Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. စင်္ကာပူအိပ်ချိန်းက မြန်မာနိုင်ငံနှင့်ချိတ်ဆက်ထားသောလုပ်ငန်းနှင့် ရှယ်ယာအရောင်းအဝယ်ကို ငြင်းဆိုလိုက် အပြီးတွင် Aussino ကုမ္ပဏီရှယ်ယာဈေးများထိုးကျ

(29 April 2013 ရက်စွဲပါ Reuters မှ Aussino plunges after SGX rejects deal with Myanmar-linked firm သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် ကြိမ်ကြိမ်ပြောသော ‘တရားဥပဒေစိုးမိုးရေး’ မှာ မြန်မာနိုင်ငံတွင် အလှမ်းဝေးနေသော မျှော်လင့်ချက်ဖြစ်နေဆဲ

(29 April 2013 ရက်စွဲပါ Khaleej Times မှ AFP ၏ Suu Kyi’s ‘Rule of Law’ mantra a distant hope in Myanmar ကို ဘာသာပြန်ဆိုပါသည်)

  1. တည်ငြိမ်မှုယိုင်နဲ့ နေဆဲပြည်နယ်တွင် လုံခြုံရေး ထပ်တိုးရန် အစိုးရကို တိုက်တွန်း

(Reuters မှ 29 April 2013 ရက်စွဲပါ “Myanmar urged to deploy more troops in volatile state”သတင်းကို ဘာသာပြန်ဆိုသည်)


စင်္ကာပူအိပ်ချိန်းက မြန်မာနိုင်ငံနှင့်ချိတ်ဆက်ထားသောလုပ်ငန်းနှင့် ရှယ်ယာအရောင်းအဝယ် ကို ငြင်းဆိုလိုက်အပြီးတွင် Aussino ကုမ္ပဏီရှယ်ယာဈေးများထိုးကျ

(29 April 2013 ရက်စွဲပါ Reuters မှ Aussino plunges after SGX rejects deal with Myanmar-linked firm သတင်းကို ဘာသာပြန်ဆိုသည်)

စင်္ကာပူအိပ်ချိန်းက Aussino စီးပွားရေးအုပ်စုလီမိတက်၏ အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသည့် စာရင်းတွင်ပါဝင်သောမြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီဖြင့် စင်္ကာပူ ဒေါ်လာ ၇၀ မီလီယံ (US 57 မီလီယံ) တန်ဖိုးရှိ ရှယ်ယာ ရောင်းဝယ်ရေး သဘောတူညီချက် လျှောက်လွှာကို ပယ်ချလိုက်ပြီးနောက် ၎င်း၏ရှယ်ယာဈေးများ တစ်ဝက်ကျော်အထိ ထိုးကျသွားခဲ့သည်။

ရှယ်ယာများသည် ၅၈%အထိ ထိုးကျသွားခဲ့ပြီး စင်္ကာပူဒေါ်လာ ၀.၀၇၁ သာရှိတော့သည်။ ဤသည်မှာ ကုန်သွယ်မှုပိတ်ဆို့ခြင်းအား ရုတ်သိမ်းလိုက်ပြီးနောက် ပြီးခဲ့သောနှစ် ဇွန်လကတည်းက အနိမ့်ဆုံးဈေး ဖြစ်သည်။ လွန်ခဲ့သောရက် ၃၀ အတွင်း  ၁၁၄ မီလီယံနီးပါးအထိ ရှယ်ယာများ ရောင်းဝယ်ခဲ့ပြီး တစ်ရက်ပျမ်းမျှ ပမာဏ၏ ၁၉ ဆရှိခဲ့သည်။

စင်္ကာပူ အိပ်ယာပစ္စည်းလက်လီရောင်းဝယ်သူတစ်ဦးက ပြောကြားရာတွင်   မနှစ်က ကုမ္ပဏီသည် မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော် ဦးဆောင်သောမက်စ်မြန်မာအုပ်စု၏ စွမ်းအင်လုပ်ငန်းများကိုဝယ်ယူရန် ရှယ်ယာအသစ်များ ထုတ်ရောင်း ပေးလိမ့်မည်ဟုပြောကြားအပြီးတွင် Aussino ရှယ်ယာများ အတက်ပြခဲ့ဖူးသည်။

ယင်း လွှဲပြောင်းမှုလုပ်ငန်းသာအောင်မြင်ခဲ့ပါက ဦးဇော်ဇော်သည် Aussino ၏ထိန်းချုပ်နိုင်စွမ်း ရှိသည့် ရှယ်ယာရှင်  ဖြစ်လာလိမ့်မည် ဖြစ်သည်။ ကုမ္ပဏီသည် ဆယ်စုနှစ်များစွာ အပယ်ခံဘဝမှ လွတ်မြောက်လာပြီဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်ရန် စီစဉ်ခဲ့သည်။

သို့ရာတွင် Aussino က “အဓိကကိစ္စရပ်များကို ပြည့်စုံလုံလောက်စွာ ဖြေရှင်းနိုင်ခြင်း မပြုနိုင်သောကြောင့် စင်္ကာပူအိပ်ချိန်းသည်လျှောက်လွှာကို ပြန်လည်သုံးသပ်ပေးခြင်း ဆက်မလုပ်နိုင်” ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

စင်္ကာပူအိပ်ချိန်းကဦးဇော်ဇော်သည် အမေရိကန်ပြည်ထောင်စု၏ sanction စာရင်းတွင် ပါဝင်နေဆဲ ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ထိုသို့ပါဝင်နေရသည်မှာရှင်းလင်းမှု မရှိကြောင်းပြောကြားခဲ့သည်။

၎င်းနှင့် ပတ်သက်သည့်  ကုမ္ပဏီများသည် ယခင်တပ်မတော်အစိုးရလက်ထက်က အဓမ္မမြေသိမ်းမှုများတွင် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၌ ပါဝင်နေသကဲ့သို့တိုင်းပြည်၏ အခွန်ဘဏ္ဍာနှင့် ပတ်သက်၍ လည်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးခံနေရသည် ဟူသော စွပ်စွဲချက်များ ရှိခဲ့သည်ဟု စကာင်္ပူအိပ်ချိန်း ကဆိုသည်။

စင်္ကာပူအိပ်ချိန်းက   ရှယ်ယာရောင်းဝယ်ရေအဆိုပြုမှုပြီးနောက် Aussino ၏လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် မြေနေရာရယူခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏ sanction စာရင်းတွင် ရှိနေသေးသော ဦးဇော်ဇော်ပိုင်ဆိုင်သည့် ဘဏ်တွင် ငွေသားအမြောက်အများ ထည့်ဝင်မည့်ကုမ္ပဏီ၏ အစီအစဉ်နှင့် ပတ်သက်သည့်သူ၏ စိုးရိမ်ပူပန်မှုများကို ပြောပြခဲ့သည်။

“သူတို့ကြေညာချက်ကိုအခြေခံပြီး ပြောရရင်တော့ သူတို့ဟာ အစီအစဉ်ကိုခွင့်ပြုမယ့်သဘော မရှိပါဘူး။   မျှော်လင့်ချက်တွေကြောင့် ရှယ်ယာဈေးတွေအများကြီးတက်လာခဲ့ဖူးတယ်။ ဒါပေမယ့် အခုတော့ သူတို့ရှယ်ယာတွေကို အမြန်ပြန်ရောင်းနေကြတယ်”ဟု ကုန်သည်တစ်ဦးကဆိုသည်။


ဒေါ်အောင်ဆန်းစုကြည် ကြိမ်ကြိမ်ပြောသော ‘တရားဥပဒေစိုးမိုးရေး’ မှာ မြန်မာနိုင်ငံတွင် အလှမ်းဝေးနေသော မျှော်လင့်ချက်ဖြစ်နေဆဲ

(29 April 2013 ရက်စွဲပါ Khaleej Times မှ AFP ၏ Suu Kyi’s ‘Rule of Law’ mantra a distant hope in Myanmar ကို ဘာသာပြန်ဆိုပါသည်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အထပ်ထပ်အခါခါ ပြောခဲ့သော စကားဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အာဏာရှင်နှင့် အဂတိလိုက်စားမှု နက်ရှိုင်းစွာ ရှိခဲ့သော စစ်အစိုးရနှင့် တွေ့ကြုံခဲ့ရသော အများစုအတွက်မူ တရားဥပဒေစိုးမိုးရေးမှာ အလှမ်းဝေးသော မျှော်လင့်ချက် ဖြစ်နေဆဲဖြစ်ပါသည်။

မြေယာသိမ်းယူမှုများကဲ့သို့သော ထင်ရှားသည့် ကိစ္စရပ်များသည် မြန်မာနိုင်ငံတွင် စိုးရိမ်စိတ်များ တိုးပွားစေလျှက်ရှိပါသည်။ ဒီမိုကရေစီကို လုပ်ဆောင်လျှက်ရှိသော်လည်း တိုင်းပြည်၏ အားနည်းလှသော တရားဥပဒေ ဖွဲ့စည်းပုံအရ ဆင်းရဲသားများနှင့် အားနည်းသူများကို အကာအကွယ်မပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

လူ့အခွင့်အရေးအုပ်စုများကလည်း ပြောကြားရာတွင် မကြာသေးမီက ဖြစ်ပွားသော လူမျိုးရေး မငြိမ်သက်မှုများအပေါ် အရေးမယူနိုင်ခြင်းများနှင့် တိုင်းရင်းသားပဋိပက္ခများတွင် စွပ်စွဲမှုများရှိသည့် စစ်တပ်၏ ချိုးဖောက်မှုများသည်လည်း လျင်မြန်သောနှုန်းဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြောင်းလဲမှုများနှင့်အတူ အမြန်နှုန်းလိုက်မီရန်ဖြစ်ပေါ်လျှက်ရှိသည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ဟာ လူတိုင်းခံစားနိုင်မယ့် မျှတတဲ့စနစ်တစ်ခုအတွက် တိုက်ပွဲဝင်နေရတုန်းပါပဲ။ တရားဥပဒေဟာ အကြီးအကဲ ဖြစ်ရပါမယ်”ဟု ၂၀၀၂ ခုနှစ်က ထောင်သုံးနှစ်ချခံရသော ဥပဒေကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်း ခင်မောင်ဝင်းက ပြောပါသည်။ ၎င်းသည် အစိုးရဆန့်ကျင်ရေး စာရွက်ဝေငှမှု ကြောင့် အဖမ်းခံရပါသည်။

Myanmar Legal Aid Network မှ အတွင်းရေးမှူးဖြစ်သူက AFP သို့ ပြောကြားရာတွင် ၎င်းတို့တိုင်းပြည်၏ တရားဥပဒေစနစ်သည် တရားမျှတမှုမရှိခြင်း၊ တရားဥပဒေစစ်စစ်မပီသခြင်းနှင့် အဂတိလိုက်စားမှုများ ရှိဆဲဖြစ်ကြောင်း ဆိုပါသည်။

“ကျွန်တော်တို့ သမိုင်းကြောင်းက မကောင်းခဲ့ပါဘူး။ ရှေ့ဆက်သွားဖို့ဆိုရင် သာမန်ပြည်သူတွေဟာ ဥပဒေရဲ့ ရပိုင်ခွင့်တွေ ခံစားနိုင်ရပါမယ်။ ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါဝင်ရပါမယ်”ဟု ၎င်းကပြောပါသည်။

ပညာရှင်များက ပြောကြားရာတွင် ဆိုးရွားလှသော စစ်အစိုးရခေတ်ကာလက လျှို့ဝှက်စွာ အကျဉ်းချုံး တရားစီရင်၍ ထောင်ချမှုများသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများအတွက် အစိုးရအပေါ် အပြစ်တင်မှုများမှာလည်း အရေးယူမှုမရှိဘဲ တရားရုံးများမှလည်း တိုင်းပြည်၏ ချမ်းသာကြွယ်ဝ မှုများကို ယူငင်ခဲ့သော စစ်အုပ်ချုပ်သူ လူတန်းစား၏ အကျိုးစီးပွားများကိုသာ အလေးပေး၍ တရားမျှတမှု မရှိတော့ကြောင်း ဆိုပါသည်။

တရားသူကြီးများမှာလည်း ပါဝါရှိသောစီးပွားရေးလုပ်ငန်းရှင်များ၏ ဝယ်ယူမှု၊ နိုင်ငံရေးသမားများကို ကြောက်ရမှုများရှိပြီး ဥပဒေအရာရှိများနှင့် ရဲများကလည်း အာဏာကို အထိန်းအကွပ်မဲ့စွာ ကျင့်သုံးခဲ့ကြ ပါသည်။

အပျံသင်စလွှတ်တော်မှာလည်း ဥပဒေပြုရန် ငြင်းခုံနေရဆဲ ဖြစ်ပါသည်။ တရားရုံးများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော လုပ်ငန်းများမှာလည်း ခက်ခဲနေဆဲဖြစ်ပါသည်။ သုံးသပ်သူများက ပြောကြားရာတွင် တရားဥပဒေဆိုင်ရာ အင်စတီကျူးရှင်းများမှာ ပြုပြင်ပြောင်းလဲရေးများကို အထောက်အကူပြုနိုင်ရန် အားနည်းလွန်းလှသည်ဟု ဆိုပါသည်။

ပြည်သူများ၏ အမြင်တွင် တရားဝင်မှုကို ဥပဒေက အလျင်အမြန်လုပ်ဆောင်ပေးနိုင်သည်ဟု ရှိရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံအလယ်ပိုင်း ကြေးနီစီမံကိန်းအနီးမှ မြေသိမ်းခံရသော ရွာသားများကို ကိုယ်စားပြုသည့် အတွေ့အကြုံရှိရှေ့နေ ဦးအောင်သိန်းက ပြောပါသည်။

အဆိုပါကြေးနီကိစ္စတွင် ဥပဒေများသည် မြန်မာပြည်သူများ၏ ရပိုင်ခွင့်ကို အကာအကွယ်ပေးရန်ထက် ရင်းနှီးမြှုပ်နှံသူများ သေချာစေရန် အားကောင်းရမည်ဟုဆို၍ ပြဿနာကို မီးမွှေးသည့်နှယ် ဖြစ်နေပါသည်။ ထိုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အစီရင်ခံစာတွင် ကြေးနီစီမံကိန်းပိုင်ရှင်ဘက်မှ ရပ်သည်ဟု ဆိုသော စွပ်စွဲမှုများ ခံနေရပါသည်။

အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးသို့ လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးအောင်သိန်းက AFP သို့ ပြောပါသည်။ နိုင်ငံရေးအရ နှောက်ယှက်မှုများ ဆက်ရှိနေပါက တိုင်းပြည်သည် ရှေ့သို့မတက်နိုင်ကြောင်း ဆိုပါသည်။

သမ္မတဦးသိန်းစိန်ကလည်း တရားဥပဒေစနစ်အပေါ် ၎င်း၏သန္နိဌာန်များကို အလေးအနက် ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်းတောင်းဆိုခဲ့သည့် တရားဥပဒေစိုးမိုးရေး တစ်ပါတည်း ရှိရမည်ဆိုသည်နှင့် ထပ်တူပြောခဲ့ပါသည်။

ဖိနှိပ်သော ဥပဒေအချို့ကို ဖျက်သိမ်းခြင်း သို့မဟုတ် ဖြေလျော့ပေးခြင်းများ ရှိလာပါသည်။ စာနယ်ဇင်း များမှာလည်း တင်းကြပ်သော ဆင်ဆာအောက်မှ လွတ်လာခဲ့ပြီး ဆန္ဒပြမှုများမှာလည်း ခွင့်ပြုမှုရသော်လည်း ရဲ၏ ခွင့်ပြုမှု ရယူရပါသည်။

ဒေသဆိုင်ရာ တရားသူကြီးများနှင့် ရဲအရာရှိများကို ၎င်းတို့၏ တာဝန်များနှင့် အာဏာအကန့်အသတ် များ ပညာပေးခြင်း လေ့ကျင့်သင်ကြားခြင်းများ ပြုလုပ်ရန် လုပ်ဆောင်နေပါသည်။

အာဏာရှိသော စစ်တပ်သည်ပင်လျှင် ဥပဒေအောက်တွင် တာဝန်ယူမှု ရှိစေရန် လုပ်ဆောင် နေပါသည်။ သို့သော် ကချင်ပြည်နယ်မှာ တိုင်းရင်းသားပဋိပက္ခတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များ၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ-မွတ်ဆလင်ဖြစ်ရပ်များသည် စစ်တပ်၏ ရိုးသားမှုအတွက် သံသယရှိ ဖွယ်များ ဖြစ်ပါသည်။

အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ရာ အနောက်၏ အဓိက တောင်းဆိုမှုကို လိုက်လျောခဲ့သောကြောင့် ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးခဲ့ပါသည်။ သို့သော် ထောင်ထဲတွင် အချို့ ရှိနေသေးကြောင်း၊ နိုင်ငံရေးအရ အမြတ်ထွက်ရန် နာမည်ကြီးသော အကျဉ်းသားများကိုသာ လွှတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့အပေါ် ထောင်ချခဲ့မှုများအတွက် တာဝန်ခံရမည့် မေးခွန်းများအတွက် ကိုင်တွယ်အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောပါသည်။

တရားဥပဒေစနစ်ကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ရာ စစ်တပ်က ရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမှ စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်သိန်းက ပြောပါသည်။

အခြေခံဥပဒေတွင် စစ်တပ်သည် အရေးပေါ်အာဏာအများအပြား ရယူထားခြင်း၊ တရားဥပဒေ၏ ကာကွယ်မှု ရယူထားခြင်းနှင့် စစ်တပ်မှ ၂၅%ကို လွှတ်တော်တွင် ခန့်အပ်ထားပိုင်ခွင့်များ ပါဝင်နေသည်။

အခြေခံရပိုင်ခွင့်များ ဖော်ပြထားသော်လည်း နိုင်ငံသားများအတွက်သာဖြစ်ပြီး ရိုဟင်ဂျာကဲ့သို့သော တိုင်းရင်းသားအုပ်စုအချို့အတွက် မပါဝင်ပေ။

အခြားအဓိကအခက်အခဲများ ရှိနေသေးရာ ဗြိတိသျှကိုလိုနီလက်ထက်မှစ၍ စစ်အစိုးရခေတ်အထိ အသုံးပြုနေသည့် ရှုပ်ထွေးသည့် ဥပဒေများ ပိုမိုအလုပ်ဖြစ်အောင် ပြုပြင်ရေးလည်း ပါဝင်ပါသည်။

သို့သော် အကျဉ်းသားဟောင်း ခင်မောင်ဝင်းကမူ ယခုအခါ လုပ်ဆောင်နိုင်စွမ်းမရှိသေးသော်လည်း ပြောင်းလဲလိုသည့်ခံယူချက်အလင်းတန်းများ တွေ့ရကြောင်း ဆိုပါသည်။

၎င်းသည် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ အကြီးတန်းရဲအရာရှိများနှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့သည် သူတို့၏အမှားများကို ပြင်ဆင်ရန်အသင့်ရှိနေသည်ဟု ယုံကြည်ကြောင်းဆိုပါသည်။

“သူတို့ တကယ်ပြောင်းလဲမှုကို အလိုရှိနေပါတယ်။ ကျွန်တော် အ စ က အထူးသဖြင့် ရဲတွေပြောင်းလဲလိုလိမ့်မယ်လို့ မယုံခဲ့ဘူး။ ဒါပေမယ့် သူတို့ တကယ်ကို လုပ်လိုစိတ် ရှိနေပါတယ်”ဟု ၎င်းက ရှင်းပြပါသည်။


 

တည်ငြိမ်မှုယိုင်နဲ့ နေဆဲပြည်နယ်တွင် လုံခြုံရေး ထပ်တိုးရန် အစိုးရကို တိုက်တွန်း

(Reuters မှ 29 April 2013 ရက်စွဲပါ “Myanmar urged to deploy more troops in volatile state”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ သွေးစွန်းသော လူမျိုးရေးပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော မွတ်ဆလင်များ၏အခက်အခဲကို အရေးပေါ်ဖြေရှင်းပေးရန် လိုအပ်ပြီး အန္တရာယ်ရှိနေဆဲ ဒေသကို တည်ငြိမ်မှုထိန်းသိမ်းရန်အတွက် လုံခြုံရေးအင်အားကို နှစ်ဆတိုးရမည်ဟု လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ယနေ့ပြောကြားသည်။        

ဗုဒ္ဓဘာသာဝင်များလွှမ်းမိုးထားသော ရခိုင်ပြည်နယ်တွင် မနှစ်က ဇွန်လနှင့် အောက်တိုဘာလအတွင်း လူ ၁၉၂ ဦး သေဆုံးကာ လူပေါင်း ၁၄၀,၀၀၀ (ရိုဟင်ဂျာအများစု) အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် အကြမ်းဖက်မှုကို လူသားချင်းစာနာပံ့ပိုးမှုနှင့် လုံခြုံရေးတိုးမြှင့်မှု နည်းလမ်းနှစ်မျိုးလုံးဖြင့် တုန့်ပြန်ရန် လိုကြောင်း ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော အစီရင်ခံစာက ဆိုပါသည်။                

မနှစ်က ရခိုင်ပြည်နယ်မှ လူမျိုးတုံးသန့်စင်မှုတွင် လုံခြုံရေးတပ်ဖွဲ့များလည်း ကြံရာပါဖြစ်နေကြောင်း စွပ်စွဲထားသည့် HRW ၏ ဧပြီ ၂၂ ရက် အစီရင်ခံစာအပြီးတွင် မြန်မာကော်မရှင်၏ အကြံပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။        

ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး အပြန်အလှန်နားလည် သည်းခံမှု တွန်းအားပေးရန်အတွက် ဗုဒ္ဓဘာနှင့် မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးကြရန် ကော်မရှင်က တိုက်တွန်းထားသော်လည်း သွေးဆူရန်လိုမှုများ အေးဆေးသွားချိန်အထိ အသိုင်းအဝိုင်းနှစ်ခုကို သီးခြားခွဲထားရမည်ဟု ဆိုပါသည်။        

ရိုဟင်ဂျာများကို ဘင်္ဂါလီများဟု သုံးနှုန်းထားသော အစီရင်ခံစာတွင် ယင်းဘင်္ဂါလီများ၏ နိုင်ငံသားခံယူခွင့်ကို အကဲဖြတ်ရန် အစိုးရကို တိုက်တွန်းထားသော်လည်း (ရိုဟင်ဂျာများက ကန့်ကွက်နေကြသော) ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆောင်ရွက်ရန်အကြံပြုထားသည်။ ဘင်္ဂါလီလူဦးရေ မြန်ဆန်စွာ ကြီးထွားနေမှုကြောင့် ဒေသခံရခိုင်များ စိုးရိမ်စိတ်ဖိစီးနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းပြဿနာကို ထိန်းချုပ်ရန်အတွက် Family Planning မိသားစုနောင်ရေးအစီအစဉ် ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လူမျိုးရေးခွဲခြားဆက်ဆံမှုဟု ရှုမြင်ခံရဖွယ်ရှိသော အတင်းအကျပ်စီမံချက်များ အကောင်အထည်ဖော်မှုကို ရှောင်ရှားကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီဖို့ လိုသည်ဟု ကော်မရှင်အစီရင်ခံစာက အကြံပြုထားသည်။

ထို့အပြင် လူဦးရေပြည့်ကျပ်နေသော ဒုက္ခသည်စခန်းများတွင် မုတ်သုံရာသီမဝင်ခင် စားနပ်ရိက္ခာ၊ နေမှုထိုင်မှု လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပေးရန် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကော်မရှင်က တိုက်တွန်းထားသည်။ နိုင်ငံသားမဟုတ်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ပျက်ကွက်ပါက နောက်ထပ်အုံကြွမှုများ ဖြစ်လာနိုင်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင် နိုင်ငံသားများ ဖြစ်လာမှသာ အခြားနိုင်ငံသားများနှင့် အတူယှဉ်တွဲနေထိုင်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားရဲ့ အဓိကတာဝန်က သစ္စာစောင့်သိမှုပါ၊ နိုင်ငံသားဖြစ်ပြီးတဲ့သူတွေ၊ နိုင်ငံသားဖြစ်ဖို့လျှောက်ထားတဲ့ သူတွေ နိုင်ငံတော်သစ္စာစောင့်သိမှုနဲ့ လက်ခံလာအောင် အများကြီးကြိုးစားရပါလိမ့်မယ်”

ဧပြီ ၃၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄) တွင်ပါရှိသော “ရခိုင်ပဋိပက္ခအစီရင်ခံစာ ရှင်းလင်းပွဲပြုလုပ်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့လက်ရှိ ပြုပြင်ပြောင်းလဲရေးစနစ်တွေက စစ်မှန်တဲ့ ဒီမိုကရေစီကို ဦးတည်နေတယ်လို့ ပြောလို့ မရဘူး။ မြန်မာနိုင်ငံရဲ့အသွင်ပြောင်းလဲမှုစနစ်တွေက အရမ်းကိုပွင့်လင်းမြင်သာတယ်။ ဒါပေမယ့် ဘယ်သူကမှ သေချာတဲ့ ရလဒ်ကို မသိနိုင်သေးပါဘူး။ နိုင်ငံရေးစနစ်တွေ ပွင့်လင်းလာပြီဆိုပေမယ့် ဆုံးဖြတ်လို့မရတဲ့သမိုင်း ကြောင်းထဲမှာပဲရှိနေပါသေးတယ်။”

ဧပြီ ၃၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄) တွင်ပါရှိသော “ခိုင်မာတဲ့အပြောင်းအလဲဖြစ်ဖို့ အပြန်အလှန်ထိန်းကျောင်းမှုတွေ ရှိဖို့လို” သတင်းမှ မြန်မာနိုင်ငံရေးကို လေ့လာသူ ချက်သမ္မတနိုင်ငံ Masaryk University of Brno မှ မစ္စတာ အီဂေါ်ဘလာဇီဗစ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီမိုကရေစီဆန်ဆန် ကူးပြောင်းလာတဲ့ဒီအချိန်မှာ ပြည်သူတွေက သူတို့ရဲ့နစ်နာမှုတွေကို သူတို့ရဲ့ဘဝနဲ့ရင်းပြီး တောင်းဆိုကြတာပါ။ အဲဒါကို သဘောထားကြီး၊ နားကြီးကြီးနဲ့ နားထောင်မှုအားနည်းပြီး အရေးယူအပြစ်ပေးမှုတွေကို ထပ်မံမြင်တွေ့နေရပါတယ်။  အဲဒါကြောင့် ပြည်သူနဲ့ အစိုးရနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ရတဲ့ ဒီအချိန်မှာ တရားဥပဒေစိုးမိုးမှု တရားမျှတမှုနဲ့ညှိနှိုင်းမှုတွေလုပ်ပြီး အဖြေရှာသင့်ပါတယ်။”

မေ ၂ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင် အကြမ်းဖက်ခံရသူများအား အရေးမယူသေးခြင်းကြောင့် ဆူးလေစေတီအနီး ဆန္ဒပြ” သတင်းမှ ပြည်သူ့အကျိုး ဆောင် ကွန်ရက်မှ ကိုဝေဋ္ဌု၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကိုဟန်ဝင်းအောင် အပါအဝင်လူရှစ်ဦးကို ဖမ်းဖို့လုပ်တဲ့အတွက် ဒေသခံရွာသားတွေက သူတို့ကို ဖမ်းမယ်ဆိုရင် ရွာသားအားလုံးကိုလည်း ဖမ်းပါဆိုပြီး ရဲစခမ်းမှာ လာအဖမ်းခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ ပတ်သက်တဲ့လူတွေ အားလုံးကိုဖမ်းမယ်ဆိုတဲ့ သတင်းကြားတဲ့အတွက်လည်း လာအဖမ်းခံတာပါ”

မေ ၂ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင် ဆန္ဒပြသူ ၅၀၀ ခန့် ရဲစခန်းတွင်လာရောက်အဖမ်းခံ” သတင်းမှ ဒေသခံ မယဉ်သွဲ့၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျမတို့ ရရှိထားတဲ့ အောင်မြင်မှုဟာ ပြည့်စုံလုံလောက်တဲ့ တိုးတက်အောင်မြင်မှု အဆင့်ရောက်ဖို့ သိပ်ကို ဝေးပါသေးတယ်။ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမအတွက်ကတော့ တိုးတက်တယ်ဆိုတာက ပြည်သူတွေရဲ့ နေ့တဓူဝဘ၀တွေမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ရှိလာတာကို ဆိုလိုတာ ဖြစ် ပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ပြောင်းလာပြီလို့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သိရှိလာတဲ့အချိန် မရောက်မချင်း ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလို့ မဆိုနိုင်သေးပါဘူး။ ပြည်သူတွေက သူတို့ရဲ့ ဘ၀တွေ ပိုမို ကောင်းမွန် တိုးတက်လာပြီလို့ ပြောနိုင်တဲ့ အခြေအနေကို ကျမတို့ မရောက်သေးပါဘူး။ အဲ့ဒီအခြေအနေ ရောက်အောင် ကျမတို့ အများကြီး ဆက်လုပ်ရပါဦးမယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာလူမှုဘဝ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးဆဲ ဒေါ်စုပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီဆုနှစ်ဆုချီးမြှင့်မည်

Community Of Democracies ၏ ဝန်ကြီးဆိုင်ရာ ညီလာခံသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီစနစ် အောင်မြင်စွာဖော်ဆောင်နိုင်မှုအတွက် ဆုနှစ်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ သတင်းထုတ်ပြန်သည်။

Xpress Money မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံသားများဘဏ်နှင့် အသေးစား အလတ်စား စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်သည် ဗြိတိန်အခြေစိုက် Xpress Money ပူးပေါင်း၍ နိုင်ငံပေါင်း ၁၅၀ မှမြန်မာနိုင်ငံသို့ ငွေလွှဲပို့သည့် ဝန်ဆောင်မှုကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်လိုက်ကြောင်း သိရသည်။

Korea Bank မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်

အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း SME များအတွက် ဝန်ဆောင်မှုပေးမည့် Industrial Bank of Korea က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲကို ဧပြီလ ၂၉ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

သီလဝါစီမံကိန်း အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်မည်

သီလဝါ အထူးစီးပွားရေး စီမံကိန်းဇုန်သည် မြေဟက်တာ ၂၄၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေရာ ပထမအဆင့်တွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများသာရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ နိုင်ငံတကာကုမ္ပဏီများကို ရင်းနှီးမြှပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

NLD မှစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား ဧပြီလ ၂၉ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင် ဦးဉာဏ်ဝင်း(ဥက္ကဌ)ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဒေါက်တာမျိုးအောင်၊ ဒေါ်လဲ့လဲ့၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး တို့ဖြစ်ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive