Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

၂၁.၁.၂ဝ၁၃

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ကာလ ထိုင်းအစိုးရတိုးမြှင့်ပေး

(VOA News မှ 18 Jan 2013 ရက်စွဲပါ Thailand Extends Migrant WorkerRegistration Deadline ကိုဘာသာ ပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ကာလ ထိုင်းအစိုးရတိုးမြှင့်ပေး

(VOA News မှ 18 Jan 2013 ရက်စွဲပါ Thailand Extends Migrant WorkerRegistration Deadline ကိုဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမား ၂သန်းခန့်အား တရားဝင်မှတ်ပုံတင်နိုင်ရေး အတွက် နောက်ဆုံး သတ်မှတ်ရက်ကို ထိုင်းအစိုးရက ထပ်မံတိုးမြှင့် ပေးလိုက်ရာ အလုပ်သမားရေးရာတက်ကြွစွာ လှုပ်ရှား သူများကဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိသည်။

သို့အတွက်ကြောင့် ထိုင်းနိုင်ငံတွင်တရားမဝင်နေ ထိုင်သော ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် တရားဝင် မှတ်ပုံတင်နိုင်ရန် နောက်ထပ် လေးလ ထပ်မံရရှိသွားပြီဖြစ်သည်။သို့သော် အလုပ်သမားရေးရာ တက်ကြွစွာ လှုပ်ရှား သူများက အသစ်ထုတ်ပြန်လိုက်သည့်ဥပဒေသစ်သည် မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့မှ အဓိက လာရောက် လုပ်ကိုင်ကြသည့် အလုပ်သမားများအပါအဝင် နိုင်ငံခြားလုပ်သားများကို ခေါင်းပုံဖြတ် အမြတ် ထုတ်နိုင်သည့်အခြေအနေ တွင်ရှိဆဲဖြစ်ကြောင်းပြောကြားသည်။

ထိုင်းနိုင်ငံအစိုးရက မှတ်ပုံမတင်ရသေးသော နိုင်ငံခြားလုပ်သားများအတွက် မှတ်ပုံတင်မှုပိတ်သိမ်းမည့်နေ့ရက်ကို နောက်ထပ်လေးလအထိ တိုးမြှင့်ပေးလိုက်ကြောင်း ယခု ရက်သတ္တပတ်အတွင်း ထုတ်ပြန်ကြေညာသည်။ ယခင်က နိုင်ငံခြားလုပ်သားများအတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပိတ်သိမ်းရန် ထိုင်းအစိုးရကဆုံးဖြတ်ထားခဲ့ရာ ထိုင်းနိုင်ငံရှိ နိုင်ငံခြားအလုပ်သမား တစ်သန်းခန့် ပြည်နှင်ဒဏ် ပေးခံရမည့် ခြိမ်းခြောက်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၂ ဒဿမ ၅ သန်းခန့်ရှိရာအများစုမှာ မြန်မာနိုင်ငံမှ လာရောက်သူများဖြစ်သည်။

သို့သော်ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်မှာ နေထိုင်ခွင့်ပါမစ်ရရှိရေးအတွက် ပိတ်သိမ်းရက်နှင့် ကြုံတွေ့ ခဲ့ကြရသည်။ ထိုသို့ မှတ်ပုံတင် လုပ်ငန်းစဉ်ကိုလုပ်ကိုင်နေသူများအပါအဝင် ကျန်ရှိနေသောရွှေ့ ပြောင်း လုပ်သားများကို ထိုင်းအာဏာပိုင်များက ပြည်နှင်ဒဏ်ပေးမည်ဟု ခြိမ်းခြောက် ခဲ့ကြသည်။ သို့သော်ခြိမ်းခြောက်မှုများသာရှိခဲ့ပြီး အတင်း အကျပ်နှင် ထုတ်မှုမျိုးမရှိခဲ့ပေ။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် သက်တမ်းတိုးပိတ်သိမ်းရက်ကို ဧပြီလ ၁၄ ရက်နေ့အထိထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း၊ မှတ်ပုံမတင်သေးရသော ရွှေ့ပြောင်းလုပ်သားအားလုံး သက်တမ်းတိုးခွင့်ပြုကြောင်း ထိုင်းအစိုးရ ကထုတ်ပြန်ကြေညာသည်။

ရိုးစင်းသော လုပ်ငန်းစဉ်ထိုင်းအာဏာပိုင်များက မှတ်ပုံတင်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ထုတ်ပြန်ကြေညာသော်လည်း အလုပ်သမား ရေးရာ တက်ကြွစွာလှုပ်ရှားသူများ အဆိုအရစင်တာသစ်များဖွင့်လှစ်ကာ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်အမြန်ဆုံးပြီးစီးရေးအတွက် ထိရောက်ပြီးတွက် ခြေ ကိုက်သော လုပ်ငန်းစနစ်ကို အသုံးပြုထားခြင်း ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်(Mahidol University) မှရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လေ့လာရေးသုတေသီ Andy Hall က "ယခုချမှတ်လိုက် သော မူဝါဒသစ်သည် ယခင်မူဝါဒနှင့် သိသိသာသာပင်ပြောင်းပြန်ဖြစ်နေကြောင်း" ပြောကြားသည်။

"သူတို့ပြောပုံအရတော့ လုပ်ငန်းစဉ်ဟာ အင်မတန်ရိုးရှင်းပြီးတစ်ကြိမ်တည်းနဲ့ပြီးပြတ်မယ်တဲ့။ ကျွန်တော်ပြောချင်တာကအခုလက်ရှိ အခြေအနေ မှာ ဘာအရေးကြီးသလဲဆိုရင် ဒီမှတ်ပုံတင်လုပ်ငန်းစဉ်ကို ပွင့်လင်း မြင်သာမှုရှိအောင် အသေအချာလုပ်ကိုင်ပေးဖို့ပါပဲ။ ဒါကိုပွဲစားတွေနဲ့ လာဘ်စားတဲ့ အေးဂျင့်တွေက လက်ဝါးကြီးအုပ်ပြီး မလုပ်ပေးကြဖို့အင်မတန်အရေးကြီးပါတယ်" ထိုင်းနိုင်ငံတွင်ရှိသော ရွှေ့ပြောင်းလုပ်သား ၈၀ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံမှလာသူများဖြစ်ကြသည်။ ၎င်းတို့သည် စက်ရုံများ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ပင်လယ်စာထုတ်ကုန် လုပ်ငန်းများ တွင်ဝင်ရောက် လုပ်ကိုင်လျက်ရှိကြပြီး အများစုမှာတရားဝင်မှတ်ပုံတင်မှုမပြုလုပ်ထားကြပေ။

သို့အတွက်ကြောင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံကြရသည်။ ထိုင်းနိုင်ငံသည် နိုင်ငံခြားအလုပ်သမားများ တရား ဝင်ဖြစ်ရေးနှင့် အလုပ်သမားများ အဓမ္မစေခိုင်းခံရမှုများ လျှော့ချနိုင်ရေးအတွက်အမျိုးသားမှတ်ပုံတင်ရေးအစီအစဉ်ကို အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။

သို့သော် ထိုင်းအစိုးရ၏ အစီအစဉ်မှာ နှေးကွေးပြီး ကုန်ကျစရိတ်လည်းများပြားကြောင်း တက်ကြွစွာလှုပ်ရှားသူများကပြောသည်။ ရွှေ့ပြောင်း လုပ်သားများ အလုပ်ရှင်ထံမှ ထောက်ပံ့မှုရရှိရေးအတွက် ၎င်းတို့အနေဖြင့် ပထမဦးစွာ မိမိနိုင်ငံသို့ပြန်ကြရမည်ဖြစ်သည်။သို့အတွက်ကြောင့် မသမာသော အလုပ်ရှင်နှင့် ပွဲစားများက ငွေကြေးအဆမတန်ယူခြင်း သို့မဟုတ် လူကုန်ကူးမှုများနှင့် ချိတ်ဆက်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။

ကြီးမားတဲ့စရိတ်စကထိုင်းနိုင်ငံ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ရေးအစီအစဉ် (MAP) မှ Jackie Pollock က ယခုချမှတ်လိုက်သော မူဝါဒ ရိုးရှင်းသည်မှာ မှန်သော်လည်းရွှေ့ပြောင်း လုပ်သားများအနေဖြင့် အလုပ်ရှင် ထံမှထောက်ပံ့ ပေးမှုရရှိရန်လိုအပ်နေဆဲဖြစ်ကြောင်း ပြောကြားသည်။ Jackie Pollock အဆိုအရ အလုပ်သမား များ အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်အားခနှုန်းထားသစ်ဖြစ်သည့် တစ်နေ့ ဘတ် ၃၀၀ (၁၀ဒေါ်လာ) ကို ပေးဆောင်လိုသည့် အလုပ်ရှင်နည်းပါးကြောင်း သိရသည်။

"ဆိုရရင် သတ်မှတ်ထားတဲ့လုပ်အားခ ဘတ် ၃၀၀ ထက်နည်းတဲ့နှုန်းထားကိုပဲပေးချင်နေကြတဲ့အတွက် ယခုချမှတ်လိုက်တဲ့လုပ်ငန်းစဉ်ကို လုပ်ပါ လုပ်ဆောင်မှုမပြုချင်တဲ့ လုပ်ငန်းရှင်တွေအများကြီးရှိနေပါတယ်။ ကျွန်တော်ထင်တာကတော့ မဲဆောက်လိုမြို့မျိုးမှာ အဲဒီလို လုပ်ငန်းရှင်တွေ အများကြီး ရှိနေတယ်" ဟု၎င်းကမှတ်ချက်ပေး ပြောဆိုသည်။

"မနေ့က မဲဆောက်မှာလုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တစ်နေ့ကို အနည်းဆုံးလုပ်အားခဘယ်လောက် ပေးသလဲလို့ကျွန်တော် သူတို့ကိုမေးတယ်။ သူတို့ကမဲဆောက်မှာ တစ်နေ့အတွက်လုပ်အားခက ဘတ်ငွေ ၆၀ လို့ပြောကြတယ်" ထိုင်းနိုင်ငံအစိုးရသည် ဇန်နဝါရီလမှစ၍ အလုပ်သမားတစ်ယောက်အတွက် အနိမ့်ဆုံးလုပ်အားခကို တစ်နေ့လျှင် ဘတ် ၃၀၀ အဖြစ်တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။

သို့သော် ထိုသတ်မှတ်ချက်အတိုင်း အမှန်တကယ်လိုက်ပါလုပ်ဆောင်ခြင်း ရှိ၊မရှိဟူသောအချက်ကို ရှင်းရှင်း လင်းလင်းမသိရပေ။ အမျိုးသား မှတ်ပုံတင်ရေးလုပ်ငန်းစဉ်သည် နိုင်ငံခြားသား လုပ်သားများအတွက် ကုန်ကျစရိတ်ကြီးမားစေမည် ဖြစ်သည်။

မှတ်ပုံတင်လုပ်ငန်းစဉ်သစ်အတွက် ကုန်ကျမည့် စရိတ်စကကို ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း Andy Hall အဆိုအရ လျှောက်ထားသူ များအနေဖြင့် ဒေါ်လာ ၄၀၀ အထိကုန်ကျဖွယ်ရှိကြောင်းသိရသည်။ထိုစရိတ်စကကို အလုပ်သမားအတော်များများ ပေးဆောင်နိုင်မည် မဟုတ်ပေ။

"မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုလိုနိုင်ငံတွေကလာတဲ့ ငွေကြေးအခက်အခဲရှိတဲ့ အလုပ်သမားတွေလိုမျိုးအတွက်တော့ အဲဒီနှုန်းထားဟာ အင်မတန်မျှတမှုမရှိဘဲ မြင့်မားတဲ့နှုန်းထားတစ်ရပ်ပါပဲ။ ဆိုတော့အဲဒီလုပ်ငန်းစဉ်အောင်မြင်မှုရရှိရေးအတွက် ဖယ်ထုတ်ရမယ့်ကိစ္စတွေအမှန်တကယ် ရှိနေတယ်လို့ပဲပြောရပါမယ်" ဟု၎င်းကဆက်လက်ပြောဆိုသည်။

မူဝါဒအပြောင်းအလဲ Andy Hall အဆိုအရ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အပြောင်းအလဲမှာ မြန်မာနိုင်ငံမှ အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ၎င်းတို့က မြန်မာလုပ်သားများ တရားဝင် နေထိုင်ခွင့် ရရှိရေးကိုလိုလားကြကြောင်း ပြောကြားသည်။

ဇန်နဝါရီလက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက "မိမိတို့အနေဖြင့် အလုပ်သမားများ ခေါင်းပုံဖြတ်ခံရမှု၊ အဓမ္မစေခိုင်းခံရမှုတို့ အဆုံးသတ်ရေးအတွက် ထိုင်းအာဏာပိုင်များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားသည်။

ကုန်ကျစရိတ်စကများ လျှော့ချရေး၊ ပွဲစားများ၏ အခန်းကဏ္ဍ ပပျောက်ရေး၊ အလုပ်သမားများအတွက် မှတ်ပုံတင်ပေးမှုမပြုလုပ်လိုသော လုပ်ငန်းရှင်များပပျောက်ရေး စသည်တို့အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးတင်ဝင်းက ပြောကြားသည်။

လာမည့် ဖေဖော်ဝါရီလတွင် ရွှေ့ပြောင်းလုပ်သားဦးရေ မည်၍မည်မျှခန့် မှတ်ပုံတင်ရန် လိုအပ်သည်ဟူသော အချက်ကို မိမိတို့အနေဖြင့် ဆုံးဖြတ် နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သုံးလအတွင်းယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကဆိုသည်။

"တစ်နေရာထဲမှာ အပြီးသတ်လုပ်လို့ရမယ့် စင်တာတွေဖွင့်မယ်" ဟု ဆိုသည်။ ထိုင်းအာဏာပိုင်များအနေဖြင့်ရွှေ့ပြောင်းလုပ်သားများကို နေထိုင် ခွင့်ပါမစ်ဗီဇာ ထုတ်ပေးမည်ဖြစ်သည်ဟုပြောကြားသည်။

Jackie Pollock အဆိုအရ အလုပ်သမားများ အဓမ္မစေခိုင်းခံရမှုနှင့်လူကုန်ကူးမှုများ ကာကွယ်ရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှုများနှင့် လည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

"ကျွန်တော်တို့တတွေသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထွက်လာတယ်။ နောက်ပြီးတော့ပြောရရင် ထိုင်း နိုင်ငံအနေနဲ့ (လူကုန်ကူးမှုနဲ့ပတ်သက်လို့) စောင့်ကြည့်ရမယ့်စာရင်းထဲမှာပါနေဆဲပဲဆိုရင် ပိတ်ဆို့အရေးယူမှုတွေနဲ့ရင်ဆိုင်ရလာနိုင်ပါတယ်။

အဲဒါကြောင့် လူကုန်ကူးမှုမျိုးတွေထပ်မံ ဖြစ်ပေါ်မှုမရှိတော့ဘူးဆိုတဲ့အချက်ကို သေချာအောင် ထိုင်းအာဏာပိုင် တွေကအသည်းအသန် လုပ်ကိုင် နေကြတယ်။ အဲဒီလိုဆိုတော့ လူကုန်ကူးမှုတွေလျှော့ချပေးနိုင်မယ့် မူဝါဒတွေ ကျင့်သုံးလာ တယ်ဆိုတာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ်" ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ချိန်ကို မကြာခဏဆိုသလို သက်တမ်းတိုးပေးလေ့ရှိသည်။သို့သော် ရွှေ့ပြောင်းလုပ်သား တစ်သန်းခန့်မှာ ယင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်လိုစိတ် မရှိကြပေ။

ယခုလို မူဝါဒသစ်ပေါ်ထွက်လာသည့်အတွက် ကြိုဆိုရမည်ဖြစ်သော်လည်းမှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ် ရက်အား လေးလခန့်တိုးမြှင့် လိုက်မှုသည်အချိန်ကာလအားဖြင့် နည်းပါးနေသေးကြောင်း၊ အကြောင်းမှာ မှတ်ပုံတင်ရန် လိုအပ်နေသည့် နိုင်ငံခြားသားဦးရေမှာ နှစ်သန်းခန့်ရှိနေသော ကြောင့်ဖြစ်ကြောင်း Pollock ကရှင်းပြသည်။

မည်သို့ပင်ဆိုစေ အကယ်၍ လာမည့် ဧပြီလ ၁၄ ရက်နေ့ရောက်သည်အထိ မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်သည့်လုပ်ငန်းစဉ် မပြီး ပြတ်သေးပါကမိမိတို့အနေဖြင့် သက်တမ်းထပ်မံတိုးပေးရန် ထိုင်းအာဏာပိုင်များကိုတွန်းအားပေးသွားမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက သတင်းထောက်များကို အတည်ပြု ပြောကြားသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၁.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနှင့်တရုတ်တို့၏ ဝိရောဓိဖြစ်နေသော ဆက်ဆံရေး

(18 jan 2013 ရက်စွဲပါ The Economist မှ “Myanmar and China have a conflicted friendship ကိုဘာသာပြန်ပါသည်)

  1. ထိုင်းဗိုလ်ချုပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ဖွင့်လှစ်ရန်ဆန့်ကျင်

(18 Jan 2013 ရက်စွဲပါ UPI မှ Thailand general against refugee camp ကို ဘာသာပြန်ပါသည်)

  1. တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စေချင်

(UPI News မှ 18 Jan 2013 ရက်စွဲပါ “China wants Northern Myanmar cease-fire” သတင်းကိုဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနှင့်တရုတ်တို့၏ ဝိရောဓိဖြစ်နေသော ဆက်ဆံရေး

(18 jan 2013 ရက်စွဲပါ The Economist မှ “Myanmar and China have a conflicted friendship ကိုဘာသာပြန်ပါသည်)

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားကချင်သူပုန်များကြား တိုက်ပွဲများအတွင်း တရုတ်နယ်မြေအတွင်းသို့ ဗုံးတစ်လုံးကျရောက်ခဲ့ကြောင်း တရုတ် အစိုးရ တာဝန်ရှိသူများက ဇန်နဝါရီလ (၁၇) ရက်နေ့က အတည်ပြု ခဲ့ပါသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာစစ်တပ်နှင့် ကေအိုင်အေ တို့၏စစ်ပွဲများ ပြန်လည်ဖြစ်ပွားကတည်းက တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံသည် ခြိမ်းခြောက်မှုများ ရှိလာပါသည်။ ၂၀၁၂ ခုနှစ် အတွင်းဝယ် တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းသို့ ဒုက္ခသည် (၁၀၀၀၀) ခန့် ဝင်ရောက် လာခဲ့ပါသည်။ တရုတ်အစိုးရသည် ဒုက္ခသည်ပြဿနာကို တရားဝင်အသိအမှတ်ပြုခြင်းမရှိပဲ၊ ဝင်ရောက်လာသူ အချို့ကို မြန်မာနိုင်ငံသို့ပြန်လည် နှင်ထုတ် ခဲ့ပါသည်။ နယ်စပ်တစ်လျှောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ လုံခြုံရေး ပြဿနာကို လျှော့ပေါ့စဉ်းစားရန်မှာ စမ်းသပ်မှုတစ်ခု ဖြစ်လာပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် တရုတ်ပိုင်နက်အတွင်း မီတာ (၅၀၀) ခန့်အထိ ဗုံးတစ်လုံးကျရောက်ခဲ့ခြင်းနှင့် ပက်သက်၍ မြန်မာအစိုးရအပေါ် ကျေနပ်မှုမရှိခြင်းနှင့် ကြီးစွာသောစိုးရီမ် ပူပန်ရမှုကို လျင်မြန်စွာဖေိာပြခဲ့ကြပါသည်။ အဆိုပါဗုံးကို မည်သူပစ်သည်ဟု အတည်မပြု နိုင် ပါ။ ဒီဇင်ဘာလကုန်ပိုင်းကလည်း ဗုံးသုံးလုံး (လက်နက်ဗုံး ဖြစ်နိုင်ပါသည်) တရုတ်နယ်ထဲသို့ ကျရောက်ခဲ့ပါသေးသည်။ ထိုကိစ္စကို အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်မှသာ နောင်အလားတူဖြစ်ရပ်မျိုး ကြိုတင်ကာကွယ်နိုင်မည်ဟု ဝန်ကြီးဌာနက ပြောပါသည်။ ယခုအခါ တရုတ်က နှစ်ဖက်တိုက်ပွဲဝင်နေသူများ အား ချက်ခြင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပါသည်။

ယခု အဖြစ်အပျက်များနှင့် ပတ်သက်၍ တရုတ်အစိုးရသည် ဆုံးဖြတ်ရခက်သော အခြေအနေကို ဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသည် နိုင်ငံရေးအရ ဖြေလျှော့မှုများ ပြုလုပ်နေခြင်းကြောင့်အမေရိကန်ကဲ့သို့သော အနောက်နိုင်ငံများနှင့် ပိုမိုနီးစပ် သွားခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ခြင်းကြောင့် တရုတ်၏သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေပြီး မြန်မာနိုင်ငံမှ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ၏ အခြေအနေကို စိုးရိမ်ရမှုတိုးပွါးစေပါသည်။ တရုတ်၏ မြန်မာအစိုးရနှင့်၎င်း၊ မြန်မာစစ်တပ်နှင့်၎င်း ဆက်ဆံရေးမှာ အားကောင်းနေဆဲ ဖြစ်ပါသည်။ သို့သော် တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံကို အနောက်နိုင်ငံများနှင့် များစွာနီးစပ်မှုကို မလိုလားပေ။ ထို့အတွက်ကြောင့် တရုတ်တို့အနေဖြင့်၎င်းတို့နယ်မြေ အတွင်းဗုံး                                                                                                                                                                                                                                                                       ကျ ရောက်လာမှုကို ထိထိရောက်ရောက် တုန့်ပြန်ရေးအတွက် အကန့်အသတ် ဖြစ်နေပါသည်။

မြန်မာအစိုးရသည် တိုင်ပွဲများ ရပ်ဆိုင်းသွားရေးအတွက် အနည်းငယ်သာလုပ်ဆောင်နိုင်ခဲ့ပါသည်။ အစောပိုင်းက အစိုးရ၏ တိုင်းရင်းသား သူပုန်များ  အပေါ် တိုက်ခိုက်မှုများရပ်ဆိုင်းရန် တောင်းဆိုမှုကို မြန်မာစစ်တပ်က လစ်လျူရှုခဲ့ပြီး ဖြစ်ပါသည်။ တိုင်းရင်းသားကိစ္စများတွင် စစ်တပ်အား စိန်ခေါ်ရခြင်းမှာ မြန်မာအစိုးရအတွက် အန္တရာယ်ရှိပါသည်။ စစ်တပ်မှ အာဏာရှိသော ပုဂ္ဂိုလ်များက ဦးသိန်းစိန်၏ အစိုးရသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ခြိမ်းခြောက်လာသည်ဟု ရှုမြင်လာပါက စစ်တပ်သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးနှင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွား နိုင်သည့် လုပ်ဆောင်မှုများလုပ်ဆောင်လာနိုင်ပေသည်။

-----------------------------------------------------------------------------

ထိုင်းဗိုလ်ချုပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ဖွင့်လှစ်ရန်ဆန့်ကျင်

(18 Jan 2013 ရက်စွဲပါ UPI မှ Thailand general against refugee camp ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်း တည်ထောင်ပေးခြင်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြာင်း ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး တစ်ဦး ကသောကြာနေ့က ပြောဆိုခဲ့ပါသည်။

ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Thanasak Patimapakorn ကပြောကြားရာတွင် ရိုဟင်ဂျာများအတွက် ထိုင်းနိုင်ငံတွင်ဒုက္ခသည်စခန်း တည်ထောင်သင့်သလော။ ထိုင်းနိုင်ငံသည် ဒုက္ခသည်များ ကိစ္စကို အပြည့်အဝတာဝန်ယူရလိမ့်မည် ဖြစ်ကြောင်းဆိုခဲ့သည်ကို Bangkok Post ကသတင်း ရေးသားဖော်ပြခဲ့ပါသည်။

လက်ရှိအားဖြင့် ရိုဟင်ဂျာဒုက္ခသည်များသည် Songkhla ၏ Hat Yai နယ်ရှိ Thung Lung ရဲစခန်းတွင် ထိန်းသိမ်းခြင်း  ခံထားရပါသည်။

“ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒုက္ခသည်စခန်း ထူထောင်ပေးမယ်၊ မပေးဘူးဆိုတာကတော့ အစိုးရက ဆုံးဖြတ်ရမှာပါ။ လူသားချင်းစာနာမှု အရ အစပိုင်းမှာ သူတို့ကို ဥပဒေနှင့် အညီနေစရာ၊ စားစရာတွေ ပေးသင့်ပေမယ့် ရေရှည်မှ သူတို့ပြန်လည် ထွက်ခွာသွားရမှာ ဖြစ်ပါတယ်” ဟု Thanasak ကပြောပါသည်။

“နိုင်ငံခြားတိုင်းပြည်တွေက ထိုင်းနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် အကူအညီပေးစေလိုကြပါတယ်။ ဒါပေမယ့် ထိုင်းကို ဝင်ကူညီပေးဖို့ သူတို့ မပြော ကြဘူး” ဟု ၎င်းကပြောပါသည်။

ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung ကပြောကြားရာတွင် ရိုဟင်ဂျာ ဒုက္ခသည်များကို အခြားတိုင်းပြည်များသို့ ပို့ရမည် ဖြစ်ကြောင်း ဆိုခဲ့ပါ သည်။

“ရိုဟင်ဂျာတွေကို နှင်ထုတ်ရင် နိုင်ငံတကာအသိုင်းအဝိုင်းက ထိုင်းနိုင်ငံကို ရက်စက်တယ်လို့ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ရပါလိမ့်မယ်” ဟု Chalerm ကပြောပါသည်။

ထိုင်းနိုင်ငံရှိ Human Rights Watch အာရှဌာနခွဲ၏ အကြီးတန်း သုတေသနပြုသူ Sunai Phasuk က အာဆီယံအနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အား ရိုဟင်ဂျာများအပေါ် နိုင်ငံသားခွင့်ပြုရေး ဖိအားပေးရန် တောင်းဆိုခဲ့ပါသည်။

-------------------------------------------------------------------

တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စေချင်

(UPI News မှ 18 Jan 2013 ရက်စွဲပါ “China wants Northern Myanmar cease-fire” သတင်းကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခတွင်ပါဝင်ပတ်သက်နေကြသော အုပ်စုအားလုံးအား အပစ်ရပ်သဘော တူညီချက် မြန်မြန်ရရှိအောင် ကြိုးပမ်း ကြရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာနယ်စပ်မှ တစ်မို်ငခန့်အကွာ တရုတ်ပိုင်နက်ထဲသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြောကြားကြောင်း Xinhua သတင်းဌာနက ကြာသာပတေးနေ့ တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံက ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ကြီးမားစွာစိုးရိမ်မှု၊ စိတ်အနှောင့်အယှက် ဖြစ်ရမှုတို့ကို ဖော်ပြရန် မြန်မာနိုင်ငံသို့ အရေးပေါ် အကြောင်း ကြားစာပေးပို့ထားသည်ဟု ဟောင်လီက ပြောကြားသည်။

မြန်မာနိုင်ငံဖက်မှ ပဋိပက္ခကြောင့်တရုတ်ပိုင်နက်အတွင်းသို့ လေးကြိမ်မြောက်ကျရောက်လာသော ဗုံးကြောင့် သေကြေထိခိုက်မှုတစ်စုံတရာ မရှိဟု သိရှိရသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား၎င်းကိစ္စကို စုံစမ်းစစ်ဆေးရန်နှင့် အလားတူဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်အောင် အာမခံရန် တောင်းဆိုထား သည်။

ကချင်ပြည်နယ်တွင် ရင်ဆိုင်တိုက်ခိုက်နေကြသော အုပ်စုများအား ဟောင်လီက “အဆုံးစွန် စိတ်ရှည် သည်းခံကြရန်၊ စေ့စပ်ညှိနှိုင်းမှုမှ တဆင့် ဖြေရှင်းကြရန်၊ နှစ်နိုင်ငံနယ်စပ်အနီး တည်ငြိမ်မှုကို ထိန်းသိမ်းကြရန်” တိုက်တွန်းပြောကြားပါသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အနေအထားတိုးတက်မှုတွေ နယ်စပ်နယ်မြေစိုးမိုးမှုတွေ ကို အရင်ကတည်းက အနီးကပ်စောင့်ကြည့် နေခဲ့ပါတယ်။” ဟု ဟောင်လီက ဆိုသည်။

မြန်မာနယ်စပ်မှ ပဋိပက္ခကြောင့် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ကချင်ဒုက္ခသည်အရေအတွက်တိုးပွားလာကြောင်း တရုတ်သတင်းဌာနများက ရေးသားကြသော်လည်း အရေအတွက် ခန့်မှန်းပြောကြားခြင်းမရှိဟု New York Times က သတင်းဖော်ပြသည်။

အိုးမဲ့အိမ်မဲ့ ဖြစ်၍ ရောက်ရှိလာကြသော ဒုက္ခသည်များအတွက် သောက်ရေ သုံးရေနှင့် လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းပေးထားသော ဒုက္ခသည် စခန်းကို ယူနန်ပြည်နယ် ယင်ဂျန်းခရိုင် တာဝန်ရှိသူများက ထူထောင်ပေးထားသည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ဇွန်လ၌ ၁၇ နှစ်အကြာ အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားပြီးနောက်ပိုင်း ဒေသတွင်းနယ်မြေအများစု ထိန်းချုပ်ထား သော ကေအိုင်အေ တပ်ဖွဲ့ကို မြန်မာအစိုးရတပ်များက တိုက်ခိုက်လျက်ရှိသည်။ ပြီးခဲ့သော ဒီဇင်ဘာလလယ်တွင် မြန်မာအစိုးရတပ်ဖွဲ့များက ထိုးစစ် အသစ်စတင်ခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာ၏ အနီးတဝိုက် စခန်းများကို သိမ်းပိုက်ရန်အတွက် လက်နက်ကြီးများ၊ ရဟတ်ယဉ်များ၊ တိုက်လေယာဉ် များ ကို အသုံးပြုခဲ့သည်ဟု အကဲခတ်လေ့လာသူများက ပြောကြားကြသည်။

ထို့နောက်တွင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှု ရပ်ဆိုင်းကြောင်း အစိုးရတာဝန်ရှိသူများက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive