Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၆.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရခိုင်ပြည်နယ်တွင် ချက်ခြင်းအရေးယူဆောင်ရွက်ရန် အမေရိကန်တိုက်တွန်း

(25 October 2012 ရက်စွဲပါ Canada.com မှ AP ၏ US urges immediate action by Myanmar to halt deadly communal violence ကို ဘာသာပြန်ဆိုသည်)

  1. JETRO အကြီးအကဲက မြန်မာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန်တိုက်တွန်း

(26 October 2012 ရက်စွဲပါ The Japan Times မှ JETRO chief touts Myanmar market ကိုဘာသာပြန်ဆိုသည်)

******************************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်တွင် ချက်ခြင်းအရေးယူဆောင်ရွက်ရန် အမေရိကန်တိုက်တွန်း

(25 October 2012 ရက်စွဲပါ Canada.com မှ AP ၏ US urges immediate action by Myanmar to halt deadly communal violence ကို ဘာသာပြန်ဆိုသည်)

ယခုအပတ် လူဒါဇင်နှင့်ချီ၍သေဆုံးသော လူမျိုးရေးနှင့် ပတ်သက်သော ပြင်းထန်သည့်ဖြစ်ရပ်များ ရပ်ဆိုင်းသွားရေးအတွက် ချက်ခြင်း အရေးယူဆောင်ရွက်ရန် အမေရိကန်က မြန်မာအာဏာပိုင်များအား တောင်းဆိုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland ကပြောကြားရာတွင် အမေရိကန်သည် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များအတွက် လွန်စွာစိုးရိမ်ကြောင်း ၊လူသားချင်းစာနာသော အခွင့်အရေးများ အပြည့်အဝပေးနိုင်ရန် အာဏာပိုင်များအား တိုက်တွန်းကြောင်း ပြောခဲ့သည်။

တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပွားသော ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် မူဆလင်ရိုဟင်ဂျာ အသိုင်းအဝိုင်းများကြား ဖြစ်ရပ်များတွင် အနည်းဆုံး (၅၆)ဦးသေဆုံးပြီး ၂၀၀၀ နီးပါးနေအိမ်များ ဖျက်ဆီးခံရကြောင်း ဒေသအစိုးရက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုများ အောင်မြင်သည်ဟု အမေရိကန်က ရှုမြင်ထားသည်။

Nuland ကပြောကြားရာတွင် အမေရိကန် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များသည် ပြီးခဲ့သည့်ဇွန်လမှစ၍ ရခိုင်ပြည်နယ်သို့ငါးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ကာ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းဆိုသည်။

                                                                *****************************************

JETRO အကြီးအကဲက မြန်မာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန်တိုက်တွန်း

(26 October 2012 ရက်စွဲပါ The Japan Times မှ JETRO chief touts Myanmar market ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူလတ်တန်းစားများ နိုးထလာမှုသည် မြန်မာနိုင်ငံရှိ ဂျပန်စီးပွားရေး လုပ်ငန်းများအတွက် အခွင့်အလမ်းများ မြှင့်တင်ပေးနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့ (JETRO)အကြီးအကဲက ပြောကြားခဲ့သည်။

JETRO ဥက္ကဌ Hiroyuki Ishige သည်မကြာမီက ဂျပန်ကုမ္ပဏီများအား ရန်ကုန်ရှိစက်မှုဇုန်သစ်သို့ သွားရောက်ပြသခဲ့သည်။ ၎င်းက ပြောကြားရာတွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်အားကောင်းကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အိမ်နီးခြင်းများနှင့်စာလျှင် စာတတ်နှုန်းမြင့်မားပြီး လုပ်အားခဈေးပေါသောကြောင့်ဟု ဆိုသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံကိုကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားသည်။ သို့သော် လူလတ်တန်းစားများပြား လာခြင်းသည် နိုင်ငံ၏စားသုံးသူဈေးကွက် ကောင်းအောင်လုပ်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကမကြာသေးမီက ပြုလုပ်သော အင်တာဗျူးတွင် ပြောသည်။

“ဂျပန် ကုမ္ပဏီအများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လေးလေးနက်နက် စဉ်းစားနေကြပြီဆိုတာသိရလို့ ကျွန်တော်အားရပါတယ်” ဟု Ishige က ပြောသည်။

ရန်ကုန် အပြင်ဖက်ရှိ စက်မှုဇုန်သို့ သွားရောက်လေ့လာကြစဉ်တွင် ပါဝင်သူအများစုက လျှပ်စစ်မီးပြတ်သွားပါက မီးစက်အသုံးပြုရာတွင် မည်သို့သောလောင်စာ သုံးရမည်ကို မေးခွန်းမေးကြကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ပါက ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ မေးမြန်းကြရာ Ishige က လျှပ်စစ်မီးမလုံလောက်မှု၊ ရေမလုံလောက်မှု၊ လမ်းများပိတ်ဆို့မှုနှင့် လုပ်သားများကို သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများကို ရှင်းပြ ခဲ့သည်။

မြန်မာနိုင်ငံတွင် မီးမကြာခဏ ပျက်သောကြောင့် စက်ရုံတွင်ကိုယ်ပိုင်မီးစက်များ ထားရန်လိုအပ်ကြောင်း Ishige ကပြောသည်။ ၎င်းသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီးဟောင်း ဖြစ်ပြီး၊ ယမန်နှစ်ကမှ JETRO ဥက္ကဌ အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ပါတနာအဖြစ်ရွေးချယ်ရန်လွယ်ကူကြောင်း ၎င်းကပြောသည်။ အလားအလာကောင်းပြီး ယုံကြည်ရသော ပါတနာ ရှာဖွေရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့်တိုင်ပင်ရန် Ishige ကအကြံပြုသည်။

မြန်မာအစိုးရသည် နိုင်ငံခြားကုမ္ပဏီများနှင့် ပါတနာပြုလုပ်ရန် အလားအလာကောင်းသော မြန်မာကုမ္ပဏီများ စာရင်းထုတ်ပြန်ရန် စဉ်းစားလျက် ရှိသည်ဟု ၎င်းကပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၆.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်မှုကို ကနေဒါအစိုးရကြိုဆိုခဲ့

(Canada.com မှ 25 Oct 2012 ရက်စွဲပါ Feds quite welcome for Burmese foreign minister gets noticed ကိုဘာသာပြန်ဆိုသည်)

  1. တရုတ်နိုင်ငံထုတ်လုပ်မှု ကျုံ့ဝင်နှုန်းနှေးသွားမည်ဟု HSBC ပြော

(24  october 2012 ရက်စွဲပါ BBC News မှ Chnia manufacturing contacts at slower pace, HSBC says ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် တရုတ်တို့အတွက် သတ္တုတူးဖော်ရေးခွင်သစ်တစ်ခု ဖြစ်လာဖွယ်ရှိ

(MINNING.com မှ 25 October 2012 ရက်စွဲပါ “Myanmar poised to become new mining Mecca for Chinese Investor” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်မှုကို ကနေဒါအစိုးရကြိုဆိုခဲ့

(Canada.com မှ 25 Oct 2012 ရက်စွဲပါ Feds quite welcome for Burmese foreign minister gets noticed ကိုဘာသာပြန်ဆိုသည်)

ကနေဒါ ကွန်ဆာဗေးတစ်အစိုးရသည် ကနေဒါနိုင်ငံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် လာရောက်လည်ပတ်မှုကို ဖုံးကွယ် ထားသည်ဟု မီဒီယာများက စွပ်စွဲရေးသားကြသည်။

ကနေဒါ ကွန်ဆာဗေးတစ်အစိုးရသည် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ဆက်ဆံရေးလျှော့ချထားခဲ့ပြီးနောက် ယခုအခါ မြန်မာအစိုးရနှင့် ကနေဒါအကြား ပြန်လည်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကနေဒါသံရုံးသစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကနေဒါအစိုးရက ကတိကဝတ် ပြုထားပြီးဖြစ်သလို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဂျွန်ဘတ်နှင့် နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး အက်ဖက်စ်တို့လည်း မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

တိုက်ဆိုင်မှုမဟုတ်သည့်တိုင် ကနေဒါ ရေနံ၊ သဘာဝဓာတ်ငွေနှင့် သတ္တုရှာဖွေရေး ကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံဈေးကွက်တွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြောင်း နည်းမျိုးစုံဖြင့် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ အမေရိကန်၊ ဥရောပနှင့် အာရှဒေသမှ အခြားသော ကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့်တိုင် အခြေအနေအရပ်ရပ်မှာ ခိုင်မာမှုမရှိသေးရာ ယခုလိုစီးပွားရေးအရ အဆမတန် ရင်းနှီးမြှုပ်နှံမှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စောင့်ကြည့်လေ့လာသူများက စိုးရိမ်လျက်ရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယခုလဆန်းပိုင်း အောက်တိုဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကနေဒါနိုင်ငံ၊ အော်တဝါမြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါ လည်ပတ်မှုသည် ၁၉၆၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ကနေဒါသို့ ပထမဆုံးလာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ကာလကြာရှည်စွာ အထီးကျန်ဖြစ်ခဲ့ရာ ယခုအခါ မြန်မာ ခေါင်းဆောင်များက ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်လည်ပတ်ပြီး မဟာမိတ်သစ်များတိုးပွားရန် ကြိုးပမ်းလျက်ရှိသည်။

ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်နှင့်ပတ်သက်၍ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်ထား ထုတ်ဖော်အသိပေးမှု မပြုလုပ်ခဲ့ရာ ကနေဒါနိုင်ငံတွင်းမှ ဒီမိုကရေစီရေး လှုပ်ရှားသောအုပ်စုတစ်စုက ပြင်းထန်စွာဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့မှာ မြန်မာနိုင်ငံ၏ ကနေဒါ သူငယ်ချင်းများအဖွဲ့ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆော်သြပေးခဲ့သော အဖွဲ့လည်းဖြစ်သည်။

"ယခုကဲ့သို့ ဝန်ကြီးအဆင့် လာရောက်လည်ပတ်မှုကို ကနေဒါအစိုးရအနေဖြင့် ဖုံးကွယ်ထားမှုမှာ မလိုလားအပ်သော အလုပ်ကိစ္စတစ်ခုဖြစ်သည်။ သို့အတွက်ကြောင့် ကနေဒါအစိုးရအနေဖြင့် နိုင်ငံခြားရေးအဆင့်မြင့် အရာရှိကြီးများ လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ ပိုမိုထင်သာမြင်သာရှိရန် ကျွန်ုပ်တို့က တိုက်တွန်းလိုက်သည်"ဟု ယင်းအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ သို့သော် ကွန်ဆာဗေးတစ်အစိုးရ အရာရှိကြီးများက စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ရန်မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘတ်တို့ ရိုက်ကူးထားသော ဓာတ်ပုံကိုဖော်ပြခဲ့သည်။

                                                    ********************************************

တရုတ်နိုင်ငံထုတ်လုပ်မှု ကျုံ့ဝင်နှုန်းနှေးသွားမည်ဟု HSBC ပြော

(24  october 2012 ရက်စွဲပါ BBC News မှ Chnia manufacturing contacts at slower pace, HSBC says ကိုဘာသာပြန်ဆိုသည်)

တရုတ်၏ ထုတ်လုပ်မှုများသည် အောက်တိုဘာလတွင် ယခင်လများထက်စာလျှင် ကျုံ့ဝင်နှုန်း နှေးကွေးသွားခဲ့ရာ ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာပြခဲ့ကြောင်းHSBC ၏အစီရင်ခံစာအရ သိရှိရပါသည်။

ဘဏ်သြဇာရှိသည့် ဝယ်ယူမှုစီမံကိန်းညွှန်းကိန်း(PMI)သည် စက်တင်ဘာလတွင် ၄၇.၉ ရှိခဲ့ရာမှ ယခုလတွင် ၄၉.၁ ရှိခဲ့သည်။ ၎င်းမှာ သုံးလအတွင်း အမြင့်ဆုံး PMI ညွှန်းကိန်းဖြစ်သည်။

စက်တင်ဘာလတွင် စက်မှုဆိုင်ရာထုတ်လုပ်မှုများသည် လွန်ခဲ့သည့် တနှစ်ကထက်စာလျှင် ၉.၂% တက်လာပြီး ခန့်မှန်းထားသည်ထက် တိုးတက် ခဲ့သည်။ လေးလအတွင်း ပထမဆုံးအကြိမ်တက်လာခြင်း ဖြစ်သည်။

ပို့ကုန်နှင့် လက်လီအရောင်းများလည်းတိုးတက်ခဲ့သည်။

“အဲဒီအစီရင်ခံစာတွင် စက်တင်ဘာလ စက်မှုဆိုင်ရာထုတ်လုပ်မှု ကိန်းဂဏန်းများမှာ ပြန်လည်ကောင်းမွန်လာမှုကို အတည်ပြုခဲ့ပြီး၊ ပြည်တွင်း အသားတင်ထုတ်လုပ်မှု ခြုံ၍တိုးတက်လာမှုကိုလည်း အတည်ပြုခဲ့ပါတယ်”ဟု Credit Agricole CIB မှအကြီးတန်းစီးပွားရေးပညာရှင် Darisuz Kowalczyk ကပြောသည်။

HSBC ၏(PMI)သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုညွှန်းကိန်းအတွက် တရားဝင်အစီရင်ခံစာတခု မဟုတ်ပေ။ သို့သော် စီးပွားရေးပညာရှင်များ၊ သုံးသပ်သူများက အဆိုပါအစီရင်ခံစာကို ကိုးကားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စက်မှုလုပ်ငန်းတွင် ဖြစ်ပျက်နေသည်များကို အမြင်ကျယ်စွာ ရှုမြင်ထားသောကြောင့် ဖြစ်သည်။

အောက်တိုဘာလအတွက် တရားဝင် PMI ကိန်းဂဏန်းအချက်အလက်များကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဖြန့်ဝေမည် ဖြစ်သည်။

                                                                *********************************************

မြန်မာနိုင်ငံသည် တရုတ်တို့အတွက် သတ္တုတူးဖော်ရေးခွင်သစ်တစ်ခု ဖြစ်လာဖွယ်ရှိ

(MINNING.com မှ 25 October 2012 ရက်စွဲပါ “Myanmar poised to become new mining Mecca for Chinese Investor” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးအလွန် စီးပွားရေးတံခါးဖွင့်နေသော အိမ်နီးချင်း မြန်မာနိုင်ငံက ကမ်းလှမ်းနေသော သတ္တုတွင်းလုပ်ငန်း အခွင့်အလမ်းများမှ အကျိုးအမြတ်ရရှိရန် တရုတ်ကုမ္ပဏီများ လုံးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသော်ငြားလည်း ရွှေ၊ တန်စတင်၊ ကြေးနီနှင့် ရေနံ၊ ဓါတ်ငွေ့အပါအဝင် ဝယ်လိုအားအလွန်ကောင်းသော သဘာဝ သယံဇာတများစွာကို မထိမတို့ရသေးဘဲ ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် အဖိုးတန်ကျောက်မျက်များနှင့် လီသီယမ်သတ္တုတို့ကြောင့်လည်း ကမ္ဘာတွင် လူသိများသည်။

ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ မြန်မာနိုင်ငံ၏ နောက်ထပ်အားသာချက်တစ်ခုမှာ ကုန်ကြမ်းပစ္စည်း အသည်းအသန်ဆာလောင်နေသော ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီးများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့အကြားတွင် ကံကောင်းစွာတည်ရှိနေခြင်းပင် ဖြစ်သည်။

အထက်ပါအချက်သည် ဟောင်ကောင်မှနာမည်ကျော် သတ္တုတူးဖော်ရေးအုပ်စု China Polymetallic Mining CPM မြန်မာနိုင်ငံတွင် ခြေချရသော အကြောင်းရင်းပင် ဖြစ်သည်ဟု Financial Times သတင်းစာက သုံးသပ်ထားသည်။

ရေနံကုမ္ပဏီကြီးများဖြစ်သော Total နှင့် Cheveron တို့မြန်မာနိုင်ငံတွင် ရောက်နှင့်နေကြပြီးဖြစ်သလို၊ Coca-Cola၊ Pepsi နှင့် GE ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီကြီးများသည်လည်း မြန်မာနိုင်ငံသို့ ဝင်လာကြပြီ ဖြစ်သည်။

ဟောင်ကောင်အခြေစိုက် တရုတ်သတ္တုကုမ္ပဏီ CPM သည် မြန်မာနှင့် နယ်စပ်ခြင်းထိနေသော ယူနန်ပြည်နယ်၏ဈေးကွက်ကို ကြီးစိုးရန် အထူးတလည် ရည်မှန်းနေခြင်း ဖြစ်သည်။ သို့သော် အကြီးစား နိုင်ငံတကာကုမ္ပဏီကြီးများနှင့် တရုတ်ပြည်မကြီးကုမ္ပဏီများက မြန်မာနိုင်ငံသို့ဝင်ရန် လေ့လာနေကြပြီ ဖြစ်သောကြောင့် CPM နှင့် အခြားအလယ်အလတ်ကုမ္ပဏီများအနေဖြင့် ခြေလှမ်းသွက်ကြဖို့လိုသည်ဟု Financial Times က သတိပေးသည်။

CPM ကုမ္ပဏီ၏ စီအီးအိုလီကျိုက “ယူနန်ပြည်နယ်ဟာ သူနဲ့သတ္တုသယံဇာတဖွဲ့စည်းပုံတူတဲ့ မြန်မာနိုင်ငံနဲ့ ကပ်နေပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေဟာလည်း မြန်မာပြည်သူတွေနဲ့ ယဉ်ကျေးမှု၊ လူနေမှုပုံစံခြင်း တူညီကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေထဲကို ကျွန်တော်တို့လုပ်နေကျ စီးပွားရေး ပုံစံသယ်ယူသွားဖို့ လွယ်ကူသွားလိမ့်မယ်လို့ ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံလို့ရမယ့် စီမံကိန်းတွေကို ကျွန်တော်တို့ လေ့လာနေပေမယ့် ဘာကိုမှ အလောတကြီး ဇွတ်တရွတ်လုပ်ဖို့ မရှိပါဘူး”ဟု Financial Times သို့ပြောကြားသည်။

မကြာသေးမီက Global Data အစီရင်ခံစာဖော်ပြချက်အရ မြန်မာနိုင်ငံ၏ စက်မှုစီးပွားရေးဖွံ့ဖြိုးမှုသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးခြင်ဖြင့် လူ့အဖွဲ့အစည်း၏အလွှာတိုင်းကို အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိနေသော်လည်း အခြားဝင်ငွေ အလယ်အလတ် အဆင့် အာရှနိုင်ငံများကို ယှဉ်ပြိုင်နိုင်ရန်အတွက် အလုံးစုံ၊ ဘက်စုံ ဖွံ့ဖြိုးရေးမူဝါဒများကို ချမှတ်ကျင့်သုံးရန် လိုအပ်လိမ့်မည်ဟု ဆိုသည်။

ရေနံနှင့် ဓါတ်ငွေ့

ထို့အပြင် ၂၀၁၁ ဧပြီလတွင် မြန်မာစွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသော ပြည်တွင်းရေနံအရံသိုက် စည်ပေါင်း ၃.၃သန်း(3.3MMbbl) နှင့်အတူ စုစုပေါင်းရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့အရံသိုက်စည်ပေါင်း ၂.၁ ဘီလျံ (2.1 bbl) နှင့် ၂၅ ထရီလီယံကုဗပေ(25 tcf) အသီးသီးရှိသည်ဟု ၎င်းအစီရင်ခံစာက ဆိုထားသည်။

မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၁၃.၈ ဘီလျံ ရှိခဲ့ပြီး၊ နိုင်ငံ ဂျီဒီပီ၏ ၃၁ ရာခိုင်နှုန်းကို ပါဝင်ကိုယ်စားပြုထားသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ ပိုမိုအဆင်ပြေလွယ်ကူစေမည့် နိုင်ငံဖြစ်ရန်လိုအပ်နေပြီး၊ မြောက်ပိုင်းမှ ကြေးနီမိုင်းများ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်မှ ရွှေတွင်းများတွင် အန္တရာယ်များသော ထုတ်လုပ်မှုစနစ်များကို တွေ့နေရသောကြောင့် ဆိုင်ရာဥပဒေစည်းကမ်းများ တိုးတက်ဖို့လိုအပ်နေသည်ဟု Global Data အစီရင်ခံစာက ထောက်ပြထားသည်။

ထိုမျှသာမကဘဲ၊ မြန်မာနိုင်ငံသည် သတ္တုထုတ်လုပ်ရေးနှင့် ပို့ကုန်စီးပွားရေး အလားအလာများကို မြှင့်တင်ရန်အတွက် ဆိပ်ကမ်းများ၊ ကားလမ်းများ၊ ရထားလမ်းများလည်း အလွန်အမင်း လိုအပ်နေသည်ဟု ဆိုသည်။

အဆိုပါ အကြောင်းရင်းများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင်လှုပ်ရှားနေသော နိုင်ငံတကာ သတ္တုတွင်းကော်ပိုရေးရှင်းများ မရှိသေးခြင်းက အသေးစားသတ္တုကုမ္ပဏီများအတွက် အခွင့်သာသည့် ကွင်းတစ်ခုဖြစ်အောင် ပြုလုပ်ပေးနေသည်ဟု ကျွမ်းကျင်ပညာရှင်များက ယုံကြည်နေကြသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စီးပွားရေးအင်အားကြီးများထဲမှ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား ကုမ္ပဏီများသာ လာရောက်ရင်းနှီးမြှုပ်နှံ ထားကြသည်။ မြန်မာ့သတ္တုတွင်းကဏ္ဍအပေါ် အားတက်စရာကောင်းသော အစီရင်ခံစာကအကဲဖြတ်ထားသည့် အနေအထားသည် ဆက်လက်ပြောင်းလဲ နေပါလိမ့်ဦးမည်။

 *********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive