Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ခရက်ဒစ်ကဒ်ဈေးကွက် ပွင့်လန်းလာနေသော မြန်မာ

(Financial Times မှ ၁၈.၀၃.၂၀၁၃ ရက်စွဲပါ “Myanmar: credit card market hots up” သတင်းကို ဘာသာပြန်ဆိုပါသည်။)

  1. မြောက်ကိုရီးယားမှ နျူကလီးယားနှင့် ပတ်သက်သော ပစ္စည်းများ ဂျပန်ဖမ်းမိ

(18 Mar 2013 ရက်စွဲပါ Asia Pacific News မှ Japan seizes nuclear related materials from North Korea သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်လာအစားထိုးလက်မှတ်စနစ်ကို မြန်မာဖျက်သိမ်း

(AFP News မှ 21 Mar 2013 ရက်စွဲပါ “Myanmar abolishes dollar surrogate” ကို ဘာသာပြန်ဆိုသည်။)


ခရက်ဒစ်ကဒ်ဈေးကွက် ပွင့်လန်းလာနေသော မြန်မာ

(Financial Times မှ ၁၈.၀၃.၂၀၁၃ ရက်စွဲပါ “Myanmar: credit card market hots up” သတင်းကို ဘာသာ ပြန်ဆိုပါသည်)

Photo Credit: AP

အရှေ့တောင်အာရှတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းရှိနေသော မြန်မာနိုင်ငံသည် ကိုကာကိုလာ ကုမ္ပဏီ နှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ နိုင်ငံခြားကုမ္ပဏီများအတွက် အာရုံစိုက်ဖွယ်ရာ ထိပ်တန်းသတင်း ဖြစ်ခဲ့ သည်။

သို့သော် ခရက်ဒစ်ကဒ်ကုမ္ပဏီများဖြစ်သော မာစတာကဒ် နှင့် ဗီဇာတို့က ယှဉ်ပြိုင်မှုဈေးကွက်သို့ ဦးတည်နေသည့်

အာမခံချက် မရှိသေးကြောင်း တွေ့ရှိထားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ စီးပွာရေးလုပ်ကိုင်သူများ အပါအဝင် အစိုးရအရာရှိများ၊ ဖွံ့ဖြိုးရေးအကူအညီပေးသူများ အကြိမ်ကြိမ်လာရောက်မှု တိုးပွားလာသော်လည်း ငွေစက္ကူစာရွက်များ မကိုင်ဆောင်လိုပဲရှိနေပြီး ယင်းက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ခြင်းအတွက်  အခက်အခဲပင်ဖြစ်သည်။ ထိုအချက်ကြောင့်သာမဟုတ်ဘဲ ဟိုတယ်များ၊ ဆိုင်များနှင့် လုပ်ငန်းများတို့တွင်လည်း  တရားဝင်ထုတ်ဖော် ပြောဆိုခြင်းမရှိသည့် စည်းမျဉ်းတစ်ခုမှာ အမေရိကန်ဒေါ်လာ အသစ်များကို သာ လက်ခံနေခြင်း ဖြစ်သည်။

အစိုးရက  နိုဝင်ဘာလမှစတင်ကာ နိုင်ငံခြားမှ ခရက်ဒစ်ကဒ် လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုခဲ့သည့် အချိန်မှ စတင်၍ စီးပွားရေးတွင် အနည်းဆုံး လာရောက်လည်ပတ်သူ နိုင်ငံခြားသားများ အတွက် ကဒ်ဖြင့် ATM စက်များမှ ငွေအသွင်းအထုတ်ပြုလုပ်နိုင်သဖြင့်  ဒေါ်လာပြတ်လပ်၍ မြန်မာနိုင်ငံတွင် သောင်တင်လေ့ရှိသော ခရီးသည်များအတွက် လမ်းပွင့်သွားခဲ့ပါသည်။

နောက်တစ်ဆင့်အနေဖြင့် ခရက်ဒစ်ကဒ် ထုတ်ပေးရန် မဝေးတော့ပြီဖြစ်ရာ အကြွေးဝယ်ခွင့် (credit card) နှင့် ကြိုတင် ငွေသွင်းကဒ် (debit card)ဈေးကွက်များတွင် ပြိုင်ဆိုင်မှုများမြင့်မားလာတော့မည် ဖြစ်သည်။

အမေရိကန်ရှိ ဒုတိယအကြီးဆုံး အကြွေးဝယ်ကဒ် ကုမ္ပဏီဖြစ်သော MasterCard က ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ATM စက်များနှင့် ငွေထုတ်ယူခြင်း၏ ဝေစုအချို့ကို ရယူနိုင်ခဲ့ပြီး  နိုင်ငံခြားသားများအား ဒေါ်လာ ၁.၇ သန်းကျော်ကို MasterCard ဖြင့် သုံးစွဲအောင် ဆွဲဆောင်နိုင်ခဲ့သည်ဟု ပြည်တွင်းသတင်းမီဒီယာများမှ တစ်ဆင့် သိရသည်။ ယင်းကုမ္ပဏီ၏ မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော လေကြောင်းလိုင်းတစ်ခုတွင် ငွေပေးချေမှု စတင်ပြုလုပ်နိုင်သည့် ဖွင့်ပွဲတွင် ထိုကုမ္ပဏီမှ MasterCard ကိုင်ဆောင်သူများ အသုံးပြုနိုင်မည့် ATM စက်များ ထပ်မံရောက်ရှိလာလိမ့်မည်ဟု ဆိုပါသည်။ ယင်းကုမ္ပဏီမှ ယခုနှစ် ၂၀၁၃ အကုန်တွင်  မြို့ကြီးလေးမြို့၌ ဟိုတယ်နှင့် ဈေးဆိုင်များအပါအဝင် စားသောက် ဆိုင်ပေါင်း ၅၀၀ကျော်တွင် MasterCard နှင့် အသုံးပြုနိုင်ပါလိမ့်မည်ဟု ကတိပေးပြောဆိုခဲ့သည်။

သို့ရာတွင် MasterCard မြန်မာနိုင်ငံသို့ ဦးစွာ စတင်ဝင်ရောက်လာသော်လည်း များမကြာမီ အပြိုင်များဝင်လာ သဖြင့် ရှေ့တွင်ဦးဆောင်နိုင်ခြင်းမရှိပေ။

ဆယ်နှစ်ကြာသက်တမ်းရှိသော China Union Pay ကုမ္ပဏီသည် ယခုအခါ MasterCard နှင့် Visa Card များ ထက် ပိုမိုကြီးမားလာခဲ့ပြီး ၂၀၁၁ ခုနှစ်က ကဒ်ပေါင်း ၂.၉ ဘီလျံ ထုတ်လုပ်ခဲ့ကာ တစ်ကမ္ဘာလုံး ကဒ်သုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်း နေရာယူခဲ့သည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ နိုင်ငံခြားသားများသို့ ဖေဖော်ဝါရီလမှ စတင်ကာ ငွေပေးချေသည့် ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီး ကဒ်ကိုင်ဆောင်သူများကို ATM စက် ၁၉၈ လုံးနှင့် လက်လီအရောင်းဆိုင်များတွင် ချိတ်ဆက်ဝယ်ယူနိုင်ရန် ပြုလုပ်ခဲ့သည်။

MasterCard ကုမ္ပဏီက ဘဏ်တစ်ခုချင်းစီနှင့်ချိတ်ဆက်၍ ATM စက်များတွင် MasterCard များ အသုံးပြု နိုင်အောင် ညှိနှိုင်းနေချိန်တွင် CUP (China Union Payment)ကလည်း 2011 စက်တင်ဘာက ဖွဲ့စည်းခဲ့သော ပြည်တွင်းရှိ ဘဏ် ၁၇ ခုနှင့် ဖွဲ့စည်းထားသည့် Myanmar Payment Union နှင့် အလားတူညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာနှင့်အဝှမ်း ခရက်ဒစ်ကဒ် ကုမ္ပဏီများ ယှဉ်ပြိုင်မှု၏ နောက်ဆုံး စစ်မြေပြင်သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် visa ကုမ္ပဏီကလည်း MasterCard ကို အလားတူ ပြိုင်ဆိုင်မှုမျိုး ပြုလုပ်ခဲ့သည်။ ယင်းကုမ္ပဏီသည် ပြည်တွင်းရှိဘဏ် ၃ ခုနှင့် နိုဝင်ဘာလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဇန်နဝါရီလတွင် မြန်မာနိုင်ငံရှိ ပထမဆုံးသော နိုင်ငံတကာသုံးကဒ်အဖြစ် ဆောင်ရွက်ခဲ့စဉ်တွင် ပြိုင်ဘက်ဖြစ်သော Japanese Credit Bureau မှလည်း MPU အဖွဲ့ဝင်ဘဏ်များနှင့် ချိတ်ဆက်၍ အဆင့်မီ ခရက်ဒစ်ကဒ်များကို စားသုံးသူများထံ ဖြန့်ဖြူးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ Visa သည် ၎င်း၏ နက်ဝပ်ကို ပိုမိုဖြန့်ကျက်ပြီး စားသုံးသူများ မြန်မာနိုင်ငံရှိဘဏ်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၏ ကြေညာနိုင်လိမ့်မည်ဟု အချိန်တိုအတွင်း မျှော်လင့်ထားသည်။

မြန်မာပြည်တွင်းရှိဘဏ်များနှင့် ခရက်ဒစ်ကဒ်ကုမ္ပဏီများ ချိတ်ဆက်ဆောင်ရွက်မှုများမှာ မြန်မာပြည်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားများကို အဓိကဦးတည်လျှက်ရှိနေသည်။ ကဒ်ကုမ္ပဏီများက ကဒ်များ ထုတ်လုပ် ရောင်းချနိုင်ရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း နှင့် ရက်သတ္တပတ် များစွာကြာနိုင်ကြောင်း ပြောဆိုကြသည်။ ၂၀၀၀ ပြည့်နှစ်လွန်နှစ်များက ဖြစ်ပွားခဲ့သော ဘဏ်များပြိုလဲခဲ့မှုများကြောင့်  ပြည်သူများက ဘဏ်များကို ယုံကြည်မှု လျော့နည်း ခဲ့ပြီး ဘဏ်အပ်ငွေ နည်းပါးမှုများ ဖြစ်စေခဲ့သည်။

ယခုနှစ်အစပိုင်းက မမျှော်လင့်ဘဲဖြစ်ပွားခဲ့သော ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟာလများတွင် မြန်မာနိုင်ငံ ရှိ အကြီးဆုံးဘဏ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကမ္ဘောဇဘဏ်ဥက္ကဋ္ဌမှာ ဖမ်းဆီးခံခဲ့ရသည်ဟု ပြောဆိုခဲ့သော်လည်း အခြေအမြစ်မရှိကြောင်း တွေ့ရှိရပါသည်။ ရလာဒ်အနေဖြင့် လည်ပတ်နေသော ဘဏ်ထဲမှ ဒေါ်လာ ၁၀.၅ သန်းနှင့် ညီမျှသော ငွေပမာဏများကို ပြန်လည် ထုတ်ယူသွားခြင်း ခံခဲ့ရသည်။

ဤသို့သော အခက်အခဲများ ရှိလင့်ကစား ပြည်တွင်းဘဏ်များသည် စီးပွားရေးလုပ်ငန်းများသို့ ၎င်းတို့၏ ကိုယ်စား ငွေပေးချေခြင်းဝန်ဆောင်မှုကို ပေးလျက်ရှိပြီး နိုင်ငံတကာဘဏ်များကလည်း မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလျှက် ရှိနေသည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားသား ၁ သန်းကျော် လာရောက် ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတကာကုမ္ပဏီများနှင့် ဟိုတယ်လုပ်ငန်းများ ပိုမိုတည်ဆောက်လာခဲ့ပြီး ခရက်ဒစ်ကဒ် ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုမှာလည်း မြင့်မားလာခဲ့သည်။ သို့ရာတွင် ခရက်ဒစ်ကဒ်ကုမ္ပဏီများသည် သူတို့၏ ပြည်တွင်းဈေးကွက် အနာဂါတ် မှာ စားသုံးသူများ၏ ဘဏ်များအပေါ်ယုံကြည်မှု ပြန်လည်ရှင်သန်သည့် အခြေအနေပေါ်တွင် မူတည်နေကြောင်း သိရှိကြ ပါသည်။ တစ်စုံတစ်ခုသည် တည်ဆောက်ရန် နှစ်နှင့်ချီ၍ အချိန်ယူရတတ်သော်လည်း  ရက်အနည်းငယ်အတွင်း ပျက်စီး သွားနိုင်ပေသည်။


မြောက်ကိုရီးယားမှ နြူကလီးယားနှင့် ပတ်သက်သော ပစ္စည်းများ ဂျပန်ဖမ်းမိ

( 18 Mar 2013 ရက်စွဲဖြင့် Channel News Asia ပါ AFP ၏ Japan seizes nuclear related materials from North Korea သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit: AFP

ဂျပန်နိုင်ငံသည် စင်္ကာပူအလံတင်ထားသော မြောက်ကိုးရီးယားမှထွက်ခွာလာသည့် သင်္ဘောပေါ်မှ နြူကလီးယား ဓာတ်ပေါင်းဖိုတွင် အသုံးပြု၍ရသော အလူမီနီယံသတ္တုချောင်းများကို ဖမ်းဆီးမိခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့် ရှိသူတစ်ဦးက တနလာင်္နေ့က ပြောကြားခဲ့သည်။

လွန်ခဲ့သော သြဂုတ်လက ယင်းသင်္ဘော တိုကျိုဆိပ်ကမ်းတွင် ရပ်နားစဉ်က သတ္တုချောင်း ငါးချောင်းကို ရှာဖွေတွေ့ ရှိခဲ့ပြီး အလူမီနီယံသတ္တုချောင်းများဟု လွန်ခဲ့သည့် ၆ လကပင် စစ်ဆေးမှုများက အတည်ပြုပေးခဲ့သည်ဟု ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် Yoshihide Suga က ပြောကြားခဲ့သည်။

‘အလူမီနီယံသတ္တုဟာ အလွန်မာပြီး နယူကလီးယားဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တစ်ခုဖြစ်လို့ ဓာတ်ပေါင်းဖိုတွေမှာ သုံးလို့ရပါတယ်’ ဟု ပုံမှန်သတင်း အကျဉ်းတင်ပြမှုတစ်ခုမှာ ဆူဂါက အတိုချုံးပြောကြားသွားခဲ့သည်။

ယင်းသတ္တုချောင်းများအား ပုဂ္ဂလိက ဂိုထောင်တစ်ခုတွင် သိမ်းဆည်းထားပြီး ဂျပန်အစိုးရက ၎င်းတို့လက်သို့ အပ်ရန် တနလာင်္နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

နယူကလီးယားနှင့် အမြှောက်လက်နက်တပ်ဆင်ရာတွင် အသုံးပြုနိုင်သည်ဟု သံသယဖြစ်ဖွယ် ပစ္စည်းများ တင်ဆောင်လာသည့် မြောက်ကိုရီးယားနှင့် ပတ်သက်သော သဘောင်္များအား စစ်ဆေးရန် ၂၀၁၀ က တိုကျိုတွင် ထုတ်ပြန် ထားသည့် အထူးအမိန့်အရ ယင်းသည် ပထမဆုံး လက်လွှဲယူမှုဖြစ်ခဲ့သည်။

မီဒီယာသတင်းများအရ တရုတ်နိုင်ငံ ဒါလီယန်မှတဆင့် တိုကျိုဆိပ်ကမ်းသို့ရောက်ရှိပြီး ထိုသဘောင်္သည် မြန်မာ နိုင်ငံသို့သွားရာ လမ်းကြောင်းပေါ်တွင် ရှိခဲ့သည်ဟုဆိုသည်။ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဒါလီယန်မှတဆင့် ထိုသင်္ဘော ရောက်ရှိခဲ့သည်ကို အတည်ပြုသော်လည်း ကုန်ပစ္စည်းများသည် တတိယနိုင်ငံဆီသို့ ဦးတည်သွားခြင်းဖြစ်သည်ဟုသာ ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့် ပြီးခဲ့သောလက နယူကလီးယားလက်နက်စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၀ တွင် ယူရေနီယံကို အသုံးပြုသည့် ဓာတ်ပေါင်းဖိုအစီအစဉ် တိုးတက်နေပြီဖြစ်ကြောင်း ဖွင့်ချထုတ်ဖော်ခဲ့သည်။

ယင်းကဲ့သို့သောစီမံချက်မှာ ကာလအတန်ကြာရှိပြီးသား ပလူတိုနီယံစီမံကိန်းအပြင် အနုမြူလက်နက်များအတွက် ပစ္စည်းများ ထုတ်လုပ်ပေးရန် ဒုတိယနည်းလမ်းကို ပေးလိမ့်မည်ဖြစ်သည်။

ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယား နယူကလီယားဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်သွယ်နေသည်ဟုသံသယဖြစ်ဖွယ် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့်ရှိပါသည်။

အရှေ့တောင်အာရှတွင် အာဏာရှင်လက်အောက်၌ နှစ်ပေါင်းများစွာရှိခဲ့ပြီး ၂၀၁၁ ကမှ အဆုံးသတ်ခဲ့သည့် မြန်မာနိုင်ငံကို မြောက်ကိုရီးယား စစ်ဘက်နှင့် နယူကလီးယား ပူးပေါင်းဆောင်ရွက်မှုရှိသည်ဟု သံသယရှိခဲ့သည်။

သို့သော်လည်း အိမ်ဖြူတော်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ဘက် ဆက်ဆံမှုများ လျှော့ချရန် အပေါင်းလက္ခဏာဆောင်သောခြေလှမ်းများ လုပ်ဆောင်ခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။


ဒေါ်လာအစားထိုးလက်မှတ်စနစ်ကို မြန်မာဖျက်သိမ်း

(AFP News မှ 21 Mar 2013 ရက်စွဲပါ “Myanmar abolishes dollar surrogate” ကို ဘာသာပြန်ဆိုသည်။)

Photo Cedit:CNA

စစ်အုပ်ချုပ်ရေး စနစ်ကြောင့် စီးပွားရေးပြိုလဲ ပျက်စီးသွားခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာကိုတံခါးဖွင့် ပေးနေသည် ဖြစ်သည့်အလျှောက် စီးပွားရေးပြုပြင် ပြောင်းလဲရေးဆီသို့ ထပ်မံခြေလှမ်းသည့်အနေဖြင့် ဒေါ်လာအစားထိုး ငွေကြေးကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါသည်။

ဒေါ်လာသန်း ၃၀ ကျော် တန်ဘိုးရှိသော FEC များကို ဖျက်သိမ်းသွားမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသွားသော်လည်း ဆောင်ရွက်သွားမည့်အချိန်ကာလကို ဖော်ပြခြင်း မပြုပါ။

ယခင်အစိုးရလက်ထက်က တရားဝင်သုံးစွဲခွင့်မရှိသော ဒေါ်လာအတွက် အစားထိုးထုတ်ဝေခဲ့သော FEC များကို ဆက်လက်အသုံးမပြုတော့ဟု ဦးဝင်းရှိန်ကဆိုသည်။

“FEC စနစ်တကျဖျက်သိမ်းဖို့အတွက် ဗဟိုဘဏ်၊ အစိုးရဘဏ်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစီအစဉ်ချမှတ်သွားမှာဖြစ်ပါတယ်” ဟု ဦးဝင်းရှိန်က လွှတ်တော်တွင် ပြောကြားသည်။

နိုင်ငံ၏စီးပွားရေးပြင်ဆင်ဖြေလျှော့မှုအဆင့်တစ်ခုဟု မျှော်လင့်ရသော ယင်းအစီအစဉ်ကို စီးပွားရေးပညာရှင်များ ဝိုင်းဝန်းကြိုဆိုကြသည်။

ယခင်အစိုးရလက်ထက်က ဝန်ကြီးဌာနများသည် ၎င်းတို့၏ ဘဏ္ဍာရေးကိစ္စများကို FEC ဖြင့်သာ ဆောင်ရွက် ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင်ကျပ်ငွေကို နေရာတကာ၌ သုံးစွဲနေကြရသော်လည်း ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများကမူ ဒေါ်လာကိုလည်း လက်ခံကြသည်။

သြစတေးလျ Macquarie University မှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရှောင်တန်နယ်က “ယခုကြေညာချက်သည် အစိုးရ၏ စီးပွားရေးကိုင်တွယ်ပုံကို လူထုက ယုံကြည်စိတ်ချရအောင် စမ်းသပ်မှု အသစ်တစ်ခုဖြစ်နိုင်သည်”ဟု ပြောကြား သည်။

“အရင်ကတော့ ဒီလိုကြေညာချက်မျိုးတွေကြောင့် ဈေးကွက်အတွင်း ရိုက်ခတ်မှုတွေဖြစ်လေ့ရှိခဲ့ပေမယ့် အခုတော့ ငွေကြေးစီမံခန့်ခွဲမှုကိစ္စမှာ အများကြီးယုံကြည်မှု ရှိလာပါပြီ။ FEC ကိုင်ထားတဲ့လူတွေကတော့ ဒေါ်လာနဲ့ အပြေးအလွှား လဲကြရမှာပေါ့” ဟု ရှောင်တန်နယ်က ဆိုသည်။

“အရင်က FEC ဝယ်တဲ့ဈေးနှုန်းပေါ် မူတည်ပြီးတော့ အခုကျပ်နဲ့လဲချိန်မှာ သိသိသာသာ ဆုံးရှုံးမှုတော့ ကြုံကြ ရမှာပါ”ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့သော် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကမူ“ ဒေါ်လာနှင့် လွတ်လွတ်လပ်လပ် လဲနိုင်ပြီ ဖြစ်သော ကြောင့် ရိုက်ခတ်မှု အနည်းငယ်သာရှိလိမ့်မည်”ဟု ပြောကြားသည်။

“အရင်တုန်းကတော့ အာဏာပိုင်တွေက သူတို့ဖမ်းချင်တဲ့သူတွေ အထူးသဖြင့် နိုင်ငံရေးသမားတွေကို တရားမဝင် ဒေါ်လာကိုင်ဆောင်မှုနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်လေ့ ရှိခဲ့ပါတယ်”ဟု အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

“အရင်အစိုးရက ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ညစ်ကွက်တွေ အမျိုးမျိုးသုံးခဲ့တာကြောင့် တည်ဆဲဥပဒေ ဆိုတဲ့စကားလုံးကို လူတွေက ရွံ့မုန်းနေကြပါပြီ” ဟု ရန်ကုန်သားတစ်ဦးက မှတ်ချက်ပေးသည်။

စီးပွားရေးပြိုလဲ ပျက်စီးသွားသော မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရ အာဏာရလာပြီးနောက်ပိုင်း နိုင်ငံ တကာ ကုမ္ပဏီများကို ဆွဲဆောင်ရန်အတွက် နိုင်ငံတကာ ကုမ္ပဏီများကို ဆွဲဆောင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခဲ့ပြီး မနှစ်ကဧပြီလတွင် ကျပ်ငွေ-ဒေါ်လာချိတ်ဆက်မှုနှုန်းကို နှုန်းရှင်မျောခဲ့သည်။

HIS Global Insight မှ စီးပွားရေးပညာရှင် ရာဂျစ်ဘစ်စဝပ်က “မြန်မာနိုင်ငံဟာ ၂၀၁၁ နောက်ပိုင်းမှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုကို ကြုံတွေ့ခဲ့ရပါတယ်။ အရင်အစိုးရရဲ့ ဆိုးမွေတစ်ခုဖြစ်တဲ့ FEC စနစ်ဟာ ချုပ်ငြိမ်းသွားတော့မှာပါ” ဟု ပြောကြားလိုက်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အက်ဖ်အီးစီကို တန်ဖိုးညီငွေ ပြန်အမ်းပြီး ဖျက်သိမ်းမည်
  2. ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ဆိုင်းငံ့ထား
  3. ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆိုမည်
  4. ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ထိရောက်စွာ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အက်ဖ်အီးစီကို တန်ဖိုးညီငွေ ပြန်အမ်းပြီး ဖျက်သိမ်းမည်

မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်ပြီး နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ သုံးစွဲလျက်ရှိသည့်  ပြည်သူတို့လက်ဝယ်ရှိ နိုင်ငံခြားငွေလဲလှယ်မှုလက်မှတ် အက်ဖ်အီးစီများကို တန်းဖိုးညီမျှသော အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြန်လည်ရွေးနုတ် ယူသင့်ကြောင်းနှင့် ထို့သို့ရွေးနုတ်ယူခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းလျက် စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာကို မတ်လ ၂၀ ရက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းအပြီး၌ ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူကြသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အက်ဖ်အီးစီများအား တန်ဖိုးညီဒေါ်လာ၊ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးမည့် ကာလ၊ သို့မဟုတ် လဲလှယ် ခွင့်ပြုမည့် ကန့်သတ်ကာလနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ၌အသေးစိတ် မဖော်ပြထားသော်လည်း ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိသဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။

အက်ဖ်အီးစီကို ဒေါ်လာနှင့်ပြန်လည် လဲလှယ်၍ရသကဲ့သို့ ဘဏ်များတွင်လည်း ပြန်လည်အပ်နှံ၍ရပြီး ယခုအခါ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားငွေကို တရားဝင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောကြားခဲ့သည်။

ဘဏ်များနှင့်တရားဝင် ငွေလဲကောင်တာများတွင် အက်ဖ်အီးစီနှင့် ဒေါ်လာဈေးမှာ ညီမျှသော်လည်း မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်ဒေါ်လာမှာ ကျပ် ၈၈၀ - ၈၈၈ ရှိချိန်တွင် အက်ဖ်အီးစီမှာ ကျပ် ၈၇၅ - ၈၈၀ သာ ရှိတော့ ကြောင်း သိရှိရသည်။

YC


ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ဆိုင်းငံ့ထား

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မတ်လ ၁၈ ရက်နေ့တွင် လွှတ်တော်၌ဆွေးနွေးရန် သတ်မှတ်ထား သော်လည်း လွှတ်တော်က ထုတ်ပြန်သည့် အစည်းအဝေးတွင် ပါဝင်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ကိုဇော်သက်ထွေး ကပြောကြားခဲ့သည်။

ထိုဥပဒေကြမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား အကြုံပြုဆွေးနွေးနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ယာယီစာနယ်ဇင်းကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသောကြောင့် လွှတ်တော်တွင်ဆွေးနွေးမည့် ဥပဒေမူကြမ်း အတည်ပြုမည့်အစီစဉ်ကို ဆိုင်းငံလိုက်ခြင်း ဖြစ်ကြောင်း ကိုဇော်သက်ထွေးက ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသည့် အဆိုပါဥပဒေကြမ်း ထွက်ပေါ်လာပြီးနောက် မတ်လ ၁၂ ရက်နေ့တွင် သတင်းလွတ်လပ်ခွင့် ကော်မတီမှဦးစီးကာ “ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြင်းထန်စွာ ကန့်ကွက်သည့် သဘောထားတောင်းခံသော မျက်နှာစုံညီဆွေးနွေးပွဲ”ကိုကျင်းပခဲ့ပြီး တက်ရောက်လာသူများက ဥပဒေကြမ်းကို ပြန်လည်ရုတ်သိမ်း ပေးရန် တောင်းဆိုသည့် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

လက်ရှိသဘောထား တောင်းခံထားသော ဥပဒေကြမ်းတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့် မကိုက်ညီသော အချက်များ ပါဝင်နေပြီး မှတ်ပုံတင်ရုံးကိုပေးအပ်ထားသော အခွင့်အာဏာသည် စာပေစိစစ်ရေးအား ပေးအပ်ထားသော အခွင့်အာဏာ ထက်ပိုနေခြင်းမှာ မဖြစ်သင့်ကြောင်း စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း(မောင်ဝံသ)က ၎င်း၏အမြင်ကို ပြောကြား ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပြင် မြန်မာနိုင်ငံစာနယ်ဇင်းအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများ သမဂ္ဂနှင့် မြန်မာဂျာနယ်လစ် ကွန်ရက်တို့ကလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဥပဒေကြမ်းကိုလက်မခံသော သဘောထားကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

YC


ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆိုမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆားလင်းကြီးဒေသ၌ မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအတိုင်း ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆို၍ စီမံကိန်းဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စာချုပ်သစ်ချုပ်ဆိုရခြင်းမှာ နိုင်ငံအကျိုး ဖြစ်ထွန်းစေရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဦးပိုင်ကုမ္ပဏီ လီမီတက်အနေဖြင့် ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ သိမ်းယူခဲ့သော လယ်မြေများအတွက် ကာလတန်ဖိုးနှင့် ညီမျှသောလျော်ကြေးများ ပေးလျော်ခြင်းနှင့် ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးပိုင်ကုမ္ပဏီမှ သိမ်းယူခဲ့သော လယ်မြေများအတွက် လျော်ကြေးပေးရာတွင် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများရှိလယ်မြေများ အတွက်ပါ လျော်ကြေးပေးချေရန်နှင့် ဒေသခံများ၌ လယ်မြေပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်၊ စာတမ်းမရှိပါက လူသက်သေရှိရုံဖြင့် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဒေသများသို့ သွားရောက် ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ဒေသခံများက လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည် နှင့် ကော်မရှင်အား ဆက်လက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

                YC


 

ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ထိရောက်စွာ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ရှိ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများမှာ ပိုမိုမြင့်မားလျက်ရှိသည့်အပြင် ဘိန်းစိုက်ပျိုးမှုများတွင်လည်း ကလေးငယ်များအား အသုံးပြုလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါဘိန်းစိုက်ပျိုးမှုများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ချင်းအမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဇမ်က မတ်လ ၁၄ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံဘက်မှ  ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ လာရောက်ပြုလုပ်ခဲ့မှုအား ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရထံသို့ တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့သည့်အပြင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်နယ်စပ်မြို့များတွင် ဘိန်းစိုက်ပျိုးမှုနှင့် သုံးစွဲမှုများမှာ ပိုမိုမြင့်တက်လာခဲ့ပြီး ဘိန်းစိုက်ပျိုးသူ ကလေးငယ်များမှာ လည်း ဘိန်းပင်မှထွက်သော အစေးများကို လျှာဖြင့်လျှက်၍ ဘိန်းစွဲလျက်ရှိကြောင်း သိရသည်။

ထိုသို့ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုနှင့်သုံးစွဲမှု မြင့်တက်လျက်ရှိသည့်အတွက် အိန္ဒိယနိုင်ငံဘက်မှ ဘိန်း စိုက်ပျိုးရန် ဝင်ရောက်သူများနှင့် ဘိန်းစိုက်ခင်းများတွင် ကလေးငယ်များ ဝင်ရောက်လုပ်ကိုင်ရန် တိုက်တွန်းခဲ့သူများကို အစိုးရ မှ ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

              လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများကို ဖျက်ဆီးရာတွင် ပင်မမှခုတ်ထွင် လိုက်သော်လည်း လအနည်းငယ်ကြာသည့်အချိန်တွင် အဆိုပါခုတ်ထွင်လိုက်သည့် နေရာတွင် နှစ်ပင်ပြန်ထွက်ခြင်းမျိုး ဖြစ်လျက်ရှိသည့်အတွက် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုအား အမြစ်ပြတ်ခုတ်ထွင်ရှင်းလင်းနိုင်ရန် မလွယ်ကူကြောင်း သိရသည်။

YC


              

              

 

 

 

   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“ဖြစ်လာဖို့များပါတယ်။ ရွေးကောက်ပွဲမှာ PR သုံးခဲ့ရင် ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အခုစီစဉ်နေတဲ့ ပါတီသစ်က လက်နက်တစ်ခုလို အားကိုးရလာနိုင်ပါတယ်။”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၀၃) တွင်ပါရှိသော “လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးပါက တိုင်းရင်းသားပါတီများပေါင်း၍ ပါတီသစ်ထောင်ဖွယ်ရှိ” သတင်းမှ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးဖေသန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခြေအနေကတော့ ကျွန်တော်တို့လုပ်နေဆဲပဲ။ လောလောဆယ်တော့ဒီမှာ ဖြစ်နေဆဲပဲ။ တိုင်းတပ်ဖွဲ့မှူးတို့၊ ဒုတိုင်း တပ်ဖွဲ့မှူးတို့၊ ခရိုင်တပ်ဖွဲ့မှူးတို့ အကုန်လုံးဒီမှာရှိနေပါတယ်။ ရဲမှူးကြီးဦးစီးတဲ့အင်အား ၁၉၀ ရောက်နေပါပြီ။ မန္တလေးက လည်း အင်အား ၅၀ ကျော်ရောက်နေပါပြီ။ ကျွန်တော်တို့ မိတ္ထီလာနယ်ခံ ၁၅၀ လောက်နဲ့ အားလုံးပေါင်း အင်အား သုံး၊ လေး ရာလောက်ရှိတာပဲ။ သူတို့ဖျက်စီးတာကို ကျွန်တော်တို့ လိုက်ထိန်းသိမ်းရမှာပေါ့။ အင်အားတွေကတော့ တော်တော် များများ ရောက်နေပါပြီ။ ရဲအင်အား လုံလောက်မှုရှိ ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၀၃) တွင်ပါရှိသော “ရွှေပြန်လည်ရောင်းချသူအား ရိုက်နှက်သည့် တိုင်းရင်းသားမဟုတ်သော လူ့အသိုင်းအဝိုင်းမှ လင်မယားနှစ်ဦးအား ပုဒ်မ ၄ ခုဖြင့်အမှုဖွင့် မိတ္ထီလာမြို့တွင် အပြန်အလှန် ဖျက်စီးမှုများနှင့် မီးရှို့မှုများ ဖြစ်ပွားလျက်ရှိ” သတင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အားလုံးကျေနပ်အောင်ဖြစ်ဖို့ကတော့ မလွယ်ပါဘူး။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော်တို့ ဘက်ကတော့ တွေ့ရှိချက်တွေအပေါ်အခြေခံပြီး နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အကြံပြုချက်တွေကို တင်ပြထား တယ်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်မယ့်နည်းလမ်းတွေပေါ့။ ဒါပေမယ့် ဒီအချက်တွေကို လက်တွေ့အကောင် အထည်ဖော်ဖို့ကတော့ အစိုးရနဲ့လူထုအဖွဲ့အစည်းတွေမှာ မူတည်ပါ တယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်  ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၃) တွင်ပါရှိသော “စာမျက်နှာ ၅၀ ပါဝင်မည့်ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ မတ်လ ၃၁ ရက် သမ္မတထံ တင်မည်” သတင်းမှ ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သဘောအားဖြင့်တော့ သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့မညီပဲ ဥက္ကဋ္ဌတာဝန်ကို ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုတော့ကြောင်း အတိအလင်းပြောကြားနိုင်ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်  ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၃) တွင်ပါရှိသော “သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး (၃) ဖြစ်သူ သူရဦးအောင်ကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံရေးရဲ့ အဓိကဟာကွက်ကြီးတွေက တစ်ခုကတော့ အင်စတီကျူးရှင်းတွေ အားနည်းတာ၊ စနစ်မကျတာပါ။ အဲဒါကို NLD အပါအဝင်ရှိပြီးသား အင်စတီကျူးရှင်းတွေက အားကောင်းအောင် စနစ်ကျ အောင်လုပ်ရမည်နည်းတူ ၈၈ လိုအဖွဲ့မျိုးကလည်း အင်စတီကျူးရှင်း ကျကျအလုပ်လုပ်လာဖို့ လိုပါတယ်။ အဲဒီလို မလုပ်နိုင်သရွေ့ ကျွန်တော်တို့နိုင်ငံရေးဟာ ဝေလေလေအဆင့်ကို ကျော်နိုင်ဦးမှာမဟုတ်ပါဘူး”

မတ်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၅၁) တွင်ပါရှိသော “၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးပါတီထောင်မည်” သတင်းမှ နိုင်ငံရေးဆောင်ပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

 

  1. မထ္တီလာပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့

မိထ္တီလာပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး အပါအဝင် ၄ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

  1. ချင်းပြည်နယ်တွင်အခွန်လွတ်နယ်စပ် ကုန်သွယ်ရေးစခန်း မကြာမီဖွင့်လှစ်မည်

ချင်းပြည်နယ်၏သွားရေးလာရေးခက်ခဲသည့်ဒေသ အိန္ဒိယနယ်စပ်ဒေသများဖြစ်ကြသည့် မြန်မာပြည်နှင့် မီဇိုရမ် ပြည်နယ်အကြားရှိ ကျေးရွာများတွင် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် ဒေသခံများအလုပ်အကိုင်ရရှိရေး တို့ကိုရည်ရွယ်၍ ပြည်နယ်၊ပြည်မမှ အခွန်ကောက်ယူမှုမရှိသော နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ယခုနယ်စပ် ကုန်သွယ်ရေးစခန်း ၅ ခုဖွင့်လှစ်လိုက်ပါက ချင်းပြည်နယ်တွင် နယ်စပ် ကုန်သွယ်ရေး စခန်း ပေါင်း ၆ ခုရှိလာမည်ဖြစ်ကြောင်း သိရသည်။ထိုနယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးမှာလည်း တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် အများဆုံးဆက်သွယ် ရောင်းဝယ်နိုင်မည်ဖြစ်သည်။

  1. အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၄၅၅) ဖွဲ့ဖွဲ့စည်းထားပြီဖြစ်

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့ အစည်းများကို အသိအမှတ်ပြု ဖွဲ့စည်းပေးခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အဖွဲ့အစည်းပေါင်း (၄၅၀) ကျော်ကို ဖွဲ့စည်းပေး နိုင်ခဲ့ကြောင်း ကို လူမှုဖူလုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်မှ သိရှိရသည်။ အခြေခံ အလုပ်ရှင် နှင့်အလုပ်သမားအဖွဲ့ အစည်းစတင် ဖွဲ့စည်းနိုင်မှုကို (၂၀၁၂) ခုနှစ် ဧပြီ (၂၅) တွင်စတင်ခွင့်ပြုပေးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် (၄၄၇)ဖွဲ့ / မြို့နယ်အဆင့် အနေဖြင့် (၆) ဖွဲ့၊အဖွဲ့ချုပ် အနေဖြင့်နှစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ စုစုပေါင်း (၄၅၅) ဖွဲ့ဖြစ်ကြောင်း သိရသည်။

  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့်တွေးဆုံဆွေးနွေးရန်ဖိတ်ကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့်မတ်လ နောက်ဆုံးပတ်အတွင်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးပါတီများထံသို့ အစည်းအဝေးဖိတ်စာများ ပေးပို့ထားကြောင်း သိရသည်။ ထို ဖိတ်စာတွင် အစည်းအဝေး၌ တင်ပြလိုသည့်အကြောင်းအရာများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပေးခြင်း ဖြစ်ကြောင်းနှင့် ဆွေးနွေးမည့် အကြောင်းအရာကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive