Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံ့ အနာဂတ်

****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံ့ အနာဂတ်

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ အနာဂတ်ကိုမျှော်ကြည့်တိုင်းလူငယ်တို့ အရေးဆိုသည်ကိုထည့်သွင်းရေးသား၊ ပြောဆိုမှုများ မီဒီယာမျက်နှာစာများတွင် တွေ့မြင် နေရသည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းဖြစ်လာချိန်မှာ ထိုခေတ်၊ စနစ်ကို ပုံဖော်ပြောင်းလဲသွားအောင် တာဝန်ထမ်းဆောင်သွားကြမည့် လူငယ်တို့၏ ပညာ ရေးအခန်းကဏ္ဍကို အလေးထားပြောကြားလာကြသည်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးစနစ်၏ အကောင်း၊ အဆိုးဟာ မျိုးဆက်တစ်ဆက်လုံးပေါ်ကို သက်ရောက်နိုင်မှုအား ကြီးမားလို့ပဲဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံများကိုကြည့်လျှင် ပညာရေးစနစ်ကောင်းများ ရှိကြသည်။ ပညာရေးစနစ်ကောင်းမှ စွမ်းဆောင်ရည်ပြည့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပြီး ထိုလူသားအရင်းအမြစ်များဖြင့် နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် လုပ် ဆောင်နိုင်မည် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် ပညာရေးစနစ်ကောင်းရှိဖို့ ပညာရေးအင်စတီကျူးရှင်းများက စဉ်ဆက်မပြတ် တီထွင်ကြံဆနေရမြဲ ဖြစ်သည်။ ပညာရေးတွင် ထိပ်တန်း၌ ရပ်တည်နေသော အမေရိကန်လို လူ့အဖွဲ့အစည်းတွင်တောင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် တိုက်တွန်းနေမှုများ ရှိသည်။ ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်တွင်ရှိသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ဟားဗတ်ထွက်ဘွဲ့ရများ၏ ၄၀ရာခိုင်နှုန်းမှာ ဘဏ္ဍရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားပြီး အမေရိကန်အစိုးရမှလည်း လူထုရေးရာမူဝါဒဖြင့် ဘွဲ့ရသူများကို ယခင် ဆယ်စုနှစ်များထက် ပိုမိုခေါ်ယူခဲ့ကြောင်း ရေးသားထားသည်။ သို့သော် စမတ်ကျလှပါသည်ဟူသော ယင်းလူသားအရင်းအမြစ်များဖြင့် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားသွားနိုင်ခြင်း မရှိခဲ့သည့်အတွက် ပညာရေးစနစ်တွင် ပြုပြင်စရာများ ရှိနေသေးသည်ဟု ဆောင်းပါးရှင်က ထောက်ပြသည်။ အမေရိကန်လို ထိပ်သီးတက္ကသိုလ်များ ပေါများသည့် နိုင်ငံမျိုးတွင်တောင် ဤသို့သော အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ရလျှင် မြန်မာနိုင်ငံလို ပညာရေးအရည်အသွေး နိမ့်ကျသည့် နိုင်ငံမျိုးတွင်  ကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ကျော်လွှားနိုင်မည်လောဟု စိုးရိမ်မိသည်။

ထိုသို့ ပညာရေးစနစ်ကောင်း မရှိရသည့်အပြင် မြန်မာနိုင်ငံမှာ ဦးနှောက်ယိုစီးမှုပြဿနာ ကြီးကြီးမား ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံမှ နှစ်ပေါင်း များစွာ လေ့ကျင့်ပျိုးထောင်ပေးလိုက်သည့် ဆရာဝန်များ၊ အင်ဂျင်နီယာများသည် ဘဝတက်လမ်းအတွက် အခြားနိုင်ငံများသို့ ထွက်ခွာသွားကြသည်။ နိုင်ငံ အတွက် ဆုံးရှုံးမှုဟု ဆိုရမည်ဖြစ်သော်လည်း လူ့သဘာဝအရ ဘဝတက်လမ်းအတွက် ရေကြည်ရာ မြက်နုရာ နေရာဒေသကို ရှာဖွေထွက်ခွာသွားမြဲ ဖြစ် သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံများသည်လည်း မြန်မာနိုင်ငံကဲ့သို့ ဦးနှောက်ယိုစီးမှုကို ကြီးကြီးမားမား တွေ့ကြုံခဲ့ဖူးသည်။ တရုတ် နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် တိန်ရှောင်ဖိန်သည် တရုတ်လူငယ်များကို အနောက်နိုင်ငံသို့ အစု လိုက် အပြုံလိုက် ပညာတော်သင်များ စေလွှတ်ခဲ့သည်။ ပညာသင်ပြီး ပြန်ရောက်လာသူ အနည်းအကျဉ်းသာ ရှိသော်လည်း ဤသည်ပင်လျှင် တရုတ်နိုင်ငံ အတွက် အမြတ်ပဲဟု သဘောထားနိုင်သူဖြစ်သည်။

အန္ဒိယနိုင်ငံကိုလည်း ကြည့်ပါဦး။ လွတ်လပ်ရေးရပြီး အန္ဒိယဝန်ကြီးချုပ် နေရှုးသည် အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးမှုကို အမီလိုက်နိုင်ရန် ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုများကို ထက်ထက်သန်သန် လုပ်ဆောင်ခဲ့ရာ အန္ဒိယတွင် ကမ္ဘာ့အဆင့်ရှိသည့် နည်းပညာတက္ကသိုလ်များ၊ စီမံခန့်ခွဲမှုတက္ကသိုလ်များ ပေါ်ပေါက်ခဲ့သည်။ သို့သော် အန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ အမိန့်ပေးစီးပွားရေးစနစ် ဖြစ်သောကြောင့် ယင်းတက္ကသိုလ်များမှ ဘွဲရများကို မက်လုံးပေး၍ ဆွဲ ဆောင်နိုင်ခြင်းမရှိသလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးခဲ့သည်။ ထို့ကြောင့် ယင်းတက္ကသိုလ်ဘွဲ့ရများသည် အခွင့်အလမ်းပေါများသော အနောက်နိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသဖြင့် အန္ဒိယအတွက် ကြီးမားသည့် ဦးနှောက်ယိုစီးမှုကြီးဖြစ်သည်။ ထိုသို့ တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာ သွားခဲ့ကြသည် ပညာတတ်များ မည်မျှများသနည်းဟုဆိုရလျှင် အမေရိကန်နိုင်ငံအဆင့်မြင့် နည်းပညာ (High-teach)ကဏ္ဍ၏ အင်ဂျင်ဖြစ်သော ကယ်လီ ဖိုးနီးယားပြည်နယ် စီလီကွန် (Silliconvally)ရှိ အလုပ်အင်အားစု ထက်ဝက်မျှပင် ရှိသည်အထိ ဖြစ်သည်။ သို့သော် တရုတ်နှင့် အန္ဒိယနိုင်ငံတွင် အခွင့် အလမ်းများ ပေါ်လာသောအခါ အဆိုပါ ဒိုင်ရာစပိုရာအီလစ် (Diaspora elites)များသည် အမိနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြန်လာခဲ့ကြ သည်။ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများကို လုပ်ဆောင်နေလျက်ရှိလေရာ အခွင့်အလမ်းများပေါ်လာလျှင် အမိနိုင်ငံသို့ ပြန် လည် ရောက်ရှိလာကြမည့်သူ များနိုင်သည်။

ဧပြီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၉၁)တွင်ပါသည့် ဒေါက်တာမင်းသန့်အောင် (သွားဆရာဝန်-မိတ္ထီလာ)၏ “သုံးနာရီနဲ့တော့ မလုံလောက်ပါ” ဆောင်းပါးကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်သည် လက်ရှိပညာရေးစနစ်၌ လွဲမှားနေသည့် အချက်ငါးချက်ကို ထောက်ပြထားသည်။

၁။ တစ်ဘဝတွင် တစ်ကြိမ်သာ ကြိုးစားခွင့်ပြု၍ ထပ်မံကြိုးစားခွင့်မပြုခြင်း။ (ဆယ်တန်းစာမေးပွဲ)

၂။ သုံးနာရီအချိန်အတွင်းဘာမဆိုဖြစ်နိုင်၍ ကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုသကဲ့သို့ လောင်းကစားဆန်နေခြင်း။

၃။ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုသည် အခြားပညာရပ်တစ်ခုထက် သာလွန်မြင့်မြတ်သည်ဟု အထင်ရောက်စေခြင်း။

၎။ ဝါသနာပါသည့် ပညာရပ်နှင့် တတ်မြောက်သည့် ပညာရပ်တို့ မတူကွဲပြားခြင်းနှင့် မိမိတတ်မြောက်သည့် ပညာရပ်များကို အသုံးမချနိုင်ခြင်း။

၅။ အခြေခံပညာရပ်များနှင့် မမျှတလောက်အောင်ပင် မိဘများမှ ငွေကြေးအလွန်အကျွံ သုံးစွဲနေရခြင်း။

အလေးထား စဉ်းစားသုံးသပ်သင့်သည့် အချက်များဖြစ်သည်။ ဥပမာအချက် (၃)ဆိုလျှင် ပညာရပ် တစ်ခုနှင့်တစ်ခုကို အဆင့်ခွဲခြားထားမှု ရှိနေ ခြင်းကို မီးမောင်ထိုးပြထားခြင်း ဖြစ်သည်။ စာရေးသူနိုင်ငံတွင် ဝိဇ္ဖာ၊ သိပ္ပံတံတိုင်းကာမှု အတော်ကြီးသည်။ ထိုတံတိုင်းကာမှုအပြင် သိပ္ပံပညာရပ်များသည် လူမှုဝိဇ္ဖာပညာရပ်များထက် ပိုမိုအရေးပါသည်ဟူသော အသိမှာ လူငယ်များအပေါ် အတော်လွှမ်းမိုးထားလျက် ရှိသည်။ အခြားနိုင်ငံများသို့ အဆင့်မြင့် ပညာရပ်များ သင်ကြားနေသည့် လူငယ်များမှာ တွက်ချက်ရသည့် သိပ္ပံပညာရပ်များတွင် သင်ကြားမှုအခက်အခဲ ကြီးကြီးမားမား မရှိသော်လည်း လူမှုဝိဇ္ဖာ ပညာရပ်များတွင် အတော်လေး ကြိုးစားသင်ယူနေရသည်။ နောက်ခွဲခြားမှုမှာ ဘာသာရပ်ပေါ်တွင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း၌ အမှတ်အများဆုံးရသည့်သူမှာ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆေးတက္ကသိုလ်တက်ကြသည်က များသည်။ အမှတ်အနည်းဆုံးရရှိသည့် သူမှာ လည်း ဝါသနာအလျှောက်မဟုတ်ဘဲ ဒဿနိက၊ စိတ်ပညာလို ဘာသာရပ်မျိုးကို တက်ရသည်။ သို့ဆိုလျှင် ဆေးသိပ္ပံပညာရပ်မှာ ဒဿနိကလို၊ စိတ်ပညာ လို၊ သမိုင်းလို ဘာသာရပ်ကြီးတွေထက် အဆင့်မြင့်နေသည့် သဘောမျိုးသက်ရောက်နေသည်။ ထိုသို့ ဘာသာရပ်များအပေါ် အဆင့် ခွဲခြားမှုမျိုး မရှိသင့် ပါ။

နိုင်ငံတော်အကြီးအကဲများက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဟု ပြည်သူများကို ကတိကဝတ် ပြုပြီးဖြစ်သည်။ တချို့ နိုင်ငံရေးသုံးသပ်သူများက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဆိုခြင်းမှာ မရှိဟု ပြောဆိုနေခြင်းမျိုးလည်း ရှိသည်။ စာရေးသူအမြင်၌ ယင်းမှာ ဒဂါးပြား တစ်ပြား၏ ခေါင်းနှင့်ပန်းကို နှစ်ပြား ဖြစ်အောင် ခွဲခြားနေသလို ဖြစ်သည်။ လွတ်လပ်သည့် ဒီမိုကရေစီ၌ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု၊ ဥပဒေကို လိုက်နာမှုဆိုသည့် သဘော ပါဝင်ပြီး ဖြစ်သည်။ စည်းကမ်းမပါသည့် လွတ်လပ်မှုမှာ တကယ့်လွတ်လပ်မှုမျိုး မဟုတ်နိုင်ပါ။ ထိုအတွက်ကြောင့် ယခု နိုင်ငံ တော်မှ အကောင်အထည်ဖော်နေသည့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီတွင် လွတ်လပ်မှုသဘော တပါးတည်းပါဝင်ပြီး ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်မှ ကျင့်သုံးသည့် ဈေးကွက်စီးပွားရေးစနစ်တွင်လည်း လွတ်လပ်မှုသဘောများ ပါဝင်နေပြီး ဖြစ်သည်။ ယခုအခါတွင် စီးပွားရေးပညာရှင်များက ဈေးကွက် တွင် အစိုးမှာ အဓိကအခန်းကဏ္ဍက ပါဝင်သင့်သည်ဟု ပြောဆိုရေးသားကြသော်လည်း ဈေးကွက်လွတ်လပ်မှုကို ဟန့်တားလိုသည့် သဘောမပါဝင်ပါ။ ဈေးကွက် စီးပွားရေး၌ကိုက လွတ်လပ်မှုရှိမှသာလျှင်  ရှင်သန်မှုရှိမည့်သဘောပင် ဖြစ်သည်။ ထိုသို့ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေး စနစ်ကို နိုင်ငံတော်မှ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ယင်းစနစ်များတွင် ပါဝင်မည့် လူသားအရင်းအမြစ်များ၏ ပညာရေးမှာ လွတ်လပ်မှု ရှိနေမှဖြစ်သည်။ ပညာရေးလွတ်လပ်ခွင့် ရှိမှသာလျှင် လူ့အဖွဲ့အစည်းအတွင်း မှားယွင်းနေမှုများကို သုတေသနပြု ဖော်ထုတ်နိုင်မည်။  ပညာရေး လွတ်လပ် ခွင့် ဆိုရာ၌လည်း ယခင် လွှတ်တော်အစည်းအဝေးတွင် တင်သွားခဲ့သည့် နိုင်ငံရေးစနစ်သစ်နှင့်အညီ နိုင်ငံရေးသိပ္ပံ ပညာရပ်ကို သင်ကြား ပေးရန် အဆိုပြုမှု ထက် ပိုပါသည်။ တနည်းအားဖြင့်ဆိုရလျှင် သဘာဝသိပ္ပံနှင့် လူမှုသိပ္ပံ ပညာရပ်များကိုတက္ကသိုလ်၊ ကောလိပ် အစရှိသည့် ပညာရေး အင်စတီကျူးရှင်း များက ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးနိုင်ရမည်။

မြန်မာနိုင်ငံတွင် အခြေခံပညာရေးနှင့် အဆင့်မြင့် ပညာရေးကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲစရာ များစွာ ကျန်ရှိနေပါသေးသည်။ ပညာရေးစနစ် ကောင်းလာသည်နှင့်အမျှ ပြည်သူများမှာ စိတ်ခံစားမှုအခြေခံဖြင့် လုပ်ဆောင်ခြင်းထက်၊ ဆင်ခြင်မှုအခြေခံဖြင့် လုပ်ဆောင်ခြင်းမျိုး ပိုမိုများပြားလာမည်။ ပညာရေး ရေခံ၊ မြေခံ ကောင်းလှပါသည်ဟူသော အနောက်နိုင်ငံများတွင်လည်း လွန်ခဲ့သည့် ရာစုနှစ်များက စိတ်လှုပ်ရှားမှု အခြေခံ လူ့အဖွဲ့အစည်းသာ ဖြစ်သည်။ ကျောင်းတော်များ၏ လွှမ်းမိုးမှုကိုတက္ကသိုလ်များက အန်တုကာ စိတ်လှုပ်ရှားမှု အခြေခံလူ့အဖွဲ့အစည်းမှ ဆင်ခြင်မှု အခြေခံလူ့အဖွဲ့အစည်းသို့ အသွင်ကူးပြောင်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးလွတ်လပ်ခွင့်များ ဖြစ်ထွန်းလာသည့်နည်းတူ ယင်းလွတ်လပ်ခွင့်များကို ရေရှည် စဉ် ဆက်မပြတ် ထိန်းသိမ်းသွားမည့် လူသားအရင်းအမြစ်များ မွေးထုတ်ဖို့ရာ ပညာရေးစနစ်ကောင်း၊ ပညာရေးလွတ်လပ်ခွင့် ရရှိနေဖို့ လိုအပ်ပါကြောင်း။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၆. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်သမားအဖွဲ့အစည်း ရှစ်ခုအား တရားဝင် ဖွဲ့စည်းခွင့်ရ
  2. တရုတ် ဂက်စ်ပိုက်လိုင်း တည်ဆောက်ရေးတွင် မြန်မာလုပ်သား အလုပ်အကိုင်မရ
  1. မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဗုံးပေါက်မှုဖြစ်ပွား

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီတွင်း သဘောကွဲလွဲ
  1. ကနေဒါနိုင်ငံ၏  အရေးယူပိတ်ဆို့မှုများတစ်နှစ်ဆိုင်းငံ့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အလုပ်သမားအဖွဲ့အစည်း ရှစ်ခုအား တရားဝင် ဖွဲ့စည်းခွင့်ရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးအနေဖြင့် အလုပ်သမား အဖွဲ့အစည်း ရှစ်ခုကို တရားဝင်ဖွဲ့စည်းခွင့်ရခဲ့ကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်အတွင်းမှ တိုင်ရီ ဖိနပ်စက်ရုံ၊ ဘိုဇန် ပိုက်စက်ရုံ၊ အိုပယ် အထည်ချုပ်စက်ရုံနှင့် ပုပ္ပါးမင်း သမီးစက်ရုံ၊ ရွှေပေါက်ကံစက်မှုဇုန်မှ ရွှေဇင်အေး အထည်ချုပ်စက်မှုဇုန်နှင့် အောင်ကြွေပြားစက်ရုံ၊ သာဓုကန်စက်မှုဇုန်မှ ပဉ္ဖသုန္ဒရီ အထည်ချုပ်စက်ရုံနှင့် မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ် တို့ကို တရားဝင် အလုပ်သမား အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်က ဆိုသည်။

အလုပ်သမားအဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်ပေးသော်လည်း စတင်လျှောက်ထားစဉ်က သုံးနှုန်းသည့် "သမဂ္ဂ"ဟူသည့် အသုံးအနှုန်းကို သုံးစွဲခွင့် မရှိကြောင်း တိုင်ရီ ဖိနပ်စက်ရုံရှိ အလုပ်သမားအဖွဲ့အစည်းမှ ဒေါ်မိုးဝေက ဆိုသည်။

ယခုကဲ့သို့ အလုပ်သမား အဖွဲ့အစည်းများ  ဖွဲ့စည်းခွင့်ရခြင်းသည် ပြောင်းလဲလာသည့် အခြေအနေတစ်ခုကို မီးမောင်းထိုးပြသလို ဖြစ်ကြောင်း အလုပ်သမား၊ လယ်သမား အခွင့်အရေးရှေ့နေ ကိုဖိုးဖြူက ဆိုသည်။

"သူတို့ ပြောင်နိုင်တဲ့ ပလက်ဖောင်းတစ်ခုတော့ ရပြီပေါ့ဗျာ"ဟု ယင်းက ဆက်လက်ပြောကြားသည်။

အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို အဖွဲ့ပေါင်း၉ဖွဲ့မှ လျှောက်ထားခဲ့ခြင်း ဖြစ်သော်လည်း အဖွဲ့တစ်ဖွဲ့မှာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှု မရှိသဖြင့် ပယ်ချခဲ့ကြောင်း သိရသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

တရုတ် ဂက်စ်ပိုက်လိုင်း တည်ဆောက်ရေးတွင် မြန်မာလုပ်သား အလုပ်အကိုင်မရ

ရခိုင်ပြည်နယ် ကျောက်ဖြုဆိပ်ကမ်းမှ မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံသို့ သွယ်တန်းတည်ဆောက်နေသည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးစီမံကိန်းတွင် မြန်မာလုပ်သားများအား ခန့်ထားချင်ပုံမရကြောင်း တရုတ် စကားပြန် တစ်ဦးက ပြောကြားသည်။

မိုင် ၁၅၀၀ ကျော်နီးပါရှိ ဓါတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းတွင် ဒေသခံမြန်မာလုပ်သားများကို အလုပ်မပေးလိုသည့် အနေအထားများ တွေ့ရကြောင်း မြန်မာလုပ်သားများ လုပ်နိုင်သည့်အလုပ်များကို တရုတ်နိင်ငံသားများကို ခန့်ထားသည်ကို သတိထားမိကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။

"ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်က ပြင်ဦးလွင်ဘက်မှာ ဘက်ဖိုးတစီး မှောက်တော့ သေသွားတဲ့ တရုတ်နိုင်ငံသားက တရားမဝင် ရောက်လုပ်ကိုင်သူ ဖြစ်နေတယ်”ဟု ၎င်း၏ အတွေ့အကြုံကို ပြောဆိုသည်။

အမေရိကန်နှင့် အနောက်အုပ်စု ကုမ္ပဏီများအနေဖြင့် ပုံရိပ်ထိမ်းသိမ်းသည့်အနေဖြင့် ဒေသခံများအတွက် ဖွံ့ဖြိုးရေးအစီအစဉ်များ တပါတည်း ပါရှိ ကြောင်း ယခုတရုတ်ကုမ္ပဏီများသည် ဖွံ့ဖြိုးရေးအစီအစဉ်များ နည်းပါးပြီး ဒေသခံများလုပ်နိုင်သော အလုပ်များကိုပင် မခန့်ချင်ကြောင်း စီပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုတ်သွားလျှင် အနောက်ကုမ္ပဏီများ ဝင်လာလျှင် ဒေသခံများအတွက် ပိုမိုကောင်းမွန်ကြောင်း NGO ဝန်ထမ်းတစ်ဦးက သုံးသပ်ပြောဆို သည်။

"မြန်မာတွေကလည်း နိုင်ငံတကာအဆင့်မှီအောင် မကောင်းတဲ့အကျင့်တွေ ပြင်ရမယ် ဆီခိုးရောင်းတာမျိုး၊ အချိန်မလေးစားတာမျိုးတွေ ပြင်ရ မယ်”ဟု ၎င်းက အကြံပြုပြောဆိုသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဗုံးပေါက်မှုဖြစ်ပွား

ဧပြီလ ၂၅ရက်နေ့ မနက် ၇နာရီခွဲအချိန်ခန့်တွင် မြစ်ကြီးနားမြို့နယ်  ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်မှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဗုံးစပြီး ပေါက်တဲ့အချိန်က မနက် ၇နာရီနဲ့ မိနစ် ၂၀မှာပါ။ ကျွန်တော် သေသေချာချာ မှတ်ထားတယ်။ ပေါက်တဲ့နေရာက ဆေးရုံဝင်းထောင့်က ယာဉ်ထိန်းရဲကင်းအနီးမှာ ပေါက်တာ။ ဖြစ်ချင်တော့ မိန်းကလေးတစ်ဦးထိပြီး ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ယောက်ျားလေးနှစ်ဦး ထိတယ်။ ပေါင်း သုံးယောက် ပေါ့”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆိုသည်။

ထို့နောက် ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူသုံးဦးအနက် မိန်းကလေးတစ်ဦးသည် ရှစ်နှစ်အရွယ်ခန့် ရှိပြီး ယခု အချိန်တွင် သူမသည် သတိလစ်နေသည်ဟု သိရပြီး ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေအား မသိရှိသေးကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ပြည်သူ့ ဆေးရုံမှ ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ ထပ်မံသိရသည်။

“ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လိုဗုံး အမျိုးအစား ဖြစ်တယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်”ဟု ယင်းမြို့ နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

                ထို့ပြင် မြစ်ကြီးနားမြို့နယ်မှ အထွက် ရထားလမ်းအနီးတွင်လည်း ဧပြီလ ၁၄ရက်နေ့၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့သေးသည်ဟု ယင်းမြို့နယ်ရှိ ဒေသခံတစ်ဦးထံမှ သိရှိရသည်။

ATM        

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီတွင်း သဘောကွဲလွဲ

လွှတ်တော်သုံးရပ်စလုံးတွင် အမတ်နေရာအများစု အနိုင်ရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှု သိသိသာသာ ကြီးမားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ ခရိုင်အဆင့် ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်၄၅ နေရာတွင် တစ်နေရာသာ အနိုင်ရရှိခြင်း နိုင်ငံတကာ မိသားစုနှင့် ဆက်ဆံရေး ပြန်လည် ကောင်း မွန်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ပါတီ၏ ဗဟိုအဆင့်ခေါင်းဆောင်များကြားတွင် သိသိ သာသာ သဘောထားကွဲလွဲနေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဦးဌေးဦးတို့ကြားမှာ သဘောကွဲလဲမှု ကြီးမားနေတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေကောက်ပွဲတွင်လည်း ခါတော်မှီ တော်ကောက်ခြင်းခံရသည့် အမတ်များလောင်းများနှင့် နှစ်ပေါင်းများစွာ အမုန်းခံ လုပ်လာ သော ပါတီအမာခံများကြား သဘောကွဲလွဲမှုများရှိကြောင်း၊ ဝန်ကြီးနေရာမရသူများနှင့် ရသူများကြားလည်းမသိမသာ အဏာလွန်ဆွဲပွဲများ ရှိနေကြောင်း စီပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

"ဝန်ကြီးဖြစ်ခွင့်မရတဲ့ ဦးအောင်သောင်းနဲ့ ဦးဌေးဦးက လည်း နဂိုကတည်းက မတည်ကြဖူး" ဟု ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၏ လွှတ်တော်အသက်ဝင်အောင် ဆောင်ရွက်ချက်များနှင့် ပြုပြင်ပြောင်းလဲရေးများကို ထိပ်ပိုင်းပါတီဝင်များက မကြိုက်သလို အစိုးရဝန်ကြီးများနှင့် ဝန်ကြီးမဟုတ်သူ ကြံ့ခိုင်ရေးအမတ်ကြားတွင်လည်း အက်ကြောင်းထင်လာကြောင်း ဥပမာ လယ်ဆည်ဝန်ကြီး ဦးမြင့် လှိုင်၏ လွှတ်တော်အပေါ် ဝေဖန်ပြောဆိုမှုများကို  လွှတ်တော်အတွင်းရှိ ကြံ့ခိုင်ရေး အမတ်များပါ စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သုံး သပ်ပြောဆိုသည်။           

MP

-----------------------------------------------------------------------------------------------------------------------------------

ကနေဒါနိုင်ငံ၏  အရေးယူပိတ်ဆို့မှုများတစ်နှစ်ဆိုင်းငံ့

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် ကနေဒါနိုင်ငံမှ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှု များအတွက် အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံ့လိုက်ကြောင်း ကနေဒါနိုင်ငံခြားဝန်ကြီး John Bairdက ဧပြီလ ၂၄ရက်နေ့တွင် ပြောကြားသည်။

ကနေဒါနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် တစ်နှစ်ဆိုင်းငံ့လိုက်သည့် ယခင် ပိတ်ဆို့အရေးယူမှုများမှာ ပို့ကုန်၊ သွင်းကုန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်း မှုကဏ္ဍများဖြစ်ပြီး လက်နက်တင်ပို့ရောင်းချမှုနှင့် စစ်ရေးဆိုင်ရာ နည်းပညာများအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဆက်လက် ပိတ်ပင် ထားမည်ဖြစ်ကြောင်း သိရသည်။

“အခုလို မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် EU နိုင်ငံတွေက ခုလိုဖြေလျော့မှုတွေ လုပ်ပေးနေတာပာာ မြန်မာနိုင်ငံရဲ့အနာဂါတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူ ဖြစ်စေနိုင်မှာပါ။ မြန်မာအစိုးရအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်မလှည့်ဘဲ ဆက်ပြီး လုပ်သွားမယ်ဆိုရင် အမေရိကန်နဲ့ EU နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေကို လုံးဝ ပယ်ဖျက်ပေးသွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်”ပာု မြန်မာ့အရေး လေ့လာနေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဧပြီ ၁၈ရက်နေ့တွင် EU နိုင်ငံခြားရေးရာ ပေါ်လစီအကြီးအကဲ ကက်သရင်းအက်ရှတန်သည် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ကျော်ကြာ စီးပွားရေး ပိတ်ဆို့ထားမှုများကို ပယ်ဖျက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် နှစ်ပေါင်းများ စွာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသော အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် သဘောထား အမြင်များ ပြောင်းလဲလာခဲ့ပြီး ပိတ်ဆို့အရေးယူမှုများထဲမှ အချက်တစ်ချို့ကို ဖြေလျော့ပေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် ဥပဒေတစ်ရပ် ထည့်သွင်းထားပါတယ်။ ဒီဥပဒေနဲ့ ဆောက်ရွက်လို့ရ ပါတယ်။ အဲ့ဒီတော့ကာ တိုင်းရင်းသားတွေ အကျိုးအတွက် ကျွန်တော်တို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မယ့် နိုင်ငံတော်အကျိုးအတွက် လိုအပ်တာတွေကို ဒီဥပဒေအရ ကျွန်တော်တို့ ပြင်လို့ရပါတယ်။ အများဆန္ဒနဲ့အညီ ပြင်ပိုင်ခွင့်ပေးထားပါတယ်”

ဧပြီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၁၆)တွင်ပါသည့် “ပြည်သူအကျိုးနှင့် တိုင်းပြည်အကျိုးအတွက် လိုအပ်ပါက အခြေခံဥပဒေကို ပြင်ဆင် နိုင်ဟု သမ္မတပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လမ်းကြောင်းပေါ်ကို စရောက်နေပြီလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် သမ္မတကြီးရဲ့ ပေါ်လစီပြောင်းသွားတဲ့အတွက် သူစတဲ့ပေါ်လစီကနေ အများကြီး ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုင်းရင်းသားရေးရာ ပြဿနာတွေလို့ ပြောလို့မရဘူး။ ပြဿနာတိုင်းကတော့ သီးသန့်စီ ရှိနေကြတယ်။ KNUနဲ့ ပဋိပက္ခဖြစ်တာနဲ့ KIAနဲု့ဖြစ်တာ မတူကြဘူး။ တူတဲ့အပိုင်းတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် တစ်ခုချင်းစီကိုတော့ ပြန်စဉ်းစားရမယ့် အပိုင်း တွေရှိပါတယ်။

ဧပြီ ၂၇ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၉) အမှတ် (၅၆၆) တွင်ပါသည့် “ဒေါက်တာသန့်မြင့်ဦးနှင့်အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒါကို မပြင်ပေးရင် မတက်ဘူးဆိုတာကတော့ အဲဒီလိုမျိုးမှမဟုတ်ရင်တော့ ပူးပေါင်းဆောင်ရွက်တဲ့အဆင့်ကို မရောက်တော့ဘူးပေါ့။ ပူးပေါင်းဆောင်ရွက် တဲ့လမ်းပေါ် ရောက်သွားရင်တော့ ပြင်ပေးပါ။ ပြင်ပေးရင် တက်မယ်ဆိုတာမျိုးပဲ ဖြစ်သင့်တယ်။ ပြင်မပေးရင် မတတ်ဘူးဆိုတာကတော့ မဖြစ်သင့်ဘူး။ အခု တစ်ဘက်က ဖိအားပေးပြီးတော့ ညှိနှိုင်းတဲ့သ ဘောမျိုးဖြစ်နေတယ်။ ညှိနှိုင်းဆောင်ရွက်ခြင်းဆိုတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ သွားရမှာလားဆိုတာက တော့ အင်န်အယ်လ်ဒီပါတီ စဉ်းစားရမယ့်အပိုင်းပဲ”

ဧပြီ ၂၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၅) တွင်ပါသည့် “NLD လွှတ်တော်မတက်ရောက်ခြင်းအပေါ် နိုင်ငံရေးကျွမ်းကျင်သူတို့၏ အမြင်များ” သတင်းမှ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs