Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပစ်တဲ့လူကို စည်းကမ်းနဲ့အညီ အပ်လိုက်ပြီ။ ကျွန်တော်ဘက်က လူကလည်း ပစ်တာလည်းမဟုတ်ဘူး။ ဒါပေမယ့် အခု ဒီကေဘီအေကို မြိုင်ကြီးငူက ထွက်သွားခိုင်းနေတယ်။ မျှတရင်လက်ခံမယ်။ မြိုင်ကြီးငူမှာ ဒီကေဘီအေ မနေရဘူးဆိုရင် နယ်ခြားစောင့်တပ်လည်း မနေနဲ့။ အဲဒီလိုဆို သဘောတူတယ်။”

မေလ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း (မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၂၀) တွင်ပါရှိသော “မြိုင်ကြီးငူဒေသ မှ ဆုတ်ခွာရေး ဒီကေဘီအေ အတွက် ခက်ခဲ” သတင်းမှ ဗိုလ်မှူး စောဆန်းအောင်၏ ပြောကြားချက်အားကောက် နှုတ်ချက်။


“အဓိကကတော့ လွတ်လပ်တဲ့ဒေသဆိုင်ရာ ပညာရေးဖြစ်နိုင်ဖို့ လိုအပ်ပါတယ်။ အရမ်းတင်းကျပ်နေတာမျိုး မဖြစ်သင့်တော့ပါဘူး။ လွတ်လပ်တဲ့ပညာရေးဥပဒေတစ်ရပ် တိုင်းရင်းသားဒေသခံတွေကြားမှာ ပေါ်ထွက်လာဖို့ အခုလို လာရောက်ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ဒေသခံတွေကြားက အသံတွေကို နားထောင်ပြီး လွှတ်တော်မှာ ပြန်လည် တင်သွင်းနိုင်ရန် ရည်ရွယ်ထားပါတယ်။”

မေလ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း (မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၂၀) တွင်ပါရှိသော “ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများ ယခုလကုန် အပြီးကျင်းပမည်” သတင်းမှ လှည်ကူးမြို့နယ်ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် စည်းမျဉ်းရေးဆွဲမှု ညှိနှိုင်းရေးမှူး ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံအပါအ၀င် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီးတိုးလုပ်လာနေပါပြီ။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမားတိုက်တွန်း” သတင်းမှ အမေရိကန်သမ္မတ အိုဘားမား၏ ပြောကြားချက်အားကောက်နှုတ်ချက်အား ကောက်နှုတ်ချက်။


“NLD က ပါတီစုံနဲ့ အားလုံးနဲ့တူတာတွေပူးပေါင်းလုပ်မယ်ဆိုပြီးတော့ ဆက်ဆံမှုတွေက အမြဲတမ်းရှိနေတယ်။ ဆက်ဆံမှု ရှိတော့ ပိုပြီးတိတိကျကျဖြစ်အောင် ဘယ်သူတွေနဲ့ ဆက်ဆံမှုလုပ်မယ်ဆိုတာကို စဉ်းစားတယ်။ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံမှုလုပ်လို့ရရင် နှစ်ဖက်အကျိုး ရှိမှာပေါ့။ ဒါ့ကြောင့် တွေ့ဆုံဆက်သွယ်မှုက ပိုပြီးတော့ အရေးကြီးပါတယ်။”

မေလ ၁၀ ရက်နေ့ထုတ် Myanmar Post Global Journal အမှတ် (၁၀၈) တွင် ပါရှိသော “တိုင်းရင်းသားဆက်ဆံရေး မြှင့်တင်ရန် NLD တိုင်းရင်းသားအဖွဲ့အစည်းနှင့် ဆက်ဆံရေးကော်မတီအဖွဲ့ဝင် နှစ်ဦးတိုး” သတင်းမှ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ဦးဥာဏ်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ လုပ်အားခနဲ့ မြေငှားရမ်းခတွေ မြင့်တက်နေတဲ့အတွက် ထိုင်းလုပ်ငန်းရှင် အနည်းငယ်သာ ရင်းနှီးမြှုပ်နှံ နိုင်ပါလိမ့်မယ်။ ထိုင်းအစိုးရအနေနဲ့ အခက်အခဲတွေ လျော့နည်းသွားစေဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းသင့်ပါတယ်။ အဓိကအားဖြင့် အလတ်စားနဲ့ အငယ်စားထိုင်းလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံခွင့်တွေကို ပိုပြီးဦးစားပေးသင့်ပါတယ်။”

မေလ ၁၀ ရက်နေ့ထုတ် Myanmar Post Global Journal အမှတ် (၁၀၈) တွင် ပါရှိသော “မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအခက်တွေ့” သတင်းမှ CITS ဒါရိုက်တာ Aat Pisanaanich ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

မြန်မာ-ဂျပန် Human Resource Development Centre ဖွင့်လှစ်မည်

မြန်မာ-ဂျပန် Human Resource Development Centre ကို လာမည့်ဇွန်လကုန်ပိုင်းတွင် UMFCCI အသင်းချုပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း UMFCCI မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

အဆိုပါ မြန်မာ-ဂျပန် စင်တာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့် JICA တို့၏ ကူညီထောက်ပံ့မှု၊ ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဂျပန်-မြန်မာ စင်တာအတွက် ဂျပန်မှ ငွေကြေးထောက်ပံ့မှုများ အပြင် နည်းပညာအကူအညီများကိုပါ ထောက်ပံ့သွားမည်ဖြစ် ကြောင်း သိရှိရသည်။

 

ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံတွင် ၀န်ထမ်းစခေါ်

မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် လက်ကျန်လိုင်စင် နှစ်နေရာကို နောက်ဆုံးအဆင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်နေသည့် Digicel ကုမ္ပဏီက ပြည်တွင်းရှိ ၎င်းတို့ကုမ္ပဏီခွဲတွင် ခန့်ထားမည့် ၀န်ထမ်းနေရာ များအတွက် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။ အဆိုပါဝန်ထမ်းနေရာများ လျှောက်ထား ရန် မေလ ၁၁ ရက်နေ့တွင် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၌ မွန်းလွဲ ၃ နာရီမှ ညနေ ၇ နာရီအထိ ပြုလုပ်မည့် The Digicel Career Open Day တွင် လာရောက် လေ့လာနိုင်ပြီး မိမိတို့ကိုယ်ရေးအကျဉ်း (CV Form) ယူဆောင်လာပါက တစ်ပါတည်း အလုပ်လျှောက်ထားနိုင် မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

 

ရိတ်သိမ်းချိန်လွန် နည်းပညာဖွံ့ဖြိုးရေး အမေရိကန်ဒေါ်လာသုံးသိန်း ဂျပန်ထောက်ပံ့

လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အဓိကလိုအပ်ချက် ဖြစ်လျှက်ရှိသော ရိတ်သိမ်းချိန်လွန် နည်းပညာဖွံ့ဖြိုးရေး အတွက် ဂျပန်နိုင်ငံ Mitsui ကုမ္ပဏီက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာဌာနသို့ ဆန်စပါးထုတ်လုပ်မှုတွင် သုံးစွဲရန် မေလ ၄ ရက်နေ့က အမေရိကန်ဒေါ်လာ သုံးသိန်း ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောဆိုချက်အရ သိရသည်။

 

ဒေသဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်နှင့် အစိုးရ ပူးပေါင်း၍ ဒေါ်လာသန်း ၈၀ ကျော် ထောက်ပံ့မည်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒေါ်လာသန်း ၈၀ ကျော်ကို ကမ္ဘာ့ဘဏ်နှင့် ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးနှုန်း အမြင့်ဆုံးမြို့နယ် ၁၅ ခုကို ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း ပထမအဆင့်ကို ကန်ပက်လက်၊ နမ့်ဆန် (ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ)နှင့် ကျွန်းစုမြို့နယ်များတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းဒေသများကို ဆင်းရဲနွမ်းပါးမှု၊ အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့မှုမရရှိမှုနှင့် ဒေသအစိုးရ၏ ဆောင်ရွက် လိုမှု စသည့်အချက်များကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ အဆိုပါချေးငွေများကို ကျောင်း၊ ဆေးခန်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများအတွက် အသုံးပြုရမည်ဖြစ်ပြီး ပြန်လည်ပေးဆပ်ဖို့ မလိုကြောင်း သိရသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းကော်မရှင်နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့များဆွေးနွေးရန်ရှိ

ယခုရက်ပိုင်းအတွင်း တပ်မတော် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA/SSPP တို့ပါဝင်သော ရှမ်းပြည်နယ် အခြေစိုက်လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်တို့ မေလ ၉ ၊ ၁၀ ရက်များတွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း လာရောက်ဆွေးနွေး

မေလ ၅ ရက်နေ့တွင် ဂျပန်နိုင်ငံမှ အထက်လွှတ်တော် ဥက္ကဌဟောင်း Mr.Hodeo Watanabe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့လွှတ်တော်ရုံးခွဲ၌ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို လာရောက်ဆွေးနွေးခဲ့ကြောင်း သိတင်းရရှိသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်အမတ်များဖြစ်ကြသည့် ဦးဌေးဦး၊ ဦးမောင်မောင်သိန်း၊ ဦးသိန်းဆွေ၊ ဦးစိုးနိုင်၊ ဦးဌေးမြင့် တို့နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

AEC အတွက်ကြိုတင်ပြင်ဆင်မည့် အလုပ်ရုံဆွေးနွေးပွဲ

အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC အားအကောင်အထည်ဖော် လုပ်ဆောင်သည့်နေရာတွင် ကြုံတွေ့နိုင်သော အခက်အခဲများကို ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရန်အတွက် မေလ ၁၈ ရက်တွင် မွန်ပြည်နယ် မော်လမိုင်မြို့နှင့် ၁၉ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့တို့တွင်  Preparation Needs for ASEAN Economic Community ခေါင်းစဉ်အမည်နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ ပြင်ဆင်ဖွဲ့စည်း
  2. မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေး ရည်မှန်းချက် ငါးနှစ်ထပ်မံ သက်တမ်းတိုး
  3. တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်လျက်ရှိကြောင်း ပလောင်အဖွဲ့များမှ ထုတ်ပြန်ကြေညာ
  4. ဝန်ကြီးဌာနများနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများအား ကွင်းဆင်းလေ့လာမည်

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ ပြင်ဆင်ဖွဲ့စည်း

နိုင်ငံတော်သမ္မတရုံးမှ လက်ရှိအကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်းသား များအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်နိုင်ရန် အစိုးရဝန်ကြီးဌာနကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့တို့မှ ကိုယ်စားလှယ်များပါဝင်သော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြော်ငြာစာ အမှတ်(၄၃/၂၀၁၃)ကို မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခု တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ တာဝန်ယူ၍ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ House of Media Entertainment မှ ဦးသူဂ(ဇာဂနာ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့်၊ မြန်မာအမျိုးသားကွန်ကရက်ပါတီမှ ဦးကောင်းမြင့်ထွဋ် အပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၁၉)ဦးဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသားပောာင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီးပောာင်းနေမျိုးဇင်၏ ဒဏ်ငွေကျပ်နှစ်သောင်း ပေးဆောင်ခြင်း မရှိဘဲ ထောင်ဒဏ်သုံးလကျခံမည်ပာု ရွေးချယ်ခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ယခင်ကြွေးကျန် ထောင်ဒဏ် ၆ နှစ် ပြန်လည်ကျခံစေရန် အမိန့်ချမှတ်မှုများမှာ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းများက ဝေဖန်ခဲ့သည်။

YC


 

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေး ရည်မှန်းချက် ငါးနှစ်ထပ်မံ သက်တမ်းတိုး

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်မှ လုပ်ဆောင်လျက်ရှိသော်လည်း နိုင်ငံတွင်း ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းဖြူဖြန့်ဖြူး ရောင်းချမှုပြဿနာများအပြင် စိတ်ကြွဆေးဝါး ရောင်းဝယ်မှုများ တိုးမြှင့်လာခြင်းစသည့် စိန်ခေါ်မှုအသစ်များကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေးရည်မှန်းချက်ကို နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်၍ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် ခြောက်နိုင်ငံပူးတွဲ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုကို လျော့ချနိုင်ခဲ့သော်လည်း စိတ်ကြွဆေးများနှင့် စိတ်ပြောင်းမူးယစ်ဆေး အသစ်များမှ နိုင်ငံအတွင်း မူးယစ်ဆေးပပျောက်ရေးဆောင်ရွက်ရာတွင် အတားအဆီးနှင့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်လာ စေသောကြောင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟိုအဖွဲ့အနေဖြင့် ယခုကဲ့သို့ သက်တမ်းတိုးမြှင့်၍ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ကြောင့် အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် မဟာဗျူဟာအသစ်များ ချမှတ်ရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျှက်ရှိကာ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ကင်းစင် ပပျောက် ရေးအတွက် ၁၉၉၉ ခုနှစ်မှ စတင်၍ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်တာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး အဆိုပါကာလအတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာကို စတုရန်းမီတာ ၁၀၈,၀၀၀ မှ ၂၁,၀၀၀ အထိလျှော့ချနိုင်ခဲ့သော် လည်း ၂၀၀၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုပြန်လည်မြှင့်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ကုန်ကူးခြင်း ပြဿနာများသည် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တည်ငြိမ်မှုမရှိခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် ပြည်တွင်းသောင်းကျန်းမှုနှင့် ဆက်စပ်မှုရှိနေသော ကြောင့် မူးယစ်ဆေးဝါးပြဿနာများကို ကိုင်တွယ်ဆောင်ရွက်နေရသည့် ဌာနအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံများသည် ဘိန်းဖြန့်ဖြူးရောင်းချမှု၏ အဓိကဒေသများဖြစ်ခဲ့ပြီး ၁၇ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း ကုလသမဂ္ဂ၏ ၂၀၁၂ ခုနှစ် အရှေ့တောင်အာရှနိုင်ငံအတွင်း မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ၏ ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်သည့်အစီရင်ခံစာများတွင် ဖော်ပြထားကြောင်း သိရသည်။

တိုင်းရင်းသားများအရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဘိန်းထုတ်လုပ်မှုပပျောက်ရေးလုပ်ငန်းများ ထိရောက်မှု မရှိသည့်အတွက် ဈေးကွက်တွင် စိတ်ကြွဆေးဝါးများ ထွက်ပေါ်လာရခြင်းဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသတွင် မြန်မာနိုင်ငံသည် အကြီးမားဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ နောက်က ဒုတိယလိုက်နေကြောင်း သိရှိရသည်။

YC


တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်လျက်ရှိကြောင်း ပလောင်အဖွဲ့များမှ ထုတ်ပြန်ကြေညာ

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် ရှမ်းမြောက်လက်နက်ကိုင်အဖွဲ့(SSA)တို့ တိုက်ပွဲများဖြစ်ပွားရာတွင် တပ်မတော်မှ ဒေသခံပလောင်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လျက် ရှိကြောင်း ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ပလောင်(တအောင်း)ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO) အဖွဲ့များ ပါဝင်သည့် ပလောင်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အစိုးရ၏တပ်မတော်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားရာတွင် ဒေသခံများအပေါ် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အဓမ္မပြုကျင့်ခြင်း တို့ကိုပြုလုပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံအများစုမှာ ဒုက္ခသည်များအဖြစ် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံရလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လပိုင်းနှင့် ဧပြီလပိုင်းများတွင် အဆိုပါအဖွဲ့များက ရှမ်းပြည်နယ်အတွင်း ကွင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် ဧပြီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် တပ်မတော်ခြေလျင်တပ်ရင်း ခလရ(၅၀၂)မှ မန်တုံမြို့နယ်၊ ရေပုံးကျေးရွာရှိ အိမ်ထောင်သည် အမျိုးသမီးနှစ်ဦးအား အဓမ္မပြုကျင့်မှုများပြုလုပ်ခဲ့သည့်အပြင် မတ်လ ၂၆ ရက်နေ့၌ ခမရ(၄၁)တပ်ရင်းမှ ကောင်းဆိုင်းကျေးရွာရှိ ရွာသား ၅ ဦးအား လမ်းပြအဖြစ်ပေါ်တာဆွဲရာတွင် မိုင်းထိ၍ ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် အစိုးရ၏တပ်မတော်(၅၀၁)တပ်ရင်းမှ တပ်စခန်းသစ်တည်ဆောက်ရာတွင် ကျောက်မဲမြို့နယ်၊ ခွာန်ခါကျေးရွာမှ ရွာသူရွာသားများကို ဧပြီလ ၁၂ ရက်နေ့တွင် တပ်မတော်မှအဓမ္မလုပ်အားပေး စေခိုင်းမှုများပြုလုပ်သကဲ့သို့ ကွတ်ခိုင်မြို့နယ် လွယ်စရန်းရွာသား ၅ ဦးနှင့် ရွာလူကြီးအား ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း အစိုးရတပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်နေမှု အခြေအနေများအား အရေးယူပေးရန် စစ်တမ်းကောက်ယူလျက်ရှိသည့် အဖွဲ့များမှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အပါအဝင် နိုင်ငံတော်သမ္မတရုံးနှင့် အခြားသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံရေးပါတီကြီးများထံသို့ ပေးပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

YC


 

ဝန်ကြီးဌာနများနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများအား ကွင်းဆင်းလေ့လာမည်

ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် အစိုးရဌာနဆိုင်ရာများနှင့်သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြရာတွင် လေ့လာဆန်းစစ်မှုများပြုလုပ်နိုင်ရန် ဝန်ကြီးဌာနနှင့်သက်ဆိုင်သော အချက်အလက်ပြန်ကြားမှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် Investment Assessment Response Team ကို ဖွဲ့စည်း၍ စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ ဌာနဆိုင်ရာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအား လေ့လာဆန်းစစ်မှုများပြုလုပ်၍ တွေ့ရှိရသည့် အချက်အလက်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ Investment Assessment Response Team အဖွဲ့ကို ပြည်ထဲရေး၊ ပြန်ကြားရေး၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားကြောင်းသိရသည်။

နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ယခင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ နေရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်အား အစားထိုးခန့်အပ်၍ အဆိုပါကော်မရှင်ကို အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ်(၄၂/၂၀၁၃)ကို မေလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ပြင် ယခင် MIC ၏ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏နေရာတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်မြင့် အား အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive