Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် တံခါးဖွင့်လာသည်နှင့် အမေရိကန်တွင် မကျေနပ်မှုများထွက်ပေါ်

(3 July 2012 ရက်စွဲပါ Wall Street Journal မှ PatricBarta နှင့် Celine Fernandzeတို့ရေးသားသော Myanmar Opens door to Change-and Frustration Follows ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်သား၁၀ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထား

(Gulf Times မှ 7 July 2012 ရက်စွဲပါ  “10 aid workers detained for questioning in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ထိုင်းကုမ္ပဏီက ထားဝယ်စီမံကိန်းအတွက် ဂျပန်ထံမှ အကူအညီတောင်း

(Bangkok Post မှ 7July 2012 ရက်စွဲပါ”Japan assistance sought for Dawai” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် တံခါးဖွင့်လာသည်နှင့် အမေရိကန်တွင် မကျေနပ်မှုများထွက်ပေါ်

(3 July 2012 ရက်စွဲပါ Wall Street Journal မှ PatricBarta နှင့် Celine Fernandzeတို့ရေးသားသော Myanmar Opens door to Change-and Frustration Follows ကိုဘာသာပြန်ဆိုသည်။)

ပြီးခဲ့သည့်နှစ်က မြန်မာခေါင်းဆောင်များသည် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်စဉ်က ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံရေးလှုပ်ရှားသူများက သံသယရှိခဲ့ကြပြီး၊ ကြီးကြီးမားမား ပြောင်းလဲမှုရှိလိမ့်မည်မဟုတ်ဟု ယူဆခဲ့ကြသည်။ ယခုအခါ ဝါရှင်တန်နှင့် နေပြည်တော်မှ မူဝါဒချမှတ်သူများသည် ယခင်နှင့်ဆန့်ကျင်ဖက် ပြဿနာကို ရင်ဆိုင်နေရသည်။ ၎င်းမှာ လူတိုင်းကအများကြီးမျှော်လင့်နေကြခြင်း ဖြစ်သည်။

မြန်မာခေါင်းဆောင်များသည် အဓိကကျသော ပြောင်းလဲမှုများကို တွန်းအားပေးပြောကြားနေစဉ်မှာပင် အဘက်ဘက်မှ မကျေနပ်မှုများ မြင့်တက်လျက်ရှိသည်။ ဝါရှင်တန်အနေဖြင့်လည်း ယခုနှစ်အစောပိုင်းက အရေးယူမှုများကို ယာယီရုတ်သိမ်းရန် ကတိပေးခဲ့သော်လည်း ထိုသို့ လုပ်ဆောင်ရန် အချိန်ယူလျက်ရှိသည်။

လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးရေးနှင့် မီဒီယာများ ဆင်ဆာပြုလုပ်မှုကို အပြည့်အဝရပ်ဆိုင်းပေးရန် အချိန်ဆွဲလျှက်ရှိကြောင်း ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများကလည်း နေပြည်တော်က အဓိကကျသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်မပြုနိုင်သေးခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။ ဝါရှင်တန်တွင်လည်း အမေရိကန်ကုမ္ပဏီများက အိုဘားမား အစိုးရအနေဖြင့် ရေနံကုမ္ပဏီကြီးများနှင့် ငွေကြေးဆိုင်ရာကုမ္ပဏီများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ပိုမိုလျင်မြန်စွာ မီးစိမ်းပြရန်လိုအပ်နေကြောင်း၊ ယခုကဲ့သို့ နှောင့်နှေးနေခြင်းသည် ဥရောပနှင့်အာရှမှ ပြိုင်ဘက်များကို အခွင့်အလမ်းကောင်းများ ပိုပေးနေသလိုဖြစ်ကြောင်း ပြောခဲ့သည်။

အင်္ဂါနေ့က သမ္မတဦးသိန်းစိန်သည် နာမည်ကြီး နိုင်ငံရေးသမားများအပါအဝင် အကျဉ်းသားများလွှတ်ပေးခဲ့ရာ မျှော်လင့်ချက်များ မြင့်တက် လာခြင်းနှင့်ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးရှိနေမှုကို မီးမောင်းထိုးပြခဲ့ကြသည်။ ထိုသို့ လွှတ်ပေးခဲ့ခြင်းကို အစိုးရဆန့်ကျင်သူများက ကြိုဆို ခဲ့ကြသော်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများက ၎င်းတို့ မျှော်လင့်ထားသော အရေအတွက်မဟုတ်သေးဟုဆိုသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံရေး အကျဉ်းသားများ အကြိမ်ကြိမ်လွှတ်ပေးခဲ့ပြီးသည့်တိုင် နိုင်ငံရေးအကျဉ်းသား(၅၀၀)ကျော် ရှိသေးသည်ဟု အချို့ဆိုသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အများက အနီးကပ်စောင့်ကြည့်ခြင်းခံရသော ဥရောပခရီးစဉ်မှ ပြန်လည်ေ ရာက်ရှိပြီးနောက် အင်္ဂါနေ့က နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သူ၏ နိုင်ငံရေးပါတီကလည်း အကျဉ်းသား(၃၃၀) ရှိသေးကြောင်းပြောကြားခဲ့သည်။

 “ကျွန်မတို့ နိုင်ငံရေးအကျဉ်းသား(၃၃၀)လောက်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမှာပါ” ဟု သူကပြောသည်။

ယခုအခါ လွှတ်တော်စည်းအဝေးများကလည်း ပြန်လည်စတင်နေပြီ ဖြစ်သည်။ ယခု အစည်းအဝေးများတွင် အားလုံးစောင့်မျှော်နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအပါအဝင် ဥပဒေကြမ်း(၁၀)ခန့် ကိုယ်စားလှယ်များ ဆွေးနွေးမည်ဖြစ်ကြောင်းအစီအစဉ်များအား သိရှိသူတစ်ဦးက ဆိုသည်။ မီဒီယာဥပဒေကို ပြန်လည်ဆွေးနွေးရန် အစီအစဉ်မပါသေးကြောင်း ၎င်းက ပြောသည်။ သို့သော် အနည်းဆုံးလုပ်ခသတ်မှတ်ခြင်းအတွက်မူ စဉ်းစား လိမ့်မည်ဟု မျှော်လင့်ရသည်။

ဆွေးနွေးပြီးသမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများအား အခွန်ကင်းလွတ်ခွင့် ရက်ရက်ရောရောပေးခြင်း၊ အမြတ် ၁၀၀% ကို ပြန်လည်သယ်ဆောင်ခွင့်ပြုခြင်း၊ ပုဂ္ဂလိကထံမှ မြေငှားခြင်းများ ပါဝင်ခဲ့သည်ဟုဆိုသည်။ အစိုးရကအတည်ပြုခြင်းမပြုမီ၊ လွှတ်တော်ကိုယ်စားလှယ်များက ပိုမိုကောင်းမွန်အောင်လုပ်ဆောင်လိုပြီး ပြည်တွင်းလုပ်ငန်းရှင်များက နိုင်ငံခြားသားများအား အခွင့်အရေးများစွာပေးထားမှုကို စောဒကတက်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီမှတ်ပုံတင်ဌာန ဦးအောင်နိုင်ဦးက အင်တာဗျုးတစ်ခုတွင် ပြောကြားခဲ့ရာ၌ ပြင်ဆင်ထားသော ဥပဒေသစ်ကို ဇူလိုင်လတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း သို့သော် ခေါင်းဆောင်များက အနည်းငယ် ကြာမြင့်နိုင်သေးကြောင်း ပြောခဲ့သည်ဟုဆိုသည်။ ဥပဒေတွင် ပြည်တွင်းကုမ္ပဏီများလည်း နိုင်ငံခြားကုမ္ပဏီများကဲ့သို့ ခံစားခွင့်များ ပေးမည့်မက်လုံးများပေးမှု ပါဝင်လာနိုင်ကြောင်း ၎င်းကပြောသည်။

အချို့အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ခြေလှမ်းများလှမ်းခဲ့ပြီး ဖြစ်သည်။ ကိုကာကိုလာကုမ္ပဏီက ၎င်းသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏အချိုရည်များ စတင်ရောင်းချရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်လကပြောကြားခဲ့သည်။ General Electric ကုမ္ပဏီကလည်း လျှပ်စစ်ဓာတ်အားနှင့် ဆက်စပ်သောပစ္စည်းများဖြန့်ဖြူးရန် မြန်မာအစိုးရတာဝန်ရှိသူများနှင့် စကားပြောခဲ့သည်။ သို့သော် အခြားအဓိက အမေရိကန်ကုမ္ပဏီများမှာမူ ဝင်ရောက်ရန်တုံ့ဆိုင်းလျှက်ရှိပါသည်။

“မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အရင်ပြီးအောင်အတည်ပြုဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံကို စောင့်ကြည့်နေသူ အရှေ့တောင်အာရှ၌ ပုဂ္ဂလိကရှယ်ယာ (Private-equity) ကုမ္ပဏီကို လုပ်ကိုင်နေသူ ဒေါက်ကလပ်ကလေတန်က ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အီးမေးမှတဆင့် ပြောကြားရာတွင် “ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေ မြန်ရစေ၊ နှေးရစေ စဉ်းစားမနေကြပါဘူး။ သမ္မတကြီးနဲ့ အစိုးရဟာ ကျွန်တော်တို့နိုင်ငံရဲ့ အရှိတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ခြေလှမ်းတိုင်း ခိုင်မာအောင် ကြိုးစားနေကြခြင်းပဲ ဖြစ်ပါတယ်။”ဟု ဆိုသည်။

မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုဥပဒေကိုအတည်ပြုခဲ့သည့်တိုင်၊ ၀ါရှင်တန်တွင် အမေရိကန် ကုမ္ပဏီများသည် နှောင့်နှေးကြန့်ကြာမှုများကို ကြုံကောင်းကြုံရနိုင်ပါသည်။ အိုဗားမားအစိုးရကမေလတွင် ကြေငြာခဲ့ရာ၌၎င်းသည်မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ အဓိကရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုနိုင်ရန် ငွေကြေးဆိုင်ရာအရေးယူမှုများကို ယာယီရုတ်သိမ်းပေးကြောင်း ပြောခဲ့သည်။ “ဒီနေ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ကျွန်မတို့ ပြောပါမယ်။ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြပါ။ တာဝန်ယူမှုနှင့် လုပ်ကြပါ။” ဟုနိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကယခင်အမည် Burma ဟုသုံးစွဲ၍ ပြောကြားသွားခဲ့သည်။

သို့သော် အမေရိကန်အစိုးရတာဝန်ရှိသူများသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တရားဝင်ခွင့်ပြုမည့် လိုအပ်သော စည်းမျဉ်းစည်းကမ်း အသေးစိတ်ကို ရေးဆွဲလျက်ပင် ရှိပါသေးသည်။ ရင်းနှီးမြှုပ်နှံမည့်သူများက ပြောကြားရာတွင် ၎င်းတို့အား မည်သည်များကို လုပ်ခွင့်ပေးမည်ဆိုသည်ကို မသေချာသေးကြောင်းပြောသည်။

“အရေးယူမှုဆိုတဲ့ အတားအဆီးကိုဖယ်ရှားနေမှုမှာကြာနေတာဟာ အမေရိကန်ရဲ့ ဆိုလိုချက် ဘာဆိုတာ ရှုပ်ထွေးနေပါတယ်။ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကလည်း စိတ်မသက်မသာ ဖြစ်နေပါပြီ။”ဟု ကလင်တန်က ပြောသည်။

ပြီးခဲ့သည့်အပတ်က ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မတီကြားနာပွဲတွင် စိတ်မရှည်မှုများ ရေဆူအမှတ်သို့ ရောက်ခဲ့သည်။ မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးပြုလုပ်ရန် ကာလရှည်ကြာကပင် ပြောကြားနေခဲ့သော ဒီမိုကရက်တစ်ဆီနိတ်တာ Jim Webb က တာဝန်ရှိသူများအား လုပ်ဆောင်ရန်ရှိသည်များ အရှိန်မြှင့်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

“လုပ်စရာရှိတာကို တက်တက်ကြွကြွ၊ အလျင်စလိုမလုပ်ဘူးဆိုရင် မြန်မာနိုင်ငံတွင်းမှာ ငွေကြေးဆိုင်ရာ အုပ်ချုပ်ရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်ရာမှာ သြဇာလွှမ်းမိုးမှုရှိနိုင်မယ့် အရေးကြီးတဲ့အခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။ အဆိုပါ ကြားနာပွဲသို့ အမေရိကန် ကုန်သည်ကြီးများအသင်းမှ တင်သွင်းသော ကြေညာချက်တွင် အရေးယူမှုများယာယီရုတ်သိမ်းရေးတွင် ပိုမိုခိုင်မာသော တိုးတက်မှုများမရှိခြင်းအတွက် စိတ်ပျက်ကြောင်း ဖော်ပြထားသည်။

“ကျန်တဲ့ အဓိကကျတဲ့ စီးပွားရေးနိုင်ငံတွေအားလုံးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုအားလုံးကို ယာယီရုတ်သိမ်းခြင်း၊ ဖယ်ရှား ခြင်းတွေ လုပ်ပြီးပါပြီ။ အမေရိကန်ကုမ္ပဏီတွေကတော့ တုတ်နှောင်ခံရဆဲဖြစ်လို့ အခြားသူများက နေရာဝင်ယူသွားကြတော့မှာ ဖြစ်ပါတယ်။”ဟု အသင်းကြီးက ပြောသည်။

အသစ်စက်စက် အတည်ပြုခြင်းခံထားရသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောကြားရာတွင် အစိုးရ တာဝန်ရှိသူများသည် အရေးယူမှုများယာယီရုတ်သိမ်းရေးအတွက် အသေးစိတ်များ လုပ်ဆောင်နေကြောင်း၊ စီးပွားရေး၏ကဏ္ဍအားလုံးကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ပြောကြားသွားခဲ့သည်။ အမေရိကန်အစိုးရသည် လွန်ခဲ့သည့်နှစ်(၂၀)အတွင်း အရေးယူမှုများကိုဆောင်ရွက်မှု အမျိုးမျိုးဖြင့် ချမှတ်ထားရာ တရားဝင်ရော၊ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများရော များပြားလှသည်ဖြစ်ခြင်းကြောင့် ၎င်းတို့ကို ပြောင်းလဲပစ်ရန် အချိန်ယူနေရခြင်း ဖြစ်သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသူများ၏ စိတ်မကျေနပ်မှုများက အပြင်းထန်ဆုံး ဖြစ်သည်။ မြန်မာ အာဏာပိုင်များသည် လာမည့်လအနည်းငယ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ ပိုမို ဖော်ထုတ် တော့မည်ဖြစ်ရာ၊ အကယ်၍ ထိုအချိန်တွင်မှ အမေရိကန်၏ အရေးယူမှုများကိုရှင်းလင်း၍ မပြီးသေးပါက အဆိုပါ လုပ်ကွက်များသည် ဥရောပနှင့်အာရှမှ ရင်းနှီးမြှုပ်နှံသူများ၏ လက်ထဲသို့ ရောက်ရှိ သွားတော့မည်မှာ သေချာသည်။

ရင်းနှီးမြှုပ်နှံသူများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ သူသည် ဥရောပခရီးစဉ်အတွင်းတွင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာအစိုးရနိုင်ငံပိုင်ရေနံကုမ္ပဏီဖြစ်သော MOGE နှင့် အလုပ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် စိုးရိမ်ရသဖြင့် သတိထားရန် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ် Mr Webb က မှတ်ချက်ပေးရာတွင် နိုင်ငံခြားအစိုးရတစ်ခုမှ တာဝန်ရှိသူတစ်ဦးဦးက အမေရိကန်အစိုးရအား မည်သည်တို့တွင် ရင်းနှီးမြှုပ်နှံသင့်သည်၊ မည်သည်များကို ရင်းနှီးမြှုပ်နှံရန်မသင့်ဟု ပြောသင့်သလောဟု မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်ကုန်သည်ကြီးများအသင်းကလည်း နိုင်ငံတကာကုမ္ပဏီများအနေဖြင့် ဆန္ဒရှိပါက မြန်မာနိုင်ငံပိုင်ကုမ္ပဏီများနှင့် အလုပ်လုပ်ရန် လိုအပ်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း နိုင်ငံပိုင်ကုမ္ပဏီများရှိကြောင်း ဆိုသည်။ “အမေရိကန် ကုမ္ပဏီတွေကို MOGE နဲ့ အလုပ်လုပ်ဖို့ ထိရောက်စွာ တားမြစ်ထားမယ်ဆိုရင်တော့ လာမယ့် စွမ်းအင်စီမံကိန်းသစ်တွေကို အမေရိကန်မဟုတ်တဲ့ကုမ္ပဏီများကသာ ဆက်လက်သိမ်းပိုက်ထားမှုကို ဖြစ်စေပါမယ်။

အဲ့လိုလုပ်ခြင်းကြောင့် သဘာဝ သယံဇာကရတဲ့ဝင်ငွေအတွက် ပိုမိုပွင့်လင်းမြင်သာစေမှုကို ဖြစ်မယ့်လမ်းကြောင်းကို ဦးတည်စေမှာ မဟုတ်ပါဘူး”ဟု အသင်းကြီးကပြောသည်။

                                                    ************************************************

မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်သား၁၀ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထား

(Gulf Times မှ 7 July 2012 ရက်စွဲပါ  “10 aid workers detained for questioning in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနောက်ပိုင်းဒေသမှ ဆူပူမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂဝန်ထမ်းအချို့အပါအဝင် ကယ်ဆယ်ရေးလုပ်သား ၁၀ ဦးခန့် ဖမ်းဆီးခံထားရသည်ဟု ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်အရေးအခင်း ဘေးဒဏ်သင့်ထားသော ရခိုင်ပြည်နယ်၏ လတ်တလောအနေအထားနှင့် ပတ်သက်သည့် အဆိုပါ သတင်း အစီအရင်ခံစာတွင် “လူသားခြင်း စာနာထောက်တားသော ဝန်ထမ်းအချို့ကို မြန်မာနိုင်ငံ၌ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းခြင်းကို မြန်မာအစိုးရက အကြောင်းပြန်ရန် ပျက်ကွက်လျက်ရှိကြောင်း”ဖော်ပြထားသည်။

ကုလသမဂ္ဂသည် ကိစ္စမြောက်မြားစွာနှင့် ပတ်သက်သောအနေအထားကို အစိုးရထံ အစီရင်ခံတင်ပြထားပြီး၊ ဖမ်းဆီးခံရသူ ဝန်ထမ်း တစ်ဦးချင်းစီ၏ သတင်းကိုလည်း ထုတ်ပြန်အသိပေးရန် အစိုးရကိုတောင်းဆိုထားသည်ဟု ယင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးခံရသော ကယ်ဆယ်ရေးဝန်ထမ်းများထဲတွင် MSF နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ဒေသခံဝန်ထမ်း ၆ ဦး ပါဝင်ပြီး၊ တစ်ဦးကိုမူ ပြန်လွှတ်ပေးခဲ့သည်ဟု MSF အဖွဲ့က သောကြာနေ့တွင် သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

Aid Workers တွေ ဖမ်းဆီးခံရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ မသိရသေးပါဘူးဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဆိုသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့သည် ယခင်လမှစ၍ ရခိုင်ပြည်နယ်မှ စီမံချက်များကို ယာယီဆိုင်းငံ့ထားပြီး၊ ဝန်ထမ်းများကိုလည်း လျော့ချထားသည်။

ရခိုင်ပြည်နယ်မှ ဆူပူအုံကြွမှုကို လုံခြုံရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ပြီဟု ဆိုသော်ငြားလည်း အစိုးရကွပ်ကဲသော ကယ်ဆယ်ရေးစခန်းများသို့ လူပေါင်း ထောင်၊ သောင်း ချီ၍ ရောက်ရှိနေပြီး၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ယင်းကယ်ဆယ်ရေးစခန်းများအတွက် လူတစ်သိန်းစာ စားနပ်ရိက္ခာ ထောက်ပံ့ပေးထားသည်ဟု သတင်းထုတ်ပြန်သည်။

ပြီးခဲ့သော မေလနှင့် ဇွန်လအတွင်းက ရခိုင်မိန်းကလေးတစ်ဦးကို မွတ်ဆလင် ၃ ဦးက မုဒိန်းကျင့်၊ လုယက်သတ်ဖြတ်မှု ဖြစ်ပွားခြင်း၊ မွတ်ဆလင် ၁၀ ဦးကို တောင်ကုတ်ဒေသခံ ဗုဒ္ဓဘာသာဝင်များက လက်စားချေသတ်ဖြတ်ခြင်းတို့မှ အစပြုကာ ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းအသွင် ကျယ်ပြန့် သွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲလျက်ရှိသည်။

ရခိုင်ပြည်နယ်အနှံ့အပြားတွင် အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး၊ မြန်မာလုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာ မွတ်ဆလင် အသိုင်းအဝိုင်း အပေါ် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူ HRW အဖွဲ့က စွပ်စွဲထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဖမ်းဆီးမှုများတွင် ဘက်လိုက်ဆောင်ရွက်မှုများရှိနေပြီး၊ ဒေသအာဏာပိုင်များသည် ရာဇဝတ်မှု ကျူးလွန်သော ရခိုင်များကိုဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း ရှိပုံမရဟု HRW စွပ်စွဲပြောကြားသည်။

မြန်မာ့နိုင်ငံရေးအကဲခတ်အချို့ကမူ “မြန်မာအစိုးရသည် ရခိုင်ပြည်နယ် အရေးအခင်းတွင် ရဲတပ်ဖွဲ့ကို လုံလောက်သော လုပ်ပိုင်ခွင့် အာဏာမပေးခဲ့ဘဲ၊ တပ်မတော်(စစ်တပ်)၏ Role ကိုမြှင့်တင်ရန် အခွင့်အရေးယူဖို့ ကြိုးစားခဲ့သည့်အပြင် လက်ရှိကယ်ဆယ်ရေး အစီအစဉ်များတွင်လည်း လွတ်လပ်သောအဖွဲ့အစည်းများကို ခွင့်မပြုဘဲ၊ အစိုးရနှင့် တပ်မတော်၏ ထီးရိပ်အောက်မှသာဆောင်ရွက်ရန် လက်ဝါးကြီးအုပ်ထားကာ အမှတ်ယူရန် ကြိုးစားနေသည်”ဟု စိတ်ဝင်စားဖွယ်ရာ မှတ်ချက်ပေးထားသည်။

                                                                *************************************************

ထိုင်းကုမ္ပဏီက ထားဝယ်စီမံကိန်းအတွက် ဂျပန်ထံမှ အကူအညီတောင်း

(Bangkok Post မှ 7July 2012 ရက်စွဲပါ”Japan assistance sought for Dawai” သတင်းကို ဘာသာပြန်ဆိုသည်)

အီတာလျံ-ထိုင်းကုမ္ပဏီ ITD သည် မြန်မာနိုင်ငံထားဝယ်စီမံကိန်း၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် လိုအပ်သော အမေရိကန်ဒေါ်လာ ၈.၆ ဘီလျံ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ဂျပန်နိုင်ငံထံမှ အတိုးနည်းချေးငွေရယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။

အီတာလျံ-ထိုင်ကုမ္ပဏီအကြီးအကဲ ပရင်ချိုင်းကာနာဆူတာသည် ဇူလိုင်၁၆-၁၇ တွင် ဂျပန်နိုင်ငံသို့သွားရောက်ရန် စီစဉ်ထားပြီး Japan Bank for International Corporation Japan International Corporation Agency တို့ထံမှ ငွေကြေးအကူအညီရယူရန် မျှော်လင့် ထားသည်။

အီတာလျံ-ထိုင်းလုပ်ငန်း၏ ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ DDC ထိုင်း-မြန်မာနယ်စပ်မှ ထားဝယ်သို့ ကားလမ်းဖောက်ခြင်း ကဲ့သို့သော အခြေခံကုမ္ပဏီများတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးလျက်ရှိသည်ဟု DDC ၏ အမှုဆောင်ဒါရိုက်တာ ဆုမ်ချက်သီနာပေါင်က ပြောကြားည်။

“ဂျပန်မှာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ရန်ပုံငွေဆိုတာ ရှိတယ်။အဲဒီကနေ အတိုးနည်းချေးငွေရဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”ဟု ကရွန်တိုင်းဘဏ်က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးပွဲ၏ ဝိုင်းအဝန်းတွင် မစ္စတာဆုမ်ချက်က ပြောကြားသည်။

ထားဝယ်စီမံကိန်း အခြေခံအဆောက်အအုံကုန်ကျစရိတ်၏ ၇၅ ရာခိုင်နှုန်းကို ယန်းငွေဖြင့်ချေးပြီး ကျန်ငွေကိုဒေါ်လာငွေနဲ့ ဘတ်ငွေရော၍ချေးရန် အစီအစဉ်ကို မိမိတို့ကုမ္ပဏီက တင်ပြရန်စီစဉ်နေသည်ဟု ဆုမ်ချက်ကဆိုသည်။

မြန်မာအစိုးရထံမှ ၇၅ နှစ်ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်နေသော ထားဝယ်စီမံကိန်းသည် DDC ကုမ္ပဏီ၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်သော မက်စ်မြန်မာကုမ္ပဏီနှုတ်ထွက်သွားပြီးနောက်တွင် ထပ်မံစိတ်ဝင်စားစရာကောင်းလာခဲ့ခြင်း ဖြစ်သည်။

မက်စ်မြန်မာကုမ္ပဏီ၏ နောက်ဆုတ်မှုကြောင့် ထားဝယ်စီမံကိန်း၏ ရှေ့ခရီးစဉ်အပေါ် သံသယများ ဖြစ်ပေါ်လာစေသော်လည်း မက်စ်မြန်မာ ကုမ္ပဏီသည် DDC ၏ စီးပွားဖက်ပါတနာ ဖြစ်နေဆဲဖြစ်ပြီး ယခုကိစ္စ၏ နောက်ကွယ်တွင် မည်သည့်နိုင်ငံရေးပြဿနာမှမရှိပါဟု မစ္စတာဆုမ်ချတ်က ပြောကြားသည်။

“မက်စ်မြန်မာက ထားဝယ်စီမံကိန်းထဲကို ပိုက်ဆံထပ်မထည့်ချင်တော့ပါဘူး။ ဒါကြောင့် သူ့ရဲ့ လက်ရှိပိုင်ဆိုင်မှု ရှယ်ယာ၂၅ ရာခိုင်နှုန်းကနေ လျော့သွားပါလိမ့်မယ်။ DDC က မှတ်ပုံတင်ထားတဲ့မတည်ငွေ ၁ ဘီလျံကို အပြည့်အဝ ထည့်ဝင်ကြခြင်း မရှိသေးလို့ပါ”ဟု ဆုမ်ချတ်က ဆက်လက် ပြောကြားသည်။

DDC သည် အလားအလာကောင်းသော မြန်မာကုမ္ပဏီ ၅ ခုခန့်နှင့် ဆွေးနွေးနေသည်ဟုလည်း ဆုမ်ချတ်က ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ပထမအဆင့်ကို ၂၀၁၆ ခုနှစ် တွင် လည်ပတ်နိုင်ရန် စီစဉ်ထားသော်လည်း ရန်ပုံငွေပြဿနာ ဒေသခံစီးပွားဖက် ပြဿနာတို့ကြောင့် မူလထက် နှောင့်နှေးကြန့်ကြာဖွယ်ရှိသည်ဟု မြန်မာသမ္မတ၏ စီးပွားရေးအကြံပေး ဝန်စတန်ဆက်အောင်က ဆိုသည်။

၎င်းက ဆက်လက်၍ “ကြီးမားလွန်းသောစီမံကိန်းကို အစိုးရက အပြည့်အဝထောက်ခံကြောင်း၊ နှစ်နိုင်ငံအစိုးရများအနေဖြင့် စီမံကိန်းဖွဲ့စည်းပုံကို အပြီးသတ်ဆွေးနွေးသင့်ကြောင်း နည်းပညာပြဿနာများနှင့် ဖွဲ့စည်းပုံပြောင်းလဲမှုများကြောင့် အစပိုင်းတွင် ကြန့်ကြာနိုင်သော်လည်း အချိန်မီ အကောင်အထည် ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ထားဝယ်အပြင် အဓိကစီးပွားရေးဇုန်နှစ်ခုရှိကြောင်း ၎င်းတို့အနက် သီလဝါသည် အခြေခံ အဆောက်အအုံပိုင်း ပြီးစီးထားသောကြောင့် များစွာပိုမိုမြန်ဆန်လိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံမှ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီင်္းဌာန လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဒေါ်သန်းထွဋ်သီတာက “မြန်မာနိုင်ငံသို့ ဝင်လာကြမည့် နိုင်ငံခြားကုမ္ပဏီများအတွက် ပညာရေးအဆင့်အတန်း၊ အလုပ်သမားကျွမ်းကျင်မှု ၊ အလုပ်အကိုင်သတ်မှတ်ချက်စသော စိန်ခေါ်မှုများရှိနေလိမ့်ဦးမည်”ဟု သုံးသပ်ပြောဆိုသည်။

ဘွန်ရော့ထရိတ်ဒင်းမှ ဈေးကွက်ဒါရိုက်တာ တီကီနန်ခွန်နပ်ပန်က ”ထိုင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ မဝင်မီ အမှန်တကယ် နားလည်အောင် ပြုလုပ်သင့်သည်”ဟု သတိပေးပြောကြားသည်။

မြန်မာနိုင်ငံမှ လက်တွေ့လုပ်ထုံးလုပ်နည်းနှင့် ဈေးကွက်သဘောကို အထာသိရန် အလွန်အရေးကြီးသည်ဟု မစ္စတာကီတီနန်ခွန်နပ်ပန်က ဆိုသည်။ နိုင်ငံရေးတည်ငြိမ်မှုသည်လည်း စိုးရိမ်ရဆဲကိစ္စတစ်ခုဟု သူကမှတ်ချက်ပေးသည်။

မြန်မာသမ္မတ၏စီးပွားရေးအကြံပေး ဝင်စတန်ဆက်အောင်က “လက်ရှိအစိုးရသည် ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပုဂ္ဂလိကကဏ္ဍများပါဝင်မှုကို ခွင့်ပြုရန်ရည်ရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ၊ အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲမွဲတေမှုလျှော့ချခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များ ဖြည့်ဆည်းရန် ပြင်ဆင်နေကြောင်း၊ ၎င်းမဟာဗျူဟာအရ အလုပ်သမားအားပြု စီးပွားရေးကဏ္ဍများကို လက်ခံအားပေးဖွယ်ရှိကြောင်း” အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ယနေ့ ထိုင်းနိုင်ငံစတော့အိပ်ချိန်းတွင် အီတာလျံထိုင်းကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို ၃.၀၈ ဘတ်ဖြင့် စာရင်းပိတ်ခဲ့ရာ ၂ဆာတန်(မြန်မာလို ၂ပြား) ကျဆင်းသွားသည်ဟု သိရသည်။

                       *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိန္ဒိယအရှေ့မြောက်သည် အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မည်

(8 July 2012 ရက်စွဲပါ The Stateman မှ Northeast may get rail link to neighbouring nations ကိုဘာသာပြန်သည်)

  1. ပို၍ မျှော်လင့်ချက်ကောင်းလာသော အာဆီယံ

(9 July 2012 ရက်စွဲပါ The Jakarta Post မှ ခေါင်းကြီးပိုင်းဖြစ်သော A more hopeful ASEAN ကိုဘာသာပြန်ဆိုသည်)

  1. ဗြိတိသျှကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ လာရောက်မည်

(The independent မှ 9 July 2012 ရက်စွဲပါ “British business head to Burma for trade delegation”သတင်းကို ဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

အိန္ဒိယအရှေ့မြောက်သည် အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မည်

(8 July 2012 ရက်စွဲပါ The Stateman မှ Northeast may get rail link to neighbouring nations ကိုဘာသာပြန်သည်)

အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက်နယ်မြေနယ်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘူတန်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြင့် ရထားလမ်း ဆက်သွယ်မှု ရရှိတော့မည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းကို ဖြစ်ပေါ်စေရန် လိုအပ်သော လုပ်ဆောင်မှု ဖြစ်သည်။

Northeast Frontier Railway (NFR)သည် ကွင်းဆင်းလေ့လာချက်အစီရင်ခံစာကို မီးရထားဘုတ်အဖွဲ့သို့ တင်ပြထားပြီး ဖြစ်သည်။ ဘုတ်အဖွဲ့သည် အရှေ့မြောက်ပြည်နယ်များဖြစ်သော ဘီဟာနှင့်အနောက်ဘန်ဂေါတို့ကို နီပေါအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်နိုင်ရန် မျှော်မှန်းလျက်ရှိသည်။

“ကျွန်တော်တို့ဟာ မီးရထားဘုတ်အဖွဲ့ကို အစီရင်ခံစာ တင်ထားပါတယ်။ သူတို့ဆီက စကားပြန်စောင့်နေပါတယ်။ အရှေ့မြောက်ပြည်နယ်တွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ရထားလမ်းဆက်အသွယ် တိုးချဲ့ချင်လို့ တောင်းဆိုထားတာ ကြာပါပြီ”ဟု အကြီးတန်း NFR တာဝန်ရှိသူတစ်ဦးကဆိုသည်။

အခြား အဆိုပြုထားသော ရထားလမ်းများမှာ ဘီဟာနယ်ရှိ Jangboni မှ နီပေါရှိ Biratnagar သို့လည်းကောင်း၊ အနောက်ဘန်ဂေါရှိ New Jalpaiguri မှ နီပေါရှိ Kakrabita သို့လည်းကောင်း၊ အနောက်ဘန်ဂေါရှိ Hasimara မှ ဘူတန်ရှိ Phuentsholing သို့လည်းကောင်း၊ အာသံရှိ Pathsala မှ ဘူတန်ရှိ Namlang သို့လည်းကောင်း ဖြစ်သည်။

“မဏိပူရမှာရှိတဲ့ Jiribam နဲ့မိုးရေးကိုဖြတ်ပြီး မြန်မာနိုင်ငံကို ဆက်သွယ်မယ့် အစီအစဉ်လဲရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရေးအတွက် မကြာခင် ကွင်းဆင်းတိုင်းတာပါမယ်”ဟု အဆိုပါ NFR တာဝန်ရှိသူက ပြောသည်။

                                                                    *******************************************

ပို၍ မျှော်လင့်ချက်ကောင်းလာသော အာဆီယံ

(9 July 2012 ရက်စွဲပါ The Jakarta Post မှ ခေါင်းကြီးပိုင်းဖြစ်သော A more hopeful ASEAN ကိုဘာသာပြန်ဆိုသည်)

ယခုအပတ် ဖနွမ်းပင်တွင်ပြုလုပ်မည့် အာဆီယံနှစ်ပတ်လည်အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်မှ တင်းမာမှုများသည် ထင်ထင်ရှားရှား ထွက်ပေါ်လာဖွယ်ရှိသည်။ အစည်းအဝေးတွင် အဆိုပါ သယံဇာတကြွယ်ဝသော ရေပြင်တွင် စစ်အင်အားတည်ဆောက်မည့် အန္တရာယ်ကို အရေးမကြီးအောင် ပြုလုပ်မည့် ရည်ရွယ်ချက်မရှိဘဲ ပြင်းထန်သောဝေဖန်မှုများကို ပြန်လည်ဖြေကြားရန် အခွင့်အလမ်းများ ဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားတက်ဖွယ် တိုးတက်မှုရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း ပြောဆိုကြမည် ဖြစ်သည်။

ဇူလိုင်လ(၁၂)ရက်နေ့ အာဆီယံဒေသတွင်းဖိုရမ်(ARF)ကျင်းပသည့်အခါ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူ အပါအဝင် အဓိကကျသော ကမ္ဘာ့ပလေယာများ တက်ရောက်ကြမည် ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများကလည်း တောင်တရုတ်ပင်လယ်ပဋိပက္ခကို အာရုံပြုဖွယ်ရှိသည်။ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုသည်လည်း နောက်ထပ်အဓိကကျသော ကိစ္စတစ်ရပ် ဖြစ်လာနိုင်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ဖိလစ်ပိုင်တို့၏ နယ်မြေတောင်းဆိုမှုများ၌ တူညီသောနယ်မြေများ ပါဝင်နေသည်။ ထို့အပြင် တိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူးနိုင်းတို့ကလည်း နယ်မြေများ တောင်းဆိုထားသည်။ Beijing နှင့် မနီလာတို့သည် အသံကျယ်ကျယ်ဟစ်သော ဒစ်ပလိုမေစီ (megaphone diplomacy)ကို ပိုမိုလုပ်ဆောင်လာသည်။ မနီလာသည် ကမ္ဘာကြီးအား ၎င်း၏ အမေရိကန်နှင့် နီးစပ်သောဆက်ဆံရေးကို သိအောင်ပြုလုပ်လာသည်။

ထို့အပြင် အာဆီယံသည် ဈေးကွက်တစ်ခုတည်း(single market)အဖြစ် အသွင်ပြောင်းရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် အီးယူအဖွဲ့ဝင်အချို့၏ စီးပွားရေးမှာ ပြိုလဲလျက်ရှိရာ၊ အီးယူ၏ ခြေလှမ်းအတိုင်း လိုက်လုပ်ရန် စိတ်အားထက်သန်မှုသည် ကျရှုံးကောင်း ကျရှုံး နိုင်သည်။

အဖွဲ့တွင်းတွင် ကွဲပြားမှုများ ရှိကောင်းရှိနေနိုင်သည်ဆိုသော်လည်း၊ ယခုဖနွမ်းပင်တွင်ကျင်းပမည့် အစည်းအဝေး၌ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား အဖွဲ့ကြီးက မြန်မာခေါင်းဆောင်များကို ၎င်း၏ ပြည်သူများအပေါ် နှိပ်ကွပ်မှုများရပ်ဆိုင်းရန်နှင့် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ထားမှုများ ရပ်ဆိုင်းရန် စိတ်ရှည်စွာနားချရှင်းပြနိုင်မည်ဖြစ်သည်။

၁၉၈၀ ခုနှစ်များဆီက ကမ္ဘောဒီးယားသည် တရုတ်နောက်ခံပြုသော ခမာ(Rouge)များနှင့် ဗီယက်နမ်ထောက်ခံသော ဟွန်ဆန်တို့ကြား ပြည်တွင်း စစ်ဖြစ်ပွားခဲ့သဖြင့် ပျက်စီးခြင်းသို့ရောက်ခဲ့ရသည်။ ၁၉၉၀ အစောပိုင်းကာလများတွင် အာဆီယံ၏ သံတမန်ဆိုင်ရာ မနေမနားကြိုးပမ်းမှုများ အထူးသဖြင့် အင်ဒိုနီးရှား၏ အရေးကြီးသောကဏ္ဍမှ ပါဝင်လှုပ်ရှားမှုကြောင့် ကမ္ဘောဒီးယားတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိခဲ့သည်။

အာဆီယံခေါင်းဆောင်များအား ၎င်းတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသောမူဝါဒများအပေါ် ဝေဖန်ခဲ့သော်လည်း ထိုမူဝါဒသည် မြန်မာနိုင်ငံတွင် ကောင်းစွာအလုပ်ဖြစ်ခဲ့ပြီဆိုသည်ကို ငြင်းဆိုရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အာဆီယံအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သူများပင် ငြင်းဆိုရန် ခက်မည်ဖြစ်သည်။

ယခု အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင် တက်ရောက်လာပါက ၎င်းသည် အာဆီယံဝန်ကြီးများနှင့် အဖွဲ့ကြီး၏ ဆွေးနွေးဖက် အမေရိကန်၊ အီးယူ၊ ဂျပန်၊ သြစတေးလျ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားတို့ထံမှ နွေးထွေးသော ကြိုဆိုမှုများကို ရရှိမည်ဖြစ်သည်။

သို့ဖြစ်၍ သမ္မတဦးသိန်းစိန်အတွက် ကြီးမားသော သက်သာရာရမှုပင် ဖြစ်သည်။ အများစုက ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်၏ စိတ်ရင်းအမှန်နှင့် ကတိကဝတ်များအပေါ် ကြီးစွာသတိထားလျက် ရှိနေသေးသော်လည်း၊ ၎င်း၏ မြန်မာနိုင်ငံအား အပယ်ခံနိုင်ငံအဖြစ်မှ ရပ်ဆိုင်းသွားရန် ရဲဝံ့သော ဆုံးဖြတ်ချက်သည် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများကို ဖြစ်စေခဲ့ပြီ ဖြစ်သည်။

အာဆီယံခေါင်းဆောင်များသည် ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ထိပ်သီးအစည်းအဝေးကျင်းပရန် ကတိပေးထားပြီး ဖြစ်သည်။ ထိုအချိန်တွင် မြန်မာပြည်သူများ၏ လိုလားချက်များ အတန်အသင့် ပြည့်မှီမည်ဟု ယူဆရသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ လက်ရှိတိုးတက်မှုများကို အပေါင်း လက္ခဏာဆောင်သော အမြင်ရှိသည်။

အာဆီယံသည် ဆင်းရဲသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ စဉ်ဆက်မပြတ်စေရေး သေချာစေရန် စိတ်အား၊ လူအားထက်သန်စွာ လုပ်ဆောင်ပေးလျက်ရှိသည်။ သို့သော် ခေါင်းဆောင်များ သတိရနေရမည့်အချက်မှာ အခြား အာဆီယံတိုင်းပြည်များတွင်လည်း ဒီမိုကရေစီဆိုင်ရာလိုအပ်ချက် ဆိုးရွားစွာရှိနေသည်ဆိုသည့် အချက်ဖြစ်သည်။ ဒေသတွင်းတွင် တချိန်က ဒီမိုကရေစီချန်ပီယံဖြစ်စေခဲ့သော ထိုင်းနိုင်ငံတွင် အခြေအနေမှာ မရေရာရှိနေဆဲဖြစ်ပြီး စစ်တပ်က အရပ်သားအစိုးရအပေါ် ပါဝါရှိကြောင်း ပြသနေဆဲဖြစ်သည်။

ယခု အာဆီယံနှစ်ပတ်လည်အစည်းအဝေးမှာ ပိုမိုခိုင်မာသော ရလဒ်များရလာမည်ဟု ကျွန်ုပ်တို့မျှော်လင့်ရသည်။ တောင်တရုတ်ပင်လယ်တွင် ရန်လိုမှုများလျှော့ချနိုင်ရေးကို ယခုအစည်းအဝေးမှ ထွက်ပေါ်လာစေရန် မျှော်လင့်ရမည်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေးဆွေးနွေးမှုကိုလည်း မျှော်လင့်ရသည်။

အာဆီယံသည် နယ်ပယ်စုံတွင် အားတက်ဖွယ် တိုးတက်မှုများပြသခဲ့ပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ တိုးတက်မှုများသည်လည်း အာဆီယံ၏ အရေးပါသော အောင်မြင်မှုများထဲမှတစ်ခုဖြစ်သည်။

                                                                    ******************************************

ဗြိတိသျှကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ လာရောက်မည်

(The independent မှ 9 July 2012 ရက်စွဲပါ “British business head to Burma for trade delegation”သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့အင်အားကြီးရေနံကုမ္ပဏီများဖြစ်သော BP နှင့် Shell တို့ပါဝင်သော ဗြိတိသျှကုမ္ပဏီများအဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်ရာ၊ ဗြိတိသျှအစိုးရ၏ ကမကထပြုမှုဖြင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့သွားမည့် ဗြိတိသျှစီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်ဟု သိရသည်။

လေ့လာရေးခရီးသွားမည့် အဆိုပါမစ်ရှင်သည် ၁၉၉၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံသို့စေလွှတ်သည့် ပထမဆုံး ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး၊ ယခုနှစ် အစောပိုင်း ဥရောပနှင့် အမေရိကန် Sanction များ ရုတ်သိမ်းပြီး နောက်ပိုင်း စီးပွားရေးသဘာတူညီမှုများရရှိရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြချိန်တွင် ၎င်းခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မထုတ်ယူရသေးသော သယံဇာတများကြွယ်ဝ၍၊ တရုတ်နှင့် အိန္ဒိယအကြားတည်ရှိသော မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အလားအလာကောင်းသည့် ရွှေတွင်းတစ်ခုသဖွယ် ရှုမြင်နေကြသော်လည်း၊ မြန်မာနိုင်ငံမှ(အာဏာရှင်)အစိုးရ၏ နည်းနည်းနှင့် ဖြေးဖြေးလျော့၍ များများနှင့် မြန်မြန်ပြန်လိုချင်သည့် မဟာဗျူဟာအပေါ် စိုးရိမ်ပူပန်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ထုတ်ဖော်ပြောဆိုထားသည်။

ယခင်နိုင်ငံရေးအကျဉ်းသား အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီက ဗြိတိန်နိုင်ငံ ခရီးစဉ်အပြီးတွင် နေပြည်တော်နှင့် လန်ဒန်အကြား ဆက်ဆံရေးသိသိသာသာ နွေးထွေးလာခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သတိထား၍ ထောက်ခံပြောဆိုခဲ့သော်လည်း ကုမ္ပဏီအကျိုးစီးပွားအတွက်သာမကဘဲ၊ မြန်မာနိုင်ငံနှင့် ပြည်သူများအတွက်ပါ အကျိုးရှိသင့်သည်ဟု သတိပေး ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲတွင်းနက်နေသော သာမန်ပြည်သူများ တိုးတက်စေမည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို မပြုလုပ်ဘဲ၊ သဘာဝ သယံဇာတများကို အပြောင်ရှင်းထုတ်ယူရန် အာရုံစိုက်ကြိုးပမ်းနေသော တရုတ်နိုင်ငံနှင့် မြန်မာအစိုးရအကြားမှ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအပေါ် မြန်မာပြည်သူများက ကျေနပ်မှုမရှိကြပေ။

BP နှင့် Shell သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် လေ့လာကြမည့်အဖွဲ့တွင် အဓိကပါဝင်သူနှစ်ဦးဖြစ်သည်ဟု Independent သတင်းစာက ခန့်မှန်းထားသည်။

နိုင်ငံတကာစွမ်းအင်ကုမ္ပဏီအများစုမှာ BP နှင့် Shell ထက်ကြိုတင်၍ လက်ဦးထားကြပြီး ဖြစ်ပေသည်။ Total နှင့် Chevron သည် ထိုင်းနှင့် မလေးရှားကုမ္ပဏီများနှင့် လက်တွဲကာ မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့များကို ယခင်ကပင် ထုတ်ယူခဲ့ကြပြီးဖြစ်သည်။

ဗြိတိသျှကုန်သွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ “လက်ရှိမြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအနေအထားကြောင့် သဘောတူစာချုပ်ချုပ်ရန် မမျှော်လင့်သေးကြောင်းနှင့် နားထောင်လေ့လာ၍ အချက်အလက်ရှာဖွေ စုဆောင်းရန်သာဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။

အသုံးရခက်သော ATM စက်များ၊ သုံးမရအောင်နှောင့်နှေးသော အင်တာနက်နှင့်ဟိုတယ်လည်း အနည်းငယ်သာရှိသော ရန်ကုန်မြို့တော်တွင် ယခုလပိုင်းများအတွင်း နိုင်ငံတကာစီးပွားရေးသမားများ စုပြုံရောက်ရှိလာခဲ့သည်။ ဥရောပတိုက်သား ပညာရှင်တစ်ဦးက “တကယ့်ကို တစီစီပါပဲဗျာ၊ အနောက်ပိုင်း တောရိုင်းဒေသတစ်ခုနဲ့ တူတယ်လို့ ခံစားမိပါတယ်။ ဒီမှာ ပိုက်ဆံအများကြီးရနိုင်တဲ့ အခွင့်အရေးရှိနေတယ်ဗျ”ဟု မှတ်ချက်ပေးသည်။

Shell ရေနံကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက “Shell ကုမ္ပဏီဟာ ချမှတ်ထားတဲ့မဟာဗျူဟာနဲ့ကိုက်ညီမယ့် ကမ္ဘာ့စီးပွားရေး အခွင့်အလမ်းတွေကို အမြဲတမ်းလေ့လာရှာဖွေနေပါတယ်။ Shell ဟာလောလောဆယ် မြန်မာနိုင်ငံနဲ့ပတ်သက်မှု မရှိသေးပါဘူး။ နောက်ပြီးတော့ Shell ဟာ အစိုးရမှန်သမျှနဲ့ စည်းကမ်းချက်တွေကိုလည်း အပြည့်အဝ လေးစားလိုက်နာလေ့ ရှိပါတယ်။ လတ်တလောမှာတော့ ဒီဒေသရဲ့စီးပွားရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး အခင်းအကျင်းတွေကို ကောင်းစွာနားလည်နိုင်ဖို့အတွက် သက်ဆိုင်ရာ Stakeholders တွေအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတုန်းပါပဲ”ဟု ရှင်းလင်းပြောကြားသည်။

                                         ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs