Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

“ကျွန်တော်တို့အနေနဲ့ ပြည်နယ်အစိုးရအတွက်ရော၊ အစိုးရအတွက်ရော၊ ဒေသခံပြည်သူလူထုအတွက်ပါ အကျိုးရှိမယ်ဆိုလို့ဒီသတ္တုတူးဖော်ရေးစီမံကိန်းကို လက်ခံလိုက်ရခြင်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လည်း လုပ်ဖို့အစီအစဉ်တွေ ထွက်လာမယ့်သတ္တုတွေကိုလည်း အစိုးရအဖွဲ့ အနေနဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။ ပြီးမှ လုပ်သင့်မလုပ်သင့်ဆိုတာကို စဉ်းစားသွားမှာ ဖြစ်ပါတယ်”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၀၅) တွင်ပါရှိသော “မြွေတောင်၊ ဖားတောင် သတ္တုတွင်း စီမံကိန်းကြောင့် ကျေးရွာများနှင့် လယ်များဆုံးရှုံးမည်မဟုတ်” သတင်းမှ ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးနန်ဇမုန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတပြောတဲ့အထဲမှာ အဓိကငွေကြေးဆိုတာကို ကျွန်တော်လက်ခံပါတယ်။ လာမယ့်နှစ်မိုးတွင်းဆိုရင် ကျွန်တော်စပါး စိုက်တော့မယ်။ ဒီစိုက်တဲ့စပါးကိုလယ်ထဲသွင်းမယ်ဆိုရင် ကျွန်တော့်မှာ အရင်းအနှီးမရှိဘူး။ အရင်းအနှီးမရှိတော့ အစိုးရကို အားကိုးရမလားဆိုတော့ အစိုးရပေးတဲ့နှုန်းကဘာမှအားကိုးလောက်တဲ့နှုန်း မဟုတ်ဘူး။ အဲဒီ အခါကျတော့ ကျွန်တော်က အပြင်မှာပဲ အတိုးကြီးနဲ့ပေးပြီးတော့ လုပ်ရတာပဲ။ အဲဒီ အပေါ်မှာ ကျွန်တော်တို့က အကြောင်းအားလျော်စွာနဲ့ရာသီဥတုက ဖျက်လို့ဘာလို့ ညာလို့ဆိုလို့ရှိရင် အဲဒီမှာ ပတ်လည် ရိုက်သွားပြီ၊ ဒါ့ကြောင့်မို့လို့ တကယ်ပေးမယ်ဆိုလို့ရှိရင်လည်း ထိထိ ရောက်ရောက်နဲ့ လုံလောက်တဲ့ ပမာဏ နီးပါးစိုက်စရိတ်ကို အချိန်မီပေးဖို့လိုတယ်။”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၀၅) တွင်ပါရှိသော “တောင်သူလယ်သမားများ အတွက် ပြည်ပအထောက်အပံ့နှင့်ချေးငွေများကို ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ပြောကြား” သတင်းမှ လပွတ္တာမြို့နယ်မှ လယ်သမားဦးတင်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီနေ့ ဗဟိုဘဏ်နဲ့ စီးပွားရေးဘဏ်တွေကိုကြည့်ရင် မြန်မာစီးပွားရေးဘဏ်အနေနဲ့ အရှုံးပေါ်နေတာ တွေ့ရပါ တယ်။ တကယ်တော့ အရှုံးမပေါ်သင့်ပါဘူး။ ဒီလိုအရှုံးပေါ်ရခြင်းဟာ ဘဏ်ရဲ့အခြားအသုံးစရိတ်များကြောင့် မဟုတ်ဘဲ ပေါ်လစီ တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုကြောင့်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။ ဒါက ဘာလဲဆိုတော့ အတိုးနှုန်းနဲ့ အပ်နှံငွေများ ပြန်လည် ချေးငှားရေးကိစ္စပါ။ အကြမ်းဖျဉ်းပြောရရင် ပြည်သူရဲ့စုငွေကို ပေးတဲ့ အတိုးနှုန်းဟာ ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း နဲ့ ၁၂ ရာခိုင်နှုန်းအထိရှိပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်ထုတ်ချေးပေးတဲ့ အတိုးနှုန်းက အထူးကိစ္စတွေမှာ နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများကို ချေးငှားရာမှာတော့ ၄ ရာခိုင်နှုန်း သာဖြစ်တဲ့အတွက် အထူးကိစ္စတွေမှာ အတိုးမဲ့ချေးငှားတာတွေလည်း ရှိတဲ့အတွက် ရှုံးရခြင်းလို့တွေ့ရပါတယ်။ နောက်ပြီး အပ်နှံငွေရှိသလောက် ထုတ်မချေးနိုင်တာလည်း အဓိကအကြောင်းအရင်း ဖြစ်ပါတယ်”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၅) တွင်ပါရှိသော “ဘတ်ဂျတ်လိုငွေကျပ် ဘီလျံ ၂၉၃၀ ခန့်ကို ပြည်တွင်းချေးငွေဖြင့် ဖြည့်ဆည်းသွားမည်” သတင်းမှ ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဒီအတိုင်းအပစ်ရပ်စဲဖို့ဆိုတာထက် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲကျင်းပရင်းနဲ့ပဲ ခိုင်မာတဲ့အပစ်ရပ်တာမျိုးဖြစ်ဖို့ ကေအိုင်အိုက လိုလားတယ်။ UNFC အနေနဲ့လည်း အစိုးရနဲ့ ခိုင်မာတဲ့အပစ်ရပ်ဖို့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ နိုင်အောင် အကြိုညှိနှိုင်းမှုတွေ လုပ်နေတယ်”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၅) တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အိုတို့ သင်္ကြန်မတိုင်မီ ထပ်မံတွေ့ဆုံနိုင်ဖွယ်ရှိ” သတင်းမှ UNFC ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွတ်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခု မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတော်တော်များများမှာ တပ်မတော်ကနေပြီးတော့ ကူညီ ကိုင်တွယ်ဖြေရှင်း ပေးနေတာကို ကျွန်တော်တို့တွေ့မြင်ရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ၈၈ တုန်းက ခင်ဗျားတို့ ကျွန်တော်တို့ သိခဲ့တဲ့အတိုင်းပဲ ဒီကြားကာလတွေမှာ တပ်မတော်ကတချို့ကိစ္စတွေမှာ ကိုင်တွယ်ဖြေရှင်းပေးနေတဲ့အခါကျတော့ ပြည်သူလူထုက တပ်မတော်ကို ယုံကြည်မှုပြန်လည် ရလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ၈၈ နောက်ပိုင်းကတည်းက လူထုမေတ္တာနဲ့ကင်းကွာ နေခဲ့တယ်။ ဒါကို တပ်မတော်က တည်ငြိမ်အေးချမ်းအောင် လုပ်ပေးတယ်။ နောက်ပြီးတော့ လူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက် ပေးလာတယ်ဆိုတော့ တပ်မတော်ဟာ လူထုရဲ့ယုံကြည်မှုနဲ့ မေတ္တာတွေကို ပြန်လည်ရရှိလာ နိုင်တယ်”

ဧပြီလ ၄ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၆) တွင်ပါရှိသော “ပြည်တွင်းရေးတွင်း တပ်မတော်အပေါ် ပြည်သူလူထုယုံကြည်မှု ပြန်လည်ရရှိလာနိုင်ဟုဆို” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

နေပြည်တော်တွင် ပဋိပက္ခများနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်

ဧပြီလ ၄ ရက်နေ့မနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မိတ္ထီလာနှင့် ပဲခူးဒေသများတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ယင်းပဋိပက္ခများတွင် နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်း များမှ ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။အဆိုပါ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများ၊ သတံမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 တရားဝင်သစ်များသာ ပြည်ပသို့တင်ပို့ရမည်

မြန်မာသစ်နှင့် သစ်အချောထည်ပစ္စည်းများကို အမေရိကန်နှင့် အီးယူနိုင်ငံများ သို့တင်ပို့လျက်ရှိရာတွင် တရားဝင်တင်ပို့နိုင်ရန် အတွက် အဆိုပါနိုင်ငံများနှင့်MOU ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။ တင်ပို့ရာတွင် အစိုးရချင်း ချိတ်ဆက် ဆောက်ရွက် ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းနှင့် အီးယူမှ ETTE (European Timber Trade Fedration) တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း မြန်မာသစ်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချို၏ ပြောကြားချက်မှ သိရှိရသည်။


ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် ကြိုးပမ်းမည်

ဒီမိုကရေစီနိုင်ငံတိုင်းတွင် ကျင့်သုံးလျက်ရှိသော တက္ကသိုလ်များကို အုပ်ချုပ်ရေးကောင်စီမှသာ စီမံခန့်ခွဲနိုင်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ ပေါ်ပေါက်လာရန်အတွက် NLD ပညာရေးကွန်ရက်မှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်း ပညာရေးကွန်ရက်မှ ဒေါက်တာ သိန်းလွင်မှ ပြောကြားခဲ့ကြောင်းသိရသည်။


စစ်ဘေးဒုက္ခသည်များ လက်ကျန်မိုင်းများကြောင့် ဇာတိမြေပြန်ရန် အခက်တွေ့

လက်ကျန်မြေမြှပ်မိုင်းများကြောင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးတိုင်းအတွင်း နေထိုင်ခဲ့ကြသော စစ်ဘေးဒုက္ခသည်များသည်ယခုအခါ မိမိနေရပ်သို့ပြန်ရန် အခက်အခဲဖြစ်နေကြောင်း ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHRC မှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရသည်။


အင်ဒိုနီးရှားနိုင်ငံ အစိုးရကုမ္ပဏီအချို့ မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်ရ

အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင်ကုမ္ပဏီ ၃ ခုဖြစ်သော PT Wijaya Karya (ဆောက်လုပ်ရေးကုမ္ပဏီ)၊PT Timah (ခဲမဖြူ တူးဖော်ရေးကုမ္ပဏီ)နှင့် PT Semen Indonesia (ဘိလပ်မြေကုမ္ပဏီ)တို့သည် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာနမှ ဝန်ကြီး ဒါလန်းအစ်ကန်၏ ပြောကြားချက်မှ သိရသည်


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သုံးငွေလျာထားချက် ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်

ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၃ခုနှစ်၊ဘဏ္ဍာငွေအရ သုံးဆိုင်ရာဥပဒေ ကြမ်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေသုံးစွဲမှု အစီအမံများကို ဖော်ပြရာ၌ ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ကြောင်းဧပြီလ ၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မတီမှ ဦးအောင်သန်းမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။


နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြား

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ ဧပြီလ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုများပြုလုပ်ရန် တရုတ် နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီမှ ဖိတ်ကြားခဲ့ပြီး မတ်လပိုင်းတွင်လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများကို လာရောက် လည်ပတ်ရန် တရုတ်နိုင်ငံမှ ဖိတ်ကြားလိမ့်မည်ပာု မျှော်လင့်ရကြောင်း သိရသည်။


ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ဝမ်းနည်းကြောင်း အမေရိကန်သံအမတ်ကြီးပြော

ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုတွင် ကလေး ၁၃ ဦး သေဆုံးတဲ့အတွက် မိသားစု၊ လူ့အဖွဲ့အစည်းများနှင့် အတူထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell သည်အမေရိကန် သံရုံးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားကြောင်းသိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လက်ပံတောင်းတောင်စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မည့်ကော်မတီမှ သတင်း ထုတ်ပြန်
  2. စီးပွား/ကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနနှစ်ခု ပြောင်းလဲပြင်ဆင်ဖွဲ့စည်း
  3. ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး NGO များပါဝင်ရမည့် အခန်းကဏ္ဍသတ်မှတ်ပေးရန်တောင်းဆို
  4. အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိပညာပေးရေး အခမ်းအနားကျင်းပ

လက်ပံတောင်းတောင်စုံစမ်းရေး ကော်မရှင်၏အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မည့်ကော်မတီမှ သတင်း ထုတ်ပြန်

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီမှ လက်ရှိလုပ်ကိုင်ဆောင်ရွက် ပြီးစီးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၁၃)ကို ဧပြီလ ၃ ရက်နေ့ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကော်မတီအနေဖြင့် စုံစမ်းရေးကော်မရှင်မှအကြံပြုခဲ့သည့်အတိုင်း ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ လေ့လာ တွေ့ရှိခဲ့ရသော အားနည်းချက်များကိုပြုပြင်၍ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွားတို့ကို ရရှိနိုင်စေရန် အစီအမံများချမှတ်ပြီး စီမံကိန်းဆက်လက် ဆောင်ရွက်မည့် နည်းလမ်းအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လက်ပံတောင်းတောင် စီမံကိန်းဆောင်ရွက်နိုင်ရန် သိမ်းဆည်းထားသော မြေပမာဏမှာ လိုအပ်သည်ထက် ပိုမိုသိမ်း ဆည်းခြင်းရှိ/မရှိကို မြေတိုင်းတာရေးအဖွဲ့များဖြင့် ပြန်လည်တိုင်းတာ စိစစ်ခဲ့ရာတွင် မူလသိမ်းဆည်းခဲ့သော မြေဧရိယာမှာ ၇၈၆၇.၇၈ ဧကရှိခဲ့သော်လည်း တိုင်းတာတွက်ချက်ပြီး အနည်းဆုံးဆောင်ရွက်နိုင်မည့် စီမံကိန်းလုပ်ငန်းဧရိယာမှာ ၆၉၆၅.၅၄ ဧက ဖြစ်သည့်အတွက် စီမံကိန်းမှ ပြန်လည်ထုတ်နုတ်ပေးနိုင်မည့် မြေဧရိယာမှာ ၉၀၂.၂၄ ဧကရှိကြောင်း သိရသည်။

ထို့ပြင် ကြေးနီစီမံကိန်း မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် မြေလျော်ကြေးထပ်မံ ပေးအပ်ရာတွင် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း တောင်သူ(၅၇၀)ဦးအား မြေဧက ၁၇၅၃ ဒဿမ ၇၁ ဧက အတွက် တန်ဖိုးငွေကျပ်(၁၇၈၅၆ ဒဿမ ၇၅)သိန်း ပေးအပ်ခဲ့သည့်အပြင် ကျန်သူများကိုလည်း လယ်မြေ/ယာမြေအလိုက် စိစစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ တောင်သူများအား လျော်ကြေးငွေပေးအပ်ရာတွင် မြေအမျိုးအစားကွာခြားမှုနှင့် အမွေဆိုင်ကိစ္စရပ်များကြောင့် တောင်သူများ၏ကန့်ကွက်မှု(၁၇၇)မှုအနက်(၃၃)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးကော်မတီအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြောင်းရွှေ့လာသော ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC


စီးပွား/ကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနနှစ်ခု ပြောင်းလဲပြင်ဆင် ဖွဲ့စည်း

လက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနအား ပြိုင်ဆိုင်မှု ရေးရာနှင့် စားသုံးသူရေးရာဌာနများပါဝင်သည့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည့်အပြင် မြန်မာ့လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းကိုလည်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီး ဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနတွင် ဌာနခွဲများအဖြစ် ကုန် သွယ်မှုနှင့် ကုန်သွယ်စီးဆင်းမှုဌာနခွဲ၊ ဒေသတွင်း ကုန်သွယ်မှုဌာနခွဲ၊ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းကွပ်ကဲရေးဌာနခွဲ၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ၊ စားသုံးသူရေးရာဌာနခွဲများပါဝင်မည်ဖြစ်ပြီး ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လုပ်ကိုင်နေရသော လုပ်ငန်း များနှင့် ဌာနအမည်များမှာမူ အံဝင်မှုရှိသည့်အတွက် မူလအတိုင်းသာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများကျင်းပရေး၊ အသေးစားနှင့် အလတ်စား လုပ်ငန်းတို့ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားငွေကြေး လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ပြည်ပကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်လာမည့် ၂၀၁၄ ခုနှစ်တွင်ဖြစ်ပေါ်လာမည့် အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့်(AFTA)တွင် မြန်မာ နိုင်ငံအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းစဉ်အများအပြားကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ရှိဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

YC


ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး NGO များပါဝင်ရမည့် အခန်းကဏ္ဍသတ်မှတ်ပေးရန်တောင်းဆို

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များတွင် အရပ်ဘက် လူ့အဖွဲ့အစည်း(NGO)များ ပါဝင် ရမည့်အခန်းကဏ္ဍတစ်ခုအား တိကျရေရာစွာသတ်မှတ်ပေးရန် တိုင်းရင်းသားကိုယ်စားပြု အဖွဲ့(၆၂)ဖွဲ့မှ ဧပြီလ ၃ ရက်နေ့တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့အနက်(၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုပြီးသော်လည်း အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့တိုက်ပွဲများ ပြန် လည်ဖြစ်ပွားမှု ရှိနေသေးသည့်အပြင် သဘောတူစာချုပ်ပါအချက်များကို နှစ်ဖက်အဖွဲ့အစည်းမှ လေးစားလိုက်နာရန် အား နည်းလျက်ရှိပြီး ငြိမ်းချမ်းမှုဖြစ်စဉ်များတွင် အရပ်ဘက်လူ့အဖွဲ့အစည်း(NGO)များ ပါဝင်လာနိုင်မှသာ ပိုမိုပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO)တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးနေစဉ် ကာလအတွင်း တပ်မတော်နှင့် အပစ်အခတ်ရပ်စဲထား သည့် ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

                ထို့ပြင် လက်ရှိအချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး လုံးဝရရှိနိုင်စေရေးအတွက် တပ်မတော်နှင့်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့မှ မကြာမီ ရက်များအတွင်း မြစ်ကြီးမြို့၌ ပထမဆုံးအဖြစ် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO) တို့၏ နောက်ဆုံးအကြိမ်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း သိရသည်။  

                                              YC


 

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိပညာပေးရေး အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိပညာပေးရေး အခမ်းအနားကို ဧပြီလ ၄ ရက်နေ့တွင် Myanmar Peace Center ၌ကျင်းပပြုခဲ့ပြီးအခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့် သည်တော်များ တက်ရောက်ခဲ့ပြီး ၎င်းတို့၏လုပ်ငန်းတာဝန်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြမှုများကို ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

အဆိုပါအခမ်းအနားကို Myanmar Peace Center မှ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြေမြှုပ်မိုင်းများ မှာ ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝကို ထိခိုက်နစ်နာလျှက် ရှိသည့်အတွက် ယင်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း Myanmar Peace Center မှအမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်က ပြောကြား ခဲ့သည်။

Myanmar Peace Center အနေဖြင့် ဒေသတွင်း အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုများ၊ ပြည်သူ လူထုအား အသိပညာပေးရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေး စသည့်အချက်များကို အဓိကထား ဆောင်ရွက်လျက်ရှိသည့်အပြင် မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နိုင်ငံတကာအဆင့်မီမြေမြှုပ်မိုင်း ရှင်းလင်းရေး နည်းဗျူဟာမူကြမ်း တစ်ရပ်ရေးဆွဲလျှက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ မြေမြှုပ်မိုင်းများအား ရှင်းလင်းဆောင်ရွက်နိုင်ရန် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ မပေါက်ကွဲ မပျက်စီးသေးသော မိုင်းများအားဖျက်ဆီးခြင်း စသည့်လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် အဓိကအခက်အခဲများ အနေဖြင့် Survey ကောက်ယူရာတွင် သက်ဆိုင်ရာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များထံမှ ခွင့်ပြုချက် လိုအပ်ခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးမရရှိသေးသော နေရာဒေသများတွင် မြေမြှုပ်မိုင်းရှင်းလင်းရန် မလွယ်ကူခြင်းတို့ရှိ ကြောင်းသိရသည်။

ဆက်လက်၍ INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Handicap International မှအဖွဲ့ဝင်မခင်ခင်ဝင်းက   မြေမြှုပ်မိုင်း များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီစောင့်ရှောက်နိုင်ရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်များ စုဆောင်း ခြင်း၊ အရေးပေါ်နှင့်လက်ရှိ လုပ်ဆောင်နေသော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပေးခြင်း၊ လူမှုစိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများပေးခြင်း စသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၁ ခုနှစ်တွင် မြေမြှုပ်မိုင်း ဒဏ်ကြောင့် လူ ၂၇၄ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့မှလည်း မြေမြှုပ်မိုင်း အသိပညာပေးရေးဆိုင်ရာ အဖွဲ့များဖွဲ့စည်း၍ ဒေသခံများအား မြေမြှုပ်မိုင်းဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGO၊ NGO များ နှင့်ပူးပေါင်း၍ မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စရပ်များဆောင်ရွက်ခြင်းနှင့် ထိရောက်သော မြေမြှုပ်မိုင်းဆိုင်ရာ အသိပညာပေး ရေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသည့်အပြင် အနာဂါတ်တွင် ဆောင်ရွက်သွားမည့် မြေမြှုပ်မိုင်း ရှင်းလင်းရေးအစီ အစဉ် များကိုလည်း ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါအခမ်းအနားသို့ MPC မှတာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်  ဦးအောင်ကျော်မိုး၊ UNICEF ၊ Norwegian People’s Aid ၊ Handicap International တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ပြည်တွင်း ပြည်ပမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ယင်းအခမ်းအနားအပြီးတွင် Norwegian People’s Aid ရှိအဖွဲ့ဝင်များမှ မိုင်းရှင်းလင်းရေး လုပ်ဆောင်ချက်များကို  လက်တွေ့သရုပ်ဖော် ပြသခဲ့ကြာင်း သိရှိရသည်။

YC

 


       

 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive