Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ၂၀၁၃ ဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပရန် မြန်မာ၏ ဖိတ်ကြားချက်ကိုကမ္ဘာ့စီးပွားရေးဖိုရမ် လက်သင့်ခံ

(AP သတင်းဌာနမှ 2 May 2012 ရက်စွဲပါ WEF accepts 2013 Nay Pyi Taw venueoffer ကိုဘာသာပြန်ဆိုသည်)

  1. မဆင်မခြင် အကောင်းမြင်မှုများကိုရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

(BBC သတင်းဌာနမှ 2 June 2012 ရက်စွဲပါ Suu Kyi Warns on Burma 'Optimism' ကို ဘာသာပြန်ဆိုသည်)

  1. မျက်နှာနှစ်ခု နှင့် ထိုင်းနိုင်ငံ

(31-May-2012 ရက်စွဲပါ The Diplomet မှ Luke Hunt ရေးသားသော Thailand's two faces ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

၂၀၁၃ ဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပရန် မြန်မာ၏ ဖိတ်ကြားချက်ကိုကမ္ဘာ့စီးပွားရေးဖိုရမ် လက်သင့်ခံ

(AP သတင်းဌာနမှ 2 May 2012 ရက်စွဲပါ WEF accepts 2013 Nay Pyi Taw venueoffer ကိုဘာသာပြန်ဆိုသည်)

၂၀၁၃ ခုနှစ်တွင် ကျင်းပရန်ရှိသည့် ဖိုရမ်အား နေပြည်တော်၌ ကျင်းပရန် မြန်မာနိုင်ငံ၏ ဖိတ်ကြားမှုကို ကမ္ဘာ့စီးပွားရေးဖိုရမ်က လက်သင့်ခံလိုက် ပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)ကို တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ Klaus Schwab က မြန်မာနိုင်ငံတွင် သိသာထင်ရှားမှုရှိသော တိုးတက်ဖြစ်ထွန်း မှုများ ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် ထပ်မံလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များစွာ ကျန်ရှိနေသေးကြောင်း ပြောကြား သည်။

"မြန်မာနိုင်ငံရဲ့ ဖိတ်ကြားမှုကို ကျွန်တော်တို့လက်သင့်ခံလိုက်ပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာကျင်းပမယ့် ဖိုရမ်ကျရင် ဧည့်ဝတ်ကျေပွန်မှုတွေ အများ ကြီး ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်။ မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖြစ်မယ့်တိုးတက်ဖြစ်ထွန်းမှုတွေ တွေ့မြင်ရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်"ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သုံးရက်တာကျင်းပသွားသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နောက်ဆုံးနေ့ရက်တွင် ပြောကြားသည်။

ကမ္ဘာတစ်ဝန်းမှ စီးပွားရေးခေါင်းဆောင်နှင့် လုပ်ငန်းရှင် ၆၄၀ ကျော်တက်ရောက်ခဲ့သည့် အဆိုပါဖိုရမ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ရာ အားလုံး၏ စိတ်ဝင်စားမှုခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဖိုရမ်တွင် မြန်မာနိုင်ငံရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများသည် အဓိကဆွေးနွေးစရာ အကြောင်းအရာ ဖြစ်ခဲ့သည်။ သို့သော် ယခုနှစ် ဆွေးနွေပွဲ သဘောတရားမှာ "ချိတ်ဆက်မှုများဖြင့် ဒေသတွင်းအနာဂတ်ကို ပုံဖော်ခြင်း" ဟူသော ခေါင်းစဉ်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများသည် လာမည့်နှစ် WEF အတွက် အသင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးရာတွင် အခြေခံ ပြည်သူ့ဝန်ဆောင်မှုများ ပေါ်ထွက် ရေး၊ လူနေမှုအဆင့်အတန်းများနှင့် အခြေခံ အဆောက်အဦးများ တိုးတက်ကောင်းမွန်ရေး၊ လူမှုသာတူညီမျှဖြစ်ရေး အစရှိသည့် ပြုပြင်ပြောင်းလဲမှုများကို ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကူအညီပေးထောက်ပံ့ရန် ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစရှိသည်တို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု ဦးသန်းဌေးကဆိုသည်။ လတ်တလောအနေအထားတွင် စီးပွားရေးလုပ်ငန်းများ အဆင် ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရေးအတွက် ငွေကြေးပြုပြင် ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု ၎င်း၏အဆိုအရသိရသည်။ မြန်မာနိုင်ငံ သည် ရေနံ၊ သဘာဝဓာတ် ငွေ့အစရှိသည့် သဘာဝသယံဇာတများပေါကြွယ်ဝသောနိုင်ငံဖြစ်သည့်တိုင် အခြားသော စွမ်းအင်ဆိုင်ရာ ထုတ်ကုန်များကို ပြည်ပမှ မှာယူတင်သွင်းနေရဆဲပင်ဖြစ်ကြောင်း၊ အကြောင်းမှာ ဓာတ်ဆီထုတ်လုပ်မှုမှာ စရိတ်စက မြင့်မားသောကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

WEF ၏ ပူးတွဲဥက္ကဌ က အာဆီယံနှင့် ဒေသဆိုင်ရာနိုင်ငံများ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်မှုများက ဧရာမ အခွင့်အလမ်းကြီးများကို ဖော် ဆောင်ပေးသည်မှာ မှန်သော်လည်း စိန်ခေါ်မှုများကား ကျန်ရှိနေဆဲဖြစ်သည် ဟူသော အချက်ကို သဘောတူကြောင်း ပြောဆိုသည်။

GDF Suez ဒ အမှုဆောင်အရာရှိချုပ် Gerard Mestrallet က ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်ဖန်တီးရေးမှာ ကြိုဆိုထိုက်သည့် ကိစ္စတစ်ခုဖြစ်သော်လည်း ချိတ်ဆက်လုပ်ကိုင်မှုပေါ်ပေါက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။

"ဒီကိစ္စက ဒေသတွင်းနဲ့ အခြားကမ္ဘာ့နိုင်ငံတွေအကြား ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်အောင် ဟန့်တားမယ်လို့မထင်မိပါဘူး။ ဒေသတွင်းနဲ့ ကျန်ရှိတဲ့ကမ္ဘာ့နိုင်ငံတွေ ချိတ်ဆက်မိအောင် လုပ်ကိုင်ဖို့လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။

စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်မှုမှာ အာရှဒေသ၏ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး စီးပွားရေးတိုးတက်မှုက ပြည်သူ အများစုကို အကျိုးအမြတ် ဖြစ် ထွန်းစေရေးအတွက် မဖြစ်မနေဆောင်ကြဉ်းပေးရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။ "လူတိုင်းအတွက် အလုပ်အကိုင်ဖန်တီးပေးမှုဆိုတာ အဓိက ကျတဲ့ မေးခွန်းပဲဖြစ်ပါတယ်"

ထိုင်း PTT Plc ကုမ္ပဏီ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် Pailin Chuchottaworn က အာဆီယံအတွက် စိန်ခေါ်ချက်မှာ ယုံကြည်မှုနှင့် သတ္တိရှိမှု လိုအပ်ချက်ပင်ဖြစ်ကြောင်းပြောဆိုသည်။ ယုံကြည်မှုမရှိဘဲ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းအပြည့်အဝ ဖြစ်ထွန်းရေးမှာ ခက်ခဲမည် ဖြစ် သည်ဟု ၎င်းကဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

မဆင်မခြင် အကောင်းမြင်မှုများကိုရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

(BBC သတင်းဌာနမှ 2 June 2012 ရက်စွဲပါ Suu Kyi Warns on Burma 'Optimism' ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အပေါ် မဆင်မခြင်သဘောဖြင့် အကောင်းမြင် စိတ်ထားရှိခြင်းမျိုးကို သတိပြုသင့် သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောဆိုရာတွင် "မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် နောက်ကြောင်းပြန်မလှည့်နိုင်သည့် အနေအထားမျိုးသို့ မရောက်ရှိသေးကြောင်း" ၎င်းက ပြောဆိုသည်။ ထို့အတူ မိမိအနေဖြင့် ကိုယ်စားလှယ်အဖြစ် တက် ရောက်လျက်ရှိသည့် ပါလီမန်လွှတ်တော်ဟူသည်မှာလည်း ဒီမိုကရေစီအလေ့အထများနှင့် ဝေးကွာနေဆဲပင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း မြန်မာပြည်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်ကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးမှုနှင့် သင် တန်းပို့ချမှုတို့သည် မြန်မာလူငယ်ထုအတွက် လွန်စွာအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ကျွန်မအနေနဲ့ ရှင်တို့ဘာလုပ်ရမယ်ဆိုတာကိုပြောဖို့ ဒီကိုရောက်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့တတွေ ဘာတွေလိုအပ်နေတယ် ဆိုတာကိုပြောမှာပါ"ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စတင်ပြောဆိုခဲ့သည်။ ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း ၂၀ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသူများအနေဖြင့် သာမန်မြန်မာပြည်သူလူထု၏ လူမှုဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် လိုအပ်ချက်များကို သိရှိထားသင့်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။ "ကျေးဇူးပြု၍ ကျွန်မတို့အတွက် လေးလေးနက်နက်စဉ်းစားပေးကြပါ"

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ဂုဏ်ပြုပြောဆိုမှုများစွာလည်း ဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ မြန်မာ့ပြုပြင်ပြောင်းလဲမှုများအပေါ် သတိထားစောင့်ကြည့်ရန်လည်း တိုက်တွန်းပြောဆိုသည်။ လက်ရှိ ပြုပြင်ပြောင်းလဲမှုများ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင်ပတ်သက်မှု ရှိ၊ မရှိဟူသောကိစ္စမှာ ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း၊ သို့အတွက်ကြောင့် နိုင်ငံတ ကာအသိုင်းအဝိုင်းအနေဖြင့် "မဆင်မခြင် အကောင်းမြင်မှု" မျိုး ရှောင်ရှားကြရန် တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အားပေးအားမြှောက်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့သော် စစ်မှန်သည့် တရားဥပဒေမူဘောင်နှင့် လွတ် လပ်မှုရှိသော တရားစီရင်ရေးစနစ်တို့ မပေါ်ပေါက်သေးကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို စီးပွားရေးအရ အမီလိုက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အဂတိလိုက်စားမှုများကို ဦးစားပေး တိုက်ဖျက်မှ သာဖြစ်နိုင်ကြောင်း နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အဂတိလိုက်စားမှုများနှင့် သာတူညီမျှမဖြစ်မှုတို့ကို ထပ်မံ ဖြစ်ထွန်း စေမည့်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံအနေဖြင့် မလိုအပ်ပါကြောင်းလည်း ပြောကြားသည်။ "အလုပ်အကိုင်တွေရရှိစေဖို့အတွက် ကျွန်မတို့အနေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လိုပါတယ်"

ဖြစ်ပေါ်လာမည့် အလုပ်အကိုင်သစ်များ ရရှိနိုင်ရန် မြန်မာလုပ်သားများ အဓိကလိုအပ်သည်မှာ အရည်အသွေး လေ့ကျင့်ပျိုးထောင်ပေးမှုသာ ဖြစ် သည်ဟု ဆိုသည်။

"အခြေခံအရည်အချင်းတွေ ရှိထားဖို့အတွက် အင်မတန်လိုအပ်နေပါတယ်။ အဆင့်မြင့်သင်တန်းတွေထက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေကို ကျွန်မတို့ပိုလိုအပ်ပါတယ်"ဟု ဆိုသည်။

အဆင့်မြင့်ပညာရေးကို ၎င်းအနေဖြင့်ပို၍တန်ဖိုးထားသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်၏ လိုအပ်ချက်ကို လက်တွေ့ ကျသည့် နည်းလမ်းဖြင့် ထည့်သွင်းစဉ်းစားသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ် မြန်မာပြောင်းရွှေ့လုပ်သားများ အများဆုံးနေထိုင်သည့် ဆမတ်ဆတ်ခွန်ပြည်နယ်သို့ သွားရောက်ကာ မြန်မာလုပ်သားများနှင့်တွေ့ဆုံခဲ့ရာ ထောင်ပေါင်းများစွာက သူမကို ကြိုဆိုခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------

မျက်နှာနှစ်ခု နှင့် ထိုင်းနိုင်ငံ

(31-May-2012 ရက်စွဲပါ The Diplomet မှ Luke Hunt ရေးသားသော Thailand's two faces ကို ဘာသာပြန်ဆိုသည်။)

ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံသည် သတင်းခေါင်းစဉ်များတွင် နှစ်ကြိမ်နေရာယူခဲ့ပါသည်။ ဘန်ကောက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၄ နှစ်အတွင်း သူမ၏တိုင်းပြည်မှ ပထမဆုံးအဖြစ် ပြည်ပသို့ ခရီးထွက်ရာတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံခဲ့ခြင်းကြောင့် အများ၏ ချီးကျူးမှုကို ခံခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ရွှေ့ပြောင်းလုပ်သားများထံ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့၏ အကြောင်းများ ကို နာထောင်ခဲ့ပြီး၊ ကျန်းမာရေးကဲ့သို့သောကိစ္စများကို အာရုံပြုခဲ့သည်။

သူက လုပ်သားများအား ၎င်းတို့၏ကိစ္စများကို ထိုင်းအာဏာပိုင်များထံ တင်ပြမည်ဖြစ်ကြောင်းနှင့် လာမည့် ဂျီနီဗာတွင် ကျင်းပမည့် နိုင်ငံတကာ အလုပ်သမားကွန်ဖရင့်၌လည်း တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံကလည်း သူ့အကျိုးစီးပွားနှင့် ယှဉ်၍ စဉ်းစားမှုများရှိသည်။ မြန်မာနိုင်ငံသည် တံခါးဖွင့်လှစ်ပြီး ဒီမိုကရေစီအတွက် ကတိက၀တ်များ ပေး လာသောအခါ၊ အာဆီယံနိုင်ငံများသည် ၂၀၁၅ခုနှစ်တွင် ပေါ်ပေါက်လာတော့မည့် အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်းတွင် မြန်မာနိုင်ငံပါဝင်နိုင်ရေးအတွက် မနေမနား ကြိုးစားလျက် ရှိကြသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံအတွက် ဈေးပေါသော လုပ်အားအရင်းအမြစ်များအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ရာ ၎င်း တို့အိမ်ပြန်မည်ကို ထိုင်းနိုင်ငံက စိတ်ပူပါသည်။ မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်မှာမူ တခဲနက်ကြိုဆိုခြင်းကို ခံခဲ့ရသည်။

အထက်ပါ လုပ်ဆောင်ချက်မှာ ထိုင်းနိုင်ငံက ၎င်းတို့ လူမျိုးတစ်ဦးကို ပြစ်ဒဏ်ပေးခြင်းနှင့် ခြားနားသော တွေ့ကြုံရမှု ဖြစ်သည်။ ဘန်ကောက်တရား ရုံးသည် ထိုင်းအမျိုးသမီး ChiranuchPremchaipornအား ကွန်ပြူတာရာဇ၀တ်မှု ကျူးလွန်သည်ဟုဆိုကာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါသည်။ ထောင် ဒဏ်ကိုရှစ်လလျော့ချပြီး ယာယီရုတ်သိမ်းပေးခဲ့သည်။ Chiranuch သည် Prachatai တွင် အွန်လိုင်းသတင်းစာစောင်မှ ၀က်ဆိုဒ်မန်နေဂျာ ဖြစ်သည်။

သူမကျူးလွန်ခဲ့သည့်ပြစ်မှုမှာ အွန်လိုင်းပေါ်မှ အချို့တိုင်းပြည်၏ တော်ဝင်မိသားစုကို ထိပါးသည့် မှတ်ချက်များကို အချိန်မီ ဖျက်ပစ်နိုင်မှုမရှိ၍ဟု ဆိုပါသည်။ တစ်နည်းအားဖြင့် တော်ဝင်မိသားစုများကို စော်ကားသည့် ပြစ်မှုမျိုးဖြစ်ပြီး၊ တရားဥပဒေအရ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို စမ်း သပ်မှုတစ်ခုပင် ဖြစ်ပါသည်။

အမှန် ထိုပြစ်မှုအတွက် Chiranuch သည် ထောင်ဒဏ် အနှစ်နှစ်ဆယ်ပင် ကျနိုင်ပါသည်။ သို့သော် ထိုင်းဝန်ကြီးချုပ်၏ အတွင်းရေးမှူးထံသို့ တယ် လီဖုန်း SMS လေးခု ၀င်ရောက်လာပြီး ထိုင်းဘုရင်အပေါ် ဆန့်ကျင်ဝေဖန်ထားမှုနှင့် ပတ်သက်၍ သာမန်အလုပ်လုပ်ကိုင်နေသူ ၆၆ နှစ်ရှိ Ampon Tangnoppakul အား ထောင်ဒဏ် အနှစ်နှစ်ဆယ်ချခဲ့ရာ Ampon မှာ ၎င်းမသိရသောပြစ်မှုအတွက် ခံခဲ့ရပါသည်။ ၎င်းသည် ထောင်ထဲတွင် ပါးစပ်ကင်ဆာ ဖြင့် သေဆုံးသွားခဲ့ခြင်းကြောင့် တရားရုံးသည် Chiranuch အပေါ် လျော့ပေါ့သော ပြစ်ဒဏ် ချခဲ့ခြင်းဖြစ်ပါသည်။ တော်ဝင်မိသားစုအား ကာကွယ်သည့် ဥပ ဒေတွင် ထိုင်းဘုရင်အပေါ် မတရားရေးသားခြင်း၊ စော်ကားခြင်းများကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သို့သော်ဝေဖန်သုံးသပ်သူများက ၎င်းတို့ကို နိုင်ငံရေးသမားများနှင့် ၎င်းတို့ကို ထောက်ခံသူများက ၎င်းတို့၏ အတိုက်အခံများကို ပါးစပ်ပိတ်သွားစေရန် အသုံးချခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုင်း ဘုရင်ဘူမိဘောကဘုရင်အပေါ် ဝေဖန်မှုများကို မဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

Chiranuch သည် အဘီဆစ် စတင်လုပ်ဆောင်ခဲ့သည့် အွန်လိုင်းမီဒီယာတွင် ဘုရင်ကို ဆန့်ကျင်သည်ဟု အစိုးရက ယူဆရသော ပါဝင်မှုများကို နှိမ်နင်းစဉ် အဖမ်ခံခဲ့ရသည်။ သို့သော် သူမက အပြစ်မရှိကြောင်း လျှောက်ထားနိုင်မည်ဟု ထင်ခဲ့ပြီး၊ အင်တာနက်တွင် ဆင်ဆာတည်းဖြတ်မှုနှင့် တတိယလူ က တင်ထားသော မှတ်ချက်များကို ၀က်ဆိုဒ်အော်ပရေတာမှ တာဝန်ရှိ၊ မရှိဆိုသည့်အပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် ၆ နှစ်အတွင်း နိုင်ငံရေးအရ လှုပ်ခတ်မှု ကြီးမားစွာဖြစ်ခဲ့ရာ ရှပ်နီ၊ ရှပ်ဝါများ၏ အားပြိုင်မှုတွင် ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် လာရောက်လည်ပတ်မှုသည် ထိုင်းနိုင်ငံအတွက် အကောင်းဆုံး ဥပမာပေးရန်နှင့် လေကောင်းလေသန့် ပေးရန် လိုပါသည်။ သို့သော် Chiranuch အပေါ် အဆုံးအဖြတ်မျိုးကြောင့် ထိုင်းနိုင်ငံကို ကောင်းမွန်သည်ဟု အဆင့်သတ်မှတ်ရန် ခဲယဉ်းသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး

*****************************************

ဆောင်းပါးကဏ္ဍ

 မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး

ထက်ခိုင်

ဇွန်လ ၄ရက်နေ့ထုတ်The Voice ဂျာနယ် အတွဲ(၈) ၊အမှတ်(၂၄)ပါဆောင်းပါးမှ ကူးယူဖော်ပြချက်

နိဒါန်း

မြန်မာနိုင်ငံတွင် အရေးတစ်ကြီး လက်ရှိ ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုမှာ လတ်တလော လျှပ်စစ်စွမ်းအင်ဖူလုံရေးနှင့် ရေရှည်လျှပ်စစ် စွမ်း အင် လုံခြုံရေးဟု ရှုမြင်သည်။ စိန်ခေါ်မှုကိုရှုမြင် သုံးသပ်ရာတွင် ပကတိအရှိတရားကို သုတေသန ဖန်ပြားပေါ်တင်၍ ဘက်မလိုက်တမ်း သုံးသပ်လေ့လာ ကြည့်မှသာ အနီးစပ်ဆုံးသော အဖြေမှန်သို့ ရောက်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီနောက် စတင်ဆောင်ရွက်ခဲ့သည့် KTA Development Plan မှအစပြုလျက် လက်ရှိအစိုးရသစ်လက်ထက်အထိ အမျိုးမျိုးသော မဟာဗျူဟာအပြောင်းအလဲ ၊ မူဝါဒအချိုးအကွေ့များ ကြုံတွေ့ခဲ့ရခြင်းသည် လက် ရှိ ဖြစ်ပေါ်နေသော လျှပ်စစ်စွမ်းအင် အကြပ်အတည်းသို့ ဆိုက်ရောက်စေခဲ့သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ဤအတွက် လက်ညှိုးထိုးအပြစ်ဖို့စရာ ရှာ ဖွေဖော်ထုတ်နေခြင်းသက်သက်ဖြင့် လက်ရှိကြုံတွေ့နေရသော အမျိုးသားစွမ်းအင် အကြပ်အတည်းကို ကျော်လွန်နိုင်မည်မဟုတ်ပေ။ လမ်းကြောင်းမှန် ပေါ် ရောက်ရှိစေမည့် မူဝါဒသစ်ကို ရှာဖွေပြောင်းလဲရမည်ဖြစ်သည်။

“အဓိက မီးမောင်ထိုးတင်ပြလိုသည့်အချက်မှာ နိုင်ငံရေး၊ စီးပွားရေးလက်ရှိ ပွင့်လင်းလာသော လက်ရှိအခင်းအကျင်းတွင် တစ်မျိုးသားလုံး ရင် ဆိုင်နေရသည့် လျှပ်စစ်စွမ်းအင်ပြဿနာဖြေရှင်းနိုင်ရေးကိုသာ မျက်မှောက်ပြုကြရန် ဖြစ်သည်။ တနည်းဆိုရလျှင် အမျိုးသားစွမ်းအင်လုံခြုံရေးပြဿနာ ကို ယနေ့နိုင်ငံသားတိုင်း ကြုံတွေ့ရင်ဆိုင်နေရသောကြောင့် လက်တွေ့ကျ၍ ရေရှည်တည်တံ့သော အမျိုးသားစွမ်းအင်လုံခြုံရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော်နိုင်ရေး လိုအပ်လာခြင်းပင်ဖြစ်သည်။

လျှပ်စစ် စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှု လုပိကိုင့်ခွင့်နှင့် ဥပဒေများပြုပြင်ပြောင်းလဲခြင်း

လွတ်လပ်ရေးရပြီးကာလမှ ၁၉၈၄ ခုနှစ်အထိ လျှပ်စစ်ဌာနဟူ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းအဖြစ် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအောက်တွင် ရှိခဲ့ပြီး ၁၉၈၅မှ ၁၉၉၆ ခုနှစ်အထိ စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့သည်။ လျှပ်စစ်စွမ်းအားထုတ်လုပ်ရေး သယ်ယူဖြန့်ဖြူးရေး လုပ်ငန်းအားလုံးကိုလည်း ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းကသာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ တပ်မတော်အစိုး ရလက်ထက် ၁၉၉၇ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ သီးခြားဌာနတစ်ခုအဖြစ် ဖွဲ့စည်းထူထောင်ကာ ၂၀၀၆ ခုနှစ်အထိ ယင်းဝန်ကြီးဌာန တစ်ခု တည်းကသာ ဓာတ်အားထုတ်လုပ်ရေးဖြန့်ဖြူး ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည်။၂၀၀၆ ခုနှစ် မေလတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ၀န်ကြီးဌာနနှစ်ခုအဖြစ် ခွဲထုတ်ကာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရေးကို တာဝန်ယူဆောင်ရွက်စေခဲ့ကြောင်း တွေ့ရှိရသည်။

ပုဂ္ဂလိကကဏ္ဍပါဝင်မှုကို လေ့လာကြည့်လျှင် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းများကို တည်ဆောက်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် ပြည်ပကုမ္ပဏီများ နှင့် တွဲဖက်၍ ပါဝင်နိုင်သော အခွင့်အလမ်းများ စတင်ခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ သို့သော်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများ တွင် ဈေးကွက်စီးပွားရေး၏ ကြန်အင်လက္ခဏာများဖြစ်သော ပုဂ္ဂလိကလက်ဝယ်တွင် လွတ်လပ်စွာလုပ်ကိုင်ခွင့် ဈေးကွက်နှင့် စားသုံးသူအကြား လွတ်လပ် စွာ ယှဉ်ပြိုင်နိုင်ခွင့် ဥပဒေကြောင်းအရ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုံခြုံမှုအတွက် အာမခံပေးနိုင်သော ဥပဒေ၊ နည်းဥပဒေများ တိတိကျကျ သတ်မှတ် ပြဌာန်းထားခြင်းများ မရှိသေးကြောင်း တွေ့ရှိနိုင်သည်။

၁၉၈၅ ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ အာရှ ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသရှိ နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့် ဖြူးမှုဆိုင်ရာ သုတေသနပြုလုပ်မှုတစ်ရပ်အရ ထုတ်လုပ်ဖြန့်ဖြူးမှုပြောင်းလဲရန် လိုအပ်ချက်ခုနစ်မျိုးကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

(၁) နိုင်ငံစုံကော်ပိုရေးရှင်းများတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊၀န်ဆောင်မှုမတိုချဲ့နိုင်ခြင်း၊တည်ငြိမ် စိတ်ချရခြင်းမရှိသော ဖြန့်ဖြူးမှုများ စသည်တို့ကြောင့် အားနည်းနေခြင်း၊

(၂) စီပွားရေးတိုးတက်လာသည်နှင့်အမျှ မြင့်တက်လာသော ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီး မြှပ်နှံမှု၊ ကြံ့ခိုင်ထိန်းသိမ်းမှု၊ အဆင့်မြှင့်တင်မှု၊ စရိတ်များကို နိုင်ငံပိုင်လုပ်ငန်းများအနေဖြင့် လုပ်ဆောင်နိုင်စွမ်းမရှိတော့ခြင်း၊

(၃) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုများတွင်လည်းကောင်း၊သုံးစွဲမှု တွက်ချက်သော စက်ကိရိများတွင်လည်းကောင်း၊ နည်းပညာများ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခြင်းကြောင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုတွင် ခေတ်ဟောင်းဖွဲ့စည်းတည်ဆောက်မှုများ အလုပ်မဖြစ်တော့ခြင်း၊

(၄) ပြည်သူ့ရေးရာ ၀န်ဆောင်မှုများတွင် အခြားသောကဏ္ဍများတင် တိုမြှင့်သုံးစွဲရခြင်းကြောင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ဖြည့်ဆည်းပေး နေခြင်းများ ဖယ်ရှားရန်အကြောင်းဖန်လာခြင်း၊

(၅) နိုင်ငံတော်ပိုင်လုပ်ငန်းများကို ပုဂ္ဂလိကများလက်ဝယ်သို့ လွှဲပြောင်းရောင်းချခြင်းဖြင့် အချိန်တိုအတွင်း ငွေကြေးအလုံးအရင်းများ ရရှိရန် လိုအပ်လာ ခြင်း၊

(၆) ၁၉၈၀ပြည့်နှစ်များတွင် ချီလီ ၊ အင်္ဂလန်၊ဝေးလ် နှင့် နော်ဝေနိုင်ငံများတွင် လျှပ်စစ်စွမ်း အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း အောင်မြင်လာခြင်းကြောင့် အခြားသောဖွံ့ဖြိုးဆဲ နိုင်ငံများကယင်းသို့သောပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် လိုလားလာခြင်း၊

(၇) နိုင်ငံများပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများမှ ဖိအား ပေး တောင်းဆိုလာကြခြင်း။

အထက်ပါအခြေအနေ ခုနစမျိုးမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာရသော အကြောင်း အရင်းများ ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရလည်းကောင်း၊ တိုးတက်ပြောင်းလဲနေသော လူနေမှုစနစ်နှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ခန့်မှန်းချက်အရလည်းကောင်း ပြုပြင်ပြောင်းလဲမှုများ အရေးတကြီး ဆောင်ရွက်လာပြီဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈၏ နောက်ဆက်တွဲ ဇယား (၂) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောကဏ္ဍမှ ပြည်ထောင်စုက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်က စီမံပိုင်ခွင့်ရှိသော အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဥပဒေများ၊ နည်းဥပ ဒေများ ပြဋ္ဌာန်းပေးရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ ထိုသို့ ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခိုင်မာအောင် ပြဋ္ဌာန်းပေးခြင်းဖြင့် ရင်းနှီးမြှပ်နှံမှုများ လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများ လျော့နည်းရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုတို့ကို ဆောင်ကြဉ်းနိုင်ရေးတို့ ရှိစေမည် ဖြစ်ပါသည်။

အချို့က လျှပ်စစ်ဓာတ်အား မလုံလောက်မှုများနှင့် စပ်လျဉ်း၍ စနစ်ကို အပြစ်တင်ကြသည်ကို တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံခြေခံဥပဒေ၏ အာမခံ ချက်များကို ထည့်သွင်းတွက်ချက်ရန် တင်ပြလိုခြင်းဖြစ်သည်။ စနစ်သည် ပြောင်းလဲနေပြီဖြစ်သည့်အပြင် ယင်းစနစ်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များ အပြည့်အ၀ရရှိစေရေး ကြိုးပမ်းအားထုတ်ကြရန်လိုသေးသည်ကို သိမြင်နားလည်မှသာ စနစ်သစ်၏ ကောင်ကျိုးများကို အပြည့်အ၀ ရရှိခံစားနိုင်မည် ဖြစ်ပါ သည်။ ဖွဲ့စည်ပုံအခြေခံဥပဒေပါ အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များအား အပြည့်အ၀ရယူအသုံးချ၍ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာစေရန် လမ်းဖွင့်ပေးနိုင်မည့် အခွင့်အလမ်းရှိစေရန်လည်း လိုအပ်မည်။ ဆိုလိုသည်မှာ လျှပ်စွမ်းအားထုတ်လုပ်ဖြန့်ဖြူးမှု အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ ဖြေရှင်းရာတွင် ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုများအား လမ်းဖွင့်ပေးခြင်းအပါအ၀င် ယင်းအခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင် နိုင်ရေးသည် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကသာ ဖော်ဆောင်ပေးနိုင်မည်ဟု သုံးသပ်မိသည်။

လျှပ်စစ်စွမ်းအင်အရင်းအမြစ်များကို အားထားပြုမှု ပြုပြင်ပြောင်းလဲရေး

ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ သဘာဝအရင်းအမြစ်များ ပေါများမှုကို အခြေခံ၍ မြန်မာနိုင်ငံ၌ ရွေးချယ်ခဲ့သော လျှပ်စစ် ထုတ်လုပ်ရေးမူဝါဒသည် ရေအားလျှပ်စစ်ကို အခြေခံခဲ့ကြောင်း တွေ့ရှိရသည်။ ယခု ၂၀၁၂ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ များတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၉ ရုံ၊ ၁၆၆၀ မဂ္ဂါဝပ်၊ တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံ ၁၂၀ မဂ္ဂါဝပ်နှင့် သဘာဝဓာတ် ငွေ့ ဓာတ်အားပေးစက်ရုံ ၁၅ ရုံ ၇၁၄ မဂ္ဂါဝပ် စုစုပေါင်းထုတ်လုပ်မှု ၃၄၉၄ မဂ္ဂါဝပ်ရှိကြောင်း တွေ့ရှိရသည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်ဆဲ စီမံကိန်းများမှ ပြီးစီးနိုင်သည့် စီမံကိန်းများကို လေ့လာကြည့်သောအခါ ချီဗွေငယ်စီမံကိန်း ၅၅မဂ္ဂါဝပ် ၊ သောက်ရေခပ်(၂)စီမံကိန်းမဂ္ဂါဝပ်၁၂၀၊ ဖြူးစီမံ ကိန်း ၄၀ မဂ္ဂါဝပ်၊ ဘီလူချောင်းစီမံကိန်း ၅၂မဂ္ဂါဝပ်၊ နန်ချိုစီမံကိန်း ၅၀ မဂ္ဂါဝပ်၊ အထက်ဘီလူးချောင်းစီမံကိန်း ၂၉ မဂ္ဂါဝပ်၊ အထက်ပေါင်လောင်းစီမံကိန်း ၁၄၀ မဂ္ဂါဝပ်ဖြစ်၍ စုစုပေါင်းထပ်တိုးရရှိလာနိုင်သည့် မဂ္ဂါဝပ်မှာ ၅၀၂ မဂ္ဂါဝပ်သာဖြစ်ကြောင်း တွေ့ရှိသည်။

ဓာတ်အားသုံးစွဲမှုအပိုင်းကို လေ့လာကြည့်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၀၀ မဂ္ဂါဝပ်ခန့် မန္တလေးတိုင်းဒေသကြီးတွင် ၁၂၀ မဂ္ဂါဝပ်ခန့်၊ နေပြည် တော်တွင် ၅၀ မဂ္ဂါဝပ်၊ တောင်ကြီး ၂၅ မဂ္ဂါဝပ်၊ မုံရွာ ၁၅ မဂ္ဂါဝပ် အသီးသီး သုံးစွဲနေကြသည်။ အိမ်ထောင်စုအလိုက် လျှပ်စစ်မီရရှိမှုကို ကြည့်လျှင် ရန်ကုန် တိုင်းဒေသကြီးတွင် သုံးအိမ်ထောင်လျှင် နှစ်အိမ်ထောင်နှုန်း၊ ရာခိုင်နှုန်းအားဖြင့် ၆၆ ရာခိုင်နှုန်းရရှိကြောင်း၊ နေပြည်တော် ၃၄ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီး၃၃ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် ၃၀ ရာခိုင်နှုန်း စသည်ဖြင့် ရရှိကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးမှာ မြစ်ချောင်းများ ပေါများပြီး လူဦး ရေပေါများမှုများကြောင့် လျှပ်စစ်မီးရရှိမှုမှာ ၁၀ ရာခိုင်နှုန်းကျော်သာရှိပြီး ချင်းပြည်နယ်မှာ ဧရာဝတီတိုင်းဒေသကြီးထက်ပင် ပိုမို၍ရရှိကြောင်း တွေ့ရှိရ သည်။

အဓိကအကျပ်အတည်းသည် လျှပ်စစ်ဓာတ်အား အများဆုံးသုံးစွဲသော ရန်ကုန်မြို့၏အနီးတွင် လုံလောက်အောင် ထုတ်လုပ်ပေးနိုင်သော လျှပ် စစ်ဓာတ်အားပေးစက်ရုံ မရှိခြင်းပင် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဝေးလံသော ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားဖြည့်တင်းရန် ဓာတ်အား ပေးလိုင်း ရှည်လျားစွာဆွဲရသဖြင့် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ ရှိနေသည်။ (ယခုနောက်ဆုံးသိရှိရသော သတင်းများအရ တောင်ကိုရီး ယား နိုင်ငံမှ Busan Korea Biotechnology BKB ကုမ္ပဏီမှ ရန်ကုန်မြို့နှင့် သီလ၀ါစက်မှုဇုန်အတွက် ၅၀၀မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် GEကုမ္ပဏီနှင့် ပူးပေါင်း၍ အလုံနှင့် လှော်ကားရှိ ဓာတ်အား တာဘိုင်သုံးလုံးကို အချိန်တိုအတွင်း စက်များ အစုံလိုက်လဲလှယ်၍ မူလသုံးစွဲသည့် သဘာဝဓာတ်ငွေ့ပမာဏကိုပင် အသုံးပြုလျက် ၇၀MWတိုးမြှင့် ထုတ်လုပ်ရေးကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အခြားအစီအစဉ်ကိုလည်း သိရှိသလောက်အောက်တွင် ဖော်ပြထားပါသည်။)

သို့ရာတွင် အဓိကစဉ်းစားရန်မှာ တိုးတက်လာမည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ၏ လျပ်စစ်လိုအပ်ချက်ကို ခန့်မှန်းတွက်ချက်၍ ဖြေရှင်းနိုင်ရေး စွမ်းအင်မူဝါဒချမှတ်ရန် သုံးသပ်မိပါသည်။

လူဦးရေ လေးသန်းခွဲသာရှိသော စင်ကာပူ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ (၁၁၀၀၀)မဂ္ဂါဝပ် ရှိနေသည့်အတွက် လူဦးရေ ခြောက်သန်းသာရှိသော ရန်ကုန်မြို့သည် စီပွားရေး တိုးတက်လာပြီး စက်မှုဖွံ့ဖြိုးလာခဲ့လျှင် လက်ရှိ ၆၀၀ မဂ္ဂါဝပ်မှ နှစ်ဆခန့် မြင့်တက်လာမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်၏ အနီး ၀န်းကျင်တွင် လျှပ်စစ်ဓာတ်အား(အနည်းဆုံး) ၁၀၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ဓာတ်အားပေးစက်ရုံများ တည်ဆောက်ထားရှိရန် လိုအပ်မည်ဖြစ်သည်။

မန္တလေးမြို့၏ အနီးအနား၌ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်နိုင်သော ရဲရွာရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားသဖြင့်လည်းကောင်း၊ ဆည်တော်ကြီး၊ ကင်းတား စသည့် စက်ရုံငယ်များ တည်ရှိနေခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းသို့ ပို့လွှတ်ရသည့် လျှပ်စစ်ဓာတ်အားမှာ မန္တလေးကို ဖြတ်သန်းသွားရသဖြင့်လည်းကောင်း၊ နောင်တွင် တိုးမြင့်လာမည့်သုံစွဲမှုများအရ လည်းကောင်း၊ ထိုက်သင့်သည့် ဖူလုံမှုများရှိနေသည်ဟု ဆိုနိုင်သည်။

လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်သည့် စီမံကိန်းလျာထားချက်များကို လေ့လာကြည့်လျှင် ၂၀၁၂ ခုနှစ်မှ ၂၀၂၀အထိ (ဘတ်ဂျတ်ပုံမှန်ရရှိ နေလျှင်) စီမံကိန်း၁၁ခုပြီးစီးမည်ဖြစ်သော်လည်းစက်တပ်ဆင်အားမှာ ၁၉၂၂ မဂ္ဂါဝပ်သာ တိုးတက်ရရှိလာမည် ဖြစ်ပါသည်။ ပြည်သူလူထုမှ လျှပ်စစ် တိုးမြှင့် သုံးစွဲနိုင်မည့် အခြေအနေများ၊ စက်မှုလုပ်ငန်များနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မြင့်မားလာမည့် အနေအထားနှင့် နှိုင်းယှဉ်ကြည့်လျှင် လက်ရှိမြန်မာ နိုင်ငံ၏ စီမံကိန်းလျာထားချက်များသည် လုံလောက်မှုမရှိဟု သုံသပ်မိပါသည်။

ဓာတ်အားပေးစက်ရုံများမှာ တောတောင်များထဲတွင် တည်ဆောက်ထားရှိပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ပို့လွှတ်နေရသည်။ ဓာတ် အားထုတ်လုပ်မှု၏ ၄၀ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီး (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား)မှ ထုတ်လုပ်ပြီး ၂၀ရာခိုင်နှုန်းကို ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် (လောပိတ-၁၊၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့် ၂)၊ ရန်ကုန်မြို့အနီးရှိ သဘာဝဓာတ်ငွေ့သုံး စက်ရုံများမှ ၂၀ရာခိုင်နှုန်း (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ)၊ ရှမ်းပြည်နယ်မှ ၁၅ရာခိုင်နှုန်း (ရွှေလီ-၁) ထုတ်လုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ ရန်ကုန်တွင် ထုတ် လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ရွှေလီမှ စတင်သယ်ယူပြီး ရွှေလီ-မန်စံ-ရွှေစာရံ (မန္တလေးအနီးမှ) ဘဲလင်း-သပြေ၀ (မိတ္ထီလာအနီး) အထိ၊ ထိုမှ သာစည်-ပျဉ်းမနာ-ကမာနတ်(ပဲခူးအနီး)၊ ထိုမှတဆင့် ရန်ကုန်မြို့ပြင်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပို့ဆောင်ပေးရသည်။ လောပိတမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားမှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းမှတဆင့် သာစည်တွင် လာရောက်ပေါင်းစုံပြီး လောပိတ-သာစည် ဓာတ်အား လိုင်းမှတဆင့် တောင်ငူတွင် လာရောက်ပေါင်းစုံသည်။ (ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်မိုင်းခွဲခံရ၍ ဓာတ်အားပို့လွှတ်၍ မရသောကြောင့် ရန်ကုန်မြို့သို့ ဓာတ်အားပို့လွှတ်၍ မရသည်ကို သတင်းထုတ်ပြန်ချက်များအရ သိရသည်။)

ရှည်လျားသော ဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့ရာ၌ ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်ရသည်။ လက်ရှိ အသုံးပြုနေသော အမျိုးသားဓာတ် အားလိုင်းကွန်ရက်သည် ရှည်လျားပြီ အဆင့်မြှင့်တင်ရန် လိုအပ်သည့် ဓာတ်အားလိုင်းမှတဆင့် ဖြန့်ဖြူးရခြင်းကြောင့် ပို့လွှတ်သော လျှပ်စစ်ဓာတ်အား၏ ၂၅ ရာခိုင်နှုန်း ပျောက်ဆုံးနေသည့် ကိစ္စသည်လည်း အလေးထား ကုစားရမည့်ကိစ္စ ဖြစ်ပေသည်။ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးရခြင်းသည် ဓာတ်အားသယ်ယူ မှုနှင့် ဖြန့်ဖြူးမှုစနစ် (Transmission and Distribustion System) ကြောင့် ဖြစ်ပေါ်လာရသည်။ ထိုကိစ္စကို နည်းပညာ၊ ကျွမ်းကျင်သောလူ၊ အဆင့်မြင့်စက် ပစ္စည်းသစ်များ အသုံးပြု၍ ဆောလျင်စွာ ပြင်ဆင်သင့်ပေသည်။ လျော့နည်းပျောက်ဆုံးမှု နည်းနိုင်သမျှ နည်းစေရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သင့်ပေ သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs