Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ကျွန်တော့်အနေနဲ့ကတော့ သမ္မတကြီးရဲ့မိန့်ခွန်းကို ထောက်ခံပါတယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် တည့်အောင် နေဖို့က အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာရှိတယ်။ အတူယှဉ်တွဲ နေထိုင်ကြဖို့ သမ္မတကြီးကလည်း ဒါကိုထပ်ပြောပါတယ်။ လိုအပ်ရင် သမ္မတအနေနဲ့ စစ်အင်အား အကူအညီကို ရယူနိုင်ပါတယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၆) တွင်ပါရှိသော “ပြည်သူသို့ ရှင်းလင်း သည့် သမ္မတ မိန့်ခွန်း လေ့လာသူများကြိုဆို”သတင်းမှ လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ အခြားအခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ လက်တွေ့ပိုင်း ဆိုင်ရာမှာလဲ အားနည်းနေသေးလို့ပါ။ ပြည်သူလူထုပါဝင်တဲ့ ဒီမိုကရေစီ Practice (လက်တွေ့ လုပ်ဆောင်ချက်) မရှိပါဘူး။ ဒါကတော့ ဝန်ခံပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ဒါကိုသင်ယူနေရင်းနဲ့ လုပ်ဆောင် နေတာဖြစ်ပါတယ်။ ပြည်သူလူထု ကလည်း ကိုယ့်အားကိုယ်ကိုးဖို့လိုပါတယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၆) တွင်ပါရှိသော “ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်အား ကိုယ်ကိုးရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တိုက်တွန်း”သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးတာကောင်းတာပေါ့။ ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ထောင်မယ်ဆိုရင် ပိတ်ဆို့မှုတွေ မဖြစ်မနေဖွင့်ပေးဖို့လိုတယ်။ တိုင်းပြည်စီးပွားရေးတိုးတက်မှ ဒီမိုကရေစီနိုင်ငံဆိုတာကို ပီပီပြင်ပြင် တည်ဆောက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာလည်း စီးပွားရေးကောင်းမှ တည်ဆောက်နိုင်မှာ”

မတ်လ ၂၉ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၆) တွင်ပါရှိသော “စီးပွားရေး ပိတ်ပင်မှုအပေါ် ဥရောပ သမဂ္ဂ ပြည်လည်သုံးသပ်”သတင်းမှ ရန်ကုန်မြို့တွင်နေထိုင်သော တပ်မတော်သား ဟောင်းတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တစ်ယောက်နဲ့တစ်ယောက် မြေယာတွေ ဘာတွေသိမ်းတယ်ဆိုလည်း ဒါ ကြီးနိုင် ငယ်ညှင်းပေါ့ ဟုတ်လား။ လုပ်တဲ့သူက လုပ်တယ်။ ခံရတဲ့သူက ခံပေါ့။ အဲဒီ စိတ်ဓါတ်ကို ကျွန်မပြောင်းစေချင်တယ်။ လုပ်နိုင်လေလေ ပိုပြီးတော့ သိမ်သိမ် မွေ့မွေ့ လုပ်လေ ၊ ကျွန်မတို့ရဲ့ သိက္ခာဟာ အင်အားကြီးတဲ့သူရဲ့ သိက္ခာဟာ သတ္တိရှိခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ အင်အား ကြီးလို လုပ်ချင် တိုင်းလုပ်တယ်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ်ဆိုတာ ကျွန်မတို့ပြည်သူ ပြည်သားအား လုံးနားလည်ရမယ်။”

ဧပြီလ ၁ ရက်နေ့ထုတ် Street View Journal အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “အင်အားကြီးလို့ လုပ်ချင်တိုင်းလုပ် တယ်ဆိုတာ ရှက်စရာပါ” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံက အခု ATPF (Asia Trade Promotion Froum) အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရှိလို့ ကုန်သွယ်မှု မြှင့်တင် ရေးလုပ်ငန်းတွေ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဈေးကွက်ရှာဖွေခြင်းလုပ်ငန်းတွေ၊ ကျွန်တော်တို့နိုင်ငံမှာ အခက်အခဲ ဖြစ်နေတဲ့ ကုန်သွယ်ရေးမြှင့်တင်မှုကိစ္စတွေ၊ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေအားလုံး ကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ရမယ့် အခွင့်အရေးတွေရရှိမှာပါ”

ဧပြီလ ၁ ရက်နေ့ထုတ် Street View Journal အတွဲ (၂) အမှတ် (၁၃) ပါရှိသော “ATPF မှ မြန်မာနိုင်ငံကို လေးကြိမ် မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလက်ခံရရှိ” သတင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

မတ်လအတွင်း အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်းပြန်ကြားရေးမှ သတင်းထုတ်ပြန်

မတ်လ ၂၀ ရက်နေ့မှစ၍ မတ်လ ၃၀ ရက်အထိမြို့နယ် ၁၅ မြို့နယ်တွင်လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ဒဏ်ရာရသူ ၈၆ ဦး၊အဆောက် အအုံ ၁၃၅၅ လုံးနှင့်ယဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံး ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။အကြမ်းဖက်မှုများကြောင့် လူဦးရေ ၁၁၃၇၆ ဦးအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ကယ် ဆယ်ရေးစခန်း ၆၃ ခု၌ဒုက္ခသည် ၉၀၆၅ ဦးစောက်ရှောက်ထားကြောင်းသိရသည်။ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကိုလည်း ဖမ်းဆီး ရမိ ထားပြီး ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ဦးသိန်းစိန်နှင့် အမေရိကန်-အာစီယံစီးပွားရေးကောင်စီဥက္ကဌ တွေ့ဆုံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr.Evan Greenberg တို့သည် မတ် ၂၉ လရက်နေ့ညနေက နေပြည်တော်ရှိနိုင်ငံတော်သမ္မတ အိမ်တော်တွင်တွေ့ဆုံခဲ့ကြပြီး အမေ ရိကန် - အာဆီယံကုန်သွယ်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင်ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊သတ္ထု၊ ဘဏ္ဍာရေးနှင့် ငွေ ကြေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍများတွင် ခိုင်မာသောကတိကဝတ်များဖြင့်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အရင်းအနှီးသာမကနည်းညာ၊ အသိပညာသင်ကြားလေ့ကျင့်မှုများကိုပါတစ်ပြိုင်နက်တည်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် Mr.Mark Mc Dowell ကိုခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး John Baird သည်မတ်လ ၂၉ ရက်နေ့တွင် ကြေငြာလိုက် ကြောင်းသိရသည်။ထို့အတူ မြန်မာနိုင်ငံတွင် ကနေဒါသံရုံးဖွင့်ပြီး ကုန်သွယ်ရေးဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

 မြန်မာနိုင်ငံ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဒေါ်လာ ၁၁ သန်းအမေရိကန်ထောက်ပံ့မည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲအား တရားမျှတပြီးလွတ်လပ်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၁၁ သန်းထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။ရွေးကောက်ပွဲစီမံမှု တိုးတက်ရေး၊မဲပေးနည်းပညာပေးရေးလုပ်ငန်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များ ၏ အရည်အချင်း မြှင့်တင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတကာဖွံဖြိုးရေး ဆိုင်ရာ အမေရိကန်အေဂျင်စီမှ အုပ်ချုပ်ရေးမှူး Dr.Rajiv Shah မှပြောကြားခဲ့သည်။

ပြည်တွင်းအကြမ်းဖက်မှုများကို ထိရောက်စွာအရေးယူရန် ICG တိုက်တွန်း

ဘာသာရေးအကြမ်းဖက်မှုများ မဖြစ်ပွားစေရေးနှင့် ယင်းသို့ဖြစ်ပွားအောင်ပြုလုပ်နေသူများကို အစိုးရအနေဖြင့် မြင်သာစွာ ဖမ်းဆီးအရေးယူသင့်ကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေးအဖွဲ့ International Crisis Group ၏ အရှေ့ တောင်အာရှစီမံကိန်း ညွှန်ကြားရေးမှူး Jim Della Giacoma မှထုတ်ပြန်ကြောင်းသိရသည်။ထို့အကြမ်းဖက်မှုများကို ကိုင် တွယ်ဖြေရှင်း ရာ၌ ရဲတပ်ဖွဲ့၏အရည်အသွေးမှာ အရေးကြီးကြောင်းနှင့်မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက် ဖြေရှင်းနည်းဆိုင်ရာ သင်ကြားပေးမှု အားနည်းနေသည်ကိုတွေ့ရကြောင်းဆက်လက် ပြောဆိုသွားခဲ့သည်။

အခြေခံလုပ်သားများအတွက် အနည်းဆုံးလုပ်ခမပေးသည့် အလုပ်ရှင်များအားအရေးယူမည်

မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်ထားသော အနည်းဆုံး အခကြေးငွေ ဥပဒေ နှင့်အညီ သတ်မှတ်ထားသောလုပ်အားခကို မပေးပါက အလုပ်ရှင်များကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်ချမှတ်မည် ဖြစ်ကြောင်းသိရသည်။

ကရင်ရေးရာ အစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံ့မြို့တွင်မတ်လ ၂၉ ရက်နေ့ မနက် တွင်ကျင်းပသော ကရင်ရေးရာ အစည်းအဝေးကြီးတွင် စည်းလုံးညီညွတ်ရေး၊ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ကရင်အမျိုးသားတို့၏ အနာဂတ်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြ ကြောင်း အစည်းအဝေး ဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး၏မိန့်ကြားချက်မှသိ ရှိရသည်။ထို အစည်းအဝေးကို KNU နှင့် DKBA အပါအ၀င် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံ ရေးပါတီများ၊ ကရင် လွှတ်တော်အမတ်များ၊ ကရင်ပြည်နယ်အစိုးရ၀န်ကြီးနှင့် အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများ လည်း တက် ရောက်ခဲ့ကြောင်းသိရသည်။

ATPF မှမြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြု

Asia Trade Promotion Forum မှာ အာရှတိုက်ရှိ နိုင်ငံအသီးသီးနှင့်ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်းဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံကို ၂၄ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန မှတာဝန်ရှိသူများက ပြောကြားခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ကချင်ပြည်နယ်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေး လူ့အခွင့်ရေးကော်မရှင် အကြုံပြု
  2. နေပူတောင်ရှိ ကျောက်ထုတ်မည့်စီမံကိန်း ရပ်ဆိုင်းရန်တောင်းဆို
  3. သတ္တုတွင်းဥပဒေ ရေးဆွဲရာတွင် သြစတေးလျကူညီမည်

ကချင်ပြည်နယ်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေး လူ့အခွင့်ရေးကော်မရှင် အကြုံပြု

ချင်းပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပြောင်းရွှေ့မည့် ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမတိုင်မီ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စကို ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့( ကေအိုင်အို) တို့သည် ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နှင့် ၁၂ ရက် နေ့တွင် ပြုလုပ်သော  ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အပြုသဘောဆောင်သော ကြေညာချက်တစ်ရပ်ထုတ် ပြန်နိုင်ခဲ့သောကြောင့် စစ်ဘေးဒုက္ခသည်များမှာ နေရပ်ပြန်ရန် မျှော်လင့်ချက်ရှိလာချိန်တွင် အဆိုပါကြေညာချက် ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရာ၌ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ် ဆောင်ရေး၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ဖိတ်ခေါ်၍ မိုင်းရှင်းလင်းရာ၌ ပါဝင်စေခြင်းနှင့် ဒေသခံရွာသားများကို မိုင်းအသိ ပညာပေးခြင်းများ ပြုလုပ်သင့်ကြောင်း ကြေညာချက်တွက် အကြံပြု ပြောကြား ထားသည်။

အဆိုပါနယ်စပ်ဒေသများနှင့် ပြည်တွင်းစစ်ဖြစ်ခဲ့သော ဒေသများရှိ မြေမြှုပ်မိုင်းများ ဖော်ထုတ်ရှင်းလင်း ရေးနှင့် မိုင်းဒဏ်သင့်ပြည်သူတို့၏ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များအား Myanmar Peace Center ရှိ Mine and Action ဌာနမှ ဆောက်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် များကို ကယားပြည်နယ်တွင် စတင် လုပ်ဆောင်နေပြီး နိုင်ငံတကာ အဖွဲ့အစည်း များနှင့်လည်း ၎င်းတို့အနေဖြင့် မကြာမီ လာရောက်၍ မည့်သည့် အကျိုးအမြတ်မှ မယူဘဲ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ ကြောင်း သိရှိရသည်။

သို့သော်လည်း ယခုအချိန်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စမှာ ဒေသခံများအတွက် အရေးမကြီးဘဲ တိုက်ပွဲများ ရပ်ဆိုင်းရေးကိုသာ ဦးစွာလုပ်ဆောင်သင့်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ချုပ် အတွင်းရေးမှူးချုပ် ဒေါက်တာ ခလမ်ဆန်ဆွမ် ကပြောကြားခဲ့သည်။

မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ်အထိ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂက မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် စတင်လုပ် ဆောင်ခဲ့ပြီး စစ်တမ်းများအရ မြန်မာနိုင်ငံ သည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အရှိဆုံးနိုင်ငံများတွင် ပါဝင် နေကြောင်း သြစတေးလျနိုင်ငံ ခြားရေးဝန်ကြီး Mr. Bob Carr ကဖေဖော်ဝါရီလအ တွင်း ထုတ်ပြန်သော မြေမြှုပ်မိုင်း အကူ ညီပေးရေးကြေညာချက်၌ ဖော်ပြ ထားသည်။

                                                                                                              YC


နေပူတောင်ရှိ ကျောက်ထုတ်မည့်စီမံကိန်း ရပ်ဆိုင်းရန်တောင်းဆို

              ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင်ရှိသော နေပူတောင်မှ တစ်နှစ်လျှင် ကျောက်မတ်ထရစ်တန် ၇၅၈၀ ထုတ်ခွင့် ပြုထားခြင်းကို ပွင့်လင်းမြင်သာမှုမရှိသဖြင့် ရပ်ဆိုင်းရန် ရခိုင်ပြည်နယ်လွတ်တော်ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် စစ်တွေမြို့ မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် က အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

စီမံကိန်းကို မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ပြီး ဗီယက်နမ် နှင့်ချုပ်ဆို ထားသော စာချုပ်ကိုလည်း ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရမည်ဖြစ်ပြီး ထိုသို့ မဟုတ်ပါက ကြေးနီတောင်စီမံကိန်းကဲ့သို့ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

              နေပူတောင်မှ ထွက်ရှိသော ကျောက်အမျိုးအစားသည် မြန်မာနိုင်ငံတွင် ရှိသောကျောက်များအနက် ထူးခြားသော ကျောက်တစ်မျိုးဖြစ်ပြီး နေအပူရှိန်ရလင့်ကစား အေးမြနေတက်သော ကျောက်အမျိုး အစား ဖြစ်ကာ မည်မျှအသုံးဝင်တန်ဖိုးရှိ မည်ကို သုတေသနပြုလုပ်ပြီးမှသာလျှင် ထုတ်လုပ်ရောင်းချခွင့်ပြုမည့်ကိစ္စများ ဆက်လက်လုပ် ဆောင်သင့်ကြောင်း ၎င်းမှ တိုက်တွန်းပြောဆိုထားခဲ့သည်။

              အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မတ်လ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးတို့ ဒေသခံများနှင့် တွေ့ဆုံရာတွင် ဒေသခံများက တောင်ကုတ်မြို့နယ်တွင် စက်ရုံတည် ကာ နေပူတောင်မှ ထွက်ရှိမည့်ကျောက်များကို ကုန်အချော အဖြစ်ပြု လုပ်ပြီးထုတ်ယူခြင်းမပြုဘဲ ကုန်ကြမ်းအဖြစ်သာ ထုတ်ယူ ခွင့်ပြုပါက ကန့်ကွက်မည်ဟု တင်ပြခဲ့ကြောင်း တောင်ကုတ်လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးသန်းစိုးလင်း က ပြောကြားခဲ့သည်။

              ရခိုင်ပြည်သူလူထုမှ ဒေသအတွက် အကျိုးခံစားခွင့်တစ်စုံတစ်ရာ မရရှိဘဲ နေပူတောင်တစ်ခုလုံးကွယ် ပျောက်သွား မည့်ကိစ္စကို လုံးဝလက်ခံလိမ့်မည်မဟုတ်ကြောင်း စစ်တွေမြို့ မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြ ကျော်က သုံးသပ်ပြောကြားခဲ့သည်။

              ရခိုင်ရိုးမတွင် တည်ရှိနေသော နေပူတောင်ကျောက်တောင်သည် ဧက ၇၀၀ ခန့်ကျယ်ဝန်းကြောင်း ဒေသခံများထံမှ သိရှိရသည်။

YC


သတ္တုတွင်းဥပဒေ ရေးဆွဲရာတွင် သြစတေးလျကူညီမည်

မြန်မာ့သတ္တုတွင်းဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် သြစတေးလျနိုင်ငံမှ နည်းပညာနှင့် အထောက်အပံ့များ ပေးရန် သဘောတူညီမှုများရရှိခဲ့ကြောင်းသတ္တုတွင်းဝန်ကြီးမှ သိရှိရသည်။

နိုင်ငံတော်သမ္မတ၏ဥရောပငါးနိုင်ငံခရီးစဉ်အပြီး သြစတေးလျဓနသဟာရ နိုင်ငံတော်ဘုရင်ခံချုပ်၏ ဖိတ်ကြားချက် အရ မတ်လ ၁၃ ရက်နေ့တွင် သွားရောက်ခဲ့သော သြစတေးလျခရီးစဉ်တွင် အထက်ပါ သဘောတူညီ ချက်ကိုရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိရေးဆွဲနေသော သတ္တုတွင်းဥပဒေတွင် သတ္တုကဏ္ဍအတွက် အချိုးကျခွဲ ဝေမှုစနစ် အမြတ် ခွဲဝေရေး၊ တိုင်းပြည်မှ ရရှိသင့်သည့် အခွန်ခများရရှိရေး၊ ပွင့်လင်းမြင်သာမှုရှိသော သတ္တုလုပ် ကွက်များ မှန်ကန်စွာ ဖြစ်ပေါ် လာရေးအတွက် သြစတေးလျနိုင်ငံမှ ပညာရှင်များက အဓိကပါဝင်ရေးဆွဲ ပေးနိုင်ရန် နှင့် သြစတေးလျနိုင်ငံမှ  ပထမဦးဆုံး အထောက်အပံ့အဖြစ် သတ္တုကဏ္ဍအတွက် ဒေါ်လာ သန်း ၂၀ ကူညီထောက်ပံ့ပေးရန် ကနဦး သဘောတူညီမှုရရှိ ခဲ့ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိပြဋ္ဌာန်းထားသည့် သတ္တုတွင်းဥပဒေကို ၁၉၉၄ ခုနှစ် စက်တင်ဘာ ၄ ရက်က ပြဋ္ဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပြဋ္ဌာန်းထားခဲ့ပြီး ယင်းဥပဒေအား ပြန်လည်ရေးဆွဲရာတွင် အမြန်ဆုံး အကောင်ထည် ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် ဖိတ်ခေါ်ဆွေးနွေးခြင်း များပြုလုပ်ပြီး ရေးဆွဲသွားမည့်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်အောင်က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ကပြုလုပ်ခဲ့သော ရွှေလုပ်ငန်း ရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဧရိယာ ၅၄ ရာခိုင်နှုန်းတွင် သတ္တုကြော၊ သတ္တုသိုက်များ ခိုအောင်းလျက်ရှိပြီး မြို့နယ်ပေါင်း ၁၇၆ မြို့နယ်တွင် သတ္တုအမျိုးအစားပေါင်း ၄၀ ကျော်ထွက်ရှိကြောင်း အမျိုးသားလွတ်တော် သတ္တုနှင့် သယံဇာတရေးရာကော်မတီ မှထုတ်ပြန်ထားကြောင်း သိရသည်။

YC


                

 

 

 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive