Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၉.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ-ထိုင်းပူးတွဲဆပ်ကော်မတီခြောက်ခု ဖွဲ့စည်း
  2. ရန်ကုန်မြို့နှင့် အီတလီနိုင်ငံ တုရင်မြို့တို့အား ညီအစ်မမြို့တော်အဖြစ်သတ်မှတ်မည်
  3. ဘက်လိုက်မှုကင်းသည့် သတင်းစာများဖြစ်စေရေးအတွက် ကျင့်ဝတ်ပြဋ္ဌာန်းချက် ထုတ်ပြန်

နိုင်ငံရေးသတင်း

  1. ဦးအောင်မင်းနှင့် နိုင်ငံရေးအင်အားစုများ တွေ့ဆုံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

မြန်မာ-ထိုင်းပူးတွဲဆပ်ကော်မတီခြောက်ခု ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံမှအဓိကရင်းနှီးမြှုပ်နှံလျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဗပာိုစီမံကိန်းအပြီးသတ် ရေးဆွဲရေး အတွက် မြန်မာ-ထိုင်း ပူးတွဲဆပ်ကော်မတီခြောက်ခုကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးပွဲတွင် ဗပာိုစီမံကိန်းရေးဆွဲရေးနှင့် ထားဝယ်စီမံကိန်းအတွင်း အခြေခံအဆောက်အအုံများရင်းနှီးမြှုပ်နှံမှုကို ၂၀၁၃ ခုနှစ်တွင် စတင်နိုင်ရန် သဘောတူညီမှုရရှိခဲ့သည်။

ယင်းသဘောတူညီမှုများတွင် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရေး၊ လိုအပ်သည့်အခြေခံအဆောက်အဦများအတွက် ထိုင်းနိုင်ငံမှ နည်းပညာနှင့်အလုပ်သမားများဖြည့်ဆည်းပေးရေး၊ ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက်များကို တရားဝင်ဖွင့်ထားပေးရေးစသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၁၅ အမီ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပြီး ယင်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာငါးဆယ်ဘီလျံခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

                YC

-------------------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့နှင့် အီတလီနိုင်ငံ တုရင်မြို့တို့အား ညီအစ်မမြို့တော်အဖြစ်သတ်မှတ်မည်

မြန်မာနိုင်ငံ၏စီးပွားရေးအချက်အချာကျဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့အား အီတလီနိုင်ငံ တုရင်မြို့နှင့် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အာရှ-ဥရောပထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အီတလီနိုင်ငံဝန်ကြီးချုပ် H.E Mr. Mario Monti တို့ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌တွေ့ဆုံစဉ် ရန်ကုန်နှင့် တုရင်မြို့တို့အား ညီအစ်မမြို့တော်သတ်မှတ်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအားပိတ်ဆို့မှုများ အမြန်ဆုံးဖယ်ရှားပေးရေးနှင့် GSP အခွင့်အရေးများ ပြန်လည်ပေးအပ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ တိုးမြှင့်ပေးအပ်ရေးနှင့် အီတလီနိုင်ငံသို့ပေးရန်ကျန်ရှိသော ကြွေးမှီများပယ်ဖျက်ပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် အီတလီနိုင်ငံ တုရင်မြို့နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အား ညီအစ်မမြို့တော်အဖြစ် သတ်မှတ်၍ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် အီတာလျံ-ထိုင်းကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ကုမ္ပဏီအား OECD မှ ချမှတ်ထားသော လူ့အခွင့်အရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအချက်များကိုလိုက်နာဆောင်ရွက်ရန် အားပေးရေးစသည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ဝန်ကြီးဌာနများရုံးစိုက်ရာ နေပြည်တော်နှင့်မန္တလေးမြို့တော်တို့ကိုလည်း အခြားနိုင်ငံများနှင့်ညီနောင်မြို့တော်များအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------------

ဘက်လိုက်မှုကင်းသည့် သတင်းစာများဖြစ်စေရေးအတွက် ကျင့်ဝတ်ပြဋ္ဌာန်းချက် ထုတ်ပြန်

နိုင်ငံပိုင်သတင်းစာများအား အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ်ပြောင်းလဲလိုက်ပြီးနောက် လိုက်နာစောင့်ထိန်းရမည့် ဘက်လိုက်မှု ကင်းသည့်သတင်းစာများဖြစ်စေရေးအတွက် ကျင့်ဝတ်ပြဋ္ဌာန်းချက်များအား အောက်တိုဘာလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အများပြည်သူဝန်ဆောင်မှုသတင်းစာဆရာများအနေဖြင့် အများပြည်သူများသိရှိနိုင်စေရန် ထုတ်ပြန်သောသတင်း တိုင်းတွင် သတင်းအချက်အလက်တိကျမှန်ကန်စေရန် အစွမ်းကုန်စိစစ်၍ဘက်လိုက်မှုကင်းကင်းဖြင့် သတင်းရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

အများပြည်သူဝန်ဆောင်မှုသတင်းစာဆရာများသည် သတင်းအချက်အလက်များရေးသားဖော်ပြရာတွင် လိုရာဆွဲတွေးခြင်း၊ သတင်းထိမ်ချန် ခြင်း၊ သူတစ်ပါး၏ပုဂ္ဂလိကအခွင့်အရေးများအား နှောင့်ယှက်ရေးသားဖော်ပြခြင်း၊ သတင်းရေးသားသူ၏ ထင်မြင်ချက်အာဘော်ပါရှိခြင်း၊ မိမိ၏ သတင်းရင်းမြစ်အားဖော်ထုတ်ခြင်း၊ တရားစီရင်ရေးကိုအနှောင့်အယှက်ဖြစ်အောင်ရေးသားခြင်း၊ သတင်းရေးသားရာတွင် ငွေကြေးတံစိုးလက်ဆောင် ရယူခြင်း၊ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံဆော်ခြင်း၊ ဝေဖန်ပုတ်ခတ်ရေးသားခြင်း၊ အခြားသတင်းများကို ကူးယူဖော်ပြခြင်း၊ ရေးသားခြင်း၊ လိမ်လည်၍သတင်းရယူခြင်း၊ တိုင်းပြည်နှင့်ပြည်သူအကျိုးမဲ့စေမည့်သတင်းများကိုရေးသားဖော်ပြခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေရန် သတင်း၊ ဓာတ်ပုံ၊ ကာတွန်း၊ ဆောင်းပါးနှင့် ကြေငြာများရေးသားဖော်ပြခြင်း၊ ညစ်ညမ်းစွာရေးသားခြင်း တို့ကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် တိကျမှန်ကန်မှုမရှိသောသတင်းများကို ရေးသားဖော်ပြမိပါက ကာယကံရှင်ထံဆောလျင်စွာတောင်းပန်ရမည်ဖြစ်သည်။ တရားမျှတမှုနှင့် ဘက်လိုက်မှုကို ထိခိုက်စေမည့်လုပ်ရပ်များကို မည်သည့်ကိစ္စရပ်နှင့်မျှ လုပ်ဆောင်ခြင်းမပြုရန်တားမြစ်ထားသည်။

နိုင်ငံပိုင်သတင်းစာများအား အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်သို့ပြောင်းလဲရာတွင် လိုအပ်သောမူဝါဒများချမှတ်နိုင်ရန် အဖွဲ့ဝင် ငါးဦးပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့ကိုအောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး သတင်းစာဆရာများလိုက်နာစောင့်ထိန်းရန် ကျင့်ဝတ်သိက္ခာများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

 

 ***************************************

နိုင်ငံရေးသတင်း

ဦးအောင်မင်းနှင့် နိုင်ငံရေးအင်အားစုများ တွေ့ဆုံမည်

              ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် ABSDF၊ တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ(UNFC)၊ KNPP၊ လူ့ဘောင်သစ်ပါတီ(DPNS)၊ ALP နှင့် WLB နိုင်ငံရေးအင်အားစုများသည် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ နှစ်ရက်ကြာ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

                အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ဒီမိုမိတ်ဆွေ ၁၀ ပါတီတို့ နိုဝင်ဘာလ ၃ ရက်နေ့က ဦးဝိစာရလမ်းရှိ Peace Center ၌ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆွေးနွေးနေသောတိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးမှုအား ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် နောက်လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

                ကချင်ပြည်နယ်အတွင်းတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့အကြားဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအဆုံးသတ်နိုင်ရေး အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ KIO နှင့် နောက်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည့်ရက်ကိုမူ အတိအကျသိရှိခြင်းမရှိသေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။               

                လက်ရှိအချိန်တွင် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့်ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိခဲ့သည်။

                YC

***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒီနှစ်ဇူလိုင်လအထိ မြန်မာနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၆၆၂ သန်းကျော်ရရှိခဲ့ပြီး တစ်ဝက်လောက်က ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍကို အဓိကထားရင်းနှီးမြှုပ်နှံခဲ့တာပါ။ စစ်မှန်တဲ့ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာပြီး အာဏာခွဲဝေကျင့်သုံးရေးစနစ်တွေ ပေါ်ထွန်းလာဖို့ဆိုရင် လက်ရှိ  ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင်သင့်တယ်။"

နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် First Weekly Journal အတွဲ (၁)၊ အမှတ် (၅၃) တွင်ပါဝင်သော "စစ်မှန်တဲ့ ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာပြီး အာဏာခွဲဝေကျင့်သုံးရေးစနစ်တွေပေါ်ထွန်းလာဖို့ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင်သင့်တယ်လို့ ဝန်ကြီးဦးအောင်မင်းပြောကြား" သတင်းမှ ဝန်ကြီးဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးပြောင်းလဲမှုတွေ အခုလောက်အထိဆောင်ရွက်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ မြန်မာအစိုးရအပေါ် ကန့်သတ်ထားမှုတွေ အားလုံးဖြေလျှော့ဖို့ထောက်ခံပါတယ်။ နှစ်နိုင်ငံကြား တာဝန်ယူမှုရှိ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်ဖို့အားပေးသွားမယ်။"

နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၂) တွင် ပါဝင်သော "အာရှ-ဥရောပ အစည်းအဝေး မြန်မာအတွက် အလားအလာကောင်း ဖော်ဆောင်နိုင်ခဲ့" သတင်းမှ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ခ်ျ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

"အီးဂါးဗားမန့်ကို ဆောင်ရွက်ခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီ၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အဓိကကတော့ အစိုးရဌာနတွေရဲ့ အသုံးပြုမှုလိုအပ်နေခြင်း ဖြစ်ပါတယ်။ ပညာရှင်မရှိတာ ဆက်သွယ်ရေး မရှိတာဆိုတဲ့ အကြောင်းပြချက်တွေက အခုခေတ်အခြေအနေနဲ့ လက်မခံနိုင်တဲ့ အကြောင်းပြချက်ပါ၊ ဝန်ကြီးဌာနတိုင်းမှာလည်း ကွန်ပျူတာရှိတယ်။"

နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၂) တွင်ပါသော" အီးဂါးမန့်လုပ်ငန်း အောင်မြင်ဖို့လိုအပ်" သတင်းမှ မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်ဝန်ကြီးဌာန ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

 

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၈.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ  Obama to visit Myanmar ကိုဘာသာပြန်သည်)

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအမတ်များက အစိုးရအား ရခိုင်ပြည်နယ်တွင် အေးချမ်းမှု ပြန်လည်တည်ဆောက်ရန် တိုက်တွန်း

(Associated Press မှ 8 November 2012 ရက်စွဲပါ “ Suu Kyi ethnic Lawmakers call for Myanmar  gov`t to restore peace after Comm unrest” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ  Obama to visit Myanmar ကိုဘာသာပြန်သည်)

အသစ်ပြန်လည်ရွေးကောက်တင်မြှေုာက်ခံရသော အမေရိကန်သမ္မတ Barack Obama သည် ယခုလအနှောင်းပိုင်းတွင် ရန်ကုန်သို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ၎င်းသည် ယခင်ကအပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ဝါရှင်တန်၏ ထောက်ခံမှုကို ပြသသည့် လက္ခဏာတရပ်ပင် ဖြစ်သည်။

“အိုဘားမားဟာ နိုဝင်ဘာ(၁၉)မှာ ရန်ကုန်ကိုလာပါလိမ့်မယ်။ သူဟာ သမ္မတဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်နဲ့ တွေ့ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူ အစိုးရအရာရှိက AFPသို့ ပြောပါသည်။ လုံခြုံရေးကြောင့် အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရတက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာပြီးကတည်းက အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးမှာ အရေးပါစွာ နွေးထွေးလာခဲ့သည်။

Mr. Obama သည် ရွေးကောက်ပွဲအောင်ပွဲပြီးနောက် နိုဝင်ဘာ(၂၂) ရက်နေ့ Thanksgiving မတိုင်မီနှင့် ကွန်ဂရက်တွင် ဘတ်ဂျက်ကိစ္စ အန္တရာယ်များအတွက် မဆွေးနွေးမီ နိုင်ငံခြားခရီးအတွက် အချိန်အနည်းငယ်သာရသည်။

အိမ်ဖြူတော်ကမူ မြန်မာနိုင်ငံခရီးစဉ်အတွက် အတည်ပြုခြင်း မရှိသေးပေ။

Mr Obama သည် ဖနွမ်းပင်တွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုမျှော်လင့်ရသည်။ အဆိုပါ အစည်းအဝေးမှာ အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် တရုတ်နှင့်ရုရှားအပါအဝင် ဒေသတွင်း ပါတနာများ နှစ်ပတ်လည်တွေ့ဆုံခြင်း ဖြစ်သည်။

“အစီအစဉ်အရဆိုရင်တော့ သူဟာ(၁၈) ရက်နေ့မှာ ရောက်ရမှာပါ”ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Knieu Kanharith က AFPသို့ ပြောသည်။  Mr Obama သည် ၎င်း၏ နိုင်ငံတွင် မည်မျှနေမည်ဆိုသည်ကို မသိကြောင်းနှင့် ထိပ်သီးအစည်းအဝေးသည် နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောသည်။

Obama  အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ တိုးတက်မှုများကို အားပေးလျက်ရှိသည်။

ဦးသိန်းစိန်သည် စက်တင်ဘာလက နယူးယောက်သို့ သမိုင်းမှတ်တိုင်ဖြစ်မည့် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားသည့် ပထမဆုံးမြန်မာခေါင်းဆောင်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အမေရိကန်အစိုးရ တာဝန် ရှိသူများလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သို့ သမ္မတကြီးဦးသိန်းစိန်နှင့် တပြိုင်နက်နီးပါးသွားရောက်ခဲ့ပြီး Mr Obama နှင့် တွေ့ဆုံခဲ့သည်။

“သူရဲ့ခရီးစဉ်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သူရွေးကောက်ပွဲမှာနိုင်သွားတာကလည်း ကျွန်တော်တို့ဝမ်းသာပါတယ်။ သူဟာ မြန်မာနိုင်ငံ အကြောင်း အတော်သိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က AFP သို့ပြောသည်။

၎င်းတို့ ပါတီအနေဖြင့် Obama မြန်မာနိုင်ငံသို့ လာမည်ကို ကြားသိရကြောင်း၊ သို့သော်နေ့ရက်ကိုမူ မသိကြောင်း ၎င်းကပြောသည်။

“အမေရိကန်သမ္မတတွေ မြန်မာနိုင်ငံကို မလာတာ အတော်ကြာပါပြီ။ နှစ်ပေါင်း(၅၀) ကျော်ပါပြီ” ဟု ၎င်းက Burma ဟူသော အမည်ကိုသုံး၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများသည် အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်မှ လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များအတွက် စိုးရိမ်ပူပန်မှု များရှိနေသည့်ကြားမှ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် ဇူလိုင်လက မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ အဓိကအမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်နိုင်ခဲ့သည်။

ကိုကာကိုလာ၊ General Electric တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ တိုးတက်လာမည့်အရေးကိုမျှော်ကိုး၍ မြန်မာနိုင်ငံတွင် စတင်နေရာယူခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့အပေါ် ၂၀၀၇ ခုနှစ်က ချမှတ်ထားခဲ့သော အရေးယူမှုကို ရုတ်သိမ်းပေးမည် ဟု ကြေညာခဲ့သည်။

 ----------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအမတ်များက အစိုးရအား ရခိုင်ပြည်နယ်တွင် အေးချမ်းမှု ပြန်လည် တည်ဆောက်ရန် တိုက်တွန်း

(Associated Press မှ 8 November 2012 ရက်စွဲပါ “Suu Kyi ethnic Lawmakers call for Myanmar  gov`t to restore peace after Communal unrest” သတင်းကို ဘာသာပြန်ဆိုသည်)

မကြာသေးမီက ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်တို့အကြားဖြစ်ပွားသော သွေးမြေကျ အဓိကရုဏ်း ဘေးဒဏ်သင့်ထားသော ရခိုင်ပြည်နယ်တွင် အေးချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ထိန်းသိမ်းရေးအတွက် လုံခြုံရေးတပ်များလုံလုံလောက်လောက်ဖြန့်ချပေးရန် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များက အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က ၎င်းတို့ ထုတ်ပြန်သော ကြေညာချက်တွင် ယခင်လက လူပေါင်း ၉၀ ခန့်သေဆုံးကာ ၃၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော ရခိုင်ပြည်နယ်မှ လူမျိုးစုပဋိပက္ခကိုင်တွယ်ပုံနှင့် ပတ်သက်သည့်မူဝါဒများကို ရှင်းလင်းပြောကြားရန် အစိုးရအား တိုက်တွန်းထားသည်။

ရခိုင်ရော  ရိုဟင်ဂျာပါ အုပ်စုနှစ်စုလုံး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးဖို့လိုသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

အစောပိုင်းဇွန်လက အဓိကရုဏ်းတွင်လည်း အလားတူ လူ ၁၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး လူ ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြဿနာရင်းမြစ်ကိုဖြေရှင်းနိုင်ရေးတို့မှာ အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောဆိုသည်။

နောက်ဆုံးဖြစ်ပွားသော အဓိကရုဏ်းတွင် ပိုမိုထိခိုက်ဆုံးရှုံးသူ ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံခံနေရခြင်းအပေါ် သူမက ဝေဖန်ထောက်ပြမှု မရှိခဲ့ခြင်းကို သူမ၏ နိုင်ငံခြားထောက်ခံသူများစွာက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု သတ်မှတ်ထားသူများအတွက် နိုင်ငံသားဖြစ်ခွင့် စည်းကမ်းများကို ရေးဆွဲထားသော ၁၉၈၂  ဥပဒေကို မည်ကဲ့သို့ ကိုးကားအသုံးပြုနေသည်ဆိုသည်ကိုလည်း အစိုးရအနေဖြင့် ရှင်းလင်းပြတ်သားဖို့လိုသည်ဟု အထက်ပါ ကြေညာချက်တွင် ပါရှိသည်။

၎င်းကြေညာချက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံကိုအမည်မဖော်ပြသော်လည်း ယခုပြဿနာနှင့်သက်ဆိုင်သည်ဟု ထောက်ပြထားသည်။ အရေအ တွက်တွင် အငြင်းပွားစရာဖြစ်နေသော်လည်း ရိုဟင်ဂျာအများစုသည် ဘင်္ဂလားဒေရှ့်ဖက်မှ တရားမဝင်လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု မြန်မာ တို့က သတ်မှတ်ထားကြသည်။

“နယ်စပ်ခြင်း ထိစပ်နေသော အစိုးရနှစ်ဖွဲ့စလုံးသည် နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကိစ္စရပ်များကို တလေးတစားတာဝန်ယူ ဆောင်ရွက်သင့်သည်။ နယ်စပ်ဖြတ်ကူးမှု တားဆီးရေးနှင့် နယ်စပ်လုံခြုံမှု ရှိစေရေးအတွက် နှစ်နိုင်ငံစလုံးက စနစ်တကျဆောင်ရွက်ရန် အရေးတကြီးလိုအပ်သည်” ဟုလည်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများတွင် ယခင်ကလက်ခံထားခဲ့သော ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းဆိုထားပြီး၊ နောက်ထပ်မဝင်နိုင်အောင် တားဆီးပိတ်ဆို့ထားသည်။

 

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive