Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၄.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများပြားသော်လည်း အစိုးရတာဝန်ယူမှု အနည်းငယ်သာရှိ
  2. FDI ဝင်လာပါက ပြည်တွင်း SME လုပ်ငန်းများရှင်သန်နိုင်ရန် ငွေကြေးကဏ္ဍပြောင်းလဲရမည်

နိုင်ငံရေးသတင်း

  1. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းထုတ်ပြန်ကြေညာ
  2. ကြေးရတက်လူမျိုးခြားများ၏ လာဘ်ပေးမှုများကြောင့် မန္တလေးတိုင်းဒေသကြီးတရားစီရင်ရေးစနစ်ယိုယွင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများပြားသော်လည်း အစိုးရတာဝန်ယူမှု အနည်းငယ်သာရှိ

မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် မြေမြှုပ်ဗုံးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးမှုများမရှိသည့်အပြင် ယင်းမိုင်းဆန်ထိမှန်၍ ထိခိုက်ဒဏ်ရာသူများအား ဆေးဝါးကုသမှု အနည်းအကျဉ်းမျှသာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြေမြှုမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၂၄၂ ဦးရှိပြီးကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တတိယအများဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်စာရင်းဝင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းစောင့်ကြည့်စစ်ဆေးမှု နှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၂ အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံပေါင်း ၁၆၀ နှင့်ကမ္ဘာ့အစိုးရအဖွဲ့အစည်းအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်မှ မြေမြှုပ်မိုင်း ပိတ်ပင်တားမြစ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းလက်မှတ်ရေးထိုးမှုတွင် မြန်မာနိုင်ငံပါဝင်ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်(၁၁)ကြိမ်မြောက် ပြည်နယ်အစိုးရများ တွေ့ဆုံဆွေးနွေးပွဲတွင် မြေမြှုပ်မိုင်းပိတ်ပင်တားမြစ်မှု သဘောတူစာချုပ်အား မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းအဖြစ်လက်ခံသွားရန် စဉ်းစားလျက်ရှိကြောင်း နိုင်ငံခြားဝန်ကြီးဌာန ဝန်ကြီးဦးဝဏ္ဏမောင်လွင်က ပြောကြား ခဲ့သည်။ ယင်းသဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှပါဝင် လက်မှတ်ရေးထိုးပြီးပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မြေမြှုပ်မိုင်းများ အသုံးပြုခွင့် ရရှိနိုင်တော့မည်မပာုတ်ကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၉)ဖွဲ့နှင့် မြေမြှုပ်မိုင်းအသုံးမပြုရေး ညှိနှိုင်းဆွေးနွေးရန် ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်တွင် အဖွဲ့ခြောက်ဖွဲ့နှင့်သာ သဘောတူညီမှုရရှိသေးကြောင်း သိရသည်။

YC

**********************************************************************************************

FDI ဝင်လာပါက ပြည်တွင်း SME လုပ်ငန်းများရှင်သန်နိုင်ရန် ငွေကြေးကဏ္ဍပြောင်းလဲရမည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)များ ဝင်ရောက်လာသည့်အချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း(SME)များ ရှင်သန်နိုင်ရန် ငွေကြေးကဏ္ဍပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်မှ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်း ၈ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေကျပ် ၅ ဘီလီယံကို စက်မှုဖွံ့ဖြိုးရေးဘဏ်သို့ ချပေးကြောင်းနှင့် ယင်းလုပ်ငန်းလုပ်ကိုင်သူများအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ကိုက်ညီပါက အမြင့်ဆုံး ငွေကျပ်သိန်းငါးထောင်အထိ ထုတ်ချေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုးမှု ဗဟိုဋ္ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးဝင်းက ပြောကြားသည်။

ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)တို့မှ ကူညီပေးနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား(SME)လုပ်ငန်းများ လုပ်ငန်းဆက်လက်ရပ်တည်ရန် ခက်ခဲနေသည့်အတွက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(SMIDB)မှ ဘဏ်ချေးငွေအတိုးနှုန်းများကို ၈.၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ SMIDB မှအတိုးနှုန်းများ လျှော့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသော်လည်း ယင်းအတိုးနှုန်းများမှာ နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း သိရသည်။

YC

**********************************************************************************************

နိုင်ငံရေးသတင်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရွေးချယ်ရာတွင် ယခင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၆ တွင်ပါရှိသည့် “နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရွေးချယ်ထားသည့် အဖွဲ့ဝင်စုစုပေါင်း(၉)ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရမည်”ပာူသည့် စာပိုဒ်အစား “နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်ထားသည့် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းပြီး သဘောတူညီချက်ရယူရမည်”ပာူသည့် စာပိုဒ်နှင့်အစားထိုးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ယခင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဇ)၏ နောက်တွင် ပုဒ်မခွဲ(ဈ)အဖြစ် “မိမိတို့၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက်နှင့်ပတ်သက်၍ မိမိတို့အား ရွေးချယ်ထားသည့် သက်ဆိုင်ရာနိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(သို့) အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံသို့ အသီးသီးအစီရင်ခံခြင်း”စာပိုဒ်အား ဖြည့်စွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်ပါရှိသည့် ပုဒ်မ ၂၃ “ခုံရုံး၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်”ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ “ပုဒ်မ ၁၂ ပုဒ်မခွဲ(ဆ)အရ တရားရုံးတစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စနှင့်ပတ်သက်၍ ခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်”ပာူသည့်စကားပိုဒ်အား ပုဒ်မ ၂၃ ဖြင့်အစားထိုးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်ပါရှိသည့် ပုဒ်မ ၂၅ ကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

YC

                                        *********************************************         

ကြေးရတက်လူမျိုးခြားများ၏ လာဘ်ပေးမှုများကြောင့် မန္တလေးတိုင်းဒေသကြီးတရားစီရင်ရေးစနစ်ယိုယွင်း

ပိုက်ဆံရှိ ကြေးရတက်လူမျိုးခြားများ၏ လာဘ်ပေးမှုများကြောင့် သမာသမတ်ရှိ၍ မှန်ကန်သည့်တရားသူကြီးများပျောက်ကွယ်၍ မန္တလေးတိုင်းဒေသကြီး တရားစီရင်ရေးစနစ်မှာ ယိုယွင်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ မန္တလေးတိုင်းဒေသကြီးအတွင်း တရားစီရင်ရေးစနစ် ယိုယွင်းနေသည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက မန္တလေးမြို့နယ်အတွင်းရှိ တရားရုံး၊ ခရိုင် တရားရုံးနှင့် တရားလွှတ်တော်တို့ကို သွားရောက်စစ်ဆေးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ သည့် မြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ်တရားသူကြီးနှစ်ဦးအပါအဝင် စုစုပေါင်းခုနှစ်ဦးတို့အား ထုတ်ပယ်ခဲ့သည့်အပြင် အကျင့်ပျက် ခရိုင် တရားသူကြီးတစ်ဦး၊ ဒုတိယခရိုင်တရားသူကြီးတစ်ဦး၊ မြို့နယ်တရားသူကြီးတစ်ဦး၊ အငယ်တန်းတရားသူကြီးတစ်ဦး၊ အကြီးတန်းစာရေးတစ်ဦးနှင့် အငယ်တန်းစာရေးတစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးလက်အောက်ရှိ မြို့နယ်ဥပဒေအရာရှိတစ်ဦးတို့အား စာဖြင့်ပြင်းထန်စွာ သတိပေးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီး၏ တရားစီရင်ရေးစနစ်တွင် လာဘ်ပေးလာဘ်ယူမှုများ ကြီးထွားလျက်ရှိသည့်အပြင် တရားသူကြီးများ အကျင့်ပျက်မှုများဖြစ်ပေါ်နိုင်စေရန် ငွေကြေးတက်နိုင်သူများက လာဘ်ပေးမှုများပြုလုပ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအနေဖြင့်လည်း မန္တလေးတိုင်းဒေသကြီးသို့သွားရောက်စဉ် တရားစီရင်ရေးကဏ္ဍ၌ ဖြစ်ပေါ်လျက်ရှိသောကိစ္စရပ်များကို အစီရင်ခံစာတစ်စောင်ရေးသား၍ လွှတ်တော်သို့တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

 ********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံတကာနဲ့ယှဉ်ရင် မှီနိုင်တဲ့ တက္ကသိုလ်ဆိုတာ ကျွန်မတို့ဆီမှာ မရှိတော့ဘူး။ ယခင်ကတော့ ရန်ကုတ်တက္ကသိုလ်ဟာ နိုင်ငံတကာနဲ့ယှဉ်ရင်အဆင်မီတဲ့ အနေအထားမှာရှိခဲ့ပါတယ်။ ဒီတက္ကသိုလ်တွေကို အဆင့်မီအောင်လုပ်ဖို့ဆိုတဲ့နေရာမှာ အဆောက်အအုံတစ်ခုတည်းတင် ပြောတာမဟုတ်ပါဘူး။ သင်ကြားနည်း စနစ်တွေ၊ ဖွဲ့စည်းပုံတွေအားလုံး အဲဒီထဲမှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တွေရဲ့ဘဝကို အခြေခံထားရပါမယ်။”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၃၄) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အရေးကြီးအဆို ဆွေးနွေးရန်အတည်ပြု” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 *************************************

“ဘဏ်ဆိုတာက ချေးတာပါပဲ အခု စီဒီဒီက အလကားပေးတာ၊ ဒါပေမယ့် နောက်ပိုင်းလာမယ့်ဟာ အကုန်လုံးက ချေးမှာ၊ ဟိုအရင်တုန်းကလဲ ကျွန်မတို့ ပြန်မပေးထားတဲ့အကြွေးတွေ အပုံလိုက်တင်သွားတာက အမှန်ပြောရရင် နိုင်ငံတော်ကတင်တယ်ဆိုတာက အမှန်တော့ ပြည်သူတင်တာလေ။ အခု ထပ်လာမယ့် အကြွေးတွေကလည်း ပြည်သူကပြန်ပြီး သဘာဝအရင်းအနှီးတွေနဲ့ပဲ ပြန်ဆပ်ရမယ့်ဟာမျိုး ဖြစ်တာကြောင့် ကျွန်မတို့ဘက်က သူတို့ရဲ့ ပေါ်လစီကို သူတို့ကိုယ်တိုင် သေချာလိုက်နာနိုင်အောင် လုပ်ရပါမယ်”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၃၄) တွင်ပါရှိသော “ပြည်သူတွေအကျိုးရှိဖို့ ကမ္ဘာ့ဘဏ်စီမံကိန်းတွေ ပွင့်လင်းမြင်သာမှုရှိဖို့အရေးကြီး”သတင်းမှ ဒေါ်ခင်ဥမ္မာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 ******************************************

“ကျွန်တော်တို့အနေနဲ့ တည်ငြိမ်တဲ့ဘဏ္ဍာရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်သလို လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ အခြေခံ အဆောက်အအုံများပံ့ပိုးခြင်းတွေကို နိုင်ငံရဲ့အခြားဒေသများမှာ ဆောင်ရွက်သွားဖို့စီစဉ်နေလို့ပါ၊ သိသာထင်ရှားတဲ့တိုးတက်မှုတွေကို မြန်မာလူမျိုး တွေ့မြင်လာနိုင်မှာပါ”

နိုဝင်ဘာ ၁၅ ထုတ် The Envoy News အတွဲ (၃) အမှတ် (၂၆) တွင်ပါသည့် “အစိုးရ၏စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရေး တို့အတွက် ကမ္ဘာ့ဘဏ်က ကဏ္ဍကြီးသုံးခုဖြင့် အကူအညီပေးသွားမည်” သတင်းမှ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ကန်သန်ရှန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၃.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အာရှအပေါ် အမေရိကန်၏ အာရုံပြုမှုအတွက် အိုဘားမား ပဲ့ကိုင်

(11 November 2012 ရက်စွဲပါ The Australian မှ Shaun Tandon ရေးသားသော Obama steers US towards focus on Asia ကို ဘာသာပြန်သည်)

  1. အမေရိကန်-ထိုင်း စစ်ရေးလေ့ကျင့်ခန်းတွင် လေ့လာသူ အဆင့်အတန်း မြန်မာရရှိ

(Bangkok Post မှ 11 Nov 2012 ရက်စွဲပါ “Myanmar gets observer status at US-Thai War games” သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************************

ဘာသာပြန်သတင်းများ

အာရှအပေါ် အမေရိကန်၏ အာရုံပြုမှုအတွက် အိုဘားမား ပဲ့ကိုင်

(11 November 2012 ရက်စွဲပါ The Australian မှ Shaun Tandon ရေးသားသော Obama steers US towards focus on Asia ကို ဘာသာပြန်သည်)

အမေရိကန် သမ္မတ Barack Obama သည် အင်္ဂါနေ့ ရွေးကောက်ပွဲပြီးကတည်းက နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ပြုပြင် ပြောင်းလဲမှုများကိုအားပေးရန် မြန်မာနိုင်ငံသို့  သမိုင်းဝင်ခရီးစဉ်ကို စီစဉ်လျက်ရှိသည်။ ၎င်း၏ ပထမဆုံးလွှတ်ခဲ့သောအဖွဲ့သည် အဓိကအောင်မြင်မှု ရခဲ့သည်ဟု ရှုမြင်ခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကာကွယ်ရေးဝန်ကြီး Leon Panetta တို့သည်လည်း ယခုလ အာရှသို့ သွားကြမည့် ဖြစ်သည်။ အားလုံးက အချိန်ကိုက်ဖြစ်နေပြီး၊ အိုဘားမားသည် ကမ္ဘောဒီးယားတွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက်မည်ဖြစ်ရာ၊ ပညာရှင်များက အားကောင်းသော လက္ခဏာဟု ရှုမြင်ကြသည်။

“ထပြီး လုပ်လိုက်တာဟာ စကားလုံးတွေထက် အသံပိုကျယ်ကျယ်ထွက်ပါတယ်။ အခုခရီးစဉ်ဟာ Obama ရဲ့ ဒုတိယသက်တမ်းမှာ အာရှအပေါ်မှာ ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားတယ်ဆိုတာ အကျယ်ကြီး အော်ပြောလိုက်သလိုပါပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာနမှ Ernie Bower က ပြောသည်။ ယခုခရီးစဉ်သည် ဗီယက်နမ်စစ်ပြီးကတည်းက အမေရိကန်သမ္မတတစ်ဦးအနေဖြင့် အရှေ့တောင်အာရှသို့ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

Obama သည် သူ၏ကလေးဘဝအချိန်အချို့ အင်ဒိုနီးရှားတွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် ၎င်းတက်လာစဉ်က အရှေ့တောင်အာရှကို ပို၍ အလေးပေးရန်ကတိပြုခဲ့သည်။ ယခင်သမ္မတ George W Bush လက်ထက်က အီရတ်နှင့် အာဖကန်နစ္စတန်တွင်သာ စစ်ပွဲဆင်နွှဲနေခဲ့ပြီး စွမ်းအားအပြည့်ရှိပြီး အမေရိကန်နှင့် အလွမ်းသင့်သော အာရှဒေသကို လစ်လျှူရှူထားခဲ့သည်။

“ဒါပေမယ့် ဆီးရီးယားအရေးကိစ္စမျိုးကတော့ ဝေးဝေးမနေပါဘူး။ အမေရိကန်ဟာ ၂၀၁၄ မှာ စစ်ပွဲဆင်နွှဲခြင်းပြုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အာဖကန်က တပ်တွေ ရုတ်သိမ်းတော့မှာပါ။ ဒါဟာ အစိုးရရဲ့ ဒုတိယ သက်တမ်း အစီအစဉ်မှာ အာရှဟာ နေရာရလာမယ်လို့ အဓိပ္ပါယ်ကောက်ယူသင့်ပါတယ်” ဟု Centre for American Progress မှ အကြီးတန်းဖဲလိုး Nina Hachigian က ပြောကြားခဲ့သည်။

Obama သည် အစပိုင်းတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အာရုံပြုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ဆုံးဖြတ်ချက်မှာ အရှေ့တောင်အာရှဒေသတွင် အမေရိကန်စစ်တပ်၏ကဏ္ဍကို မြှင့်တင်ရန်ပြင်ဆင်ခဲ့သည်။ အမေရိကန်၏ မဟာမိတ်ဂျပန်ကလည်း Beijing သည် နယ်မြေအငြင်းပွားမှုများတွင် ပိုမိုရန်လိုလာကြောင်း စွပ်စွဲခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲသည် တရုတ်၏ ဆယ်စုနှစ်တစ်ခုတွင် တစ်ခါသာ ပြုလုပ်သော ခေါင်းဆောင်ပိုင်းပြောင်းလဲမှု မစတင်မှီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟူကျင်တောင်နေရာကို ဆက်ခံရန်ရှိသည့် Xi Jinping သည် Obama အစိုးရနှင့် အဆင့်မြင့်ပုဂ္ဂိုလ်အဆင့် အစည်းအဝေးများစွာ တွေ့ဆုံပြီး ဖြစ်၍ ရင်းနှီးသူ ဖြစ်သည်။

တရုတ်သည် Obama ၏ ရီပက်ဗလစ်ကင်ပြိုင်ဘက် Mitt Romney ကို ဝေဖန်ခဲ့သည်။ Romney က လက်ရှိ သမ္မတသည် လူ့အခွင့်အရေးကိစ္စများ၊ Beijing ၏ ငွေကြေးတန်ဖိုးနည်းနေမှုအပါအဝင် ကုန်သွယ်ရေး လုပ်နည်းလုပ်ဟန်များ၌ ပျော့ပြောင်းလွန်းကြောင်း စွပ်စွဲခဲ့သည်။

Obama အနိုင်ရပြီးနောက် တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက အမေရိကန်အစိုးရအား တရုတ်အပေါ်ထားရှိသော မူဝါဒအား ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။ ၎င်းက အကြမ်းဖက်ဝါဒ၊ ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးရုတ်တရက် ပြောင်းလဲမှုတို့ကဲ့သို့သော တူညီသော စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

သို့သော် ရှေးရိုးဆန်သော Heritage Foundation ၏ အာရှလေ့လာရေးဗဟိုမှ ဒါရိုက်တာ Walter Lohman က ပြောကြားရာတွင် အမေရိကန် ရွေးကောက်ပွဲနှင့် တရုတ်နိုင်ငံ၏ ခေါင်းဆောင်အပြောင်းအလဲသည် ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှစ်နိုင်ငံကြား ဆက်ဆံရေး ဒိုင်းနမစ်မှာ ပြောင်းမသွားနိုင်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံတွင် အမျိုးသားရေးဝါဒကြီးထွားလာခြင်း၊ စစ်တပ်ကြီးထွားလာခြင်းနှင့် နယ်မြေတောင်းဆိုမှုများတွင် ပို၍ရန်လိုလာခြင်းတို့ကို အမေရိကန်တို့ ရင်ဆိုင်နေရကြောင်း Lohman က ပြောသည်။

“လူကြိုက်များအောင် မဲဆွယ်နေတာမဟုတ်ပါဘူး”ဟု Lohman က အမေရိကန်က တရုတ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရမှု အကြောင်းကို ပြောသည်။

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့အရင်က ကောင်းခဲ့တဲ့ နေ့ရက်တွေကို ပြန်ရောက်မယ်လို့ အဓိပ္ပါယ်မကောက်သင့်ပါဘူး။ ကျွန်တော်ထင်တယ် တရုတ်နဲ့ ကြမ်းတမ်းတဲ့ လမ်းကိုရေရှည်လျှောက်ရမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

မေးခွန်းထုတ်ရမယ့်အချက်မှာ Obama ၏ နောက်ထပ်သက်တမ်းသည် အာရှမူဝါဒအပေါ် အဘယ်သို့သော သက်ရောက်မှုများရှိမည်ဆိုသည့် အချက်ဖြစ်သည်။ ကလင်တန်သည် အာရှကိုဦးစားပေးအဖြစ် သတ်မှတ်ထားသည်။ သို့သော် သူကလည်း သူ၏ စွမ်းအားပြည့်တက်ကြွသော ထိပ်တန်းအာရှ သံတမန် Kurt Campbell နှင့်အတူ အနားယူရန် စီစဉ်နေသည်။

Obama သည် မြန်မာနိုင်ငံခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားရာ လွန်ခဲ့သည့်လေးနှစ် ၎င်းအိမ်ဖြူတော်သို့ ရောက်ခါစက ထိုကိစ္စကို စဉ်းစားမိမည် မဟုတ်ပေ။၏

ဝါရှင်တန်မှ တာဝန်ရှိသူများကမူ မြန်မာနိုင်ငံကို Obama ၏ မူဝါဒအောင်မြင်မှုတစ်ခုအဖြစ် ညွှန်ပြကြသည်။ ၎င်း၏ မိန့်ခွန်းတွင် ပြောခဲ့ရာ တိုးတက်မှုရရန် အမေရိကန်၏ ရန်သူများအပေါ် လက်ကမ်းမည်ဖြစ်ကြောင်းဆိုခဲ့သည်။ ရီပက်ဗလင်ကင်များကမူ Obama သည် အီရန်နှင့် ဆီးရီးယားကို စကားပြောရန် ကြိုးစားခဲ့ခြင်းကို ဝေဖန်ခဲ့သည်။

US Campaign for Burma မှ အောင်ဒင်ကမူ Obama အား မြန်မာနိုင်ငံသို့ မသွားရန် တိုက်တွန်းခဲ့သည်။ ၎င်းက မြန်မာနိုင်ငံလွှတ်တော်တွင် စစ်တပ်က အကြီးအမှူးဖြစ်ဆဲ ဖြစ်ပြီး၊ Obama ၏ သွားရောက်လည်ပတ်မှုက ဤအချက်ကို ပိုမိုအားကောင်း စေမည်ဟု ပြောခဲ့သည်။

Lohman ကမူ အာရှတွင် အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ်ထိုင်းနိုင်ငံသို့ Obama သွားရောက်ရန် ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည်။ Bush သည် ထိုင်းနိုင်ငံသို့ နှစ်ကြိမ်သွားရောက်ခဲ့ရာ တစ်ကြိမ်မှာ ဒေသတွင်း ထိပ်သီး အစည်းအဝေးတက်ရန် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ခရီးစဉ်မှာ မြန်မာနိုင်ငံနှင့် Beijing အိုလံပစ်ကိစ္စ ဖြစ်သည်။ သမ္မတ Bill Cliton သည် 1996 တွင် ထိုင်းနိုင်ငံ သို့သွားရောက်ခဲ့သည်။

"အိုဘားမားအနေနဲ့ အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံကို မသွားဘဲ ထိုင်းနဲ့ဆက်ဆံရေး မပြေပြစ်တဲ့ ကမ္ဘောဒီးယားကို သွားရောက်မယ့်  ခရီးစဉ်ဟာ  နှစ်နိုင်ငံအကြား ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်"ဟု Lohman က ပြောသည်။

 ---------------------------------------------------------------------------------------------------------------------

အမေရိကန်-ထိုင်း စစ်ရေးလေ့ကျင့်ခန်းတွင် လေ့လာသူ အဆင့်အတန်း မြန်မာရရှိ

(Bangkok Post မှ 11 Nov 2012 ရက်စွဲပါ “Myanmar gets observer status at US-Thai War games” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် လာမည့်နှစ် Corbra Gold အမေရိကန်-ထိုင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲတော့မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်ကပြောကြားသည်။

စစ်ရေးလေ့ကျင့်မှုသို့ မြန်မာကိုဖိတ်ခေါ်မည့် ဆုံးဖြတ်ချက်သည် သမ္မတအိုဘားမား ဒုတိယသက်တမ်းအနိုင်ရရှိပြီးနောက် ချက်ခြင်းပင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်ခေါင်းဆောင် တစ်ဦး၏ ပထမဆုံးမြန်မာခရီးစဉ်အဖြစ် ယခုလကုန်တွင် ရန်ကုန်သို့သွားမည့် ဘားရက်အိုဘားမားသည် အရှေ့တောင်အာရှတစ်ခွင်လှည့်လည်စဉ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားသို့လည်း တစ်ထောက်ဝင်ရောက် ရပ်နားဦးမည် ဖြစ်သည်။

သတင်းများ၏ အဆိုအရ Cobral Gold တွင် မြန်မာတို့ပါဝင်ရန်အတွက် ထိုင်းနိုင်ငံက အချိန်ယူစည်းရုံးလှုပ်ရှားခဲ့သည်ဟု သိရှိရသည်။

လာမည့်နှစ် Cobral Gold  စစ်ရေးလေ့ကျင့်မှုကို ဖေဖဝါရီလ ၁၁ မှ ၂၃ အထိပြုလုပ်ရန် စီစဉ်ထားပါသည်။

မြန်မာလေ့လာရေးအဖွဲ့သည် စစ်ရေးလေ့ကျင့်ခန်း၏ လူသားချင်းစာနာကူညီမှု၊ ဘေးအန္တရာယ် တုန့်ပြန်မှု၊ စစ်မြေပြင်ဆေးကုသမှု အပိုင်းများတွင် ပါဝင်ဆင်နွှဲကြလိမ့်မည်။

Cobral Gold တွင် လေ့လာသူများကို အမျိုးအစားနှစ်ခုခွဲထားသည်။ ပထမတစ်မျိုးမှာ “multinational planning augmentation teams” ဖြစ်ပြီး စင်င်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား ကဲ့သို့ နိုင်ငံများပါဝင်ကြသည်။

မြန်မာနိုင်ငံသည် ဒုတိယအမျိုးအစားဖြစ်သော “Coalition observer liaison teams” တွင် ပါဝင်သည်။ ပြီးခဲ့သော ၂၀၁၂ Cobral Gold ၏ ၎င်းအမျိုးအစားတွင် ဘရူးနိုင်း၊ တရုတ်၊ နယ်သာလန်။လာအို၊ နယူးဇီလန်၊ ရုရှား၊တောင်အာဖရိက၊ သီရိလင်္ကာနှင့် ယူအေအီး စသော နိုင်ငံများ ပါဝင်ခဲ့ကြသည်။

သမ္မတအိုဘားမားသည် လာမည့်စနေနေ့မွန်းလွဲပိုင်းတွင် ဘန်ကောက်သို့ရောက်ရှိမည် ဖြစ်ပြီး ဖနွမ်းပင် အရှေ့အာရှထိပ်သီးညီလာခံမတက်မှီ တစ်ညနားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာနာဆဗီ ဆရီဆိုဒါပေါ ကပြောကြားသည်။ အိုဘားမား မရောက်ခင်ကြာသာပတေးနေ့တွင် ထိုင်းကာကွယ်ရေး ဝန်ကြီး ဆူခွန်ပေါ၏ ဧည့်သည်တော်အဖြစ် အမေရိကန်ကာကွယ်ရေး ဝန်ကြီး လီယွန်ပန်နတ်တာ ရောက်ရှိ လာမည်ဖြစ်သည်။

လီယွန်ပန်နတ်တာ သည်ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် ထိုင်း ကြည်း၊ရေ၊လေ လက်နက်ကိုင် တပ်ဖွဲ့များမှ အကြီးအကဲများနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ထိုင်းနိုင်ငံတွင် ရပ်နားပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒ် တွင်ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive