Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၆.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်မှုကို ကနေဒါအစိုးရကြိုဆိုခဲ့

(Canada.com မှ 25 Oct 2012 ရက်စွဲပါ Feds quite welcome for Burmese foreign minister gets noticed ကိုဘာသာပြန်ဆိုသည်)

  1. တရုတ်နိုင်ငံထုတ်လုပ်မှု ကျုံ့ဝင်နှုန်းနှေးသွားမည်ဟု HSBC ပြော

(24  october 2012 ရက်စွဲပါ BBC News မှ Chnia manufacturing contacts at slower pace, HSBC says ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် တရုတ်တို့အတွက် သတ္တုတူးဖော်ရေးခွင်သစ်တစ်ခု ဖြစ်လာဖွယ်ရှိ

(MINNING.com မှ 25 October 2012 ရက်စွဲပါ “Myanmar poised to become new mining Mecca for Chinese Investor” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်မှုကို ကနေဒါအစိုးရကြိုဆိုခဲ့

(Canada.com မှ 25 Oct 2012 ရက်စွဲပါ Feds quite welcome for Burmese foreign minister gets noticed ကိုဘာသာပြန်ဆိုသည်)

ကနေဒါ ကွန်ဆာဗေးတစ်အစိုးရသည် ကနေဒါနိုင်ငံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် လာရောက်လည်ပတ်မှုကို ဖုံးကွယ် ထားသည်ဟု မီဒီယာများက စွပ်စွဲရေးသားကြသည်။

ကနေဒါ ကွန်ဆာဗေးတစ်အစိုးရသည် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ဆက်ဆံရေးလျှော့ချထားခဲ့ပြီးနောက် ယခုအခါ မြန်မာအစိုးရနှင့် ကနေဒါအကြား ပြန်လည်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကနေဒါသံရုံးသစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကနေဒါအစိုးရက ကတိကဝတ် ပြုထားပြီးဖြစ်သလို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဂျွန်ဘတ်နှင့် နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး အက်ဖက်စ်တို့လည်း မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

တိုက်ဆိုင်မှုမဟုတ်သည့်တိုင် ကနေဒါ ရေနံ၊ သဘာဝဓာတ်ငွေနှင့် သတ္တုရှာဖွေရေး ကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံဈေးကွက်တွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြောင်း နည်းမျိုးစုံဖြင့် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ အမေရိကန်၊ ဥရောပနှင့် အာရှဒေသမှ အခြားသော ကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့်တိုင် အခြေအနေအရပ်ရပ်မှာ ခိုင်မာမှုမရှိသေးရာ ယခုလိုစီးပွားရေးအရ အဆမတန် ရင်းနှီးမြှုပ်နှံမှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စောင့်ကြည့်လေ့လာသူများက စိုးရိမ်လျက်ရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယခုလဆန်းပိုင်း အောက်တိုဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကနေဒါနိုင်ငံ၊ အော်တဝါမြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါ လည်ပတ်မှုသည် ၁၉၆၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ကနေဒါသို့ ပထမဆုံးလာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ကာလကြာရှည်စွာ အထီးကျန်ဖြစ်ခဲ့ရာ ယခုအခါ မြန်မာ ခေါင်းဆောင်များက ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်လည်ပတ်ပြီး မဟာမိတ်သစ်များတိုးပွားရန် ကြိုးပမ်းလျက်ရှိသည်။

ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်နှင့်ပတ်သက်၍ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်ထား ထုတ်ဖော်အသိပေးမှု မပြုလုပ်ခဲ့ရာ ကနေဒါနိုင်ငံတွင်းမှ ဒီမိုကရေစီရေး လှုပ်ရှားသောအုပ်စုတစ်စုက ပြင်းထန်စွာဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့မှာ မြန်မာနိုင်ငံ၏ ကနေဒါ သူငယ်ချင်းများအဖွဲ့ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆော်သြပေးခဲ့သော အဖွဲ့လည်းဖြစ်သည်။

"ယခုကဲ့သို့ ဝန်ကြီးအဆင့် လာရောက်လည်ပတ်မှုကို ကနေဒါအစိုးရအနေဖြင့် ဖုံးကွယ်ထားမှုမှာ မလိုလားအပ်သော အလုပ်ကိစ္စတစ်ခုဖြစ်သည်။ သို့အတွက်ကြောင့် ကနေဒါအစိုးရအနေဖြင့် နိုင်ငံခြားရေးအဆင့်မြင့် အရာရှိကြီးများ လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ ပိုမိုထင်သာမြင်သာရှိရန် ကျွန်ုပ်တို့က တိုက်တွန်းလိုက်သည်"ဟု ယင်းအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ သို့သော် ကွန်ဆာဗေးတစ်အစိုးရ အရာရှိကြီးများက စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ရန်မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘတ်တို့ ရိုက်ကူးထားသော ဓာတ်ပုံကိုဖော်ပြခဲ့သည်။

                                                    ********************************************

တရုတ်နိုင်ငံထုတ်လုပ်မှု ကျုံ့ဝင်နှုန်းနှေးသွားမည်ဟု HSBC ပြော

(24  october 2012 ရက်စွဲပါ BBC News မှ Chnia manufacturing contacts at slower pace, HSBC says ကိုဘာသာပြန်ဆိုသည်)

တရုတ်၏ ထုတ်လုပ်မှုများသည် အောက်တိုဘာလတွင် ယခင်လများထက်စာလျှင် ကျုံ့ဝင်နှုန်း နှေးကွေးသွားခဲ့ရာ ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာပြခဲ့ကြောင်းHSBC ၏အစီရင်ခံစာအရ သိရှိရပါသည်။

ဘဏ်သြဇာရှိသည့် ဝယ်ယူမှုစီမံကိန်းညွှန်းကိန်း(PMI)သည် စက်တင်ဘာလတွင် ၄၇.၉ ရှိခဲ့ရာမှ ယခုလတွင် ၄၉.၁ ရှိခဲ့သည်။ ၎င်းမှာ သုံးလအတွင်း အမြင့်ဆုံး PMI ညွှန်းကိန်းဖြစ်သည်။

စက်တင်ဘာလတွင် စက်မှုဆိုင်ရာထုတ်လုပ်မှုများသည် လွန်ခဲ့သည့် တနှစ်ကထက်စာလျှင် ၉.၂% တက်လာပြီး ခန့်မှန်းထားသည်ထက် တိုးတက် ခဲ့သည်။ လေးလအတွင်း ပထမဆုံးအကြိမ်တက်လာခြင်း ဖြစ်သည်။

ပို့ကုန်နှင့် လက်လီအရောင်းများလည်းတိုးတက်ခဲ့သည်။

“အဲဒီအစီရင်ခံစာတွင် စက်တင်ဘာလ စက်မှုဆိုင်ရာထုတ်လုပ်မှု ကိန်းဂဏန်းများမှာ ပြန်လည်ကောင်းမွန်လာမှုကို အတည်ပြုခဲ့ပြီး၊ ပြည်တွင်း အသားတင်ထုတ်လုပ်မှု ခြုံ၍တိုးတက်လာမှုကိုလည်း အတည်ပြုခဲ့ပါတယ်”ဟု Credit Agricole CIB မှအကြီးတန်းစီးပွားရေးပညာရှင် Darisuz Kowalczyk ကပြောသည်။

HSBC ၏(PMI)သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုညွှန်းကိန်းအတွက် တရားဝင်အစီရင်ခံစာတခု မဟုတ်ပေ။ သို့သော် စီးပွားရေးပညာရှင်များ၊ သုံးသပ်သူများက အဆိုပါအစီရင်ခံစာကို ကိုးကားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စက်မှုလုပ်ငန်းတွင် ဖြစ်ပျက်နေသည်များကို အမြင်ကျယ်စွာ ရှုမြင်ထားသောကြောင့် ဖြစ်သည်။

အောက်တိုဘာလအတွက် တရားဝင် PMI ကိန်းဂဏန်းအချက်အလက်များကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဖြန့်ဝေမည် ဖြစ်သည်။

                                                                *********************************************

မြန်မာနိုင်ငံသည် တရုတ်တို့အတွက် သတ္တုတူးဖော်ရေးခွင်သစ်တစ်ခု ဖြစ်လာဖွယ်ရှိ

(MINNING.com မှ 25 October 2012 ရက်စွဲပါ “Myanmar poised to become new mining Mecca for Chinese Investor” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးအလွန် စီးပွားရေးတံခါးဖွင့်နေသော အိမ်နီးချင်း မြန်မာနိုင်ငံက ကမ်းလှမ်းနေသော သတ္တုတွင်းလုပ်ငန်း အခွင့်အလမ်းများမှ အကျိုးအမြတ်ရရှိရန် တရုတ်ကုမ္ပဏီများ လုံးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသော်ငြားလည်း ရွှေ၊ တန်စတင်၊ ကြေးနီနှင့် ရေနံ၊ ဓါတ်ငွေ့အပါအဝင် ဝယ်လိုအားအလွန်ကောင်းသော သဘာဝ သယံဇာတများစွာကို မထိမတို့ရသေးဘဲ ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် အဖိုးတန်ကျောက်မျက်များနှင့် လီသီယမ်သတ္တုတို့ကြောင့်လည်း ကမ္ဘာတွင် လူသိများသည်။

ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ မြန်မာနိုင်ငံ၏ နောက်ထပ်အားသာချက်တစ်ခုမှာ ကုန်ကြမ်းပစ္စည်း အသည်းအသန်ဆာလောင်နေသော ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီးများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့အကြားတွင် ကံကောင်းစွာတည်ရှိနေခြင်းပင် ဖြစ်သည်။

အထက်ပါအချက်သည် ဟောင်ကောင်မှနာမည်ကျော် သတ္တုတူးဖော်ရေးအုပ်စု China Polymetallic Mining CPM မြန်မာနိုင်ငံတွင် ခြေချရသော အကြောင်းရင်းပင် ဖြစ်သည်ဟု Financial Times သတင်းစာက သုံးသပ်ထားသည်။

ရေနံကုမ္ပဏီကြီးများဖြစ်သော Total နှင့် Cheveron တို့မြန်မာနိုင်ငံတွင် ရောက်နှင့်နေကြပြီးဖြစ်သလို၊ Coca-Cola၊ Pepsi နှင့် GE ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီကြီးများသည်လည်း မြန်မာနိုင်ငံသို့ ဝင်လာကြပြီ ဖြစ်သည်။

ဟောင်ကောင်အခြေစိုက် တရုတ်သတ္တုကုမ္ပဏီ CPM သည် မြန်မာနှင့် နယ်စပ်ခြင်းထိနေသော ယူနန်ပြည်နယ်၏ဈေးကွက်ကို ကြီးစိုးရန် အထူးတလည် ရည်မှန်းနေခြင်း ဖြစ်သည်။ သို့သော် အကြီးစား နိုင်ငံတကာကုမ္ပဏီကြီးများနှင့် တရုတ်ပြည်မကြီးကုမ္ပဏီများက မြန်မာနိုင်ငံသို့ဝင်ရန် လေ့လာနေကြပြီ ဖြစ်သောကြောင့် CPM နှင့် အခြားအလယ်အလတ်ကုမ္ပဏီများအနေဖြင့် ခြေလှမ်းသွက်ကြဖို့လိုသည်ဟု Financial Times က သတိပေးသည်။

CPM ကုမ္ပဏီ၏ စီအီးအိုလီကျိုက “ယူနန်ပြည်နယ်ဟာ သူနဲ့သတ္တုသယံဇာတဖွဲ့စည်းပုံတူတဲ့ မြန်မာနိုင်ငံနဲ့ ကပ်နေပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေဟာလည်း မြန်မာပြည်သူတွေနဲ့ ယဉ်ကျေးမှု၊ လူနေမှုပုံစံခြင်း တူညီကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေထဲကို ကျွန်တော်တို့လုပ်နေကျ စီးပွားရေး ပုံစံသယ်ယူသွားဖို့ လွယ်ကူသွားလိမ့်မယ်လို့ ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံလို့ရမယ့် စီမံကိန်းတွေကို ကျွန်တော်တို့ လေ့လာနေပေမယ့် ဘာကိုမှ အလောတကြီး ဇွတ်တရွတ်လုပ်ဖို့ မရှိပါဘူး”ဟု Financial Times သို့ပြောကြားသည်။

မကြာသေးမီက Global Data အစီရင်ခံစာဖော်ပြချက်အရ မြန်မာနိုင်ငံ၏ စက်မှုစီးပွားရေးဖွံ့ဖြိုးမှုသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးခြင်ဖြင့် လူ့အဖွဲ့အစည်း၏အလွှာတိုင်းကို အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိနေသော်လည်း အခြားဝင်ငွေ အလယ်အလတ် အဆင့် အာရှနိုင်ငံများကို ယှဉ်ပြိုင်နိုင်ရန်အတွက် အလုံးစုံ၊ ဘက်စုံ ဖွံ့ဖြိုးရေးမူဝါဒများကို ချမှတ်ကျင့်သုံးရန် လိုအပ်လိမ့်မည်ဟု ဆိုသည်။

ရေနံနှင့် ဓါတ်ငွေ့

ထို့အပြင် ၂၀၁၁ ဧပြီလတွင် မြန်မာစွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသော ပြည်တွင်းရေနံအရံသိုက် စည်ပေါင်း ၃.၃သန်း(3.3MMbbl) နှင့်အတူ စုစုပေါင်းရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့အရံသိုက်စည်ပေါင်း ၂.၁ ဘီလျံ (2.1 bbl) နှင့် ၂၅ ထရီလီယံကုဗပေ(25 tcf) အသီးသီးရှိသည်ဟု ၎င်းအစီရင်ခံစာက ဆိုထားသည်။

မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၁၃.၈ ဘီလျံ ရှိခဲ့ပြီး၊ နိုင်ငံ ဂျီဒီပီ၏ ၃၁ ရာခိုင်နှုန်းကို ပါဝင်ကိုယ်စားပြုထားသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ ပိုမိုအဆင်ပြေလွယ်ကူစေမည့် နိုင်ငံဖြစ်ရန်လိုအပ်နေပြီး၊ မြောက်ပိုင်းမှ ကြေးနီမိုင်းများ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်မှ ရွှေတွင်းများတွင် အန္တရာယ်များသော ထုတ်လုပ်မှုစနစ်များကို တွေ့နေရသောကြောင့် ဆိုင်ရာဥပဒေစည်းကမ်းများ တိုးတက်ဖို့လိုအပ်နေသည်ဟု Global Data အစီရင်ခံစာက ထောက်ပြထားသည်။

ထိုမျှသာမကဘဲ၊ မြန်မာနိုင်ငံသည် သတ္တုထုတ်လုပ်ရေးနှင့် ပို့ကုန်စီးပွားရေး အလားအလာများကို မြှင့်တင်ရန်အတွက် ဆိပ်ကမ်းများ၊ ကားလမ်းများ၊ ရထားလမ်းများလည်း အလွန်အမင်း လိုအပ်နေသည်ဟု ဆိုသည်။

အဆိုပါ အကြောင်းရင်းများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင်လှုပ်ရှားနေသော နိုင်ငံတကာ သတ္တုတွင်းကော်ပိုရေးရှင်းများ မရှိသေးခြင်းက အသေးစားသတ္တုကုမ္ပဏီများအတွက် အခွင့်သာသည့် ကွင်းတစ်ခုဖြစ်အောင် ပြုလုပ်ပေးနေသည်ဟု ကျွမ်းကျင်ပညာရှင်များက ယုံကြည်နေကြသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စီးပွားရေးအင်အားကြီးများထဲမှ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား ကုမ္ပဏီများသာ လာရောက်ရင်းနှီးမြှုပ်နှံ ထားကြသည်။ မြန်မာ့သတ္တုတွင်းကဏ္ဍအပေါ် အားတက်စရာကောင်းသော အစီရင်ခံစာကအကဲဖြတ်ထားသည့် အနေအထားသည် ဆက်လက်ပြောင်းလဲ နေပါလိမ့်ဦးမည်။

 *********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၅.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဦးသိန်းစိန်ဟာ ကမ္ဘာ့ရေပန်းအစားဆုံး လူတစ်ယောက်လား

(The Nation သတင်းမှ 23 October 2012 ရက်စွဲပါ “Thein Sein as the World's most popular man?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ် ရေးဆွဲရန်လိုအပ်ဟု ကုလပြော

(25 October 2012 ရက်စွဲပါ Bangkok Post မှ UN says plan is needed to move refugees ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ဦးသိန်းစိန်ဟာ ကမ္ဘာ့ရေပန်းအစားဆုံး လူတစ်ယောက်လား

(The Nation သတင်းမှ 23 October 2012 ရက်စွဲပါ “Thein Sein as the World's most popular man?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ကမ္ဘာကြီးနှင့်နှစ်ပေါင်း ၅၀ ကျော် ပုန်းရှောင်နေပြီးမှ ပြန်ပေါ်လာသည့် မြန်မာနိုင်ငံသည် လူတစ်ကာရုတ်တရက် အာရုံကျစရာ ရှားရှားပါးပါး ကျောက်ရိုင်းတုံးကလေးနှင့် အလားသဏ္ဍန်တူနေသည်။

သို့သော် ထိုကျောက်ရိုင်းတုံးကို ထိတွေ့ခွင့်ရဖို့အတွက် ယင်း၏ပိုင်ရှင်အကြောင်း သိထားဖို့လိုလိမ့်မည်။ လောလောဆယ် ထိုပုဂ္ဂိုလ်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်သည်။

ပြီးခဲ့သော နှစ်နှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတဦးသိန်းစိန်တို့အကြား ၃ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြရာ နောက်ဆုံး အကြိမ်မှာ နယူးယောက်မြို့တွင် ဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ရောက်စဉ်က ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာထံတွင် အများပြောစရာဖြစ်လောက်အောင် ဂရုစိုက်ရသော ပုဂ္ဂိုလ်များစာရင်းရှိသည်။ သူမအကို သက်ဆင်မှသည် သူမခင်ပွန်းနှင့် သားအထိပါအဝင်သော ထိုစာရင်းတွင် ဦးသိန်းစိန်နောက်ဆုံး ပါဝင်လာပုံ ရသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်တွင် ဦးသိန်းစိန်အပေါ် လောင်းရိပ်မိုးသွားခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်ယင်လပ်က ဒေါသထွက်ခဲ့သည်ဟု ကြားသိရသည်။

အမှန်စင်စစ်မေလက ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းခေါင်းဆောင် ယင်လပ်အပါအဝင် လူတစ်ကာထက် ဒေါ်အောင်ဆန်းစုကြည်က ပိုမိုထင်ပေါ် ကျော်ကြားခဲ့သည်။ ထို့ကြောင့်ပင် နောက်ဆုံး မိနစ်ပိုင်းတွင် ဦးသိန်းစိန် စိတ်ပြောင်းကာ ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းကို အံ့သြစရာ မရှိပါ။ နောက်တစ်ကြိမ်ရက် သတ်မှတ်ရန် တစ်လခန့်အချိန်ကြာခဲ့ပြီး ထိုရက်ကိုလည်း ထပ်မံရွှေ့ဆိုင်း ခဲ့သည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသောယင်လပ်က ဘန်ကောက်သို့ ဦးသိန်းစိန်မရောက်နိုင်အောင် တားဆီးနေသော အရာများကို ဖယ်ရှားရှင်းလင်း ပစ်ခဲ့သည်ဟု သတင်းများက ဆိုသည်။ နောက်ဆုံး၌မူ ဇူလိုင်လတွင် ဦးသိန်းစိန်ရောက်ရှိလာခဲ့ရာ၊ ဦးနုပြီးလျှင် ဒုတိယမြောက်ထိုင်းနိုင်ငံရောက် မြန်မာခေါင်းဆောင်ဖြစ်လာခဲ့သည်။

ထို့နောက်တွင် ယင်လပ်သည် ကုလညီလာခံအဝန်းအဝိုင်းတွင် ဦးသိန်းစိန်နှင့် ဒုတိယအကြိမ်ဆွေးနွေးရန် စီစဉ်မှုအောင်မြင်ခဲ့သည်။ ထို့ကြောင့် နောက်လတွင် မြန်မာနိုင်ငံ၌ ဦးသိန်းစိန်နှင့် ထပ်မံတွေ့ဆုံရန်လမ်းပွင့်သွားသည်။

မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးခွင်တွင် အဓိကနေရာမှပါဝင်ရန် ထိုင်းတို့၏မျှော်လင့်မှုကို နှစ်နိုင်ငံကြား ပဋိပက္ခဟောင်းများက ရိုက်ချိုး နိုင်မည်မရှိဟု ပြောရန်လိုမည်မထင်ပါ။

ထိုင်းတို့သည် မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၀ ဘီလျံခန့်ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ ဒေါ်လာဘီလျံ ၈၀ တန် ထားဝယ်စီမံကိန်းနှင့်အတူ ထပ်မံရင်းနှီး မြှုပ်နှံမည်ဟု မျှော်လင့်ရသည်။

ဦးသိန်းစိန်သည် အာဏာရလာပြီးနောက်ပိုင်း စတင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို မောင်းနှင်ခဲ့သည်ဟု အများစုကသတ်မှတ်ကြသည်။ စက်တင်ဘာကုလညီလာခံကို ၎င်းကဖွင့်လှစ်မည်ဟု ကြားသိရသည့်အချိန်တွင် ဥရောပခေါင်းဆောင်များ တုန်လှုပ်သွားကြသည်ကို နားလည်နိုင်ပါ လိမ့်မည်။ စင်မြင့်ဆီသို့ ဦးသိန်းစိန် လျှောက်လာသည့်အခါ အားလုံးမှင်တက်မိနေကြသည်။ ၎င်းက ဖဲကြိုးဖြတ်ပြီး လက်ဝှေ့ယမ်းပြချိန်တွင် မည်သူကမျှ စောဒကမတတ်ကြပါ။ ကျန်းမာရေးကောင်းသားပဲဟုသာ သတ်မှတ်ခဲ့ကြသည်။

ဦးသိန်းစိန်သည် ပြည်တွင်း၌လည်း စီးပွားရေးသမားများ၏ သဘောကျနှစ်သက်ခြင်းခံရသူ ဖြစ်သည်.။

ယခင်အပတ်က ဘန်ကောက်ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးပွဲတွင် တက်ရောက်ဟောပြောခဲ့သူ SPA(Myanmar)ကုမ္ပဏီဥက္ကဋ္ဌ ဆာ့ဂ်ျပန်းက ဗိုလ်ချုပ်ဟောာင်းသမ္မတကို ချီးကျူးပြောဆို ခဲ့သည်။

“ဦးသိန်းစိန်ဟာ အထူးစပယ်ရှယ် သီးသန့်ပုဂ္ဂိုလ်တစ်ဦးပါ။ ဖြောင့်မတ်၊ မှန်ကန်တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးပါ။ တပ်မတော်အစိုးရ လက်ထက်တုန်းက စီးပွားရေးသမားတစ်စုက ဦးသိန်းစိန်နဲ့အစည်းအဝေးအပြီးမှာ စားပွဲပေါ်ကိုအထုပ်တစ်ခု ထားခဲ့ကြပါတယ်။ ဦးသိန်းစိန်က သူတို့ကိုပြန်ယူသွားပါ။ ကျွန်တော် စားဖို့ လုံလောက်ပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ဆာ့ဂ်ျပန်းက ဆိုသည်။

ဦးသိန်းစိန်သည် တပ်မတော်သား (စစ်သား)အဖြစ် အမှုထမ်းစဉ်က အမိန့်နာခံသူဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာနှင့်မညီသော အရာများကိုပါ ခိုင်းပါက အမြဲငြင်းဆန်လေ့ရှိသည်ဟု ဆာ့ဂ်ျပန်းက ပြောကြားသည်။

ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတွင်အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် ဆာ့ဂ်ျပန်းက ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ တစ်ဦးဦးအနိုင်ရပါက ပျော်ရွှင်မည်ဟုဆိုသည်။

“ခေါင်းဆောင်နှစ်ဦးလုံးဟာ မှတ်ကျောက်တင်ခံနိုင်တဲ့ ကိုယ်ကျင့်သိက္ခာတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် သူတို့လက်တွဲလို့ ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်ကိုယုံကြည်လို့ရ၊ မရအကဲဖြတ်ဖို့ ၆ လလောက် အချိန်ယူခဲ့ရပါတယ်။ ပြီးတော့ သူ့ကိုထောက်ခံခဲ့ပါတယ်”ဟု ဆာ့ဂ်ျပန်းက ပြောသည်။

ဦးသိန်းစိန်သည် အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် ယခင်အပတ်က ပြန်လည်အရွေးခံရသည်။ သူသည် စစ်တပ်မှအနားယူကာ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ ဝင်ရန်အတွက် ၂၀၁၀ ဧပြီလတွင် ပြည်ခိုင်ဖြိုးအဖွဲ့ကို ပါတီဖွဲ့စည်းကာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ ရွေးကောက်ပွဲအပြီး အောက် လွှတ်တော်အမတ်ဖြစ်လာကာ ၅ နှစ်သက်တမ်းအတွက် သမ္မတအဖြစ် ရွေးချယ်ခြင်းခံရသည်။

ဦးသိန်းစိန်သည် ပြီးခဲ့သော စက်တင်ဘာလ နိုင်ငံတကာခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူအားလုံးကို သဘောကျအောင် ဆက်ဆံခဲ့သည်။ အမေရိကန် ပြည်ထောင်စုသို့ရောက်ရှိနေစဉ် Asia Society အဖွဲ့ဝင်များ၊ ဥရောပကောင်စီ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းတို့မှ ခေါင်းဆောင်များနှင့်လည်း ဦးသိန်းစိန်က တွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်က “မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ နယ်ပယ်အသီးသီး လှုပ်ရှားမှုများတွင် ပိုမိုပါဝင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့အသိုင်းအဝိုင်းတွင် တာဝန် ယူတတ်သော၊ လေးစားခံထိုက်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း၊ ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို မလျှော့သောဇွဲဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်သစ်တစ်ခုကို အစပျိုးနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့ကလည်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိကအတားအဆီးဖြစ်နေသော မြန်မာထွက်ကုန်တင်သွင်းမှု ပိတ်ပင်ချက်ကို ရုတ်သိမ်းကြောင်း စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြသည်။

မြန်မာနိုင်ငံအတွက် အချိန်ကာလသည် မြန်မြန်ဆန်ဆန် ရွေ့လျားဖြတ်သန်းနေသည်။ Google တွင် Thein Sein ဟုရိုက်နှိပ်ရှာဖွေပါက ရလဒ်ပေါင်း ၃၅၇,၀၀၀ ခန့်ရရှိပါလိမ့်မည်။ Suukyi အတွက် ရလဒ်ပေါင်း ၁၅.၉ သန်းနှင့် Barack Obama အတွက်ရလဒ်ပေါင်း ၂၂၆သန်း တို့ကိုမူ ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် သိပ်မဆိုးလှဟုဆိုရမည်။

မြန်မာဟူသော ကျောက်ရိုင်းတုံးကလေးကို ယခုအခါပြပွဲတင်ရုံသာ ရှိပါသေးသည်။ သူ့ကိုအုပ်ထိန်းနေသူ နောက်တစ်ကြိမ်ပြန်အရွေးခံရမလား ဆိုသည်ကို စောင့်ကြည့်ကြပါဦးစို့။

********************************************

ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ် ရေးဆွဲရန်လိုအပ်ဟု ကုလပြော

(25 October 2012 ရက်စွဲပါ Bangkok Post မှ UN says plan is needed to move refugees ကိုဘာသာပြန်ဆိုသည်)

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင်နေထိုင်ကြသော ဒုက္ခသည်တစ်သိန်းကျော် နေရပ်ပြန်ပို့ရေးအတွက် စတင်ပြင်ဆင်ရန် ပါဝင်ပတ်သက် လုပ်ကိုင်နေသူများအား ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး (UN HCR)ကတိုက်တွန်းခဲ့သည်။

UNHCR ဒေသဆိုင်ရာကိုယ်စားလှယ် James Lynch ကယမန်နေ့က တရားဥပဒေဆိုင်ရာကိစ္စများ၊ လူမှုရေးနှင့်ဆိုင်သော နိုင်ငံရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စများကို စတင်ဆွေးနွေးရန်လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

“ဒုက္ခသည်တွေ အနေနဲ့ အိမ်ပြန်ဖို့ ပထမဆုံးအကြိမ် စဉ်းစားလို့ရလာတဲ့ အခြေအနေ ဖြစ်ပါတယ်”ဟု Mr Lynch က ပြောသည်။ “အိမ်ပြန်ပို့နိုင်မယ့် အခြေအနေတွေကတော့ စနစ်တကျတော့မရှိသေးပါဘူး”ဟု ၎င်းကပြောသည်။ မြေမြှုပ်မိုင်းများကိစ္စ၊ နေစရာအိမ်များကိစ္စနှင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများမရှိသေးသည့် ကိစ္စများကိုလည်း ပြောကြားခဲ့သည်။

“ဒါပေမယ့်လည်း အိမ်ပြန်ပို့ဖို့ကိစ္စကို စဉ်းစားသင့်ပါပြီ”ဟု၎င်းကပြောခဲ့ပြီး၊ ဒုက္ခသည်များသည်လည်း ၎င်းတို့၏ မူရင်းနိုင်ငံများသို့ ပြန်ကြလိမ့်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအားဖြင့် မြန်မာနယ်စပ်တလျှောက်တွင်ရှိသော ဒုက္ခသည်စခန်းကိုးခုတွင် မှတ်ပုံတင်ထားသော ဒုက္ခသည်(၈၄၀၀၀)နှင့် မှတ်ပုံတင်မထားသူ ဒုက္ခသည်(၆၇၀၀၀)ရှိသည်။ ဒုက္ခသည်(၇၈၀၀၀)ခန့်ကို တတိယနိုင်ငံများသို့ နေရာချထားပေးခဲ့ပြီးဖြစ်ရာ ပြန်လည်နေရာချထားသည့် အစီအစဉ်ကို ၂၀၀၅ တွင်စတင်ခဲ့ပြီး အများစုကို အမေရိကန်ပြည်ထောင်စုသို့ပေးပို့ခဲ့သည်။

Mr Lynch ကပြောကြားရာတွင် UNHCR အနေဖြင့် လာမည့်နှစ်တွင် ထိုင်းနှင့်မြန်မာအစိုးရများနှင့် ဒုက္ခသည်များ ပြန်ပို့ပေးရေးမတိုင်မီ လုပ်ဆောင်ရမည့်အခြေအနေများ သတ်မှတ်ရေး ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

၎င်းက ပြောကြားရာတွင် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများ၏ အခြေခံသတင်း အချက်အလက်များကောက်ယူရန် သဘောတူလက်မှတ် ရေးထိုးထားသည့် Mae Fah ဖောင်ဒေးရှင်းသည် ယာယီစခန်းကိုးခုအနက်တစ်ခုဖြစ်သော ရက်ချာဘူရီရှိ Tham Him စခန်းတွင် ယခုနှစ်ကုန်၌ မှတ်တမ်းစတင် ကောက်ယူရန်ရှိသည်ဟု ဆိုသည်။ အဆိုပါကောက်ယူမှုသည် ဧပြီလ(သို့)မေလတွင်ပြီးစီးမည်ဟု ၎င်းကခန့်မှန်းထားသည်။ အဆိုပါအချက်များတွင် ဒုက္ခသည်များ၏ မူရင်းဒေသများ ကျွမ်းကျင်မှုနှင့် ပညာရေးများ ပါဝင်မည်ဖြစ်သည်။

မြန်မာအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များသည် ထိုင်းနိုင်ငံသို့လာရောက်ပြီး ဒုက္ခသည်များနှင့် နေရပ်ပြန်ရေးကိစ္စရပ်များကို စကားပြောသင့်ကြောင်း ၎င်းက ပြောသည်။

Mr Lynch ကပြောကြားရာတွင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ပြန်လည်ပေါင်းစည်းရေးသည် ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စအောင်မြင်ရေး အတွက် သော့ချက်ဖြစ်သည်ဟုဆိုသည်။ ၎င်းသည် မြန်မာအစိုးရနှင့် လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်းကောင်း အဆက်အသွယ်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကယား(မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်)၊ ကရင်(Tak နှင့်မျက်နှာချင်းဆိုင်)၊ မွန်(ကချာနာဘူရီနှင့် မျက်နှာချင်းဆိုင်) ပြည်နယ်များတွင် ပြည်တွင်းမှာအိုးမဲိ့မ်မဲ့များနှင့် ဒုက္ခသည်များအတွက် နေရာချထားရန် သတ်မှတ်ထားသည်ဟု ၎င်းကဆိုသည်။

မြန်မာအာဏာပိုင်များသည် အလုပ်အကိုင် အခွင့်အလမ်းများအတွက် အထည်ချုပ်စက်ရုံများ တည်ထောင်ထားသည်ဟု ၎င်းကပြောသည်။

“ပြန်လာသည့် ဒုက္ခသည်များကို နိုင်ငံသား စီစစ်ရေးကဒ်ပြားများ ထုတ်ပေးပါတယ်။ အခုကတော့ မိမိသဘောနဲ့မိမိ ပြန်ကြတဲ့အစီအစဉ်ပါပဲ”ဟု ဆိုသည်။

ပြန်သွားကြသူများ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာများ အာမခံချက်ရှိရန်အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ လိုအပ်ကြောင်း ၎င်းကပြောသည်။

UNHCR ၏ အကဲဖြတ်မှုများမှာ အကောင်းမြင်သဘောရှိနေသော်လည်း၊ ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကမူ ဒုက္ခသည်များကို အလျင်အမြန်ပြန်ပို့ရေး အခွင့်အလမ်းများအတွက် သံသယများရှိနေဆဲဖြစ်သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံထဲက အခြေအနေတွေကို အကောင်းမြင်လွန်းပါတယ်”ဟု ဘန်ကောက်အခြေစိုက်ပညာရှင် ဇင်လင်း ကပြာသည်။

KNU နှင့် KIAသည် တစ်ဦးအပေါ်တစ်ဦး သင်ခန်းစာယူလျက် ၎င်းတို့အလိုရှိသော နိုင်ငံရေးအရ အဖြေမရမချင်း မြန်မာအစိုးရနှင့် မည်သည့် သဘောတူညီချက်မျှ ယူမည်မဟုတ်ဟု ဇင်လင်းက ပြောသည်။

ဒုက္ခသည်တွေ နေရပ်ပြန်သွားရင် ဘာမှမသေချာပါဘူး။ နေစရာ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင် ဘာမှမသေချာပါဘူး” ဟု ၎င်းက ပြောသည်။

“ထားဝယ်စီမံကိန်းကဖိအားပေးလို့ KNU-မြန်မာ ငြိမ်းချမ်းရေးဆွေးနွေးမှုတော့ စနေပါပြီ။ နှစ်ဖက်စလုံးအလျော့ပေးမှ အဆင်ပြေမှာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကတော့ အားတက်ဖွယ်မရှိသေးပါဘူး”ဟု ၎င်းကဆိုသည်။

 *********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive