Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြိုင်လည်းပြိုင် ပေါင်းလည်းပေါင်း

*****************************************

ဆောင်းပါးကဏ္ဍ

ပြိုင်လည်းပြိုင် ပေါင်းလည်းပေါင်း

ဘုန်းထက်ဝင်း

သန်းပေါင်း ၆၀ နေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံပြုလုပ်ငန်းစဉ်များ ဆောင်ရွက်လေ အမျိုးသားအင်အားစုများကြား ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်လေဖြစ်သည်။  ပြုပြင်ပြောင်းလဲမှုလုပ်တိုင်း သူနိုင်- ကိုယ်နိုင် အခြေအနေမျိုး ဖန်တီးဖို့ အမှန်တကယ်ပင် ခက်ခဲသည့်အတွက်ကြောင့် ရှုံးနိုင်ခြေရှိသူဘက်က အမြဲတမ်းလိုလိုပင် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင် တတ်သည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ အကျိုးစီးပွားပဋိပက္ခများကြားတွင် နိုင်ငံ၏ ကံကြမ္မာ နစ်မွန်းမသွားစေဖို့ ယခု လက်ရှိနိုင်ငံခေါင်းဆောင်များမှ အထူးပင်သတိထားရမည့် အရေးပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှုန်းသည် မြန်သည်နှင့်အမျှ ထိရောက်တည်ငြိမ်ခြင်းကြောင့် နိုင်ငံတကာကပင် အလေးထားခဲ့ရ သည်။ ထိုအတွက်ကြောင့်ပင်လျှင် သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်းကို case study အဖြစ် နိုင်ငံရေးသိပ္ပံကျောင်းသုံး ဖတ်စာအုပ်များတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံး မော်ဒယ်အဖြစ် တစ်ခုတ် တစ်ရ လေ့လာသင်ယူရသည်အထိ ဖြစ်ထွန်းလာတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိပကတိ အနေအထားကို သုံးသပ်ကြည့်ပါက အသွင်ကူး ပြောင်းမှုကြောင့် အားရစရာ ပီတိများဖြစ်ရသော်လည်း ယိုင်နဲ့နေသည့် အိမ်ကို ပြန်လည်ခိုင်ခံ့အောင် တည်ဆောက်နေရသလို ဂရုတစိုက်နှင့် ပြင်ဆင်စရာ ပြုပြင်စရာ များစွာကျန်ရှိနေပါသေးသည်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲမှု အရှိန်ရစပြုနေပြီဖြစ်သော စီးပွားရေးတွင် အစိုးရ၏ မဟာဗျူဟာများမှာ နိုင်ငံရေးအပေါ် သက်ရောက်မှု များစွာရှိနိုင်ပေသည်။

နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများမှာ တစ်ခုနှင့် တစ်ခု အများကြီးကွာဟသွားလို့ မရသည့်အပြင် အတူယှဉ်တွဲ ပြောင်းလဲနိုင်လျှင် ထိ ရောက်မှုရှိသည်ကို ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သော အာရှနိုင်ငံများ၊ အရှေ့ဥရောပနိုင်ငံများ၊ တောင်အမေရိကနိုင်ငံများ၏ ဥပမာကိုကြည့်လျှင် သိနိုင်ပေသည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ဒီမိုကရေစီကို ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည်ဟု တရားသေမှတ်ယူထား၍ မရနိုင်သော်လည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများတွင်တော့ စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားခဲ့သည် ချည်းဖြစ်ကြောင်းတွေ့ရသည်။ တနည်းဆိုရလျှင် စီးပွားရေး တိုးတက်မှုသည် ဒီမိုကရေစီရင့်ကျက်လာဖို့အတွက် တင်ကူးလိုအပ်ချက်ဖြစ်သည်ဟု ယတိပြတ်ကောက်ချက်ချ၍မရ။ သို့သော် ဒီမိုကရေစီ အပြောင်းအလဲများအ တိုင်း စီးပွားရေးကို လိုက်ပါပြောင်းလဲနိုင်မှသာလျှင် ဟန်ချက်ညီသည့် ရေရှည်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အဆိုပါ နိုင်ငံရေးဘောဂဗေဒ framework ဖြင့် ချိန်ထိုးသုံးသပ်ကြည့် ပါက နိုင်ငံရေးအပြောင်းအလဲများမှာ စီးပွားရေးအပြောင်းအလဲများထက် ပိုမိုမြန်ဆန်နေခဲ့သည်။ ယေဘူယျအားဖြင့် ပြောရလျှင်လည်း စီးပွားရေးအပြောင်းအလဲမှာ နိုင်ငံရေး အပြောင်းအလဲ ထက် ပို၍ ခက်ခက်ခဲခဲလုပ်ရသည့် သဘောရှိသည်။ အစိုးရသက်တမ်း တစ်နှစ်ပြည့်သည့်အခါတုန်းက ကြီးမားသည့် နိုင်ငံရေးအပြောင်းအလဲကို ဆောင် ရွက်နိုင်ခဲ့သော်လည်း စီးပွားရေးတွင် ငွေလဲနှုန်းတည်ငြိမ်အောင် မနည်းကြိုးစားနေခဲ့ရသည်။ သမ္မတကြီး အနေဖြင့် ယခုအချိန်ထိတိုင် အလုပ်အကိုင်ပြဿနာများ၊ အခွန်မူဝါဒ၊ လယ်ယာစိုက်ပျိုးရေး မူဝါဒများကို  ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးပါချေ။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တစ်ရပ်လုံး မြင့်မားလာဖို့အတွက် စေတနာကောင်းဖြင့် ရည်စူး၍ ချမှတ်ပေးခဲ့သည့် မြေယာပြုပြင်ပြောင်းလဲရေး မူဝါဒများမှာလည်း နိုင်ငံအနှံ့ လယ်မြေ သိမ်းမှုများသာ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေခဲ့သည်။

ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် စီးပွားရေးအကြံပေးတစ်ဦး အမှန်တကယ်ပင် လိုအပ်နေပြီဖြစ်သည်။ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုနှင့် ပတ်သက်လျှင်လည်း တစ်ချိန်တွင် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြုပ်နှံမှုကို ဒီနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု နည်းပါးမှုကို အကြောင်းပြု၍ သတိကြီးကြီး ထားသင့်သည်ဟုဆိုခဲ့သည်။ ယင်းသို့ ပြောဆိုပြီး မကြာခင်ပင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံသို့ လာ ရောက်သည့်အခါ တာဝန်ယူမှု အပြည့်ရှိသည့် ရင်းနှီးမြုပ်နှံမှုဖြစ်အောင် ကြိုးစားလုပ်ဆောင်သင့်သည်ဟု ပြောဆိုခဲ့ပြန်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ် များပြားနေခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိပါက ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲနိုင်ကြောင်း တစ်ကမ္ဘာလုံးသို့ ပြောကြားသွားခဲ့သော်လည်း ယခုအချိန်ထိတိုင် ၎င်းကို မည်သို့စနစ်တကျကိုင် တွယ်မည်ဆိုခြင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးချေ။

ပြည်သူများသည် ယခုနိုင်ငံရေးအပြောင်းလဲအပေါ် မျှော်လင့်နေသည်မှာ ၎င်းတို့ နေ့စဉ်ဖြတ်သန်းနေသည့် လူမှုစီးပွားဘဝ ယခုထက်ပိုမို အဆင်ပြေစေဖို့ ဖြစ်သည်။ သမ္မတဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ပြည်သူများ၏ မျှော်လင့်ချက်ကို မည်သို့စီမံခန့်ခွဲ၍ ဖြည့်ဆည်း ပေးနိုင်မှု အပေါ် မူတည်၍ လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။ စာရေးသူဆိုလိုသည်မှာ ခေါင်းဆောင် နှစ်ဦးမှာ ပြည်သူများ၏ မျှော်လင့်ချက်ကို အပြိုင်အဆိုင်ဖြည့်ဆည်းရုံဖြင့် ပြည်သူအကျိုး ထိထိရောက်ရောက် ထမ်းဆောင်နိုင်မည်မဟုတ်။ ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုအပ်သည်။ အကြောင်းရင်းမှာ လုပ်ခွင့်ရသည့် အခြေအနေများ မတူညီမှုကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည့် အတွက် အမေရိကန်မှ မြန်မာ နိုင်ငံ၏ ထုတ်ကုန်များကို တင်ပို့ခွင့်ပေးလိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့်ရော စီးပွားရေးနှင့် ပတ်သက်ပြီး မည်သည့်အရာ ဦးစားပေး ဆောင်ရွက်ကို စိတ်ဝင်တစားစောင့်ကြည့်ရတော့မည်ဖြစ်သည်။

 

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၅.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရန် အခေါင်းမီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူများ အရေးယူခံရ
  1. ဈေးနှုန်းနှစ်မျိုးသတ်မှတ်၍ အရန်ဆန်ဝယ်ယူမည်
  2. ပုဂ္ဂလိကသီးသန့်ဓာတ်အားထုတ်လုပ်မှုအတွက် လာရောက်လျှောက်ထားနိုင်ပြီ

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ တောင်ကိုရီးယားသို့ သွားရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရန် အခေါင်းမီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူများ အရေးယူခံရ

မုံရွာခရိုင်ရှိ လက်ပံတောင်းတောင် စီမံကိန်းလုပ်ကိုင်ရန် မြေသိမ်းခံခဲ့ရသည့် ကျေးရွာမှတောင်သူများက စက်တင်ဘာလ ၅ ရက် နေ့တွင် မြန်မာ-ဝမ်ပေါင်ရုံး အနောက်မြောက်ဘက်တွင် အခေါင်းသုံးလုံးအား မီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် သက်ဆိုင်ရာက ၎င်း ဆန္ဒထုတ်ဖော်ခဲ့သူများအား အရေးယူခဲ့ကြောင်း သိရသည်။

“လက်ပံတောင်းတောင် စီမံကိန်းလုပ်ဖို့အတွက်ဆိုပြိး မြေတွေ သိမ်းပါတယ်။ မြေသိမ်းခံခဲ့ရတဲ့ တောင်သူတွေက အောက်တိုဘာ ၅ ရက်နေ့မှာ အခေါင်းသုံးလုံးပြုလုပ်ပြီးတော့ မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ဒီထဲက ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့တယ်လို့ ယူရတဲ့ရွာသား ၁၆ ဦးကို ဆားလင်းကြီး ရဲစခန်းက အမှုဖွင့်ထားပါတယ်”ပာု မြေသိမ်းခံရွာသားတစ်ဦးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခဲ့သူ ရွာသားများအား တရားစွဲဆိုခဲ့သည့် အကြောင်းအရင်းများမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့အား ဒေသခံရွာသားများကို စိတ်ညိုညင်အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီကျက်သရေ နစ်နာစေရန် အကြံတို့ဖြင့် ပြုမူဆောင်ရွက်ခြင်းတို့ကြောင့် ၎င်းရွာသားများအား ဆားလင်းကြီးရဲစခန်းက (ပ)၂၃၃။၁၂ ပြစ်မှုပုဒ်မ ၁၄၃ ။ ၁၄၇။ ၅၀၀ တို့ ဖြင့်အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် NGO အဖွဲ့အစည်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြည်သူများမှ ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် အပြင်းအထန် ကန့်ကွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြဿနာအား လွှတ်တော်တွင်းသို့ တင်သွင်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင်နှင့် ချင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။

“ဒီမှာ လာနားထောင်တဲ့အခါကျတော့ သူတို့ရဲ့ ရင်ဖွင့်သံတွေ၊ ဆုံးဖြတ်ချက်ချတာတွေကိုကြားတယ်။ ဒါတွေက ပြည်သူ့အသံ ဖြစ်တဲ့အတွက် လွှတ်တော်ထဲကို တင်ပေးမယ်။ လုံးဝသယ်သွားမယ်။ ဒါ အန်တီတို့တာဝန်ပဲလေ။ အားလုံးကို လုပ်အား မဆုံးရှုံးစေချင်ဘူး။ စိတ်ဓာတ် မဆုံးရှုံးစေချင်ဘူး။ အကုန်လုံးကို တန်ဖိုးရှိရှိနဲံ့ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ရသင့်ရထိုက်တာတွေ ရစေချင်တယ်”ပာု ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်ကုမ္ပဏီဝမ်ပေါင်တို့က ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး ယင်း စီမံကိန်း ကိစ္စရပ်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------

ဈေးနှုန်းနှစ်မျိုးသတ်မှတ်၍ အရန်ဆန်ဝယ်ယူမည်

နိုင်ငံတော်မှ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်တွင်းဈေးနှုန်း တည်ငြိမ်ရေးများအတွက် အရန်ဆန်ဝယ်ယူရာတွင် ဈေးနှုန်းနှစ်မျိုး သတ်မှတ်၍ ဝယ်ယူတော့မည်ဖြစ်ကြောင်း အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လာမယ့် မိုးစပါးပေါ်ချိန်ကစပြီးတော့ နိုင်ငံတော်က ဈေးနှုန်းနှစ်မျိုးသတ်မှတ်ပြီး အရန်ဆန်ဝယ်ယူတော့မှာပါ။ ဧည့်မထစပါးကို ရိုးရိုးနဲ့ အထူးစပါး ဆိုပြီး နှစ်မျိုးခွဲခြားသတ်မှတ်ဝယ်ယူမှာပါ။ ရိုးရိုးကို ၃၃၀၀၀၀ ဈေး၊ အထူးဧည့်မထကို ၃၅၀၀၀၀ ဈေးဆိုပြီးသတ်မှတ်ဝယ်ယူမှာပါ”ပာု ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတော်မှအရန်ဆန်ဝယ်ယူရန် ယခုသတ်မှတ်ပေးထားသည့် ဈေးနှုန်းနှစ်မျိုးမှာ ကြမ်းခင်းဈေးနှုန်းဖြစ်၍ စပါးပေါ်ချိန်၌ ဈေးကောင်းရပါက ကာလပေါက်ဈေးအတိုင်းဝယ်ယူပေးမည်ဖြစ်ပြီး နိုင်ငံတော်မှ လက်ရှိအချိန်တွင် အရန်ဆန် တန်ချိန် သုံးသောင်းခွဲကျော်ကိုဝယ်ယူထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်က အရန်ဆန်တွေကို ဈေးနှုန်းနှစ်မျိုးသတ်မှတ်ပြီး ဝယ်ယူသွားမှာပါ။ ဒါပေမယ့် ဒီဈေးတွေက ကြမ်းခင်းဈေးတွေပါ။ စပါးပေါ်ချိန်မှာ ပြင်ပဈေးက ဒီ့ထက်ပိုတယ်ဆိုရင်လည်း ကာလပေါက်ဈေးကို ပေးပြီးဝယ်သွားမှာပါ။ အဓိကတော့ တောင်သူတွေ အဆင်ပြေစေဖို့ပဲ ရည်ရွယ်ပါတယ်”ပာု အရန်ဆန်ထားရှိရေး ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် စီမံရေးရာဝန်ကြီးက ၂၀၁၂-၂၀၁၃ မိုးစပါးပေါ်ထွက်လာချိန်တွင် စပါးဈေးနှုန်းများကျဆင်ြးီ့း တောင်သူ လယ်သမားများအရှုံးပေါ်နေပါက ယင်းစပါးများကို တွက်ခြေကိုက်သည့် ဈေနှုန်းတစ်ခုသတ်မှတ်ကာ နိုင်ငံတော်က ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                YC          

--------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကသီးသန့်ဓာတ်အားထုတ်လုပ်မှုအတွက် လာရောက်လျှောက်ထားနိုင်ပြီ

မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိက သီးသန့်ဓာတ်အားထုတ်လုပ်မှုများ လုပ်ကိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

                အသေးစားနှင့် အလတ်စား ပုဂ္ဂလိကသီးသန့်ဓာတ်အား ဖြန့်ဖြူးလိုသူများသည် အသုံးပြုမည့်ဓာတ်အားအမျိုးအစား၊ သုံးစွဲမည့်ပစ္စည်းများနှင့် ဖြန့်ဖြူးပေးမည့် စနစ်များ၊ ထုတ်လုပ်နိုင်မည့် ဗို့အားအပြင် အမှန်တကယ်သုံးစွဲရန်လိုအပ်သည့် ဗို့အားပမာဏနှင့် ရရှိမည့်ပမာဏညီမျှမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကင်းဝေးစေရန် အရန်ထားရှိမည့် အခြေအနေများနှင့် ပြန်လည်ကောက်ခံမည့် မီတာခနှုန်းထားများကို တွက်ချက်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ သတ်မှတ်ချက်များအား လိုက်နာနိုင်ပါက လုပ်ကိုင်ခွင့်များချထားပေးသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

“လျှပ်စစ်ကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပါဝင်လာနိုင်စေဖို့အတွက် ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ လုပ်ကိုင်ခွင့်ပေးသွားမှာပါ။ ပြီးတော့ ဝန်ကြီးကလည်း လာမယ့်နွေရာသီမှာ မီးမပြတ်ဘူးလို့ အာမခံထားတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်က လက်ရှိအချိန်မှာ လျှပ်စစ်မီးက အဓိကဖြစ်နေပါတယ်”ပာု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နွေရာသီကာလများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိသည့် ဗို့အား ၄၀၀ ထွက်ရှိ သည့် မီးစက် ၁၄ လုံး ကူညီသွားမည်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ဘုရင့်နောင်၊ လှော်ကား၊ အင်းစိန်ရွာမ၊ သာကေတ၊ အလုံ၊ သန်လျင်မြို့နယ်များတွင် ဓာတ်အားခွဲရုံ ၁၆၁ ရုံ ဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းတည်ဆောက်မှုများမှာ ၆၆ ကေဗွီဓာတ်အားခွဲရုံနှစ်ရုံ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံခုနှစ်ရုံနှင့် ၁၁ ကေဗွီဓာတ်အားခွဲရုံ ၁၅၂ ရုံတို့ဖြစ်ကြောင်း သိရသည်။

              YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ တောင်ကိုရီးယားသို့ သွားရောက်မည်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပခဲ့သည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်ပြီးနောက် အောက်တိုဘာလ ၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် ဦးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“နိုင်ငံတော်သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်ပြီးတဲ့နောက် တောင်ကိုရီးယားကို ထပ်မံသွားဦးမှာဖြစ်တယ်လို့ တောင်ကိုရီးယား Yonhap သတင်း ဌာနက ထုတ်ပြန်ထားပါတယ်။ ဒီဖော်ပြချက်မှာ တောင်ကိုရီးယားသမ္မတ လီမြောက်ဘတ်က သမ္မတဦးသိန်းစိန်ကို ဖိတ်ကြားခဲ့တာလို့ သိရပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တောင်ကိုရီးယားခရီးစဉ်အတွင်း မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်း အရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အရင်းအမြဟ်နှင့် စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပေးရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မေလပိုင်းတွင် နှစ်ရက်ကြာ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

၁၉၈၃ ခုနှစ်က တောင်ကိုရီးသားသမ္မတ ချန်ဒူးဝမ်မှ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုရာတွင် မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်ခဲ့သည့်အတွက် တောင်ကိုရီးယားဝန်ကြီးလေးဦးနှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတို့အပါအဝင် ၂၁ ဦးသေဆုံးခဲ့ရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

တရားဥပဒေစိုးမိုးမှုရှိအောင်  ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ဘာ့ကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးဆိုတာကို နားလည်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူ တွေဟာ သူတို့ရဲ့ လုပ်ရပ်တွေက  လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား၊ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေ သူတို့အပါ အဝင်လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ်ဆိုတာကို မသိတာလား။ ဒါကိုဖော်ထုတ် အသိပေးဖို့လိုပါတယ်။ ဥာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမာန်ပြည်သူ၊ သာမာန်စစ်သား တစယောက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု မကျူးလွန်မိအောင်ထိန်းဖို့ မလွယ် ပါဘူး။

အောက်တိုဘာ ၅ရက်ထုတ် First Weekly ဂျာနယ်အတွဲ(၁) အမှတ်(၄၈)တွင် ပါရှိသည့် “ကိုယ့်ရဲ့ အမုန်းကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင်တည် ဆောက်ထားတဲ့ အကျဉ်းထောင်ထဲကိုပဲ ရောက်မှာပါဟု ဒေါ်အောင်ဆန်းစုကြည် ဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

လောကကြီးမှာ ရယ်စရာလည်း ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့က ဗဟိုဦးစီးစနစ် ပြင်းထန်မယ်ထင်တဲ့ တပ်မတော်အရာရှိကြီးတွေ အများစုပါတဲ့ ပါတီက ဗဟိုဦးစီးစနစ်ကို လျှော့ပေးတယ်။ သူတို့လွှတ်တော်ကိုယ်စား လှယ်တွေကို လုပ်ပိုင်ခွင့် ပေးတယ်။ အခုကျွန်တော်တို့ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ ပါတီကြီး တစ်ခုကတော့ ဗဟိုဦးစီး အားကောင်းနေဆဲပဲဆိုတာ ကျွန်တော်လည်း လွှတ်တော်ထဲမှ ကြားပါတယ်။  ဒီအတွက်ကတော့ သူတို့ပါတီတွင်း ကိစ္စမို့ ကျွန်တော် ဘာမှ မပြော ဘူး။သို့သ်ာလွှတ်တော်ရေားအထိ သယ်လာရင်တော့ ကျွန်တော်ပြတ်ပြတ်သားသား ဝေဖန်ဖို့ပြင်ထားတယ်။

အောက်တိုဘာ ၅ရက်ထုတ် သံတော်ဆင့် ဂျာနယ်အတွဲ(၁)အမှတ်(၃၀)တွင်ပါရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကောက်မတီဝင် ဦးသိန်းညွန့် နှင့်ပြောခြင်းမှ ဦးသိန်းညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

စင်မြင့်အခမ်းအနားတွေပေါ်မှာ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီး လက်တွဲသရုပ်ဖော်နေတာ တိုင်းရင်းသားများ အားလုံး တအူတုံဆင်းညီင်္ကို အရင်းတွေ ဆိုတာတွေဟာ အားလုံးကငြီးငွေ့စရာ ကောင်းတဲ့နိုင်ငံရေး သရုပ်မှုဆိုတာ အားလုံးက နား လည်ထားပြီးဖြစ်ပါပြီ။ တိုင်းရင်းသားစည်းရုံး ညီညွတ်ရေးကို ပြောပြီး အမှန်ရှိတဲ့ တိုင်းရင်းသား လူမျိုးများကို ထပ်မံခွဲဖြာပြီး ၁၃၅မျိုး လုပ်လိုက်တာတွေဟာ အပြောနဲ့အလုပ်ဟာ မညီတဲ့ သာဓ က တွေပါပဲ။

အောက်တိုဘာ၅ရက်ထုတ် Unityဂျာနယ်အတွဲ(၁) အမှတ်(၂၈)တွင်ပါရှိသည့် “ကျားဖြူပါတီ အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းလှကျော်နှင့် တွေ့ဆုံခြင်း” သတင်းမှ ဦးစိုင်းလှကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive