Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. ပြည်သူ့သဘောဆန္ဒမပါသည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသားများ နုတ်ထွက်
  1. စွမ်းအင်ကဏ္ဍတိုးမြင့်ရေး အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းရန်စီစဉ်

နိုင်ငံရေးသတင်

  1. နိုင်ငံသားများ ကုမ္ပဏီလိုင်စင်မလိုဘဲ ကုန်သွယ်ခွင့်ရပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်သူ့သဘောဆန္ဒမပါသည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသားများ နုတ်ထွက်

ပြည်သူ့သဘောဆန္ဒတောင်းခံခြင်းမပြုဘဲဖွဲ့စည်းထားသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးနိုင်ရန် ဖွဲ့စည်းထားသည့် ကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးစစ်မြိုင်မှတာဝန် ယူကာ အဖွဲ့ဝင်  ၂၈ ဦးဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းရေးကော်မရှင်အနေဖြင့် ကြေးနီတောင်စီမံကိန်း ဆောင်ရွက်နေမှုများတွင် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်ခြင်းရှိ၊ မရှိ၊ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်သည့်အကြောင်းရင်းများ၊ ဆန္ဒဖော်ထုတ်မှုများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် စသည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေး၍ အကြံပြုသုံးသပ်ချက်များနှင့်တကွ ဒီဇင်ဘာလ ၁ ရက်နေ့နောက်ဆုံးထား ကာ နိုင်ငံတော်သမ္မတထံသို့တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းစေရန် ဆန္ဒပြသူများနှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် အာဏာပိုင်များက ရဲအင်အား ၅၀၀၀ ခန့်သုံး၍ မီးလောင်ဗုံးများဖြင့်ပစ်၍ လူစုခွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------------------

စွမ်းအင်ကဏ္ဍတိုးမြင့်ရေး အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းရန်စီစဉ်

ပြည်ပမှတင်သွင်းသောရေနံစိမ်းများကိုချက်လုပ်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အမှတ် ၁ ရေနံချက်စက်ရုံ သန်လျှင် ကိုပြန်လည်မွမ်းမံပြီး အဆင်မြင့်ချက်လုပ်နိုင်ရန်အတွက် နိုင်ငံတကာမှကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမူဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်နိုင်ငံခြား ကုမ္ပဏီများ ဖိတ်ခေါ်ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် နေပြည်တော်ရှိစွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

စက်ရုံကိုအဆင့်မြင့်ပြန်လည်မွမ်းမံပြီး နိုင်ငံတကာရှိဈေးကွက်များနှင့် ယှဉ်ပြိုင်ကာ အရည်အသွေးမြင့် ထုတ်ကုန် များတိုးမြင့်ရန်၊ စွမ်းအင်ခြိုးခြံချွေတာမှုဆိုင်ရာနည်းစနစ်များသုံး၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော ထုတ်ကုန်များ ထုတ်လုပ်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်းသိရသည်၊

အမှတ် ၁ ရေနံချက်စက်ရုံ သန်လျှင်သည် ရန်ကုန်မြစ်ကမ်းပါးပေါ်တွင်ရှိပြီး ရန်ကုန်မြို့မှ ၁၄ ကီလိုမီတာ ဝေးကွာသော သန်လျှင်မြို့တွင် ရှိကြောင်း သိရသည်။ အဆိုပါစက်ရုံလက်အောက်တွင် ရေနံချက်နိုင်သော စက်ရုံ ၂ ရုံ၊ လျှပ်စစ်ဓါတ်အားပေးနိုင်သောစက်ရုံ ၂ ရုံ၊ ရေနံမီးသွေး၊ ဓါတ်ပျံဆီ၊ ကတ္တရာ၊ ဖရောင်းတိုင်စသည်တို့ကိုပြုလုပ်သော စက်ရုံများအပါအဝင် တန်ချိန် ၆၅၀၀ ထိတင်ဆောင်နိုင်သော ဆီတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၅ ခုနှင့် ဆီလှောင်ကန် ၅၄ ပါရှိကြောင်းသ်ရသည်။

YC

--------------------------------------------------------------------------

နိုင်ငံရေးသတင်း

နိုင်ငံသားများ ကုမ္ပဏီလိုင်စင်မလိုဘဲ ကုန်သွယ်ခွင့်ရပြီ

ပြည်ထောင်စု မြန်မာနိုင်ငံသားများအနေဖြင့် ကုန်သွယ်ခွင့်ကုမ္ပဏီလိုင်စင်မလိုဘဲ တစ်ပတ်လျှင် သိန်း ၅၀ ဖိုးခန့် ကုန်သွယ်နိုင်မည့် ကုန်သွယ်ခွင့် လိုင်စင်များကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တစ်ဦးပိုင်ကုန်သွယ်ခွင့် လိုင်စင်များထုတ်ပေးရခြင်းမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဦးပိုင် ကုန်သွယ်ခွင့်လိုင်စင်ကို နိုင်ငံခြားသားများနှင့် တရားဝင်ကုမ္ပဏီအဖြစ် မှတ်ပုံ တင်ထားသည့် ကုမ္ပဏီမှ ဒါရိုက်တာများ လျှောက်ထားခွင့်မရှိကြောင်း နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်သွယ်ခွင့်လိုင်စင်ကတ်ရရှိရန် မှတ်ပုံတင်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ်ငါးသောင်း ပေးသွင်းရမည်ဖြစ်ပြီး တစ်နှစ်ပြည့်၍ လိုင်စင် ကတ်သတ်တမ်းတိုးရန် ရက်ကျော်သွားပါက ဒဏ်ကြေးအဖြစ် တစ်လ ကျပ် ၅၀၀၀ နှုန်းဖြင့် ခြောက်လအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သက်တမ်းတိုးရန်ခြောက်လကျော်သွားသည့် ကုန်သွယ်ခွင့်လိုင်စင်ကတ်များကို လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့တစ်ပတ်လျှင် သိန်း ၅၀ ဖိုးခန့် ကုန်သွယ်ခွင့်လိုင်စင်ကတ်များ ထုတ်ပေးခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်ရန် ငွေကြေးပမာဏ မပြည့်စုံသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှုများပပျောက်နိုင်စေရန် နယ်စပ်ဒေသ ကုန်သွယ်မှုများအား မိုဘိုင်းတင်းမ်အဖွဲ့မှ အထူးကြပ်မတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ     

“တိုင်းရင်းသားအရေး မဖြေရှင်းဘဲနဲ့တော့ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ညီမျှရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တန်းတူမျှရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေကို လိုလားတယ်။”

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၈) အမှတ် (၄၈) တွင်ပါရှိသော “ဖက်ဒရယ်မူ ဆက်လက်ကိုင်ဆွဲမည်ဟု ရှမ်းခေါင်းဆောင်များသဘောတူ” သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီး ဆေလ်ထင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 ***************************************************************

 “တရားရေးဘက်က အရေးယူဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ထိရောက်တဲ့ အရေးယူဆောင် ရွက်မှုတွေမရှိဘူး။ အပြစ်လုပ်တဲ့သူတွေကို ပြင်းထန်စွာ သတိပေးတယ်ဆိုတာလောက်နဲ့ ပြီးသွားတယ်။ လွှတ်တော်ဆိုတာ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ အုပ်ချုပ်ရေးပိုင်းကမပါသမျှ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာဖို့ ခက်ခဲနေဦးမှာပဲ။”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၁) အမှတ် (၃၈) တွင်ပါရှိသော “အုပ်ချုပ်ရေးပိုင်းမပါဘဲ တရားရေးမဏ္ဍိုင် မတည့်မတ်နိုင်ဟုဆို” သတင်းမှပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကို၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

***************************************************************

“ဆရာ၊ဆရာမတွေကို နည်းပညာသင်တန်းတွေ ပေးဖို့လိုတယ်။ တက္ကသိုလ်ပညာရေးအဆင့် ပြောင်းလဲမယ်ဆိုရင်နည်းပညာပိုင်းသင်ထောက်ကူပစ္စည်း ပိုင်းကအစ လိုအပ်ပါတယ်။ အားလုံးကို ပြောင်းလဲမှရမယ်။ နိုင်ငံရဲ့ပညာရေးမူဝါဒပြောင်းမယ်ဆိုရင်လဲ ဒီမိုကရေစီနည်းကျတဲ့ စီမံခန့်ခွဲမှုမျိုးလိုအပ်ပါတယ်။ အရင်ရှိခဲ့တဲ့ ဗဟိုအုပ်ချုပ်ရေး စနစ်ကိုပယ်ဖျက်ပြီး အရည်အချင်းမီတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ နည်းလမ်းတွေလိုအပ်ပါတယ်။ အခြေခံရော၊ တက္ကသိုလ် အဆင့်ရော နှစ်ခုလုံး တပြိုင်နက်တည်း ဆောင်ရွက်ရမယ်လို့ ထင်ပါတယ်။”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Flower News Journal အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “မြန်မာ့ပညာရေးအဆင့် ဘယ်လိုမြှင့်မလဲ” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာသိန်းလွင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

    ***************************************************

 *****************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အရှေ့တောင်အာရှတွင် တရုတ်၏ ကဏ္ဍမေးခွန်းထုတ်ဖွယ်ဖြစ်လာ

(25 Nov 2012 ရက်စွဲပါ Associated Press မှ Christopher Bodeen ရေးသားသော “ China’s role in Southeast Asia questioned ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအတိုင်းလိုက်လံလုပ်ဆောင်ရန် မြောက်ကိုရီးယားကို အမေရိကန်ဆက်လက်တိုက်တွန်း

(The Korea Times မှ 30 Nov 2012 ရက်စွဲပါ US gov't keeps urging NK  toact like Myanmar ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

အရှေ့တောင်အာရှတွင် တရုတ်၏ ကဏ္ဍမေးခွန်းထုတ်ဖွယ်ဖြစ်လာ

(25 Nov 2012 ရက်စွဲပါ Associated Press မှ Christopher Bodeen ရေးသားသော “ China’s role in Southeast Asia questioned ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံအတွက် တစ်ချိန်က ချစ်ကြည်ရင်းနှီးခဲ့သော အရှေ့တောင်အာရှသည် အဆင်မပြေသော အချိန်ရောက်နေပြီ ဖြစ်ပါသည်။ အငြင်းပွားနေသောကျွန်းများနှင့် ပတ်သက်၍ တရုတ်အပေါ်စိတ်ဆိုးမှုများ၊ တစ်ချိန်က စိတ်ချရသော မဟာမိတ်မြန်မာနိုင်ငံကလည်း ဒီမိုကရေစီ လမ်းကြောင်းလျှောက်နေမှုများ၊ ဒေသတွင်း အမေရိကန်၏စိတ်ဝင်စားမှု အသစ်တစ်ဖန် ဖြစ်လာမှုများရှိနေပါသည်။

Beijing အတွက်အခြေအနေများ ပြောင်းနေပြီဆိုသည်ကို ပြီးခဲ့သည့်အပတ်က ကမ္ဘောဒီးယားတွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများ တွေ့ဆုံမှုကို ရှုမြင်ခြင်းဖြင့် သိနိုင်ပါသည်။ မကြာမီ ရာထူးမှ ဖယ်ပေးရတော့မည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ပျော့ပြောင်းသည့် အသွင်ရှိ သော်လည်း တောင်တရုတ်ပင်လယ်ကျွန်းများကိစ္စတွင် ပြတ်ပြတ်သားသားတင်ပြလာမှုများကို ကြုံတွေ့လာရပါသည်။ ကမ္ဘောဒီးယားက အဆိုပါ အငြင်း ပွားမှုတွင် အမေရိကန်ကို ရည်ညွှန်းသော အခြားနိုင်ငံတစ်ခုခေါ်သွင်း မလာရန်အကြံပြုမှုကို ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ဗီယက်နမ်တို့က စိတ်ဆိုးစွာ တုန့်ပြန် ခဲ့ကြပါသည်။

တစ်ချိန်တည်းမှပင် Barack Obama သည်မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်သောအမေရိကန် သမ္မတတစ်ဦးအဖြစ် မိမိကိုယ်ကို ယုံကြည် မှုရှိသော ဖော်ရွေသော အမေရိကန်အဖြစ်ပြသခဲ့ပြီး တင်းမာမှုများ လျှော့ချရန်ပြောဆိုခဲ့သည်။

Beijing သည်၎င်း၏ပါဝါကြီးထွားလာရေးအတွက်ရုန်းကန်လျှက်ရှိပါသည်။ သို့သော် အမေရိကန်ကလည်း ဒေသတွင်းတွင် တရုတ်လွှမ်းမိုးမှုရှိနေခြင်းအား ငြင်းဆန်ခဲ့ပြီး အခြားတိုင်းပြည်များ တရုတ်လက်တွင်းမကျရောက်ရန် မိမိကိုယ်ကို ယုံကြည်မှုရှိရေး အားပေးလျှက် ရှိပါသည်။

“အမေရိကန်၏အားကောင်းစွာတည်ရှိမှုနှင့် စည်းကမ်းရှိပြီး တည်ငြိမ်သော ဒီပလိုမေစီသည် တရုတ်၏ တစ်ဖက်သတ်ဆန်သော ဖိအားပေးမှုထက်စာလျှင် ပို၍အားကောင်းပါတယ်” ဟု ဝါရှင်တန် D.C ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးကောင်စီမှ အရှေ့တောင်အာရှ လေ့လာ ရေး ဥက္ကဠ ernest Bower ကကြာသာပတေးနေ့က မှတ်ချက်ပြုရေးသားထားပါသည်။

Beijing သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် မြင့်တက်လာသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တရုတ်နိုင်ငံ၏ ကြီးမားသောဈေးကွက်များ ဆွဲဆောင်၍ကောင်းစွာ အကျိုးခံစားခဲ့ရသော်လည်း ယခုပြောင်းလဲလာပြီ ဖြစ်ပါသည်။ အထက်ပါ ယခင် အဆက်အသွယ်များကို ကြည့်၍ အရှေ့တောင်အာရှမှတရုတ်သွင်းကုန်များ တိုးတက်လာရေးအတွက် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် တိုးချဲ့ရန် ‘ဝမ်’ က ဆွေးနွေးခဲ့ပါသည်။

တရုတ်စီးပွားရေးဆွဲငင်မှုသည် ကျန်ရှိနေသေးသော်လည်း အပြုံးများကပျောက်ကွယ်သွားပြီဖြစ်ကြောင်း Princeton တက္ကသိုလ် နိုင်ငံရေးနှင့် နိုင်ငံတကာရေးရာ ပါမောက္ခ Aaron Friedberg က ပြောပါသည်။

အရှေ့တောင်အာရှ ဒီပလိုမေစီသည် Beijing အတွက် ကိစ္စရပ်တစ်ခု ဖြစ်လာပြီဖြစ်ပါသည်။ ဤဒေသသည် သမိုင်းကြောင်း တစ်လျှောက် တရုတ်၏ ဆွဲဆောင်ထားနိုင်သော ဒေသဖြစ်ပါသည်။ အာဆီယံဆယ်နိုင်ငံသည် သန်းပေါင်း (၆၀၀) သောတရုတ်ပြည်သူများအတွက် ပင်ရင်းဈေးကွက်ကြီး ဖြစ်ပြီး အရေးပါသော သင်္ဘောလမ်းကြောင်းများရှိကာ ငါး၊ရေနံ၊ဓါတ်ငွေ့နှင့် အခြားသတ္တုများ ကြွယ်ဝသော ပင်လယ်ပြင်လည်းရှိပါသည်။

Beijing သည် ၂၀၁၀ ခုနှစ်တွင် တောင်တရုတ်ပင်လယ်မှ ကျွန်းများကိစ္စတွင် လက်ရဲဇက်ရဲတောင်းဆို လာမှုကြောင့် အရှေ့တောင်အာရှတွင် Beijing သြဇာလွှမ်းမိုးမှု စတင်ကျဆင်းလာခဲ့ပါသည်။

ထိုသို့ဆူညံစွာ အငြင်းပွားမှုသည် အမေရိကန်အတွက် လမ်းဖွင့်ပေးသလိုဖြစ်ရပါသည်။ အမေရိကန်သည် အီရတ်တွင် ပါဝင်ပတ်သက်မှု အပြီး တွင် တရုတ်၏စိန်ခေါ်မှုများကို ပြန်လည်စစ်ဆေး လာပါသည်။ အမေရိကန်၏ဗဟိုပြုမှုပြောင်းလာခြင်းသည် ဒေသတွင်း သံတမန်ရေးအရ အာရုံပြုမှု အသစ်ဖြစ်စေပြီး စစ်ရေးဆိုင်ရာ အရင်းအမြစ်များအတွက်ပိုမို အာမခံချက် ရှိလာပါသည်။

ပွတ်တိုင်မှုများမှာ ပို၍တိုးပွားလာသည့်သဘောရှိပါသည်။ Beijing သည် အငြင်းပွားနေသော ကျွန်းများ ပတ်လည်တွင် ကင်းလှည့်မှုများတိုးချဲ့ပြီး ပိုမိုရန်လိုလာရာ ပြီးခဲ့သည့် နွေရာသီက ဖိလစ်ပိုင်နှင့် Sarborough သန္တာကျောက်တန်းကိစ္စ ရန်ပွဲကို ဖြစ်စေခဲ့ပါသည်။ ၎င်းနှင့်ဝေးကွာသောနေရာရှိ ကျွန်းများကိစ္စတွင်လည်း ဂျပန်နှင့် အငြင်းပွားမှုများဖြစ်လာရာ တရုတ်၏နယ်ချဲ့မှုကို စိုးရိမ်လာရမှု ဖြစ်စေပါသည်။ တရုတ်သည် တောင်တရုတ်ပင်လယ် တစ်ခုလုံးအား ၎င်း၏နယ်မြေအဖြစ်မြေပုံတွင် ထည့်ရန်ကြိုးစားလာမှုကိုပင် စတင်လုပ်ဆောင်လာနေပါသည်။

အဆိုပါ တင်းမာမှုသည် Obama တက်ရောက်သော ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်တွင် အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များ တက်ရောက် သည့် နှစ်ပတ်လည်ထိပ်သီးညီလာခံတွင်ပင် လူများသတိပြုမိစေခဲ့ပါသည်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino သည် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ကျွန်းငယ်များသည် ရှေးယခင်ကတည်းက တရုတ်နယ်မြေ ဖြစ်သောကြောင့် နယ်မြေအငြင်းပွားမှု မရှိကြောင်းပြောကြားချက်ကို တုန့်ပြန်သည့်အနေဖြင့် Searborough သန္တာကျောက်တန်းကိစ္စကို တင်ပြ လာပါ သည်။ “တရုတ်ရဲ့နယ်မြေတောင်းဆိုမှုဟာ သင့်မြတ်လျော်ကန်ပါတယ်” ဟု တံခါးပိတ်အစည်းအဝေးတွင် ဝမ် က ပြောခဲ့သည်ဟု နိုင်ငံခြားရေးဒုတိယ ဝန်ကြီး Fu Ying ၏ အဆိုအရသိရှိရပါသည်။

“ဝမ် ရဲ့နှစ်မြို့ဖွယ်မရှိတဲ့ကြေငြာချက်ဟာ  အန္တရာယ်ရှိပြီး အဖျက်သဘောဆောင်ပါတယ်” ဟု CSIS မှ Bower ကပြောပါသည်။ “သူ့အကြောင်း ပြချက်က မခိုင်လုံပါဘူး။ ဒါ့ကြောင့် ဒေသတွင်းတိုးတက်ကြီးထွားရေးအတွက် ခိုင်မာတဲ့အခြေခံတွေကို အားနည်းစေပြီး ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေပါတယ်။” ဟု ၎င်းကပြောပါသည်။

“ဒီကိစ္စကို အခုအစည်းအဝေးမှာ ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ပါဘူး” ဟု ရှန်ဟိုင်းနိုင်ငံခြားလေ့လာရေး အင်စတီကျု၏ အရှေ့တောင်အာရှ ဗဟိုဌာနဒါရိုက်တာ zhao Gancheng ကပြောပါသည်။

လက်တွေ့စီးပွားရေး အခြေအနေများမှာမူ တရုတ်၏ အလိုကျဖြစ်ဆဲ ဖြစ်သည်ဟု ပညာရှင်များက ပြောပါသည်။ ဒေသတွင်းမှ တရုတ်သွင်းကုန်များမှာ ပြီးခဲ့သည့်နှစ်က ၂၉% တိုးတက်ခဲ့ပြီး ဒေါ်လာ ၁၄၆ ဘီလီယံ ထိရောက်ရှိခဲ့ရာ လာမည့်နှစ်များတွင် အမေရိကန်စီးပွားရေးကို ကျော်တက်မည်ဟု မျှော်လင့်ရပါသည်။

တရုတ်သည် အရှေ့တောင်အာရှတွင် ၎င်း၏ရေရှည်အကျိုးစီးပွားကို ထိခိုက်မည့် ရန်စမှုများပြုလုပ် နေသော်ငြားလည်း အာဆီယံအိမ်နီးချင်းများအနေဖြင့် ၎င်းတို့၏ အနာဂတ်သည် တရုတ်နှင့်သာပေါင်းသင်းရမည် ဖြစ်ပြီး အမေရိကန်နှင့် မဟုတ်ကြောင်း သိလာရမည်ဖြစ် ကြောင်း Beijing ကယုံကြည်နေသည်ဟု Princeton မှ Fried berg ကပြောပါသည်။

Friedberg ကထင်မြင်သောမေးခွန်းကြီးတစ်ခုမှာ အမေရိကန်တွင် ၎င်းပေးထားသောကတိများ အတိုင်းလုပ်ဆောင်နိုင်ခြင်းနှင့် ဖြေရှင်းနိုင်ခြင်း အပေါ် အာဆီယံနိုင်ငံများက ယုံကြည်မှုရှိ မရှိဆိုသည့် မေးခွန်းပင် ဖြစ်ပါသည်။ ၎င်းက အကယ်၍ အာဆီယံက အမေရိကန်အပေါ် သံသယရှိလာပါက Beijing ဆန္ဒရှိသည်များကို လိုက်လျော၍ ပိုမိုငြိမ်သက်သွားအောင်လုပ်ဆောင် လာနိုင်သည်ဟု ဆိုပါသည်။

******************************************************

မြန်မာအတိုင်းလိုက်လံလုပ်ဆောင်ရန် မြောက်ကိုရီးယားကို အမေရိကန်ဆက်လက်တိုက်တွန်း

(The Korea Times မှ 30 Nov 2012 ရက်စွဲပါ US gov't keeps urging NK  toact like Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအတိုင်း ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံက လိုက်ပါလုပ်ဆောင်လာနိုင်ခြင်း ရှိ၊မရှိကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်စရာများစွာ ဖြစ်ပေါ်နေသော်လည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က ပြုံယမ်းအစိုးရအား မြန်မာနိုင်ငံနည်းတူ လိုက်လံပြုမူရန် ဆက်လက်တိုက်တွန်း လျက်ရှိကြောင်းသိရသည်။           အိုဘားမားအုပ် ချုပ်ရေးအဖွဲ့၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Tom Donilon က "မြန်မာနိုင်ငံသည် အထီးကျန်ဘဝမှအောင်မြင်စွာရုန်းထွက်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်ပေါင်းစပ်နိုင်ခဲ့ကြောင်း၊မြောက်ကိုရီးယားအနေဖြင့် ယင်းဖြစ်စဉ်ကို ဥပမာကောင်းတစ်ရပ် အနေဖြင့်ကြည့် သင့်ကြောင်း" ပြောကြားသည်။ "သူတို့ဟာ ဆိုးဆိုးရွားရွားကို အထီးကျန်ဖြစ်နေတာပါ။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား တွေအတွက် အရေးကြီးတဲ့ သာဓကတစ်ခုဖြစ်နေပါတယ်"တိုင်းသူပြည်သားတွေရဲ့ စီးပွားရေးနဲ့ဥစ္စာဓန ကြွယ်ဝချမ်းသာအောင် ဦးစားပေးလုပ်ကိုင်သွားမယ်ဆိုတဲ့ ခေါင်းဆောင်သစ် သူတို့ရထားပြီဖြစ်ပါတယ်၊ ဟု ဟားဗက်တက္ကသိုလ်၊ Kennedy School of Government ကကြီးမှူးကျင်းပသည့် ဖိုရမ်တွင် ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်သို့ ရောက်ရှိခဲ့သော်လည်း ယခုအခါဒီမိုကရေစီစနစ်သို့ ဦးတည်ပြောင်းလဲ သွားနိုင်ရေးအတွက် အခရာကျသော လုပ်ဆောင်ချက်များ လုပ်ကိုင်ထားပြီဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်များ အတွက် မက်လုံးအနေဖြင့် အမေရိကန် ပြည်ထောင်စုကမြန်မာအပေါ်ကာလကြာရှည်စွာ သတ်မှတ်ပြဋ္ဌာန်းထားခဲ့သည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလိုက် သည်။ သို့သော် မြန်မာနိုင်ငံ လမ်းစဉ်အတိုင်း မြောက်ကိုရီးယားနိုင်ငံ လိုက်လံကျင့်သုံးကာ အပြောင်းအလဲ ပြုလုပ်မည့်ကိစ္စမှာ များစွာ ခက်ခဲလိမ့်မည်ဟု အများကရှုမြင်ကြသည်။

မြောက်ကိုရီးယားနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူသိထင်ရှား လူကြိုက်များသည့် ပုဂ္ဂိုလ်မျိုးမရှိပေ။ လေ့လာစောင့်ကြည့်သူ အတော်များများအဆိုအရ အမေရိကန်ပြည်ထောင်စုအနေဖြင့်မြောက်ကိုရီးယားကို ချော့မြူကာ မက်လုံးပေးစောင့်ဆိုင်းရုံမှတစ်ပါး အခြားကောင်းမွန်သော အိုင်ဒီယာမရှိဟု ဆိုသည်။ အိုဘားမားက သမိုင်းဝင် မြန်မာပြည်ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားရာ၌ အမေရိကန် ပြည်ထောင်စုသည် အတိတ်ကာလမှ ကိစ္စကို အတိတ်ကာလတွင်သာထားရှိရန် ဆန္ဒရှိနေကြောင်း မြောက်ကိုရီးယာနိုင်ငံအတွက် ရှင်းလင်းပြတ်သားသော စကားကိုထုတ်ဖော်ပြောဆိုသည်။ "မြောက်ကိုရီးယား ခေါင်းဆောင်တွေအတွက် ရွေးချယ်မှုတစ်ခု ကျွန်တော်ကမ်းလှမ်းချင်ပါတယ်။ နျူကလီးယားလက်နက် အစီအစဉ်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးလမ်းစဉ်ကိုရွေးချယ်ပါ။ တကယ်လို့  အဲဒီအတိုင်းလုပ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုကမိတ်သင်္ဂဟဖွဲ့ဖို့ လက်ကမ်း လာမှာဖြစ်ပါတယ်" ဟု အိုဘားမားကပြောသည်။

***************************************************

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive