Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သမ္မတကြီးပြောခဲ့တဲ့ မိန့်ခွန်းတွေနဲ့ သူရဲ့ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ထောက်ခံတယ်ဆိုတဲ့ အကြောင်း ဖော်ဆောင်ခြင်းအနေနဲ့ One Myanmar ဆိုတဲ့အစီအစဉ်လေးကို စိတ်ဝင်စားလို့ ကျွန်တော်တို့ ပူးပေါင်းတာပါ။ အဓိက ကတော့ မိတ္ထီလာအရေးအခင်းဖြစ်သွားပြီးတော့ နောက်ဆက်တွဲပေါ့နော်။ ပြည်သူတွေအနေနဲ့ ဘယ်လိုနေထိုင် သင့်တယ်၊ ဘာဖြစ်သင့်တယ်။ ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ အခြေအနေမှာ ဘယ်လိုဆက်ပြီး ဘယ်လိုသွားသင့်တယ် စသည်ဖြင့်ပေါ့။ သမ္မတကြီးပြောတဲ့ မိန့်ခွန်းတွေကို ကျွန်တော်တို့က ထောက်ခံတာပါ”

ဧပြီလ ၂၄ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၅) အမှတ် (၁၆) တွင်ပါရှိသော “နိုင်ငံတော်သမ္မတကို ထောက်ခံသောအနေဖြင့် One Myanmar အဖွဲ့လမ်းလျှောက်” သတင်းမှ လမ်းလျှောက်မှုတွင်ပါဝင်သော ကိုရဲ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဆန္ဒပြဖို့လျှောက်လွှာတင်ထားတဲ့လူတွေအကုန်လုံး တရားစွဲခံရတယ်။ လျှောက်လွှာတင်တော့ သူတို့က တရားဝင်ချမပေးဘူး။ အဲဒါကို ပြည်နယ်မှာအယူခံဝင်ခိုင်းတယ်။ ပြည်နယ်ကလည်း မချပေးဘူး။ ဒါပေမဲ့ ဆန္ဒပြဖို့ မချပေးလည်း ကျွန်တော်တို့က ပြဖို့စီစဉ်ပြီးသား။ ကျွန်တော်တို့ဒေသခံတွေဆိုတော့ ခံစားရတာ ရင်ထဲမှာ အပြည့်ဖြစ်လာတာကြောင့် ဆန္ဒပြရတာပါ။ အားလုံး ၁၀ ယောက် တရားစွဲခံထားရတယ်။ ပုဒ်မ ၁၈ နဲ့စွဲထားတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ပုဒ်မ ၁၈ ကသူတို့ပြောတာပါ။ ကျွန်တော်ငြိမ်နေလည်း သူတို့က ပုဒ်မတွေ ထပ်ပြီးတပ်ချင်တပ်နေမှာ။ နောက်ပြီးတော့ သူတို့က ဒီကိစ္စကိုနောက်ကွယ်ကနေ ဘယ်သူတွေ မြှောက်ပေးတာလဲဆိုတာတွေရော လိုက်စုံစမ်းနေကြတယ်။ အထူးသဖြင့် ကျွန်တော့ကို ပုဒ်မများများတပ်ရင် တပ်မှာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်က တရုတ်တွေကို သူတို့အမြင်မှာ ဒုက္ခတွေပေးနေတယ် ဆိုပြီးတော့ ကျွန်တော့်ကို ပိုပြီးစွဲမှာပါ။ ကျွန်တော်တို့ နောက်ကွယ်မှာ ဘယ်သူမှမရှိပါဘူး။ ဒေသခံတွေရဲ့ တကယ့် ခံစားရ တဲ့ ခံစားချက်ကို ရင်ဖွင့်ပြီးဆန္ဒပြတာပါ”

ဧပြီလ ၂၄ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၅) အမှတ် (၁၆) တွင်ပါရှိသော “မဒေးကျွန်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ-တရုတ် ရေနံပိုက်လိုင်းသည် အကျိုးရှိသည့် စီမံကိန်းဟု တရုတ်ဘက်မှ ပြန်လည်ရှင်းလင်း” သတင်းမှ ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးထွန်းကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် အတက်နိုင်ဆုံးလွတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် မဲစာရင်းမှားယွင်းမှုတွေမရှိ အောင် အမှားအနည်းဆုံး ဖြစ်အောင် လုပ်ပါမယ်။ မဲစာရင်းတွေ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါ တယ်လို့ ပြောပါတယ်”

ဧပြီလ ၂၃ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၅) အမှတ် (၂၇) တွင်ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြုစုရာတွင် အမှားအယွင်းနည်းအောင် ဆောင်ရွက်သွားမည်ဟုဆို” သတင်းမှ ရွေးကောက်ပွဲ ကော်မရှင်  ဥက္ကဋ္ဌဦးတင်အေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“စစ်တပ်နဲ့ အတူတူ ညှိနှိုင်းပြီး လုပ်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေက အတိုင်း အတာတစ်ခု ရောက်ပြီလားလို့ မေးကြပါတယ်။ အဖြေကရှင်းပါတယ်။ အပြောင်းအလဲတွေကို စစ်တပ်က လက်ခံရင် ပြောင်းလဲမှုတွေက တစ်ခါတည်း ဖြစ်လာမှာပါ”

ဧပြီလ ၂၃ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၅) အမှတ် (၂၇) တွင်ပါရှိသော “စစ်တပ်၏ သဘောတူညီချက် ရယူပြီး အခြေခံဥပဒေပြင်ဆင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဓိကကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စ တွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက် က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစု ကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာ တက္ကသိုလ်မှာ တက်နေတဲ့ မြန်မာကျောင်းသား ၁၀ ယောက် ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဗီအိုအေ သတင်းဌာနတွင်ပါဝင်သော “ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက်မြန်မာများနှင့် တွေ့ဆုံ” သတင်းမှ  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားများဖက်စပ်လုပ်ပိုင်ခွင့်ပြုခြင်း ပယ်ဖျက်ပေးရန် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပ

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများတွင် နိုင်ငံသားခြားသားများ အားဖက်စပ် လုပ်ကိုင်ခွင့်ပြု သည့် အမျိုးအစားမှပယ်ဖြတ်၍   နိုင်ငံခြားသားများအား ခွင့်မပြုသည့်လုပ်ငန်းစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံ တိုင်းရင်းသား ခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးအေးကျော်မှ ပြောကြားခဲ့သည်။ထိုသို့လုပ်ကိုင်ခွင့် မပြုသည့်စာရင်းတွင် ထည့်သွင်းရာ၌ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြောငြာစာများတွင် ပြဌာန်းဆောင်ရွက်ပေးရန် အတွက် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ကြောင်းသိရသည်။

 

တိုင်းရင်းသားမီဒီယာကဏ္ဍမြင့်မားရေး ကွန်ဖရင့်တစ်ခုကျင်းပပြုလုပ်မည်

တိုင်းရင်းသားများ၏ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လွတ်လပ်ခွင့်နှင့် ဥပဒေ ကြောင်း အရ အသိအမှတ်ပြုမှုရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြို့၊ ကမ်းနားပိာုတယ်၌ တိုင်းရင်းသား မီဒီယာကွန်ဖရင့်တစ်ခုကို သုံးရက်ကြာ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ကွန်ဖရင့်တွင် မီဒီယာများ၌ တိုင်းရင်းသားများ အကာအကွယ်ရရန်၊ စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသားကိုယ်စား ပြုသည့် ကိုယ်စား လှယ်များ ပါဝင်ခွင့်ရရှိရန်၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး နှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်း ကဏ္ဍ မြင့်မားရေး တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

KIO နှင့်ဆွေးနွေးပွဲပျက်ပြယ်ရခြင်းမှာ တရုတ်ကြောင့်ဖြစ်ကြောင်း ဝန်ကြီး တစ်ဦးပြောကြား

ဧပြီလ သင်္ကြန်မတိုင်မီကာလအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIO)နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းမှာ တရုတ် အစိုးရ၏ကန့်ကွက်မှုများနှင့် ပါဝင်ပတ်သက်မှုများ ကြောင့်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ ဥရောပနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တွင် RFA သတင်းဌာနသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းဌာနများတွင် ဖော်ပြလျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားရခြင်းမှာ ထောက်ပံ့ပို့ဆောင် စီမံမှုများ ကြောင့်သာဖြစ်ပြီး ပြည်တွင်းဂျာနယ်များတွင် ဖော်ပြသကဲ့သို့ တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့်မပာုတ်ကြောင်း ငြင်းဆိုထားသည်။

 

 တိုင်းရင်းသားမီဒီယာကဏ္ဍမြင့်မားရေး ကွန်ဖရင့်တစ်ခုကျင်းပပြုလုပ်မည်

တိုင်းရင်းသားများ၏ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လွတ်လပ်ခွင့်နှင့် ဥပဒေကြောင်းအရ အသိအမှတ်ပြုမှု ရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြို့၊ ကမ်းနားပိာုတယ်၌ တိုင်းရင်းသား မီဒီယာကွန်ဖရင့်တစ်ခုကို သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ဖရင့်တွင် မီဒီယာများ၌ တိုင်းရင်းသားများ အကာအကွယ်ရရန်၊ စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရန်၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍမြင့်မားရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆွေးနွေးဖလှယ်ပွဲ ပြုလုပ်မည်

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်နိုင်ရန်နှင့် တက်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်ပူးပေါင်းနိုင်ရန် ရည်ရွယ်၍ “မြန်မာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် စင်္ကာပူရောက် မြန်မာတက်သိပညာရှင်၊ ကျွမ်းကျင်သူများ၏“ အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် စင်္ကာပူနိုင်ငံရောက်မြန်မာပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ၏ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲတစ်ခုကို စင်္ကာပူနိုင်ငံ(47.Hill Street) ရှိ Auditorium SCCCI တွင် မေလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တောင်ကိုရီးယားသို့သွားရောက်

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွတ်တော်ဥက္ကဌ မစ္စတာကန်ချန်ဟီး၏ ဖိတ်ကြားချက်အရ ဦးရွှေမန်း ဦးဆောင်သော မြန်မာ့လွှတ်တော်ချစ်ကြည်ရေး အဖွဲ့သည် ကိုရီးယားနိုင်ငံသို့ ဧပြီလ ၂၁ ရက်နေ့ည ၁၁ နာရီခန့်တွင် ထွက်ခွာခဲ့ကြောင်းသိရသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံအား G-8 ဆက်လက်ကူညီမည်
  2.  မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်နှစ်နေရာအတွက် ဆန်ခါတင် ကုမ္ပဏီ ၁၂ ခုစာရင်းကြေညာ
  3. ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်များအတွက် ပဏာမရွေးချယ်
  1. တပ်မတော်နှင့် SSPP/SSA တို့တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိ

မြန်မာနိုင်ငံအား G-8 ဆက်လက်ကူညီမည်

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိပြီး အဆိုပါလုပ်ဆောင်မှုများအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် G-8 အဖွဲ့မှ ဆက်လက်ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် G-8 ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေမှုများတွင် တိုးတက်မှုများ တွေ့ရသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုံးဝရရှိနိုင်စေရေးအတွက် ကချင်နှင့် ရခိုင်အရေးဖြေရှင်းရာတွင် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တိုးတက်မှုများရှိလာစေရေးအတွက် တိုက်တွန်းကြောင်း G-8 မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် G-8 နိုင်ငံကြီးများအနေဖြင့် ဆက်လက်ကူညီသွားမည်ဖြစ်သည့် အပြင် ကျန်ရှိနေသေးသည့် အရေးကြီးပြဿနာများကိုဖြေရှင်းရာတွင်တွင် ကူညီသွားမည်ဖြစ်ပြီး နိုင်ငံတကာအလှူရှင်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင်းရှိ ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်အားကြီးနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် G-8 အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဂျပန်၊ ရုရှား၊ ဂျာမဏီ၊ ကနေဒါ၊ ပြင်သစ်၊ ယူကေ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။

YC


 

 မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်နှစ်နေရာအတွက် ဆန်ခါတင် ကုမ္ပဏီ ၁၂ ခု စာရင်း ကြေညာ

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ နိုင်ငံတကာအဆင့်မီစေရန် အစိုးရကထပ်မံခွင့်ပြုမည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုလိုင်စင် နှစ်နေရာအတွက် ပြည်ပကုမ္ပဏီ ၁၂ ခုမှ နောက်ဆုံး အဆင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအဆင့် ယှဉ်ပြိုင်မည့် ကုမ္ပဏီ ၁၂ ခုမှာ Airtel၊ Axiata၊ Digicel၊ France Telecom၊ KDDI Corporation၊ Millicom International Cellular ၊ MTN Consortium၊ Qatar Telecom၊ Sing Tel၊ Telenor ၊ Viettel၊ Vodafone တို့ဖြစ်ပြီး ၎င်းတို့အထဲမှ အချို့သည် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် အခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်နေရာအတွက် တင်ဒါလျှောက်ထားလာသည့် ကုမ္ပဏီများအနက် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီများ စာရင်းတွင် အာရှနိုင်ငံမှကုမ္ပဏီများ အများဆုံးပါဝင်ပြီး ဥရောပကုမ္ပဏီနှစ်ခုအဖြစ် နော်ဝေနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ၁၅ နှစ်လုပ်ကိုင်ခွင့်ရရှိမည့် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်ခုရရှိရန် မြန်မာအစိုးရမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဆန်ခါတင်စာရင်းတွင် ကုမ္ပဏီ ၁၂ ခုကျန်ရှိကြောင်းသိရသည်။ အဆိုပါ ဆန်ခါတင်စာရင်းအနက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီများစာရင်းကို ဇွန်လ ၂၇ ရက်နေ့တွင် နောက်ဆုံးထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်စေရန် မြန်မာ့ဆက်သွယ်ရေးမှ ဧပြီလ ၂၄ ရက်နေ့တွင် ချထားပေးမည့် ၁၅၀၀ တန် တန်ဖိုးနည်းတယ်လီဖုန်းအတွက် နိုင်ငံတွင်းရှိမြို့နယ်အသီးသီးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ပြည်သူများ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်းများစစ်ဆေးကာ ဖုန်းကတ်မဲနှိုက်ပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများ၏ ဆက်သွယ်ရေးလုပ်ငန်းများအဆင်ပြေနိုင်စေရန် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ကျပ်ငါးသိန်းတန် DCMA 800MHz ဖုန်းများအားလည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် ကျပ်ငါးသိန်းတန် GSM ဖုန်းများအားလည်းကောင်း၊ ၂၀၁၁ ခုနှစ်ဧပြီလတွင် ကျပ်နှစ်သိန်းတန် GSM နှင့် CDMA ဖုန်းများကို လည်းကောင်း အဆင့်ဆင့်ဖြေလျော့၍ ဌားရမ်းအသုံးပြုခွင့်ပေးခဲ့ပြီး နောက်ဆုံးအနေဖြင့် ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ကျပ် ၁၅၀၀ တန်ဖုန်းများကို ဌားရမ်းသုံးစွဲခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC


ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်များအတွက် ပဏာမရွေးချယ်

မြန်မာနိုင်ငံ၏ ကုန်တွင်းပိုင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက် ၁၈ ကွက်အတွက် ပဏာမရွေးချယ်ခံရသည့် စာရင်းထွက်ပေါ်လာခဲ့ပြီး နိုင်ငံတကာကုမ္ပဏီ ၅၈ ခုနှင့် မြန်မာကုမ္ပဏီတစ်ခု ရွေးချယ်ခံရကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပဏာမရွေးချယ်ခံရသော ကုမ္ပဏီများစာရင်းတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ သြစတီးယား၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ အိန္ဒိယ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ရုရှား၊ လူဇင်ဘတ်၊ အဇာဘိုင်ဂျန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဘရူးနိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ပါကစ္စတန်၊ မလေးရှား၊ ဗီယက်နမ်တို့မှ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ၅၈ ခုပါဝင်ပြီး မြန်မာနိုင်ငံမှ ဦးမိုက်ကယ်မိုးမြင့်၏ MPRL E&P Pte ltd ကုမ္ပဏီတစ်ခုသာ ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

ယခုပမာဏရွေးချယ်ခဲ့သော ကုန်တွင်းပိုင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက် ၁၈ ကွက်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ လျှောက်လွှာ တင်သွင်းခဲ့သည့် ကုမ္ပဏီများထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကုန်းတွင်းပိုင်းလုပ်ကွက်များမှာ နန်းတော်၊ ဇဗ္ဗူတောင်၊ အင်းတော်၊ တောင်ငူ၊ ပျဉ်းမနား၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဖြူ၊ ပုသိမ်၊ ကျောက်ကြီး၊ မင်းတုန်း၊ သဲကုန်း၊ ရွှေဂူ၊ အုန်းတွဲ၊ တက်မ၊ ပြည်၊ ထန်းတပင်၊ မြန်အောင်၊ ရွှေပြည်သာ၊ ပိတောက်ပင်၊ နတ်မိ၊ မြင်သာ စသည့်ဒေသများတွင် တည်ရှိကြောင်းသိရသည်။

ယခုရွေးချယ်ခံထားရသည့် ကုမ္ပဏီများထဲမှ အပြီးသတ်စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး နည်းပညာ၊ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းအတွေ့အကြုံများကိုအဓိကထား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရခိုင်ကမ်းလွန်၊ မုတ္တမကမ်းလွန် နှင့် တနင်္သာရီကမ်းလွန် ရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက် ၃၀ ကိုလည်း အိတ်ပိတ်တင်ဒါခေါ်ယူထားကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဧပြီလ ဒုတိယအပတ်တွင် ထုတ်ပြန်ကြေညာထားခဲ့ပြီး လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် Production Sharing Contract (PSC) စနစ်ဖြင့် စာချုပ်ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

YC


တပ်မတော်နှင့် SSPP/SSA တို့တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိ

တပ်မတော်နှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော် ( SSPP/SSA ) တို့ကြား တိုက်ပွဲများ ထပ်မံဖြစ် ပွားမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းဇင်ထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့တွင် တပ်မတော်မှ လာရှိုးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံးအနီးရှိ တပ်မတော်စခန်းများသို့ ရိက္ခာပို့ရန်ရှိသည်ဟုအကြောင်းကြားလာသဖြင့် ကားလမ်းပေါ်မှ သွားလာပါက ပြဿနာမရှိကြောင်း အကြောင်းပြန်ခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ထပ်မံဖြစ်ပွားသောတိုက်ပွဲမှာ ဧပြီ ၁၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ နောင်မို ကျေးရွာနှင့် လွယ်ကြဲကျေးရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နမ့်လောင်းအရှေ့ဘက် နောက်မိုကျေးရွာရှိ ပွိုင့် ၁၇၃၂ တောင်ကုန်းရှိ SSPP/SSA လက်အောက်ခံတပ်ရင်းအနီး တပ်မတော်မှ တပ်ရင်းနှစ်ရင်းဖြင့် ရောက်ရှိလာချိန် တွင် မိုင်းထိ၍ ရှေ့ဆက်တိုးခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားကာ ထိုသို့ဆုတ်ခွာချိန်တွင် မိုင်းတောင်းတပ်နယ် လွယ်ကူကျေးရွာဘက်မှ လွယ်ကြဲကျေးရွာဘက်သို့ တပ်မတော်မှ လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ခဲ့ကြောင်း SSPP/SSA ပြန်ကြားရေး တာဝန်ခံ ဦးစိုင်းဇင်ထွန်းကပြောကြားခဲ့သည်။

ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက်တစ်နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တန့်ယန်းမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းသို့ ပစ်ခတ်သဖြင့် SSPP/SSA ဘက်မှပွိုင့် ၁၇၃၂မှ ပြန်လည်ဆုတ်ခွာလာသော တပ်မတော်စစ်ကြောင်းကို ကားလမ်းပေါ်တွင် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော် (SSPP/SSA) တို့ကြား မတ်လ ၂၈ ရက်နေ့ကလည်း တန့်ယန်းမြို့ လွယ်စေး၊ လွယ်လန်းဒေသများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများသည် လက်ရှိအချိန်ထိ ဖြစ်ပွားနေခြင်းကြောင့် တန့်ယန်းမြို့ပေါ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၀၀၀ ခန့်ရှိကာ ယခုတိုက်ပွဲဖြစ်စဉ်ကို နိုင်ငံတော်သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ထား ကြောင်း သိရှိရသည်။

YC


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive