Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နျူကလီးယားအရေးကိစ္စများ မြန်မာနိုင်ငံ ကင်းစင်ရန်အထူးလိုအပ်

(The Nation သတင်းစာမှ 29 Nov 2012 ရက်စွဲပါ Myanmar must come clean on nuclear issues ကိုဘာသာပြန်ဆိုသည်)

  1. တရုတ်ပြည်၏ ရေတပ်ကင်းလှည့်မည့်အစီအစဉ်ကို အာဆီယံသတိပေး

(BBC သတင်းဌာနမှ 1 Nov 2012 ရက်စွဲပါ Asean Chief Surin Pitsuwan warns on China’s ship patrol plan ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသမ္မတ ဘရူနိုင်းနိုင်ငံသို့ သုံးရက်တာခရီးလာရောက်မည်

(3 December 2012 ရက်စွဲပါ brudirect.com မှ Myanmar President arriving today on 3-day state visit ကိုဘာသာပြန်ပါသည်)

  1. မဲခေါင်မြစ်အတွင်း ပူးပေါင်းကင်းလှည့်မှု (၇) ကြိမ်မြောက်စတင်

(2 December 2012 ရက်စွဲပါ Xinhua ၏ Seventh joint Mekong patrol launched ကို ဘာသာပြန်ပါသည်)

  1. မြန်မာကိုယ်စားလှယ်အဖွဲ့ စင်္ကာပူဖွံ့ဖြိုးရေး ငါးရက်တာလေ့လာမည်

(2 December 2012 ရက်စွဲပါ Channel News Asia မှ S’Ramesh ရေးသားသော Myanmar team on 5-day visit to study S’pore’s development ကိုဘာသာပြန်ပါသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

နျူကလီးယားအရေးကိစ္စများ မြန်မာနိုင်ငံ ကင်းစင်ရန်အထူးလိုအပ်

(The Nation သတင်းစာမှ 29 Nov 2012 ရက်စွဲပါ Myanmar must come clean on nuclear issues ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမှုနှင့်ပတ်သက်သော သတင်းခေါင်းစဉ်များထွက်ပေါ်နေချိန်တွင် တစ်ဖက်၌ နျူကလီးယားလက်နက်အရေးကိစ္စမှာလည်း နှစ်နိုင်ငံအပြန်အလှန်ညှိနှိုင်းဖြေရှင်းရမည့် အရေးအကြီးဆုံးကိစ္စရပ်အဖြစ် ဆက်လက်ကျန်ရှိ နေဆဲပင်ဖြစ် သည်။ ဝါရှင်တန်သည် မြန်မာနိုင်ငံ၏ နျူကလီးယားဦးတည်ချက်များနှင့် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်များစွာ မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့သည်။

သမ္မတဦးသိန်းစိန်က၎င်း၏ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ပူးပေါင်းကာဒုံးကျည် နည်းပညာများရယူခြင်း၊ နျူကလီးယား အစီအစဉ်များ အကောင်အထည်ဖော်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုကို ကတိကဝတ်ပြုထားပြီးဖြစ်သည်။ မြန်မာအစိုးရ ကမည်သို့ပင် အာမခံချက်များပေးနေသော်ငြားလည်း ပညာရှင်အချို့နှင့် လေ့လာစောင့်ကြည့်သူ အချို့အဆိုအရ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ဒုံးကျည်နည်းပညာများကို ဆက်လက်ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်ဟု ယူဆရသည်။ လူအများအပြား သေကြေပျက်စီးစေ နိုင်သော လက်နက်များနှင့် ဒုံးကျည်နည်းပညာများအတွက် အသုံးပြုမည့်ပစ္စည်းများ သြဂုတ်လအတွင်း ဂျပန်နိုင်ငံ၌ ကြားဖြတ်ရှာဖွေတွေ့ရှိမှုမှာ စိတ်ပျက်အားလျော့ စရာကောင်းသည့် ကိစ္စတစ်ခုဖြစ်ခဲ့သည်။

မြန်မာ-အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးမှာ ယခုလပိုင်းများအတွင်း အံ့မခန်းတိုးတက်ကောင်းမွန်ခဲ့သည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သမိုင်းဝင်ခရီးစဉ်အဖြစ် လာရောက်မှုမှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အပယ်ခံ ဖြစ်ခဲ့သောတိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပျော်ပွဲရွှင်ပွဲကြီးတစ်ရပ်သဖွယ်ဖြစ်ခဲ့သည်။ အိုဘားမား၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် အငြင်းပွားဖွယ် ဆက်ဆံရေးလုံးဝပြတ်တောက်လိုစိတ် မြန်မာနိုင်ငံတွင် ရှိ၊ မရှိဟူသောအချက်ပေါ်၌ လုံးဝမူတည်ခဲ့သည်။

၁၉၈၃ ခုနှစ်၊တောင်ကိုရီးယားလေကြောင်းလိုင်းအား မြောက်ကိုရီးယားတို့ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြန်မာနှင့် မြောက်ကိုရီးယားနှစ် နိုင်ငံ ဆက်ဆံရေးမှာ ပြည်ပနိုင်ငံများကြားဝင်မှုကို မလိုလားသည့်သဘောထားပေါ်၌အခြေတည်ခဲ့သည်။ မြန်မာစစ်ခေါင်းဆောင်များစစ်လက်နက် နည်းပညာများ ဝယ်ယူလာအောင်လည်း မြောက်ကိုရီးယားဘက်က ကောင်းစွာ သိမ်းသွင်းပြောဆိုနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ အဆိုပါစစ်လက်နက်ဆိုင်ရာ အစီအစဉ်များမှာ လုံးဝရပ်ဆိုင်းသွားပြီဟု ဆိုသည်။ အကြောင်းမှာ ဝါရှင်တန်ဘက်ကမြင်သာ ထင် သာရှိသော မြန်မာ့ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်မျိုးထွက်ပေါ်လာခြင်းကြောင့် ရပ်ဆိုင်းသွားခြင်းလည်းဖြစ် သည်။ယခုလိုဝါရှင်တန်နှင့်နေပြည်တော်အကြားရရှိလိုက်သည့်ဆက်ဆံရေးသစ်မှာ ရည်ရှည်ခံသည့် ဆက်ဆံရေးမျိုးဖြစ်ပြီး မြန်မာနှင့် မြောက်ကိုရီးယား အကြားအန္တရာယ်များသည့် ထိတွေ့ဆက်ဆံမှုများထပ်မံမပြုလုပ်နိုင်အောင် ဟန့်တားပေးနိုင်လိမ့်မည်ဟု လည်းမျှော်လင့်ရသည်။

မြန်မာနျူကလီးယား ရည်မှန်းချက်များမှာ လတ်တလောနှစ်များအတွင်း အာဆီယံအတွက် စိုးရိမ်စရာ အရေးကိစ္စတစ်ခုဖြစ်ခဲ့ရသည်။ ၂၀၁၀ ပြည့် နှစ်၊ ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာခေါင်းဆောင်များအနေဖြင့် မိမိရည်တည်ချက်ကို ရှင်းလင်းစွာထုတ်ဖော်ပြသရန် အာဆီယံခေါင်းဆောင်များက ထပ်ခါ တလဲလဲ ပြောဆိုခဲ့ကြသည်။ နေပြည်တော်က ဗိုလ်ချုပ်ကြီးများက ထိုသို့ပြောဆိုမှုများကို ရှင်းလင်းဖြေကြားမှုမပြုဘဲ ပယ်ချခဲ့ကြသည် ချည်းသာပင် ဖြစ်၏။

ယခုဆိုလျှင် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြန်လည်အသိအမှတ်ပြုလက်သင့်ခံလာပြီဖြစ်သည်။ မြန်မာက စုံစမ်းစစ်ဆေးမှုများနှင့် အသေးစိတ် အစီရင်ခံစာများ ပြုလုပ်ခွင့်ပေးပြီး မှတ်ကျောက်တင်ခံနိုင်ကြောင်း ပြသခဲ့သည်မှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းသည်။ ထိုသို့မဟုတ်ပါက မြန်မာနိုင်ငံ၏ ဂုဏ်သတင်းကျော်ကြားမှုမှာ သံသယများနှင့်သာရင်ဆိုင်ရမည်သာပင်။သို့အတွက်ကြောင့် မြန်မာအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ဘက်ရေးရာဆက်ဆံမှုများနှင့်ပတ်သက်၍ နောက်ဆုံးပိတ်အာမခံချက်တစ်ရပ်ကို အာဆီယံမိတ်ဆွေနိုင်ငံများသိရှိအောင် ထုတ်ဖော်အသိပေးရန် လိုအပ် သည်။

အာဆီယံသည် ဒေသတွင်း နျူကလီးယားကင်းစင်ရေးနှင့်ပတ်သက်၍ အသေအချာဖြစ်အောင် များစွာကြိုးစားပမ်းစားလုပ်ဆောင်ခဲ့သည်။ အာဆီယံက ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော နျူကလီးယားမပြန့်ပွားရေးသဘောတူညီချက်ကို ဂုဏ်ယူအသိအမှတ်ပြုရန် ကမ္ဘာ့နျူကလီးယား ပါဝါနိုင်ငံကြီးများအား ပြောဆိုထားသည်။ လတ်တလောအနေအထား၌ ယင်းနျူကလီးယား အင်အားကြီး နိုင်ငံများက မပြန့်ပွားရေးစာချုပ်ချုပ်ဆိုရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသထားသည့်တိုင် ၎င်းတို့အနေဖြင့် ရှိထားခဲ့သော နျူကလီးယားလက်နက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မပြုဘဲ နေနိုင်ခွင့်ရှိထားသည်။ အာဆီယံသည် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ (EAS) ၏မူဘောင်အရ အင်အားကြီးနိုင်ငံများအားလုံးနှင့် ထိတွေ့ဆက်ဆံသွားနိုင် အောင် လုပ်ဆောင်လျက်ရှိသည်။ EAS ဟူသည် ယခုအခါ ဒေသတွင်း အတက်ကြွဆုံးသော ဖိုရမ်တစ်ခုဖြစ်လာပြီး မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးလေ့ရှိသည်။ ယခုလိုကမ္ဘာ့အင်အားကြီးနိုင်ငံများ အာဆီယံနှင့် ချိတ်ဆက်ပြီး အရေးကိစ္စကြီးငယ်အသီးသီးကို ဆွေးနွေးကြ သည်ဟူသည်မှာ ကောင်းသောလက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။ သို့တိုင်အောင် အာဆီယံအနေဖြင့် ပထမဦးစွာလိုအပ်နေသည်မှာ နျူကလီးယား ကင်းစင်ရေး ရည်မှန်းချက်နှင့်ပတ်သက်၍ ညီညွတ်မှုကို ပြသရန်ပင်ဖြစ်သည်။ ထိုသို့ပြသနိုင်ခြင်းမရှိပါက အာဆီယံအဖွဲ့ကြီး၏ အလျှော့အတင်းလုပ် ဆောင်နိုင်သော ပါဝါမှာ လျော့ကျသွားရုံသာရှိတော့သည်။

************************************************************

တရုတ်ပြည်၏ ရေတပ်ကင်းလှည့်မည့်အစီအစဉ်ကို အာဆီယံသတိပေး

(BBC သတင်းဌာနမှ 1 Nov 2012 ရက်စွဲပါ Asean Chief Surin Pitsuwan warns on China’s ship patrol plan ကိုဘာသာပြန်ဆိုသည်)

တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်အငြင်းပွားနေသည့် နေရာဒေသသို့ တရုတ်သင်္ဘောများ ကင်းလှည့်မည့်အစီအစဉ်သည် တင်းမာမှုများကို ပိုမို မြင့်တက်စေနိုင်သည်ဟု အာဆီယံအဖွဲ့အကြီးအကဲ ဆူရင်ပစ်ဆာဝမ်က သတိပေးပြောကြားသည်။"ဘေဂျင်းအစိုးရ၏ အဆိုပါ အစီအစဉ်သည်လွန်စွာ အန္တရာယ်များသည့် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ၎င်းက သတင်းထောက်များကိုပြောကြားသည်။

တရုတ်အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့အား အဆိုပါ အငြင်းပွားပင်လယ်ပြင်ဒေသတွင်း ကင်းလှည့် ရန်နှင့် အခြားသင်္ဘောများကို ရှာဖွေရန် လုပ်ပိုင်အခွင့်အာဏာပေးလိုက်သည်။ယင်းဒေသတွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရုနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ၎င်းတို့၏နယ်မြေပိုင်ဆိုင်မှုရှိကြောင်း တောင်းဆိုထားသည်။

နိုင်ငံပိုင်မီဒီယာအဆိုအရ တောင်ပိုင်းဟိုင်နန်ပြည်နယ်ကျွန်းစုအနီးတွင်ကင်းလှည့်မည့်အစီအစဉ်ကြောင့်ရေပိုင်နက်အတွင်းဝင်ရောက်ကျောက်ချ သောသင်္ဘောများ သို့မဟုတ် အခြားစည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုများကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ “ဟိုင်နန်ပြည်နယ်တွင်းသို့ တရား မဝင် ဝင်ရောက်လာမည့် နိုင်ငံခြားသင်္ဘောများကို ရှာဖွေ၊ ဖမ်းဆီး၊ မောင်းထုတ်ပစ်ရန် ကင်းလှည့်ရဲတပ်ဖွဲ့အား ထိန်းချုပ်ခွင့်ပြုပေးလိုက်ခြင်းဖြစ် သည်” ဟု The Global Times သတင်းစာကရေးသားသည်။

“တရားမဝင်ဝင်ရောက်ရပ်နားခြင်း၊ တရုတ်ပြည်၏ အမျိုးသားလုံခြုံရေးကိုအန္တရာယ်ကျရောက်စေမည့်လှုံ့ဆော်ဝါဒဖြန့်မှုများပြုလုပ်ခြင်းအစရှိသည် တို့လည်း အကျုံးဝင်သည်” ဟု ဆိုသည်။ လေ့လာဆန်းစစ်သူများအဆိုအရ အငြင်းပွားဒေသသို့ ကျူးကျော်ဝင်ရောက်လာမည့် နိုင်ငံခြားသင်္ဘောများ အားလိုက်လံဖမ်းဆီးမှုမပြုလုပ်ရန် ယနေ့အချိန်အထိ ကင်းလှည့်တပ်ဖွဲ့များအား ကန့်သတ်ထားဆဲဖြစ်ကြောင်းသိရသည်။

“ကျွန်တော့်အနေနဲ့ တုံ့ပြန်ပြောဆိုလိုတာက ယခုကိစ္စဟာရှိထားပြီးဖြစ်တဲ့ တင်းမာမှုတွေထပ်မံတိုးမြင့်အောင် ပြုလုပ်တဲ့ကိစ္စတစ်ခု အသေအချာ ဖြစ်တယ်ဆိုတာပါပဲ။ အင်မတန် အန္တရာယ်များတဲ့ အလှည့်အပြောင်းကိစ္စလည်းဖြစ်ပါတယ်” ဟု ဆူရင်ပစ်ဆာဝမ်က ပြောကြားသည်။ “ပြဿနာကဘာလဲ ဆိုတော့နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုတာလုပ်နိုင်တယ်၊ မူဝါဒတွေချမှတ်နိုင်တယ်၊ ထိရောက်တဲ့လုပ်ဆောင်ချက်တွေလည်း လုပ်နိုင်တယ်။ ဒါပေမဲ့ အဲဒ်ီလိုလုပ်မယ်ဆိုရင် နားလည်မှုလွဲမှားတာတွေ၊ တွက်ချက်မှုလွဲမှားတာတွေဖြစ်မယ့်အလားအလာရှိပြီး ဆိုးရွားတဲ့ဖြစ်ရပ်တွေနဲ့ တင်းမာမှုတွေပိုမိုပေါ်ပေါက်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်ဆိုတာပါပဲ”ပာု ၎င်းကဆက်လက်ဆိုသည်။

တရုတ်နိုင်ငံကူး လက်မှတ်သစ်များပေါ်တွင် တောင်တရုတ်ပင်လယ်ပြင်တွင်းမှ အငြင်းပွားကျွန်းစုများမှာ တရုတ်ပိုင်နက်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြမှုနှင့် ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်စဉ် ယခုကဲ့သို့ ဘေဂျင်းအစိုးရက ကင်းလှည့်မည့်အစီအစဉ်ကိုကြေညာလိုက်ခြင်းဖြစ်သည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ နှင့် ထိုင်ဝမ်တို့က ထိုသို့ တရုတ်နိုင်ငံကူးလက်မှတ်များပေါ်၌ မြေပုံထည့်သွင်းခြင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာကိုထိခိုက်ကျူးကျော်မှု တစ်ရပ်ဖြစ်ကြောင်း ပြောဆိုထားသည်။

****************************************

မြန်မာသမ္မတ ဘရူနိုင်းနိုင်ငံသို့ သုံးရက်တာခရီးလာရောက်မည်

(3 December 2012 ရက်စွဲပါ brudirect.com မှ Myanmar President arriving today on 3-day state visit ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့် ဘရူနိုင်းနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ရန်ရည်ရွယ်၍ မြို့တော်ဘန်ဒါဆရီဘဂါဝန်မြို့သို့ သုံးရက်တာခရီးလည်ပတ်ရန် ယနေ့ရောက်ရှိမည် ဖြစ်ပါသည်။

ဦးသိန်းစိန်သည် ဘရူနိုင်းနိုင်ငံဘုရင် Yang Di-Pertuan နှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည်ဟုမျှော်လင့်ရပါ သည်။ ထိုနေ့ညနေတွင်နိုင်ငံတော် ညစာ စားပွဲဖြင့်လည်း တည်ခင်းမည် ဖြစ်ပါသည်။ သမ္မတကြီးသည် ဘရူနိုင်း ဒါရူဆလမ် တက္ကသိုလ်သို့သွားရောက်ပြီး UBD BM Centre တွင် ဘရူနိုင်း၏ အထက်တန်းပညာအကြောင်း နားထောင်မည် ဖြစ်ပါသည်။

“သမ္မတကြီးရဲ့ခရီးစဉ်ဟာ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းအောင်နဲ့နှစ်နိုင်ငံပြည်သူများအကြားအကျိုးရှိစေမယ့်ပူးပေါင်းဆောင်ရွက်နိုင် မယ့်နယ်ပယ်တွေတိုးမြှင့်ပေးနိုင်အောင်ပါ”ဟုအသစ် ခန့်အပ်ခြင်းခံရသောဘရူးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်ကဆိုပါသည်။ ဘရူးနိုင်ငံ သည်မြန်မာနိုင်ငံနှင့် ၁၉၉၃ တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ရန်ကုန်၌ သံရုံးဖွင့်လှစ်ခဲ့ပါသည်။ ဦးသိန်းစိန်သည် ဝန်ကြီးချုပ်ဘဝက ၂၀၀၈ ခုနှစ်တွင်ဘရူနိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဖူးပါသည်။

**********************************

မဲခေါင်မြစ်အတွင်း ပူးပေါင်းကင်းလှည့်မှု (၇) ကြိမ်မြောက်စတင်

(2 December 2012 ရက်စွဲပါ Xinhua ၏ Seventh joint Mekong patrol launched ကို ဘာသာပြန်ပါသည်)

တရုတ်၊လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သော စုပေါင်းလုံခြုံရေးကင်းလှည့်မှုကို တနင်္ဂနွေနေ့က ရွှေတြိဂံဒေသ မဲခေါင်မြစ်တွင် စတင်ခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်က မဲခေါင်မြစ်တွင် တရုတ်သဘောင်္သား ၁၃ ဦးသေဆုံးရသော တိုက်ခိုက်မှုအပြီး ယခုအခါ မဲခေါင်မြစ်အတွင်း ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးများ ပုံမှန်ပြန်ဖြစ်နေပြီ ဖြစ်ပါသည်။

ကင်းလှည့်သဘောင်္လေးစီးသည် နံနက် ၇း၃၀ တွင် တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ Guaniei ဆိပ်ကမ်းမှ စတင်ထွက်ခွာကြပါသည်။ယခု ရဲတပ်ဖွဲ့ များ၏ ငါးရက်တာကင်းလှည့်မှုသည် ပြီးခဲ့သည့် ဒီဇင်ဘာလက စ၍ရေတွက်ပါက ၇ ကြိမ်မြောက် ဖြစ်ပါသည်။ မဲခေါင်မြစ်၏ လာအိုစီမံခန့်ခွဲသော အပိုင်းတွင် နှစ်ရက်တာ စစ်ဆေးမှုများလည်း ပြုလုပ်မည့်ဖြစ်ကြောင်း ယူနန်ပြည်နယ်နယ်စပ် ထိန်းချုပ်ရေးကော်ပိုရေးရှင်းမှ အရာရှိတစ်ဦးဖြစ်သူ Wang Bing ကပြောပါသည်။

နှစ်ရက်တာ စစ်ဆေးမှုအပိုင်းတွင် သဘောင်္များနှင့် လိုက်ပါလာသောလူများ၊ ကုန်များတွင် မူးယစ်ဆေးဝါး၊ လက်နက် နှင့်ပုန်းပြီးလိုက်နာသူများ ပါမပါ ရဲများစစ်ဆေးမှုများပါဝင်မည်ဖြစ်ကြောင်း Wang ကပြောပါသည်။

“အခု ပူးပေါင်းကင်းလှည့်ရေး အစီအစဉ်ဟာ မဲခေါင်မြစ်မှာ လုံခြုံစွာ သွားလာရေးနဲ့ ရာဇဝတ်မှုတွေဟန့်တားနိုင်လို့ ဒေသတွင်းနိုင်ငံများက ချီးကျူး ကြပါတယ်။ ဒါ့ကြောင့် မဲခေါင်မြစ်ဟာ ပြီးခဲ့တဲ့နှစ် လူသတ်မှုမတိုင်မှီက အခြေအနေကို ပြန်ရနေပါပြီ”ဟု ၎င်းကပြောပါသည်။

လေးနိုင်ငံပူးပေါင်းကင်းလှည့်ရေး အစီအစဉ်ကို ၂၀၁၁ ခုနှစ်အောက်တိုဘာတွင် စတင်ခဲ့ပါသည်။ တရုတ်သဘောင်္သား ၁၃ ဦးအသတ်ခံရသော အဖြစ်အပျက်မှာ မဲခေါင်မြစ်၏ ထိုင်းနိုင်ငံအပိုင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ဖြစ်ခဲ့ပါသည်။

စာရင်းဇယားများအရ ပထမဆုံးအကြိမ် ကင်းလှည့်ရာတွင် မြစ်အတွင်း၌ တရုတ်သင်္ဘော ၁၀ စင်းသာသွားလာနေသည်ကိုတွေ့ရသော်လည်း သြဂုတ်လက ငါးကြိမ်မြောက်ကင်းလှည့်ရာတွင် သင်္ဘောစီးရေ ၅၉ စင်းအထိသွားလာနေသည်ကို တွေ့ရသည်ဟု ဆိုပါသည်။

************************************

မြန်မာကိုယ်စားလှယ်အဖွဲ့ စင်္ကာပူဖွံ့ဖြိုးရေး ငါးရက်တာလေ့လာမည်

(2 December 2012 ရက်စွဲပါ Channel News Asia မှ S’Ramesh ရေးသားသော Myanmar team on 5-day visit to study S’pore’s development ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် စင်္ကာပူသို့ ငါးရက်တာ လေ့လာရေးခရီး လာရောက်မည် ဖြစ်ပါသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၃ ရက်နေ့မှစ၍ စက်မှုဆိုင်ရာ မူဝါဒ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အသက်မွေးပညာသင်ကြားရေး နှင့် ပညာရေးများကို အလေးပေးလေ့လာမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ကတနင်္ဂနွေနေ့ကပြောကြားရာတွင် ယခုလေ့လာရေးခရီးစဉ်မှာ စင်္ကာပူက မြန်မာနိုင်ငံသို့ နည်းပညာအကူ အညီပေးရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ စင်္ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အောက်တွင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

MOFA က ပြောကြားရာတွင် စင်္ကာပူသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို ထောက်ပံ့ကူညီရေးကတိကဝတ်များကို အကောင်အထည်ဖော်သည့်အနေဖြင့် အတွေ့အကြုံများနှင့် ပညာရှင်များကို ဝေမျှလျက်ရှိသည်ဟု ဆိုပါသည်။

စင်္ကာပူသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းရန်နှင့် မြန်မာဖွံ့ဖြိုးရေးအတွက် ခိုင်မာသော နည်းလမ်းများဖြင့် လုပ်ဆောင်ပေးလျက်ရှိပါ သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတရုံးဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဠ ဦးစိုးသိန်း ကခေါင်းဆောင်မည် ဖြစ်ပါသည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. ပြည်သူ့သဘောဆန္ဒမပါသည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသားများ နုတ်ထွက်
  1. စွမ်းအင်ကဏ္ဍတိုးမြင့်ရေး အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းရန်စီစဉ်

နိုင်ငံရေးသတင်

  1. နိုင်ငံသားများ ကုမ္ပဏီလိုင်စင်မလိုဘဲ ကုန်သွယ်ခွင့်ရပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်သူ့သဘောဆန္ဒမပါသည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသားများ နုတ်ထွက်

ပြည်သူ့သဘောဆန္ဒတောင်းခံခြင်းမပြုဘဲဖွဲ့စည်းထားသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးနိုင်ရန် ဖွဲ့စည်းထားသည့် ကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးစစ်မြိုင်မှတာဝန် ယူကာ အဖွဲ့ဝင်  ၂၈ ဦးဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းရေးကော်မရှင်အနေဖြင့် ကြေးနီတောင်စီမံကိန်း ဆောင်ရွက်နေမှုများတွင် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်ခြင်းရှိ၊ မရှိ၊ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်သည့်အကြောင်းရင်းများ၊ ဆန္ဒဖော်ထုတ်မှုများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် စသည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေး၍ အကြံပြုသုံးသပ်ချက်များနှင့်တကွ ဒီဇင်ဘာလ ၁ ရက်နေ့နောက်ဆုံးထား ကာ နိုင်ငံတော်သမ္မတထံသို့တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းစေရန် ဆန္ဒပြသူများနှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် အာဏာပိုင်များက ရဲအင်အား ၅၀၀၀ ခန့်သုံး၍ မီးလောင်ဗုံးများဖြင့်ပစ်၍ လူစုခွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------------------

စွမ်းအင်ကဏ္ဍတိုးမြင့်ရေး အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းရန်စီစဉ်

ပြည်ပမှတင်သွင်းသောရေနံစိမ်းများကိုချက်လုပ်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အမှတ် ၁ ရေနံချက်စက်ရုံ သန်လျှင် ကိုပြန်လည်မွမ်းမံပြီး အဆင်မြင့်ချက်လုပ်နိုင်ရန်အတွက် နိုင်ငံတကာမှကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမူဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်နိုင်ငံခြား ကုမ္ပဏီများ ဖိတ်ခေါ်ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် နေပြည်တော်ရှိစွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

စက်ရုံကိုအဆင့်မြင့်ပြန်လည်မွမ်းမံပြီး နိုင်ငံတကာရှိဈေးကွက်များနှင့် ယှဉ်ပြိုင်ကာ အရည်အသွေးမြင့် ထုတ်ကုန် များတိုးမြင့်ရန်၊ စွမ်းအင်ခြိုးခြံချွေတာမှုဆိုင်ရာနည်းစနစ်များသုံး၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော ထုတ်ကုန်များ ထုတ်လုပ်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်းသိရသည်၊

အမှတ် ၁ ရေနံချက်စက်ရုံ သန်လျှင်သည် ရန်ကုန်မြစ်ကမ်းပါးပေါ်တွင်ရှိပြီး ရန်ကုန်မြို့မှ ၁၄ ကီလိုမီတာ ဝေးကွာသော သန်လျှင်မြို့တွင် ရှိကြောင်း သိရသည်။ အဆိုပါစက်ရုံလက်အောက်တွင် ရေနံချက်နိုင်သော စက်ရုံ ၂ ရုံ၊ လျှပ်စစ်ဓါတ်အားပေးနိုင်သောစက်ရုံ ၂ ရုံ၊ ရေနံမီးသွေး၊ ဓါတ်ပျံဆီ၊ ကတ္တရာ၊ ဖရောင်းတိုင်စသည်တို့ကိုပြုလုပ်သော စက်ရုံများအပါအဝင် တန်ချိန် ၆၅၀၀ ထိတင်ဆောင်နိုင်သော ဆီတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၅ ခုနှင့် ဆီလှောင်ကန် ၅၄ ပါရှိကြောင်းသ်ရသည်။

YC

--------------------------------------------------------------------------

နိုင်ငံရေးသတင်း

နိုင်ငံသားများ ကုမ္ပဏီလိုင်စင်မလိုဘဲ ကုန်သွယ်ခွင့်ရပြီ

ပြည်ထောင်စု မြန်မာနိုင်ငံသားများအနေဖြင့် ကုန်သွယ်ခွင့်ကုမ္ပဏီလိုင်စင်မလိုဘဲ တစ်ပတ်လျှင် သိန်း ၅၀ ဖိုးခန့် ကုန်သွယ်နိုင်မည့် ကုန်သွယ်ခွင့် လိုင်စင်များကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တစ်ဦးပိုင်ကုန်သွယ်ခွင့် လိုင်စင်များထုတ်ပေးရခြင်းမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဦးပိုင် ကုန်သွယ်ခွင့်လိုင်စင်ကို နိုင်ငံခြားသားများနှင့် တရားဝင်ကုမ္ပဏီအဖြစ် မှတ်ပုံ တင်ထားသည့် ကုမ္ပဏီမှ ဒါရိုက်တာများ လျှောက်ထားခွင့်မရှိကြောင်း နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်သွယ်ခွင့်လိုင်စင်ကတ်ရရှိရန် မှတ်ပုံတင်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ်ငါးသောင်း ပေးသွင်းရမည်ဖြစ်ပြီး တစ်နှစ်ပြည့်၍ လိုင်စင် ကတ်သတ်တမ်းတိုးရန် ရက်ကျော်သွားပါက ဒဏ်ကြေးအဖြစ် တစ်လ ကျပ် ၅၀၀၀ နှုန်းဖြင့် ခြောက်လအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သက်တမ်းတိုးရန်ခြောက်လကျော်သွားသည့် ကုန်သွယ်ခွင့်လိုင်စင်ကတ်များကို လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့တစ်ပတ်လျှင် သိန်း ၅၀ ဖိုးခန့် ကုန်သွယ်ခွင့်လိုင်စင်ကတ်များ ထုတ်ပေးခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်ရန် ငွေကြေးပမာဏ မပြည့်စုံသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှုများပပျောက်နိုင်စေရန် နယ်စပ်ဒေသ ကုန်သွယ်မှုများအား မိုဘိုင်းတင်းမ်အဖွဲ့မှ အထူးကြပ်မတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ     

“တိုင်းရင်းသားအရေး မဖြေရှင်းဘဲနဲ့တော့ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ညီမျှရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တန်းတူမျှရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေကို လိုလားတယ်။”

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၈) အမှတ် (၄၈) တွင်ပါရှိသော “ဖက်ဒရယ်မူ ဆက်လက်ကိုင်ဆွဲမည်ဟု ရှမ်းခေါင်းဆောင်များသဘောတူ” သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီး ဆေလ်ထင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 ***************************************************************

 “တရားရေးဘက်က အရေးယူဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ထိရောက်တဲ့ အရေးယူဆောင် ရွက်မှုတွေမရှိဘူး။ အပြစ်လုပ်တဲ့သူတွေကို ပြင်းထန်စွာ သတိပေးတယ်ဆိုတာလောက်နဲ့ ပြီးသွားတယ်။ လွှတ်တော်ဆိုတာ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ အုပ်ချုပ်ရေးပိုင်းကမပါသမျှ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာဖို့ ခက်ခဲနေဦးမှာပဲ။”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၁) အမှတ် (၃၈) တွင်ပါရှိသော “အုပ်ချုပ်ရေးပိုင်းမပါဘဲ တရားရေးမဏ္ဍိုင် မတည့်မတ်နိုင်ဟုဆို” သတင်းမှပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကို၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

***************************************************************

“ဆရာ၊ဆရာမတွေကို နည်းပညာသင်တန်းတွေ ပေးဖို့လိုတယ်။ တက္ကသိုလ်ပညာရေးအဆင့် ပြောင်းလဲမယ်ဆိုရင်နည်းပညာပိုင်းသင်ထောက်ကူပစ္စည်း ပိုင်းကအစ လိုအပ်ပါတယ်။ အားလုံးကို ပြောင်းလဲမှရမယ်။ နိုင်ငံရဲ့ပညာရေးမူဝါဒပြောင်းမယ်ဆိုရင်လဲ ဒီမိုကရေစီနည်းကျတဲ့ စီမံခန့်ခွဲမှုမျိုးလိုအပ်ပါတယ်။ အရင်ရှိခဲ့တဲ့ ဗဟိုအုပ်ချုပ်ရေး စနစ်ကိုပယ်ဖျက်ပြီး အရည်အချင်းမီတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ နည်းလမ်းတွေလိုအပ်ပါတယ်။ အခြေခံရော၊ တက္ကသိုလ် အဆင့်ရော နှစ်ခုလုံး တပြိုင်နက်တည်း ဆောင်ရွက်ရမယ်လို့ ထင်ပါတယ်။”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Flower News Journal အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “မြန်မာ့ပညာရေးအဆင့် ဘယ်လိုမြှင့်မလဲ” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာသိန်းလွင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

    ***************************************************

 *****************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive