Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း
  1. မီးရထားဝန်ကြီးဦးအောင်မင်း KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှတာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံ
  2. နိုင်/ကျဉ်းဟောင်းများ သက်ဆိုင်ရာ တက္ကသိုလ် ပြန်တက်ခွင့်ရ

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ရန်ကုန်မြို့နယ် လှိုင်သာယာစက်ရုံများ၌ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပွားခဲ့သည့်အချိန်တွင် ယင်းသို့ ဆန္ဒပြတောင်းဆို သည့် အလုပ်သမားများထက် လာရောက်ကူညီအမြတ်ထုတ်ကြသည့် အဖွဲ့အစည်းမှလူပုဂ္ဂိုလ်များသည် ပို၍များပြားလျက်ရှိကြောင်း ဆန္ဒပြတောင်းဆိုသူ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"ကျွန်မတို့ ဆန္ဒပြတောင်းဆိုတဲ့အချိန်မှာ လာပြီး ကူညီကြတဲ့ NLDပါတီက လူတွေလည်း ရှိပါတယ်။ ပြီးတော့ တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ သူတို့က ထမင်းထုတ်တို့ဘာတို့ ဝေတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ရဲတွေလာတဲ့အချိန်လည်းကျရော သူတို့တွေက မရှိတော့ဘူး။ နောက်ဆုံး တကယ်ဆန္ဒပြတဲ့ ကျွန်မတို့ပဲကျန်တယ်။ အဲဒီတော့ သူတို့က ကျွန်မတို့ကို ဘာလာလုပ်ပေးတာလဲဆိုတာ ရေရေရာရာမသိဘူး။ ပြီးတော့ သူတို့တွေက အပြင်အဖွဲ့အစည်းတစ်ခုကနေ ပိုက်ဆံယူပြီး ဒီမှာလုပ်ပေးနေတယ်လို့လဲ သိရပါတယ်။ အဲဒီအတွက်လည်း တော်တော်ဝမ်းနည်းမိပါတယ်"ဟု ၎င်းက ဆို သည်။

လှိုင်သာယာမြို့နယ်မှ စက်ရုံများတွင် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ယင်းသို့ ဆန္ဒပြတောင်းဆိုသည့်လူများအား နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းအချို့မှ လာရောက် ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း ၎င်းတို့သည် ဆူပူအုံကြွမှုအား ပိုမိုဖြစ်ပေါ်စေချင်သည့်သဘော သက်ရောက် နေကြောင်းနှင့် သက်ဆိုင်ရာရဲများမှ ရောက်ရှိလာကြသောအချိန်၌ ယင်းအဖွဲ့အစည်းများမရှိတော့ဘဲ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများသာ ကျန်ရှိ ကြောင်း သိရသည်။

"ဘာမှမဖြစ်ခင်ကတော့ လာပြီး ကူညီကြတယ်။ ရဲတွေလည်း ရောက်လာရော ဒီအတိုင်းပြန်ထွက်သွားပြီး ဆန္ဒပြတဲ့အလုပ်သမားတွေပဲ ကျန်ခဲ့ တယ်။ သူတို့တွေက ထွက်သွားတော့ ဆန္ဒပြတဲ့အလုပ်သမားတွေ ထမင်းစားဖို့တောင် အဆင်မပြေတော့တဲ့အနေအထားဖြစ်နေတယ်။ ကူညီမယ့်သူတွေ လည်း မလာကြတော့ဘူး။ ကျွန်တော် စုံစမ်းသိရှိသလောက်ဆိုရင် တစ်ချို့အဖွဲ့အစည်းတွေက သူတို့အတွက် ပိုက်ဆံရလို့ လာပြီး လုပ်နေတာလို့လည်း သိရတယ်။ ပြောရမယ်ဆိုရင် ပရောဂျက်လိုပုံစံမျိုးပေါ့"ဟု ယင်းဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းယူနေသည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။

ဇွန်လ ၁ ရက်နေ့မှစတင်၍ တောင်းဆိုဆန္ဒပြနေသည့် စက်ရုံတစ်ချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိပြီး နောက်ပိုင်းတွင် ပို၍များပြားလာသည့်အတွက် လာရောက်ကူညီကြသည့် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများသည် ဆန္ဒပြမှုအား ပါဝင်လုပ် ဆောင်ကူညီနေရာမှ ရှောင်ထွက်သွားကြသည့်အတွက် စက်ရုံအလုပ်သမားများသည် ကျန်ရှိပြီး ကူညီမယ့်အဖွဲ့အစည်းများမရှိတော့သည့်အတွက် အလုပ်သမားများအတွက် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁)မှ တော်ဝင်မြန်မာအထည်ချုပ်စက်ရုံမှ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလင်းရောင်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၄ရက်နေ့၌ ထိုင်းနိုင်သို့ သွားရောက်မည်ဟု စီစဉ်ထားသော်လည်း ယင်းသို့သွားရောက်မည့် အစီအစဉ် အား ပယ်ဖျက်လိုက်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

"ဒီလိုမျိုး သွားမည်ဆိုပြီး မသွားဖြစ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက တိကျတဲ့သတင်း ထုတ်ပြန်တာမျိုးတွေ အကြောင်းပြန်တာမျိုးတွေ မရှိဘူး။ ပြီးခဲ့တဲ့ လကလည်း ကမ္ဘာ့စီးပွားရေးညီလာခံကို ကိုယ်တိုင်သွားမယ်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘူးလို့ ပြန်ပြီး သတင်း ထုတ်ပြန်ခဲ့ပါတယ်"ဟု ပြည်ပသတင်းမီဒီယာတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ၎င်းသည် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum) သို့ ကိုယ်တိုင်တက်ရောက်မည် ဟု ယခင်က သတင်းထုတ်ပြန်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ၎င်းကိုယ်စား စွမ်းအင် ဝန်ကြီး ဦးသန်းဌေးအား စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မီးရထားဝန်ကြီးဦးအောင်မင်း KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှတာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှတာဝန်ရှိသူများကို ဒုတိယအကြိမ်အဖြစ် ကချင်ပြည်နယ် မယ်ဂျယ်အင်းဒေသတွင် ဇွန်လ ၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဘက်မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ တာဝန်ရှိသူများ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲတွင် ယခင် ဦးအောင် သောင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဒုတိယအကြိမ်တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သော စတုတ္ထအချက်နှင့် တတိယအကြိမ်က ဆွေးနွေးခဲ့သော ပဉ္စမ အချက်တို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ဆွေးနွေးတဲ့ပွဲက ယခင် ဦးအောင်သောင်းခေါင်းဆောင်သောအဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ထဲက အချက်တစ်ချက်ကို အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်တယ်၊ အဲ့အချက်ကဘာလဲဆိုရင် နှစ်ဖက်တပ်စခန်းတွေ နေရာချထားရေးနဲ့ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တဲ့သဘောပါ၊ ဒီနေ့ဆွေး နွေးပွဲကို ကြည့်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် အလားအလာကောင်းတွေ ဖြစ်နိုင်တယ်လို့ထင်ပါတယ်”ဟု ငြိမ်းချမ်းရေးအကျိုးတော် ဆောင် ဦးအယ်ခွန်းအောင်က ပြောကြားသည်။

ဇွန်လ ၁ ရက်နေ့တွင် ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများရရှိခဲ့ပြီး ငြိမ်းချမ်းရေးရရှိစေရန် နောက်ပိုင်းတွင်လည်း ဆွေးနွေးပွဲများ ဆက်လက်ကျင်းပ သွားရန် နှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြောင်း သိရသည်။

“ယခင်က ပြည်နယ်အဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့တယ်၊ ပြီးတော့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စုအဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့ပြီးပြီ ဘာမှထူးခြားမလာဘူး၊ အခု နိုင်ငံတော်အဆင့်ဆွေးနွေးဖို့အတွက် ဦးအောင်မင်းက အလွတ်သဘောကြိုတင်လာရောက် ဆွေးနွေးတဲ့ပုံကတော့ ယခင်ဆွေးနွေးပွဲတွေနဲ့မတူပဲ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အခြေအနေကောင်းတွေ ကိုတွေ့နေရတယ်လို့ထင်တယ်” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ ဇွန်လ တတိယပတ်တွင် တတိယအကြိမ်မြောက် အလွတ်သဘော ထပ်မံတွေ့ဆုံရန် လျာထားကြောင်း သိရသည်။

ထိန်လင်းလက်

-----------------------------------------------------------------------------------------------------------------------------------

နိုင်/ကျဉ်းဟောင်းများ သက်ဆိုင်ရာ တက္ကသိုလ် ပြန်တက်ခွင့်ရ

ရန်ကုန်၊ ဇွန် ၂။

နိုင်ငံတော်သမ္မတအမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်/ကျဉ်းဟောင်းများအား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ ပြန်လည်တက် ရောက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်ရုံးမှ ညွှန်ကြားချက်တစ်စောင်အား နိုင်/ကျဉ်းဟောင်းများထံသို့ ဇွန်လ ၂ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း နိုင်/ကျဉ်းဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"အဲဒီညွှန်ကြားချက်စာကို စပို့တာက နိုင်ငံတော်သမ္မတရုံးကနေပို့တာ။ အဲဒီကနေမှ ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်ရုံးကို ရောက်တယ်။ ပြီးတော့ သက်ဆိုင်ရာတက္ကသိုလ်တွေက ပါမောက္ခတွေဆီကိုရောက်ပြီးမှ ကျွန်တော်တို့ဆီကို ရောက်တာပါ။ နောက်ပြီး ပို့တဲ့အထဲမှာလည်း ၂၀၀၇ ဗကသကျောင်း သားသမဂ္ဂမှာ လှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေထဲကမှ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ကိုရဲမျိုးတို့ကို ဆက်သွယ်အကြောင်းကြားတာပါ"ဟု ၎င်းက ပြော ကြားသည်။

အဆိုပါညွှန်ကြားချက်စာတွင် ယင်းစာဖြင့်ဆင့်ခေါ်ခံရသည့် ကျောင်းသားများအား သက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်များမှ ခေါ်ယူတွေ့ဆုံ ခဲ့ပြီး ကျောင်းစည်းကမ်းများအား လိုက်နာရမည်ဆိုသည့် ခံဝန်ကတိလက်မှတ်အား ရေးထိုးခြင်းများ ပြုလုပ်ခဲ့ရပြီး သက်ဆိုင်ရာတက္ကသိုလ်များသို့ စတင် တက်ရောက်ရမည့်နေ့အား ထပ်မံအကြောင်းပြန်မည်ဟု သိရှိရသည်။

ယင်းသို့ တက္ကသိုလ်ကျောင်းများ၌ ပြန်လည်တက်ရောက်ရမည့် နိုင်/ကျဉ်းကျောင်းသားများထဲမှ ကိုဒီငြိမ်းလင်းသည် အနောက်ပိုင်းတက္ကိုလ် တွင် ဘူမိဗေဒ (နောက်ဆုံးနှစ်)ဖြင့် တက်ရောက်ရမည်ဖြစ်ပြီး ကိုရဲမြတ်ဟိန်းသည် အနောက်ပိုင်းတက္ကသိုလ် သင်္ချာ (ဒုတိယနှစ်)တို့ဖြင့် အသီးသီး တက် ရောက်ရမည်ဟုလည်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီအဖွဲ့အား ဇွန်လ ၁ က်နေ့ ရန်ကုန်တက္ကသိုလ်နယ်မြေ၌ တရားဝင်ဖွဲ့စည်းခဲ့ ပြီး ယင်းအဖွဲ့အစည်း ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ Home မီဒီယာစင်တာတွင် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ကိုဒီငြိမ်း လင်းမှ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဈေးကွက်လိုအပ်ချက်ရှိသလောက် မပေးနိုင်တော့ ၀ယ်သူတွေနဲ့ မျက်နှာပျက်ရတာတွေဖြစ်လာတယ်။ ဒီလိုတွေ ခဏခဏဖြစ်နေတော့ ၀ယ်လက်တွေက လည်း မြန်မာဆီက မ၀ယ်ချင်ကြတော့ဘူး။ အခုကို အိန္ဒိယကို ပြောင်းဝယ်နေကြပြီ။ ကြာရင် ဈေးကွက်ပျောက်သွားနိုင်တယ်။ ပို့ကုန်လုပ်ငန်းရှင်တွေအ တွက် ဈေးကွက်က ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူး"

ဇွန်လ၂ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၄) တွင်ပါသည့် “လျှပ်စစ်ဓာတ်အားပြဿနာ ရန်ကုန် အအေးခန်းစက်ရုံများသို့ အကြီးအကျယ် ရိုက်ခတ်”သတင်းမှ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ ဦးထွန်းအေး၏ ပြောကြားချက်အ ပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အဓိကကတော့ ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ ကြက်သွန်တွေက ဈေးမကောင်းဘူး။ အရှုံးပေါ်တယ်။ တခြားသီးပင်တွေကလည်း နှစ်ရှည်သီးနှံတွေဆို ငါးနှစ် လောက် စောင့်ရတော့ ငွေမပေါ်ဘူး။ ဘိန်းစိုက်ရင် ၂ နှစ်ဆိုရင် ပိုက်ဆံရပြီဆိုတော့ ဘိန်းကိုပြန်စိုက်တာ တွေ့ရတယ်"

ဇွန်လ၂ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၄) တွင်ပါသည့် “ဘိန်းတိုးမြှင့်စိုက်ပျိုးသည့် အကြောင်းအရင်း ပအိုဝ့်လူငယ်များ စာတမ်းပြုစု မည်”သတင်းမှ ပအိုဝ့်လူငယ်များအစည်းအရုံးမှ ဦးခွန်ချန်ကီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့လူတွေက ပထမလယ်ထဲမှာ လယ်စောင့်တဲအဖြစ် ထိုးပြီးနေကြတယ်။ နောက် မိသားစုကိုပါ ခေါ်လာပြီး တဲမဆန့်တော့တာကြောင့် အိမ် အဖြစ် ဆောက်လိုက်ကြတယ်။ နောက်ထပ်ပြီး နွားတင်းကုပ်တွေ၊ ဘာတွေ ဆက်ဆောက်လိုက်တော့ လယ်မြေတစ်ဧကလောက်က နေရာယူသွားတယ်။ ဒီ လိုနဲ့ နောက်လူတွေကပါထပ်ပြီး ဒီလိုလုပ်ကြပြန်ရော။ ကျွန်တော်ဒီကိစ္စကို တစ်ခါက စာရင်းကောက်ဖူးတယ်။ အားလုံးပေါင်း ဧကတစ်သိန်းလောက်ရှိ တယ်။ စပါးမစိုက်ရဘဲနဲ့ကို ပုပ်နေတာ”

ဇွန်လ ၅ ရက်နေ့ New Watch ဂျာနယ် အတွဲ ၇ အမှတ် ၄၈ တွင်ပါသည့်“ရန်ကုန်တိုင်းဒေသကြီးတွင် လယ်မြေဧက တစ်သိန်းကျော် စပါးမစိုက်ပျိုးနိုင်ဘဲ ပုပ်နေကြောင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေကဆို”သတင်းမှ ကောက်နှုတ်ချက်

*************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် အကူအညီပေးရန် တောင်းဆို

(1 June 2012 ရက်စွဲပါ BBC News မှ Aung San SuuKyiAsko for help to meet Burma’s need ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများသည် ထိုင်းအတွက် ပူးတွဲအကျိုးအမြတ်ဟု ဝန်ကြီးချုပ်ရှုမြင်

(Newsline မှ 30 May 2012 ရက်စွဲပါ Thai PM sees side benefits in Burma reforms ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade  ကို ဘာသာပြန်ဆိုသည်)

  1. GE က မြန်မာနိုင်ငံတွင် ရေရှည်အခွင့်အလမ်းမြင်ဟုဆို

(31 May 2012 ရက်စွဲပါ The Wall Street Journal မှ PayungsakWiriyabunditkul ရေးသားသော GE Sees Long-term opportunities in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. သြစတြေးလျရင်းနှီးမြှုပ်နှံသူများထိုင်း၊ မြန်မာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးရန် စိတ်အားထက်သန်

(31 May 2012 ရက်စွဲပါ Fox Business မှ Auotralian Investors Keen to in vest in Thai, Myanmar energy business ကို ဘာသာပြန် ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် အကူအညီပေးရန် တောင်းဆို

(1 June 2012 ရက်စွဲပါ BBC News မှ Aung San SuuKyiAsko for help to meet Burma’s need ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ လိုအပ်ချက်များ ပြည့်မှီရေးအတွက် အကူအညီများပေးကြရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ခဲ့သည်။

ဘန်ကောက်တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စကားပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးရေးနှင့် လေ့ကျင့်ပေးမှုမှာ အရေးပါလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသောအခါ အကျင့်ပျက်ခြစားမှုနှင့် မညီမျှမှုကို အားပေးမှုမဖြစ်သင့်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

“ကျွန်မ ဒီကိုလာတာ ဘာတွေလုပ်ကြပါလို့ ပြောဖို့လာတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဘာတွေလိုအပ်နေတယ်ဆိုတာ ပြောဖို့လာတာပါ”ဟု သူက ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံပြင်ပတွင် ပြောကြားသောမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများသည် ထိုင်းအတွက် ပူးတွဲအကျိုးအမြတ်ဟု ဝန်ကြီးချုပ်ရှုမြင်

(Newsline မှ 30 May 2012 ရက်စွဲပါ Thai PM sees side benefits in Burma reforms ကို ဘာသာပြန်ဆိုသည်)

မစ္စရင်းလတ် ရှင်နာဝပ်ထရာက မိမိသည် မြန်မာပြည်တွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရိပ်လက္ခဏာများကြောင့် စိတ်အားတက်ကြွမှုဖြစ်ရ ပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံခေါင်းဆောင်များလည်း အဆိုပါ ပြုပြင်ပြောင်းလဲမှုများမှ ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းအောင် အားပေးအားမြှောက် ပြုလုပ်ကြမည်ဟု မျှော်လင့်မိကြောင်း ပြောဆိုသည်။ ၎င်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သြစတြေးလျနိုင်ငံသို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရရှိရေးအလို့ငှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၆၀ ခန့်နှင့်အတူသွားရောက်ခဲ့စဉ် မြန်မာနှင့်ပတ်သက်၍ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“စီးပွားရေးကိစ္စကို ကျွန်မတို့ပြေလည်အောင်ဖြေရှင်းကြရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံရဲ့ ပြဿနာတွေရဲ့ဇစ်မြစ်ဟာ ဝင်ငွေမြင့်မားမှုနဲ့ ဝင်ငွေနိမ့်ကျမှုအကြားက ကွာဟချက်ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပထမဦးစွာ အဲဒီကွာဟမှုကို လျှော့ချရပါမယ်။ အိမ်ထောင်စု တစ်ခုချင်းစီ ဝင်ငွေမြင့်တက် အောင် လုပ်ပြီး လျှော့ချရမှာဖြစ်ပါတယ်” ဟု ၎င်းက Newsline သတင်းစာနှင့်ပြုလုပ်သော အင်တာဗျူးတွင် ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ထိုင်းနိုင်ငံက ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး အဆိုပါစီမံကိန်းကြောင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပဒေသအထိ ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုကို တိုးချဲ့ နိုင်မည် ဖြစ်ကြောင်း မစ္စရင်းလတ်ရှင်နာဝပ်က ဆိုသည်။ "ထားဝယ်စီမံကိန်းဟာ ကျွန်မရဲ့မျှော်လင့်ချက်တွေထဲက တစ်ခုပါ။ အဲဒီကနေ အကျိုးအမြတ်တွေ ရရှိမယ် ဆိုတာကို ကျွန်မတို့မြင်နေရတယ်"ဟု ပြောကြားသည်။

မကြာသေးခင် ရက်သတ္တပတ်အတွင်းကလည်း ထိုင်းအစိုးရက ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုနယ်မြေ ဖွံ့ ဖြိုးရေးကို အထောက်အပံ့ဖြစ်စေရန် ကားလမ်း သစ်များ ဖောက်လုပ်ရေးနှင့် ရေလှောင်တမံစီမံကိန်းတစ်ခုစီမံကိန်းပေါင်း ၂၀၃ ခုကို အတည်ပြုပေးခဲ့သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၄ ရက်မှ ၅ ရက်အထိ ထိုင်းနိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်သွားရောက်မည်ဖြစ်ရာ အဆိုပါခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ အပါအဝင် အခြား သော နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စများကို ဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade ကို ဘာသာပြန်ဆိုသည်)

လက်ရှိအချိန်သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ရမည့် အချိန်အခါပင်ဖြစ်သည်ဟု အိန္ဒိယ ထိပ်တန်း စီးပွားရေး ခေါင်းဆောင်ကြီးများက ပြောကြားသည်။

အိန္ဒိယ တယ်လီဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကြီး ဖြစ်သော Bharti Airtel ၏ ဥက္ကဋ္ဌ Sunil Bharti Mittal၊ စတီးလုပ်ငန်းရှင်နှင့် ဥပဒေ ရေးဆွဲသူ Naveen Jindal အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းရှင်များက လတ်တလော မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုများ ပေါ်ပေါက်နေစဉ် ယင်းသို့ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် ပြောဆိုကြခြင်း ဖြစ်သည်။

"မြန်မာနဲ့ ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် ကြီးမားတဲ့အခွင့်အလမ်းတွေနဲ့ အလားအလာတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အများကြီးလိုအပ်နေပါသေးတယ်" ဟု Mittal က မီဒီယာများသို့ ပြောကြားသည်။

"ကျွန်တော်ကတော့ နောက်ကျသွားပြီလို့ မထင်မိပါဘူး။ မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အခုမှ အစပိုင်းမှာပဲ ရှိနေပါသေးတယ်။ လုပ်စရာတွေလည်း အများကြီးပါပဲ။ အခြေခံအဆောက်အဦတွေလည်း အများကြီးတည်ဆောက်ဖို့ လိုအပ်နေတယ်။ နှစ်နိုင်ငံအကြား နွေးထွေးပြီး သမိုင်း ဝင်တဲ့ ဆက်ဆံရေးမျိုး ရှိထားတာကြောင့် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာတဲ့အချိန်မှာ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကူအညီ အထောက် အပံ့ ရရှိမှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်ပတ်သက်သည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြ ကြောင်း၊ အိန္ဒိယသည် မြန်မာနိုင်ငံ တိုးတက်ကြီးပွားရေးအတွက် ပါဝင်လုပ်ကိုင်ပေးရန် ဆုံးဖြတ်ထားသည့်နိုင်ငံဖြစ်ကြောင်း Naveen Jindal ကဆိုသည်။

"မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ပါဝင်လုပ်ကိုင်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိလာပါပြီ။ ဝန်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ကျွန်တော်တို့နဲ့အတူ အိမ်နီးချင်း မြန်မာနိုင်ငံ ကြီးပွားတိုးတက်အောင် အိန္ဒိယကုမ္ပဏီတွေအနေနဲ့ အကူအညီ မဖြစ်မနေ ပေးသင့်တယ်လို့ ဆိုပါတယ်" ဟု ၎င်းကဆိုသည်။

ဒေါက်တာမန်မိုဟန်ဆင်းသည် နှစ်ပေါင်း ၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အိန္ဒိယဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့သည် နှစ်ဖက်နိုင်ငံမှ ကိုယ်စားလှယ်များကို ဦးဆောင်ကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ကို ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ကာ တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး သြဇာ အာဏာအောက်မှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ်ကာလအတွင်း ဝန်ကြီးချုပ် မန်မိုဟန်ဆင်း လာရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

GE က မြန်မာနိုင်ငံတွင် ရေရှည်အခွင့်အလမ်းမြင်ဟုဆို

(31 May 2012 ရက်စွဲပါ The Wall Street Journal မှ PayungsakWiriyabunditkulရေးသားသော GE Sees Long-term opportunities in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရေရှည်စီးပွားရေးအခွင့်အလမ်းကိုတွေ့ရှိသည့်အလျှောက် General Electric ကုမ္ပဏီ (GE)သည် မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်တွင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို လိုင်စင်ရရှိမည်ဟု မျှော်လင့်လျက်ရှိသည်ဟု GE ၏ အာဆီယံ အမှုဆောင်အရာရှိ Stuart Dean က ကြာသပတေးနေ့က ပြောကြား ခဲ့သည်။

ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ မီးစက်ပစ္စည်းများတင်သွင်းရန် မျှော်မှန်းလျက်ရှိရာလက်ရှိအားဖြင့် မြန်မာအစိုးရနှင့် ပေါ့ပါးသော ဓာတ်ငွေ့ဓာတ်အား ပေးတာဘိုင်များ တင်သွင်းရန် ညှိနှိုင်းလျက်ရှိကြောင်း Dean က ဘန်ကောက်ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် သတင်းထောက်များသို့ ပြောကြား ခဲ့သည်။

Dean က ပြောကြားရာတွင် အစိုးရနှင့် ဆွေးနွေးမှုများ စတုတ္ထသုံးလပတ်တွင် ပြီးစီးမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

သြစတြေးလျရင်းနှီးမြှုပ်နှံသူများထိုင်း၊ မြန်မာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးရန် စိတ်အားထက်သန်

(31 May 2012 ရက်စွဲပါ Fox Business မှ Auotralian Investors Keen to in vest in Thai, Myanmar energy business ကို ဘာသာပြန်ဆိုသည်)

သြစတြေးလျ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံ စွမ်းအင်စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် စွမ်းအင်စီးပွားရေး၌ ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီများနှင့် ဖက်စက်လုပ်ကိုင်ရန် အခွင့်အလမ်းများ၊ ရှာဖွေနေသည်ဟု ထိုင်းစက်မှုဝန်ကြီးPongsavasSvasti က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

သြစတြေးလျရင်းနှီးမြှုပ်နှံသူများသည် ထိုင်း၊ နိုင်ငံနှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေနံဓာတု၊ ရေနံနှင့် အခြားအစားထိုး စွမ်းအင် လုပ်ငန်း များကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့သည်ဟု သြစတြေးလျ၏ သယံဇာတ၊ စွမ်းအင်နှင့် ခရီးသွားဝန်ကြီး Martin Ferguson နှင့်တွေ့ဆုံအပြီးတွင် Pongsavas က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

Ferguson သည် ဘန်ကောက်တွင် အရှေ့အာရှအတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်လျက်ရှိရာ ထိုင်းနိုင်ငံပိုင် စွမ်းအင်အုပ်စုကြီး ဖြစ်သော PTT PCL(PTT. TH)နှင့် ရင်းနှီးမြှုပ်နှုံမှုအခွင့်အလမ်းများ ဆွေးနွေးရန် ရှိကြောင်းPongsavar က ပြောကြားသည်။

  ****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာစာဖတ်သူများခင်ဗျာ..

သတင်းလွှာအတွဲ (၂) အမှတ် (၁၉) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ဆန္ဒပြမှုများက မြန်မာအစိုးရသစ်ကိုစမ်းသပ်မှုဟု အာဆီယံ အတွင်းရေးမှူးချုပ်ပြောကြား
၂။ မီးရထားဝန်ကြီး ဦးအောင်မင်း KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ
တာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံ
၃။ ဒီချုပ်ဥက္ကဋ္ဌ အလုပ်သမားရေးနှင့်ပတ်သက်၍ ထိုင်းဒုဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး
၎။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းနိုင်ငံသားမဟုတ်ဟုဦးခင်ရီဖြေရှင်း
၅။ ဇနီးကိုယ်ရေးအရာရှိနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်မရရှိခဲ့ဟု သိရ
၆။ စကားလုံးများဖြင့် ရင့်သီးစွာ ဆက်ဆံခံရခြင်းအပေါ် ကရင်ဒီမိုကရက်တစ်ပါတီ
တိုင်ကြားမည်
၇။ တာမွေ(ယာယီ)ဈေး မီးရှို့ခံရမည့်အရေး ကာယကံရှင်များနှင့်
ပတ်ဝန်းကျင်နေလူထု စိုးရိမ်မှုမြင့်တက်
၈။ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေးအတွက် သမ္မတအား တရုတ်ဖိအားပေး
၉။ တရားဥပဒေစိုးမိုးရေးအတွက် အိုးအိမ်ရုံးရှေ့ ဆန္ဒထုတ်ဖော်တောင်းဆို
၁၀။ ဗိုလ်မှူးတစ်ဦးပိုင်သည့်စက်ရုံ၌ ဆန္ဒပြမှုဖြစ်ပွားစတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာသတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြားထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံအတွင်းရှိဖတ်သူများဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီးဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထားမဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.