Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီကော်မတီကတော့ရှိသင့်တယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့ အဂတိလိုက်စားမှုတွေ၊ အုပ်ချုပ်ရေး၊ စီးပွားရေးအစ ရှိသဖြင့် ပေါ့။ နိုင်ငံတချို့မှာလည်း ရှိတယ်။ အစိုးရအဖွဲ့ကို လွှတ်ထားရင် တစ်ယောက်ကို တစ်ယောက် ထောက်ခံ၊ ဖုံးဖိ၊ ပေါင်းစား ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ဖွဲ့ထားတာတွေရှိတယ်”

မေလ ၁၀ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင် ပါရှိသော “လွှတ်တော်ဆိုင်ရာ ထောက်လှမ်းရေး ကော်မတီဖွဲ့စည်းရန်လိုအပ်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“နိုင်ငံတကာ ကုန်သွယ်မှုစင်တာ လောလောဆယ်ရထားတဲ့ ကိန်းဂဏန်းတွေနဲ့ အချက်အလက်အချို့ ကွဲလွဲနေတာတွေ ရှိပါ တယ်။ ဘယ်ဝန်ကြီးဌာနကမှ သူတို့ကို တရားဝင်မပေးထားဘူး။ နိုင်ငံခြား အဖွဲ့အစည်းတွေကရထားတဲ့ ကိန်းဂဏန်းအချက် အလက်တွေပဲဖြစ်လို့ မတူညီတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အခု မဟာဗျူဟာ ရေးဆွဲမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကိန်းဂဏန်းအစစ်အမှန်တွေကို ထုတ်ပြန်ပေးစေလိုပါတယ်။”

မေလ ၁၀ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင် ပါရှိသော “ဝန်ကြီးဌာနများ ကိန်းဂဏန်း အစစ် အမှန်များ ထုတ်ပြန်ပေးရန် စီးပွားကူးသန်းတိုက်တွန်း” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်စိုးသူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မိန့်ခွန်းပါစာချုပ်တွေကို အကောင်အထည်ဖော်ဖို့လိုတယ်။ အရေးကြီးတာက ယာယီအဖြေရှာတဲ့ သဘောမဟုတ်ဘဲ ရေရှည် တည်တံ့တဲ့ အနေအထားဖြစ်အောင် လုပ်ဖို့လိုတယ်။ သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့အာဏာကို သုံးပြီး ဆောင်ရွက်မယ်လို့ ပြောသွားတယ်။ကျွန်တော်တို့အမြင်အရ လူ့အခွင့်အရေးကို အခြေခံမှာထက် နိုင်ငံသားတစ်ဦးစီရဲ့ ရပိုင်ခွင့်၊ ခံစားခွင့်ကို အခြေခံမှ ဘာသာမတူတဲ့လူမျိုးနှစ်စု ရေရှည် လက်တွဲနေနိုင်မယ်လို့ ထင်တယ်”

မေလ ၈ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၉) တွင်ပါရှိသော “သမ္မတမိန့်ခွန်း ကြိုဆို သော်လည်း အမြင်မတူသူများရှိ” သတင်းမှ မွတ်ဆလင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးသာအေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကော်မရှင်ရဲ့အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့အတွက်  လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီးပါပြီ။ အစီရင်ခံစာ တွေကို သမ္မတအစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကမေးရပါ မယ်။ လုပ်ငန်း ကော်မတီမှာ သူတို့ ဦးဆောင်နေတဲ့အတွက်ပါ။ သမ္မတက အစီရင်ခံစာ အကြံပြုချက်ကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်လိုတာဝန်ယူမလဲဆိုတာ သူတို့ကပဲမေးဖို့ တာဝန်ရှိပါတယ်”

မေလ ၈ ရက်နေ့ထုတ် The Yangon Time နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ရခိုင်ပြည်နယ်အရေး ကော်မရှင်အကြံ ပြုချက်အတိုင်း အစိုးရကလုပ်ဆောင်ရန် အမေရိကန်တိုက်တွန်း” သတင်းမှ ရခိုင်စုံစမ်းစစ်ဆေး ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဓိကရည်ရွယ်ချက်က ဒီဥပဒေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဆွေးနွေးကြတဲ့အခါ အမြင် မတူတာတွေကတော့ ရှိမှာပဲ။ ညှိနှိုင်းပြီးအကောင်းဆုံးဖြစ်အောင် လုပ်ရမှာပါပဲ။ ကျွမ်းကျင်သူများရဲ့ အကြံဥာဏ်ကိုလည်း လိုအပ်ပါတယ်။ အကြံဥာဏ်များများပေးနိုင်လေ အကောင်းဆုံး ဖြစ်မှာပါ။”

မေလ ၈ ရက်နေ့ထုတ် The Yangon Time နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တောင်သူလယ်သမားအား အကာ အကွယ်ပေးမည့်ဥပဒေ အမြန်ဆုံးပြဌာန်းမည်ဟု သူရဦးရွှေမန်းကတိပြု” သတင်းမှ ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


 

 သတင်းတိုများ

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိရန် ကချင်လွှတ်တော်အမတ်များ တောင်းဆို

ကချင်ပြည်နယ် လွှတ်တော်အမတ်များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA တို့၏ နောင် လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိရန် နိုင်ငံတော်အစိုးရထံသို့ တောင်းဆိုထားကြောင်း သိရသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် KIO/KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပြည်တွင်း၌ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိတိုင် သဘောတူညီမှု မရရှိသေးကြောင်း သိရ သည်။


မြန်မာ့ဆန်ဂျပန်သို့ ပြန်လည်တင်ပို့ပြီ

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဆန်များကို ဂျပန်သို့တင်ပို့ခြင်း လုပ်ငန်းများကို နှစ်ပေါင်း ၅၀ ခန့် ရပ်နားထားသော်လည်း ယခုနှစ် မေလမှစတင်၍ မြန်မာ့ဆန်များအား ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ ခန့် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တင်ပို့ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့လစဉ်တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ နှင့်ဆန်ကွဲတန်ချိန် ၂၀၀၀ တို့ပုံမှန်ဝယ်ယူပေးရန် ဂျပန် မစ်ဆူအီကုမ္ပဏီသို့မေတ္တာရပ်ခံထားကြောင်း သိရသည်။


လူမှုဖူလုံရေးကတ်များ ထုတ်ပေးတော့မည်

မြန်မာနိုင်ငံ လူမှုဖူလုံရေးနည်းဥပဒေ အတည်ပြုပြဌာန်းပြီးပါက လူမှုဖူလုံရေးကတ်များ ထုတ်ပေးနိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သော အချက်အလက်များစုဆောင်း စီစဉ်လျက်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သတင်းရရှိသည်။

 


ချင်းပါတီနှစ်ခု ပူးပေါင်းရန် ဥပဒေပြဌာန်းချက်မပြည့်စုံမှုကြောင့် အခက်တွေ့

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီဖျက်သိမ်းခြင်းသာ ပါရှိပြီး ပါတီ နှစ်ခုပူးပေါင်းရန်အတွက်မှာမူ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှိသေးသည့်အတွက် ချင်းပါတီများဖြစ်ကြသော ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီ နှစ်ခုပူးပေါင်းရန်မှာ မူဝါဒအားဖြင့် သဘောတူညီမှု ရရှိသော်လည်း ဥပဒေ ပြဌာန်းချက် မပြည့်စုံမှုကြောင့် အခက်တွေ့နေကြောင်း သိရသည်။


တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြောင်း The Daily Eleven ပြန်လည်ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မေလ ၁ ရက်နေ့ထုတ် The Daily သတင်းစာပါ "၀" သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည့်သတင်း မဟုတ်မှန်ကြောင်း "၀" ငြင်းဆို ဆိုသည့် သတင်းနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ကန့်ကွက်စာ သတင်းထုတ်ပြန်ချက်မှာ ပြည်သူများ၏ ပိုင်ဆိုင်ခွင့်(Freedom of Press)ကို ထိပါးစေသည့် အရေးအသားများ ပါရှိသည့်အတွက် အဆိုပါထုတ်ပြန်ချက်မျာအား The Daily Eleven သတင်းစာမှ ပြင်းထန်စွာကန့်ကွက်ကြောင်း ပြန်လည်ထုတ်ပြန်ကြေညာခဲ့သည်။


ဒဏ်ငွေမဆောင်ဘဲထောင်ထဲဝင်သည့် ဦးနေမျိုးဇင်အား ကျန်ရှိပြစ်ဒဏ်ဖြင့် ထောင် ၆ နှစ်ချ

ပြီးခဲ့သည့် ၂၀၁၂ ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော ယခင် ဗိုလ်ကြီးပောာင်း ဦးနေမျိုးဇင်အား ယခင် လွတ်ငြိမ်းချမ်းသာခွင့်၏ ပြစ်ဒဏ်ကြွေး ၆ နှစ်ကိုပါ တစ်ပါးတည်းကျခံစေရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ ချမှတ်ခဲ့သည်။

ဦးနေမျိုးဇင်သည် ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ပန်းတနော်မြို့နယ်တရားရုံးမှ ဒဏ်ငွေနှစ်သောင်း(သို့)ထောင်ဒဏ် သုံးလ ကျခံစေရန် ချမှတ်ထားခဲ့သော်လည်း ဒဏ်ငွေမဆောင်ဘဲ ထောင်ထဲဝင်ရာမှ ယခုကဲ့သို့ ပြစ်ဒဏ်ကြွေးကိုပါ တစ်ပါးတည်း ကျခံရခြင်းဖြစ်သည်။


သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး လုပ်ခလစာရရှိရေး အလုပ်သမားသမဂ္ဂများစုပေါင်း၍ တောင်းဆိုမည်

လက်ရှိအချိန်ထိတိုင် အလုပ်သမားဝန်ကြီးဌာနမှ ယာယီသတ်မှတ်ပေးထားသည့် အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခ လစာအား လုပ်ငန်းရှင်များမှ ပေးခြင်းမရှိမှုအပေါ် အလုပ်သမားသမဂ္ဂများ စုပေါင်း၍ တောင်းဆိုသွားမည်ဖြစ်ကြောင်း နီလာ စတားစက္ကူစက်ရုံမှ အခြေခံအလုပ်သမားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့ မေဒေးနေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အလုပ်သမားများက တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ပေးရေး၊ လုပ်ခတစ်နေ့လျှင်အနည်းဆုံး ကျပ် ၃၀၀၀ ထားရှိရေး၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိ ရေးအပါအဝင် အချက်(၁၂)ချက်အား တောင်းဆိုခဲ့ကြောင်း သိရသည်။


မန္တလေးကုန်သည်/စက်မှုလုပ်ငန်းရှင်အသင်းချုပ်နှင့် ထိုင်ဝမ်ကုမ္ပဏီ ၃၁ ခုတွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်ဝမ် ကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီ ၃၁ ခုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၈ ရက်နေ့မှစတင်၍ မန္တလေးမြို့ ဆီဒိုးနား ပာိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်ဝမ်လုပ်ငန်းရှင်များက ၎င်းတို့နိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော ကား၊ ဆိုင်ကယ်ပစ္စည်း၊ သင်ကြားရေး အထောက်အကူပြုပစ္စည်း၊ သံမဏိပစ္စည်း၊ ဆေးရုံလုပ်ငန်းသုံး၊ အထည်အလိပ်နှင့် သားရေး၊ ဗီနိုင်လုပ်ငန်းသုံး၊ ရေသန့်စက်များကို ပြသကာ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


 

ထိုင်းဝန်ကြီးချုပ်ပောာင်းနှင့် ဒုတိယသမ္မတဒေါက်တာစိုင်မောက်ခမ်းတို့တွေ့ဆုံဆွေးနွေး

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်ပောာင်း H.E. General Chavalit Yongchaiyudh ချာဗလစ် ယောင်ချိုင် ယုနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ့ဒေ အလုပ်ရုံဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေပညာသင်ကျောင်းမှ ဦးဆောင်၍ လာမည့် မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ရန်ကုန်မြို့တော်ရှိ သြစတြေးလျကလပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်ပြု
  2. စက်မှုဇုန်များအား ၂၄ နာရီ ရက်အကန့်အသတ်မရှိ မီးဖြတ်ပြီ
  3. တပ်မတော်ပိုင်စီးပွားရေးဦးပိုင်လီမိတက်အား အခွန်စတင် ကောက်ခံ
  4. မိတ္ထီလာဒုက္ခသည်များအတွက် တိုက်ခန်းပေါင်း တစ်ထောင်ကျော် ဆောက်လုပ်ပေးရန်လျာထား

လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်ပြု

မြန်မာလယ်ယာကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနိုင်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုအားကောင်း လာနိုင်စေရန် စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုရသည့် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ ပြည်တွင်း၊ ပြည်ပသို့ တင်သွင်း ရောင်းချခြင်းများတွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်နှစ်ကင်းလွတ်ခွင့် ပြုပေးလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် (၇၃၅/၂၀၁၃)ကို မေလ ၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ ဖြစ်စေရန် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံး စက်ကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းတို့ကို ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်း၌ပြန်လည်ရောင်းချခြင်း၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းများ ပြည် တွင်းထုတ်လုပ် ရောင်းချမှုတို့အပေါ် ကျသင့်သည့်ကုန်သွယ် လုပ်ငန်းခွန်တို့ကို ၂၀၁၃ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄ မတ်လ ၃၁ ရက်နေ့ထိ တစ်နှစ်တိတိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၃ မေလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့(၁၅/၂၀၁၃) အစည်း အဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ မြန်မာ့လယ်ယာကဏ္ဍတွင် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)မှကြီးမှူုးကျင်းပသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ လွှတ်တော်ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေး ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

YC


စက်မှုဇုန်များအား ၂၄ နာရီ ရက်အကန့်အသတ်မရှိ မီးဖြတ်ပြီ

ရန်ကုန်မြို့အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ လျှပ်စစ်မီးအပြည့်အဝ သုံးစွဲနိုင်စေရန် စက်မှုဇုန်များကို ရက် အကန့်အသက်မရှိ မီးဖြတ်တောက်သွားမည်ဖြစ်ကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စက်မှုဇုန်လုပ်ငန်း ရှင်များထံသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

ယခုကဲ့သို့ စက်မှုဇုန်များအား လျှပ်စစ်မီးဖြတ်တောက်ခြင်းကြောင့်  CMP(လက်ခစား)လုပ်ငန်းများဖြစ်သည့် အထည် ချုပ်လုပ်ငန်းများ၊ အအေးခန်းရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများနှင့် အခြားထုတ်လုပ်မှု ကဏ္ဍများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပြည်ပအော်ဒါများလည်း ကျဆင်းသွားနိုင်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးကပြောကြား သည်။

ထို့ပြင် ယခုကဲ့သို့လျှပ်စစ်မီး ဖြတ်တောက်လိုက်သည့်အတွက် ထုတ်ကုန်လုပ်ငန်းများတွင် မီးစက်များဖြင့် လုပ်ကိုင်ရာ မှ နှစ်ဆခန့်ထုတ်လုပ်မှု ကျဆင်းသွားနိုင်သည့်အပြင် အမြတ်ငွေများမှာလည်း လျော့နည်းလာနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ ၊ အလုပ်ရုံအချို့တွင်  လျှပ်စစ်မီးမရရှိမှုများကြောင့် အရှုံး ဖြင့်ရင်ဆိုင်ကြုံတွေ့ရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အအေးခန်းစက်ရုံ ၇၀ ကျော်အနက် စက်ရုံ ၁၀ ရုံသာ အလုပ် ချိန်များလျှော့ချကာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း အအေးခန်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အားရက်အကန့်အသတ်မရှိ ဖြတ်တောက်ရခြင်းမှာ ယခုနှစ်နွေရာသီ ကာလတွင် လျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့နည်းလာပြီး ပြည်သူများသုံးစွဲရန် မလုံလောက်တော့ သည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီသင်္ကြန် ကာလမတိုင်မီ ၁၀ ရက်ခန့်လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရပြီး ဧပြီ(၁၃)ရက်နေ့မှစတင်၍ တစ် ရက်လျှင် ၅ နာရီဖြင့် အလှည့်ကျမီးပေးစနစ်အသုံးပြု၍ လျှပ်စစ်ဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာနိုင်ရန်  အဓိကအခက်အခဲဖြစ်သည့် လျှပ်စစ်မီးပြတ်တောက်မှုများကိုအစိုးရအနေဖြင့် ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ စက်မှုဇုန်များအား လျှပ်စစ်မီး ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်ခြင်းကြောင်း နိုင်ငံ၏ထုတ်ကုန် ထုတ်လုပ်မှုများတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်ရာတွင်လည်း အရည် အသွေးများ လျော့နည်းလာနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

YC


 

တပ်မတော်ပိုင်စီးပွားရေးဦးပိုင်လီမိတက်အား အခွန်စတင် ကောက်ခံ

ယခင်က အခွန်ကင်းလွတ်ခွင့်ရရှိခဲ့သော တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ဦးပိုင်စီးပွားရေးလီမိတက် အား ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်၍ အခွန်စတင် ကောက်ခံတော့မည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည် ကပြောကြားခဲ့သည်။

အခွန်ထမ်းဆောင်ရန်အတွက် စီးပွားရေးဦးပိုင်လီမိတက်မှ ၎င်းတို့၏လုပ်ငန်း စာရင်းများပြုစုကာ ကုမ္ပဏီများဆောင် ရွက်ရမည့် ဥပဒေအတိုင်း တင်ပြသွားမည်ဖြစ်ပြီး အဆိုပါစာရင်းအင်းများအတိုင်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။ ထို့ပြင်ယခင်နှစ်က ဦးပိုင်လီမိတက်အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းခွန်ကိုသာ စတင်ပေးဆောင်ရသော်လည်း ယခုနှစ် တွင်မူ ဝင်ငွေခွန်ပါ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတိုင်းသည် ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်သောကြောင့် ဦးပိုင်ကုမ္ပဏီသည်လည်း အခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီလလပိုင်းအတွင်းက ပြုလုပ်သည့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲတွင် ထိုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးပိုင်လီမိတက် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူမိသားစုများ သက်သာချောင်ချိရေးကို အထောက်အကူ ဖြစ် စေရန်တို့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်၏ ကနဦးရင်နီးမြှုပ်နှံမှု ပမာဏမှာ ၁၉၉၀ ပြည့်နှစ်က ကျပ်သန်း ၁၀၀၀၀ ဖြစ်ပြီး ကုန်သွယ်ရေး ဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၇/၉၀၊ အပိုဒ် ၄၊ ၅၊ ၆ အရ အရင်းအနှီး၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးကထည့်ဝင်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တပ်မတော်မိသားစု အသိုင်းအဝိုင်း က ထည့်ဝင်ရခြင်းဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၏ စီးပွားရေးလုပ်ငန်းများမှာ ၂၀၀၇ စာရင်းများအရ ဦးပိုင်က အပြည့်အဝ ပိုင်ဆိုင်သည့် လုပ်ငန်း ၃၅ ခု၊ ဦးပိုင်နှင့် ဖက်စပ်ပိုင် လုပ်ငန်း ခုနှစ်ခု၊ ဦးပိုင်နှင့် တွဲဖက်လုပ်ကိုင်နေသည့် ဦးပိုင်၏ လုပ်ငန်းခွဲကိုးခုရှိကြောင်း သိရှိရသည်။

YC


မိတ္ထီလာဒုက္ခသည်များအတွက် တိုက်ခန်းပေါင်း တစ်ထောင်ကျော် ဆောက်လုပ်ပေးရန်လျာထား

မိတ္ထီလာပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်မီးလောင်ပျက်စီးခဲ့ရမှုများအတွက် အထပ်မြင့်တိုက်ခန်းများ ပြန်လည်ဆောက် လုပ်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်ဆန်းက ပြောကြားခဲ့သည်။

မိတ္ထီလာပဋိပက္ခများကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူများကို မြို့သစ်တစ်ခုသဘောမျိုးဖြင့် သုံးထပ်၊ လေးထပ်ရှိ တိုက်ခန်း အဆောက်အအုံများတည်ဆောက်ကာ အစားထိုးပေးအပ်သွားမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုများကို ယခုလမကုန်ခင်တွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစိတ်အစီစဉ်များကို အစိုးရအဖွဲ့အတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် ဒေသခံအချို့မှာ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လို၍ အထပ်မြင့် အဆောက်အအုံများ မဆောက်လုပ်ဘဲ ၎င်းတို့၏ မူလနေရာများ၌ပင် တန်ဖိုးနည်းအဆောက်အအုံများ ဆောက်လုပ်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ယခင် တဲအိမ်ငယ်အများစုနှင့် မီးသတ်ကား မဝင်နိုင်သော လမ်းကျဉ်းများသာ ရှိခဲ့ရာ ပြန်လည်တည်ဆောက်ချိန် တွင် ပေ(၅၀)၊ ပေ(၃၀)အကျယ်လမ်းများ၊ ဆေးခန်း၊ ဈေး၊ စာသင်ကျောင်း၊ ရဲစခန်းစသည်တို့ပါဝင်မည်ဖြစ်ပြီး အထပ်မြင့်လူ နေ တိုက်ခန်း၊ ဈေးဆိုင်ခန်းနှင့်တွဲပါမည့် လူနေတိုက်ခန်းများ ဆောက်လုပ်ပေးမည်ဟု ဦးကျော်ဆန်း ကပြောကြားခဲ့သည်။

ယနေ့အထိ ကယ်ဆယ်ရေး စခန်းများတွင်နေထိုင်နေသည့် မိသားစု ၅၂၀ ခန့် ရှိနေသေးပြီး ၎င်းဒုက္ခသည်များ အတွက် လူနေတိုက်ခန်းပေါင်း တစ်ထောင့်သုံးရာကျော် ဆောက်လုပ်သွားမည်ဖြစ်၍ အလှူခံ၍ရရှိထားသောငွေများနှင့်အစိုးရ ဘတ်ဂျက်မှထုတ်ယူ သုံးစွဲသွားမည်ဖြစ်ကာ အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေများ လိုအပ်နေသေးကြောင်း ၎င်း က ပြောကြားခဲ့သည်။

နေအိမ်မီးလောင်ပျက်စီးမှုမရှိသည့် ဒုက္ခသည်အချို့မှာ နေရပ်သို့ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သော်လည်း မီးလောင် ပျက်စီးမှုများပြားသည့် ချမ်းအေးသာယာရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်မှ ဒုက္ခသည်အိမ်ထောင်စုငါးရာကျော်မှာ ကယ်ဆယ် ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

YC


 

 

 

 

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

EDITORIAL
Document EDITORIAL

Snapshot of the item below:
EDITORIAL

အယ်ဒီတာ့အာဘော်

ကျန်ရှိတော့သည့် သက်တမ်းနှစ်နှစ်ခွဲဝယ်

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီအစိုးရသစ်၏ သက်တမ်းနှစ်နှစ်ခွဲအတွင်း နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများသည် စိန်ခေါ်မှုများတွေ့ကြုံခဲ့သည်နှင့်အညီ နိုင်ငံအတွက် ကြီးစွာသော အခွင့်အလမ်းများ ပွင့်လန်းခဲ့ သည်။  နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် အလေးထား အသိအမှတ်ပြုခဲ့သည့် အတွက် နိုင်ငံ၏ ဂုဏ်ကျက်သရေလည်း မြင့်မားခဲ့သည်။ လွန်ခဲ့သည့် သုံနှစ်ခန့်က အနောက်နိုင်ငံများနှင့် (အထူး သဖြင့် အမေရိကန်) အထိအတွေ့ မရှိ၊ တင်းမာမှုသာရှိခဲ့သည့် နအဖခေတ် ဗိုလ်ချုပ်များဦးဆောင်သည့် မြန်မာနိုင်ငံ အတွက် အရာရာဟာ အရှုံး။ စီးပွားရေး၊ လူမှုရေး ဘာမျှ တိုးတက်မှုမရှိခဲ့။

ထိုသို့ နိမ့်ပါးခဲ့သည်အခြေအနေနှင့် ယခု တိုးတက်မှုတို့ကို နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံအတွက် မဟာခုန်ပျံ ကျော်လွှားမှုကြီးပင်ဖြစ်သည်။ အနောက်အုပ်စုနှင့် ဆက်ဆံရေး တင်းမာမှု လျော့ကြပြီးသကာလ သမ္မတနှင့် အစိုးရအရာရှိကြီးများ၏ သမိုင်းဝင်သံခရီးစဉ်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်များ၏ လေ့လာရေးခရီးစဉ်တို့မှာလည်း စဉ်ဆက်မပြတ်ပင်။ နောက်ထပ် ပီတိဖြစ်မိသည်မှာ မြန်မာနိုင်ငံရေး၏ အရေးကြီး ကဏ္ဍတွင် ရှိနေသေးသည့် မြန်မာ တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အသွင်းကူးပြောင်းဖို့ အစပျိုးခြေလှမ်းများလှမ်းလာသည်ကို တွေ့မြင်လာရ သည်။

သို့သော် ပြုပြင်ပြောင်းလဲမှုတိုင်းတွင် ယင်းအပေါ် လိုလားသူနှင့် ဆန့်ကျင်သူများရှိမြဲဖြစ်ရာ အကောင်း အပြင် မျှော်လင့်မထားသည့် ဆိုးရွှားမှုများလည်း ဖြစ်ပေါ်လာရသည်။ မြစ်ဆုံ၊ ရခိုင်၊ လက်ပံတောင်းနှင့် မိတ္ထီလာ အရေးတို့မှာ ဥပမာကောင်းများပင်ဖြစ်သည်။ ယင်းနှင့်တစ်ဆက်တည်း အရေးတကြီးသုံးသပ်ရမည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိစ္စ။ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံလိုသူများ၊ ကော်ပိုရေးရှင်းကြီးများမှာ အလားအလာကောင်း များစွာရှိ သည့် မြန်မာနိုင်ငံသို့ ဝင်လာမစဲတသဲသဲပင်။ သို့သော် လာ၊ ဆွေးနွေး၊ ပြန်ထွက်သွားသည်သာများသည်။ ဖြစ်ဖြစ် မြောက် မြောက် ရင်းနှီးမြုပ်နှံသူနည်းသည်။ အကြောင်းရင်းကို စစ်ကြည့်လိုက်သော် နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် ဖြစ်သည် ကိုတွေ့ရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ ပြည်သူများ၏ နေ့စဉ်လူမှုဘဝကို အကျိုးသက်ရောက်မှုနည်းပါး သေးသည့်အပြင် ပြည်သူများ၏ မျှော်လင့်ချက်မှာလည်း မြင့်သထက်မြင့်မားလာလျက်ရှိနေသည်။ မြန်မာနိုင်ငံ သည် အာဆီယံဥက္ကဋ္ဌနေရာကို ၂၀၁၄ ကို တာဝန်ယူရမည်ဖြစ်သည့်အပြင် ၂၀၁၅ခုနှစ်တွင်လည်း အာဆီယံလွတ်လပ်စွာကုန် သွယ်မှုကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ အစိုးရအနေဖြင့် ကျန်ရှိနေသေးသည့် သက်တမ်းနှစ် နှစ်ခွဲခန့်တွင် ပြုပြင်ပြောင်းလဲရေးအဟုန်ကို(အထူးသဖြင့် စီးပွားရေးနှင့် အုပ်ချုပ်ရေး) ယခုထက် မြှင့်တင်ပေးမှ အရာရာ အဆင်သင့် ဖြစ်နေမည်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။


              

              

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive