Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၈.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ
  1. ရေကြီးမှုကြောင့် အထွက်နှုန်းလျော့ကျမှုကို ပြန်လည်အစားထိုးရန် စီစဉ်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်က အဓမ္မတပ်သားစုဆောင်းနေဟုဆို
  2. ဥပဒေအထက်တွင် အမိန့်အာဏာများရှိနေခြင်းကြောင့်သာ ငြိမ်းချမ်းရေးအခမ်းအနားကျင်းပသူများ တရားစွဲဆိုခံရခြင်းဖြစ်
  3. ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍ ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၈။

ဧရာဝတီတိုင်း ရေတပ်စခန်းဌာနချုပ် အမှတ် ၃၆ စစ်ရေယာဉ်အုပ်စုက မတရားသိမ်းယူထားသော အောင်သုခ စက်လှေအမှတ် (၁၆၂)ကို ပြန် လည်ရယူလိုမှုဖြင့် စက်လှေပိုင်ရှင်၏ တရားစွဲဆိုမှုအား အနောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာ ၂၇ရက်တွင် စတင်လက်ခံလိုက်ပြီဖြစ်ကြောင်း တရား လိုဖြစ်သူ ဦးလေးနိုင်က ပြောကြားသည်။

အဆိုပါအမှုအား တရားမကြီးအမှုအမှတ် ၄၀၈/၂၀၁၂ဖြင့် လက်ခံလိုက်ခြင်းဖြစ်ပြီး တွဲဖက်ခရိုင်တရားသူကြီးဖြစ်သူ ဒေါ်ခင်မျိုးဟန်က အမှုစစ် ဆေးမည်ဖြစ်ကြောင်း၊ တရားလိုမှာ စက်လှေပိုင်ရှင် ဦးအေးမင်းထွန်း၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ တောင်ဥက္ကလာပမြို့နယ် (၂၀)ရပ်ကွက်နေ ဦးလေးနိုင်ဖြစ်ပြီး တရားပြိုင်မှာ ဗိုလ်မှူးမင်းသူ (တာဝန်ခံအရာရှိ အမှတ် ၃၆ စစ်ရေယာဉ်အုပ်စု ဧရာဝတီတိုင်းရေတပ်စခန်းဌာနချုပ် ဗိုလ်တထောင်မြို့ နယ်) ဖြစ်ကြောင်း တရားရုံးအမှုတွဲအရ သိရသည်။

"တရားရေးမဏ္ဍိုင်ကို ယုံကြည်လို့ တရားစွဲတာပါ"ဟု တရားလိုဖြစ်သူ ဦးလေးနိုင်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃၆) စစ်ရေယာဉ်အုပ်စု တာဝန်ခံအရာရှိသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားလပ်သည့် အတွက် ဖြေကြားနိုင်ခြင်းမရှိကြောင်း အဆိုပါရေတပ်စခန်းဌာနချုပ်တွင် တာဝန်ကျသည့် တပ်ကြပ်ကြီးတစ်ဦးကသာ ဖြေကြားခဲ့သည်။

အဆိုပါ သိမ်းဆည်းထားသည့် အောင်သုခစက်လှေ အမှတ် (၁၆၂) အား ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း အမှုဖြစ် စဉ်မှာ ၎င်းတို့ဌာနချုပ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဧရာဝတီတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။

၂၀၁၁ခုနှစ် နိုင်ဝင်ဘာလအတွင်း၌ ထိုရေယာဉ်အား ဆားနှင့် မီးသွေးများတင်ဆောင်လာသည်ကို အကြောင်းပြု၍ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းသို့ ဆားနှင့် မီးသွေးများတင်ဆောင်လာခြင်းအတွက်ကိုလည်း ထိုက်သင့်သည့်ပြစ်ဒဏ်များ ချမှတ်ပြီးခဲ့သော်လည်း အမှုနှင့် မသက်ဆိုင် သည့် အဆိုပါစက်လှေအား သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ကြောင်း တရားရုံးအမှုတွဲအရ သိရသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

ရေကြီးမှုကြောင့် အထွက်နှုန်းလျော့ကျမှုကို ပြန်လည်အစားထိုးရန် စီစဉ်

ရန်ကုန် စက်တင်ဘာ ၂၇။

မကြာမီကဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်းနှင့် ဆန်စပါးအသင်းတို့ ပူးပေါင်း၍ ရေကြီးမှုကြောင့် အထွက်နှုန်းလျော့ ကျမှုကို ပြန်လည်အစားထိုးစေနိုင်မည့် Yield Booster Program ကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးရဲမင်းအောင်က ပြောကြားသည်။

အဆိုပါ Yield Booster Programအတွက် လယ်ဧက ၂သိန်းခန့် ရွေးထုတ် zone သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ အထွက်နှုန်း ထက် တစ်ဧက ၁၀-၁၅ တင်းခန့် ပိုမိုထွက်ရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး ဆန်တန်ချိန် ၅၀၀၀၀-၆၀၀၀၀ ခန့်ပိုထွက်အောင် ဆောင်ရွက်ခြင်းဖြင့် ရေကြီးမှု ကြောင့် လျော့နည်းဆုံးရှုံးမှုကို ပြန်လည်အစားထိုးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"တောင်သူလယ်သမားအသင်းဝင်များကို လက်တွေ့ကျကျ ကူညီနိုင်ရေး စတင်ဆောင်ရွက်နေပါပြီ"ဟု ၎င်းက ဆိုသည်။

တောင်သူလယ်သမား အသင်းဝင်များ၏ လယ်မြေတွင် အရည်အသွေးအဆင့်မီ fresh product ပုလဲဓါတ်မြေသြဇာကို ပိုမိုထိရောက်စွာ အသုံးပြု ခြင်းနှင့် ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် post harvest technology ကို အသုံးပြုကာ အလေအလွင့် လျော့ကျစေခြင်းတို့ ကိုလည်း စနစ်တကျ ဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

SWEET

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်က အဓမ္မတပ်သားစုဆောင်းနေဟုဆို

ရန်ကုန် စက်တင်ဘာ ၂၇။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့က ယခုလအတွင်း အဓမ္မတပ်သားသစ်များ စုဆောင်းလျက်ရှိကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

"ပြီးခဲ့တဲ့ သုံးလေးရက်က နမ့်လန်နဲ့ မိန်းခေးဘက်မှာ အဓမ္မစုဆောင်းလို့ လာတိုင်ကြသေးတယ်"ဟု ၎င်းက ဆိုသည်။

ပြည်နယ်အတွင်း မဲဆန္ဒနယ်အများအပြား အနိုင်ရထားသော ကျားဖြူပါတီ(SNDP)က အဓမ္မတပ်သားစုဆောင်းခြင်းများ မပြုလုပ်ရန် သက်ဆိုင် ရာ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များကို ပြီးခဲ့သော မေလ ၂၄ရက်နေ့က တောင်ကြီးမြို့တွင် ခေါ်ယူဆွေးနွေး သတိပေးပြောကြားခဲ့ဖူးကြောင်း ကျားဖြူ ပါတီမှ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦစောသန်းမြင့်က ရှင်းပြသည်။

"ခေါင်းဆောင်ပိုင်းတွေနဲ့တော့ ညှိနှိုင်းထားပေမဲ့ အောက်ခြေကလုပ်တယ် ထင်ပါတယ်"ဟု ၎င်းက ဆိုသည်။

ပြည်သူ့စစ်တပ်သားအဖြစ် လိုက်ပါလိုခြင်းမရှိပါက ကျပ်သိန်းဆယ်ချီ၍ ရွေးယူကြရကြောင်း၊ ထိုကဲ့သို့ဖြစ်စဉ်များမှာ တည်ငြိမ်အေးချမ်းမှုမရှိ သော တိုင်းရင်းသားဒေသများတွင် ယခင်နှစ်ပေါင်းများစွာကပင် အရိုးစွဲနေပြီဖြစ်သော်လည်း ယခုလို ဒီမို ကရေစီ တည်ဆောက်မှုကာလအတွင်း လုံးဝ မဖြစ်ပွားသင့်ကြောင်း၊ ကျားဖြူပါတီအနေနှင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တပ်သားအဖြစ်မလိုက်ပါလိုသဖြင့် ကျပ် ၂၅သိန်းပေးအပ်ခဲ့ရကြောင်း ဒေသခံတစ်ဦး၏အဆိုကို ကိုးကား၍ တိုင်းရင်းသားသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

"သူတို့က စစ်သားရရင်ရ မရရင် ရန်ပုံငွေရတဲ့အတွက် လုပ်ကြတာ"ဟု ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဆို သည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းရာသီရောက်လာသဖြင့် နယ်မြေလုမှုကိစ္စများအတွက် "ဝ" လက်နက်ကိုင်တပ်ဖွဲ့များနှင့် SSA တပ်ဖွဲ့များအကြား တင်းမာမှုများဖြစ်ပွားနေသောကြောင့် တပ်သားသစ်စုဆောင်းမူများ ဖြစ်ပွာလာရကြောင်း အဆိုပါ အရာရှိက ဆက်လက်ရှင်းပြသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ သီပေါမြို့အခြေစိုက် စပ်လှမြင့်ဦးဆောင်သော ပြည်သူ့စစ် အမှတ် (၂)တပ်ဖွဲ့က စုဆောင်းနေခြင်း ဟု ဆိုသည်။

၂၀၁၀ ခုနှစ် ဧပြီလတွင် SSA(မြောက်ပိုင်း) ဗိုလ်ချုပ်လွယ်မောင်း၊ ဒုဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကိုင်ဖုတို့ဦးဆောင်သော စိန်ဂျော့ဌာနချုပ် အမှတ် (၁) ပြည်သူ့စစ်တပ်ဖွဲ့၊ လွယ်ဟိန်းမြို့နယ် တပ်မဟာ ၇ ဦးအောင်ထွန်း၏ အမှတ် (၃) ပြည်သူ့စစ်တပ်ဖွဲ့နှင့် သီပေါမြို့အခြေစိုက် စပ်လှမြင့်ဦးဆောင်သော ပြည်သူ့စစ်အမှတ် (၂) တပ်ဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့သည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

ဥပဒေအထက်တွင် အမိန့်အာဏာများရှိနေခြင်းကြောင့်သာ ငြိမ်းချမ်းရေးအခမ်းအနားကျင်းပသူများ တရားစွဲဆိုခံရခြင်းဖြစ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကျင်းပရာတွင် ၎င်းအပါအဝင် ၉ဦး တရားစွဲဆိုခံရခြင်းမှာ တရားဥပဒေအရ ပြဋ္ဌန်းထားသော အချက်များထက် ဒေသဆိုင်ရာအာဏာပိုင်များ၏ အမိန့်အာဏာများမှာ ပိုမိုအရေးကြီးနေခြင်းကြောင့်ဟု ယူဆကြောင်း တရားစွဲဆိုခံရသူတစ်ဦးဖြစ်သူ ဦးဝင်းချို၏ သုံးသပ်ပြောကြားချက်အရ သိရသည်။

ထိုသို့ စွဲချက်တင်ခံထားရခြင်းကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးရကြောင်း မည်သည့်မြို့နယ်တွင်မှ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဥပဒေအရ ထပ်မံလျောက်ထားခွင့် မရရှိတော့ခြင်းဖြစ်ကြောင်း၊ အာဏာပိုင်များမှ လျှောက်ထားချက်ကို တားမြစ်ပိတ်ပင်လိုက်ခြင်းမှာ အကြောင်း အရင်း သုံးရပ်ကြောင့်ဖြစ်ပြီး ထိုအချက်များမှာ အမှန်တ ကယ်ဖြစ်ပွားခဲ့ခြင်းမရှိသောကြောင့် စိုးရိမ်စိတ်သက်သက်ဖြင့် တားမြစ်ခြင်းဟု ယူဆကြောင်း ပြောကြားသည်။

"ဥပဒေရဲ့အထက်မှာ အမိန့်တွေအာဏာတွေ ရှိနေတယ် စီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ဥပဒေဘောင်ထဲက လုပ်ကိုင်ချင်သူတွေကို တားမြစ်ပိတ်ပင်တယ်၊ နိုင်ငံကပြဋ္ဌန်းထားတဲ့ဥပဒေတွေကို လိုက်နာနိုင်ပေမယ့် အမိန့်အာဏာတွေနဲ့ တားမြစ်တာကိုတော့ လက်မခံနိုင်ဘူး"ဟု ၎င်းက ဆို သည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဋ္ဌုက နိုင်ငံသားတာဝန်အရ နိုင်ငံတော်ကပြဋ္ဌန်းထားသော ဥပဒေအတိုင်း လျှောက်လွာတင်သွင်း ရန် လိုအပ်သဖြင့် လျှောက်လွာတင်သွင်းခဲ့ကြောင်း၊ ငါးရက်ကြိုတင်ရန် လိုသည်ဆိုသည့် အချက်ကြောင့်လည်း ၎င်းတို့မှ ငါးရက်ကြိုတင်ခဲ့ကြောင်း၊ စီတန်း လှည့်လည်ခွင့်နည်းဥပဒေအရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌန်ထားချက်များနှင့် မဆန့်ကျင် လျှင် လျှောက်လွာများကို ငြင်းပယ်ပိုင်ခွင့်မရှိဟုဆိုသော်လည်း မရေရာသောအကြောင်းပြချက်များနှင့် တရားဥပဒေအရတင်သွင်းထားသော လျှောက်လွှာ များကို ငြင်းပယ်လိုက်ခြင်းဖြင့် မိမိတို့မှာ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံတကာလူ့အခွင့်အရေးကို ချိုးဖောက်ခံလိုက်ရခြင်းဖြစ်ကြောင်း ပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)မှာပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို စာအုပ်ထဲမှာသာဖတ်ရပြီး လက်တွေ့ဘဝမှာ အံဝင်ဂွင်ကျ တခါမှ မရခဲ့ဘူးတော့ ဥပဒေကပေးထားတဲ့အတိုင်း လိုချင်ပါတယ်"ဟု ၎င်း၏ခံစားချက်ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စီတန်းလှည့်လည်ခွင့်လျောက်ထားခြင်း အကြိမ် (၂၀)ရှိပြီး (၈)ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ခွင့်ပြုမိန့်မရပဲ စီတန်းလှည့်လည်ခြင်းမှာ တရားဥပဒေကို ချိုးဖောက်ခြင်းဟုယူဆကြောင်း ၂၁ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ သော သတင်းစာရှင်းလင်းပွဲ၌ ရဲမှူးမြင့်ထွေးက သတင်းမီဒီယာများကို ပြောသည်။

လင်းသစ်

-----------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍ ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်

စက်တင်ဘာလ ၂၈။

စက်တင်ဘာလ ၂၁ရက်နေ့တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့သော အဖွဲ့အစည်းများ တရားစွဲဆိုခံရမှုအပေါ်တွင် ငြိမ်းချမ်းရေး နေ့ ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍ ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

အဆိုပါနေ့တွင် ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းပေါင်း (၂၀)ကျော်၏ တူညီသောဆုံးဖြတ်ချက်ဖြစ်ပြီး ငြိမ်းချမ်းရေးနေ့ စီတန်းလမ်းလျှောက် ခြင်းကို မှားယွင်းသည်ဟုခံယူပါက ပူးပေါင်းပါဝင်လာသော ပြည်သူလူထုအား စော်ကားရာရောက်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း မှားယွင်းသည်ဟု မယူဆကြောင်း ထပ်မံပြောကြားသည်။

“ကျနော်တို့လုပ်ရပ်က မှားတယ်လို့လည်း မခံယူဘူး၊ ဒီလိုမခံယူတဲ့အတွက် ထွက်ပြေးစရာလဲအကြောင်းမရှိဘူး၊ ဒါကြောင့် အာမခံပေးမယ့်သူ ခေါ်လာစရာမလိုဘူး၊ ဥပဒေမှာပါတဲ့အတိုင်း ကိုယ်ပိုင်ခံဝန်နဲ့ဘဲ အမှုကိုရင်ဆိုင်မယ်’’ဟု ကိုဘိုဘိုက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့သည် စက်တင်ဘာလ ၂၈ရက်နေ့တွင် ဒဂုံ မြို့နယ် တရားရုံး၌ ငြိမ်းချမ်းစွာစီတန်းခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် တရားရင်ဆိုင်လျက်ရှိပြီး တရားသူကြီး၏ ဆုံးဖြတ်ချက်အရ ကိုယ် ပိုင်ခံဝန်ဖြင့် အာမခံခွင့် ရရှိကြောင်း သိရသည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ ဥပဒေကို လေးစားလိုက်နာရမယ်၊ ကျနော်တို့ကလည်း မမှားဘူးလို့ ခံယူတယ်၊ ဒါကြောင့် ခုဆို တရားရုံးမှာ ခံဝန် အတွက် စာချုပ်ချုပ်နေတယ်။ မှန်ကန်တဲ့ဥပဒေဘောင်အတွင်းက ရင်ဆိုင်သွားမယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ “ဥပဒေဆိုတာ ပြည်သူလူထုအကျိုးအတွက်ဘဲ ဖြစ်သင့်တယ်၊ ဥပဒေရဲ့အားနည်းချက်တွေကြောင့် ပြည်သူလူထုမှာ ဒုက္ခရောက်နေတယ်၊ ဒါကြောင့် လူကြီးတွေရဲ့ပျော့ပျောင်းမှုကို ငြင်းဆိုတာမဟုတ်ဘူး၊ အမှားမလုပ်ထားတဲ့အတွက် ကိုယ်ပိုင်ခံဝန်လျှောက်တာပါ၊ ဒီလိုမှ မလိုလားအပ်တဲ့ဥပဒေရဲ့ အားနည်းချက်တွေကို ပြည်သူတွေကို ဖော်ပြနိုင်မယ်’’ဟု ကိုဘိုဘိုက ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့်ဥပဒေများနှင့် ညှိစွန်းခြင်းမရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ မူလအခွင့်အရေးများဖြင့် ငြိမ်း ချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်သူများပါဝင်နိုင်ရန် ငြိမ်းချမ်းရေးလိုလားသူများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေကို တရားစွဲဆိုတာမကောင်းပါဘူး၊ တကယ်လို့ တရားစွဲဆိုခံရတဲ့အပေါ်မှာ ကျနော်တို့တွေ ဟာ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့အခွင့်အရေးကို ချိုးဖောက်ခံနေရတာဖြစ်တယ်’’ဟု လူ့အခွင့်အရေးလှုပ်ရှားမှုများ ပြုလုပ်နေ သူ ကိုဝေဠုက ပြောသည်။

ပြည်ထောင်စုနေ့ကျင်းပတယ်ဆိုတာ ပြည်ထောင်စုရဲ့တန်ဖိုးကို လူတွေတန်ဖိုးထားအောင် ကျင်းပခဲ့ကြတာ ငြိမ်းချမ်းရေးနေ့ကိုလည်း ငြိမ်းချမ်း ရေးရဲ့ အနှစ်သာရကို ပြည်သူတွေသိအောင် နားလည်အောင် တန်ဖိုးထားအောင် လုပ်တဲ့သဘောပါ၊ အများပြည်သူ လိုလားသလား မလိုလားသလား ဆိုရင် လူမျိုးဘာသာမရွေး ပါဝင်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်”ဟု Generation Wave မှ ကိုမိုဃ်းသွေးက ပြောသည်။

"သူတို့က ဓာတ်ပုံတွေကို scan ဖက်ပြီးကြည့်နေကြတယ်၊ အဲဒီအထဲကလူတွေကိုလည်း အရေးယူဖို့စီစဉ်နေတယ်၊ လျှောက်ထားတဲ့ လူ နာမည် စာရင်းအပြင် အပြင်ကနာမည်ရှိဘူးပြီးသားတွေလည်း ပူးပေါင်းပါဝင်တဲ့အတွက် အရေးယူဖို့လုပ်နေတာ ဖြစ်လိမ့်မည်’’ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူက ပြော သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့သောအဖွဲ့အစည်းများ၊ ဂျာနယ်မျက်နှာဖုံး များ၊ ဓာတ်ပုံများတွင်ပါဝင်သော ရုပ်ပုံပါလူပုဂ္ဂိုလ်များကိုလည်း စစ်ဆေးအရေးယူရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စီစဉ်လျက်ရှိကြောင်း ၎င်း၏ ပြော ပြချက်အရ သိရသည်။

မင်းခဏ့်

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“အန်တီတင် တစ်ယောက်ထဲသဘောထားကတော့ ဒါမျိုးတွေဖြစ်တာ မလိုလားဘူး။ တစ်ဖက်နဲ့တစ်ဖက် ညီညွတ်ညှိနှိုင်း ဆောင်ရွက်နိုင်ရမယ်။ တင်းလွန်း ရင် ပြတ်တယ်။ လျော့လွန်းလျှင်လည်း ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဖြစ်မလာနိုင်ဘူး။ လွှတ်တော်နဲ့ အစိုးရ ညီညီညွတ်ညွတ်နဲ့ သွားတာပဲ ကောင်းမယ်။ ဒီလိုဖြစ်စဉ်မျိုး ကွဲပြားရတာ စိတ်မကောင်းဘူး။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဘက်ကရော ဥပဒေအတိုင်း တိတိကျကျလိုက်နာရင် ဒါမျိုးတွေ ရှိမလာနိုင်ဘူး။”

စက်တင်ဘာ ၂၇ ရက်နေ့ထုတ် 7 day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၉) တွင်ပါရှိသည့် “ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးအစိုးရအား စွပ်စွဲပြစ်တင်မည်”သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများနဲ့ သူတို့တွေ့ဆုံနေတာ ရှိပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့မှ ထာဝရငြိမ်းချမ်းရေး ရယူနိုင်ပြီဆိုတာ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ သူတို့လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အားပေးချင်ပါ တယ်။ သေချာတာကတော့ ဒေသခံပြည်သူတွေနဲ့ တိုင်းရင်း သားတွေရဲ့ အသံတွေ၊ အရုပ်တွေကို ရဲရဲကြည့်၊ ရဲရဲနားထောင်ဖို့ လိုလာပါသည်”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၇၈) တွင်ပါရှိသော “စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ထိပ်သီးခေါင်းဆောင် များ ဆွေးနွေးရုံနှင့် မလုံလောက်”သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်ကို ရုတ်သိမ်းပြီဟု ကလင်တန်ပြော

(AFP သတင်းမှ 27 September 2012 ရက်စွဲပါ “ US lifting import ban on Myanmar goods, says Clinton”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ကုလညီလာခံတွင် ချပြမည်ဟုမျှော်လင့်

(27 September 2012 ရက်စွဲပါ Bloomberg မှ Flavia နှင့် Krause-Jackson Daniel Ten Kate Myanmar's Ex-general Thein Sein set to showcase reforms ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်ကို ရုတ်သိမ်းပြီဟု ကလင်တန်ပြော

(AFP သတင်းမှ 27 September 2012 ရက်စွဲပါ “ US lifting import ban on Myanmar goods, says Clinton”သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် sanctions များနောက်ထပ် ရုတ်သိမ်းပေးသည့်အနေဖြင့် မြန်မာထွက်ကုန်များတင်သွင်းမှု တားမြစ်ချက်ကို စတင်ဖြေလျှော့ပေးတော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်းကို ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

တစ်ချိန်က တပ်မတော်အစိုးရအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် မြန်မြန်ဆန်ဆန်ပြောင်းလဲနေခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ပုံမှန် စီးပွားရေးဆက်ဆံမှုပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုက နောက်တစ်ဆင့် လုပ်ဆောင်နေပြီဟု ကလင်တန်က မြန်မာသမ္မတကို ပြောကြားသည်။

“အမေရိကန်ပြည်ထောင်စုထဲကို မြန်မာထွက်ကုန်တင်သွင်းမှု တားမြစ်ထားတာကို ဖြေလျှော့တဲ့လုပ်ငန်းစဉ် စတင်တော့မှာပါ။ မြန်မာပြည်သူတွေ အတွက် အမေရိကန်ဈေးကွက်ထဲကို ကုန်ပစ္စည်းတင်ပို့ဖို့ အခွင့်အလမ်းတွေ ပိုမိုဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်နေပါတယ်”ပာု ၎င်းကပြောသည်။

“ရှင်တို့နဲ့ အတူတကွလုပ်ဆောင်နေစဉ် တစ်ချိန်ထဲမှာပဲ အမေရိကန် ကွန်ဂရက်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ နောက်အဆင့်တွေ ဆောင်ရွက်ကြဖို့ တိုင်ပင်ညှိနှိုင်းသွားမှာဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် နောက်ပြန်မလှည့်တော့ပဲ ရှေ့ဆက်သွားလိမ့်မယ်လို့ မျှော်လင့်နေသူတွေကို ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်”ဟု ကလင်တန်က ဦးသိန်းစိန်ကို ပြောကြားခဲ့သည်။

အမေရိကန်တစ်ခွင် ခြိမ့်ခြိမ့်သဲသဲကြိုဆိုခြင်းခံနေရသူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခရီးစဉ်ခြင်းတိုက်ဆိုင်နေသော သမ္မတဦးသိန်းစိန်သည် ကြာသပေးနေ့ ကုလအထွေထွေညီလာခံသို့မတက်ရောက်မှီ ဗုဒ္ဓဟူးနေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်ပြည်ထောင်စုက စီးပွားရေး Sanctions တွေဖြေလျှော့ပေးတာကို မြန်မာပြည်သူတွေက အရမ်းကျေးဇူးတင်ကြမှာပါ။ ဝါရှင်တန်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကျွန်တော်တို့ အတိုင်းမသိဝမ်းမြောက် ကျေနပ်မိပါတယ်”ဟု ဦးသိန်းစိန်က ကလင်တန်အား ကျေးဇူးတင်စကားဆိုသည်။

မနှစ်က အာဏာရလာပြီးနောက် မြန်မြန်ဆန်ဆန် ပြောင်းလဲရေးကာလကို ဦးဆောင်နေသူ သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်အကြီးအကဲအဖြစ် အမေရိကန်သို့ ပထမဆုံးရောက်ရှိလာသော ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ အနာဂါတ်အစီအစဉ်များကို ကုလသမဂ္ဂသို့ချပြလိမ့်မည်ဟု မျှော်လင့်ရသည်။

ဟီလာရီကလင်တန်ကဆက်လက်၍ “မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖြေးဖြေးမှန်မှန် ဆက်တိုက်အကောင်အထည်ဖော် နေတာကို ကျွန်မတို့တွေ့ခဲ့ရပါပြီ။ မြန်မာအစိုးရရဲ့ အားထုတ်မှုတွေကိုအသိအမှတ်ပြုပြီး ဆက်လက်ပြောင်းလဲရေးကို အားပေးနိုင်လိမ့်မယ့် သီးခြား အစီအစဉ်တွေနဲ့ အခုလိုတုန့်ပြန်ရတာကို ကျွန်မတို့လည်းကျေနပ်မိပါတယ်” ဟု ပြောကြားသည်။

“ဒီခရီးစဉ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ကဏ္ဍသစ်ဖွင့်လိုက်တာပါ။ အစိုးရက ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ အပါအဝင် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ကို သမ္မတကြီးကရှင်းလင်း ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု သမ္မတရုံးတာဝန်ရှိသူ ဦးဇော်ဌေးက AFPသို့ ပြောကြားသည်။

လွန်ခဲ့သော နှစ် ၂၀ ကျော် ဒီမိုကရေစီတိုက်ပွဲစခဲ့ချိန်နောက်ပိုင်း ပထမဆုံးအမေရိကန်ခရီးစဉ်တွင် ဂုဏ်ပြုကြိုဆိုခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ကို နောက်ဆုံးအသုတ် လွှတ်ပေးခဲ့သူ ဦးသိန်းစိန်တို့သည် ယင်းတို့နှစ်ဦး၏ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်ခရီးစဉ်တွင် အများပြည်သူအာရုံစိုက်ခံရမှုကို ခွဲဝေယူကြပါလိမ့်မည်။

သို့ရာတွင် ရာစုနှစ်ဝက်စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံ၏အသက်မရှူတမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲမှုများကြောင့် သမ္မတဦးသိန်းစိန်အား ခရက်ဒစ်ပေးရန်ထိုက်တန်ကြောင်း အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားနေကြသော်လည်း၊ အိုဘားမားနှင့်တွေ့ဆုံရန် တရားဝင် စီစဉ် ပေးထားခြင်းမရှိပါ။

အမေရိကန်ပြည်ထောင်စုသည် မြန်မာသမ္မတနှင့် အောက်လွှတ်တော်ဥက္ကဌတို့ နှစ်ဦးအပေါ် ယခင်အပတ်က sanctionsများ ရုတ်သိမ်းပေးခဲ့ပြီး၊ အမေရိကန်ဘဏ္ဍာရေးဌာန၏ တစ်ဦးခြင်းပစ်မှတ်ထား ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်ပေးလိုက်သည်။

ယခင်တပ်မတော်အစိုးရပေါ် အမေရိကန်ပြည်ထောင်စုက ဖိအားတိုးမြှင့်ခဲ့ခြင်းကြောင့် ထိုစဉ်ကဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဦးသိန်းစိန်နှင့် ပူးတွဲ စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီးရွှေမန်းတို့နှစ်ဦးစလုံး ၂၀၀၇ ခုနှစ်က ထိုစာရင်းတွင်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က မမျှော်လင့်ခဲ့ဘူးသော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင်မူ အစီအစဉ်ပေါင်း ၁၀၀ နီးပါး ရေးဆွဲထားပြီး၊ ပြီးခဲ့သော အပတ်က ကွန်ဂရက်ရွှေတံဆိပ်ဆုကိုလက်ခံရယူကာ သမ္မတအိုဘားမားနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

                                                                *********************************************

ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ကုလညီလာခံတွင် ချပြမည်ဟုမျှော်လင့်

(27 September 2012 ရက်စွဲပါ Bloomberg မှ Flavia နှင့် Krause-Jackson Daniel Ten Kate Myanmar's Ex-general Thein Sein set to showcase reforms ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သောသုံးနှစ်က အာဏာရှင်စစ်အစိုးရ၏ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကုလသမဂ္ဂသို့ လာရောက်ခဲ့ဖူးသည်။ ယနေ့အချိန်တွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းသည် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် မြန်မာနိုင်ငံကို ခေတ်သစ်ဆီသို့ ပို့ဆောင်နေပြီဖြစ်သည်။

ဦးသိန်းစိန်သည် ယနေ့နံနက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ၎င်း၏နိုင်ငံ အနေဖြင့် ဆယ်စုနှစ်ငါးခုခန့် စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီသို့ ပြောင်းလဲသွားမှု၌ တိုးတက်မှုများဖြင့်ဆွဲဆောင်မှုရှိအောင် ပြောကြားမည်ဟုမျှော်လင့် ရသည်။ ၎င်းသည် ၁၉၃ နိုင်ငံပါဝင်သော ကမ္ဘာ့အဖွဲ့အစည်းကြီး၌ မိန့်ခွန်းပြောကြားသော ပထမဆုံးမြန်မာနိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သို့ ၁၇ ရက်ကြာ ခရီးစဉ်ရောက်ရှိလျက်ရှိရာ၊ သူ့အပေါ်သာ မီးမောင်းထိုးအာရုံပြုလျက်ရှိရာ မြန်မာနိုင်ငံကိုလူဆိုးနိုင်ငံအဖြစ်မှ ဒီမိုကရေစီလိုလားသောတိုင်းပြည်အဖြစ် အသွင်ပြောင်းရာတွင်လမ်းညွှန်ပေးနေသူ ဦးသိန်းစိန်အပေါ် အများအာရုံပြုမှု ကျနည်းခဲ့ရသည်။

“အခုအစိုးရဟာ မြန်မာနိုင်ငံကို အပယ်ခံနိုင်ငံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့ဘဝကနေ လွတ်မြောက်အောင်လုပ်ပေးလိုတဲ့ အစိုးရ ဖြစ်ပါတယ်။ ဦးသိန်းစိန်ကတော့ စစ်အစိုးရဟောင်းရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဒီကိုလာဖူးပါတယ်။ အခုတော့ သူက အပြောင်းအလဲရဲ့ ဗိသုကာပေါ့”ဟု ကုလသမဂ္ဂ၏တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်၏မြေးဖြစ်သူ ဦးသန့်မြင့်ဦးက ပြောသည်။

ဦးသိန်းစိန်သည် ဝန်ကြီးချုပ်ဘဝက ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် အပြောင်းအလဲများဖြစ်လာမည်ဟု အရိပ်အမြွတ် ပြောကြားခဲ့သည်။ ၎င်းက ကမ္ဘာ့ပရိတ်သတ်ကြီးကို နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုကို လုပ်ဆောင်နေကြောင်း ကြေညာခဲ့သည်။

“အစိုးရဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်အောင် စနစ်တကျခြေလှမ်း လှမ်းနေပါတယ်”ဟု ဦးသိန်းစိန်က အထွေထွေ ညီလာခံတွင်ပြောခဲ့သည်။ ထို့အပြင် ၎င်းကဒီမိုကရေစီကို ဇွတ်အတင်းသွပ်သွင်း၍ မရနိုင်ကြောင်းနှင့် ၎င်း၏တိုင်းပြည်အပေါ် ချမှတ်ထားသော အရေးယူမှုများသည် တရားမျှတမှုမရှိဘဲ၊ နိုင်ငံရေးအရ လက်နက်သဖွယ်အသုံးပြုနေကြောင်း ဝေဖန်ခဲ့သည်။

ဦးသိန်းစိန်က ဖြစ်လာတော့မည့် အပြောင်းအလဲများအတွက် အနည်းငယ်သာအသိပေး ပြောကြားခဲ့သော်လည်း၊ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ်အုပ်ချုပ်လာသော ဗိုလ်ချုပ်ကြီးများက စာမျက်နှာသစ်ဖွင့်လှစ်ရန်အသင့်ဖြစ်နေပြီဟု မည်သူမျှထင်မထားကြပေ။ ယနေ့အချိန်တွင် ခြားနားသောအသွင်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။ ဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍လွှတ်ပေးခဲ့သည်။ သူပုန်အုပ်စုများ(rebel groups ဟုဆောင်းပါးတွင် သုံးနှုန်းထားသည်။ ။အယ်ဒီတာ)နှင့် ငြိမ်းချမ်းရေးစကားပြောခဲ့သည်။ မြန်မာငွေ“ကျပ်”ကို နှုန်းရှင် သတ်မှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ ဆယ်ကြိမ်လာရောက်ပြီး ဦးသိန်းစိန်နှင့်ခုနှစ်ကြိမ်တွေ့ဆုံခဲ့သူ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကပြောကြားရာတွင် ဥိးသိန်းစိန်သည် ပင်ကိုယ်ဝါကြွားတက်သူတစ်ဦး မဟုတ်ကြောင်း၊ စကားလုံးကြီးများဖြင့် ကြေညာချက်ထုတ်ကာ အများ အထင်ကြီးအောင် လုပ်လေ့ရှိသူမဟုတ်ကြောင်း ပြောခဲ့သည်။

“သူဟာဆုံးဖြတ်ချက်ကို ဆိတ်ဆိတ်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာအေးဆေးပြီး စကားကိုညင်ညင်သာသာ ပြောတတ်သူပါ။ သူ့ကို မေးခွန်းတွေမေးလို့ မျက်နှာအမူအရာ မပြောင်းပါဘူး”ပာု Nambiar ကတယ်လီဖုန်းအင်တာဗျူးတွင် ပြောသည်။ အားလုံးက၎င်းအပေါ် စုပြုံအာရုံကျနေမှု အပေါ်တွင်လည်း၊ အနည်းငယ် စိတ်မသက်မသာ ခံစားနေရသူဖြစ်သည်။ ၎င်းသည် ဝါကြွားခြင်းမရှိသောအသိုင်းအဝိုင်းမှ ဆင်းသက်လာပြီး မိမိကိုယ်မိမိ တည်ဆောက်လာခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်သည် အနောက်နိုင်ငံများကအရေးယူမှုများ ဖြေလျော့ပေးလာအောင်နှင့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စဉ်းစားလာအောင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် လမ်းညွန်ပြသခဲ့ပြီးနောက် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ၎င်းဖိအားများတွင်  စီးပွားရေးမူဝါဒအသစ်များကို ရှင်းပြရန်လိုအပ်လာခြင်း၊ ရိုဟင်ဂျာမွတ်ဆလင်များ၏ဆိုးရွားသော အခြေအနေများအပါအဝင် ခက်ခဲလှသောပြဿနာများ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် ဖိအားများပင်ဖြစ်သည်။

“သူရှင်းပြလိုတဲ့ကိစ္စတွေကတော့ ပြောင်းလဲမှုဖြစ်သွားတဲ့ကိစ္စတွေ၊ ရှေ့မှာကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေ၊ ရှေ့လျှောက်မယ့် လမ်းကြောင်းက အစိုးရရဲ့ကတိကဝတ်တွေကို ပြောပြလိုပါတယ်”ဟု ဦးသန့်မြင့်ဦးက တယ်လီဖုန်းဖြင့်အင်တာဗျူးတွင် ရန်ကုန်မှ ဖြေကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၅ ရွေးကောက်ပွဲကိုမျှော်ကြည့်လျက် ကမ္ဘာ့ငွေကြေးစနစ်နှင့်ရာစုနှစ်တစ်ဝက်ခန့် ကင်းကွာနေသော မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများကို အာရုံပြုလျက်ရှိသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်တွင် ၄၀% မြင့်တက်လာပြီး၊ စံချိန်တင်ဒေါ်လာ (၃.၉၉) ဘီလီယံသို့ ရောက်ရှိကြောင်း ဖော်ပြထားသည်။ သဘာဝဓါတ်ငွေ့သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး၊ နောက်ထပ် အသစ်ထပ်မံမတွေ့ရှိပါက ဓါတ်ငွေ့အရန်တည်ရှိမှုသည် တစ်နှစ်လျှင် ၁၅% ပျမ်းမျှ လျော့ကျသွားမည်ဖြစ်သည်။

ဦးသိန်းစိန်သည် ယခုလောလောဆယ် အဓိကမောင်းနှင်သူနေရာတွင် ရောက်ရှိနေသော်လည်း၊ ၎င်း၏ နိုင်ငံရေးအနာဂါတ်မှာ မသေချာသေးပေ။ အသက်(၆၇)နှစ်ရှိပြီဖြစ်သောခေါင်းဆောင်သည် ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးပြီး(၂၀၁၅)ရွေးကောက်ပွဲတွင် အနားယူကောင်းယူမည်ဟု ၎င်း၏ ထိပ်တန်းနိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က မေလကထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းသည်ပြီးခဲ့သည့်လက ကက်ဘိနက်ကို ပြောင်းလဲမှုပြုလုပ်ပြီး ၎င်း၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို တိုးတက်အောင်ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်သည် ၂၀၁၁ မတ်လ သမ္မတဖြစ်လာပြီးနောက် ငါးလအကြာတွင်နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် အတူတွဲ၍အလုပ်လုပ်ကိုင်မှုအတွက် ဆက်ဆံရေးအစဖြစ်ပြီး သူ၏ပါတီအတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် သတ်မှတ် နိုင်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏အတ္တများကိုဘေးဖယ်၍ တိုင်းပြည်ကောင်းမွန်ရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။

“ပုဂ္ဂိုလ်ရေးကိုအခြေခံပြီး မစဉ်းစားသင့်ဘူးလို့ထင်ပါတယ်။ တူညီတဲ့ရည်မှန်းချက်ကို အခြေခံစဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အတူတကွလုပ်လုပ်ကိုင်ဖို့လိုပြီး၊ ကျွန်မတို့တိုင်းပြည်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကမ္ဘာကြီးအနေနဲ့လည်း ဒီအတိုင်း ကျင့်သုံးသင့်ပါတယ်”ဟု စက်တင်ဘာလ(၂၁)ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဝါရှင်တန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်ကို ဦးစားပေးခဲ့သည်။

“ကျွန်မတို့ သတိရနေရမယ့်အချက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို သမ္မတဦးသိန်းစိန် စတင်လုပ်ဆောင်ခဲ့တယ်ဆိုတာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ(၁၉)ရက်နေ့ကပြောကြားသော မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ “ဦးသိန်းစိန်ဟာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို စိတ်အားထက်သန်နေတယ်ဆိုတာ ကျွန်မယုံတယ်။ ဒါပေမယ့် ကျွန်မတို့ စောင့်ကြည့်ရမယ့်အချက်ကတော့ ဒီပြုပြင် ပြောင်းလဲရေးတွေကို အုပ်ချုပ်ရေးယန္တုရားက ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာပါပဲ”ဟု သူကပြောသည်။

အနောက်ကမ္ဘာကလည်း ဦးသိန်းစိန်အပေါ် စိတ်ဝင်တစားနှင့် အသက်ပါလှစွာဆက်ဆံခဲ့သည်။ ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများကို ချီးကျူးပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံသို့နှစ်ပေါင်း ၅၀ အတွင်း သွားရောက်ခဲ့သော ပထမဆုံးအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။ သူသည် ဦးသိန်းစိန်နှင့် နယူးယောက်တွင် ယမန်နေ့ကတွေ့ဆုံခဲ့သည်။ ဇူလိုင်လက သမ္မတအိုဘားမားသည် ဦးသိန်းစိန်ကို အမည်မည်း စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

“ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်တွဲလုပ်ကိုင်လာမှုကို အသိအမှတ်ပြုရာမှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပိုင်းဟာ အကူအညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကစက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သော ကွန်ဂရက်ကြားနာမှုတွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည်  ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြန်လည်ပြုလုပ်ရန် ကြေညာခဲ့ရာတွင် မြန်မာနိုင်ငံမှ ကုန်ထုတ်ပစ္စည်းများတင်သွင်းခြင်းကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးရန်စတင်လုပ်ဆောင်နေပြီဟု ပြောကြားခဲ့သည်။

                           ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive