Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၇.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်တွင် စစ်ပွဲရပ်အောင် ကူညီကြရန် တရုတ်နှင့် အမေရိကန်ကို ကချင်တို့တောင်းဆို

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

  1. တယ်လီကွမ်း ကုမ္ပဏီ ၄ ခုခန့် မြန်မာကိုစိတ်ဝင်စား

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “4 Telecom Firms eye Myanmar” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်တွင် စစ်ပွဲရပ်အောင် ကူညီကြရန် တရုတ်နှင့် အမေရိကန်ကို ကချင်တို့တောင်းဆို

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

Photo: internet

ပြည်ပရောက် ကချင် ၁၀၀ ခန့်သည် သောကြာနေ့က ချင်းမိုင်မြို့ရှိ တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများ သို့ချီတက်ကာ ကချင်   ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုက်ပွဲများ ရပ်ဆိုင်းအောင် မြန်မာ အစိုးရအား ဖိအားပေးရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ကချင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား မြန်မာအစိုးရတပ် က လေကြောင်းအင်အား သုံးချေမှုန်းနေခြင်းကို ပြစ်တင်ရှုံချ သည့်ပေးစာကို တင်ပြခဲ့ကြ ပြီးကေအိုင်အေနှင့် နေပြည်တော် စေ့စပ်ညှိနှိုင်းအောင် ဘီဂျင်းက ဖိအားပေးရန်နှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ဆက်လက်၍ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ချီတက်သွားကြပြီး ကချင် ဒုက္ခသည် များအား လူသားချင်းစာနာမှု အကူအညီ ပေးရန် မြန်မာအစိုးရအား စီးပွားရေး Sanction ပိတ်ဆို့ရန် တောင်းဆို ခဲ့ကြသည်။

ထို့အပြင်ဆန္ဒပြသူများက ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး UNHCR အား ကချင်ဒုက္ခသည် များကို အထူးသဖြင့်ကူညီရေးအတွက် အရှေ့တောင်အာရှတွင် ရုံးခွဲဖွင့်ရန်နှင့် ၎င်းတို့၏ကိစ္စကို ကုလသမဂ္ဂညီလာခံသို့ တင်ပြ ပေးရန်တောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲ ထားခဲ့သော်လည်း ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် မြန်မာ့ တပ်မတော်က ရေအားလျှပ်စစ် တမံ စီမံကိန်း တစ်ခုအနီးမှ ကေအိုင်အေ ဆက်ဆံရေးရုံးကို အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြင့် ရန်စကာ တိုက်ခိုက်ရာမှ စစ်ပွဲပြန်လည် ဖြစ်ပွားကာ ဒေသခံ ပြည်သူ တစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

------------------------------------------------------------

တယ်လီကွမ်း ကုမ္ပဏီ ၄ ခုခန့် မြန်မာကိုစိတ်ဝင်စား

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “4 Telecom Firms eye Myanmar” သတင်းကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးကာလက လစ်လျူရှုထားခဲ့သော ဆက်သွယ်ရေးကဏ္ဍကို မှန်ကန်သောကွန်ယက်ဖြစ်အောင် ဖန်တီးတော့မည် ဖြစ်ရာ တယ်လီကွန်းလိုင်စင်အတွက် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုမှု ၄ ခုခန့်ကို အနည်းဆုံးရရှိဆွဲဆောင်ထားပြီး ဖြစ်သည်။

အလားအလာရှိသော အော်ပရေတာ ကုမ္ပဏီများမှာ နော်ဝေး Telenor၊ ထိုင်း DTAC ၊ မလေးရှား Axiata ၊စင်ကာပူ Sing Tel နှင့် ST Telemedia တို့ဖြစ်သည်။

Bloomberg News သို့ အီးမေးလ်ဖြင့်ပြန်ကြား သောAxiataကုမ္ပဏီက “မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုအတွက် စဉ်းစားဖို့ဆီလျော်ပြီး စိတ်ဝင် စားစရာ ကောင်းတဲ့ဈေးကွက်ပါ။ ဖွံ့ဖြိုးဖို့အလားအလာကောင်းတဲ့ မဟာဗျူဟာ ဈေးကွက် အဖြစ်ထင်ဟပ်နေပါတယ်” ဟုပြောကြားသည်။

ဇန်နဝါရီလ ၁၇ရက်က နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ကြား၍ တင်ဒါခေါ်သော မြန်မာအစိုးရက ၂၀၁၆ခုနှစ်တွင် နိုင်ငံတော်၏ ၈၀ရာခိုင်နှုန်း တယ်လီဖုန်းအသုံးပြု နိုင်စေရန်အတွက် ကွန်ယက်တိုးချဲ့ရန် တယ်လီကွမ်းနှစ်ခု ချပေးမည်ဟု ပြောကြားသည်။

ပြီးခဲ့သောလအထိ  ပြည်တွင်းမိုဘိုင်း သုံးစွဲမှု ၉ရာခိုင်နှုန်းမျှသာရှိပြီး ကမ္ဘောဒီးယားတွင် ၇၀%၊ လာအိုတွင် ၆၇%၊ ထိုင်းနိုင်ငံတွင် ၁၀၀% အသီး သီးရှိကြသည်ဟု ဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံတွင် အထိုင်လိုင်းဖုန်းသုံးစွဲမှုမှာ ၁% သာရှိသည်ဟု သိရှိရသည်။

အလားအလာကောင်းသော တင်ဒါဆွဲသူများကို ကြေညာပေးမည်ဟု ဝန်ကြီးဌာနမှ ညွှန်မှူး ဦးသန်းဇော်က ပြောကြားသော်လည်း အချိန်ကာလ ကိုအတိအကျပြောကြားခြင်းမရှိပါ။ ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပါဝင်သော ဘဏ္ဍာအခွန်ဒုဝန်ကြီးဦးမောင်မောင်သန်းက လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်း ထံအကြောင်းမကြားသေးဟု ပြောကြားသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကမူ ချက်ခြင်းမှတ်ချက်မပေးနိုင်ပါ။

စင်ကာပူ၏ အကြီးဆုံး တယ်လီဖုန်း ကုမ္ပဏီ Sing Tel က အီးမေးလ် ဖြင့်ထုတ်ပြန်ကြေညာ ရာတွင် “ကြီးမား၍ မဖွံ့ဖြိုးသေးသော ဈေးကွက်များ တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခွင့်အလမ်းများအား အကဲဖြတ်ခြင်းကို ငွေရေးကြေးရေးအရ စည်းကမ်းသတ်မှတ်မည် ဖြစ်ကြောင်း” ဖော်ပြထားသည်။

လိုင်စင်များကို ဇွန်လတွင် ချပေးမည်ဖြစ်ပြီး နှစ် ၂၀ ကန်ထရိုက်သက်တမ်းဖြစ်၍ သက်တမ်းတိုးခွင့်ရှိသည်ဟု ဝန်ကြီးဌာနက  ဇန်နဝါရီလ ၁၅ ရက်တွင်ထုတ်ပြန်ထားသည်။

၂၀၁၅ နောက်ဆုံးထား၍ လွတ်လပ်သော လုပ်ငန်းဖြစ်အောင်ဖန်တီးခြင်း အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေမူကြမ်းကို ယခုနှစ်ပထမ နှစ်ဝက် အတွင်းလွှတ်တော်က အတည်ပြုဖွယ်ရှိ သည်ဟုလည်း သိရှိရသည်။

သြစတြေးလျား ဒုတိယအကြီးဆုံးဖုန်း ကုမ္ပဏီကိုပါ ပိုင်ဆိုင်ထားသူ Sing Tel သည် ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ နိုင်ငံများရှိ မိုဘိုင်းဖုန်း အော်ပရေ တာလုပ်ငန်းများတွင် ရှယ်ယာပိုင်ဆိုင်ထားသည်။ မလေးရှား ကုမ္ပဏီ Axiata ကလည်း အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံ များရှိ မိုဘိုင်းဖုန်း ကွန်ယက်တွင် ခြေချထားပြီး ဖြစ်သည်။

စင်ကာပူ၏ ဒုတိယ အကြီးဆုံး Star-Hub တယ်လီဖုန်းအော်ပရေတာ အပါအဝင် အခြားဖုန်း ကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်ထားသူ ST Telemedia သည်လည်း မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံများမှ မိုဘိုင်းဖုန်း ကုမ္ပဏီ များတွင် ရှယ်ယာပါဝင်ထားသည်။

နော်ဝေး အော့စလိုအခြေစိုက် Telenor ကုမ္ပဏီသည် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဝါယာလက်စ် ကွန်ယက်လုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းကွန်ယက် အောင်မြင်ဖွံ့ဖြိုးရေးမှာပါဝင်ဖို့ ကျွန်တော်တို့အခြေအနေ ကောင်းနေတယ် လို့ယုံကြည်ပါတယ်” ဟု ထိုင်း နိုင်ငံမှ Telenor ပြောရေးဆိုခွင့်ရှိသူ ဂလင်းမင်ဒဲလစ် ကပြောကြားပါသည်။

***********************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၇.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံအတွက်ကတော့ ပြဿနာမဟုတ်ဘူးပေါ့။ ဥပဒေမရှိပဲတောင်လုပ်နေကြသေးတာပဲ။ ဒါပေမယ့် နိုင်ငံခြားသားနဲ့ဆိုတော့ ဒါက ပြဿနာ အကြီး ကြီးပဲ။ ဥပဒေကအသစ်၊ နည်းဥပဒေက အဟောင်းဆိုတော့ လက်ခံတယ်ပဲထားဦး၊ နားလည်အောင်မနည်းရှင်းပြရမယ့် ကိစ္စပဲ။ အခု FDI တွေ လာကြမယ် ဆိုရင် နည်းဥပဒေကို မြန်မြန်ပြီးအောင် လုပ်ထားဖို့လိုတယ်။ ကျွန်တော်တို့ကတော့ အရင်ဥပဒေအဟောင်းအတိုင်းပဲ ဆက်လုပ်နေရသေးတာပေါ့။”

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၅) တွင် ပါရှိသော “ပို့ကုန်၊ သွင်းကုန် ဥပဒေသစ် ပြဋ္ဌာန်းပြီး လေးလကျော်သော်လည်း နည်းဥပဒေ မထွက်သေး၍ စနစ်ဟောင်းအတိုင်း ဆက်လုပ်နေရ” သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------------------

“ကျွန်တော့ဆီမှာ ဦးပိုင်နဲ့ ဝမ်ပေါင် ကုမ္ပဏီကို တရားစွဲနိုင်လောက်တဲ့ အချက်အလက်အချို့ကို ရထားပြီးပါပြီ။ တစ်ချို့ကိုလည်း စုံစမ်းရေး ကော်မရှင်အဖွဲ့ ကိုပေးထားတာ တွေလည်းရှိတယ်။ ဒေါ်စု ကိုယုံကြည်တဲ့အတွက် ကျွန်တော်တို့ဆက်လုပ်မယ့် ဆောင်ရွက်ချက်တွေကို ကော်မရှင်ရဲ့ အပြီးသတ် အသေး စိတ်အစီရင်ခံစာကို စောင့်ကြည့်သွားမှာပါ”

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၅) တွင် ပါရှိသော “စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ကိုသာ အလေးထားစောင့်ကြည့်သွားမည်ဟု လက်ပံတောင်းတောင်အရေး ဆောင်ရွက်နေသူများ ဆို” သတင်း မှ လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ဝင်တစ်ဦး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------------------

“ကျွန်တော်တို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ပြီးပေမယ့် နည်းဥပဒေတွေ မထွက်သေးတဲ့အတွက် ဒီလုပ်ငန်းတွေကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထံ တင်ပြပြီး လက်ခံပေးသွားမှာပါ။”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၄) တွင်ပါရှိသော “မွန်ပြည်နယ်တွင် ကန်ဒေါ်လာသန်း ၂၀၀၀ နီးပါး ထိုင်း ရင်းနှီးမြှုပ်နှံမည်ဟုဆို” သတင်းမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-------------------------------------------------------------------------

“ရပ်ကွက် ကျေးရွာတွေမှာကျတော့ အခုလိုဆောင်ရွက်တာတွေ မလုပ်ရဘူးလို့ ပြောတယ်။ သမ္မတကိုယ်တိုင် ဝန်ကြီးတွေ ကိုယ်တိုင်ကျတော့ ဒီပါတီ အဖွဲ့ အစည်းထဲမှာ ပါဝင်ဆောင်ရွက်နေတယ်။ ပါဝင်တာကတော့ သေချာနေပြီ။ ဆောင်ရွက်ခြင်းကျတော့ ကျွန်တော်တို့မျက်မြင်မဟုတ်လို့ မသိဘူး။ ပါဝင် တာနဲ့ ဆောင်ရွက်တာဘယ်လိုလဲဆိုတာ ရှင်းဖို့လိုတယ်။ ဒီလိုကိစ္စက ဖွဲ့စည်းပုံနဲ့ ညီညွတ်ရဲ့လားဆိုပြီး အဆိုတင်သွင်းလိုက်တယ်။”

ဇန်နဝါရီ လ ၃၀ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၁၇) တွင်ပါရှိသော “သမ္မတရာထူးနဲ့ အာဏာရပါတီ ဥက္ကဋ္ဌ ရာထူး နှစ်ခု ယူထားတာ ဥပဒေနဲ့ ညီပါသလားဟု အတိုက်အခံပါတီက အဆိုတင်သွင်း ” သတင်းမှ ဦးဝင်းမြင့်၏ ပြောကြားချက်အား  ကောက် နှုတ်ချက်။

-------------------------------------------------------------------------

“နိုင်ငံတော်အစိုးရက ယုံကြည်မှုအပြည့်အဝနဲ့ KIA ကတောင်းဆိုချက်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၁၇) တွင်ပါရှိသော “KIO နှင့် အပစ်အခတ် ရပ်စဲမှု မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးမည် ” သတင်းမှ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သိမ်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

**************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၇.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1.  ပို့ကုန်သွင်းကုန်ဥပဒေအသစ်ပြဋ္ဌာန်းပြီးသော်လည်း နည်းဥပဒေ မထွက်ရှိသေး
  2. လိုင်ဇာနှင့် နီးကပ်ပြီး ဗျူဟာအရ အရေးပါသော ခါယာဘွမ်တောင်ကုန်းကို တပ်မတော်မှသိမ်းပိုက်
  3. တရားသူကြီးများပါ ကျမ်းသစ္စာကျိန်ဆိုရမည့်အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိ
  4. ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများရွေချယ်ရာတွင် မှန်ကန်မှုမရှိကြောင်း အချက်အလက်ပြည့်စုံစွာတိုင်ကြားပါက အရေးယူမည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

 ပို့ကုန်သွင်းကုန်ဥပဒေအသစ်ပြဋ္ဌာန်းပြီးသော်လည်း နည်းဥပဒေ မထွက်ရှိသေး

၁၉၄၇ ခုနှစ်တည်းက ပြဋ္ဌာန်းခဲ့သော ပို့ကုန်သွင်းကုန်ဥပဒေကို ဖျက်သိမ်းပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ပို့ကုန်သွင်းကုန် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နောက် ရက် ၉၀ အတွင်း ဆက်လက်ပြဋ္ဌာန်းရမည့် နည်းဥပဒေများသည် ယခု လေးလကျော်သည့်တိုင် ထွက်ရှိမလာသေးကြောင်း သိရသည်။

ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းတို့က ထိုကဲ့သို့နည်းဥပဒေများ ထွက်ရှိမလာသေးသည့်အကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းအသိပေးစေလိုကြောင်း ဝေဖန်ပြောကြားခဲ့ပြီး ယခုလောလောဆယ်တွင် ဖျက်သိမ်းပြီးဥပဒေဟောင်းအတိုင်း ဆက်လက် ကျင့်သုံးနေကြောင်း သိရသည်။

ထို့ကြောင့် ပို့ကုန်သွင်းကုန်ဥပဒေမှာ အသစ်ဖြစ်နေသော်လည်း နည်းဥပဒေမှာ ယခင်အဟောင်းအတိုင်းဖြစ်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်တွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်စေနိုင်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးပညာရှင် ဒေါက်တာမောင်အောင်က နည်းဥပဒေ ဆွဲပြီးပြီဖြစ်ကြောင်း၊ ယခု လွှတ်တော်ကိုတင်ထားကြောင်း၊ မကြာမီထွက်ရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။  

အစိုးရသစ်လက်ထက်တွင် ပြဋ္ဌာန်းသောဥပဒေသစ်များအတွက် လက်တွေ့အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် နည်းဥပဒေများသည် ရက်ပေါင်း ၉၀ အတွင်းထွက်ရှိရမည်ဖြစ်သော်လည်း သတ်မှတ်ရက်ထက် များစွာကျော်လွန်သည့်တိုင် နည်းပဒေထွက်ရှိမလာသည့် ဖြစ်ရပ်များ မကြာခဏဖြစ်ပေါ်နေသည်။

                                                                                                                                        YC

---------------------------------------------------------------------------------------------------

လိုင်ဇာနှင့် နီးကပ်ပြီး ဗျူဟာအရ အရေးပါသော ခါယာဘွမ်တောင်ကုန်းကို တပ်မတော်မှသိမ်းပိုက်

ကေအိုင်အို စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နောက်ဘက်ရှိ ပွိုင့်၁၀၁၂ အမည်ပေးထားသော ခါယာဘွမ်တောင်ကုန်းရှိ ကေအိုင်အေ စစ်စခန်း များကို မြန်မာတပ်မတော်မှ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က သိမ်းယူနိုင်ခဲ့ ကြောင်း ကေအိုင်အိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ခြေလျင်စစ်ကြောင်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခက်မှုများပြုလုပ်ခဲ့ကာ  ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လက်နက်ကြီးမျိုးစုံဖြင့် အချက်ပေါင်း ၁၂၀၀ ခန့် ဖြင့် ခိုင်ယာဘွမ် ကေအိုင်အေစခန်းသို့ ပစ်ခတ်ကြောင်းကို ကေအိုင်အေ စစ်မဟာဗျူဟာ ဌာနအကြီးအကဲ ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားကြောင်း သိရသည်။

လဂျားယန်ဒေသမှလွဲ၍ ကေအိုင်အေတပ်စခန်းများရှိရာ စိန်လုံး၊ ဂျာမိုင်းနှင့် ဖားကန့်ဒေသများကိုလည်း မြန်မာ့တပ်မတော်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ခါယာဘွမ်တောင်ကုန်းသည် လိုင်ဇာမြို့ပတ်ဝန်းကျင်တွင် အမြင့်ဆုံးတောင်ကုန်း ဖြစ်သည့်အတွက် လိုင်ဇာမြို့၏ လုံခြုံရေးကိုပါစိုးရိမ်ရကြောင်း၊ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များလည်းများပြားလာကြောင်း  ဒေသခံများက ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ လဂျားယန်စစ်ဆင်ရေးကို တပ်မတော်မှ ရပ်ဆိုင်းထားသည်ဟု ကြေညာ ထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဇန်န၀ါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် KIA ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားခဲ့ပါသည်။

                                                                                                                                                    YC

---------------------------------------------------------------------------------------------------

တရားသူကြီးများပါ ကျမ်းသစ္စာကျိန်ဆိုရမည့်အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က မှန်ကန်မျှတသည့်တရားစီရင်ရေးဖြစ်ရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပြီး ယင်းအဆိုကို မှတ်တမ်းတင်ထားရှိကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆိုကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ လုပ်ငန်းစဉ်အရ တင်သွင်းခြင်းဖြစ်ကြောင်း၊ ရှေ့တွင် ဆက်လက်၍ တရားဥပဒေနှင့်ပတ်သက်ပြီး အဆိုတင်ရန်ရှိကြောင်းနှင့် ပြည်နယ်တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာတရားရုံးများအား ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း အဆိုရှင်က ပြောကြားသည်။

ယခုလောလောဆယ် အချိန်တွင်သက်သေအဖြစ် ထွက်ဆိုမည့်သူ၊ အစစ်ခံရမည့်သူများသာ ကျမ်းသစ္စာကျိန်ဆိုကြပြီး တရားသူကြီးနှင့် ရှေ့နေ များက မကျိန်ဆိုရကြောင်း၊ ယခုအဆိုကို အတည်ပြုလိုက်၍ ဥပဒေအရ ကျမ်းသစ္စာ ကျိန်ကြရမည် ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိမှာ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး ကိုယ်ကျင့်တရားပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်ကာ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

                                                                                                                                                    YC

---------------------------------------------------------------------------------------------------

ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများရွေချယ်ရာတွင် မှန်ကန်မှုမရှိကြောင်း အချက်အလက်ပြည့်စုံစွာတိုင်ကြားပါက အရေးယူမည်

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေအရ ညီညွတ်မှုမရှိဘဲ မသာမာမှုများ တွေရှိ၍ အချက်အလက် ပြည့်စုံစွာဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အစိုးရအဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာနများသို့ တိုင်ကြားလာပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာစစ်ဆေး၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ပြည်ထဲရေးဝန်ကြီး ဒုဝန်ကြီးရဲချုပ်ကျော်ကျော်ထွန်းက ဇန်နဝါရီလ ၂၁ ရက်နေ့ ကပြည်သူလွှတ်တော်တွင် ပြောကြားခဲ့သည်။

တိုင်ကြားမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့မှစစ်ဆေး တွေ့ရှိချက်အရ မှန်ကန်ပါက ဝန်ထမ်းဖြစ်လျှင် စည်းမျဉ်း စည်းကမ်းများနှင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကာ ဝန်ထမ်းမဟုတ်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောကြားသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင် ကျေနပ်မှုမရှိပါက ယခင်က မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် တိုင်ကြားလို့ အရေးယူဆောင်ရွက်မှု အားနည်းလျှင် ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားပါက အရေးယူ ဆောင်ရွက်မည်ကို သိရသည့်အတွက် အဆိုပါအချက်ကို ပြည်သူများ သိရှိအောင် ဖြန့် ဝေပေးသွားမည်ဖြစ်ကြောင်း ပြည်သူလွှတ်တော် ကိုယ်စာလှယ် ဦးသိန်းထွန်းက ပြောကြားကြောင်းသိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် တိုင်ကြားခံရသည့်မြို့နယ်မှ အုပ်ချုပ်ရေးမှူးအစား တခြားအုပ်ချုပ်ရေးမှူးကို ခေါင်းဆောင်ခန့်ကာ ရပ်ရွာမှ ရိုသေလေးစားရသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်များကိုပါ ထည့်သွင်းဖွဲ့စည်း သင့် ကြောင်း ရှေ့နေဦးဝင်းရွှေက အကြံပြုပြောကြားသည်။ှ

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆ နှင့် နည်းဥပဒေ ပုဒ်မ ၃ တွင်မြို့နယ် အုပ်ချုပ်ရေးမှူးသည်  ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေး ချယ်ရာတွင် ကြီးကြပ်ရန်အတွက် ရပ်ကွက်က ကြည်ညိုလေးစားပြီး သြဇာရှိသော ရပ်မိရပ်ဖ ငါးဦးကို တာဝန်ပေးရမည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ရဟု ဖော်ပြပါရှိ ကြောင်းသိရသည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive