Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၅.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. တွင်းထွက်သယံဇာတများတူးဖော်ရာတွင်ပွင့်လင်းမြင်သာမှုရှိရန်ကော်မတီဖွဲ့စည်း

နိုင်ငံရေးသတင်း

  1. စစ်သုံးရဟတ်ယာဉ်အပါအဝင် မြန်မာစစ်တပ်မှ ကေအိုင်အိဌာနချုပ်နားအထိထိုးစစ်ဆင်
  2. တိုင်းရင်းသားများစုပေါင်း၍ အင်အားကြီးပါတီနှစ်ခုအား ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ယူမည်
  3. RCSS/SSA မှ မြန်မာ့နိုင်ငံရေးအနာဂါတ် ရည်မှန်းချက်ငါးချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

တွင်းထွက်သယံဇာတများတူးဖော်ရာတွင်ပွင့်လင်းမြင်သာမှုရှိရန်ကော်မတီဖွဲ့စည်း

မြန်မာနိုင်ငံရှိ တွင်းထွက်သယံဇာတများတူးဖော်ရာတွင် ကုမ္ပဏီများနှင့် ပြည်သူလူထုအကြားပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်၍ သမ္မတရုံး ဝန်းကြီးဦးစိုးသိန်း ခေါင်းဆောင်သော တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင် ကော်မတီဖွဲ့စည်းကြောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့တွင်နိုင်ငံတော်သမ္မတရုံးမှ အမိန့်ထုတ်ပြန်လိုက်ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။

                အဆိုပါအဖွဲ့သည်လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် လုပ်ငန်းစဉ်ကြီးကြပ်မှု့ မူကြမ်းတရပ်ရေးဆွဲရန်၊   စက်မှုလုပ်ငန်းများနှင့် တွင်းထွက် သံယံဇာတ တူးဖော်နေသော ကုမ္ပဏီများအနေဖြင့် (EITI) Extractive Industry Transparency Initiative ဆိုင်ရာလုပ်ငန်းများကို ပြည်သူလူထုသိရှိ အောင်တာဝန်ခံဆောင်ရွက်ရန်၊ EITI တွင်မြန်မာ နိုင်ငံကိုအဖွဲ့ဝင်အဖြစ် လျှောက်ထားစဉ်အတွင်း အသိအမှတ်ပြုရန် လိုအပ်သော လုပ်ငန်းစဉ်များကိုအ ကောင်အထည်ဖော် ဆောင်ရွက်ရန်၊ သယံဇာတအရင်းအမြစ် တူးဖော်ရာတွင် နိုင်ငံတ်ာနှင့်ပြည်သူများ၏ လက်ရှိအကျိုးစီးပွားသာမက ရေရှည်တည်တံ မည့်အကျိုးစီးပွားကို ရှေးရှုသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုပါ သက်မှတ်ကောင်အထည် ဖော်ဆောင်ရွက်ရန် စသောအချက်များနှင့် အဆိုပါ လုပ်ငန်းစဉ်များကို ယခုလ ၃၁ ရက်နေ့နောက်ဆုံးထားပြီးဆောင်ရွက်ရန်  ရည်ရွယ်ပြီး ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) မှ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန တို့မှဝန်ကြီး များက အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ပြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ အတွင်းရေးမှုး အဖြစ် ဆောင်ရွက်ကြောင်းသိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

စစ်သုံးရဟတ်ယာဉ်အပါအဝင် မြန်မာစစ်တပ်မှ ကေအိုင်အိဌာနချုပ်နားအထိထိုးစစ်ဆင်

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာစစ်တပ်မှ စစ်သုံးရဟတ်ယာဉ်များ နှင့်လက်နက်ကြီးအပါအဝင်ခမရ ၃၈၈နှင့် ၃၈၃ အဖွဲ၊ ခလရ ၄၀ ပါဝင်သော ပူးပေါင်း စစ်ကြောင်းသည် နံနက် ငါးနာရီခွဲမှ စတင်ကာ ညနေ ငါးနာရီဝန်းကျင်အထိ လွိုင်ဇာမြို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို စစ်စခန်း ဌာနချုပ်အနီးနားတိုင်အောင် အင်အားသုံးထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်းကို ကေအိုင်အေမှ ဦးလာနန်း ကပြောကြားကြောင်းသိရသည်။

လဂျားယန်း ဘက်သို့ ရဟတ်ယာဉ်နှင့် မနက် ၁၁ နာရီခန့်တွင်တစ်ကြိမ်၊ နေ့လည်တွင် နှစ်ကြိမ်လာရောက် ပစ်ခတ်ကြောင်း၊ ဗဟိုဌာနချုပ် အပါအဝင် ဖုန်းပြင်ထန်းတောင်စခန်းနှင့် လဂျားဘက်သို့ ၁၀၅ မမ၊ ၁၂၀ မမလက်နက်ကြီး များဖြင့်အကြိမ် တစ်ရာခန့် ပစ်ခတ်ကြောင်း၊ ပန်ဝါဒေသနှင့် ဆေနိုင်ဘက်များတွင်ပါ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနှင့် ကေအိုင်အေဘက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် DKBA မှပူးပေါင်း တိုက်ခိုက် နေကြောင်းကို ၎င်းက ဆက်လက်ပြေားကြားကြောင်းသိရသည်။

ထိုသိုတိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံရွာသားများအနေဖြင့် ဒုက္ခသည်စခန်းများဆီသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ဒီဇင်ဘာ လအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနှင့် အစိုးရစစ်တပ်အကြား တွင်တိုက်ပွဲပေါင်း ရှစ်ဆယ်ခန် နှင့် ရဟတ်ယာဉ်များဖြင့် လေကြောင်းကူ ပစ်ခတ်မှုများသည် ခြောက်ကြိမ်ခန့် ရှိကြောင်းသိရ သည်။

                YC

-------------------------------------------------------

တိုင်းရင်းသားများစုပေါင်း၍ အင်အားကြီးပါတီနှစ်ခုအား ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ယူမည်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပါတီများမှစုပေါင်း၍ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီနှစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့အား အနိုင်ယူနိုင်ရန် ရည်မှန်းထားကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဇိုဇမ်၏ ပြောကြားချက်အရ သိရ သည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားပါတီများမှစုပေါင်း၍ တိုင်းရင်းသာညီနောင်ပါတီ ဖက်ဒရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လာမည့် ရွေးကောက် ပွဲများတွင်ဗမာပါတြီံကီးနှစ်ခု ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်လောင်းများ ရှာဖွေ၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချင်းအမျိုးသားတပ်ဦးအနေဖြင့်လည်း ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းလူမျိုးများနှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည့် အပြင် လာမည့်တစ်နိုင်ငံလုံးနှင့် ဆိုင်သည့်ကိစ္စရပ်များတွင် အခြားတိုင်းရင်းသားပါတီများနှင့် အတူပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင်    နောင်တစ် ချိန်ပါတီတည်ထောင်ရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တိုင်းရင်းသားပါတီများအနေဖြင့် ဗမာအင်အားကြီးပါတီနှစ်ခုနှင့် ယှဉ်ပြိုင်နိုင်ရန် စည်းလုံးညီညွှတ်ရန်လိုအပ်ပြီး ရန်သူမပာုတ် မိတ်ဆွေဖြစ်သည့် ဗမာအပါအဝင် တိုင်းရင်းသားများနှင့် အတူတကွငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်သွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    

YC

---------------------------------------------------------

RCSS/SSA မှ မြန်မာ့နိုင်ငံရေးအနာဂါတ် ရည်မှန်းချက်ငါးချက်ထုတ်ပြန်

              ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)မှ မြန်မာ့နိုင်ငံရေးအနာဂါတ် ရည်မှန်းချက်ငါးရပ်ကို အပစ်အခတ်ရပ်စဲမှုတစ်နှစ်ပြည့် သဘောထားကြေညာချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

RCSS/SSA ၏ အနာဂါတ်နိုင်ငံရေး ရည်မှန်းချက်ငါးရပ်မှာ ပြည်သူလူထုအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံ၍ ငြိမ်းချမ်း ရေးဆွေးနွေးရေး၊ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ရှမ်းပြည်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်သွားရန်၊ ပြည်သူလူထုအားလုံး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို နားလည်စေရေးအတွက် တိုက်တွန်းဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံအား အစိုးရမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန်၊ မူးယစ်ဆေးဝါးစိုက်ပျိုးမှုများကို အမြစ်ပြတ်ချေးမှုန်းတိုက်ဖျက်ရန်၊ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန်နှင့် စစ်ရေးအရဆောင်ရွက်မှုများကို နောက်ဆုံးကျပ်တည်းသည့် မလွှဲမရှောင်သာအဆင့်တွင်သာ အသုံးပြုရန်တို့ဖြစ်ကြောင်း သိရသည်။

သဘောထားကြေညာချက်တွင် အဖွဲ့အစည်းအားလုံးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပြဿနာရှိပါက ဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းရန်၊ အစိုးရအမြင်မှားခြင်းမရှိဘဲ ဒေသအနှံ့ရှိ ပြည်သူလူထုနှင့်တွေ့ဆုံနိုင်ရန်၊ နှစ်ပေါင်းများစွာတည်ရှိလာခဲ့သည့် နိုင်ငံရေးပြဿနာများနှင့် တိုက်ပွဲဖြစ်ပွားခြင်း များကို တွေ့ဆုံညှိနှိုင်ခြင်းဖြင့် အဖြေရှာနိုင်ရန်၊ သဘောတူညီချက်များရရှိရေးနှင့် တိုင်းပြည် ကောင်းစားရေးအတွက် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်တွေ့ ဆုံဆွေးနွေးနိုင်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် RCSS/SSA တို့၏ တိုက်ပွဲများပြန်လည်ဖြစ်ပွားရခြင်းမှာ အစိုးရတပ်မတော်မှ RCSS/SSA တပ်ဖွဲ့ဝင်များအားစတင် တိုက်ခိုက်သည့်အတွက် ငြိမ်းချမ်းရေးပျက်မည်ကို မလိုလားသည့် မိမိတို့တပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံကာကွယ်ခြင်းသာဖြစ်ကြောင်း သဘောထား ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် RCSS/SSA တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး ၂၀၁၂ မေလ ၁၉ ရက်နေ့တွင် သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

 “နိုင်ငံမှာအပြောင်းအလဲ လုပ်နေတယ်လို့ပြောကြတယ်။ စိတ်ဓါတ်ပြောင်းလဲဖို့။ နှလုံးသားပြောင်းလဲဖို့အဓိက အရေးကြီးဆုံးပါပဲ။ ဦးဇင်းတစ်ခု ပြောချင်တာက မာတဲ့နှလုံးသားကို မေတ္တာနှလုံးသားအဖြစ် ဦးဇင်းတို့အားလုံး ပြောင်းလဲဖို့လိုပါတယ်။ အရပ်ထဲမှာမြစ်တာလို့အသံထွက်ပေမယ့် အသံ ထွက်အစစ်ကမစ်တာ၊ မာတဲ့နှလုံးသားဆိုတာဒေါသ၊ မာနတွေ၊ ကိုယ်ကျိုး လွန်အတ္တတွေပြည့်နှက်နေတဲ့နှလုံးသားပေါ့၊ မာကျောနေတဲ့စိတ်၊ တစ်ဆို့နေတဲ့ စိတ်လို ဆိုပါတယ်။ ဒေါသ၊ မာန၊ အတ္တ တွေနဲ့စိတ် ဓါတ်တွေမာကျောနေရင်ကောင်းကျိုးချမ်းသာဝင်ပေါက်တွေလည်း တစ်ဆို့သွားမှာပဲလေ။ မေတ္တာနှလုံး ဆိုတာကတော့ ကိုယ်ကြောင့်သူများ ဒုက္ခမရောက်စေချင်တဲ့စိတ်၊ ကိုယ့်ကြောင့်သူများကောင်းကျိုးချမ်းသာ တိုးပွား စေချင်တဲ့စိတ်ပါ။ အုပ်ချုပ်သူ အားလုံးရော၊ အုပ်ချုပ်ခံအားလုံးရော တိုင်းသူပြည်သားအားလုံး မေတ္တာနှလုံးသားကိုယ်စီ ခိုင်မြဲကြမှဦးဇင်းတို့တိုင်း ပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက် မှာပါ”

ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် News Watch Jouurnal ပါ အတွဲ (၇) အမှတ် (၇၆) တွင်ပါရှိသော “သံဃာတော်များအား သပိတ်နှိမ်နှင်းရာ တွင်ရက်ရက်စက်စက်လုပ်ရက် ကမ္ဘာသမိုင်းတွင် ဧရာမအမဲစက်စွန်းထင်စေခဲ့ဟု အရှင်ဆန္ဒာဓိကမိန့်ကြား” သတင်းမှ ဆရာတော်အရှင် ဆန္ဒာဓိက ၏မိန့်ကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------

“ကျွန်တော်နားလည်တဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ ပြည်နယ်အဆင့်မှာအပစ်အခတ်ရပ်၊ ပြည်ထောင်စုအဆင့်မှာ ငြိမ်းချမ်းရေး ဆွေးနွေး၊ အဆင့်လိုက် အဆင့်လိုက်ဆွေးနွေးပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုအထိရည်ရွယ်တယ်လို့ ယူဆ ထားပါတယ်။ ကမ္ဘာမှာ မအောင်မြင်နိုင်သေးတဲ့အလုပ်၊ မရှိသေးတဲ့ အလုပ်ကို ကျွန်တော်တို့နိုငံမှာ လုပ်နေတယ်၊ ဒါကြောင့် အခက်အခဲတွေရှိမယ်။ ယုံကြည်မှုနှစ်ဖက်ဆက်ပြီးတော့ အဆင့်လိုက်သွားရမယ်။ ကျန်တဲ့ နည်းလမ်းမရှိဘူးလို့ ထင်တယ်။ KIO မှာတော့နှစ်ဖက်စလုံးမှာ ယုံကြည်မှုတည် ဆောက်လို့မရသေးပါဘူး။ ဒီရလဒ်ရအောင် လုပ်နိုင်တာက နှစ်ဖက်ခေါင် ဆောင်တွေရဲ့လိမ္မာပါးနပ်ဖို့လိုတယ်။ မွန်ပြည်သစ်ပါတီနဲ့ KNU တို့မှာကတော့ ဒီလိုယုံကြည်မှုတွေက ခိုင်သထက် ခိုင်လာတာကိုတွေ့ရတယ်”

ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် Street View Jouurnal ပါ အတွဲ (၁) အမှတ် (၄၉) တွင်ပါရှိသော “တိုင်းရင်းသားကလည်း အစိုးရကိုဝါးမြိုနေ သည်ဟုမြင်” အင်တာဗျူးများမှ ပြည်ထော်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ မြန်မာငြိမ်းချမ်းရေး စင်တာမှဦးလှမောင်ရွှေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------

“ပြည်တန်ဆာတွေကို လိုင်စင်ထုတ်ပေးပြီးတော့ စနစ်တကျနဲ့လုပ်ဆောင်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုင်စင် ထုတ်ပေးရင်း စနစ်တကျနဲ့ အခွန်ကောက်လို့ ရပါတယ်။ စနစ်တကျ ကျန်းမာရေးဆောက်ရှောက် မှုလုပ်ပေးလို့ရတယ်’’

ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် Street View Jouurnal ပါ အတွဲ (၁) အမှတ် (၄၉) တွင်ပါရှိသော “ပြည်တန်ဆာလိုင်စင်ရရန် လွှတ်တော် တင်မည်” သတင်းမှ ဒေါ်စန္ဒာမင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

  *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၄.၁၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သတိရှိမှုနှင့် ပါးနပ်မှု

*************************************************************************************************

ဆောင်းပါးကဏ္ဍ

အယ်ဒီတာ့အာဘော်

သတိရှိမှုနှင့် ပါးနပ်မှု

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေးအခင်းအကျင်းမှာ တိုက်ဆိုက်မှုများဖြင့် ရှုပ်ရှုပ်ထွေးထွေး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ယေဘူယျအားဖြင့် ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် နိုင်ငံတကာဆက်ဆံရေးအဆက်အစပ်တို့ကို ချိန်ထိုးသုံးသပ်ကြည့်ဖို့လိုသည်။ ပြည်တွင်းနိုင်ငံရေးအခြေအနေအရ ပြုပြင်ပြောင်းလဲနေသည့် ပင်မနိုင်ငံရေးရေစီကြောင်းကြီးကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသည့် အင်အားစုကြီးမှာ ထုနှင့်ထည်နှင့်ပင်ရှိသေးသည်ဟု ယခုဖြစ်ပျက်နေသည့်အရေးများက ဖော်ပြနေသည်။ အပြောင်းအလဲကို မလိုလားသည့် အာဏာရှိအသိုင်းအဝိုင်းထဲမှ လူပုဂ္ဂိုလ်များ၏ထိုးနှက်မှုများရှိသလို ယခင်အစိုးရနှင့် ယခုအစိုးရ အာဏာရှင်ချင်းအတူတူဟု ယူဆ၍ ဖိအားပေးတောင်းဆိုနေသည့် ပြည်သူများလည်း ရှိနေပါသေးသည်။

လက်ပံတောင်းတောင်အရေးကိစ္စကို အစိုးရမှကိုင်တွယ်ပုံမှာ အမှန်ပင်ညံ့ဖျင်းပါသည်ဟုဆိုချင်သည်။ ဤသည်မှာလည်း ပြည်ထဲရေး ဝန်ကြီးဌာနလို ဗျူရိုကရေစီယန္တရား၏ လုပ်ဆောင်ပုံ မှားယွင်းသွားသည့်အတွက်ကြောင့်လား သို့တည်းမဟုတ် အပြောင်းအလဲကို နှေးသွားစေလိုသည့်၊ နောက်ပြန်ဆုတ်သွားစေလိုသည့်အင်အားစုမှ အချိန်ကိုက်ကြံရွယ်လုပ်ဆောင်ခြင်းမျိုးလားဆိုသည်ကို နိုင်ငံတော်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ ဆောင်ရွက်စေခဲ့သည်။ ယင်းအရေးခင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့်အရာမှာကား ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ နှင့် စစ်တွေမြို့များတွင် ဘုန်းကြီးသံဃာများနှင့် လူပုဂ္ဂိုလ်များမှ  ငြိမ်းချမ်းစွာဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းနှင့် ချီ၍ လူထုလှုပ်ရှားမှုအားကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်လေရာ ယခုလိုပွင့်လင်းလာသည့် အချိန်အခါမျိုးတွင် မျှော်လင့်ချက်များ များပြားလာကြပြီး ဆန္ဒပြချီတက်မှုနည်းလမ်းများဖြင့် လုပ်ဆောင်လာကြသည်။ ယင်းမှာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲတိုးတက်မှုများအတွက် အန္တရာယ်ရှိပါသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများလည်း ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများကို တွေ့မြင်ကြားသိကာ လာရောက်ဖို့ တွန့်ဆုတ်သွားနိုင်သည်ကို အထူးသတိချပ်သင့်သည်။

နောက်တစ်ချက်မှာ တရုတ်နှင့် ဆက်ဆံရေးအနေအထား….။ တရုတ်မှာ မြန်မာနိုင်ငံ၌သာမက အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေး ပူးတွဲလုပ်ဆောင်မှု ကြီးကြီးမားမားရှိသည့် နိုင်ငံတနိုင်ငံဖြစ်ရုံမက ယင်း၏ ဗိုလ်ကျမှုကြောင့် အိမ်နီးချင်းနိုင်ငံအများစုနှင့် ဆက်ဆံရေးတင်းမာလျက် ရှိနေသည်။ သို့သော် မြန်မာနှင့် တင်းမာမှုကြီးကြီးမားမားမရှိသေးချေ။ မြန်မာနိုင်ငံအနေဖြင့် တရုတ်ကို နိုင်ငံရေးအရလက်မခံ၍ ဖြစ်နိုင်သော်လည်း စီးပွားရေးအရ မည်သို့မျှပစ်ပယ်ထားလို့မရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အမေရိကန်အခြေစိုက် National Intelligence Council မှ ထုတ်ပြန်သည့် Global Trend in 2030: Alternative World စာတမ်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၃၀ အရောက်တွင် အမေရိကန်ကို ကျော်တက်သွားနိုင်သည်ဟု ဟောကိန်းထုတ်ထားကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသားအကျိုးစီးပွားကို အခြေခံ၍ အမေရိကန်နှင့် တရုတ် တို့နှင့် ဆက်ဆံရေးတွင် ပါးပါးနပ်နပ် အထူးလိုအပ်ပါကြောင်း။

***************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive