Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

တရုတ်နှင့် ဗီယက်နမ်တို့တွင် လူ့အခွင့်အရေးအခြေအနေများ ဆိုးရွားလျက်ရှိဟု အမေရိကန်ပြော

(Jakarta Post သတင်းစာမှ US: Human rights worsening in China, Vietnam ကိုဘာသာပြန်ဆိုသည်)

တရုတ်နှင့် ဗီယက်နမ်နိုင်ငံများတွင် လူ့အခွင့်အရေးအခြေအနေများမှာ ဆိုးရွားယိုယွင်းလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များကြောင့် လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန် လျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့တွင်ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၏ လူ့အခွင့်အရေးခြေအနေများကို နှစ်စဉ် အကဲဖြတ်မှုပြုလုပ်လျက်ရှိရာ ယခုတစ်ကြိမ်တွင်လည်း မြောက်ကိုရီးယားနိုင်ငံမှာ အဆိုးရွားဆုံးအဆင့်တွင် ဆက်လက် ကျန်ရှိနေဆဲဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြန်လည်ပြောကြားမှုများကို ဖော်ပြထားသော အစီရင်ခံစားတွင် ယင်းနိုင်ငံတွင် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ ပျောက်ကွယ်မှုများ၊ မတရားဖမ်းဆီး ချုပ်နှောင်ခံရမှုများ၊ နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံရမှုများရှိကြောင်း ရေးသားထားသည်။

တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အများပြည်သူရေးရာရှေ့နေများအား ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခဲ့သည်ဟူသောအချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတွေ့ရှိခဲ့သည်။

တရုတ်အစိုးရအတိုက်ခံများ၊ ၎င်းတို့၏ ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ စည်းရုံးခွင့်များမပြုလုပ်နိုင်အောင်၊ တစ်နည်းအားဖြင့် လှုပ်ရှားမှုမပြုလုပ်နိုင်အောင် ဥပဒေများဖြင့် စနစ်တကျ ဖိနှိပ်ချုပ်ခြယ်မှုများရှိခဲ့သည်။ တိဘက်ဒေသတွင်လည်း အာဏာပိုင်များက ဘာသာရေးလွတ်လပ်ခွင့်အပေါ် ချုပ်ခြယ်မှုများနှင့် ကန့်သတ်ပိတ်ပင်မှုများ တိုးမြှင့်ပြုလုပ်ခဲ့သည်။ အဆိုပါတိဘက်ဒေသမှ ပြည်သူအချို့မှာ ဘေဂျင်းအစိုးရကို ဆန့်ကျင် ကန့်ကွက်ရေးအတွက် မိမိကိုယ်ကိုယ်မိမိ မီးရှို့ခဲ့ကြကြောင်း အစီရင်ခံစာကဆိုသည်။

တစ်ပါတီစနစ်ကျင့်သုံးသော ဗီယက်နမ်နိုင်ငံတွင်မူ အစိုးရက ထင်ရှားကျော်ကြားသော သတင်းဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခြင်း၊ စောင့်ကြည့်ခြင်းများပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။

အင်တာနက်ဝက်ဘ်ဆိုက်ရေးသူများ၊ ဘလော့ဂါများနှင့် အစိုးရအတိုက်အခံများကို ဗီယက်နမ်အစိုးရက ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ပေးခြင်းတို့ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဗီယက်နမ်အစိုးရ အတိုက်အခံများကို ရှင်းလင်းမှုမရှိသော အမျိုးသားလုံခြုံရေးဥပဒေများအသုံးပြုကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဘာသာရေးနှင့် အလုပ်သမားအခွင့်အရေးများအပေါ် ကန့်သတ်ပိတ်ပင်ခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက ပြစ်တင်ဝေဖန်သည်။

သို့သော် မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာတည်းဖြတ်မှုများ ဖြေလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ပြုခြင်း အပါအဝင် ဒီမိုကရေစီအသွင် ကူးပြောင်းမှုများနှင့်ပတ်သက်၍ သိသာထင်ရှားသော လုပ်ဆောင်ချက်များကို လုပ်ကိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဆိုသည်။ ယင်းနှစ်အတွင်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါလီမန်လွှတ်တော်တွင် နေရာရရှိခဲ့သည်။ သို့တိုင်အောင် နှစ်ပေါင်း ၅၀ ကြာမျှ စစ်အစိုးရ ကျင့်သုံးခဲ့သည့် အာဏာရှင်ဆန်သောစနစ်က ဆက်လက်ကျန်ရှိနေဆဲပင်ဖြစ်သည်ဟု ထောက်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တိုင်းရင်းသားလူမျိုးများအကြား ပဋိပက္ခနှင့် ဆူပူအကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သည့် အကွဲအပြဲဖြစ်မှုများကို ကျော်လွှားနိုင်ရန် အရေးပေါ်လုပ်ဆောင်ရမည်ဖြစ်သည်။ ယမန်နှစ်က ရခိုင်ပြည်နယ် တွင်းဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၁၀၀ ကျော်ခန့်သေဆုံးခဲ့ရသည်။ ယင်းသို့ ကြောက်မက်ဖွယ် ကောင်းသော ပဋိပက္ခကြီးမှာ ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ကူးစက်ရောက်ရှိလာသည်။ ပဋိပက္ခတွင် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများက အဓိကလွှမ်းမိုးထားသည်။

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကျင့်သုံးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှာမူ အရှေ့တောင် အာရှဒေသ၏ ကြံ့ခိုင်မှုအရှိဆုံးသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခံလာရပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဆိုသည်။

အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားအာဏာပိုင်များကို အစီရင်ခံတင်ပြရသည့် အခြေအနေသို့ ပင် ရောက်ရှိလာသည်။ သို့သော် ဘာသာရေးနှင့် လူမျိုးစုငယ်များ၏ အခွင့်အရေးများအပေါ် ဖိနှိပ်ချုပ်ခြယ်မှုမှာ ပြဿနာ တစ်ရပ်ဖြစ်နေသည်ဟု ဆိုသည်။ ပါပူးဝါး၊ အနောက်ပါပူးဝါး၊ မာလူကူတို့ရှိ လူမျိုးစုငယ်များအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရရှိအောင် နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ ဥပဒေများပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည်။

သီရိလင်္ကာနိုင်ငံတွင် အစိုးရက အာဏာတည်မြဲရေးအတွက် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ခဲ့ပြီး  အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၂၀၁၂ ခုနှစ်အတွင်း အဓိပ္ပာယ်ပြည့်ဝသော ကြိုးပမ်းဆောင်ရွက်မှု အနည်းငယ်သာလုပ်ဆောင်ခဲ့သည်။ နှစ်ပေါင်း ၄၀ မျှကြာမြင့်သော သီရိလင်္ကာပြည်တွင်းစစ်ပွဲကြီးပြီးဆုံးသွားပြီးနောက် တမီလ်လူနည်းစုနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရအနေဖြင့် များစွာကြိုးပမ်းအားထုတ်ရန် လိုအပ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်များအတွင်း လူထောင်ပေါင်းများစွာ သေကြေ သို့မဟုတ် ပျောက်ဆုံးခဲ့ကြရခြင်းအတွက် အစိုးရက တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိပေ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခက်အခဲ အတားအဆီးတွေကတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်ကြီးကြီးမားမားတော့ ဟုတ်မယ်မထင်ပါဘူး။ ဗိုလ်ချုပ်တွေဟာ တချိန်ကသူတို့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေးv အတွက် လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စိတ်ကူးတောင် မယဉ်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အတော့်ကိုဆိုးဆိုးရွားရွား ပြုမူဆက်ဆံခံနေရသူတွေ ကိစ္စအပါအ၀င် စစ်တပ်ကိစ္စနဲ့ တခြားကိစ္စရပ်တွေအပေါ် ကျနော်စိုးရိမ်တကြီးရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်းရေး အတွက် ပိုပြီးဆောင်ရွက်နိုင်ဖို့၊ ကတိအတိုင်းပဲ ဖြစ်ပေါ်လာဖို့ ကျနော်တို့အနေနဲ့ အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက် သွားမှာပါ။ သမ္မတအိုဘားမား သွားတုန်းကလည်း ဒီရည်ရွယ်ချက်ပါပဲ။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာပြုပြင်ပြောင်းလဲမှုကို အမေရိကန်စိုးရိမ်နေဆဲ” သတင်းမှ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တရုတ်တွေက ဗကပကိုထောက်ခံခဲ့တယ်ဆိုပေမယ့် အများစုက တိုင်းရင်းသားတွေပါပဲ။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားဒေသတွေနဲ့ပိုပြီး ဆက်ဆံသင့်တယ်။ သူတို့ဆက်ဆံရေးဗျူပာာ ပြောင်းသွားတာသေချာတယ်။ အရင်ကလို ပါတီကြီးတစ်ခုတည်းမပာုတ်ဘဲ အခြားပါတီတွေကိုပါ ဂရုစိုက်လာတယ်”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “တရုတ်နိုင်ငံ၏ ဆက်ဆံရေး ပုံစံပြောင်းလဲလာမှုအပေါ် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးမည်” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ပြောကြားချက်အားကောက်နှုတ်ချက်။


         

“အလုပ်သမားတစ်ယောက်ရဲ့လစာကနည်းပြီး မန်နေဂျာတစ်ယောက်ရဲ့လစာက အများကြီးကွာနေလို့လည်း မဖြစ်ဘူး။ ပြီးတော့ အလုပ်သမားတစ်ယောက်ရဲ့လစာက နိုင်ငံတကာအဆင့်ရှိရမယ်။ အခုဆိုရင် နိုင်ငံခြားမှာ မြန်မာအလုပ်သမား တွေက အနှိမ်ခံရတယ်။ ကိုယ့်နိုင်ငံမှာတော့ ရတဲ့ပိုက်ဆံက အများကြီးဖြစ်ပြီး သူများနိုင်ငံနဲ့ယှဉ်ရင် တော်တော်ကြီးကို ကွာနေတယ်”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “အနိမ့်ဆုံးလုပ်ခလစာ တစ်ပြေးညီသတ်မှတ်ရန်လိုအပ်”သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                                “ရွေးကောက်ပွဲကော်မရှင်က PR စနစ်ကို လွှတ်တော်တွင်းတင်လာမယ်ဆိုရင် အခြားပါတီတွေ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်အရေအတွက်ကို တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အတိုက်အခံပါတီ ကိုယ်စားလှယ်တွေ မနိုင်ပါဘူး”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “အချိုးကျမဲပေးစနစ်(PR)ကို လွှတ်တော်သို့တင်သွင်းပါက အကျေအလည်ဆွေးနွေးနိုင်ရန် အချိန်လုံလောက်စွာလိုအပ်”သတင်းမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့် နိုင်ငံတော်မှာလိုအပ်လာတဲ့ အာမခံလုပ်ငန်းအမျိုးအစားတစ်ချို့ရှိလာပြီး အရင်တုန်းက စီးပွားရေးအခြေအနေအရ မစဉ်းစားတာတွေရှိတယ်။ အခုတော့ စဉ်းစားရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ပေးတာပာာ SME တွေပဲရှိတယ်။ ဒါကြောင့် တိုးတက်အောင်လုပ်ဆောင်သွားရမယ်”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “စီးပွားရေးကောင်းမွန်လာစေရန် အသေးစားနှင့်အလတ်စားလုပ်ငန်းများကို တိုးတက်အောင်လုပ်ဆောင်ရမည်ပာု ဒုတိယဝန်ကြီးပြော”သတင်းမှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်သိန်းပြောကြားချက်အား ကောက်နှုတ်ချက်။


                    သတင်းတိုများ

 စက်မှုဇုန်မှ အခြေခံအလုပ်သမားများအတွက် အသေးစားချေးငွေ ထုတ်ပေးမည်

သမဝါယမဝန်ကြီး ဦးကျော်ဆန်းသည် အထည်ချုပ်လုပ်ငန်းပိုင်ရှင်များအပြင် စက်ရုံအလုပ်ရုံ အသီးသီးမှ အလုပ်သမားပြည်သူများ၏ လိုအပ်သောအရင်းအနှီးမရှိမှုများ ပြေလည်စေရန်အတွက် အသေးစားချေးငွေများကို အလုပ်သမား ၅ ဦးပါဝင်သော အစုအဖွဲ့စုဖွဲ့ပြီး ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေများထုတ် ပေးမည်ဖြစ်ကြောင်း မနေ့က ဧပြီလ ၂၀ ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန် (၁) ကနောင်းခန်းမတွင် အလုပ်သမားများနှင့်တွေ့ဆုံစဉ်တွင် ပြောကြား ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး လှုပ်ရှားမှုလမ်းလျှောက်ပွဲပြုလုပ်

ပြည်ထောင်စုငြိမ်းချမ်းရေး လှုပ်ရှားမှု လမ်းလျှောက်ပွဲကို ယနေ့ ၂၁ ရက်နေ့ မနက် ၈နာရီခန့်တွင် လူအင်အား ၄၀ကျော်ဖြင့် ပြုလုပ်ခဲ့ကြပြီး မြေနီကုန်းမှ ရန်ကုန်-ပြည် လမ်းမအတိုင်း အင်းလျားကန် အနီးထိလမ်းလျှောက်ခဲ့ ကြကြောင်းသိရသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်ဆွေးနွေးမှုပြုလုပ်မည်

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာမည့် ဧပြီလ ၂၆ ရက်နေ့ မနက်(၉)နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ကော်မရှင်ရုံးမှ နိုင်ငံရေး ပါတီများထံသို့ ဖိတ်စာများပေးပို့ဖိတ်ကြားခဲ့ပြီး ၎င်းဖိတ်စာတွင် မဲဆန္ဒစာရင်း တင်သွင်းမှု နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေ ထောက်ပံ့မှု၊ နိုင်ငံရေး ပါတီများ၏ (Code of Conducts) လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ဆန္ဒမဲပေးရန် ပညာပေးမှု ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လေ့လာပေးနိုင်မှုများ စသည့် ကိစ္စရပ်များကို ဆွေးနွေးရန် ပါဝင်ကြောင်းသိရသည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မဲခေါင်မြစ်အတွင်း မူးယစ်ပူးတွဲနှိမ်နင်းရေး စီမံချက်ပြန်လည်စတင်

(Xinhua မှ 19 Apr 2013 ရက်စွဲပါ “Joint anti-drug campaign on Mekong River begins” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့်လာအိုကို GSP ကုန်သွယ်မှုအထူးခံစားခွင့်အလားအလာအတွက် အမေရိကန်ပြန်လည် သုံးသပ်နေ

(Tax News မှ 19 Apr 2013 ရက်စွဲပါ “US Reviews Burma,Laos as possible GSP beneficiaries” သတင်းကို ဘာသာပြန်ဆိုသည်)


မဲခေါင်မြစ်အတွင်း မူးယစ်ပူးတွဲနှိမ်နင်းရေး စီမံချက်ပြန်လည်စတင်

(Xinhua မှ 19 Apr 2013 ရက်စွဲပါ “Joint anti-drug campaign on Mekong River begins” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းတို့၏ မဲခေါင်မြစ်ကြောင်း မူးယစ်ဆေးဝါးပူးတွဲနှိမ်နင်းရေး စီမံချက်ဆိုင်ရာ ဌာန ချုပ်များသည် သောကြာနေ့က ဆမ်ဆောင်ပနားတွင် ပြန်လည်လှုပ်ရှားလာကြသည်။

ယင်းသို့ လှုပ်ရှားမှုသည် မူးယစ်ရာဇဝင်မှုများ ဆက်လက်ဖြစ်ပွားနေသော အရှေ့တောင်အာရှ အဓိကကုန်သွယ် လမ်းကြောင်းဖြစ်သည့် မဲခေါင်ဖြစ်တစ်လျှောက် လုံခြုံရေးအတွက် ရည်ရွယ်ထားသော နှစ်လကြာစီမံချက် တရားဝင်စတင် လိုက်ခြင်းပင်ဖြစ်သည်။

၂၀၁၁ အောက်တိုဘာလ ၃၁ ရက်နေ့က လေးနိုင်ငံကြေညာချက် ထုတ်ပြန်ခဲ့ကြသည့်အတိုင်း ယခုစီမံချက်သည် အာဏာပိုင်များ၏ မူးယစ်မှုခင်း ပူးတွဲတိုက်ဖျက်ရေးဆန္ဒပြင်းပြမှုကို ထင်ဟပ်နေသည်ဟု သောကြာနေ့အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များက ဆိုပါသည်။

မူးယစ်ရာဇဝတ်မှု ပူးတွဲတိုက်ဖျက်ရာတွင် သတင်းအချက်အလက် ဖလှယ်ရေး၊ ညှိနှိုင်း လှုပ်ရှားရေးအတွက် လေး နိုင်ငံမှ ဆက်ဆံရေးအရာရှိများကို ဌာနချုပ်များတွင် တာဝန်ပေးထားသည်ဟု သိရှိရသည်။

ယခုစီမံချက်အရ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဒေသတွင်းမူးယစ် ဆက်စပ်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကွင်းဆက်များ၊ သယ်ယူပို့ဆောင်မှု ကွန်ယက်များ၊ မူးယစ်ဆက်စပ် တရားခံပြေးကိစ္စများကို ဌာနချုပ်များတွင် တာဝန်ပေး ထားသည်ဟု သိရှိရသည်။

မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦး အသတ်ခံရမှုကြောင့် လေးနိုင်ငံပူးတွဲကင်းလှည့် စီမံချက်ကို တရုတ်နိုင်ငံက ဖိအားပေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်သုံးနိုင်ငံက စိတ်ဝင်စားခြင်းမရှိဟု နယ်စပ်သတင်းများက ဆိုသည်။


မြန်မာနှင့်လာအိုကို GSP ကုန်သွယ်မှုအထူးခံစားခွင့်အလားအလာအတွက် အမေရိကန်ပြန်လည် သုံးသပ်နေ

(Tax News မှ 19 Apr 2013 ရက်စွဲပါ “US Reviews Burma,Laos as possible GSP beneficiaries” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ဌာန(USTR)သည်  ကုန်သွယ်မှု အထူးအခွင့်အရေး စနစ် (GSP)အရ အကျိုးခံစားခွင့်ရှိသော နိုင်ငံများအဖြစ် မြန်မာနှင့်လာအိုတို့၏ ဖြစ်နိုင်ခြေပုံစံလူသိရှင်ကြား ပြန်လည်သုံးသပ်ခြင်း ကို စတင်ပြုလုပ်နေပြီဖြစ်သည်။

USTR သည် လူသိရှင်ကြား စစ်ဆေးကြားနာမှုကို ဇွန်လ ၄ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး၊ ဇွန် ၂၅ ရက်ကို အချက်အလက် နောက်ဆုံးပိတ်တင်ပြရန် သတ်မှတ်ထားကာ၊ မြန်မာနှင့်လာအိုတို့ကို GSP အစီအစဉ်အရ အကျိုးခံစားခွင့် ရှိသည့်နိုင်ငံများအဖြစ် သတ်မှတ်ရမလား(သို့မဟုတ်)ထိုသို့သတ်မှတ်ပါကလည်း ဖွံ့ဖြိုးမှုနိမ့်သော အကျိုးခံစားခွင့်ရှိသည့် နိုင်ငံများအဖြစ် သတ်မှတ်ရမလားဆိုသည်ကို ဆွေးနွေးတိုင်ပင် မှုစတင်နေပြီဖြစ်သည်။

၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေအရ အာဏာသက်ရောက်မှုရှိသော US GSP အစီအစဉ်အရ GSP အထူး ကုန်သွယ်ခွင့် ခံစားခွင့်ရှိသော နိုင်ငံများအဖြစ် အမေရိကန်သမ္မတ၏ သတ်မှတ်ခြင်းခံရသော နိုင်ငံတိုင်းမှ ပို့ကုန်များကို အခွန် ကင်းလွတ်ခွင့် ပေးထားပါသည်။

မြန်မာနိုင်ငံသည် ယခင်က GSP အထူးကုန်သွယ်ခွင့်ရ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း GSP စည်းကမ်းများဖြစ်သော နိုင်ငံတကာ အလုပ်သမားအခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီမှုမရှိဟု အမေရိကန် သမ္မတ၏ ဆုံးဖြတ်မှုကြောင့် ၁၉၈၉ တွင် GSP အဆင့်အတန်းမှ ရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။

လာအိုမှာမူ ယခင်ကတည်းကပင် GSP အဆင့်အတန်းခံစားခွင့်ရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်း မရှိခဲ့ပါ။

သို့သော် ယခုအခါ မြန်မာနှင့်လာအို အစိုးရများက GSP ကုန်သွယ်ရေး အထူးခံစားခွင့်ရရှိရန် စိတ်ဝင်စားကြောင်း USTR သို့ အသီးသီးတင်ပြလာခဲ့ကြပါသည်။

US GSP အစီအစဉ်သည် ဖွံ့ဖြိုးမှုနိမ့်သော ၄၂ နိုင်ငံအပါအဝင် အထူးကုန်သွယ်ခွင့်ရ ၁၂၈ နိုင်ငံမှတင်သွင်းသော ကုန်ပစ္စည်း အမျိုးအမည် ၅၀၀၀ ခန့်အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာ၏ စီးပွားရေးတိုးတက်အောင် ဆောင်ရွက် ဖြည့်ဆည်းပေးနေသော အစီအစဉ်တစ်ခု ဖြစ်သည်။

အမေရိကန်ကုမ္ပဏီများသည် GSP အစီအစဉ်အရ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလျံ တန်ဖိုး ခန့် ကုန်ပစ္စည်းများ တင်သွင်းခဲ့ကြပြီး ၎င်းပစ္စည်းအများစုကို အမေရိကန်ကုန်ထုတ်လုပ်မှုတွင် အသုံးပြုခဲ့ကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive