Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

­၂၉.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. တောင်ပြုန်း ဆိုင်ခန်းငှါးရမ်းခ ဆယ်ဆဈေးမြင့်လို့ ပွဲမစည်ဟုဆို
  2. မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်၌ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်း
  1. KNU နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံမည့်ရက် ပြောင်းလဲ
  2. ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တောင်ပြုန်း ဆိုင်ခန်းငှါးရမ်းခ ဆယ်ဆဈေးမြင့်လို့ ပွဲမစည်ဟုဆို

တောင်ပြုန်းပွဲဆိုင်ခန်းလေလံကို လုပ်ငန်းရှင်တစ်ဦးတစ်ယောက်က အာဏာရှိသူများပေါင်းကာ လက်ဝါးကြီးအုပ်ဆွဲလိုက်၍ ဆိုင်ခန်းတစ်ခန်းကို ဆယ်ဆခန့်တက်သွားပြီး ပွဲစည်ကားမှုလျော့ကျသွားကြောင်း နတ်ထိမ်းတစ်ဦးက ပြောကြားသည်။

ဆိုင်ခန်းတစ်ခန်းကို ယခင်က လေးသောင်းမှ ခြောက်သောင်းကြားသာ ပေးရသော်လည်း ယခုနှစ်တွင် လေသိန်းအထိ ဖြစ်၍ ဂေါပကလူကြီး များနှင့် သက်ဆိုင်ရာသို့တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း မြန်မာ့ရိုးရာဘုရားပွဲများကို လုပ်ငန်းရှင်တစ်ဦးက လက်ဝါးကြီး အုပ် ကိုယ်ကျိုးအတွက် အသုံးချသွားကြောင်း နတ်ထိမ်းတစ်ဦးက ပြောကြားသည်။

”ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ ကိုင်ပါစေတော်”ဟု နတ်ထိမ်တစ်ဦးက ဆိုသည်။

ယခုနှစ် ဘုရားပွဲလုပ်ငန်းဆယ်မျိုး အတွက် ဂေါပကအဖွဲ့သည် ကျပ်သိန်းပေါင်း ၃၅၇၄သိန်း ရရှိခဲ့ပြီး ဦးစိုးလွင်ဆိုသူတစ်ဦးတည်းမှ ဈေးကြီး၊ ညောင်ပင်ဝိုင်း၊ အိမ်သာနှင့် လျှပ်စစ်ပေးဝေခြင်းကို လက်ဝါးကြီးအုပ် လေလံအောင်သွားကြောင်း ဂေါပကအဖွဲ့မှ စုံစမ်းသိရှိရသည်။

ယခုနှစ်ကျင်းပသည့် တောင်ပြုန်းပွဲ ဈေးဆိုင်ခန်းလေလံများ မြင့်လွန်း၍ ဆိုင်ခန်းဖွင့်သူ နည်းပါးလွန်းပြီး ခါတိုင်းနှစ်များ လောက် စည်ကားမှု မရှိကြောင်း ဆယ်နှစ်ပွဲဈေးသည်တစ်ဦးက ပြောကြားသည်။

နှစ်စဉ် ဝါခေါင်လဆန်းတွင် ကျင်းပလေ့ရှိသည့် တောင်ပြုန်းပွဲတွင် ရွှေပန်း၊ ဈေးကြီး၊ ဈေးလေး၊ ဇာတ်ရုံ၁၊ ဇာတ်ရုံ ၂၊ ရုပ် ရှင်၊ ညောင်ပင်ဝိုင်း၊ ရေ၊ အိမ်သာ၊ လျှတ်စစ်မီးလုပ်ငန်းများအတွက် ဘုရားဂေါပကမှ လေလံပစ်လေ့ရှိပြီး လေလံဈေး အလွန်အမင်းမြင့်မှုကြောင့် လေလံအောင် လုပ်ငန်းရှင် များမှ ဆိုင်ခန်းခများကို တွက်ခြေကိုက်ရန် တိုးမြင့်လိုက်၍ ပွဲစည်ကား မှုလျှော့ကျနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

MP

-------------------------------------------------------------------------------------------------------------------------

မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

ရန်ကုန် သြဂုတ် ၂၅။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်း သုံးသောင်းကျော် ချထားပေးရာ စာရင်းမှန်ကန်စွာမပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ်ပြထားကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြောကြား သည်။

ယင်းကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် ကွာဟမှုကြောင့် မန္တလေးတိုင်းဒေသကြီး ကြံခိုင်ရေးပါတီတာဝန်ခံ စက်မှုဝန်ကြီးဟောင်း ဦးအောင် သောင်းမှ စိတ်ဆိုးဒေါသထွက်ပြီး ဘဏ်စာအုပ်များသိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

တပ်မတော်အစိုးလက်ထက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရှိ စီပွားရေးလုပ်ငန်းများကို အသင်းအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စီပွားရေးလုပ်ငန်းအဖြစ် အမည်ခံကာ  လုပ်ကိုင်စေကြောင်း ဦးအောင်သောင်းအနေဖြင့် အသင်းအမည်မခံဘဲ နယူးဒေးစက်သုံးဆီဆိုင်များဖွင့်ကာ အယ်ပိုင်း ဒေါက်တာစိုင်းစံထွန်းကို လုပ်ကိုင်စေကြောင်း ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။

တပ်မတော်ပိုင်တဲ့ ဓါတ်ဆီဆိုင်များမှာ မြ၀တီဆိုင်အနေဖြင့် ဖွင့်ထားပြီး နယူးဒေးဆီဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်မှုများဖြစ်သည်ဟု ၎င်းက ဆိုသည်။

MP

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်၌ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်း

သြဂုတ်လ ၂၉ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်မှုများ ပြုလုပ် ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

"ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကို ဒီကနေ့ သြဂုတ်လ ၂၉ရက်နေ့မှာပဲ ဖွဲ့လိုက်တာပါ။ ဒီအဖွဲ့မှာ နန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီး သူအပါအဝင် အဖွဲ့ဝင် ၁၅ဦးနဲ့ ဖွဲ့လိုက်တာပါ။ ဒီနေ့ လွှတ်တော်ကျင်းပပြီးတာနဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က စတင်စစ်ဆေးမှုတွေ ပြုလုပ်တော့မှာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ နန္ဒကျော်စွာမှ အဖွဲ့ဥက္ကဋ္ဌတာဝန်အဖြစ် တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပြီး ယင်းအဖွဲ့သည် ဖွဲ့စည်းလိုက်ပြီးဖြစ်သည့်အချိန်မှစ၍ ပြည်သူ့လွှတ်တော်အစည်းအဝေး ပြီးဆုံးသည့်အချိန်၌ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့အား စွပ်စွဲပြစ်တင်ရန် စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

"မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ဒီခုံရုံးအဖွဲ့ရဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် အမျိုးသားလွှတ်တော်မှာ ခုံရုံး အဖွဲ့ကို စွပ်စွဲပြစ်တင်ရန်အဆိုကို တင်သွင်းပြီး အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာက ထောက်ခံမဲ ၁၆၃မဲနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီအဆိုကို အတည်ပြုပြီး ပြည်သူ့လွှတ်တော်က ဆက်လက်ဆောင်ရွက်ပါဆိုတဲ့ သဝဏ်လွှာကို ပြည်သူ့လွှတော်ကို ပေးပို့လိုက် ပါတယ်။ အဲဒါကြောင့် ဒီစုံစမ်းစစ် ဆေးရေးကော်မရှင်အဖွဲ့ကို ဖွဲ့လိုက်တာပါ"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအား ဖောက် ဖျက်ကျူးလွန်ခဲ့သည့်အတွက် စွပ်စွဲပြစ်တင်ရန်အဆိုအား သြဂုတ်လ ၂၈ရက်နေ့၌ ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဆန္ဒမဲ ကောက်ခံရာ ထောက်ခံမဲ ၁၆၃မဲဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ အတည်ပြု၍ ပြည်သူ့လွှတ်တော်မှ ဆက်လက်ဆောင်ရွက်ပေးရန် ဆိုသည့် သဝဏ်လွှာအား ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သောကြောင့် ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင်အား ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

"အခု အမျိုးသားလွှတ်တော်က ထောက်ခံမဲ ၁၆၃မဲနဲ့ အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကို ဆက်လက်လုပ်ဆောင်ပါဆိုပြီး သဝဏ်လွှာ ပေးပို့ လိုက်တော့ ပြည်သူ့လွှတော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သဝဏ်လွှာဖတ်ပြပြီး ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်ဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့လိုက်ပြီဆိုကထည်းက စွပ်စွဲပြစ်တင်ခံရတဲ့ အဖွဲ့ကတစ်ဦးက လာပြီး အစစ် ဆေးခံရမှာဖြစ်တယ်။ ပြီးရင် ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ပြည်ထောင်စုလွှတ်တော်က သုံးပုံနှစ်ပုံ ထောက်ခံမဲရရင် စွပ်စွဲခံရတဲ့အဖွဲ့ က ရာထူးကနေ နှုတ်ထွက်ပေးရမှာပါ"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် ယင်းခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန်အဆိုနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့် ဖေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၆ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆ဦးတို့က ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

KNU နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံမည့်ရက် ပြောင်းလဲ

စက်တင်ဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့ နှစ်ရက်ကြာ ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နှင့် မြန်မာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့တို့ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးနှင့် တပ်များ နေရာရွှေ့ ပြောင်းရေးနှင့် ပတ်သက်၍ အချက် ၂ချက်အား ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ယင်းသို့ တတိယအကြိမ်မြောက် စက်တင်ဘာလဆန်းပိုင်း၌ တွေ့ဆုံဆွေးနွေးမှုအား ယခင်အချိန်က သြဂုတ်လ ၂၇ရက်နှင့် ၂၉ရက်နေ့တို့တွင် တွေ့ဆုံမှုပြုလုပ်မည်ဟု စီစဉ်ခဲ့သော်လည်း အစိုးရငြိမ်းချမ်းရေးကော်မတီအဖွဲ့မှ ဆိုင်းငံ့မှုများ ပြုလုပ်သောကြောင့် KNU နှင့် အစိုးရငြိမ်းချမ်းရေး ကော်မတီအဖွဲ့တို့ တွေ့ဆုံမှုအား ယခုကဲ့သို့ ပြန်လည်သတ်မှတ်ခြင်းဖြစ် ကြောင်း သိရှိရသည်။

"ဒီ တတိယအကြိမ် နှစ်ဖက်တွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တဲ့ မူကြမ်းတွေကို အဓိက ဆွေးနွေးသွားမှာပါ။ ပြီးတော့ KNU ဘက်က လည်း ပြည်သူလူထုဘဝ လုံခြုံရေးကိစ္စကို အာမခံဖို့ဆိုတာ ပါဝင်တဲ့ အချက် ၂ချက်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

ထို့နောက် ယင်းသို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဆင့်အဖြစ် ပြီးခဲ့သည့် ဧပြီလထဲ၌ ရန်ကုန်မြို့ရှိ စီဒိုးနား ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ယခုထပ်မံတွေ့ဆုံမှု၌ ပြည်သူလူထုဘဝလုံခြုံရေး အာမခံကိစ္စနှင့် သက်ဆိုင်သည့် အချက် ၂ချက်အား အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တစ်ဦးတို့အား ရာထူးမှ နုတ် ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့အရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်နှင့် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဇော်မင်းတို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံးမှ အမိန့်အမှတ်(၂၃/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)တို့အရ ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၂၄/၂၀၁၂)ကိုထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်လိုက်ကြောင်း အမိန့်အမှတ်(၂၅/၂၀၁၂)ကိုထုတ်ပြန်ကြေညာခဲ့သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခိုင်အမာဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အသေအချာ စောင့်ကြည့်နေပါတယ်။ တစ်ဖက်ကြည့်ရင် အဲဒီအောင်မြင် မှုဟာ မြန်မာနိုင်ငံအတွက် စမ်းသပ်ချက်တစ်ရပ်ဖြစ်ပြီး တစ်ခြားတစ်ဖက်ကကြည့်မယ်ဆိုရင် တပ်မတော်မှာ စစ်မှုထမ်းနေတဲ့ ၁၈နှစ်အောက်ကလေး ငယ်တွေ အားလုံးကို တစ်ခါတည်းနဲ့အပြီး တပ်မတော်မှ နှုတ်ထွက်ခွင့်ပေးဖို့အတွက် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်”

သြဂုတ် ၂၉ရက်နေ့ထုတ် သတင်းသစ်ဂျာနယ် အတွဲ (၁) အမှတ် (၂၃) တွင်ပါရှိသည့် “ကလေးတွေစစ်မှုထမ်းစေတဲ့ကိစ္စ မြန်မာ့တပ်မတော်ကို ကုလ သမဂ္ဂက စာရင်းမှပယ်”သတင်းမှ ယူနီဆပ်ဖ်(မြန်မာ)၏ ဌာနေကိုယ်စားလှယ် မစ္စတာ ရာမက်ရှ်ရှရသာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“နည်းနည်းတော့ လူမှန်နေရာမှန် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အပြောင်းအလဲကတော့ ကောင်းသောအပြောင်းအလဲလို့ ယူဆပါတယ်။ ဒါပေမယ့် ဒီထက်မကတော့ ပြောင်းလဲဖို့ လိုအပ်တာပေါ့။ ကျွန်တော်တို့ အဓိကမျှော်လင့်တာက လူတွေပြောင်းလဲတာထက် မူတွေပြောင်းလဲဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဝန်ကြီးပိုင်းတွေ မှာကျွနတော်အားရပါတယ်။ ပညာရှင်တွေပါတယ်။ ညွှန်ချုပ်အဖြစ် အကြာကြီး လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေ။ တကယ့်ကို ကျွမ်းကျင်ပြီး သား။ ဒါကိုတော့ လက်ကမ်းကြိုဆိုပါတယ်ဗျ”

သြဂုတ်၂၉ရက်ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၃၄)တွင်ပါရှိသည့် “ပြည်သူတို့မြင်သော အစိုးရအဖွဲ့အပြောင်းအလဲ”မှ ဦးအောင်လှ ထွန်း (ရိုက်တာသတင်းဌာန)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ လုပ်ရမယ့် ကိစ္စတော်တော်များများကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ တင်နေကြတယ်။ အဲဒီမှာက တစ် နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စတွေကိုပဲ လုပ်ရမှာ။ အခုဟာက ကျွန်တော်တို့ဒေသမှာ ဆေးရုံမရှိလို့၊ လမ်းမကောင်းလို့၊ ရေချိုးခန်းမရှိလို့၊ အိမ် သာမရှိလို့ဆိုတာမျိုးတွေ၊ ဒါအဓိပ္ပာယ်မရှိဘူး”

သြဂုတ်၂၉ရက်ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၃၄) တွင်ပါရှိသည့်“ပြည်သူ့အသံနှင့် အမှန်တရား လွှတ်တော်တွင်းညံပြီလား” သ တင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောမြင့်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၈.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲခန့်အပ်မှုများ သမ္မတဦးသိန်းစိန်ပြုလုပ်

(People Daily China မှ 28 August 2012 ရက်စွဲပါ Myanmar announces cabinet reshuffle ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအစိုးရအဖွဲ့ ရာထူးနေရာပြင်ဆင်မှုတွင် ပြုပြင်ပြောင်းလဲရေးသမားများ အားကောင်းလာ

(Reuters Newsမှ 28August 2012 ရက်စွဲပါ “Myanmar reformers get boost in Cabinet shake-up” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. လူမျိုးရေးအကြမ်ဖက်မှုမဟုတ်ဟု မြန်မာဆို

(Egypt Independent News မှ 27 August 2012ရက်စွဲပါ “No ethnic violence here, claims Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်တွင်း တင်းမာမှုများကို အကူအညီပေးလျှော့ချသွားရန်အသင့်ရှိဟု အီရန် ပြောကြား

(ISNA သတင်းဌာနမှ Saleihi says Iran ready to help reduce Myanmar tensions ကိုဘာသာပြန်ဆိုသည်

  1. အာဆီယံ ဆန်ထုတ်လုပ်သော ငါးနိုင်ငံ မဟာမိတ်ပြုရေး လက်မှတ်ရေးထိုးရန် ပြင်ဆင်

(23 August 2012 ရက်စွဲပါ Bangkok Post သတင်းစာမှ “Five ink deal to form rice cartel” ကိုဘာသာပြန်ဆိုသည်)

 *****************************************

ဘာသာပြန်သတင်းများ

အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲခန့်အပ်မှုများ သမ္မတဦးသိန်းစိန်ပြုလုပ်

(People Daily China မှ 28 August 2012 ရက်စွဲပါ “Myanmar announces cabinet reshuffle” ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့်ရှိသော ဝန်ကြီးများအား ရာထူးပြောင်းလဲ ခန့်အပ်လိုက် ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

ယခင် စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင်မင်း၊ ဘဏ္ဍာနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးဦးလှထွန်း နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး ဦးတင်နိုင်သိန်းတို့အား သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးများဖြစ် ပြောင်းလဲခန့် အပ်လိုက် သည်။

ယခင်အလုပ်သမားဝန်ကြီးနှင့် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီး အဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုမူ သမဝါယမဝန်ကြီး အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်သည်။

ယခင် သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှစ်ခုတွင် ဝန်ကြီးတာဝန်ယူထားသော ဦးအုန်းမြင့်အား မွေးမြူရေးနှင့် ရေ လုပ်ငန်း ဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်အား စက်မှုဝန်ကြီးအဖြစ်ခန့်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန နှစ်ခုတွင် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးတင့်ဆန်းအား အားကစားဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ် လိုက်သည်။ ယခုလုပ်ရပ်သည် ၂၀၁၁ ခုနှစ်တွင် အာဏာရရှိခဲ့သည့် မြန်မာအရပ်ဘက် အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အရေးပါသော ရာထူး ရွှေ့ပြောင်းခန့်အပ်မှုကြီး တစ်ရပ်ဖြစ်ကြောင်း သိရသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာအစိုးရအဖွဲ့ ရာထူးနေရာပြင်ဆင်မှုတွင် ပြုပြင်ပြောင်းလဲရေးသမားများ အားကောင်းလာ

(Reuters Newsမှ 28August 2012 ရက်စွဲပါ “Myanmar reformers get boost in Cabinet shake-up” သတင်းကို ဘာသာပြန်ဆိုသည်။)

ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြသော အစိုးရအဖွဲ့မှ နေရာပြန်ချထားမှု အစီအစဉ်ကို  သမ္မတဦးသိန်းစိန် ကမနေ့က ကြေညာလိုက်ပြီး ၎င်း၏ထိပ်တန်း ပြုပြင်ပြောင်းလဲရေးသမားများကို သော့ချက်ကျသည့် နေရာများသို့ပို့ကာ ယခင် အစိုးရဟောင်း၏ အကြွင်းအကျန် ဝါဒီများကို နေရာရွှေ့ပြောင်းမှု ပြုလုပ် လိုက်သည်။

သမ္မတ၏ ရင်းနှီးသော လုပ်ဖော်ကို်င်ဖက်များ ဖြစ်ကြသည့် စက်မှုဝန်ကြီး ဦးစိုးသိန်း ၊အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းတို့ကို သမ္မရုံးဝန်ကြီးများအဖြစ် နေရာပေးလိုက်ခြင်းသည် စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချချိန်တွင် ပြုပြင် ပြောင်းလဲမှုများ မြန်ဆန်လာအောင် အားပေးရန် ကြိုးပမ်းမှုဖြစ်သည်ဟု ယူဆရသည်။

နှစ်ပေါင်းအတန်ကြာ ကြိုတင်မျှော်လင့်နေခဲ့ကြသော ဝန်ကြီး၉ပါး ပြောင်းရွှေ့အစီအစဉ်ကို နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်ပြီဖြစ်ရာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖျက်သိမ်းခြင်း၊ စီးပွားရေး အပြောင်းအလဲများ မိတ်ဆက်ခြင်းတို့ဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သူ တပ်မတော် ထိပ်တန်းဗိုလ်ချုပ်ကြီးဟောင်း တစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ ခိုင်မာသော အချက်ပြမှုတစ်ခုဟု ရှုမြင်ကြသည်။

အနားယူသွားပြီဟုဆိုသော ယခင်အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် နီးစပ်သည်ဟု ယုံကြည်ရသော ဝန်ကြီးနှစ်ပါးကိုမူ အရေးမပါသော ဝန်ကြီး ဌာနများသို့ ရွှေ့ပြောင်းလိုက်သည်။

ယခင် ရထားဝန်ကြီးဟောင်း ဦးအောင်မင်း ယခုသမ္မတရုံးဝန်ကြီး ဖြစ်လာခြင်းသည် ၎င်းဆောင်ရွက်နေသော အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့ များနှင့် နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများကို အောင်မြင်အောင် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရလာပါလိမ့်မည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းမှာမူ သယံဇာတကြွယ်ဝ၍ မဟာဗျူဟာမြောက် နေရာကောင်း တွင် တည်ရှိသော်လည်း စီးပွားရေး ပြိုလဲ နေသော နိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ကာ  အထူးစီးပွားရေးဇုန်များ ဖန်တီးမည့် ကြိုးပမ်းမှုများတွင် အဓိကကျသူ ဖြစ်လာမည်ဟု ယူဆ ကြသည်။

သမ္မတ၏ အတွင်းစည်းထဲသို့ ယခင်ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းလည်း ပါဝင်လာသည်။ ၎င်းတို့၏ လစ်လပ်နေရာ များကိုမူ မနေ့က ကြေညာချက် တွင် အစားထိုးခြင်း မရှိသေးပါ။

အမည်လိုသော သမ္မတ၏ အကြံပေးတစ်ဦးက “ယခုနေရာ ပြန်လည်ချထားမှုသည် လူမှန်နေရာမှန် ရောက်အောင် ပို့ပေးခြင်းဖြစ်ပြီး အစိုးရ အဖွဲ့အား ပိုမို၍ အားကောင်း၍ ထိရောက်မှုရှိအောင် ရည်ရွယ်ခြင်းဖြစ်သည်”ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

မနေ့က ကြေညာချက်မှ ဒုတိယဝန်ကြီး ၁၅ဦး ခန့်အပ်မှုတွင် အမျိုးသမီး၎ဦး နှင့်သမ္မတ၏ အကြံပေး(၃)ဦးတို့ ပါဝင်လာသည်။ ဒေါ်အောင်ဆန်းစု ကြည် အကျယ်ချုပ် ထိန်းသိမ်းခံရစဉ် ကာလတွင်  အစိုးရကိုယ်စားလှယ်အဖြစ် ညှိနှိုင်းရေး တာဝန်ယူရသူ ဦးအောင်ကြည်မှာမူ ပြန်ကြားရေးဝန်ကြီး ဖြစ်လာကာ ဦးကျော်ဆန်းခေတ်အလွန် တစ်ခေတ်ဆန်းလာမည့်  မီဒီယာလောကကို ကြီးကြပ်ရမည်ဖြစ်သည်။

ယခင်အကြီးအကဲဟောင်း ဦးသန်းရွှေ၏ သစ္စာခံတစ်ဦးဟု ယုံကြည်ရသော ဦးကျော်ဆန်းမှာမူ နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာနမှ သမဝါယမဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။

တပ်မတော် အကြီးအကဲဟောင်းနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတင့်ဆန်းမှာမူ လက်ရှိတာဝန်ယူထားသော နှစ်နေရာ အနက်မှ အစိုးရက နယ်ပယ်ချဲ့ထွင်တော့မည့်  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးနေရာကို ဖယ်ပေးလိုက်ရပြီး အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ ကိုင်တွယ်ရတော့မည် ဖြစ်သည်။

---------------------------------------------------------------------------------------------------------------------

လူမျိုးရေးအကြမ်းဖက်မှုမဟုတ်ဟု မြန်မာဆို

(Egypt Independent News မှ 27 August 2012ရက်စွဲပါ “No ethnic violence here, claims Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

ကိုင်ရိုရှိ မြန်မာသံရုံးက နိုင်ငံသားမွတ်စလင်များအပေါ် မုန်းတီးရေး အခြေခံအကြမ်းဖက်မှုများ ကျူးလွန်ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြား လိုက်ပြီး ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များအပေါ် အစိုးရက လူ့အခွင့်အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်နေသည်ဟူသော စွပ်စွဲချက်များကိုလည်း ငြင်းဆိုလိုက်သည်။

လူမျိုးရေး အကြမ်းဖက်မှုဟု စွပ်စွဲထားသော နိုင်ငံခြားခေါင်းဆောင်များ၏ ကြေညာချက်များသည် နိုင်ငံခြားသတင်းဌာနများက ထုတ်ပြန်သော သတင်းအမှားများ အပေါ်တွင် အခြေပြု ကိုးကားထားခြင်းဖြစ်သည်ဟု တနလာင်္နေ့က ကြေညာချက်တွင် မြန်မာသံရုံးက အခိုင်အမာပြောကြားသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်ရပ်များသည် လူမျိုးရေးပြဿနာများ၊ အဆင့်တန်း ပြဿနာများနှင့်သာ ဆက်နွယ်နေသည်ဟု မြန်မာသံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါအကြမ်းဖက်မှု အဓိကရုဏ်း ဖြစ်ပွားမှုကြောင့်  မွတ်စလင်၅၇ဦး အပါအဝင်၈၈ဦး သေဆုံးခဲ့ရ သည်။

“မြန်မာနိုင်ငံသည် ဥပဒေ၏ ပကတိတရားကို ခိုင်ခိုင်မြဲမြဲ ဖမ်းဆုပ်ထားပြီး လက်ရှိအချိန်တွင် နယ်မြေအနေထား မှာငြိမ်းချမ်းနေပြီဖြစ်သည်။ အကြမ်းဖက် အဓိကရုဏ်း ဘေးဒဏ်သင့်သူများကို ကူညီရန်အတွက် အစိုးရနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငငံတကာ ကယ်ဆေးရေး အထောက်ပံ့များကိုလည်း ကြိုဆို၍ မျှမျှတတဖြန့်ဝေပေးနေသည်”ဟု မြန်မာသံရုံးက ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရခိုင်ဗုဒ္ဓဘာသာ မိန်းကလေးတစ်ဦးကို မွတ်စလင် ၃ဦးက အဓမ္မပြုကျင့် သတ်ဖြတ်မှုအပေါ် လက်စားချေ တုန့်ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရိုဟင်ဂျာမူစလင်များ ကိုဒေသခံ ဗုဒ္ဓဘာသာရခိုင်များက သတ်ဖြတ်မှုများ ဖြစ်ပွားနေခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဇူလိုင်လက  အစောပိုင်း တွင် ကိုင်ရို မြန်မာသံရုံး အပြင်ဘက်၌ အီဂျစ်လူမျိုးများက ဆန္ဒပြခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာပြည်တွင်း တင်းမာမှုများကို အကူအညီပေး လျှော့ချသွားရန် အသင့်ရှိဟု အီရန်ပြောကြား

(ISNA သတင်းဌာနမှ “Saleihi says Iran ready to help reduce Myanmar tensions” ကိုဘာသာပြန်ဆိုသည်

အီရန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်းမှ မွတ်စလင်များ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိပြီး တိုင်းပြည်တွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးရေးဆိုင်ရာ တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး အလီအက်က ဘာစလင်း က ပြောကြားကြောင်း အီရန်သတင်းဌာISNAက ရေးသားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် မစ္စတာ အလီအက်ကဘာစလင်းက "မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက် ထားသော အကူအညီများပေးပို့ရန် မိမိတို့အနေဖြင့် အသင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများနှင့် တင်းမာမှုများ ကိုလျှော့ချရာတွင် တီဟီရန် အစိုးရက မိမိတို့၏ လွှမ်မိုးမှုဖြင့် အကူအညီပေးလိုကြောင်း ပြောကြားသည်။

"မြန်မာမွတ်စလင်တွေရဲ့ ဒုက္ခရောက်မှုနဲ့ လတ်တလော ပဋိပက္ခတွေကြောင့် မွတ်စလင်ကမ္ဘာမှာ အများပြည်သူတွေရဲ့ သဘောထားအမြင်တွေဟာ ဝမ်းနည်းကြေကွဲမှုတွေ အလွန်အမင်း လွှမ်းမိုးနေပါတယ်" ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဗုဒ္ဓဘာသာဝင်များ ကြီးစိုးသော မြန်မာနိုင်ငံ အစိုးရက ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ တရားမဝင် ဝင်ရောက်လာ သူများအဖြစ် သတ်မှတ်ထားသည်။ သို့သော် ရိုဟင်ဂျာများမှာပါရှင်၊ တူရကီ၊ ဘင်္ဂါလီနှင့် ပသီအနွယ်များ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် နှစ်ကာလကြာမြင့်စွာ နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့သည် ၁၈ ရာစုအစောပိုင်း လောက်ကတည်းက မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြသူများဖြစ်ကြောင်း အဆိုရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသား လူမျိုးစုအားလုံး၏ အခွင့်အရေးများကို အလေးထားပါကြောင်း၊ မွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှု မပြုလုပ်ပါကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးအား ပြောကြားသည်။ အီရန်နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးသည် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဦးဝဏ္ဏမောင်လွင်သည် ဘက်မလိုက်လှုပ်ရှားမှု ဆွေးနွေးပွဲတက်ရောက်ရန် အီရန်နိုင်ငံ၊ တီဟီရန် မြို့တော်သို့ သြဂုတ်လ ၂၆ရက်နေ့တွင်ရောက် ရှိသည်။

--------------------------------------------------------------------------------------------------------------------------------

အာဆီယံ ဆန်ထုတ်လုပ်သော ငါးနိုင်ငံ မဟာမိတ်ပြုရေး လက်မှတ်ရေးထိုးရန် ပြင်ဆင်

(23 August 2012 ရက်စွဲပါ Bangkok Post သတင်းစာမှ “Five ink deal to form rice cartel” ကိုဘာသာပြန်ဆိုသည်)

အာဆီယံမှ ဆန်ထုတ်လုပ်သော နိုင်ငံငါးနိုင်ငံသည် ဒေသတွင်း မဟာမိတ်အဖြစ် ပူးပေါင်းလျက်ရှိပါသည်။ ထားရှိသော ရည်မှန်းချက်မှာ တစ်နှစ် လျှင် ဆန်ဈေးနှုန်း ၁၀ရာခိုင်နှုန်းစီ မြှင့်တင်သွားရန်ဖြစ်သည်။

ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့မှ ကုန်သွယ်ရေးဝန်ကြီးများသည် ယခုနှစ်နှောင်းပိုင်းတွင် အာဆီယံဆန် ဖက်ဒရေး ရှင်းထူထောင်နိုင်ရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန် Yanyong Phuangrachက ပြောကြားသည်။

ယခု လုပ်ဆောင်မှုမှာ တစ်နှစ်လျှင် ဆန်တန်ချိန် သန်း ၂၀ တင်ပို့သော ဒေသတွင်း၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်းMr Yanyong ကပြောကြားသည်။ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဆန်ဈေးနှုန်းမြှင့်တင်ရာတွင် အထောက်အကူ ရနိုင်မည်ဖြစ်သလို ဆန်သည်မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး ၎င်းတို့၏ အဓိကဝင်ငွေရလမ်း တစ်ခုဖြစ်သည်ဆိုသော အချက်ကိုလည်း အားလုံးကသဘောတူညီကြသည်။

ဆန်ဈေးနှုန်းကို တစ်နှစ်လျင် ၁၀ ရာခိုင်နှုန်းမြှင့်တင်ခြင်းသည် လက်ခံနိုင်ဖွယ်ရှိပြီး စားသုံးသူများ အပေါ်လည်း ကြီးမားသော   အကျိုးသက်ရောက် မှု ရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

"ယခုပူးပေါင်းဆောင်ရွက်မှုဟာ ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကိုလည်း သေချာစေမှာဖြစ်ပါတယ်" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောဆိုသည်။

သို့သော် ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်အသင်းမှ ဥက္ကဌ Karbsook Iamsuri က မေးခွန်းထုတ်ရာတွင် ဆန်ဈေးနှုန်း ၁၀ရာခိုင်နှုန်းစီ မြှင့်တင်ရေးဟူသော ရည်မှန်းချက်မှာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့သော အဓိကဖောက်သည် အာဆီယံအဖွဲ့ဝင်များ၏ အကျိုးစီးပွားအား ပဋိပက္ခဖြစ်စေမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ သူ၏အမြင်တွင် ဖက်ဒရေးရှင်းအနေဖြင့် ထုတ်လုပ်မှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်ရောညီထွေမှုရှိစေမည့် စိုက်ပျိုး ရေးကို အလေးပါမည်ဆိုပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့သူများကို နှစ်ပေါင်း၅၀ခန့် ဦးဆောင်နေခဲ့ပြီး ယခုနှစ်တွင် ဆန်တန်ချိန် ၆ဒဿမ၅သန်း တင်ပို့ရန် ရည်မှန်းထား ကြောင်း၊ ထိုင်း၏အနောက်တွင် ဗီယက်နမ်နှင့် အိန္ဒိယတို့ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၏ ကိန်းဂဏန်း အချက်အလက်များအရသိရသည်။

တစ်နှစ်လျှင်ဆန်တန်ချိန် တစ်သန်းခန့်ထုတ်လုပ်သော ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းကို စံအဖြစ်အသုံးပြုပြီး ၎င်း၏ ဆန်ရောင်း ဝယ်မှု ဝင်ငွေတိုးရန် ဆန္ဒရှိနေကြောင်း Mr Yanyongကပြောကြားသည်။ ဖက်ဒရေးရှင်း တည်ထောင်ပြီးပါက ပရီမီယံဆန်အဖြူ ဈေးနှုန်းကို ယခုတစ်နှစ်လျှင် ဒေါ်လာ၅၈၀-၆၀၀ရှိရာမှ ၆၆၀ဒေါ်လာအထိ မြှင့်တင်နိုင်လိမ့်မည်ဟု ၎င်းကခန့်မှန်းသည်။

ထိုင်းနိုင်ငံသည် ၎င်း၏နယ်စပ်များတွင် လွတ်လပ်သော ကုန်သွယ်မှုဇုန်များ ယခုနှစ်ကုန်လောက်တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။ ဆန်တင်ပို့နိုင် ရန် ဆန်စက်များ၊ သန့်စင်ရေး လုပ်ငန်းစဉ်များနှင့် သိုလှောင်ရုံများ နည်းပါးသည့် အိမ်နီးချင်းနိုင်ငံများအတွက် လုပ်ဆောင်ပေးရန်ဖြစ်သည်။

Mr Yanyong ကပြောကြားရာတွင် ထိုင်းနှင့် ကမ္ဘောဒီးယား ဆွေးနွေးမှု၌ ထိုင်း-ကမ္ဘောဒီးယား ကုန်သွယ်ရေးဇုန် ထူထောင်ရေးလည်း ပါဝင်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ သည် ကမ္ဘောဒီးယားမှ ထွက်ရှိသော စပါးကိုတင်သွင်း၍ ဆန်အဖြစ်ပြန်လည် တင်ပို့ရန် သန့်စင်မည်ဖြစ်သည်။ သို့မှသာ ဆန်ဈေးမြှင့် တင်နိုင်မည် ဖြစ်သည်။

"ဒီလိုအစီအစဉ်မျိုးကို မြန်မာနယ်စပ်မှာ လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ကမ္ဘောဒီးယားထက် စပါးပိုစိုက်ပါ တယ်"ဟု Mr Yonyongကပြောကြားသည်။

၎င်းက ဆန်ဈေးတိုးမြှင့်ရန် စီမံကိန်း ရေးဆွဲလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်လျက် ရှိခြင်း ကြောင့်ဟု ဆိုသည်။

အမေရိကန် စိုက်ပျိုးရေးဌာနသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်များကို တန်ချိန်၄၆၅သန်းမှ တန်ချိန် ၄၆၃သန်းသို့ လျှော့ချခန့်မှန်းရန် ပြန်လည်သုံးသပ်ခဲ့ခြင်းသည် သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်သည်။

စားသုံးမှုမှာမူ တန်ချိန် ၁ မှ ၁ဒဿမ၅သန်းအထိ တိုးလာမည်ဟု မျှော်မှန်းထားရာ တန်ချိန် ၄၆၆-၄၆၇ သန်းအထိ ရောက်ရှိလာမည်ဖြစ်သည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive