Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အဖိုးလည်တစ်ဦးနဲ့ အရပ်ဝတ် ဘောဂဗေဒစုံထောက်ကြီး

*****************************************

ဆောင်းပါးကဏ္ဍ

အဖိုးလည်တစ်ဦးနဲ့ အရပ်ဝတ် ဘောဂဗေဒစုံထောက်ကြီး

ဦးကြည်မြင့်(လသာ)

(ဇွန် ၂၅ ထုတ် THE STREET VIEW အတွဲ (၁) အမှတ် (၂၄) မှ ထုတ်ယူသည်။)

‘ဘယ့်နှယ် အရပ်ဝတ်ဘောဂဗေဒစုံထောက်ကြီး’ အဖိုးလည် old shrewd man ဟု ကျွန်တော့် ဆောင်းပါးတစ်ပုဒ်တွင် ထည့်ရေးခဲ့သော ဆရာထက်တပည့် လက်စောင်းထက်မည့် ဘောဂဗေဒနိုဘယ်လ်ဆုရှင်လောင်း ပညာရှင်လက်သစ်ကြီးက လက်ဖက်ရည်ဆိုင်အတွင်း တစ်ယောက် တည်းထိုင်နေသော ကျွန်တော့်ကိုပုခုံးပုတ်လျက် နှုတ်ဆက်လိုက်သည်။

ငဝအတွက် ငဝလက်ခံ

                သူ့အတွက် လက်ဖက်ရည်၊ စားစရာတွေမှာပေးပြီးနောက်ကထိုင်နေသောသူက ကျွန်တော့်ကိုမေးခွန်းတစ်ခုလှမ်းမေးသည်။

                ‘မြန်မာတွေ ကမ္ဘာနဲ့ ရင်ဘောင်တန်းတော့မယ်ဗျ’ ။ ကျွန်တော်ကဘာမှပြန်မပြော။

                “iPayကတ်နဲ့ ဘတ်စစ်ကားစီးမယ်။ ခရက်ဒစ်ကတ်နဲ့ ဈေးဝယ်မယ်။ ATM နဲ့ ငွေထုတ်မယ်…ဟုတ်စ”

ကျွန်တော့်ကို တပည့်နေရာရောက်သွားအောင် သူက မသိမသာတွန်းချလိုက်သည်။ သူ့ကို ဘောဂဗေဒ တစ်စတစ်စသင်ပေးခဲ့သော ကျွန်တော် သည် ဦးစံရှားလေသံဖြင့် ဟုတ်စ….ဟုတ်စ အပေါ်စီးကနေ ပြောလေ့ရှိခဲ့ရာ ယခုသူက ဦးသိန်းမောင်နေရာမှာ မနေနိုင်တော့ကြောင်း၊ သူလည်း ဆရာကြီးတစ်ပါး တန်းဝင်ပြီဖြစ်ကြောင်း ကျွန်တော့်ကို ဟုတ်စဟုတ်စနဲ့ လုပ်ချလိုက်သည်။

‘ခင်ဗျားက ဘာပြောချင်တာလည်း ဒါမှမဟုတ် ဘာသိချင်တာလဲ’

ကျွန်တော်က စိတ်ချဉ်ပေါက်ပေါက်ဖြင် စိတ်ကောက်ပြလိုက်သည်။ ဒီတော့လည်း သူက မြန်မာပီပီ လျှောချလိုက်သည်။ ချက်ချင်း လစ်-တို-မိ- နောက်၊ မရမှန်းသိတော့ အရင်းပေါ့။ အလုံးအရပ်မှမလျော့ဘဲ။ ရိပ်မိတော့လည်း ပြောင်ပြောင်ပေါ့ဖြစ်သွားသည်။

‘ကျွန်တော်တော့ ငဝအတွက် ငဝက်ခံလို့ ထင်တာပဲ”

ဘာကိုဆိုလိုမှန်း ကျွန်တော်သိသည်။ သို့သော် မသိယောင်ဆောင်လျက် သူ့ကို စာမေးပွဲစစ်လိုက်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတို့မှ စီးပွားရေးတက္က သိုလ် ပထမနှစ် ၁၀၁ ဝင်ခွင့် လူတွေ့မေးမြန်းခန်းအဆင့်မျိုး ဖြစ်သည်။

‘ခင်ဗျားက အဆိုးမြင်ပဲ။ ပိုက်ဆံကိုင်သွားစရာမလိုဘူး။ အထူးသဖြင့် အကြွေပြဿနာမရှိတော့ဘူး။ ပြားစွန်းတောင် အသုံးဝင်တော့မယ်။ မီတာ ဘီလ်တောင် iPayတို့၊ ဘဏ်စာရင်းလွှဲတို့ သုံးသင့်တယ်။ ဘယ် လောက်ဂုဏ်ရှိလဲ။ အိတ်ထဲကရွှေကတ်တို့၊ ရွှေဖြူကတ်တို့ ထုတ်သုံးတာ။ ထုတ်ပြလိုက်တာ’

‘ဒါပေမဲ့ စားသုံးသူရှုံးတယ်လေ’ သူကပြောလိုက်သည်။ ‘ပိုက်ဆံကို ကြိုသွင်းထားရတာ။ အတိုးမရတဲ့အပြင် ဘဏ်ရဲ့ ကြားဝင်ဝန်ဆောင်ခ ကိုလည်း စားသုံးသူကပေးရမှာ။ ဘဏ်တွေ စားကွက်ထွင်တာ သက်သက်ပဲ။ လူတွေကိုတော့ ခေတ်မီတယ်။ သန့်ရှင်းတယ်။ ပိုက်ဆံလက်လွှဲမကိုင်ရ တော့ ရောဂါပိုးမကူးဘူး။ ဘာညာပေါ့’

‘ခင်ဗျားတို့ ဒီလိုသာသဘောထားနေရင် တိုင်းပြည်ဘယ်လို ခေတ်မီတိုးတက်မှာလဲဗျ’ ကျွန်တော်က တမင်ငြင်းပြလိုက်သည်။ သူက သူပြောချင် တာ ဆက်ပြောနေသည်။

ဟိုမှာနှင့် ဒီမှာမတူ

‘ခရက်တစ်ကတ်ဆိုတာလည်း ငွေတွေပုံပြီး ပေးဝယ်ကိုင်ရတာ။ ခရက်တစ်ဆိုတဲ့ စကားလုံးကြောင့်သာ မြီးရှင်က ဝင်ခေါ်တာ။ ကိုယ်က အောက်ကချည်းပဲ။ ငွေကြိုပေးထားရတယ်။ ဒါမှမဟုတ် ငွေသွင်းပြီးစာရင်းဖွင့်ထားတဲ့အထဲက နှုတ်သွားတယ်’

အဲဒါက ဒက်ဘစ်ကတ်ဗျ’ ကျွန်တော်က ကတ်ငြင်း၊ ကတ်ညစ်၊ ကတ်ပြောလိုက်သည်။ သူက ကြက်ခေါင်းဆိတ်မခံ။

‘မဟုတ်ဘူး။ ဒါလည်း ခရက်ဒစ်ကတ်ပဲ’

မဆုံးအောင် ငြင်ခုံကြရတော့မည်။ သူလည်းမမှား။ ကျွန်တော်လည်းမှန်သည်ဟု ဆိုသာသလို၊ မဆိုလည်း မဆိုသာ။ သချာင်္နဲ့ ရူပဗေဒတွင် စင်္ကြာဝဠာကြီး ကျယ်ပြန့်နေသည်ဟု သက်သေပြ၍ရသလို ကျယ်ပြန့်မလာဘဲ အတွင်းမှာပဲ ဖြစ်-တည်-ပျက်နေတာဟု ငြင်း၍လည်း ရသည်။ စင်္ကြာဝဠာ အဆုံးအစကို မတွေ့နိုင်သောကြောင့် ဖြစ်သည်။ လောကတွင် ဤသို့သော မဆုံးနိုင်သည့် အငြင်းအခုန်များ ပေါများလှပါဘိ။

မြီးစားကတ်ပြောပြော မြီရှင်ကတ်ပြောပြော ငွေကြိုသွင်းရတာက သွင်းရတာဖြစ်သည်။ အစိုးရက လုပ်ရလေ့ရှိသည့် ပြည်သူများသို့ ငွေကြေး အတင်းစုဆောင်းစေခြင်း forced saving FS ကို သွားသတိရမိသည်။ FS သည် တိုင်းပြည်ကို အကျိုးရှိစေသည်။ စုဆောင်းသူမှာ အတိုးရသည်။ ယခု iPay တွေ၊ ခရက်ဒစ်၊ ဒက်ဘစ်ကတ်တွေက အဖိုးလည်းကြီး၊ ပြောသလို ဘဏ်နဲ့အရစ်ကျ အကြွေးရောင်း hire purchase ကုမ္ပဏီကြီးတွေသာ အကျိုးခံစားရသည်။ အတိုးမပေးဘဲ ငွေကြိုရကြ၊ အဝင်အထွက် ဝန်ဆောင်ခရကြ ဈေးတင်လို့မသိ။

‘နိုင်ငံခြားမှာရော ဒီသဘောပဲလား။ သူတို့ဆီမှာက ခရက်ဒစ်ကတ်တွေကြောင့် ငွေကြေးဈေးကွက်ပြိုတာဆို။ ဒါဆိုရင် သူတို့ဆီမှာတော့ ကြွေး ဝယ်ကတ်လို့ သုံးတာ မှန်တာပေါ့။ အကြွေးဝယ်ဖို့၊ ထုတ်လုပ်သူက ရောင်းချင်လွန်းလို့ အကြွေးရောင်းနိုင်ဖို့ သူတို့ကိုယ်တိုင်ရော၊ ဘဏ်တွေကပါ ဒီကတ် တွေထုတ်တာဆို’

‘ခင်ဗျားကလည်း မေးမယ့်မေးတော့ ဆက်တိုက်ကြီး။ စုံနေတာပဲ။ ဟုတ်တယ်။ သူတို့ဆီမှာရှိသမျှ လာပေါင်းစမ်းဟဲ့လို့ခေါ်ပြီး ငွေထုတ်ချေးတာ မှာ ရော့ကတ်တွေ၊ ကြိုက်တာဝယ်ကြလို့ လုပ်တာ။ အဲဒီမှာ အပေါင်ပစ္စည်း (အိမ်၊ ခြံ၊ မြေ….) က တန်မတန်ဆိုတာတွေ၊ နှစ်ပြန်သုံးပြန်တွေ၊ ဈေးနှုန်းအမြဲ တက်အေင်လုပ်ပြီး အိမ်ဈေးကောင်းရင် ပြန်ရွေးမယ်။ တစ်ဈေးနဲ့ အပေါင်လက်မှတ်သစ်၊ ခရက်ဒစ်ကတ်အသစ် ထုတ်မယ်။ ဒါတွေကို တရားဝင်ဘဏ် တွေရဲ့ ကော်ကျွတ် corduit ခေါ်တဲ့ တရားမဝင်ဘဏ်ခွဲတွေကနေ လုပ်တယ်။ များလွန်းလို့ မမှတ်မိတော့တာ၊ အထပ်ထပ် ဖြစ်တာတွေကနေ ငွေကြေး ဈေးကွက် ပြိုတာပါပဲ’

‘ဒါဆိုရင် ဒီက iPay တို့ ခရက်ဒစ်ကတ်တို့ကို တချို့ဂျာနယ်တွေက အကြွေးရမယ့်ကတ်လို့ အဓိပ္ပယ်ရတဲ့  ကြွေးဝယ်ကတ်တို့၊ ခရက်ဒစ်ကတ် တို့လို့ မသုံးဘဲ ကြိုတင်ငွေဖြည့်ကတ်တို့လို့ သုံးတာ မှန်တာပေါ့’

‘ဒီမှာ ဒါကအစလေ။ နောက်တော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူးလေ။ ရှယ်ယာရှင်တွေရဲ့ ဘဏ်တို့ ငွေကြေးလုပ်ငန်းတို့ဆိုတာမျိုး ဖြစ်လာ ရင် တာဝန်မဲ့မှုတွေ၊ အထုတ်ပိုက်ပြေးတာ get and get away တွေ ဖြစ်ရင် ဖြစ်လာနိုင်တယ်။ တိုးတက်မှု၊ တီတွင်မှု အဆင့်တစ်ခုချင်းအတွက် စောင့် ကြည့်ထိန်းချုပ်တဲ့ အဖွဲ့အစည်းလိုတယ်။ သူ့ကို လစာကောင်းကောင်းပေးသလို ရာထူးကဖယ်တာ၊ ဥပဒေကြောင်းအရ အရေးယူတာစတဲ့ ဆုပေး၊ ဒဏ် ပေးစနစ်လည်းလိုတယ်’

‘မလွယ်ပါလား’။ ဒီတစ်ခါမှ အဖိုးကြီးလည်းသက်ပြင်းချသွားပါသည်။

တိုးတက်စေချင်လွန်းလို့ပါ

‘ဒါပေမဲ့ မြန်မာ့စီးပွားရေးလည်ပတ်နေတဲ့ ပုံစံကို ခေတ်မီတိုးတက်စေချင်ပါတယ်။ လစာကို ဘဏ်တစ်ခါတည်းလွှဲပြီး ဘဏ်ကပဲ အိမ်လခ၊ မီတာ ဘီလ်၊ ကလေးကျောင်းလခ အကုန်ရှင်းသွားတာ။ ငွေအကြွေအစား ATM ကတ်ထုတ်ပေးတာ ဖြစ်စေချင်ပါတယ်။

ဒီအတွက် စရိတ်က သင့်တင့်မယ်ဆိုရင် အားလုံး လက်ခံကြရမှာပါ။ ဒါပေမဲ့ ဒီမှာက ရောင်းသူဈေးကွက်၊ လက်ဝါးကြီးအုပ် အာဏာဈေးကွက် ဖြစ်နေတယ်။

ဝန်ဆောင်ခအနေနဲ့ များများယူလို့မရတော့ ဖုန်းဖိုး၊ ဖက်စ်ဖိုးဆိုပြီး ဝန်ဆောင်ခရဲ့ လေးငါးဆယ်ဆ ယူနေတယ်။ လက်တွေ့ငွေအပ်ပြီး ဖုန်းဖိုး၊ မီတာခပေးပေးမယ်ဆိုလို့လည်း စမ်းဖူးတယ်။ နောက်ဆုံး ကိုယ်ကိုတိုင်ထသွားရတာပါပဲ။ e-bank လည်း ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့ပါပဲ’

သူက ငြိမ်နားထောင်နေသည်။ ကျွန်တော်က ပြောရတာမောသွားသဖြင့် သူငှဲ့ပေးထားသော ရေနွေးကြမ်းခွက်ကို ကောက်မော့လိုက်ပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

 ၂၆.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. NHK သတင်းများကို Sky Net တွင် ထုတ်လွှင့်ပြသရန် စီစဉ်
  2. ဦးမြတ်ခိုင်ကို သိန်းရှစ်ထောင်ဖြင့် အာမခံ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဘင်္ဂါလီအရေး သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သို့ သွားမည်
  2. အစိုးရငြိမ်းချမ်းရေးအဖွဲ့ ပြည်ပအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြင့် တွေ့ဆုံ
  3. တိုင်းရင်းသားပါတီများ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

NHK သတင်းများကို Sky Net တွင် ထုတ်လွှင့်ပြသရန် စီစဉ်

ဂျပန်အစိုးရပိုင် NHK သတင်းဌာန၏ နိုင်ငံတကာ သတင်းအစီအစဉ်များကို အစိုးရခရိုနီတစ်ဦးဖြစ်သည့် ရွှေသံလွင်ဦးကျော်ဝင်းပိုင် Sky Net သတင်းအစီအစဉ်များတွင် ဇူလိုင်လဆန်းမှစတင်ကာ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

“NHKရဲ့ နိုင်ငံတကာသတင်းတွေကိုပဲ လွှင့်မှာပါ။ သူတို့တင်ပြချင်တဲ့ သတင်းတွေကို လွတ်လပ်စွာ ထုတ်လွှင့်ခွင့်ရှိအောင် ကူညီပေးမှာပါ”ဟု Sky Net မှသက်ဆိုင်ရာ မန်နေဂျာတစ်ဦးက ဆိုသည်။

NHK နှင့် Sky Net ရုပ်သံဌာန နှစ်ခုတို့ကြား ရုပ်သံအစီအစဉ်များ ထုတ်လွှင့်ခြင်းဆိုင်ရာ သဘောတူညီချက်ကို သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်စဉ် အတူလိုက်ပါသွားခဲ့သူ ရွှေသံလွင် ဦးကျော်ဝင်းနှင့် NHK သတင်းဌာနမှ တာဝန်ရှိသူများ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးကျော်ဝင်းပိုင် Sky Net ရုပ်သံသတင်းဌာနအနေဖြင့် ပြည်ပအခြေစိုက် ရေဒီယိုသတင်းဌာနအချို့၏ TV သတင်းထုတ်လွှင့်ချက်များထဲမှ မြန်မာနိုင်ငံအနေအထားနှင့် ကိုက်ညီသည့် သတင်းများကို ပြန်လည်ရွေးချယ်၍ ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

“အစိုးရရဲ့  Brocasting Law ပြဌာန်းလိုက်ပြီဆိုရင်တော့ ခရိုနီတွေအကုန်လုံး ရုပ်သံသတင်းဌာနတွေ တည်ထောင်လာနိုင်ပါတယ်”ဟု ပြည်တွင်းဂျာနယ်တစ်ခုမှ တာဝန်ခံအယ်ဒီတာ တစ်ဦးက ဆိုသည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

ဦးမြတ်ခိုင်ကို သိန်းရှစ်ထောင်ဖြင့် အာမခံ

လျှပ်တပြတ်သတင်းဂျာနယ်နှင့် မော်နီတာသတင်းဂျာနယ်တို့ကို တာဝန်ခံဆောင်ရွက်နေသူ ဦးမြတ်ခိုင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က စွဲဆိုထားသည့်အမှုအတွက် ကျပ်သိန်းပေါင်း ရှစ်ထောင်ဖြင့် အာမခံပေးလိုက်ကြောင်း သိရသည်။

လျှပ်တပြက်ဂျာနယ် အတွဲ(၃)၊အမှတ် (၉၁)မျက်နှာဖုံးတွင် နိုင်ငံပိုင်သတင်းစာအား သိက္ခာကျစေသည့် အရေးအသားနှင့် လူမျိုးရေး အဓိက ရုဏ်းဖြစ်စေရန် ဖော်ပြထားသည့် ဓာတ်ပုံအတွက် ဦးမြတ်ခိုင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မှူးက အာမခံပေးခွင့်မရှိသည့် ပုဒ်မ ၅၀၅ (ခ)၊( ဂ) တို့နှင့် ဇွန် ၁၉ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံး၌ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တရားစွဲဆိုထားသော်လည်း ဦးမြတ်ခိုင်သည် နာမကျန်းပြီး၊ အသက်ရွယ်ကြီးရင့်နေသည့် လူတစ်ယောက်ဖြစ်သည့်အတွက် ပုဇွန် တောင်မြို့နယ်တရားရုံးက အမြင့်ဆုံးသော အာမခံကြေးဖြင့် အာမခံပေးခဲ့ခြင်းဖြစ်ပြီး၊ စာရေးဆရာ မောင်ဆွေသက်နှင့် ဦးမောင်မောင်အေး (အလင်္ကာ ဝတ်ရည်) တို့က တစ်ဦးလျှင် ကျပ်သိန်းလေးထောင် အာမခံပေးခဲ့ရကြောင်း သိရသည်။

“ကိုမြတ်ခိုင်ဖြစ်နေတဲ့ ကိစ္စရပ်က မီဒီယာသမားတစ်ယောက်ဖြစ်နေတဲ့ ကိစ္စရပ်လို့ ရှုမြင်ပြီးတော့ ကိုယ့်မီဒီယာသမားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်ဖို့ လိုတယ်”ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သည့် ဦးမြတ်ခိုင်အား တရားစွဲဆိုမှုနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီ (MJA) မှလည်း  ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တရားဝင်ကန့်ကွက်လွှာ ပေးပို့သွားရန်ရှိ ကြောင်း သိရသည်။

ပုဒ်မ ၅ဝ၅ (ခ)နှင့်(ဂ)ကို ကျူးလွန်သည်ဟု စိစစ်တွေ့ရှိပါက ကျူးလွန်သူကို  ထောင်ဒဏ် (၂)နှစ်နှင့် ငွေဒဏ် နှစ်ရပ်ပေါင်း ကျခံစေရမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်စည်

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဘင်္ဂါလီအရေး သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သို့ သွားမည်

ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ၁၇ ရက်နေ့အထိ သုံးရက်ကြာခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လတ်တလော ဖြစ်ပွားနေ သည့် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းများအရ သိရှိ ရသည်။

ယင်းသို့ သွားရောက်ရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံသွား၍ ဘင်္ဂါလီလူမျိုးရေးကိစ္စနှင့် ပတ်သက်၍ အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း မြန်မာဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံအသီးသီးမှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာလူမျိုးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်နှင်လွှတ်ခဲ့မှုများ ရှိနေကြောင်း သိရှိရပြီး ဇွန်လ ၁၄ ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်၏ ပါလီမန်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာ ဝင် အစွန်းရောက်များပါဝင်သည့် Jamaat-e-Islami ပါတီမှ ချုပ်ကိုင် လွှမ်းမိုးမှုများပြုလုပ်နေကြောင်းနှင့် ပတ်သက်၍လည်း စွပ်စွဲပြောဆိုမှုများ ဖြစ်ပွား ခဲ့ကြပြီး မြန်မာနိုင်ငံအစိုးရအဖွဲ့မှလည်း ယင်းပါတီအား စွပ်စွဲထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ယခုအချိန်ထိ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်တိုင်းရင်းသား လူဦးရေ ၆၀ကျော်ခန့် သေဆုံးလျက်ရှိပြီး အဆောက်အဦးပေါင်း သုံးထောင်နီးပါး ပျက်စီးလျက်ရှိကြောင်း သတင်းများအရ သိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ယင်းခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေး နွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကုန်သွယ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

အစိုးရငြိမ်းချမ်းရေးအဖွဲ့ ပြည်ပအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြင့် တွေ့ဆုံ

ဇွန်လ ၂၅ ရက်နေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်တွင် အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS နှင့် နှစ်နာရီကြာ မတရားအသင်းအဖြစ်မှ ပယ်ဖျက် ပေးရန်နှင့် တရားဝင်ပါတီအဖြစ် သတ်မှတ်ပေးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"အဓိကကတော့ ဒီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို မတရားအသင်းအဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးဖို့နဲ့ ပါတီကို တရားဝင်အဖြစ် တည် ထောင်ရပ်တည်ခွင့်ပေးဖို့ဆိုတာကို ဆွေးနွေးတာပေါ့။ ဒါကို ကျွန်တော်တို့အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတကို တင်ပြပေးပြီး တတ်နိုင်သလောက် ကူညီသွားမယ်ဆိုပြီး ပြောထားပါတယ်။ ဒီတစ်ခေါက်တွေ့ဆုံမှုကတော့ အခြေအနေကောင်းတယ်လို့ ပြောလို့ရပါ တယ်"ဟု ၎င်း ပြောကြားသည်။

ထို့ပြင် ယင်းသို့ တွေ့ဆုံညှိနှိုင်းမှုများတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ၎င်းတို့၏ ပါတီဝင်များ၏ စွပ်စွဲထားချက်များအား ပြန်လည် ရုတ်သိမ်း၍ လွှတ်ပေးရန်ကိစ္စအား ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပြီး ယင်းပါတီနှင့် ယခုအကြိမ် တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့၌လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သေးကြောင်း သိရှိရသည်။

ထို့နောက် ပြည်ပအခြေစိုက် အဖွဲ့ ၁၄ ဖွဲ့အား ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိ ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကျေးဇူးတင်ကြောင်းအမှာစကားနှင့် ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သူပြည်သားများအရေး ကူညီ ဆောင်ရွက်နေသည့် ဒေါက်တာစင်သီယာမောင်၏ ဆေးခန်းသို့ ဝင်ရောက်ကြည့်ရှုမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိ ရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

တိုင်းရင်းသားပါတီများ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းမည်

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များတွင် ညီနောင်တိုင်းရင်းသားပါတီများ (NBF)မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (Peace Process Committe-PPC)အား ဖွဲ့စည်း၍ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ငြိမ်းချမ်းရေးကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ညီနောင်တိုင်းရင်းသားပါတီတွေ စုပေါင်းပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းသွားမှာပါ။ ဒီကော်မတီအနေနဲ့ တစ်နိုင်ငံလုံး မှာရှိတဲ့ တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်သွားမှာပါ”ပာု ညီနောင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းမည့် တိုင်းရင်းသားပါတီများ၏ ငြိမ်ချမ်းရေးဖော်ဆောင်မှုကော်မတီကို လာမည့် နိုဝင်ဘာ (သို့) ဒီဇင်ဘာတွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းငြိမ်းချိမ်းရေးဖော်ဆောင်မှုကော်မတီတွင် ညီနောင်တိုင်းရင်းသားပါတီတစ်ခုလျှင် လူသုံးယောက်နှုန်းပါဝင်ရ မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ညီနောင်တိုင်းရင်းသားပါတီတွေစုပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့လိုက်တာပာာ ပြည်တွင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ တစ်ဖက်တစ်လမ်းက ပါဝင်ပံ့ပိုးပေးတဲ့သဘောပါပဲ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း လက်နက်ကိုင်တိုင်ရင်းသားတပ်တွေနဲ့ တွေ့ဆုံ ချင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုတော့ တွေ့ခွင့်မရှိဘူး။ ခု ငြိမ်းချမ်းရေးယူပြီးပြီဆိုတော့ တရားဝင်တွေ့ခွင့်ရပါပြီ”ပာု ချင်းအမျိုးသား ပါတီမှ တာဝန်ရှိုသူတစ်ဦးက ဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားများပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ဖြစ်သည်။

Ref:ရန်ကုန်တိုင်းမ်

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ရပ်ကွက်ထဲကဆိုင်တွေပါစစ်ဆေးမယ်ဆိုရင် ကျွန်တော်တို့ကကုန်ခြောက်ဆိုင်ရောင်းတာ၊ ပြေစာတွေနဲ့လည်းရောင်းတာမဟုတ်တော့ သူတို့ဘယ်လိုစစ်မလဲ။ ကျွန်တော်တို့ကရောဘာလုပ်ပေးရမှာလဲ။ အခွန်ထမ်းပြည်သူအနေနဲ့အခွန်ပေးဆောင်ချင်ပါတယ်။ ဘာတွေဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ပြေစာနဲ့ ရောင်းရမှာလား။ ဒါတွေက မေးခွန်းထုတ်စရာဖြစ်နေတယ်၊ ဟုတ်ပြီ၊ ရောင်းပေးမယ်။ သူတို့ကကော ကျွန်တော်တို့ အတွက် ဘာပြန်လုပ်ပေးမှာလည်းအခွန်သေချာထမ်းသူအနေနဲ့ ဘာခံစားခွင့်မှမရှိဘူး၊ ညာတဲ့သူနဲ့ အတူတူခံစားခွင့်ရမယ်ဆို တကယ်အခွန်ထမ်းသူ ရှိမှာမဟုတ်ဘူး၊ စာအုပ်တစ်အုပ်၊ နှစ်အုပ်တွေ လုပ်ထားမှာပေါ့၊ နောက် ကျွန်တော်တို့ဆိုင်တွေက ဂျာနယ်မှာပါမှ ဒီလိုသဟဆိုတာသိရတာ။ ဘာမှလည်း မသိဘူး။ ဒါလေးတော့ လုပ်ပေးစေချင်တယ်”

ဇွန် ၂၅ ထုတ် THE STREET VIEW အတွဲ (၁) အမှတ် (၂၄) တွင်ပါသည့် “စူပါမားကတ်အရောင်ဆိုင်များ၏ ဝင်ငွေအမှန်ကို ပြည်တွင်းအခွန်မှ စစ်ဆေးတော့မည်” သတင်းမှ တာမွေမြို့နယ်ရှိကုန်မျိုးစုံရောင်းဆိုင် တစ်ခုမှ ဆိုင်ရှင်ကိုဝဏ္ဏဇော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဗြိတိသျှ စီးပွားရေးလုပ်ငန်းတွေကလည်း ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးမှာ ကူညီပံ့ပိုးတဲ့ကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီကို မိတ်ဖက်ပြုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးကိုပဲလို့ ဆိုချင်ပါတယ်။ ဆိုလိုတာက ရင်းနှီးမြုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အလုပ်သမား အခွင့်အရေးတွေ ရှိရမယ်၊ ပတ်ဝန်းကျင်ကို ပျက်စီးစေမှုမရှိစေရဘူးဆိုတာမျိုးပါ။ အထူးသဖြင့် လုပ်အားခြေပြုကဏ္ဍတွေမှာ တာဝန်ယူမှုနဲ့ အပြုသဘော ဆောင်တဲ့ ရည်ရွယ်မှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ကျွန်မတို့ပြည်သူတွေအတွက် တစ်ကယ်အကျိုးရှိနိုင်ပါလိမ့်မယ်”

ဇွန် ၂၇ ထုတ် Weekly ELE VEN NEWS အတွဲ(၇) အမှတ် (၃၈) တွင်ပါသည့် “ဇွန်လ ၂၁ ရက်နေ့က ဗြိတိန်ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဈေးကွက်စီးပွားရေးဆိုရင် လျှော့ထားပါမယ်၊ ဈေးကွက်ကို ဖွင့်ထားပေးပြီး ဈေးကွက်ကသာ ဦးဆောင်ရမှာပါ။ ဒီအစည်းအဝေးမှာ ကဏ္ဍအလိုက် အစိုးရ ရဲ့ စီမံခန့်ခွဲမှုတွေကို တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံမှာ ၆၂ ခုနှစ်ကတည်းက အဲဒီပုံစံစနစ်ကြောင့် ဈေးကွက်စီးပွားရေးစနစ် မဖွံ့ဖြိုးတာပါ။ နောက်ကို ပြန်သွားတဲ့ ပုံစံ ဖြစ်နေပါတယ်။ အရင်းအမြစ်တွေ ခွဲဝေပေးမှုမှာ ချုပ်ကိုင်မှုတွေကနေ အဂတိလိုက်စားမှုတွေ၊ မညီမျှမှုတွေ ဖြစ်လာတာပါ။ သမ္မတကြီးရဲ့ ငါးနှစ်စီမံကိန်းနဲ့ ပတ်သက်ပြီး (၁) အစိုးရပါဝင်စွက်ဖက်မှုရှိနေခြင်း။ (၂) ရင်းနှီးမြုပ်နှံမှုတိုးတိုင်းလည်း ဝင်ငွေးတိုးမယ်လို့ မပြောနိုင်ခြင်း။ (၃) ရင်းနှီးမြုပ်နှံမှု ၂ ဆတိုးလို့ GDP သုံးဆတိုးမယ်လို့ တရားသေမဆိုနိုင် ခြင်းဆိုတဲ့ သုံးချက်ကို မြင်ပါတယ်”

ဇွန် ၂၅ ထုတ် THE STREET VIEW အတွဲ (၁) အမှတ် (၂၄) တွင်ပါသည့် “အစိုးရသစ်၏ ငါးနှစ်စီမံကိန်းအပေါ် မတူညီသော သဘောထားအမြင်များ ရှိနေ” သတင်းမှ ဦးကြည်မြင့်(လသာ) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs