိုင်သူများအနေဖြင့်လည်း အပြင်မှ လာချိန်တွင် ယင်းအခန်းအတွင်းသို့ ချက်ချင်းမဝင်သင့်ပဲ အရိပ်ရှိသည့်နေရာတွင် အရင်ခေတ္တနားခိုပြီးမှ ဝင်ရောက်သင့်ကြောင်းကိုလည်း သိရှိရသည်။

အလင်းရောင်

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အဆင့်မြင့်အရာရှိများဖြင့် ပြောင်းလဲခန့်အပ်

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၅၀ဦးအား ဧပြီ ၂၂ရက်တွင် အဆင်မြင့် စစ်အရာ ရှိများဖြင့် အစားထိုးလိုက်ကြောင်း ဧပြီ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

ယခင်ရှိနှင့်ပြီးသည့် ဗိုလ်မှူးအဆင့်အရာရှိများနေရာတွင် ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ်အဆင့်ရရှိသော အရာရှိများဖြင့် အစား ထိုးလိုက်ပြီး ယင်းအရာရှိများမှာ ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်ဆင်း အရာရှိများဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ရှိ ဗိုလ်မှူးအဆင့် အရာရှိ ၃၉ ဦးနေရာတွင် ဗိုလ်မှူးချုပ်အဆင့် အရာရှိ၎ဦး၊ ဗိုလ်မှူးကြီး ၉ဦးနှင့် ဒု-ဗိုလ်မှူးကြီးအဆင့်၂၆ဦးကို ပြောင်းလဲ ခန့်အပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ရှိ ဗိုလ်မှူးအဆင့် အရာရှိ ၂၀ဦးနေရာမှာ ဗိုလ်မှူးချုပ်အဆင့် ၄ဦး၊ ဗိုလ်မှူးကြီးအဆင့် ၅ဦးနှင့် ဒု-ဗိုလ်မှူးကြီး အဆင့် ရှိအရာရှိ ၁၁ဦးအား အစားထိုးလိုက်ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ပြောင်းလဲခန့်အပ်လိုက်သည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များသည် ကျမ်းသစ္စာကျိန်ဆိုမှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော် မတက်ရောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားသာဖြစ်

ဧပြီ ၂၃ ရက်တွင် ပြန်လည်ကျင်းပသည့် တတိယအကြိမ် ဒုတိယပုံမှန် လွှတ်တော် အစည်းအဝေးများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်y၏ လွှတ်တော်ကိုယ်စားလှယ်များ မတက်ရောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားသာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဂျပန်သတင်း မီဒီယာများနှင့် တွေ့ဆုံရာတွင် ထုတ်ဖော်ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်တာ၊ မတက်တာကသူ့ရဲ့သဘောထားပါ။ လွှတ်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေ ပါတယ်"ဟု သမ္မတဦးသိန်းစိန်က ကျိုဒိုသတင်းဌာနကို ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ကျမ်းကျိန်ရာတွင် ရွတ်ဆိုရသည့် "ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမည်"ဆိုသည့် စကားရပ်အား "လေးစားလိုက်နာပါမည်" ဟူသည့် စကားရပ်ဖြင့် အစားထိုးရန် တောင်းဆိုခဲ့ကြသည်။

"သူတို့က ပြင်ပေးမယ်လည်း မပြောဘူး။မပြင်ဘူးလို့လည်း မပြောဘူး။ ဖွဲ့စည်းပုံ ခုံရုံးကတော့ မပြင်ပေးဘူးလို့ ပြောတယ်"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

လက်ရှိ ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးသည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်လွှတ်တော် ကိုယ်စားလှယ်များနှင့် သက် ဆိုင်သည့် အစည်းအဝေးမဟုတ်ဘဲ၊ သင်္ကြန်ကာလကြောင့် ရပ်နားထားသည့် လွှတ်တော် အစည်းအဝေးသာ ဖြစ်သည်။

                KP

-----------------------------------------------------------------------------------------------------------------------------------

နိုင်/ကျဉ်းဟောင်းများမှ အကြမ်းဖက်မှုများအား အရေးယူခြင်းနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်

ဧပြီလ ၂၃ရက်နေ့ နေ့စွဲဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဥပဒေမဲ့ အကြမ်းဖက်မှုများအား အရေးယူနိုင် စေရန် နိုင်ငံရေးအကျဉ်းသား ဟောင်းများ မှ စုံစမ်းရေးကော်မရှင်အဖွဲ့အားဖွဲ့စည်းရန် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ တိုက်တွန်းလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ် ဦးထံ မှ သိရသည်။

“ဒီကြေညာချက်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အင်အားသုံးဖိနှိပ်မှုတွေ၊ ဘာသာရေးနဲ့ပတ်သက်ပြီး ခွဲခြား အကြမ်းဖက်မှုတွေနဲ့ ပတ် သက်ပြီး ထည့်သွင်းဖော်ပြထားပါတယ်။ ပြီးတော့ ဒီလိုမျိုးဖြစ်တယ်ဆိုတာက အခုအခြေအနေမှာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့ အချိန်မှာ နောက် ကြောင်းပြန်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်သလိုမျိုးဖြစ်နိုင်ကြောင်းတွေ လည်း ထည့်သွင်းထားပါသေးတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောသည်။

ထို့နောက် ၎င်းတို့၏ ကြေညာချက်ထဲတွင်လည်း ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းသည့်အခါတွင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း ခြင်း နှင့် တရားဥပဒေစိုးမိုးရေး တို့ကိုလည်း တစ်ချိန်တည်း ဖော်ထုတ်အရေးယူမှုများပြုလုပ်သင့်ကြောင်း ယင်းကြေညာချက် ထဲတွင် ဖော်ပြထားသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခုကိစ္စမှာ မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့အကျင့်လို့ပဲ ပြောရပါလိမ့်မယ်။ အောက်ဈေးနဲ့ ရောင်းတဲ့သဘော၊ ကာကွယ်စောင့်ရှောက်တယ်ကို လေးစား လိုက်နာတယ်ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာ ပြင်ပြီးတော့မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ကြတာကိုး။ အမှန်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ မှာ ကျန်းကျိန်တဲ့အခါ ဇယား (၄)ပါ စာသားတွေအတိုင်း အတိအကျ ကျမ်းကျန်းရမယ်ဆိုတာ ပါခဲ့ပြီးသား။ အဲတာကို အရင်ပြင်ရမှာ။ ဒီလိုပြင်ရမှာကို နားမလည်လို့ မပြင်ခဲ့တာလားဆိုတာတော့ မဟုတ်ပါဘူး။ NLD မှာလည်း ဥပဒေကျွမ်းကျင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီတော့ အဲတာကို အရင် မပြင် ခဲ့ဘဲနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေပြင်တာကို လက်ခံခဲ့တယ်ဆိုတော့ တစ်ဖက်က မလိမ့်မတပတ်လုပ်တာ ဖြစ်သလို တစ်ဖက်ကလည်း သဘော လွယ်သလို လုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ လိုတစ်မျိုး၊ မလိုတစ်မျိုးဆိုတာ ဖြစ်လာပါတယ်။ ပြည်သူတွေကိုလည်း ကြည့်ကြပါဦး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄၅) အရလည်း ဘာတွေလုပ်လို့ရတယ်ဆိုတာ ရှိနေပါတယ်။ ဆင်ပြောင်ကြီး အမြီးကျမှတစ်နေတာမျိုး မဖြစ်စေချင်တော့ပါဘူး။ တိုင်းပြည်ရဲ့ မျက်နှာ၊ ပြည်သူတွေရဲ့မျက်နှာကိုလည်း ကြည့်ပေးကြပါ။ တိုင်းပြည်ထဲကို စီးပွားရေးအခွင့်အလမ်းတွေ ရောက် ခါနီးချိန်၊  ဒီမိုကရေစီ တံခါးဝဆီ ရောက်တော့မှ မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဝေးသွားအောင် ဒီအချိန်မှာ မလုပ်ကြပါနဲ့လို့ပဲ ကျွန်တော်ပြောချင်ပါတယ်”

ဧပြီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၉) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃ရက်နေ့ လွှတ်တော်မတက် ရန် ရာခိုင်နှုန်းများနေဟုဆို လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး သုံးသပ် ဝေဖန်မှုများရှိ နေ” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အလုပ်သမားတွေ အခွင့်အရေးဆုံးရှုံးရင် ဘယ်ကိုတိုင်လို့ တိုင်ရမှန်းမသိဘူး။ အဖွဲ့အစည်းတွေပေါ်လာရင်တော့ တိုင်လို့ရပြီပေါ့။ အခုလို အဖွဲ့အစည်းတွေ ပေါ်လာတဲ့အတွက် အလုပ်သမားပြဿနာတွေ အားလုံး မဖြေရှင်းပေးနိုင်ရင်တောင် အတိုင်းအတာတစ်ခုထိတော့ ကောင်းလာမှာပါ”

ဧပြီ ၂၃ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၁၈) တွင်ပါသည့် “အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ အမြန်ဆုံး ဖွဲ့မည်” သတင်းမှ လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်၏ ပြောကြားချက် အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“နှစ်သစ်ကူးဆိုသည်နှင့် ဝေါဟာရအရပင် အပြောင်းအလဲ သဘောဆောင်နေသလို နှစ်သစ်ကူးကာလတွင် လက်တွေ့ဖြစ်ပေါ်နေသည့် အရာများကလည်း အပြောင်းအလဲကို ဦးတည်နေသည်။ နှစ်သစ်ကူးပြီး မကြာမီတွင်ပင် ရွေးကောက် တင်မြှောက်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ Player သစ် များ ဝင်ရောက်လာပြီး ယခင်ရှိနှင့်ပြီးသား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူတွဲကာ ဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြတော့မည်။ မြန်မာနိုင်ငံအပေါ် အ ရေးယူပိတ်ဆို့ထားခဲ့သည့် ဥရောပသမဂ္ဂကလည်း နှစ်သစ်ကူးပြီး မကြာမီတွင်ပင် အရေးယူပိတ်ဆို့မှုအတော်များများကို လျှော့ချတော့မည်ဟု သုံးသပ်ရ သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ်ဆွေးနွေးပွဲများမှာလည်း အရှိန်ရနေပြီး အဓိကတိုင်းရင်းသား လက်နက်ကိုင်အင်အားစုဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး KNUနှင့် ဆွေးနွေးရာတွင် ယခင်က မရရှိခဲ့ဖူးသော သဘောတူညီချက်များရခဲ့ပြီး နှစ်သစ်တွင် ဆက်လက် အရှိန်မြင့်တက်သွားရန် ရှိနေသည်”

ဧပြီ ၂၃ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၁၈) တွင်ပါသည့် “မြန်မာနှစ်သစ်” အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ချက်

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs