Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၃.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်သွားနိုင်သလော

(12 February 2013 ရက်စွဲပါ Aljazeera မှ Dr Kristine Eck ရေးသားသော “Myanmar’s democracy transition: Doomed to stall” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတွင် နိုင်ငံခြားသတင်းဌာနများကို သတင်းထောက်ဗီဇာပေးတော့မည်

(Bangkok Post မှ 12 February 2013 ရက်စွဲပါ “Myanmar to offer foreign press visas” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံရန် အစိုးရထံမှ Suzuki ခွင့်ပြုချက်ရ

(JCN News မှ 7 February 2013 ရက်စွဲပါ “Suzuki approved by Myanmar Government for 100% invested subsidiary” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်သွားနိုင်သလော

(12 February 2013 ရက်စွဲပါ Aljazeera မှ Dr Kristine Eck ရေးသားသော “Myanmar’s democracy transition: Doomed to stall” ကို ဘာသာပြန်ဆိုသည်)

Photo Credit by AP

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးနေကြပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက အမေရိကန်သမ္မတ Barack Obama ရန်ကုန်သို့လာရောက်စဉ်ကလည်း သမ္မတဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လူသိရှင်ကြားချီးကျူးခဲ့ပါသည်။ မကြာသေးမီကပင် အလှူရှင်နိုင်ငံများသည် မြန်မာနိုင်ငံမှပေးရန်ရှိသော ကြွေးမြီဒေါ်လာ (၆) ဘီလီယံကို ပယ်ဖျက်ပေးရန် သဘောတူခဲ့ပါသည်။ သို့သော် အနောက်နိုင်ငံအသိုင်းအဝိုင်းမှာမျက်စိလှည့်စားခံနေရပြီလော။

အမှန်တကယ်ပင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့်ဆိုင်သော အချို့အသွင်အပြင်များတွင် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ နိုင်ငံရေးတွင် ပါဝင်ခွင့် ကန့်သတ်ထားခြင်းကို ဖြေလျော့ပေးခဲ့ရာ ပြီးခဲ့သည့် ဧပြီလက ကြားဖြတ်ရွေးကော်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် နေရာရရှိခဲ့ခြင်းက မျက်မြင်ပင်ဖြစ်ပါသည်။

အရပ်သားများ ရပိုင်ခွင့်များအား ကောင်းလာခဲ့ရာ မီဒီယာများပိုမိုလွတ်လပ်ခွင့်ရခြင်း၊ လွတ်လပ်စွာစုဝေးခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက် အနည်းငယ်သာ ကျန်ရှိခြင်းများ တိုးတက်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားအများအပြား လွှတ်ပေးခဲ့ပါသည်။ (အချို့ကျန်ရှိနေပါသေးသည်) ။ ပြည်ပရောက် အစိုးရ ဆန့်ကျင်သူများ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ရန်မလိုပဲ တိုင်းပြည်သို့ ပြန်လာခွင့်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအပြည့်အဝရရှိရေးအတွက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည့်တိုင် တိုးတက်မှုအများကြီး ရှိခဲ့သည်ဆိုသည်ကိုလည်း ငြင်းမရနိုင်ပေ။

စာရေးသူသည် ပြီးခဲ့သည့်နှစ်က ရန်ကုန်သို့ရောက်ရှိခဲ့ရာ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့စဉ်ကနှင့် အခြေအနေများခြားနားသွားခဲ့ရာ  များစွာတုန်လှုပ်ခဲ့ရပါသည်။ ပြည်သူများသည် ၎င်းတို့၏နိုင်ငံရေးအမြင်ကို လွတ်လပ်စွာပြောနေကြပြီး ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်ကိုဝတ်၍ နိုင်ငံရေးအရစုဝေးမှုများ လုပ်လာနိုင်သည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုသို့သော ဖြစ်ရပ်မျိုး အိမ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။

သို့သော် သမ္မတ၏ လူရွေးချယ်ခန့်ထားမှု သို့မဟုတ် စစ်တပ်အပေါ်အရပ်သားက ထိန်းချုပ်နိုင်မှုသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းများတွင် မြန်မာနိုင်ငံ၌ တိုးတက်မှု မရှိသေးပေ။ အကြောင်းရင်းမှာ စစ်တပ်ကိုကျော်၍ လုပ်မရသော အခက်အခဲကြောင့် ဖြစ်ပါသည်။ ရှင်းလင်းရလျှင် အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ခေါ်၍ ကိုယ်စားလှယ် ၇၅% ကျော်က သဘောတူရန်လိုအပ်ပါသည်။ လွှတ်တော်တွင် စစ်တပ်မှ ရွေးချယ်စရာမလိုပဲ ၂၅% နေရာရယူထားသဖြင့် အခြေခံဥပဒေကိုပြင်ဆင်ရန် စစ်တပ်ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရန်လိုအပ်ပါသည်။ ၎င်းမှာ စစ်တပ်သည် နိုင်ငံရေးစနစ်အပေါ် ခိုင်မာစွာချုပ်ကိုင်မည်ဆိုသည်ကို သေချာစေသည့် အချက်ဖြစ်ပါသည်။

အဆိုပါ ကိစ္စသည် တိုင်းပြည်၏ ဒီမိုကရေစီသို့ နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုတွင်သာမက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးစကားပြောမှုတွင်လည်း အချက်အခြာကျပါသည်။ ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်လျက်ရှိပြီး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်ဖြစ်ရန် ခြိမ်းခြောက်မှုများရှိနေပါသည်။

သမ္မတသည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဦးအောင်မင်းကို အခွင့်အာဏာ ပေးထားသော်လည်း သမ္မတ၏ ကတိကဝတ်များပေးနိုင်မှုအာဏာတွင် အစိုးရက စစ်တပ်အပေါ် ချုပ်ကိုင်နိုင်မှု မရှိသည့်အတွက်များစွာ အကန့်အသတ် ဖြစ်လျက်ရှိပါသည်။

သူပုန်အုပ်စု အတော်များများ၏ ခေါင်းဆောင်များက ထိုအချက်ကို သဘောပေါက်သည့်အတွက် တပ်များဆုတ်ပေးရေး သို့မဟုတ် အစိုးရနှင့် သဘောတူညီမှုပြုလုပ်ရေးတို့အတွက် လက်တွန့်နေကြပါသည်။

အမှန်တကယ်ပင် သူပုန်အုပ်စုများနှင့် အစိုးရကိုယ်စားလှယ်တို့၏ ဆွေးနွေးမှုများကလည်း စစ်တပ်က သဘောတူညီချက်များကို လိုက်နာခြင်းရှိ ၊မရှိ သြဇာမရှိပေ။ အဆိုပါ အချက်ကို ပြီးခဲ့သည့် ရက်သတ္တပတ်များက တွေ့မြင်ရရာ၊ သမ္မတက အပစ်အခတ်ရပ်စဲရေးကို ကျေညာခဲ့သော်လည်း စစ်တပ်က ကချင်ပြည်နယ်လိုင်ဇာတွင် လက်နက်ကြီးများဖြင့် ပစ်နေဆဲကို တွေ့ရပါသည်။

တိုင်းပြည်တွင် လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းရာတွင် အစိုးရသည် စစ်တပ်အပေါ်ထိန်းချုပ် နိုင်ရမည့်အပြင်၊ သူပုန်ခေါင်းဆောင်များအပေါ် ကတိများတည်မြဲအောင် ပေးနိုင်ရမည်ဖြစ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲကိုသာ ဒီမိုကရေစီ၏ မူလအခြေခံအချက်အဖြစ် အဆိုပါ အခြေခံဥပဒေဆိုင်ရာ လိပ်ခဲ တည်းလည်း ဖြစ်နေမှု၏ အရေးကြီးပုံကို မျက်စိလျှံနေပုံ ပေါက်ပါသည်။

အကယ်၍ ၂၀၁၅ တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်၍ ဒီမိုကရေစီပါတီဝင်များ (ဒေါ်အောင်ဆန်းစုကြည်၏ NLD ကဲ့သို့) က အားလုံးအနိုင်ရခဲ့သည့်တိုင် လွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ်များနှင့် ခွဲဝေရမည်ဖြစ်ရာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လုံလောက်သည့်  မဲအရေအတွက် ရရှိနိုင်ဦးမည် မဟုတ်ပေ။

ဒီမိုကရေစီအတွက် အသွင်ကူးပြောင်းရေးကာလ အပြည့်အဝရရှိရန် အခြေခံဥပဒေတွင် အရပ်သားများက ဥပဒေပြုရေးနှင့် စစ်တပ်အပေါ် အပြည့်အဝချုပ်ကိုင်နိုင်ရေးကို ပြင်ဆင်ရမည် ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရန်မှာ စစ်တပ်မှ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ခွင့်ပြုသည်ဟု ဆိုရုံမျှလောက်ဖြင့် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ စစ်တပ်က လွှတ်တော်တွင် ၎င်းတို့နေရာ ပျောက်ဆုံးသွားသည်အထိ ပြင်ဆင်ခြင်းမျိုးကို လွယ်လွယ် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

နိုင်ငံတကာအသိုင်းအဝိုင်းသည် မုန့်လည်းဝေ၊ တုတ်လည်းဝေမည့် အစီအစဉ်များပြ၍ စစ်တပ်ကို အထက်ပါ အခြေခံဥပဒေ ပြင်ဆင်ရေး မျိုးအတွက် တွန်းအားပေးရမည်ဖြစ်ပါသည်။ စစ်တပ်သည် နိုင်ငံတကာချစ်ကြည်ရေး ရရှိရန် စိတ်အားထက်သန်နေရာ ရင်းနှီးမြှုပ်နှံမှုများ၊ ဖွံ့ဖြိုး တိုးတက်ရေးအကူအညီများ မှသည် ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ခရိုနီများ အိတ်ဖောင်းစေမည့် မက်လုံးများ ပေးရပါမည်။

အထက်ပါ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးအတွက် နိုင်ငံတကာ၏ ဖိအားများအပေါ် စစ်တပ်မှ တုန့်ပြန်မှုများ ပြုလုပ်လာရန်  အကြောင်းပြချက်ကောင်းများ ရှိပါသည်။ မြန်မာ့ခေါင်းဆောင်များသည် ကစားပွဲကို ကောင်းစွာကစားနိုင်ပါသည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အောင်မြင်ပါက မက်လုံးပေးမည့် အစီအစဉ်များမရှိသော်လည်း မြန်မာနိုင်ငံက လုပ်ဆောင်နေပါသည်။ အဆုံးတွင် အောင်မြင်မှုရမည် မရမည် မသေချာသော်လည်း လောလောဆယ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဆုလာဒ်များတော့ ပေးနေပြီ ဖြစ်ပါသည်။

(Dr Kristine Eck သည် Uppsala တက္ကသိုလ် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးဌာန လက်ထောက်ပါမောက္ခဖြစ်ပြီး၊ အော်စလိုငြိမ်းချမ်းရေးသုတေသန (PRIO) မှ အကြီးတန်း သုတေသနမှူး ဖြစ်ပါသည်)

--------------------------------------------------------------------------------------------------

မြန်မာတွင် နိုင်ငံခြားသတင်းဌာနများကို သတင်းထောက်ဗီဇာပေးတော့မည်

(Bangkok Post မှ 12 February 2013 ရက်စွဲပါ “Myanmar to offer foreign press visas” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Mizzima

မြန်မာနိုင်ငံသည် သတင်းစာလွတ်လပ်ခွင့် စည်းမျဉ်းသစ်များအရ နိုင်ငံခြား သတင်းထောက်များကို ကာလတို၊ ကာလရှည်ဗီဇာများ ထုတ်ပေးတော့မည် ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ သတင်းထောက်များအား အစိုးရတာဝန်ရှိသူများနှင့် ပိုမိုထိတွေ့ခွင့်ပေးရန် ရည်ရွယ်သော အဆိုပါစည်းမျဉ်းသစ်များအရ နိုင်ငံခြားသတင်းထောက်များ အနေဖြင့် ပြည်တွင်း၌ တစ်နှစ်အထိ နေထိုင်ခွင့်ရတော့မည် ဖြစ်သည်။

လာမည့် ဧပြီလလယ်တွင် ၎င်းဥပဒေသစ်များ စတင်အကြုံးဝင်လိမ့်မည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် က Guardian သို့ပြောကြားသည်။

“အရင်ကတော့ အစိုးရက သတင်းထောက်တွေရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းဖို့ကြိုးစားတဲ့ အနေနဲ့ သတင်းထောက်ဗီဇာကို ထုတ်ပေးခဲ့ပါတယ်။ အခုကတော့ ဝန်ကြီးဌာနတွေကို ဝင်ခွင့်ရဖို့အတွက် သတင်းထောက် ဗီဇာကို ထုတ်ပေးတာပါ။ အစိုးရတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းချင်တယ်ဆိုရင် ဒီသတင်းထောက်ဗီဇာပါမှ ဝင်ခွင့်ရမှာပါ” ဟု ဦးရဲထွဋ် ကဆိုပါသည်။

ယခင်ကမူ နိုင်ငံခြား သတင်းထောက်များသည် တင်းကြပ်သော လူဝင်မှုဥပဒေများကို ရှောင်ရှားရန် အတွက် တိုးရစ်ဗီဇာဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ကြရသည်။

ပြီးခဲ့သောနှစ်ကုန်တွင် ယူနက်စကိုနှင့် ပြည်တွင်းမီဒီယာတို့၏ ကြီးကြပ်မှုဖြင့် အစိုးရဝန်ကြီးများအား မီဒီယာ ဆက်ဆံရေးသင်တန်းပေးပြီးနောက် တင်းကြပ်သော သတင်းနှင့် စာနယ်ဇင်း ဥပဒေ အချို့ကို ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က ဆိုသည်။

“အရင်ကတော့ သတင်းထောက်တွေက တိုးရစ်ဗီဇာနဲ့ ဝင်လာကြတယ်။ ဒီတော့ အစိုးရတာဝန်ရှိသူ တွေအနေနဲ့ သတင်းထောက်တွေနဲ့ မှားယွင်းပြောဆိုမိရင် အလုပ်ပြုတ်သွားနိုင်ပါတယ်။ ဒါဟာ နိုင်ငံခြား သတင်းထောက်တွေကို မတွေ့ချင်ကြတဲ့ အကြောင်းအရင်းပါပဲ” ဟု ဦးရဲထွဋ် ကရှင်းလင်းပြောကြားသည်။

အဆိုပါသတင်းကို သတင်းစားလွတ်လပ်ခွင့်အုပ်စုများက သတိထား၍ ကြိုဆိုကြသည်။

သတင်းထောက်မျာ အကာအကွယ်ပေးရေးကော်မတီ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင်ခရစ်ပင်က “အရင်ကတော့ မြန်မာအရပ်ဖက်၊ စစ်ဖက်တာဝန်ရှိသူတွေဟာ နိုင်ငံခြားသတင်းထောက် တွေကို လုံးဝစကားမပြောကြပါဘူး။ အခု သတင်းကတော့ မြန်မာနိုင်ငံမှာ မီဒီယာပိုမိုလွတ်လပ်ခွင့် ရဖို့အတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။” ဟု Guardian သို့ပြောကြားသည်။

“ဒါပေမယ့် မနှစ်က မြန်မာနိုင်ငံကို ဝင်ခွင့်ရခဲ့ပြီး ပြစ်တင်ဝေဖန်ရေးသားခဲ့တဲ့ သတင်းထောက် တချို့ ဘန်ကောက်မှာ အခု ရှိပါတယ်။ သူတို့နောက်ထပ် မြန်မာပြည်ဝင်ခွင့် ဗီဇာ လုပ်ရာမှာ နှောင့်နှေးကြန့်ကြာမှု တွေဖြစ်နေပါတယ်။ တစ်ချို့ဆိုရင် နှစ်လ၊ သုံးလလောက်ကြာနေပါပြီ။” ဟု ရှောင်စရစ်ပင် က ထောက်ပြပြော ဆိုသည်။

မကြာသေးမှီကပင် မြန်မာပြည်တွင်း၊ ပြည်ပ သတင်းထောက်များ၏ e-mail account များ တိုက်ခိုက်ခံရဖွယ်ရှိကြောင်း Google က အသိပေး အကြောင်းကြားခဲ့သည်။ အစိုးရက နောက်ကွယ်မှ စီမံသော တိုက်ခိုက်သူများ State-sponsored attackers များ၏ လက်ချက်ဖြစ်ဖွယ်ရှိသည်ဟုလည်း မှတ်ချက်ပေးခဲ့သည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ထိုကိစ္စ၏ လက်သည်ကို စီစစ်ရန် Google ကိုတောင်းဆိုသည်။ “State-Sponsored attackers လို့ ကိုးကားတဲ့ စကားလုံးဟာ မြန်မာအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ တစ်ဦးချင်း Account တွေအပေါ် အစိုးရက စီမံတဲ့ တိုက်ခိုက်မှုဆိုတာ မရှိပါဘူး။ ပြီးတော့ ဒါဟာ ကျွန်တော် တို့ အစိုးရရဲ့ မူဝါဒ မဟုတ်ပါဘူး။” ဟု ငြင်းဆိုရှင်းလင်းသည်။

မြန်မာသတင်းထောက်အများစု သတိပေးစာ ရရှိခဲ့ပြီး တစ်ပတ်အကြာ တနလာင်္နေ့တွင် ၎င်း၏ G mail account တွင်လည်း သတိပေးစာ ရရှိခဲ့သည်ဟု ဦးရဲထွဋ် ကဖြေရှင်းသည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့က “အစိုးရ နောက်ကွယ်က လူတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်” ဟု မှတ်ချက်ပေးထားကြသည်။

--------------------------------------------------------------------------------------------------

ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံရန် အစိုးရထံမှ Suzuki ခွင့်ပြုချက်ရ

(JCN News မှ 7 February 2013 ရက်စွဲပါ “Suzuki approved by Myanmar Government for 100% invested subsidiary” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by I4U News

              ဂျပန် ကားထုတ်လုပ်သူ Suzuki Morkor Corp က ၂၀၁၀ ခုနှစ်နောက်ပိုင်းလုပ်ငန်း ရပ်ဆိုင်းထားခံ ရသော မြန်မာနိုင်ငံတွင် မော်တော်ကား ထုတ်လုပ်မှု ပြန်လည်စတင်ရေးအတွက်  ကုမ္ပဏီအသစ် ထူထောင်ရန် အဆိုပြုလျှောက်ထားခြင်းကို မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ယခုအခါ Suzuki ကော်ပရေးရှင်းသည် မော်တော်ကားတပ်ဆင်ထုတ်လုပ်၊ ရောင်းချမည့် Suzuki (Myanmar) Motor Co Ltd ကို ၁၀၀% ရင်းနှီးမြှုပ်နှံ၍ထူထောင်လုပ်ကိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်သည်။

၂၀၁၀ ခုနှစ်က ထုတ်လုပ်မှု ရပ်နားထားခဲ့ရသော ရန်ကုန်မြို့ရှိ စက်ရုံဟောင်းတွင် Carry လိုက်ထရပ် များကို ပြည်တွင်းဈေးကွက်အတွက် ကနဦးထုတ်လုပ်သွားရန် Suzuki  (Myanmar) Motor Co Ltd က စီစဉ် နေသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလွတ်လပ်ခွင့်ပေးရန် ပြင်ဆင်နေမှုနှင့်အတူ အခြေခံအဆောက်အဦးကဏ္ဍ တိုးတက်ရန် လိုအပ်လာသောကြောင့် မြန်မာဈေးကွက်တွင် မော်တော်ကားတပ်ဆင် ထုတ်လုပ်မှုကို တိုးချဲ့ရန် Suzuki က စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ကားထုတ်လုပ်သူ Nissan ကလည်း မြန်မာနိုင်ငံတွင် မော်တော်ကားတပ်ဆင် ထုတ်လုပ်ရေး  စက်ရုံဖွင့်လှစ်သွားရန် စီစဉ်ပြင်ဆင်နေပြီဟု သိရှိရသည်။

အလားတူ ဂျပန်ကားထုတ်လုပ်သူ Isuzu မှာမူ မြန်မာ့တပ်မတော်ပိုင် “မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်” နှင့် ပူးပေါင်းကာ ယခင်ကတည်းက Double cap ကားများထုတ်လုပ်မှုကို ယခု ဆက်လက် လုပ်ကိုင်နေသည်ဟု သတင်းရရှိသည်။

********************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၃.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“လယ်သမား ကိစ္စကတော့ တိုင်းပြည်တစ်ခုလုံးရဲ့ ပြဿနာပါ။ လွှတ်တော်ထဲမှာ မေးခွန်းမေးတာတို့၊ အဆိုပြုတာတို့ရှိပါတယ်။ တကယ် တောင်သူလယ် သမားတွေရဲ့ ဘဝတွေတွေနဲ့ ထင်ဟပ်ပြနိုင်တဲ့ တင်ပြမှုတွေ ရှိပါတယ်။ နောက်ပြီးလယ်သမားအသင်းတွေကလည်း အခုမှ ပေါ်ပေါက်လာ တဲ့အတွက် လယ်သမားသမဂ္ဂတွေ လွှတ်တော်ထဲကို ရောက်လာရင်ပိုကောင်းပါတယ်။ သူတို့ကျတော့ လယ်သမားအရေးကို တိတိကျကျ ပိုသိနိုင်တဲ့အတွက် အတွက် လယ်သမားကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာရင် ပိုကောင်းပါတယ်။”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၇) တွင်ပါရှိသော “လွှတ်တော်တွင် တောင်သူလယ်သမား အရေး ဆွေးနွေးမှုနည်းပါးခြင်းကြောင့် တောင်သူများ လွှတ်တော်ထဲ ရောက်ရန်လို” သတင်းမှ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------------------------------------

“အဓိကဖြစ်နေတာက သတင်းအချက်အလက်ဘာမှမပေးဘူး။ ဒီတော့ စိုးရိမ်မှုတွေဖြစ်နေကြတယ်။ ပြောင်းရွှေ့မယ့်နေရာက မြဝတီနဲ့ မိုင် ၃၀ လောက်ဝေး တယ်။ လက်နက်ကိုင်တွေရှိသလို မြေမြှပ်ဗုံးတွေလည်း ရှိတယ်။ တကယ်ဆိုရင် ဒုက္ခသည်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်း တွေ၊ ထိုင်း၊ မြန်မာ အစိုးရတာဝန်ရှိသူတွေ ဟန်ချက်ညီ၊ သဘောတူညီချက်ယူပြီးမှ လုပ်သင့်တယ်။ အခုလို ကြက်ကလေး၊ ငှက် ကလေး ရွှေ့သလို မရွှေ့သင့်ဘူး။ ပြောဖို့စောသေးတယ်ဆိုတာကလည်း ဒုက္ခသည်တွေက သူတို့ဘဝအတွက် ဆုံးဖြတ်ရမယ့် ကိစ္စမှာ ဘယ်သူတွေက စောလွန်းပါသေးလဲလို့ ကျွန်မတို့က ပြန်မေးရပါမယ်။”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၉) အမှတ်(၇) တွင်ပါရှိသော “မြန်မာဒုက္ခသည် တစ်သိန်းခြောက်သောင်း ပြန်လည် ပို့ဆောင်မည့် လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိဟုဆို” သတင်းမှ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာ၏ ပြောကြားချက် အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------

“ကရင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးခိုင်မြဲစေဖို့ လူထုခံယူပွဲ လုပ်တာပါ။ အစိုးရနဲ့ KNU တို့ကို ကြိုဆိုထောက်ခံပွဲလို့ ပြောလို့ရပါတယ်။ အဲဒီပွဲမှာ သူတို့ဒီလိုမျိုး မကြုံဖူးဘူးလို့ ပြောတယ်။ လူထုတွေက သူတို့ ဆန္ဒအလျှောက်လာရောက်ကြတယ်။ ဒီပွဲကို သူတို့အရဲစွန့်ပြီး လုပ်တာလို့လဲ ပြောတယ်။ ဒီလိုကြိုဆိုပွဲက ပထမဆုံးပဲ။”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၉) အမှတ် (၇) တွင်ပါရှိသော “မြန်မာဒုက္ခသည် တစ်သိန်းခြောက်သောင်း ပြန်လည်ပို့ ဆောင်မည့် လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိဟုဆို” သတင်းမှ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာ၏ ပြောကြားချက် အားကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------

“ဂျပန်က အားကောင်းတဲ့နိုင်ငံ၊ စည်းစနစ်ကျနတယ်၊ တကယ်တမ်း ဂျပန်က သေသေချာချာ နှစ်ရှည်စီမံကိန်း နဲ့ တည်ဆောက်မယ်ဆိုရင် အရမ်းကောင်း မှာပဲ၊ ဂျပန်က Security System နဲ့ပတ်သက်ပြီး လာရောက်ချင်တယ်၊ စုံစမ်းတာလဲရှိတယ်။”

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၇) တွင်ပါရှိသော “ဂျပန်က မြန်မာ့စီးပွားရေးကို ပြောင်းလဲမှု ဖြစ်စေမှာလား” သတင်းမှ စီးပွားရေးအကြံပေးပညာရှင် ဒေါ်စုစုလှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------

“အစိုးရက စွဲတဲ့အမှုမို့၊ အစိုးရကို မျက်နှာသာပေးတာ၊ ရဲက စွဲတင်တဲ့အမှုကို ဆန့်ကျင်ပြီး မဆုံးဖြတ်ရဲတာ၊ အုပ်ချုပ်ရေးပိုင်းက ဒီအမှုကို စိတ်ဝင်စားတာမို့ တရားသူကြီးတွေက မျက်နှာလို၊ မျက်နှာရ ပြစ်ဒဏ်များများ ချတာ၊ ဘယာဂတိပေါ့”

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၇) တွင်ပါရှိသော “တရားဥပဒေစိုးမိုးမှုနဲ့ တရားရေးမဏ္ဍိုင် တည့်မတ်ပြီလား” သတင်းမှ ဥပဒေ အကြံပေး ဦးသန်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၃.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. သီလဝါစီမံကိန်းနယ်မြေအတွင်းနေထိုင်သူများအား ရွေ့ပြောင်းခိုင်းမှုအပေါ်တားဆီးရန်တောင်းဆို
  2. လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
  3. ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ခု လက်ရှိအစိုးရမှ ကျင်းပပေးစေလိုကြောင်း သဘောထားထုတ်ပြန်
  4. KIO အနေဖြင့်လည်း စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးအဖြေရှာမည်ဖြစ်ကြောင်း KIO သတင်းထုတ်ပြန်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

သီလဝါစီမံကိန်းနယ်မြေအတွင်းနေထိုင်သူများအား ရွေ့ပြောင်းခိုင်းမှုအပေါ်တားဆီးရန်တောင်းဆို

သီလဝါစီမံကိန်းနယ်မြေအတွင်း နေထိုင်သူများအား ၁၄ ရက်အတွင်း ရွေ့ပြောင်းခိုင်းခြင်းသည် မြေယာဥပဒေ၊ လူ့အခွင့်ရေးဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် တားဆီးပေးရေး မြန်မာအစိုးရသို့ တိုက်တွန်းပေးပါရန် မဲခေါင်စောင့်ကြည့်ရေးအဖွဲ့မှ ဂျပန်အစိုးရနှင့် JICA သို့ အချက် ၆ ချက်ဖြင့် စာပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာတွင် သီလဝါစီမံကိန်းအား မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော JICA (Japan International Cooperation Angency) အနေဖြင့် အိမ်ရာရွှေ့ပြောင်းမှုများနှင့် ပတ်သက်၍ ထင်သာမြင်သာမှုရှိသော အကျိုး သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ အကျိုးသက်ရောက်မှုများ အတွက်လည်း တိကျသောအချက်အလက်များအား ဒေသခံများသိရှိစေရန် အစိုးရမှသတင်းထုတ်ပြန်ပေးရန် တောင်းဆို ခဲ့ကြောင်းသိရသည်။ ထို့ပြင် ရွှေ့ပြောင်းမှုကာလတွင် ပုံမှန်နေထိုင်သူနှင့် ကျုးကျော်နေထိုင်သူများအား ခွဲခြားတိုင်းတာ မှုများ ဆောင်ရွက်ရန်နှင့် ODA ( Official Development Assistance Charter)၏ အခြေခံစည်းမျဉ်းလေးခုအရ ဂျပန်အစိုးရနှင့် JICA အနေဖြင့် မြန်မာနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်အပေါ်တွင် အပြည့်အဝလေးစားမှုရှိရန် လိုအပ်ကြောင်း မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၏ JICA သို့ပေးပို့စာတွင် ဖော်ပြထားသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် JICA မှ Master Plan ကိုရေးဆွဲရာတွင် သီလဝါဆိပ်ကမ်းကို အခြေခံ၍ရေးဆွဲမည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေး စီမံကိန်းမှ အတွင်းရေးမှူးဒေါ်အေးအေးခိုင်က ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တွင်းရှိ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး၏ အဂတိလိုက်စားမှုများကို ထိရောက်စွာအရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတအပါအဝင် တိုင်ကြားခံရသူ မည်သူ့ကိုမဆိုကော်မရှင်မှ စစ်ဆေးပိုင်ခွင့်ရှိသည့်အပြင် သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲဆိုတင်ပို့ပိုင်ခွင့်ရှိကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရှိ ဝန်ကြီးချုပ်များ၏ အဂတိလိုက်စားမှုများ အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တရားရုံးများမှ စစ်ဆေးပိုင်ခွင့်ရှိပြီး အဆိုပါ တရားရုံးများအပေါ် အုပ်ချုပ်ပိုင်းမှ ဝင်ရောက်လွှမ်းမိုး ချယ်လှယ်လျက်ရှိကြောင်း ကော်မရှင်မှ ယူဆပါက အထူးတရားရုံးများဖွဲ့စည်းဆောင်ရွက်သွားရန် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တွင်းရှိ ပုဂ္ဂိုလ်များ၏ အဂတိလိုက်စားမှုများအတွက် စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို လွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွဲ့ဝင်ငါးဦးစီ ရွေးချယ်တာဝန် ပေးအပ်ရမည်ဖြစ်ပြီး ခန့်အပ်ခံရသည့် ကော်မရှင်အဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ ပိုင်ဆိုင်မှုစာရင်းများကို နိုင်ငံတော် သမ္မတထံသို့ တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံအတွင်း အစိုးရဌာနဆိုင်ရာ အသီးသီး၌ လာဘ်ပေးလာဘ်ယူမှုလျော့ကျ ကင်းရှင်းနိုင်စေရန် နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းကြောင်း အမိန့်အမှတ် (၉/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------

                                          

ရှမ်းနှင့် ကယားပြည်နယ်အကြား ယုံကြည်မှုတည်ဆောင်ရေးဆွေးနွေး

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအချို့တို့မှ ပါဝင်ဆွေးနွေးမည့် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲကို လာမည့် မတ်လအတွင်း ကျင်းပနိုင်ရေးအတွက် အကြိုဆွေးနွဲပွဲတစ်ရပ်အနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်းနှင့် ကယားပြည်နယ် အတွင်းရှိ နိုင်ငံရေးပါတီ ၇ ခု၊ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများအား ကိုယ်စားပြုထားသည့် ပါတီနှစ်ခု ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ယုံကြည်ချက်တည်ဆောက်ရေး ဆွေးနွေးပွဲများပြုလုပ်၍ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေး ဆောင်ရွက်ခြင်းကို ကြိုဆိုသည့်အပြင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအနေဖြင့်လည်း တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ရရှိရန်အတွက် ကိုယ်ပိုင်နည်းလမ်းများဖြင့် ကြိုးစားလျက်ရှိသည်ဟု ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

အဆိုပါ အကြိုညှိနှိုင်းရေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် လူမှုအဖွဲ့စည်းများနှင့် နိုင်ငံရေးပါတီများက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်များ၊ စာတမ်းများကို ဖတ်ကြား ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရှမ်းတိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး( Trust Building For Peace )ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

    -----------------------------------------------------------------------------------------------------        

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ခု လက်ရှိအစိုးရမှ ကျင်းပပေးစေလိုကြောင်း သဘောထားထုတ်ပြန်

နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးပါဝင်သည့် 'ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ' တစ်ရပ်ကို လက်ရှိတည်ဆဲအစိုးရက ကမကထပြု၍ ခေါ်ယူကျင်းပပေးရန် ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ကျင်းပသော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ပူးတွဲကြေညာချက်တွင် ထည့်သွင်းတောင်းဆိုခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်တွင် ယင်းညီလာခံမှ 'ပြည်ထောင်စုလုံးဆိုင်ရာ သဘောတူညီချက် ပဋိညာဉ်ကြီးတစ်ရပ်' သဘောတူ ချမှတ်သွားနိုင်သည်အထိ အပြန်အလှန် စိတ်ရှည်ဇွဲရှိ သည်းခံဝေဖန် ပိုင်းခြားစိတ်ဖြင့် နိုင်ငံရေးပါတီများ၊ အင်အားစုများ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ၀ိုင်းဝန်းထောက်ခံသွားကြရန် ပန်ကြားတိုက်တွန်းထားသည်။

လွတ်လပ်ရေးအကြိုနှင့် လွတ်လပ်ရေးရ အောင်ပွဲရပြီးစ ကာလမှစ၍ အယူဝါဒ ကွဲပြားခြားနားမှုများကြောင့် လည်းကောင်း၊ ပြည်ထောင်စု၏ လူမျိုးများအကြား ခြားနားကွဲပြားသည့် အမြင်သဘောထားများကြောင့် လည်းကောင်း၊ လက်နက်စွဲကိုင် တိုက်ခိုက်ကြရသည်အထိ ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်မှာ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ နှစ်ပေါင်း ၆၀ ကျော် ရှည်လျားခဲ့သော ခါးသီးလှသည့် သမိုင်းသင်ခန်းစာများအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်လိုအပ်ပြီး ရေရှည်တည်တံ့ ကျယ်ပြန့်ခိုင်မာသည့် ပြည်တွင်းငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်နိုင်ရပေမည်။

သို့မှသာ ၀ပြောသာယာသည့် ဒီမိုကရေစီ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကို တည်ထောင်နိုင်မည်ဖြစ် သောကြောင့် လူမျိုးကြီး စရိုက်လက္ခဏာနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲ စိတ်ဓာတ်ပါ ကင်းရှင်းသည့် ထာဝရ ပူးပေါင်းအပ်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မူအပေါ် အခြေခံရလိမ့်မည်ဟု ယုံကြည်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

YC

-----------------------------------------------------------------------------------------------------

KIO အနေဖြင့်လည်း စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးအဖြေရှာမည်ဖြစ်ကြောင်း KIO သတင်းထုတ်ပြန်

KIO ဗပာိုကော်မတီမှ စစ်မှန်သော ငြိမ်းချမ်းရေးရရှိနိုင်စေရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIO) မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်ပါ ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် အချက်အပါအဝင် အချက်(၅)ချက်ပါဝင်သည့် နှစ်ဖက်သဘောတူကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် မြန်မာစာဖြင့်သာလျှင် တရားဝင်ထုတ်ပြန်ကြောင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခြင်းမရှိကြောင်း အများပြည်သူသိရှိနိုင်စေရန် KIO မှ ထုတ်ပြန်ခဲ့သည်။

YC

                                  *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive