Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နောက်ပြန်လန်မကျရေးနှင့် မြန်မာ့စီးပွား

*****************************************

ဆောင်းပါးကဏ္ဍ

နောက်ပြန်လန်မကျရေးနှင့် မြန်မာ့စီးပွား

ဇေယျသူ

စက်တင်ဘာ ၉ရက်ထုတ် The Voice Weekly ဂျာနယ်အတွဲ(၈)အမှတ်(၃၆)တွင်ပါရှိသည့် ဆောင်းပါးကို ထုတ်ယူဖော်ပြချက်။

မြန်မာ့ အပြောင်းအလဲကို နိုင်ငံတကာက စိတ်ဝင်တစား လက်ခုပ်တီးအားပေးကာ အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင်၊ NGO၊ ကမ္ဘာလှည့် ခရီးသွားများ နေ့ညမဟူ ဝင်လာမစဲတသဲသဲ၊ နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သမျှ မည်သည့်အရာမဆို သတင်းဖြစ်နေချိန်၊ အချိန် ကောင်းတွင် ပြုပြင်လက်စ စီးပွားရေးကို ယခုထက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ချိန် တန်နေပြီ။

မြန်မာနိုင်ငံသည် မလာမဖြစ် လာရမည့်နေရာဟု အားလုံးက သဘောပေါက်ထားချိန်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခြင်း၊ မြန်မာ့ပို့ကုန်ကို ပြည်ပသို့တင်ပို့မှု အရှိန်မြင့်ကာ ဈေးကွက်ချဲ့ခြင်း၊ ပြည်ပမှ စီးပွားရေး အထောက်အပံ့၊ နည်းပညာ အထောက်အပံ့တို့ကို ရယူခြင်းတို့ကို လုပ်ဆောင်လိုက်နိုင်မှ မြန်မာ့စီးပွားရေး တစ်ရှိန်ထိုးတက်မည်၊ သို့မဟုတ် အခြေခံကောင်းများ ချမှတ်နိုင်မည်။

လူတို့၏ စိတ်သည် တစ်နေရာတည်းတွင် ကြာမြင့်စွာ ကျက်စားတတ်ခြင်း မရှိသော သဘောအရ မြန်မာနိုင်ငံအပေါ် ကျရောက်နေသည့် စိတ်ဝင်စားမှုတို့သည် အချိန်ကြာလာသည်နှင့်အမျှ အာရုံညောင်းကာ တဖြည်းဖြည်း ကျဆင်းသွားချိန်တွင်မှ မြန်မာ့စီးပွားရေးကို ထူထောင်မည်ဆိုလျှင် များစွာ နောက်ကျပြီး လုပ်ရကိုင်ရလည်း ခက်သွားလိမ့်မည်။

နိုင်ငံရေးနှင့် စီးပွားရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့ အပြန် အလှန် ဆက်စပ်ရောယှက်သည်ဟူသော နိုင်ငံရေး ဘောဂဗေဒ Political Economy သဘောအရ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေး တစ်နည်း ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် စီးပွားရေးတည်းဟူသော အခြေခံမမြင့်ဘဲ မဖြစ်နိုင်။ ဒီမိုကရေစီ စတင်ထူထောင် ကြသည်ချင်းတူတူ တစ်ဦးချင်း ဝင်ငွေမြင့်သော နိုင်ငံများတွင် ဒီမိုကရေစီ ရှင်သန်ပြီး ဝင်ငွေနည်း နိုင်ငံများတွင် မည်ကာမတ္တ အမည်ခံ ဒီမိုကရေစီမျှသာ ကျန်ခဲ့သည်ကို အထင်အရှား တွေ့နိုင်သည်။ ထို့ကြောင့် မြန်မာ့ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွင် ဒုတိယ ဦးစားပေး ဖြစ်သည့် စီးပွားတက်ရေးသည် ပထမဦးစားပေး နိုင်ငံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ စီးပွားရေးအခြေအနေ မတက်လျှင် နိုင်ငံရေးတွင် နောက်ပြန် လန်ကျမည် ဖြစ်ကြောင်း ခန့်မှန်းရန် ပါရဂူဘွဲ့ရ နိုင်ငံခြားပြန်ဖြစ်ရန် မလိုပါ၊ အလွယ်လေးနှင့် မြင်နိုင်သည်။

နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် ပြောင်းသည်နှင့် ဥုံဖွဆိုပြီး စီးပွားရေး အလိုအလျောက် လိုက်ပါမြင့်တက်လာခြင်း မရှိသည်ကို သတိထားရန် လိုသည်။ နိုင်ငံရေးတွင် ဗဟိုဦးစီးစနစ်ကျင့်သုံးသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံ တရုတ်နှင့် နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် အားကောင်းမောင်းသန် ကျင့်သုံးသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံ အိန္ဒိယတို့ မည်သည့်နိုင်ငံတွင် နေမည်နည်းဟု နှစ်နိုင်ငံလုံးကို ရောက်ဖူးသူတို့ကို မေးလျှင် လူနေမှုအဆင့် ပိုမြင့်သည့်၊ စီးပွားရေး တောင့်သည့် တရုတ်တွင် နေမည့်သူက များသည်။ လတ်တလော ရင်ဆိုင်နေရသည့် အောက်ပါစိန်ခေါ်မှုများကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှသာ မြန်မာ့စီးပွားရေး နာလန်မြန်မြန်ထမည်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု

ကိစ္စရပ်များကို တိတ်တိတ်ဆိတ်ဆိတ် ကိုင်တွယ်လေ့ရှိသည့် ဂျပန်တို့ပင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အသံ ဆူဆူညံညံ ထွက်ပေါ်လာခဲ့သည်။ ပြည်ပကုမ္ပဏီများ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကို ဆုံးဖြတ်မည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ပေါ်လာခြင်း မရှိသေး။

ထိုဥပဒေသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသောကြောင့် နှိုင်းနှိုင်းချိန်ချိန်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်း နေသူတို့ထက် နိုင်ငံခြားသားတို့က အခွင့်အရေး သာလွန်သွားလျှင် မြန်မာနိုင်ငံသား ဖြစ်ရသည်ထက် နိုင်ငံခြားသား ဖြစ်ရသည်ကပင် ကောင်းသလိုလို ဖြစ်သွားနိုင်သောကြောင့် ပြည်တွင်း လုပ်ငန်းရှင်တို့ မနစ်နာစေရန် စဉ်းစားဆောင်ရွက် နေကြကြောင်း မြင်တွေ့ရသည်။ သို့သော် ဝင်လိုသူတို့ အပြိုင်အဆိုင် တာစူနေချိန်ကို လွတ်သွားသည်အထိ ကြန့်ကြာခြင်းမူ မရှိသင့်။ အခြား အလားအလာကောင်း နိုင်ငံ တစ်နိုင်ငံက စည်းမျဉ်းစည်းကမ်းများ ပိုကောင်းအောင် မနက်ဖြန် သဘက်ခါ ပြုပြင်လိုက်လျှင် ရင်းနှီးမြှုပ်နှံသူများ ထိုနိုင်ငံသို့ မြားဦးလှည့်သွားကြလိမ့်မည်။ တစ်ချိန်တည်းတွင် ထိုဥပဒေသည် မြန်မာနိုင်ငံ လိုသော လုပ်ငန်းများ လာစေပြီး မလိုသော လုပ်ငန်းများ မလာအောင် တားထား နိုင်ရမည်။ ဥပမာ- ဆေးလိပ်၊ အရက်တို့ ပြည်တွင်းတွင် ထုတ်ပြီး ပြည်တွင်းတွင်ပင် ရောင်းခြင်းသည် မြန်မာတို့ အတွက် အကျိုးရှိမည်မဟုတ်။ လုပ်အားများများ သုံးရသည့် လုပ်ငန်း များ၊ မြန်မာတို့ ပညာ ရနိုင်သည့် လုပ်ငန်းများ၊ ထို ကုန်ပစ္စည်းများ၊ ‘Made in Myanmar မြန်မာပြည်တွင်လုပ်သည်’ ဟု ဝင့်ဝင့်ကြွားကြွား ဖြစ်စေမည့် ဂုဏ်သိက္ခာရှိ လုပ်ငန်းများ ဝင်ရောက်လာရန် ဖန်တီး ပေးနိုင်ရန် လိုသည်။ အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းလုပ်ငန်းရှင်တို့ကို အပြန်အလှန် အားဖြည့် ကွက်လပ်ဖြည့်ပေး (Complementary) အောင် စီမံထားရန် လိုသည်။

ငွေကြေးဈေးနှုန်း နှင့် ငွေဖောင်းပွမှု

ဈေးနှုန်းတကာတို့၏ မိခင်ကြီး (ဝါ) ကုန်ဈေးနှုန်းအားလုံးကို ဆုံးဖြတ်သည့် ဈေးနှုန်း ‘mother of all prices’ဟု စီးပွားရေး ပညာရှင်များက တင်စား ခံရသည့် ငွေကြေးလဲလှယ်နှုန်း (ဝါ) ဒေါ်လာဈေးသည် ၈၅၀နှင့် ၉၀၀ ကြား ရှိနေသောကြောင့် လုပ်သာကိုင်သာ ရှိပြီ၊ ပို့ကုန်ကို အားပေးနိုင်ပြီ ဖြစ် သော်လည်း ထိုဈေးနှုန်းအတိုင်း လေးငါးဆယ်နှစ် ဆက်လက် ရှိနေရန်မှာမူ စိန်ခေါ်မှု ဖြစ်နိုင်သည်။ ငွေဖောင်းပွမှု သည် ဂဏန်း တစ်လုံးသာ ရှိသော ကြောင့် မြန်မာနိုင်ငံစံနှင့် ကြည့်လျှင် အခြေအနေကောင်းသည်ဟု ဆိုနိုင်သော်လည်း အခြားကုန်ပစ္စည်းများနှင့် ယှဉ်လျှင် စားသောက်စရိတ်၊ သွားလာ စရိတ်တို့က ကြီးနေခြင်းမှာ စီးပွားရေး တည်ငြိမ်တိုးတက်မည့် နိုင်ငံတစ်ခု၏ အင်္ဂါရပ် မဟုတ်ပေ။ ထမင်းဖိုးသည် မြန်မာနိုင်ငံထက် ဝင်ငွေ အဆများစွာ သာလွန်သော ဘန်ကောက်နှင့် မတိမ်းမယိမ်း ဖြစ်နေခြင်းသည် မူမမှန် စိုးရိမ်ဖွယ် ကောင်းသည်။ ထို့အတူ အငှားကားခဖြင့် အသင့်အတင့် အင်္ကျီ တစ်ထည်၊ ပုဆိုးတစ်ထည် ဝယ်ဝတ်နိုင်သည်။

အရေးယူပိတ်ဆို့မှု

မြန်မာနိုင်ငံသို့ အရေးယူ ပိတ်ဆို့မှုများ ရှိနေဆဲဖြစ်ပြီး ထိုအရေးယူ ပိတ်ဆို့မှုများသည် စီးပွားရေး စီမံခန့််ခွဲမှု အားနည်းချက်နည်းတူ မြန်မာ့ စီးပွားရေး နာလန် မထူနိုင်ရခြင်း၏ အဓိကအကြောင်းတစ်ရပ် ဖြစ်သည်။ အရေးယူပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင်းသို့ ငွေကြေး ပြင်ပမှ လွှဲပို့ရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်သည်။ အရေးယူပိတ်ဆို့မှုများ မပြုလုပ်မီက အမေရိကန်ပြည်ထောင်စုသို့ အဓိကတင်ပို့ခဲ့သည်မှာ လုပ်အားများများ သုံးစွဲရသည့် အထည်ချုပ် လုပ်ငန်းများဖြစ်သောကြောင့် အရေးယူ ပိတ်ဆို့မှုများ ဖွင့်လှစ်လိုက်လျှင် လုပ်သားပေါများသည့် မြန်မာနိုင်ငံမှ ထိုအထည်ချုပ် လုပ်ငန်းများ ထိုးတက်သွားပြီး အလုပ်အကိုင် များစွာပေးနိုင်လိမ့်မည်။ ကမ္ဘာ့ အရည်အသွေး ထိန်းသိမ်းစစ်ဆေးမှု အကောင်းဆုံး ဈေးကွက်ကြီးတစ်ခုဖြစ်သည့် အမေရိကန် ပြည်ထောင်စုတွင်းသို့ မြန်မာ့ပို့ကုန်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်ခြင်းကြောင့် မြန်မာ့စီးပွားရေး ပုံမှန်တိုးတက်ရေးကို ဟန့်တား ထားသလို ဖြစ်နေသည်။ ထိုလုပ်ငန်းများသည် ဆူလွယ်နပ်လွယ် မဟုတ်ဘဲ စောက်ချလုပ်မှ ရသည့်အတွက် Cronyများ စိတ်ဝင်စားသည့် လုပ်ငန်းများ လည်း မဟုတ်။ လုပ်အားရင်းရသည့် လုပ်ငန်းများကို အဓိက ပစ်မှတ် ထားသလို ဖြစ်နေသည့် မြန်မာ့ ပို့ကုန် ပိတ်ဆို့မှုကို အမေရိကန်၊ မြန်မာနှစ်ဖက် လုံးက ကြိုးပမ်းနိုင်လျှင် မြန်မာ့စီးပွား အားတက်စရာ စာမျက်နှာတစ်ချပ် ပွင့်လာမည်။ သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုသို့ သမိုင်းဝင် ခရီးစဉ်တွင် အဆိုပါ ကိစ္စကို ထိထိရောက်ရောက် ပြောဆို နိုင်မည်ဟု ထင်မှတ်ရသည်။

လူသိန်းသန်း စိတ်ဝင်စားခံရသောအရာတိုင်း ဝေဖန်ထောက်ပြမှုများ ခံကြရမြဲဖြစ်သောကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးသည်လည်း ထိုကံကြမ္မာနှင့် ရင်ဆိုင်ရသည်။ လွယ်လင့်တကူ ထောက်ပြလေ့ ရှိသည်မှာ ပြုပြင်ပြောင်းလဲရေးသည် ထိပ်ပိုင်းမှာသာ ရှိနေပြီး သာမန်ပြည်သူတို့ထံသို့ မရောက်သေး သို့မဟုတ် အနည်းအကျဉ်းသာ ရောက်သေးသည်ဟုပင်ဖြစ်သည်။ စီးပွားရေးကောင်းလာသည်နှင့်အမျှ ဒီရေတက်လျှင် လှေ၊ သင်္ဘော အားလုံး မြင့်တက်သည် ဆိုသကဲ့သို့ ပြည်သူများ၏ဘဝ တိုးတက်လာမည် ဖြစ်သောကြောင့် အဆိုပါ ဝေဖန်ချက် အလိုလိုပပျောက်သွားမည်။

A hungry man is an angry man ‘ဆာလောင်သော သူသည် ဒေါသ ထွက်တတ်သည်’ ဟူသော ဆိုရိုးစကားက နိုင်ငံရေး နှင့် စီးပွားရေး တိုက်ရိုက် ဆက်စပ်နေကြောင်း၊ မြန်မာ့ပြုပြင် ပြောင်းလဲရေးကြီး အောင်မြင်ရန် စီးပွား မဖြစ်မနေ အမြန်ရှာရတော့မည် ဖြစ်ကြောင်း မီးမောင်း ထိုးပြသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၉.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံပိုင်သတင်းစာများ နှစ်လ အတွင်းပြုပြင်ပြောင်းလဲမည်
  1. ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် လှုပ်ရှားမှုစတင်
  1. ရခိုင်လူထု အစည်းအဝေး ရသေ့တောင်တွင် ကျင်းပမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တရားဥပဒေစိုးမိုးရေးဆိုတာ ဥပဒေတွေရှိရုံနဲ့လည်း မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  1. ပြန်ကြားရေးဝန်ကြီးနှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ တွေ့ဆုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

နိုင်ငံပိုင်သတင်းစာများ နှစ်လ အတွင်းပြုပြင်ပြောင်းလဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀။

ဆယ်စုနှစ်များစွာ အစိုးရ၏ ဝါဒဖြန့်ချီရေးအနေနှင့်သာ ရပ်တည်ခဲ့သော နိင်ငံပိုင်သတင်းစာများကို ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ၂ လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမည်ဟု ၎င်း၏စကားကို ကိုးကားကာ စာပေစီစစ်နှင့် မှတ်ပုံတင်ဦးစီးဌာန ဒုညွှန်ချုပ် ဦးတင့်ဆွေက ပြောကြားသည်။

"လွယ်တော့မလွယ်ဘူးပေါ့၊ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေက ရှေ့မှာရောက်နေတယ်"ဟု ၎င်းက လူသားအရင်းအမြစ်များစွာ လိုအပ်သည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတို့၏ မျက်နှာဖုံးတွင် ဖော်ပြထားသော  သတင်းများကို ရည်ညွန်းကာ သတင်းစာများကို ပြုပြင်ပြောင်းလဲမှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

"ယခင်က ဒီသတင်းများကို အတွင်းမှာပဲ ဖော်ပြခဲ့ပါတယ်။ အခုတော့ အယ်ဒီတာများက လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်"ဟု ၎င်းက ဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေလျက်ရှိသော နိင်ငံပိုင် The News Light of Myanmar သတင်းစာကို မကြာမီ ရက် ပိုင်း အတွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိ ဂျာနယ်များကဲ့သို့ ကာလာစာမျက်နှာများနှင့် ဖြန့်ချီမည်ဖြစ်ကြောင်း ယင်း တိုက် တာဝန်ခံ အယ်ဒီတာတစ်ဦးက ရှင်းပြသည်။

" သတင်းစာမှာထည့်မဲ့သတင်းတွေကို ဂျာနယ်မှာပါတဲ့ အတိုင်းရေးခိုင်းနေတာ၊ ဦးတို့က အရိုးစွဲနေပြီ "ဟု ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ ခရီးစဉ်များကို အမြဲလိုက်ပါ သတင်းယူရသူ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်း သတင်းစာဆရာတစ်ဦးက ညီးတွားပြောဆိုသည်။

မီဒီယာလောကကို ၁၈ လအတွင်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများကိုလည်း ထုတ်ဝေခွင့် ရရှိအောင် ဆောင်ရွက် ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သော ရက်ပိုင်းအတွင်း ဦးအောင်ကြည်က မြန်မာတိုင်းဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ကတိပြု ပြောကြားခဲ့သည်။

သတင်းစာပညာအခြေခံများကို ယခင်နှစ်ပိုင်းလောက်ကပင် ပြန်ကြားရေးဝန်ထမ်းများကို သင်ကြားပေးခဲ့ရဘူးသည်ဟု သတင်းစာဆရာ တစ်ဦးဖြစ်သူ ဥိးရဲနိုင်မိုးက ရှင်းပြသည်။

 sweet

-------------------------------------------------------------------------------------------------------------

ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် လှုပ်ရှားမှုစတင်

ဒေါက်တာမျိုးမြင့် ဦးဆောင်သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရသည်။

ယင်း ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦး လိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုခဲ့ကြကြောင်း   နေ့လည် (၂) နာရီ (၄၀) မိနစ်တွင် ပြည်နယ်အစိုးရ၊ တိုင်းမှူးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ နှင့် တွေ့ဆုံခဲ့ကြောင်း ယင်းအဖွဲ့၌ လိုက်ပါသွားသူတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

 အဆိုပါ ကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာလ ၉ရက်နေ့ နံနက် ၈ နာရီအချိန်တွင် စစ်တွေမြို့မှ ကျောက်တော်မြို့သို့ ထွက်ခွာပြီး ကျောက်တော်မြို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ မီးရှိုးခံရွာများမှ ရွာသားများအား တွေ့ဆုံ ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု  သိရသည်။

ယင်း မကော်မရှင်သည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ တောင် ကုတ်၊ ရမ်းဗြဲနှင့်ကျောက်နီမော် တို့တွင် စုံစမ်းစစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့ထိ  ၁၀ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Moe Z

-------------------------------------------------------------------------------------------------------------

ရခိုင်လူထု အစည်းအဝေး ရသေ့တောင်တွင် ကျင်းပမည်

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များပါဝင်မည့် လူထုအစည်းအဝေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လာမည့် စက်တင်ဘာလဒုတိယပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို လာမည့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိနှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးမှ ထွက်ရှိလာသည့် သမိုင်းဆိုင်ရာ သုတေသနစာတမ်းများ၊ လက်ရှိဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့် ရခိုင်တိုင်းရင်းသားများ ကြုံတွေ့နေရသည့် ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးအပါအ၀င် လွှတ်တော်နာယက၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အခြားတိုင်းရင်းသားများနှင့် ကုလသမဂ္ဂအထိ တင်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်း အစည်းအဝေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋ္ဋိပက္ခများအား လာရောက် စုံစမ်းစစ်ဆေးမည့် စုံစမ်းရေး ကော်မရှင်အတွက် အထောက်အကူပြုနိုင်ရန်ဖြစ်ကြောင်း၊  ကော်မရှင်အနေဖြင့် ဒေသတွင်း ပဋိပက္ခဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးရန် လာရောက် သည့်အခါ ပြည်နယ်အနှံ့ လိုက်လံစစ်ဆေးနေရန်မလိုဘဲ ယခုကျင်းပမည့် လူထုအစည်းအဝေးပွဲမှ ထွက်ရှိလာသော သမိုင်းဆိုင်ရာ သုတေသနစာတမ်းများ၊ ဒေသခံတိုင်းရင်းသားများ၏ အခြေအနေအဖြစ်မှန်များကို တစ်နေရာတည်းက ရရှိသွားနိုင်ရန်အတွက် ယခုကဲ့သို့ လူထုစည်းဝေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်း၏ဆက်လက်ပြောကြားချက်အရ သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တရားဥပဒေစိုးမိုးရေး ဆိုတာ ဥပဒေတွေရှိရုံနဲ့လည်း မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်  ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် ဥပဒေပညာရှင်များသည် သြဂုတ်လ ၈ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ဆုံခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာတွင်  ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ မိမိတို့၏လုံခြုံရေးနှင့် လွတ်လပ်မှုကို ဥပဒေက အကာအကွယ်ပေးသည်ဟု ယုံကြည်မှု ရှိမှသာ တရားဥပဒေစိုးမိုးမှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“တရားဥပဒေစိုးမိုးရေးဆိုတာ ဥပဒေတွေရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေက တရားမျှတရုံ လောက်နဲ့လည်း မလုံလောက် သေးပါဘူး။ ဒီဥပဒေတွေကို ဘယ်လိုပုံစံနဲ့ အကျိုးသက်ရောက်မှုရှိအောင် လုပ်တယ်ဆိုတာကပဲ အရေးကြီးပါတယ်။ အများနားလည်အောင် ပြောရမယ် ဆိုရင် ကျွန်မတို့အမြင်မှာတရား ဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဆိုလို့ရှိရင် လူတိုင်းလူတိုင်းက မိမိတို့ရဲ့လုံခြုံရေးနဲ့ လွတ်လပ်ရေးကို ဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိရပါမယ်။ ဒီလိုပဲနိုင်ငံသူ နိုင်ငံသားအားလုံးဟာ ငါတို့ရဲ့လွတ်လပ်ပိုင်ခွင့်တွေနဲ့ ငါတို့ရဲ့လုံခြုံမှုကို ဥပဒေက အကာ အကွယ်ပေးနိုင်တယ်။ ပေးလည်းပေးတယ်။ ပေးနိုင်တဲ့အခြေအနေမှာ ရှိတယ်ဆိုတဲ့ ယုံကြည်မှုရှိလို့ရှိရင် ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေး ရှိပြီလို့ ကျွန်မတို့ပြောလို့ ရပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 သူရဦးရွှေမန်းက  တရားဥပဒေစိုးမိုးရေးအတွက် အပြောနှင့်ဟန်ပြ လုပ်၍မရကြောင်း၊ ရဲရဲဝံ့ဝံ့လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီက နုနယ်ခြင်းမဟုတ်ဘဲ  လိုက်ပါသူများကသာ နုနယ်နေသေးခြင်း ဖြစ်နေကြောင်း၊ လက်မခံနိုင်သူများ နေခဲ့ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အကူးပြောင်း ကာလ ဖြစ်သောကြောင့် ခွင့်လွှတ်လိုက်ပါက နောင်လည်း ဒီလိုလုပ်၍ရမည်ဆိုပြီး ဆက်လုပ်နေမည်ဖြစ်သောကြောင့် သံသရာတစ်ပတ်လည် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်မရှင်သန်တော့လျှင်၊ မကျင့်သုံးလျှင် နိမ့်ကျနောက်ကျနေခဲ့မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ တရားဥပဒေ စိုးမိုးရေးဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံကျပြီး၊ ဒီအတွက် ရဲရဲတင်းတင်း ဆောင်ရွက်သွားရန့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဥပဒေပညာရှင်များနှင့် တရားရေး ဝန်ထမ်းများကို တိုက်တွန်းပြောကြားသွားသည်။

“အပြောလေးနဲ့တော့ မရဘူး။ ဟန်ပြနဲ့တော့ မရဘူး။ အပြောလေးနဲ့ဟန်ပြနဲ့ မရသလိုပဲ ကျနော်တို့က ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူးဆိုရင်လည်း မဖြစ်ဘူး။ ဒီမိုကရေစီ နုနယ်တယ်ဆိုတာ ဒီမိုကရေစီ ဆိုတာကတော့ ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီအဆင့်မှာ ကျနော်တို့တွေ နုနယ်တယ်။ နုနယ်တဲ့ဟာမှာ သူက အခြေခံကျတဲ့ဟာကိုမှ လက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်ဘူး သွားပေတော့။ ခွင့်လွှတ်လိုက်လို့ရှိရင် နောင်လည်း လုပ်လို့ရတာပဲဟ၊ ဆိုပြီးတော့ ဒီလိုပဲ ဖြစ်သွားမယ်”ဟု သူရဦးရွှေမန်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တရားစီရင်ရေးနှင့် ဥပဒေရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၊ ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များနှင့် ဖိတ်ကြားထားသော ပညာရှင်များ တက်ရောက် ခဲ့ကြပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Moe Z

-------------------------------------------------------------------------------------------------------------

ပြန်ကြားရေးဝန်ကြီးနှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ တွေ့ဆုံ

                ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ(၁) ဦးကိုကိုအား စက်တင်ဘာ ၈ ရက်ညနေ  ၅နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဧည့်ခန်းမတွင် မိနစ်လေးဆယ်ကြာ လက်ခံတွေ့ ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ(၁) ဦးကိုကိုတို့သည် စာနယ်ဇင်း ကောင်စီကိစ္စ၊ မီဒီယာဥပဒေကိစ္စများ အပါအဝင် စာနယ်ဇင်းဆိုင်ရာ အခြားကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊  လက်ရှိနယ်ပယ် အသီးသီးက အဆိုပြုထားကြသော စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များအား နောက်ဆုံးအကြိမ် အတည်ပြုလျာထားခြင်း၊ စာနယ်ဇင်းကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား နောက်ဆုံးအကြိမ်အတည်ပြုခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သည်တို့ကို ကူညီပေးရေး၊  မီဒီယာ ဥပဒေသစ် တစ်ရပ်ကို ဒီယာလောကသားများ၏ အကြံဥာဏ်များရယူပြီး ပြန်လည်ရေး ဆွဲနိုင်မည့် အခြေအနေများအား ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားတစ်ယောက်က  ၂၁ရက်အတွင်းမှာ နိုင်ငံကူးလက်မှတ်ရရမယ်။ ဒါက တရားဝင်လူသိရှင်ကြားပြော ပြီးသားပဲ။ အဲဒါက အတည်ဖြစ်ရမယ်။ အဲဒီလို မဟုတ်ဘဲ သီးခြားခွဲခြားဆက်ဆံတာက ပြောမယ်ဆိုရင် ထောင်ထဲကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တစ်နှစ်ဆိုင်းငံ့ထားတယ်ဆိုတဲ့ ညွှန်ကြားချက် ရှိပါတယ်။  အဲဒါက စစ်အစိုးရက  ထုတ်ပြန်ထားတာ။ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေမဟုတ်ဘူး။ နောက်တစ်ခုက လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီးတော့ သာမာန်အထူးသဖြင့် ကျောင်းသားလူငယ်တွေကို နိုင်ငံရေးအကျဉ်းထောင်မှာ ပိတ်ဆို့ ထားတာက လုံခြုံရေး အရအကြောင်းပြချက် ပဲပြောပြော နိုင်ငံသားအခွင့်အရေးပဲပြောပြော ဘယ်ရှုထောင့်က လက်ခံနိုင်စရာ မရှိဘူး”

စက်တင်ဘာ၉ရက်ထုတ် Messengerဂျာနယ် အတွဲ(၃)အမှတ်(၁၆)တွင်ပါရှိသည့် “ကိုမိုးသီးဇွန်၊ ဒေါက်တာ နိုင်အောင်နှင့် ပြည်တွင်း ပြန်ဝင်ရောက် လာသူတို့နှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး နှင့် တွေ့ဆုံခြင်း”မှ ကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

“တို့တွေက မဲဝင်ရွေးလို့မဘူး။ မတ်ဝင်လုပ်လို့ မရဘူး။ တို့တွေက ဒီနိုင်ငံသားမှ မဟုတ်တာ။ ဒါပေမယ့် ဝင်ရွေးခံရတဲ့ သူတွေကို ကူညီမယ်။ တကယ် မှန်ကန်တဲ့သူတွေကိုပေါ့။ အဲဒီလို အားပေးလို့ရတယ် ။ တော်လှန်ရေးသမားတွေ ထဲမှာလည်း တော်လှန်ရေးဗန်းပြပြီး လုပ်စားနေတဲ့ သူအများကြီး၊ တိုက်တွေ ကားတွေ စီးပြီးတော့ NGO တစ်ပိုင်း၊ နိုင်ငံရေးတစ်ပိုင်း လုပ်နေတဲ့သူတွေရှိတယ်။ ကိုယ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ လုပ်ခဲ့တာ တိုင်းပြည်ကိုချစ်လို့။ အမေရိကန်နိုင်ငံသား ခံယူထားတယ်လို့ ပြောတာဟာ ရိုးသားလို့ ပြောတာ။ မြန်မာနိုင်ငံသား လိုလို၊ ဟိုနိုင်ငံသား လိုလိုနဲ့ ပြည်သူ တွေကို ပြောပြီးတော့ မလုပ်ချက်ဘူး”

စက်တင်ဘာ၉ရက်ထတ် News Day ဂျာနယ်အတွဲ(၁)အမှတ်(၂၇)တွင်ပါရှိသည့် ABSDF ၏ပထမဆုံး ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် တွေ့ဆုံခြင်းမှ ဦးထွန်းအောင်ကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

“တရားဥပဒေ စိုးမိုးရေးဆိုတာ ဥပဒေတွေရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေက တရားမျှတရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေကို ဘယ်လိုပုံစံနဲ့ အကျိုးသက်ရောက်မှု ရှိအောင်လုပ်မလဲဆိုတာ အရေးကြီးပါတယ်။ အများပြည်သူ နားလည်အောင်ပြောရမယ်ဆိုရင် ကျွန်မရဲ့အမြင်မှာ တရားဥပဒေစိုးမိုးမှုရှိတဲ့ အဖွဲ့အစည်းဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို ဥပဒေအရ ကာကွယ်ပေးမယ် ဆိုတဲ့ ယုံကြည်ချက် ရှိဖို့ လိုပါတယ်”

စက်တင်ဘာ ၉ရက်ထုတ် Messenger ဂျာနယ် အတွဲ(၃)အမှတ်(၁၆)တွင်ပါရှိသည့် “တရားဥပဒေ စိုးမိုးရေးသည် ပြည်သူများ၏ ခံစားမှုနှင့်သာ ဆိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၃၃) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ မိုးသီးဇွန်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့အား
ဒီမိုမိတ်ဆွေပါတီအချို့ တွေ့ဆုံ
၂။ ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ကြေညာချက်ထုတ်ပြန်
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်း
၎။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်
ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်ခွင့်ပြု
၅။ ပြဋ္ဌာန်းဥပဒေများ သဘောမတူသည့်အတွက် NLD ပါတီအား ရွေးကောက်ပွဲကော်မရှင်
ခေါ်ယူတွေ့ဆုံ
၆။ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် မိုးသီးဇွန်တို့အဖွဲ့ ယျေဘူယ ထောက်ခံဟုဆို
၇။ တတိယအကြိမ်အဖြစ် နှစ်ရက်ကြာ KNU နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေး
၈။ ကချင်ဒုက္ခသည်များအား ပြန်မပို့ရေး တရုတ်အား အမေရိကန်တိုက်တွန်း
၉။ မြောင်းမြ NLD ပါတီဝင်များမှ ဆန္ဒပြမှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်
စတဲ့သတင်းတွေအပြင်အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများ
ကဏ္ဍကိုလည်း ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။


The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.