Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးလျော့စေရန် ဂျပန်နိုင်ငံက ပေါင်းကူးချေးငွေကို ဒေါ်လာသန်း ၉၀၀ အထိထပ်တိုးမည်

(The Japan Times မှ 2 Aug 2012 ရက်စွဲပါ “Japan to extend $ 900 million in bridge loans to Myanmar to ease its debt burden”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာပြည်မှ ပြဿဒါးနေ့ရက်များ

(Hurriyet Daily မှ 31 July 2012 ရက်စွဲပါ ကနေဒါလူမျိုးသတင်းစာဆရာ Gwynne Dyer ၏ သဘောထားအမြင်ဆောင်းပါးဖြစ်သော Bad Days in Burma ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးလျော့စေရန် ဂျပန်နိုင်ငံက ပေါင်းကူးချေးငွေကို ဒေါ်လာသန်း ၉၀၀ အထိထပ်တိုးမည်

(The Japan Times မှ 2 Aug 2012 ရက်စွဲပါ “Japan to extend $ 900 million in bridge loans to Myanmar to ease its debt burden”သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန်ကြွေးကျန်များအား မြန်မာနိုင်ငံက ပြည်လည်ပေးဆပ်နေမှုကို ကူညီရန်အတွက် တိုကျိုက မြန်မာနိုင်ငံသို့ပေးမည့် ပေါင်းကူးချေးငွေကို ဒေါ်လာသန်း ၉၀၀ ၀န်းကျင်သို့ ထပ်တိုးလိုက်သည်ဟု ဗုဒ္ဓဟူးနေ့က သိရှိရသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် စည်းမျဉ်းများအရ ငွေချေးမည့်နိုင်ငံများသည် ငွေကြေးအကူအညီသစ် မတောင်းမီ ပေးရန်ကျန်ရှိသော ကြွေးပောာင်းများကို အရင်ဆပ်ရန်လိုအပ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်နှစ်ခုစလုံးတွင် အများဆုံးရှယ်ယာထည့်ဝင်ထားသူ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာပြီးနောက်ပိုင်း ယင်းနိုင်ငံအပေါ် Sanctions များ ဖြေလျော့ပေးခဲ့သော်လည်း ချေးငွေသစ်ထပ်မပေးရန် နှစ်ဘဏ်စလုံးကို တားမြစ်ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံအပေါ် လက်ကျန် Sanctions များကို ဝါရှင်တန်က ခန့်မှန်းခြေဇန်နဝါရီလခန့်တွင် ဖယ်ရှားပေးမည့်အချိန်တွင် ကမ္ဘာ့ဘဏ်နှင့် ADB ထံမှ ချေးငွေသစ် ရရှိရန်အတွက် တိုကျို၏ပေါင်းကူးချေးငွေက လမ်းဖွင့်ပေးလိမ့်မည်ဟု နေပြည်တော်အာဏာပိုင်များက မျှော်လင့်နေကြသည်။

ကမ္ဘာ့ဘဏ်နှင့် ADB နှစ်ဖွဲ့စလုံးကလည်း မြန်မာနိုင်ငံအား ပိုက်ဆံပြန်ချေးရာတွင် လိုအပ်သောအခြေခံလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့တော်၌ ရုံးခွဲများ ဖွင့်လှစ်ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၀၀ ခန့်နှင့် ADB က ဒေါ်လာသန်း ၅၀၀ ခန့်ကို မြန်မာနိုင်ငံထံမှ သက်တမ်းလွန်အကြွေးအဖြစ် ရရန် ကျန်ရှိသည်ဟု သိရှိရသည်။

၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် ယခင်တပ်မတော်အစိုးရက ယင်း၏ပြည်သူများအပေါ် လူ့အခွင့်အရေးညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်ချိန်တွင် ကမ္ဘာ့ဘဏ်နှင့် ADB နှစ်ဖွဲ့စလုံးက မြန်မာနိုင်ငံအား ပိုက်ဆံချေးခြင်းကို ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။

                                                                ******************************************************

မြန်မာပြည်မှ ပြဿဒါးနေ့ရက်များ

(Hurriyet Daily မှ 31 July 2012 ရက်စွဲပါ ကနေဒါလူမျိုးသတင်းစာဆရာ Gwynne Dyer ၏ သဘောထားအမြင်ဆောင်းပါးဖြစ်သော Bad Days in Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ နောက်ဆုံးတွင် ပြောနိုင်ဆိုနိုင်သည့် အဆင့်တွင်ရှိသူတစ်ဦးက  တစ်စုံတရာထုတ်ဖော် ပြောဆိုလာပြီ ဖြစ်သည်။ ယင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Navi Pillay က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက အစီအစဉ်တကျပစ်မှတ်ထားကာ ညှဉ်းပန်းနှိပ်စက်နေသည်ဟူသော စောဒကတက်မှုများကို လွတ်လပ်မှုရှိသည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုများတွင် လူပေါင်း ၇၈ ဦးသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်တိုင် ရိုဟင်ဂျာမွတ်စလင်အသိုင်းအဝိုင်းခေါင်းဆောင်များက ၆၅၀ သေဆုံးခဲ့ကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင် စုစုပေါင်းရှစ်သိန်းခန့်ရှိသည့်အနက် တစ်သိန်းခန့်မှာ ယခုအခါ ပြည်တွင်းဒုက္ခသည်များဖြစ်နေပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသည်ဟူသောအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ အငြင်းမပွားကြပါ။ သင်တို့အနေဖြင့် ဤကိစ္စတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ရိုဟင်ဂျာများဘက်ကနေ၍ မားမားမတ်မတ်ရပ်တည်ပေးကြလိမ့်မည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။

ကံဆိုးချင်တော့ ယခုတစ်ကြိမ်တွင် ဘုန်းတော်ကြီးများက မှားသည့်ဘက်တွင် ရပ်တည်ကြသည်။ ဘုန်းတော်ကြီးများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ အပြင်မှနေပြီး ရိုဟင်ဂျာများအတွက် စားနပ်ရိက္ခာနှင့် အခြားအကူအညီများ သယ်ဆောင်လာသူများကို မောင်းထုတ်လျက်ရှိသည်။ အဆိုပါဒေသတွင် အရေးပါသည့် ဘာသာရေးအသင်းအဖွဲ့ဖြစ်သော စစ်တွေရဟန်းပျိုများအဖွဲ့နှင့် မြောက်ဦး သံဃာတော်များအဖွဲ့တို့က ဒေသခံများအား ရိုဟင်ဂျာများနှင့် ထိတွေ့ဆက်ဆံမှုမပြုကြရန် တိုက်တွန်းခဲ့ကြသည်။ ထို့ပြင် လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်လည်း "ရိုဟင်ဂျာများသည် သဘာဝအရ ရိုင်းစိုင်းသူများဖြစ်သည်"ဟု ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး နောင်အနာဂါတ်တွင် မြန်မာနိုင်ငံသမ္မတဖြစ်ဖွယ်ရှိသော အမျိုးသမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိုဟင်ဂျာအရေးကိစ္စကို ထိပ်တိုင်ရင်ဆိုင်ခြင်း သို့မဟုတ် ကျောထောက်နောက်ခံပြုခြင်း တစ်စုံတရာမပြုလုပ်ဘဲ နေလျက်ရှိသည်။ မကြာသေးခင်က နိုင်ငံခြားသတင်းစာဆရာများက "ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု၊ မပြုသိလိုကြောင်း" မေးမြန်းရာ သူမက "ကျွန်မမသိပါဘူး"ဟု ဝေ့လည်ကြောင်ပတ် ဖြေကြားခဲ့သည်။ "နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဥပဒေတွေနဲ့ဘယ်သူတွေ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုတာကို ကျွန်မတို့အနေနဲ့ ရှင်းရှင်းလင်းလင်း သိရှိထားရမှာဖြစ်ပါတယ်"ဟု သူမက ဆိုသည်။

အကယ်၍ သူမသာ ရိုးစင်းခဲ့မည်ဆိုပါက အထက်ပါအတိုင်းတုံ့ပြန် ဖြေကြားမည်မဟုတ်ပေ။ "ဟုတ်ပါတယ်၊ ရိုဟင်ဂျာတွေဟာ နိုင်ငံသားတွေပါ။ ဒါပေမဲ့ ဟုတ်ပါတယ်လို့ မပြောဝံ့ဘူး။ စစ်တပ်က နောက်ဆုံးမှာအာဏာစွန့်လွှတ်မှာပါ။ ကျွန်မအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိချင်ပါတယ်။ မြန်မာမွတ်စလင်တွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးမိလျှင် ကျွန်မအနေနဲ့ မဲတစ်ပြားမှရမှာ မဟုတ်ပါဘူး"ဟု ယခုကဲ့သို့ ဖြေကြားပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏနှိုင်းယှဉ်ပြောဆိုခံရသော နယ်လ်ဆင်မင်ဒဲလားဆိုပါက သူမလိုပုံစံမျိုးဖြင့် ပြောဆိုမည်မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော သူမအနေဖြင့် ရဲဝံ့စွာထုတ်ဖော်ပြောဆိုရန် သတ္တိမရှိမှုကိုဖော်ကျူးရာရောက်သည်။ ဘာသာရေးယုံကြည်ချက်နှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အပြုအမူဟူသည်မှာလည်း အလိုအလျောက်အတူတကွ ယှဉ်တွဲနေမည် မဟုတ်ပေ။ အမျိုးသားရေးစိတ်ဓာတ်က အဆိုပါနှစ်ခုစလုံးကို လွှမ်းမိုးထားနိုင်သည်။ သို့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်များ ဆိုးဆိုးရွားရွားတုံ့ပြန် ပြုမူနေသည်ဟူသောအချက်အပေါ် အံ့သြသင့်မနေဘဲ မြန်မာနိုင်ငံတွင် ဘာတွေအမှန်တကယ် ဖြစ်ပေါ်နေသည်ဟူသောအချက်ကို ဆန်းစစ်ကြည့်ကြပါစို့။

ရိုဟင်ဂျာများသည် လွန်ခဲ့သော ၁၄ ရာစုနှစ် ၁၈ ရာစုအကြား ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမပြုခင်အချိန်ကတည်းက ရခိုင်ပြည်တွင် အခြေချနေထိုင်လာခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံမှ ထပ်မံရောက်ရှိလာသူအတော်များများ မြန်မာနိုင်ငံရှိမြို့ကြီးများသို့ရောက်ရှိလာပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် ကြီးစိုးလာကြသည်။ မြန်မာလူမျိုးတို့၏ မကျေမချမ်းမှုမှာ သဘာဝကို၌က ပြင်းထန်သည့်သဘောတွင် ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်များ ဝင်ရောက်လာသောအခါ အိန္ဒိယမှ ရွှေ့ပြောင်းဝင်ရောက်လာသူ အတော်များများမှာ မောင်းထုတ်ခံခဲ့ရသည်။ သို့သော် မြန်မာတို့၏ကြောက်လန့်မှုနှင့် နိုင်ငံခြားသားများမုန်းတီးမှုတို့မှာ ဆက်လက်ကျန်ရှိနေခဲ့ပြီး ယခုအချိန်တွင် ရိုဟင်ဂျာများအပေါ် ရောက်ရှိသွားခြင်းဖြစ်သည်။ ရိုဟင်ဂျာများကို အဓိကပစ်မှတ်ထားရခြင်းမှာ ၎င်းတို့အား နိုင်ငံခြားသားများအဖြစ် အဓိက ရှုမြင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့မှာ အမှန်တကယ်တမ်းတွင် ဗုဒ္ဓဘာသာဝင်များကြီးစိုးသောနိုင်ငံ၌ ရိုဟင်ဂျာများမှာ မွတ်စလင်များဖြစ်ကြရာ ၎င်းတို့အား နိုင်ငံခြားမှဝင်ရောက်လာသူများထက်ပင် ပို၍ဆိုးသကဲ့သို့ရှိသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများမှာ အိမ်နီးချင်းဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် ဆင်းရဲသောလယ်သမားများဖြစ်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသားဖြစ်ခွင့်ရရေးဟူသောကိစ္စမှာ ၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပိုက်မှုမဖြစ်ပေါ်ခင် အချိန်ကာလအထိ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ သို့သော် ၁၉၇၈ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာများကို တိုက်ခိုက်ခဲ့ပြီး လူပေါင်းနှစ်သိန်းခန့်အား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ မောင်းထုတ်ခဲ့ကြသည်။ ထိုစဉ်က သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် ဗလီများကိုဖျက်ဆီးမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။ စစ်အာဏာရှင်တစ်ဦးဖြစ်သူ ဦးနေဝင်းက ၁၉၈၂ ခုနှစ်တွင် ရိုဟင်ဂျာများ၏နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်လိုက်ပြီး အခြားနေရာဒေသများသို့ တရားဝင်ခွင့်ပြုချက်မပါရှိဘဲ ခရီးသွားလာခွင့်မရှိဟူသော အမိန့်ထုတ်ပြန်ခဲ့သလို မြေယာပိုင်ဆိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့်တို့ကို ပိတ်ပင်လိုက်သည်။ တစ်မိသားစုလျှင် ကလေးနှစ်ယောက်ထက် ပို၍မယူရဟူသော အမိန့်လည်းထုတ်ပြန်ခဲ့သည်။ ၁၉၉၀-၉၁ ခုနှစ်တွင်လည်း အလားတူစစ်တပ်ဦးဆောင်သည့် ရိုဟင်ဂျာနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထပ်မံထွက်ပြေးကြရပြန်သည်။

မကြာသေးခင်ကမူ စစ်ဗိုလ်ချုပ်ဟောင်းနှင့် လက်ရှိ မြန်မာအသွင်ကူးပြောင်းရေး သမ္မတဦးသိန်းစိန်က ကုလလူ့အခွင့်အရေးအကြီးအကဲ Navi Pillay အား ယခုလို တုံ့ပြန်ပြောဆိုခဲ့သည်။ "ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ တိုင်းရင်းသားပြည်သူများအတွက် တာဝန်ယူသွားမည်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ တိုင်းရင်းသားမဟုတ်ဘဲ ပြည်တွင်းသို့တရားမဝင် ဝင်ရောက်လာသူ ရိုဟင်ဂျာများကို လက်သင့်ခံရန်ကိစ္စမှာ ဖြစ်နိုင်ခြေမရှိပါ။ အခြားတိုင်းပြည်တစ်ခုခုက ၎င်းတို့ကို ခေါ်ဆောင်ရမည်ဖြစ်သည်"ဟု ဆိုသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသို့တရားမဝင် ဝင်ရောက်လာခြင်းမဟုတ်ပေ။ မြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးစုဒါဇင်နှင့်ချီ၍ ရှိသည်။ ယခုကဲ့သို့ ထိတ်လန့်စရာကောင်းသော၊ လောဘပါသော၊ လျစ်လျူရှုသော၊ ခေါင်းပုံဖြတ်သောမူဝါဒမျိုးကို နိုင်ငံရေးသမားများလက်ကိုင်ထားခြင်းမှာ အမျိုးသားရေးစိတ်ခံစားချက်နှင့် ဘာသာရေးဆိုင်ရာမုန်းတီးမှုတို့ကြောင့်သာ ဖြစ်လေသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းကမြန်မာနိုင်ငံအပေါ် ပိုမိုသြဇာကြီးရန် တိမ်းညွတ်

(1st August 2012 ရက်စွဲပါ The Staits Times မှ Bruce Gale ရေးသားသော Thailand bant on bigger influence in Myanmar ကိုဘာသာပြန်ဆိုသည်

  1. အသေးစားငွေကြေးအစီအစဉ်သည် မြန်မာကျေးလက် ဆင်းရဲမွဲတေမှု အတွက်အသက်ကယ်ကြိုးတစ်ချောင်း ဖြစ်လာ

(Radio Natherlands မှ 1 August 2012 ရက်စွဲပါ“Micro -finance offers life line to Myanmar rural poor” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ထိုင်းကမြန်မာနိုင်ငံအပေါ် ပိုမိုသြဇာကြီးရန် တိမ်းညွတ်

(1st August 2012 ရက်စွဲပါ The Staits Times မှ Bruce Gale ရေးသားသော Thailand bant on bigger influence in Myanmar ကိုဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံရှိဒေါ်လာသန်းချီရရှိနေသော ရေနက်ဆိပ်ကမ်းကို ဘန်ကောက်ကထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုသောအခါ နောက်ထပ်အခြေခံအဆောက်အဦး စီမံကိန်းတစ်ခုကို ကြေညာခဲ့ရုံတင်မဟုတ်ဘဲ မဟာဗျူဟာကျသောနေရာတွင် တည်ရှိနေသောမြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုချဲ့ထွင်ရန် ထိုင်းနိုင်ငံ၏ဆုံးဖြတ်ချက်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အဓိကပလေယာများဖြစ်သော တရုတ်နှင့်အိန္ဒိယတို့ကလည်း အလားတူရည်မှန်းချက်များ ရှိကြသည်။

မြန်မာနိုင်ငံ၏ အက်ဒမန်ကမ်းရိုးတန်းတွင်ရှိသော ထားဝယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေးစီမံကိန်းသည် နိုင်ငံတကာကအရေးယူမှုများ ဖြေလျော့ပေးမှု နိုးထလာမှုတွင် ဆင်းရဲသောမြန်မာနိုင်ငံ၏ စီးပွားရေးအသွင်ကူးပြောင်းမှု အစီအစဉ်တွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘန်ကောက်အတွက်မူ ထားဝယ်ဆိပ်ကမ်းစီမံကိန်းသည် နေပြည်တော်မှ ခေါင်းဆောင်များ မျက်နှာသာပေးမှုရရှိကာ ထိုင်းပို့ကုန်တင်ပို့သူများ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိစေမည်ဖြစ်သည်။

အနောက်နိုင်ငံ ကော်ပိုရေးရှင်းကြီးအများစုသည် မြန်မာနိုင်ငံ၏ဥပဒေများ မသေချာမရေရာမှုနှင့် ၎င်းတို့နိုင်ငံအစိုးရများက အနာဂါတ် နိုင်ငံတကာအရေးယူမှုများနှင့်ပတ်သက်၍ ရှုတ်ထွေးသောလက္ခဏာများကြောင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် တုန့်ဆိုင်းနေဆဲဖြစ်သည်။ ထိုအချိန်တွင် တရုတ်၊ အိန္ဒိယနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းသစ်များကို တက်ကြွစွာရှာဖွေလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်စီးပွားရေး လုပ်ငန်းရှင်များသည်ပင် စိတ်ဝင်စားမှုများရှိကြောင်း ပြသလျက်ရှိသည်။

ပြီးခဲ့သောနှစ်များအတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် တရုတ်က ကျော်တက်ခဲ့ခြင်းကြောင့် ယခုအခါ ထိုင်းနိုင်ငံသည် ၎င်းသမိုင်းကြောင်းအရ ရန်သူအဖြစ်သတ်မှတ်ထားသော မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု ဆက်လက်ထိန်းသိမ်းနိုင်ရန် ရှင်းလင်းစွာဆုံဖြတ်ထားသည်။

ဇွန်လတွင် ကုန်ဆုံးသောဘဏ္ဍာရေးနှစ်တွင် မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ယမန်နှစ်ကနှင့်ယှဉ်လျှင် အံ့သြဖွယ်အားကောင်းစွာ ၅၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၃၆ ဘီလီယံရှိခဲ့သည်။ ယခုအခါ တရုတ်သည် အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး ပါတနာဖြစ်လျက်ရှိပြီး စုစုပေါင်း ပမာဏ၏ ဒေါ်လာ ၂ ဘီလျံကျော်ကျော် ရှိသည်။ ထိုင်းနိုင်ငံသည် ဒုတိယနေရာတွင်ရှိနေပြီး အိန္ဒိယက တတိယနေရာတွင်ရှိသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏အဆိုအရ ပြီးခဲ့သည့်နှစ်က တရုတ်တရားဝင်ကိုယ်စားလှယ်အဖွဲ့(၆)ဖွဲ့ မြန်မာနိုင်ငံသို့လာရောက်ပြီး အခြေခံအဆောက်အဦး၊ သတ္ထုတွင်း၊စွမ်းအင်နှင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။ မြန်မာကုန်သွယ်ရေးသည် အဓိကအားဖြင့် မူဆယ်ကုန်သွယ်ရေးဇုန်တွင်ဖြစ်ပြီး နယ်စပ်စခန်းအချို့တွင်လည်း လုပ်ဆောင်သည်။ အချို့နယ်စပ်စခန်းများမှာ သူပုန်အုပ်စုနှင့် ပဋိပက္ခကြောင့် ပိတ်ထားရသည်။

MIC ၏ ဂဏန်းအရ တရုတ်သည် မြန်မာနိုင်ငံတွင် ဒေါ်လာ ၁၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး အများစုကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် လာမည့်နှစ်များအတွင်း အရေးပါစွာတိုးတက်လာဖွယ်ရှိသည်။

လက်ရှိအိန္ဒိယနှင့်ကုန်သွယ်နေမှုမှာ ပင်လယ်ရေကြောင်းဖြင့် အများစုဖြစ်သည်။ သို့သော် အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းက မကြာသေးမီက ကုန်းလမ်းကို အခြေပြုသော အဝေးပြေးလမ်းမကြီးများစီမံကိန်းကို အဆင့်မြင့်ပုဂ္ဂိုလ်အဆင့် စကားပြောမှုများ ပြန်လည်စတင်နေပြီ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းသည် ထိုင်းတို့၏ပို့ကုန်ကို မြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသော ပစ္စည်းများကို ရထားဖြင့်လည်းကောင်း၊ ကားဖြင့်လည်းကောင်း ထိုင်းနိုင်ငံ၏အရှေ့ဘက်ပိုင်းသို့  တိုက်ရိုက်ပေးပို့နိုင်မည်ဖြစ်ပြီး စင်္ကာပူနှင့် မလက္ကာရေလက်ကြားကို ရှောင်သွားနိုင်မည်ဖြစ်သည်။ သို့သော် အဆိုပါစီမံကိန်းသည် လွတ်လပ်သောကုန်သွယ်ရေးဇုန်နှင့် တွဲလျက်ရှိပြီး ရင်းနှီးမြှုပ်နှံသူများကိုရရှိရန် ခက်ခဲလျက်ရှိသည်။

ပြီးခဲ့သောအပတ်က မြန်မာသမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသို့အလည်အပတ်လာရောက်စဉ်တွင် နှစ်နိုင်ငံသည် အဆိုပါစီမံကိန်းအပေါ် စိတ်ဝင်စားမှုများ ပြန်လည်ရရှိရန်ကြိုးစားခဲ့ရာ ထိုဒေသတွင် အထူးစီးပွားရေးဇုန်တစ်ခုလုပ်ဆောင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ကျွန်မတို့စကားပြောတဲ့အခါမှာ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ခိုင်မာတဲ့တိုးတက်မှုတွေရဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ထိုင်းနဲ့ ကတိကဝတ်တွေကို ပြန်လည်သေချာစေခဲ့ပါတယ်ဟု ယင်လပ်က ပြောခဲ့သည်ကို Agency France – Press သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။

ဦးသိန်းစိန်သည် ဘန်ကောက်တွင်ရှိစဉ်က မြန်မာနိုင်ငံတွင်ရှိနေပြီးသော ထိုင်းစီးပွားရေးအုပ်စုများ၏ ဦးစီးဦးဆောင်သူများနှင့် ဆွေးနွေးခွင့်ရခဲ့ရာ Siam Cement Group နှင့် Chareon Pokphand Foods(CPF)တို့လည်း ပါဝင်ခဲ့သည်။

ရလဒ်အားဖြင့် ထိုင်းနိုင်ငံ၏ကော်ပိုရေးရှင်းများသည် မြန်မာနိုင်ငံ၏ အလားအလာများနှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များရှိသည်ကို ထင်ဟပ်သောကြေညာချက်များ ထုတ်ပြန်နိုင်ခဲ့သည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာသန်း(၅၅၀)ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်ဟုဆိုသည်။ လွန်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း ဒေါ်လာသန်း(၁၅၀)သာ ရင်းနှီးမြှုပ်နှံခဲ့သည်။

ဧရာမစွမ်းအင်ကုမ္ပဏီဖြစ်သော PTT ကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ပြတ်လပ်မှုကို ကူညီဖြေရှင်းပေးသောအားဖြင့် မြန်မာနိုင်ငံမှ ထွက်သမျှဓာတ်ငွေ့ကို လိုအပ်သည်ထက် ပို၍မယူရန် ကြေညာခဲ့သည်။ သို့သော် ထိုသို့ကြေညာပြောကြားချက်မှာ အပြည့်အဝမဟုတ်ကြောင်း သိရှိလာရသည်။ နောက်ပိုင်းတွင် PTT ၏ အမှုဆောင်အရာရှိချုပ် PailinChuchottaworn က မြန်မာအစိုးရနှင့်ဓာတ်ငွေ့များဝယ်ယူရန် လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့၍ ဖြစ်သည်။

ပါဝင်ကြသူအားလုံးသည်  ဇွန်လက ကမ္ဘာ့စီးပွားရေးဖိုရမ်သို့လာရောက်သည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်မှ အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဖြစ်သည်။ သူကကိုယ်စားလှယ်များကို နမော်နမဲ့နှင့်အကောင်းမြင်မှုကို သတိထားကြရန်ပြောကြားခဲ့သည်။ “အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဥပဒေများရှိသည့်တိုင် တရားမျှတသောဥပဒေများက အသုံးမဝင်နိုင်ပါဘူး။ ကျွန်မကတော့ တရားဥပဒေကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး”ဟု သူကပြောခဲ့သည်။

မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာကတည်းက ပြဿနာများနှင့်ဆက်ဆံရေးသမိုင်းရှိခဲ့သော ထိုင်းနိုင်ငံအတွက်မူ သူ၏ပြောဆိုမှုမှာ ကောင်းမွန်သော အကြံဥာဏ်များသာ ဖြစ်တော့သည်။

****************************************************

အသေးစားငွေကြေးအစီအစဉ်သည် မြန်မာကျေးလက် ဆင်းရဲမွဲတေမှု အတွက်အသက်ကယ်ကြိုးတစ်ချောင်း ဖြစ်လာ

(Radio Natherlands မှ 1 August 2012 ရက်စွဲပါ“Micro -finance offers life line to Myanmar rural poor” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ကာလရှည်စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ကြီးမားသောအစီအစဉ်များဖြင့် ဝင်ရောက်လာနေကြချိန်တွင် အသေးစားငွေကြေးလုပ်ငန်းများကလည်း ကျေးလက်ဒေသများမှ ဆင်းရဲနွမ်းပါးလွန်းသော လယ်သမားများ၏အိပ်မက်များကို ငွေကြေးထောက်ပံ့ရန် လေ့လာနေကြပြီင်္ ဖြစ်သည်။

မနှစ်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဝါဒီအစိုးရ အာဏာရလာပြီးနောက် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် နိုင်ငံခြားကုမ္ပဏီများ စုပြုံတိုးဝှေ့နေကြသော်လည်း ယင်းနိုင်ငံတွင် ဘဏ်လုပ်ငန်းများနှင့် အခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆိုးဆိုးရွားရွား ချို့တဲ့နေဆဲပင်ဖြစ်သည်။

အခြေခံလူတန်းစားအား စရိတ်နည်းချေးငွေပေးသော အသေးစားငွေကြေးလုပ်ငန်းများသည် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတစ်ခုတွင် ဆင်းရဲမွဲတေမှုကို ကူညီဖယ်ရှားပေးနိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ရှုမြင်ထားကြသည်။

လွန်ခဲ့သောငါးလခန့်တွင် PACT အင်ဂျီအိုအဖွဲ့က ဧရာဝတီဖြစ်ဝကျွန်းပေါ်တစ်လွှား ဆောင်ရွက်ခဲ့သောချေးငွေထောက်ပံ့မှု အစီအစဉ်ကြောင့် မှော်ဘီကျေးရွာမှ အကျိုးဖြစ်ထွန်းသူ ၁၃၅ ဦးထဲတွင် ခင်မာဆွေလည်း ပါဝင်သည်။

မွေးမြူသော ဘဲကောင်ရေကို ၈၀ ကျော်အောင်နှစ်ဆတိုးနိုင်ခဲ့သော အသက် ၃၅ နှစ်အရွယ် မခင်မာဆွေက နှစ်ပတ်တစ်ကြိမ် တစ်ကျပ်တိုး (အတိုး၁ရာခိုင်နှုန်း)ပေးရသောချေးငွေ၏ ၆၀၀၀၀ ကျပ်(ဒေါ်လာ၇၀ခန့်)ကို အထူးကျေးဇူးတင်နေသည်။

တစ်လအတွက် ၂၀ ရာခိုင်နှုန်း အတိုးပေးရသောတရားမဝင် ငွေတိုးချေးစားသူများထံ သွားစရာမလိုတော့၍ ပျော်ရွှင်နေသောသူမက “ဘဲကောင်ရေတိုးလာရင်၊ ဘဲဥတွေပိုရောင်းရပြီး သုံးဖို့ပိုက်ဆံပိုရတော့မယ်”ဟု ပြောကြားသည်။

ကျေးလက်ဒေသများတွင် ရွှေနှင့်မြေဂရန်ကဲ့သို့ အပေါင်ပစ္စည်းမရှိသူများအတွက် အတိုးနှုန်းပိုများနိုင်၍ ဆင်းရဲနွမ်းပါးသူများကို အကြွေးနွံထဲတွင် ပိတ်မိသွားစေသည်ဟု ကျွမ်းကျင်သူများကပြောကြားသည်။

“ဒီလောက်များတဲ့ အတိုးနှုန်းကိုပေးရပြီဆိုရင် အမြတ်ပြန်ရဖို့အရမ်းခက်သွားပြီပေါ့”ဟု ဆစ်ဒနီMaqcuairie University မှ စီးပွားရေးပညာရှင် ရှောင်တန်နယ်က မှတ်ချက်ပေးသည်။

မနှစ်ကအဆုံးသတ်သွားသော စစ်အုပ်ချုပ်ရေး၏ ပျက်ဆီးယိုယွင်းမှုများကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများအား လှမ်းမမီနိုင်လောက်အောင် ပြတ်ကျန်ရစ်ကာ ဆင်းရဲတွင်းနွံတွင်နစ်နေသည်ဟု ၎င်းကသုံးသပ်ပြောကြားသည်။

နောက်ဆုံးရလဒ်အဖြစ် ပုဂ္ဂလိကချေးငွေများမှာ ၂၀၁၀ ခုနှစ်ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းနှင့်သာ ညီမျှတော့သည်ဟု IMF ၏ မေလအစီရင်ခံစာက ဆိုသည်။ ၃၀ရာခိုင်နှုန်းခန့်ရှိသော ကမ္ဘောဒီးယားနိုင်ငံနှင့် နှိုင်းယှဉ်ပြထားခြင်းဖြစ်သည်။

ငွေလည်းမရနိုင်၊ အမှန်တကယ်လည်းဘာမှမရှိသော ကျေးလက်ဒေသများ၏ အနေအထားသည် အလွန်ဆိုးရွားနေဆဲဖြစ်ပြီး လယ်ယာကဏ္ဍအားကိုးသော နိုင်ငံတွင် အသေးစားငွေချေးလုပ်ငန်းများသည် အကြီးစားကဏ္ဍမှ ပါဝင်ရလိမ့်မည်ဟု ရှောင်တန်နယ်က ပြောကြားသည်။

Oxus Development Network လူမှုရေးလုပ်ငန်းမှ အမှုဆောင်ဥက္ကဋ္ဌ မိုက်ကယ်နော့တီက “အခုမှအစဆိုပေမယ့် ဖွံ့ဖြိုးမှုအလားအလာကို သံသယရှိစရာ မလိုပါဘူး။ အရင်က ဥပဒေစည်းကမ်းဘောင်မရှိလို့ အလှူရှင်တွေက စိတ်မပါပေမယ့် အခုတော့သူတို့ရဲ့ ဗျူဟာတစ်ခုအဖြစ် ဆောင်ရွက်ဖို့ လိုလားနေကြပါပြီ” ဟု ရှင်းလင်းပြောဆိုသည်။

ယခုနှစ်အစောပိုင်းတွင်အသက်ဝင်ခဲ့သော အသေးစားငွေကြေးဆိုင်ရာဥပဒေအရ တစ်လလျှင် အတိုးနှုန်း ၂.၅ ရာခိုင်နှုန်းကိုအမြင့်ဆုံး သတ်မှတ်သည်။

“ယင်းကဲ့သို့အစီအစဉ်များ ယခုတိုင်လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးသည့်အလျောက် မြန်မာနိုင်ငံ၏အမြစ်တွယ်နေသော ဆင်းရဲမွဲတေမှုပြဿနာအတွက် အသေးစားငွေကြေးလုပ်ငန်းအပြင် ပိုမိုကျယ်ပြန့်သောဖြေရှင်းနည်းများ လိုအပ်နေပြီ”ဟု အချို့ပညာရှင်များက အသိပေးကြသည်။

သြစတြေးလျနှင့် အီးယူအလှူရှင်များကထူထောင်ထားသော LIFT ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာအင်ဒရူးကတ်ဝုဒ်က “ဒါကအရာရာကို ဖြေရှင်းပေးနိုင်တဲ့ ငွေကျည်ဆံမဟုတ်ပါဘူး။ စိုက်ပျိုးနည်းပညာလေ့ကျင့်ပေးမှု၊ မြေသြဇာသုံးစွဲနည်း၊ မြေယာဥပဒေပြောင်းလဲပြင်ဆင်မှုအစရှိတဲ့ အခြားအခွင့်အလမ်းတွေကိုပါ ဖြည့်ဆည်းပေးနိုင်တဲ့အနေအထားမှာသာ အသေးစားငွေကြေးအစီအစဉ်က အကောင်းဆုံးအလုပ်ဖြစ်နိုင်မှာပါ”ဟု ရှင်းလင်း ပြောကြားသည်။

“LIFT အဖွဲ့က PACT အစီအစဉ်အပါအဝင် အင်ဂျီအိုအသေးစားချေးငွေစီမံကိန်းများစွာကို ထောက်ပံ့လျက်ရှိပြီး ”ကူညီနေသည့် ကိန်းဂဏန်းမှာ နိုင်ငံတစ်ဝှမ်းရွာပေါင်း ၂၆၀၀ ကျော်မှ အိမ်ထောင်စုပေါင်း ၄၀၀၀ ခန့်အထိ ရှိနေပြီဖြစ်သည်။

“တကယ်လို့အားလုံးက အလောတကြီးဝင်လာကြပြီး အသေးစားချေးငွေ ပေးချင်ကြတယ်ဆိုရင်တော့ ပြဿနာတွေအများကြီး ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အကြွေးမဆပ်နိုင်တဲ့ ပြဿနာကြီးပေါ့ ”ဟု ရှောင်တန်နယ်က သတိပေးသည်။

လက်ရှိမှော်ဘီတွင်မူ အကြွေးဆပ်ရမည့်ရက် ကျော်လွန်သူတစ်ဦးမှမရှိဘဲ၊ နောက်ထပ်ပြန်ချေးနိုင်မည့် အခွင့်အလမ်းကြောင့် လူတိုင်းအချိန်မှန် ပေးရန် တက်ကြွနေကြသည်ဟု PACT အင်ဂျီအိုက ပြောကြားသည်။

ဘဲများထပ်ဝယ်ကာ လုပ်ငန်းတိုးချဲ့လိုသောခင်မာဆွေက “ ချေးငွေပိုတယ်ဆိုရင်တော့ ဝက်တစ်ကောင်လောက်ဝယ်ချင်တယ်။ ဝက်မွေတာက စုဗူးနဲ့တူတယ်ရှင့်”ဟု ပြုံးရွှင်စွာပြောကြားသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive