Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၈.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူငယ်တံခါး၊ လူဦးရေတံခါး

*****************************************

ဆောင်းပါးကဏ္ဍ

လူငယ်တံခါး၊ လူဦးရေတံခါး

ဇေယျသူ

(အောက်တိုဘာလ ၂၇ရက်နေ့ထုတ်  The Voice Weekly အတွဲ ၈ အမှတ် ၄၃ မှ ထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံတွင် “ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ချိန်” သည် “လူဦးရေ အခွင့်အလမ်း တံခါး” ပွင့်ချိန်နှင့် ကံကောင်းထောက်မစွာ တိုက်ဆိုင် နေသည်။ အလုပ်လုပ်နိုင်သော လူဦးရေ (၁၅ နှင့် ၆၄ ကြား) ကို တည်ပြီး စုစုပေါင်း လူဦးရေနှင့် စားထားသော ရလဒ်၊ အချိုးမြင့်မားခြင်းသည် လူဦးရေ အခွင့်အလမ်း (demographic dividend) ပင်ဖြစ်သည်။ မှီခိုလူဦးရေထက် အလုပ်လုပ်နိုင်သည့် လူဦးရေကများလျှင် လူဦးရေ အခွင့်အလမ်းပင်။ အလွယ် ပြောရလျှင် ထိုင်စားမည့် သူနှင့် စားစရာ ရှာမည့် သူတို့တွင် စားစရာရှာမည့် သူကများလျှင် ကြီးပွား တိုးတက်ရန် အခွင့်အလမ်း ရှိနေပြီ။

သက်ကြီးလူဦးရေ ၆၅ နှင့် အထက် အချိုးအစားသည် အလုပ် လုပ်နိုင်သည့် လူဦးရေ၏ ၇ဒသမ၄ ရာခိုင်နှုန်း သာ ရှိပြီး တရုတ်ပြည် (၁၁ ဒသမ ၅ ရာခိုင်နှုန်း)နှင့် ထိုင်း (၁၂ ဒသမ ၉ ရာခိုင်နှုန်း)တို့အောက် များစွာနိမ့်နေကြောင်း အာရှဖွံ့ ဖြိုးရေးဘဏ်က မကြာသေးမီက ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာတစ်နိုင်ငံလုံး လူဦးရေကို အသက်အလိုက် ကြီးစဉ်ငယ်လိုက် အပေါ်ဆုံးမှစကာ စီစဉ်လိုက်လျှင် ငှက်ပျောဖူးအသွင် အလယ်တွင် ဖောင်းနေ (လုပ်နိုင်ကိုင်နိုင်သူက များနေ) သောကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ အခွင့်အလမ်း ပေါ်ထွန်းနေပြီ။

လူဦးရေ အချိုးအစားအရ နိုင်ငံဖွံ့ဖြိုးရန် အခြေအနေကောင်းများ ပေါ်ထွက်ချိန်နှင့် ဆုံဆည်းချိန်တွင် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်သော နိုင်ငံတို့သည် ထိုးတက်သွားမြဲ ဖြစ်သည်။ ကမ္ဘာတွင် အမြင့်မားဆုံး အရှိန်ဖြင့် တရုတ်နိုင်ငံ တောက်လျှောက် တိုးတက်ခဲ့သည့် ကာလများသည် လူဦးရေအခွင့်အလမ်း ပေါ်ပေါက်ချိန်နှင့် တိုက်ဆိုင်နေပြီး ထိုအားသာချက်ကို တရုတ်က ထိထိရောက်ရောက် ဖမ်းဆုပ်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အများအောချဖွယ် တိုးတက်မှုနှုန်းကို ရခဲ့ခြင်း ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ လူဦးရေတွင် လူငယ်ထု၏ အချိုးအစားသည် ကြီးမားစွာ ရှိနေသောကြောင့် နိုင်ငံအား ရှေ့သို့ တွန်းပို့နိုင်မည့် အားသာ ချက်များ ရှိသည့်အနက် “လူငယ်ထု” ကို ထိပ်ဆုံးမှထား အားကိုးလာကြသည်။ အသက် ၁၅ နှစ် နှင့် ၂၈ နှစ်ကြား လူဦးရေသည် ၁၃ သန်းရှိသည့်အတွက် အလုပ် လုပ်နိုင်သော လူဆယ်ယောက် ရှိလျှင် လေးယောက်မှာ လူငယ်ဖြစ်သည်။ ၁၅ နှင့် ၃၄ ကြား လူဦးရေကို တွက်လိုက်လျှင် အချိုးအစား ပိုမြင့်သွားမည်။ အလုပ် လုပ်နိုင်သော အရွယ်အောက် လူဦးရေသည်လည်း စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံ ရှိနေပြန်ရာ နိုင်ငံ့အနာဂတ်သည် လူငယ်တို့ လက်တွင်းတွင် ရှိနေကြောင်း သေချာလှသည်။

 

အခွင့်အလမ်းလော၊ ကျိန်စာလော

လူဦးရေ အခွင့်အလမ်းကို နိုင်ငံအများအပြား ကြုံခဲ့ရသော်လည်း မသိသူကျော်သွား၊ သိသူဖော်စား ဆိုသကဲ့သို့ လက်တွေ့ အကောင်အထည်ဖော် နိုင်သည့် နိုင်ငံများသာ ဖွံ့ဖြိုးရေး လှေကားကို ခုန်ပျံကျော်လွှား တက်သွားကြပြီး ကျန်နိုင်ငံများမှာ ဒုံရင်းဒုံရင်းသာ ကျန်ခဲ့သည်။ လူဦးရေ အခွင့်အလမ်းမှ သည် လူဦးရေ ကျိန်စာသို့ ပြောင်းလဲသွား (Demographic Curse) လျှင် ဒုံရင်းထက်ပင်ဆိုးသော အခြေအနေများကို ရင်ဆိုင် ကြရသည်။ မြန်မာနိုင်ငံတွင် သန်းနှင့် ချီသော လူငယ်များသည် အလုပ်လုပ်နိုင်သည့် အရွယ်ဖြစ်သော်လည်း အလုပ် လုပ်နိုင်သည့် အရွယ်တိုင်း အလုပ်အလိုလို မရကြောင်း လူတိုင်းအသိ။ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေလျှင် ကိုယ့်အားကိုယ်မကိုးနိုင်သူများ ဖြစ်သောကြောင့် တိုင်းပြည်၊ တစ်နည်းအားဖြင့် မိဘဆွေမျိုး များက တင်ကျွေးထားရမည်။ ထိုအခါ နဂိုကတည်းက ဝင်ငွေနည်းသော တိုင်းပြည် ဖြစ်သောကြောင့် ဆင်းရဲတွင်း ပိုနက်လာမည်။ စိတ်နှစ်မြုပ်စရာ အလုပ်အကိုင် မရှိခြင်း၊ ပညာရေး အားနည်းခြင်း၊ အချိန် ပိုခြင်း၊ စဉ်းစား ဆင်ခြင်ဉာဏ် ဗဟုသုတ အားနည်းခြင်းနှင့် သွေးသား အားကောင်းသည့် အရွယ်တို့ ပေါင်းမိပါက လိင်မှ တဆင့် ကူးစက်တတ်သော AIDS စသည့် ရောဂါများ ပြန့်ပွားနှုန်း မြင့်မည်။ အဖေမပေါ်ဘဲ ကလေးဖျက်ချနှုန်းများလည်း တိုးလာနိုင်သည်။ လူငယ်ထုတွင်း စိတ်ကျရောဂါဖြစ်သူ များလာမည်။ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ ရာဇဝတ် ဂိုဏ်းများ စသည်စသည် ဖြင့် တစ်နွယ်ငင် တစ်စင်ပါ ပြဿနာများ တိုးပွားလာမည်။ မိသားစုတွင်း လူမှုရေး၊ စီးပွားရေး ပြဿနာများ ရင်ဆိုင်နေရလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်ပါက သန်း ဆယ်ဂဏန်းနှင့် ချီသော လူသားတို့၊ မိသားစုတို့ ပါဝင် ပတ်သက် နေသောကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်မည်။ ထို နိုင်ငံမျိုးကို ရင်းနှီးမြှုပ်နှံသူများ ဝေးဝေးရှောင်မည်။ ထို လူငယ်တို့ ငယ်စဉ်က အလုပ်မလုပ်၊ မလုပ်နိုင်၊ လုပ်ခွင့်မရသောကြောင့် စုဆောင်း မထားခဲ့နိုင်လျှင် ယင်းတို့ အိုမင်းမစွမ်း သောအခါ အိုသောသူ အရေအတွက်က များနေသောကြောင့် တိုင်းပြည်က ကုန်းရုန်း ပေးဆပ်ရမည်။

 

ပညာရေး၊ ကျန်းမာရေး

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ခရီးလမ်းတွင် အကြီးမားဆုံး အတားအဆီး ကြီးတစ်ရပ်မှာ စွမ်းရည် Capacity တွင် ဖြစ်သည်။ စီးပွားရေးလုပ်ငန်း များ၊ အစိုးရ ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များတွင် ကျန်းမာကြံ့ခိုင်ပြီး လုပ်တတ်ကိုင်တတ် စဉ်းစားတတ်သူများ ရှိမှသာ နိုင်ငံကောင်းမွန်စွာ လည်ပတ်ပြီး ရှေ့ရောက်မည်။ လူသားအရင်း အမြစ်ကို အကောင်းဆုံး ဖော်ထုတ်နိုင်ရန်မှာ ပညာရေးနှင့် ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို တိုးမြှင့်ရုံနှင့် မလုံလောက်၊ ထိုကဏ္ဍများကိုပါ တစ်ပါတည်း မြေလှန်သလို ပြုပြင်ပြောင်းလဲ မှသာ လူသား အခွင့် အလမ်းကို ဖော်ဆောင်နိုင်မည်။ အလုပ် လုပ်နိုင်သည့် လူငယ် ဘယ်နှသန်းပင် ရှိရှိ စဉ်းစားဉာဏ်နည်း၊ ရှူနာရှိုက် ကုန်းများ ဖြစ်နေပါက မည်သို့ အလုပ် လုပ်နိုင်မည်နည်း။ မည်သူက အလုပ်ခန့် မည်နည်း။ နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ဝင်ရောက်လာလျှင်လည်း အဆင့်နိမ့် ပညာသာ တတ်လျှင် အဆင့်နိမ့် နေရာများသာရပြီး အထက် အဆင့်များကို ပြည်ပသား များကသာ ယူသွားပေမည်။

 

အလုပ်အကိုင်

လွတ်နေသော လူငယ်များမှာ နိုင်ငံအတွက်၊ မိသားစုအတွက် မည်သို့မျှ မကောင်းသည့်အတွက် လူငယ်များကို အလုပ်အကိုင် ပေးနိုင်မည့် လုပ်ငန်းများ ဖော်ထုတ်ပေးရန် အရင်လိုသလို အရေးလည်းကြီးသည်။ မြန်မာတို့ စီးပွားရေး လုပ်ကြမှသာ ထိုလုပ်ငန်းတို့က ခန့်ထားသည့် စီးပွားရေး လုပ်ငန်းများ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် စီးပွားရေး ပတ် ဝန်းကျင် အခြေအနေကောင်း (Good Business Climate) ကို ဖန်တီးပေးရန် လိုသလို တရားသဖြင့် စီးပွားရေး လုပ်ခြင်း သည် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝကြောင်း ပညာပေးရန် လိုသည်။

လူငယ်များကို အလုပ်အကိုင် ပေးနိုင်ရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များများစားစား ဝင်လာရန် လိုသလို ပြည်တွင်းတိုင်းရင်းသား လုပ် ငန်းရှင် တို့၏ ရင်းနှီးမြှုပ်နှံမှု တိုးလာရန်လည်း လိုအပ်သည်။ ထို ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများ တွင်သာ ဝင်ရောက်လာခြင်း မဟုတ်ဘဲ အလုပ်အကိုင်အများအပြား ပေးနိုင်သည့် လုပ်ငန်းများတွင်ပါ ဝင်ရောက်လာ ရန်လည်း လိုသည်။ သဘာဝ သယံဇာတကို ထုတ်ယူရောင်းချသည့် လုပ်ငန်းများ (Extractive Industries) များသာမက လူအင်အား များများသုံးရသည့် ကုန်ထုတ် လုပ်ငန်းများ (Labour Intensive Productive) ဝင်ရောက်လာအောင် ဆွဲဆောင်ရန် လိုအပ်သည်။

 

ရိုးသား ကြိုးစားယဉ်ကျေးမှု

တစ်ချိန်တည်းတွင်ပင် လူသား အရင်းအမြစ်ကို နှစ်ရှည် အထိနာစေခဲ့သည့် “ရိုးသူခံ၊ လည်သူစား” ယဉ်ကျေးမှု ဝါ အရိုးစွဲ အမူအကျင့် တို့ကို ပြောင်းပစ်ရမည်။ ရိုးသားကြိုးစားသူ နောက်နားတွင် ပြားကပ် ကျန်ရစ်ပြီး မကြိုးစား၊ မရိုးသားဘဲ ကပ်တတ် ရပ်တတ်ရုံဖြင့် ရှေ့ရောက်နေသရွေ့ မရိုးသား မကြိုးစားအောင် အားပေးသလို ဖြစ်နေဦးမည်။ ရိုးသား ကြိုးစား ခြင်းဖြင့် ကြီးပွားနိုင်ကြောင်း မက်လုံးများ ပေါ်ပေါက်လာမှသာ လူငယ်တို့ ကြိုးစားအား ရိုးသားအား ရှိမည်ဖြစ်သည်။ ဘဝသင်ခန်းစာကို အဓိက စတင်ထိတွေ့ရသည်မှာ ကျောင်းများဖြစ်သည့်အတွက် အမှန်တကယ် ကြိုးစားသူ ထက်မြက်သူ များ စာသင်ခန်းတွင် အမှတ်ကောင်းရအောင် စီစဉ်ရမည်။ စာမေးပွဲနီးမှ ဆရာ ဆရာမကို ချဉ်းကပ်ပြီး အမှတ်ကောင်းနိုင်မှန်း ထိုကလေး ရိပ်မိသွားလျှင် ရေသာခို အချောင်လိုက်လိုစိတ် တစ်သက်လုံး ဝင်သွားမည်။ သန်းနှင့်ချီသော ကလေးတို့ အချောင်ရလိုစိတ် ဝင်သွားလျှင် နိုင်ငံ့ အနာဂတ်ကို မတွေးဝံ့စရာ။

 

မလွတ်တမ်း

အခြားခြားသော အခွင့်အလမ်းတို့သည် မြန်မာနိုင်ငံနှင့် ကြုံဆုံခဲ့ပြီး ဖြတ်ကျော်သွားသည်မှာ အကြိမ်ပေါင်း မနည်းတော့သောကြောင့် ယခု ရတောင့်ရခဲ လူဦးရေ အခွင့်အလမ်းကို မလွတ်တမ်း အသုံးချရန် လိုအပ်သည်။ အခြားခြားသော အခွင့်အလမ်းများနှင့် ကွဲပြားခြားနားသည်မှာ လူဦးရေ အခွင့်အလမ်းသည် အမြဲတည်ရှိနေမည် မဟုတ်။ တံခါးပွင့်လာချိန် ခဏလေးတွင် အသုံးမချနိုင်လျှင် ပျောက်ကွယ်သွားမည်။ ပျောက်ကွယ် သွားရုံ မကသေး၊ လူဦးရေ ကျိန်စာအဖြစ်လည်း ပြောင်းလဲသွားဦးမည်။ ပညာမတတ်၊ စဉ်းစား ဆင်ခြင်ဉာဏ်နည်း၊ အချိန်ပို၊ အလုပ်လက်မဲ့၊ အားကောင်းမောင်း သန် သန်းဆယ်ဂဏန်းကျော် လူငယ်များနှင့် မြန်မာနိုင်ငံကို မြင်ယောင် ကြည့်ရုံဖြင့်ပင် ကျောချမ်း ရလိမ့်မည်။ သေချာသည်မှာ ထိုသို့ သော မြန်မာ နိုင်ငံတွင် နေဝင်သည်နှင့် တံခါးလုံအောင် ပိတ်ထားရလိမ့်မည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် လူငယ်တို့ သည် ရှေ့ဆုံးမှ ပါခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် လူငယ်ဘဝ တစ်လျှောက်လုံး နိုင်ငံအတွက် ကြိုးပမ်းရင်း ၃၃ နှစ် မပြည့်မီ ငယ်ငယ်ရွယ်ရွယ် လူငယ်လေးတစ်ဦး ဘဝနှင့်ပင် ဆုံးပါးခဲ့ သည်။ လူငယ်သည် တက်ကြွသည်၊ ဖျတ်လတ်သည်၊ အတုယူ လွယ်သည်။ ထိုသို့သော လူငယ်သည် ပညာတတ်လျှင်၊ စဉ်းစား တတ်လျှင်၊ ကျန်းမာလျှင်၊ ဇွဲရှိလျှင် မြန်မာနိုင်ငံ သည် နောက်ကျခဲ့သော နေ့ရက်များကို ချန်ထားကာ သူ့ ရုန်းအားဖြင့် ရှေ့သို့ အမြန် လှမ်းတက်နိုင်မည်။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၈.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဥရောပသို့ မြန်မာ့သစ်တင်ပို့နိုင်ရန် စီစဉ်
  2. Data Center တစ်ခု မြန်မာ-ဂျပန် ပူးပေါင်းတည်ဆောက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တရားစီရင်ရေးနယ်ပယ် အဂတိလိုက်စားမှုကင်း၍ အားကောင်းစေရေး ကော်မတီနှစ်ခု စောင့်ကြည့်မည်
  2. နိုင်ငံဝန်ထမ်းနည်းတူ ပုဂ္ဂလိကဝန်ထမ်းများ အခွန်ပေးဆောင်ရမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဥရောပသို့ မြန်မာ့သစ်တင်ပို့နိုင်ရန် စီစဉ်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီး အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် Santion ဖြေလျော့ မှုများ ပြုလိုက်ခဲ့သည့် ဥရောပ(EU)နိုင်ငံများသို့ မြန်မာ့သစ်များတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သစ်တောရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့သစ်တွေကို ဥရောပနိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါပြီ။ အဓိကအခက်အခဲ တစ်ခုအနေနဲ့ကတော့ EU နိုင်ငံတွေကို သစ်တင်ပို့မယ်ဆိုရင် ထောက်ခံချက်လိုတာပါပဲ။ ဒီတင်ပို့မှုတွေအတွက် သဘာဝပတ်ဝန်း ကျင်လုံးဝထိခိုက်မှု မရှိအောင် ဆောင်ရွက်ထားပါတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက “သစ်နှင့် EU ဈေးကွက်”အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် International Business Centre(IBC)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲ တွင် ဥရောပ(EU)နိုင်ငံများသို့ သစ်တင်ပို့ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

“ပြည်ပကိုသစ်တင်ပို့တဲ့အခါမှာ သူတို့တောင်းတာနဲ့ ဦးတို့ဘက်ကပေးတာနဲ့ ကိုက်ရဲ့လား။ သူတို့တောင်းတာ မြင့်နေသလား။ သူတို့လိုချင်တဲ့ ပုံစံကိုလေ့လာပြီး ဝန်ကြီးဌာနကို ထောက်ခံတင်ပြမယ်။ သူတို့ကို လိုက်ဖို့စနစ်က အခက်အခဲမရှိဘူး။ စာရွက်စာတမ်း ဖြည့်ဆည်းရမယ်။ အဲဒါကို မဖြည့် ဆည်းနိုင်ရင် မရဘူး။ စာရွက်စာတမ်းအတွက် ကြိုတင် ပြင်ဆင်ထားတာတွေ ရှိတယ်။ ပြင်ဆင်ထားတဲ့စနစ်ကို သူတို့လက်ခံဖို့ လိုတယ်”ပာု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

သစ်လုပ်ငန်းရှင်များအနေဖြင့် သစ်တောထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များကို မထိခိုက်စေဘဲ လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:Popular News

------------------------------------------------------------------------------------------------------------------------

Data Center တစ်ခု မြန်မာ-ဂျပန် ပူးပေါင်းတည်ဆောက်မည်

ပြည်တွင်းရှိသတင်းမီဒီယာသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များအတွက် လိုအပ်သည့် အချက် အလက်များကို သိရှိနိုင်စေရန် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် မြန်မာ-ဂျပန် ပူးပေါင်း၍ Data Center တစ်ခုကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် လှိုင်တက္ကသိုလ်နယ်မြေတွင် ကျင်းပခဲ့သော Data Center Service in Myanmar မိတ်ဆက်ပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နှစ်ဆန်းပိုင်းမှာ လုပ်ငန်းစပြီးလည်ပတ်လာရင် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတွေကို ပဏာမှုဦးစားပေး လုပ် ဆောင်ပေးသွားမှာပါ။ ပြီးရင် ကုမ္ပဏီတွေ၊ စက်ရုံအလုပ်ရုံတွေကို ဆက်ပြီးလုပ်ငန်းလက်ခံပေးသွားမှာပါ”ပာု MICTDC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် News Watch ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယင်း Data Center ကို ပြည်တွင်းရှိ MICTDC ကုမ္ပဏီ(Myanmar ICT Development Center)နှင့် ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ၊ ဆက်သွယ်ရေး ကွန်ရက်လုပ်ငန်းများတွင် သက်ဆိုင်ရာ ဒေတာအချက် အလက်များကို လုံခြုံစွာထိန်းသိမ်းနိုင်၍ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ Data Center တစ်ခု တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Data Center ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အကောင်အထည် ဖော်သွားမှာပါ။ ပြည်တွင်းမှာ Data Center အများအပြား ဖွင့်လှစ်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ဒီစင်တာမှာ ဘယ်လုပ်ငန်းဆို ဘယ်လောက်ယူသင့်တယ်ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေပါတယ်”ပာု MICTDC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Data Center တည်ဆောက်ရန် မြန်မာနိုင်ငံရှိ MICTDC နှင့်ပူးပေါင်းဆောင်ရွက်မည့် ဂျပန်နိုင်ငံ၏ Hitachi ကုမ္ပဏီမှာ နိုင်ငံတကာတွင် Data Center အများအပြားကို တာဝန်ယူလုပ်ကိုင်လျက်ရှိပြီး ဂျပန်နိုင်ငံတွင်လည်း စုစုပေါင်း Data Center ၁၈ ခုကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:News Watch

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တရားစီရင်ရေးနယ်ပယ် အဂတိလိုက်စားမှုကင်း၍ အားကောင်းစေရေး ကော်မတီနှစ်ခု စောင့်ကြည့်မည်

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍများတွင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများကင်း၍ ဖြောင့်မတ်မှန်ကန် အားကောင်းလာနိုင်စေရေး အတွက် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီနှစ်ခုမှ စောင့်ကြည့်၍ ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ကြေညာချက်တွင် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေ စိုးမိုမှုအားကောင်းလာစေရန် အတွက် ပဉ္စမမဏ္ဍိုင်ဖြစ်သော ပြည်သူ့ကိုယ်စားလှယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးက တာဝန်သိသိ ဝိုင်းဝန်းဆောင်ရွက်ရန်အထူးလိုအပ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများကို သတ္တိရှိရှိ ဖော်ထုတ်တင်ပြ၍ လူထုအတွင်း တွေ့ကြုံနေရသော မှုခင်းများအတွက် လာဘ်ပေးလာဘ်ယူ မလုပ်ကြဘဲ အမှန်အတိုင်း ရင်ဆိုင်ဖြေရှင်းကြရန် ပညာပေးတိုက်တွန်းကြရမည်ဖြစ်ကြောင်းနှင့် တရားစီရင်ရေးနယ်ပယ်တွင် လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှုအခြေအနေ ပဏာမစုံစမ်းစစ်ဆေးမှု ပြုလုပ်ဖော်ထုတ်၍ ယင်းကိစ္စရပ်များအား အုပ်ချုပ်ရေးမဏ္ဍိုင်မှ ထိရောက်သော အရေးယူမှုများ ပြုလုပ်ရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့်လည်း တရားစီရင်ရေးနယ်ပယ်တွင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု ကင်းစင်စေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြုစုပြဋ္ဌာန်းခြင်း၊ ဥပဒေပောာင်းအချို့ကို ပြင်ဆင်ခြင်းနှင့် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့် ထိန်းညှိခြင်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး တရားစီရင်ရေး မဏ္ဍိုင်အားကောင်းလာနိုင်စေရေးအတွက် အမှန်တကယ် လုပ်ဆောင်နိုင်မည့်သူများမှာ တရား စီရင်ရေးစနစ်အတွင်းမှ ပုဂ္ဂိုလ်များကသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရားစီရင်ရေးကဏ္ဍ၌ လက်ရှိ လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများမှာ လွန်စွာသိမ်မွေ့လှပြီး လက်ပူးလက်ကြပ် ဖမ်းဆီးဖော် ထုတ်ရန် ခက်ခဲလှပြီး တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာနိုင်စေရန်အတွက် အခြား မဏ္ဍိုင်(၄)ရပ်ဖြင့် ထိန်းညှိထောက်မမှုကို ပာန်ချက်ညီညီ ပြု လုပ်ရန်လိုအပ်ကြောင်းနှင့် ထိုသို့ ဘက်ပေါင်းစုံကြပ်မတ်နေသည့်တိုင် ပြောင်းလဲတိုးတက်မှုများမရှိပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

 ------------------------------------------------------------------------------------------------------------------------

နိုင်ငံဝန်ထမ်းနည်းတူ ပုဂ္ဂလိကဝန်ထမ်းများ အခွန်ပေးဆောင်ရမည်

ပုဂ္ဂလိကဝန်ထမ်းများ၏ ပင်စင်ဂရုဏာကြေးများအပေါ်တွင် ကောက်ခံသည့် အခွန်ငွေများနှင့်ပတ်သက်၍ အစိုးရ ဝန်ထမ်းများနည်းတူ အခွန်မှ ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ  လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေးသတ္တမနေ့တွင် မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဝင်ငွေခွန်ဥပဒေအရ ပုဂ္ဂလိက ဝန်ထမ်း၊ အစိုးရဝန်ထမ်းခွဲခြားမှုမရှိဘဲ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေရှိပါက နိုင်ငံ့ဝန်ထမ်း များနည်းတူ ပုဂ္ဂလိကဝန်ထမ်းများပါ အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရဝန်ထမ်းများလည်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ပင်စင်၊ ဂရုဏာကြေး တစ်နှစ် ဝင်ငွေ ကျပ်(၁၄၄၀၀၀၀)ကျော်ပါက အခွန်ကင်းလွတ်ခွင့်ရရှိမည်မပာုတ်ဘဲ ကျသင့်ငွေပေးဆောင်နေရပြီဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် နိုင်ငံဝန်ထမ်းများ အခွန်ပေးဆောင်ရသကဲ့သို့ ပုဂ္ဂလိကဝန်ထမ်းများလည်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

­­­ဒေါ်အောင်ဆန်းစုကြည် လွတ်လာတုန်းကလည်း ဒုတိယပင်လုံလိုဟာမျိုး ပြောထားတာတော့ ရှိတယ်။ ဘက်စုံထောင့်စုံမှာရှိတဲ့ အများဆုံး ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်မယ့် ညီလာခံမျိုး လုပ်ဖို့ မျှော်လင့်ပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး စကားပြောဖို့ ပိုအရေးကြီးပါတယ်။ အသွင်သဏ္ဍာန်အရ ဖြစ် ပြီးတော့ အနှစ်သာရအရ မပါလာမှာကိုပဲ စိုးရိမ်တယ်”

အောက်တိုဘာလ ၂၂ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ(၃)၊ အမှတ် (၂၂) တွင် ပါရှိသည့် ပြည်ထောင်စုစနစ် အမည်ခံ တစ်ပြည်ထောင် စနစ်ကို ထူထောင်ခဲ့၍ ပြည်တွင်းစစ်မီး ပျံ့နှံ့ခဲ့ခြင်း ဖြစ်ဟုဆို သတင်းမှ Rain Fall အဖွဲ့မှာ ဇင်မာအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကျွန်တော်တို့ နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း လွှမ်းမိုးသွားတာ၊ ကျန်တဲ့နိုင်ငံတွေက လာပြီး လွှမ်းမိုးသွားတယ်ဆို နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုး အဖြစ်မခံပါဘူး။ မူဝါဒမှာလည်း ဒီအတိုင်း ချထားပါတယ်။ နောက်တစ်ချက်ကတော့ အချုပ်အခြာ အာဏာကို ထိပါးမခံပါဘူး။

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ်  Weekly Eleven Newsဂျာနယ် အတွဲ(၈) အမှတ်(၃) တွင်ပါရှိသည့် မည်သည့် နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု အဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား သတင်းမှ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်ဥက္ကဋ္ဌတစ်ယောက် အနေနဲ့လည်း အနည်းဆုံး လိုအပ်တဲ့အချိန်ကိုပဲ အသုံးပြုလိုပါတယ်။ မိမိလွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒီစင်မြင့် ပေါ်မှာ ဒီလိုထိုင်နေရသည်ပင်လျှင်လည်း မည်မျှအထိ အချိန်ပေး၊ ကျဉ်းထဲကြပ်ထဲ ဆောင်ရွက်ရတယ် ဆိုတာကို အားလုံးနားလည်မှာ ဖြစ်ပါတယ်။ အဲဒီ လိုပဲ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း လွှတ်တော်ကာလအတွင်းမှာ ဆောင်ရွက်တဲ့ အချိန်အတိုင်းအတာဟာ ဤကာလအတွင်း လုံလောက်မှု ရှိ၊မရှိ တချို့ဆိုလျှင် မလုံလောက်တဲ့အတွက် လွှတ်တော် အစည်းအဝေး ကျင်းပပြီးတဲ့ အချိန်တွေမှာလည်း အချိန်ပိုလုပ်နေရတာ ဖြစ်သလို တချို့ လည်း ရုံးပိတ်ရက်များမှာ ဆောင်ရွက်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ထိုနည်းစွာပဲ လွှတ်တော် ကော်မတီများ အနေနဲ့ လည်း လွှတ်တော်ရပ်နားတဲ့ အချိန်မှာ မည်ကဲ့သို့ မည်မျှလောက်ဆောင်ရွက်နေတယ် ဆိုတာကလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်ချိန် လုံ လောက်ဖို့ အဓိက တာဝန်ရှိသူဟာ လွှတ်တော်ဥက္ကဌရဲ့ တာဝန်လို့ ခံယူထားပါတယ်။ ဒါကြောင့် မည်ရက်၊ မည်၍၊ မည်မျှ အထိ ဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းကတော့ လုပ်ငန်း အခြေအနေနဲ့ လွှတ်တော်ရဲ့ အခြေအနေပေါ်မှာ မူတည်တယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ်  Weekly Eleven Newsဂျာနယ် အတွဲ(၈) အမှတ်(၃) တွင်ပါရှိသည့် လွှတ်တော် ပုံမှန် အစည်းအဝေးများ ကျင်းပချိန်အတွက် လွှတ်တော် ပြက္ခဒိန်ထားရှိရန် လိုအပ်သော်လည်း အချိန်အတိအကျ သတ်မှတ်နိုင်ခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြောကြား သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive