Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မီဒီယာလွတ်လပ်ခွင့်ကို တဖြည်းဖြည်းချင်းကျင့်သုံးနေသည့် မြန်မာ

 (BNI Online မှ 9 May 2013 ရက်စွဲပါ Burma is slowly adopting free media ကိုဘာသာပြန်ဆိုသည်)

  1. အင်ဒိုနီးရှား၏ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် သံသယရှိသူ ၇ ဦး သေဆုံးခဲ့

(9 May 2013 ရက်စွဲပါ Channel News Asia မှ “Seven dead in Indonesia anti-terror raids”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာဓာတ်ငွေ့တင်ပို့မှု စံချိန်တင်

(Natural Gas Asia မှ 9 May 2013 ရက်စွဲပါ “Myanmar Gas Exports hit record”သတင်းကို ဘာသာပြန်ဆိုသည်)

  1. အခြေခံဥပဒေ ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

(Bangkok Post မှ 10 May 2013 ရက်စွဲပါ “Suu Kyi predicts charter change”သတင်းကို ဘာသာပြန်ဆိုသည်)


မီဒီယာလွတ်လပ်ခွင့်ကို တဖြည်းဖြည်းချင်းကျင့်သုံးနေသည့် မြန်မာ

 (BNI Online မှ 9 May 2013 ရက်စွဲပါ Burma is slowly adopting free media ကိုဘာသာပြန်ဆိုသည်)

Photo Credit by Online

မြန်မာနိုင်ငံကို စစ်ဘက်အုပ်ချုပ်ရေးစနစ်မှ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ စနစ်ပြောင်းလဲကျင့်သုံးရာတွင် ပြည်တွင်း မီဒီယာများနှင့် ပတ်သက်၍ အရေးကြီးသော ဆုံးဖြတ်ချက်အချို့ကို ဖြစ်ထွန်းစေခဲ့သည်။ မြန်မာအစိုးရသည် ပုံနှိပ်ထုတ်ဝေ မည့် မီဒီယာများအနေဖြင့် ဆင်ဆာဘုတ်အဖွဲ့သို့ကြိုတင်တင်ပြရသည့် စနစ်ကိုဖျက်သိမ်းလိုက်သလို စာပေစိစစ်နှင့်မှတ်ပုံတင် ဌာနဟု ခေါ်သည့် ဆင်ဆာအဖွဲ့ကြီးကိုလည်းဖျက်သိမ်းပစ်လိုက်သည်။

ထိုထက်ပို၍ ခွင့်ပြုပေးလာသည်မှာ လွတ်လပ်သော မီဒီယာသမားများအနေဖြင့် မြန်မာသတင်းစာဆရာများအဖွဲ့၊ မြန်မာသတင်းစာဆရာများ ကွန်ယက် နှင့် မြန်မာသတင်းစာဆရာများ သမဂ္ဂကဲ့သို့သော အဖွဲ့များဖွဲ့စည်းပေးခြင်းပင် ဖြစ် သည်။ ယခင်မူလက သတင်းစာဆရာများနှင့် အခြားမီဒီယာများ၏ အရေးကိစ္စများဟူသည်မှာ အစိုးရထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကသာ တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြစ်သည်။

ထိုကဲ့သို့ အပြုသဘောဆောင်သည့် အဆင့်များရှိနေသည့်တိုင် သတင်းစာဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ရေးသားထုတ်ဝေခွင့်တို့နှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာ ဆက်လက်ကျန်ရှိနေဆဲပင် ဖြစ်သည်။ စိန်ခေါ်မှုများ အနက် ပုံနှိပ်သူနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေး အက်ဥပဒေ(၁၉၆၂) နှင့် အခြားသော တင်းကြပ်သည့် ဥပဒေများမှာ ဆက်လက် ကျန်ရှိနေဆဲပင်ဖြစ်ကြောင်း မီဒီယာလွတ်လပ်ခွင့် ဆော်သြသူများက ပြောကြားသည်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က “မြန်မာနိုင်ငံသည် သတင်း လွတ်လပ် ခွင့်နှင့်ပတ်သက်၍ လျင်မြန်သည့် တိုးတက်ဖွံ့ဖြိုးမှုများရှိလာပြီဖြစ်သည်”ဟု အခြားသော အဖွဲ့အစည်းများနည်းတူ အပြု သဘောဆောင်သည့် မှတ်ချက်ပေးသည်။ သို့သော် တိုးတက်မှုကန့်သတ်ချက်များနှင့် အန္တရာယ်များက ဆက်လက်ကျန်ရှိ နေဆဲဖြစ်သည်ဟု ဆိုသည်။

“နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) သည် မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်ခွင့်မရရှိခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်ခန့်ရှိခဲ့သည်။ အဆိုပါကာလအတွင်း မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် Democratic Voice of Burma ၏ ဗီဒီယိုသတင်းထောက်များအား အဝေးမှပင် ထောက်ပံ့မှု ပေးခဲ့ရသည်။ နောက်ဆုံးတွင် မြန်မာအစိုးရက RSF အဖွဲ့အား အမည်မည်းစာရင်းမှ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ပယ်ဖျက် ပေးလိုက်သည်” ဟု RSF အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

မြန်မာအစိုးရအနေဖြင့် မီဒီယာများအပေါ် တရားစွဲဆိုမှုများကိုလျှော့ချပြီး ဖိနှိပ်တင်းကြပ်သောဥပဒေများ အလျင် အမြန် ဖယ်ရှားပေးရေးအတွက်လုပ်ကိုင်ပေးရန် RSF ကတိုက်တွန်းထားပြီးဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေ ဖြင့်လည်း မြန်မာနိုင်ငံတွင်း အခြေခံလွတ်လပ်ခွင့်များ၊ အထူးသဖြင့် သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းမှုများ အတွက် ထောက်ပံ့မှုများပေးရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနသည် လတ်တလောအနေအထားတွင် ပုဂ္ဂလိကပိုင် ဂျာနယ် ၁၆ စောင်ကို နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပြုရန် ဧပြီလ ၁ ရက်နေ့မှစ၍ ခွင့်ပြုခဲ့သည်။ ထိုသို့ ခွင့်ပြုမှုသည် နှစ်ပေါင်း ၅၀ ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ နောက်ထပ် ဂျာနယ် ၁၀ စောင်ကိုလည်း ဧပြီလကုန်ပိုင်းတွင် သတင်းစာထုတ်ဝေခွင့် ထပ်မံပေးခဲ့ပြန်သည်။ ပြည်ပရောက် သတင်းမီဒီယာများနှင့် သတင်းစာဆရာများမှာလည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် ခဲ့ပြီဖြစ်သလို AP ၊ NHK နှင့် Kyodo News ကဲ့သို့သော နိုင်ငံခြားသတင်းဌာနကြီးများသည်လည်း ရန်ကုန်မြို့တွင် ရုံးခွဲများ ဖွင့်လှစ်ကာ လုပ်ကိုင်နေကြပြီဖြစ်သည်။  


အင်ဒိုနီးရှား၏ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် သံသယရှိသူ ၇ ဦး သေဆုံးခဲ့

(9 May 2013 ရက်စွဲပါ Channel News Asia မှ “Seven dead in Indonesia anti-terror raids”သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားရဲများသည် လွန်ခဲ့သော နှစ်ရက်အထိ အကြမ်းဖက်သမားဟု သံသယရှိသူ ၇ ဦးကို စစ်ဆင်ရေးတွင် အသေပစ်ခတ်ခဲ့ပြီး ထိုအထဲတွင်မြန်မာသံရုံးအား ဗုံးခွဲသည့်ကိစ္စနှင့် ပတ်သက်ဆက်စပ်နေသည့် သက်သေမပြနိုင်သေးသော အခြေအနေမှ သံသယရှိသူများလည်း  ပါဝင်သည်ဟု အရာရှိတစ်ဦးက ကြာသာပတေးနေ့က ပြောကြားခဲ့သည်။

နိုင်ငံ၏ အဓိကကျွန်းဆွယ်ဖြစ်သော ဂျာဗားကျွန်းဆွယ်တလျှောက်မှအိမ်များကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ယူနစ်တစ်ခုက ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ကာ သံသယရှိသူအကြမ်းဖက်သမား ၁၃ ဦးအား အရှင်ဖမ်းမိခဲ့သည်။ အဆိုပါ အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေးသည် လပေါင်းများစွာအတွင်း အင်ဒိုနီးရှား၏ အကြီးဆုံး စစ်ဆင်ရေးကြီးဖြစ်ပါသည်။

အင်ဒိုနီးရှားတွင် မြန်မာဗုဒ္ဓဘာသာအများစု၏ မူဆလင်ဆန့်ကျင်ရေးအတွက် ဒေါသကြီးထွားနေမှုကို အခြေခံသော မြန်မာသံရုံးတိုက်ခိုက်ခံရမှု အခြေအနေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသကဲ့သို့ အင်ဒိုနီးရှားရဲများသည် သံသယရှိသူ အကြမ်း ဖက်မှုများ၏ ဝင်ငွေထောက်ပံ့နေသူများကို ဖော်ထုတ်ရန်လည်း ပစ်မှတ်ထားဆောင်ရွက်ခဲ့သည်။

နောက်ဆုံးစစ်ဆင်တိုက်ခိုက်မှုတွင် ရဲများသည် ဂျာဗားဗဟိုရှိ ကီဘူးမန်းဒေသမှ ငှားရမ်းထားသော အိမ်တစ်အိမ်မှ သံသယရှိသူသုံးဦးကို အသေပစ်ခတ်ခဲ့ပြီး အခြားလေးဦးကို ကြာသပတေးနေ့ အစောပိုင်းက ၁၅ နာရီကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် ဖမ်းဆီးရရှိခဲ့ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘွိုင်ရဖလီအမ်မာက ပြောကြားခဲ့ သည်။

“သူတို့ အထဲကနေပြီး ခုခံ ပစ်ခတ်ကြပါတယ်”ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။ သူကပင် ထပ်မံ ဖြည့်စွက်၍ ထိုသူများသည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော Mujahidin Indonesia Timur (MIT) အဖွဲ့အား ထောက်ပံ့ ရန်အတွက် လုယက်တိုက်ခိုက်မှုများတွင် ချိတ်ဆက်ပတ်သက်ပါဝင်နေသည်ဟု သံသယရှိခဲ့သည်ဟု ပြောကြားသည်။

ယင်းနေအိမ်မှ ပိုက်ဗုံး၊ လက်ပစ်ဗုံးနှင့်ပစ်စတိုများကို ဖမ်းဆီးရရှိခဲ့သည်ဟု ဒေသခံရဲမှူး ဟီရူးပရစ်ဆာဆိုနိုက ပြောကြားခဲ့သည်။

သူတို့သည် လွန်ခဲ့သော ရက်သတ္တပတ်က မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်ပတ်သက်ခဲ့သည် ဆိုပါကလည်း ရဲအဖွဲအနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါလိမ့်မည်ဟု အမ်မာက ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ရဲများသည် အနောက်ဂျာဗားရှိ ဘန်ဒေါင်းမှ အိမ်တစ်အိမ်တွင် ပုန်းခိုနေကြသော၊ မြန်မာဖြစ်စဉ်တွင် ပါဝင်သည်ဟုသံသယရှိသူ ၃ ဦးကို အသေပစ်ခဲ့သည်။ သေဆုံးမှုများမှာ ၇ နာရီကြာ ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင်မှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ကြစဉ်အတွင်း ထိုသူများက အိမ်လုပ် လက်ဖြစ်ဗုံးများဖြင့် ရဲများအား ပစ်ဖောက်ခွဲခဲ့သည်။

ထိုနေ့တွင်ပင် အခြားသော စစ်ဆင်ရေးတစ်ခု၌ ဘန်တန်းခရိုင်ဒေသ၊ ဂျာဗားအလယ်ပိုင်းမှ ရဲများသည် သံသယ ရှိသူတစ်ဦးကို အသေပစ်ခတ်ခဲ့ပြီး အကြမ်းဖက်မှုများကို ထောက်ပံ့ရန် ရတနာဆိုင်တစ်ဆိုင်အား လုယက်သည်ဟု ဒုတိယ သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

အင်ဒိုရဲများသည် ဂျာဗားတစ်ကြောတွင် စစ်ဆင်ရေး စုစုပေါင်း ဆယ်ခုခန့်ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ဆင်ရေးများမှာ ပြီးခဲ့သောရက်သတ္တပတ်က ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်သူဟု သံသယရှိသည့် လူနှစ်ယောက်အား ဖမ်းဆီးထိန်းသိမ်းအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လတ်တလောတွင် မူဆလင်လူနည်းစုများ သေကြေကာ သောင်းနှင့်ချီ၍ ပြောင်းရွှေ့ခဲ့ကြရသော ဘာသာရေးပဋိပက္ခပေါင်းများစွာကြောင့် တုန်လှုပ်ဖွယ်အခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည်။

အင်ဒိုနီးရှားသည် အနောက်နိုင်ငံများကို ပစ်မှတ်ထားသော သေလောက်အောင်ဆိုးဝါးသည့် တိုက်ခိုက်မှုများ လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက ထွက်ပေါ်လာပြီးနောက်တွင် အကြမ်းဖက်မှုကွန်ယက်များကို ဖြိုခွင်းမှုများအစပျိုး လုပ် ဆောင်လာခဲ့သောကြောင့် အဓိက စစ်သွေးကြွအုပ်စုများမှာ အားနည်းလာခဲ့ပါသည်။

သို့သော်လည်း အရှေ့အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာ သူရဲကောင်းအဖြစ် ခံယူထားသည့် Mujahidin ndonesia Timur များမှာ ယခုထိ ဖြိုခွင်းမှုများကို ကောင်းကောင်းကြီး ရှောင်လွှဲကာ ဆူလာဝီစီကျွန်း၊ ပိုဆိုအနီးရှိ တောထဲတွင် ပုန်းခို လျှက်ရှိပါသည်။

 


မြန်မာဓာတ်ငွေ့တင်ပို့မှု စံချိန်တင်

(Natural Gas Asia မှ 9 May 2013 ရက်စွဲပါ “Myanmar Gas Exports hit record”သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by online

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်ငွေ့တင်ပို့ရောင်းချမှုသည် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၃.၇ ဘီလီယံဖြင့် စံချိန်တင်လိုက်ပြီဖြစ်သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့ရောင်းချရမှု တန်ဘိုးမှာ ဒေါ်လာ ၃.၅ ဘီလီယံရှိခဲ့သည်။ ၂ နှစ်ပေါင်း ဝင်ငွေ ဒေါ်လာ ၇.၂ ဘီလီယံ ရရှိမှုကြောင့် သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ ထိပ်တန်းပို့ကုန် ဖြစ်သွားပြီဟု ပြည်တွင်း မီဒီယာက ဆိုပါသည်။

မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာတွင် ဒဿမမြောက် ဓာတ်ငွေ့အများဆုံးတင်ပို့ရောင်းချသော နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။ လက်ရှိတွင် ထွက်ရှိနေသော သဘာဝဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံသို့ရောင်းချလျှက်ရှိပြီး တစ် ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၃၀ ခန့် တင်ပို့နေသည်ဟု တရားဝင်သတင်းများက ဆိုပါသည်။

အဆိုပါသဘာဝဓာတ်ငွေ့များကို နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတမ်းရှိ ရတနာနှင့် ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းများမှ အဓိက ထွက်ရှိနေခြင်းဖြစ်သည်။

ယခုနှစ်ကုန်တွင် ရွှေနှင့် ဇောတိက ဓာတ်ငွေ့စီမံကိန်းများမှ ဓာတ်ငွေ့များစတင် တင်ပို့သည့်အချိန်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်ငွေ့တင်ပို့ရောင်းချမှု ပိုမိုတိုးမြင့်လာသည်ဟု သိရှိရသည်။

ယခုကဲ့သို့ ဓာတ်ငွေ့ရောင်းချသည့်ဝင်ငွေ စံချိန်တင်မြင့်တက်လာချိန်နှင့် အရပ်ဖက်အစိုးရ ပွင့်လင်းမြင်သာမှု ရှိလာ ချိန်တို့ တိုက်ဆိုင်နေခြင်းသည် မြန်မာနိုင်ငံအတွက် ကံကောင်းခြင်းလက်ဆောင်တစ်ခုဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ် သူများက မှတ်ချက်ပေးကြသည်။

ယခင်တပ်မတော်အစိုးရလက်ထက်ကမူ အာဏာရှင်အကြီးအကဲ၏ သဘောတစ်ခုတည်းဖြင့် ယင်းဝင်ငွေများကို စိတ်တိုင်းကျ စီမံခန့်ခွဲခဲ့ပြီး နိုင်ငံနှင့် ပြည်သူတို့ထံ ထုတ်ပြန်အသိပေးခြင်း မရှိခဲ့ပေ။

 


အခြေခံဥပဒေ ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

(Bangkok Post မှ 10 May 2013 ရက်စွဲပါ “Suu Kyi predicts charter change”သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်က ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်မှုများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ တွန်းအားပေးနိုင်ဖွယ်ရှိသည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြား သည်။

“၂၀၁၅ မတိုင်မီ အခြေခံဥပဒေကိုပြင်ဆင်ဖို့ ကြိုးစားကြမှာပါ။ ကျွန်မတို့လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

၁၉၈၉ မှ ၂၀၁၀ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက လစ်လပ် ၄၅ နေရာအနက် ၄၃ နေရာအနိုင်ရရှိပြီးနောက် သူမ ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအစိုးရ၏ ထိပ်တန်းအာဏာပိုင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သော ဆက်ဆံရေးကို တည်ဆောက်ထားပါ သည်။

သမ္မတဦးသိန်းစိန်သည် စစ်သားလူထွက်အများစုဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ပြီးနောက် လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်လျှက်ရှိသည်။

“အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရမယ့် အရေးကြီးကိစ္စရပ်တွေကို အကြီးတန်းပြည်ခိုင်ဖြိုးပါတီဝင်တွေက တင်ပြ ခဲ့ကြပြီး ကန့်ကွက်မှုမရှိ အတည်ပြုနိုင်ခဲ့တဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီကလည်း လိုလားတယ်လို့ ကျွန်မယုံကြည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော တပ်မတော်လွှမ်းမိုးမှုကို ပျက်ပြယ်စေမည့် ဥပဒေမှန်သမျှကို အလုံအလောက် ပယ်ချနိုင်ရန် လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ၂၅ % ထည့်သွင်းထားသော အချက်မှာ ၂၀၀၈ အခြေခံဥပဒေ၏ အငြင်းပွားဆုံး ကိစ္စဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးသည် ခက်ခဲလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံထားပါသည်။

မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ၂၀၁၅ တွင် စီစဉ်ထားပြီး ပြည်ပနိုင်ငံသားနှင့် လက်ထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရွေးပွဲမဝင်နိုင်အောင် လက်ရှိအခြေခံဥပဒေက တားဆီးထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့နိုင်ငံမှာတစ်ကယ်ပဲ ငြိမ်းချမ်းရေးရနိုင်မယ့် အခြေအနေရှိသားပေါ့နော်။ ငြိမ်းချမ်းရေးရဖို့ဆိုတာဟာ တစ်ခါ အပစ်အခတ်ရပ်စဲရေး သဘောတူရုံနဲ့ မမြင်ပါဘူး။ ဒီ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့လိုပါတယ်။အဲဒီလို ထိန်းသိမ်းထားနိုင်မယ့် ခြေလှမ်းတွေကျွန်မတို့အများကြီး လှမ်းဖို့လိုပါသေး တယ်။ အဲဒါတွေ မလှမ်းရသေးလို့ ဒီလိုစစ်ပွဲတွေက ပြန်ဖြစ်နေတာပေါ့။ အဲဒီမှာဆိုရင်လည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကလည်း ပါတယ်လို့ ယုံကြည်ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၇) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ပိုမိုရှင်သန်လာမည် အားလုံးအတွက် အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင် ပါတီကြီးတစ်ခုကပဲ အမြဲတမ်း အနိုင်ရတယ်။ ဒါ့ကြောင့် အချိုးကျတဲ့ကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးမယ်ဆိုရင်စစ်မှန်တဲ့ ပါတီစုံစနစ် ထွန်းကားပြီးတော့ ရွေးကောက်ခံအာဏာရှင် စနစ်ကို တားဆီးနိုင်မယ်။ ဒီ စနစ်ကို ဆောင်ရွက်သွားဖို့အတွက် အားလုံးကို တိုက်တွန်းချင်ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၇) တွင်ပါရှိသော “အချိုးကျနှင့် နိုင်သူအကုန်ယူ မည်သည့်မဲပေးစနစ်က မြန်မာ့ဒီမိုကရေစီအရေးကိုချောမွေ့စေနိုင်မယ်” သတင်းမှ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က လွတ်မြောက်ရေးတစ်ခုတည်း သက်သက်လုပ်ဆောင်နေတာမဟုတ်ဘူး။ ဘယ်လိုပုဒ်မ ဘယ်လို ဥပဒေတွေနဲ့ အရေးယူခံရရင်နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်သလဲဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပီပီပြင်ပြင်ဖွင့်ဆိုနိုင်အောင် ထောင်ကျသွားရင်လည်း ထောင်ထဲမှာ အဆင့်အတန်းတစ်ခုအနေနဲ့ နေနိုင်အောင် အစရှိတဲ့ ကိစ္စရပ်တွေကိုပါ လုပ်ဆောင်နေပါတယ်။”

မေလ ၁၁ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင် ပါဝင်ခဲ့ခြင်းအကြောင်း ကိုကိုကြီးရှင်း” သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လို့ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုကလဲ ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ်ထွက်ပြေး” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးတွေ သိသိသာသာ အားကောင်းလာမှုအပေါ် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမြင်ပါသလဲ ။ မြန်မာနိုင်ငံကို တရုတ်လက်ထဲက အမေရိကန်လုယူသွားမှာကို တရုတ်အစိုးရက အရမ်းစိုးရိမ်နေတယ်လို့ ပညာရှင်အချို့က ဝေဖန်ထားပါတယ်။ ဒီအပေါ်ကိုဘယ်လိုမြင်ပါသလဲ။

အိမ်နီးချင်းမြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ မိတ်သစ်ဖွဲ့လာတာ အရေးပါ အရာရောက်တဲ့နေရာမှာရပ်တည်နေနိုင်လာတာကို မြင်ရတဲ့အတွက် ကျွန်တော်တို့အတိုင်းမသိဝမ်းသာလွန်း ပါတယ်။ ဒီနေ့က ကမ္ဘာကြီးက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအရ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ရမယ် ဆိုတဲ့ ဦးတည်ချက်ရှိရာကို ရွေ့နေတာ ဖြစ်တယ်။ အဲဒါကြောင့် Zero Sum Games (သူနိုင် ငါရှုံး၊ ငါနိုင် သူရှုံး သီအိုရီ) ဆိုတဲ့ အကြောင်းအရာတွေက အခုချိန်မှာ အကျုံးမဝင်တော့ပါဘူး။ တရုတ်နိုင်င့ကလည်း မြန်မာနိုင်ငံ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆို မည်သည့်နိုင်ငံနှင့်မဆို လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ထား ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၈) တွင်ပါရှိသော “အောင်မြင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးခြင်းအားဖြင့် ဖြေရှင်းသွားမှာပါ” အင်တာဗျူးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးဌာနအကြီးအကဲ Mr.Gao Mingbo ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  1. ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်
  2. လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိ လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အင်အားကြီးပါတီ တစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီတို့နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၅ အမှီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မေလ ၈ ရက်နေ့မှစတင်၍ ၃ ရက်ကြာမီကာဆာ ပာိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံသားများယုံကြည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် အမြန်ဆုံးပြင်ဆင်မှသာ ပြည်သူများ၏ ယုံကြည်မှုကို ရရှိမည်ဖြစ်သည့်အပြင်ဥပဒေပြင်ဆင်ရန် လက်ရှိလွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကဆက် လက် ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဆစ်ဒနီနိုင်ငံမှ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးရှိ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များတက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းအင်အားကြီး ပါတီတစ်ခု ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု တက်ရောက်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို အရေး ကြီး အဆိုအဖြစ်တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံခဲ့သည့်အတွက် မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

YC


ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်

မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ပေးပို့မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် ယခုနှစ်မေလကုန်တွင် တရုတ် နိုင်ငံသို့ ဓာတ်ငွေ့များစတင်ပေးပို့တော့မည်ဖြစ်ကြောင်း အဆိုပါပိုက်လိုင်းစီမံကိန်း လုပ်ဆောင်လျက်ရှိသည့် SEAGP နှင့် SEAOP တို့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်သို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ပိုက် လိုင်း ဖြတ်သန်းရာဒေသတစ်လျှောက်တွင် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်း ရပ်ဆိုင်းစေရေးအတွက် ကန့်ကွက်ဆန္ဒပြ မှုများ၊ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ထံသို့ စာပေးပို့တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတည်ဆောက် ပြီးစီးသွားပြီဖြစ်သည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုင်လိုင်းမှာ ၇၉၃ ကီလိုမီတာရှည်လျားပြီး တစ်နှစ်လျှင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပေးပို့သည့်အတွက် တစ်နှစ်လျှင် ပိုက်လိုင်းဖြတ်သန်းခအဖြစ် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၈၁ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဆက်သွယ်ဖောက်လုပ်မည့် ရွှေသဘာဝဓာတ်ငွေ့နှင့်ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုများနှင့်ပတ်သက်၍ ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိဆီဒိုးနားပာိုတယ်၌ သတင်းစာ ရှင်း လင်းပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် မြေယာသိမ်းဆည်းသည့် ကိစ္စရပ်နှင့် ပတ် သက်၍ ကုမ္ပဏီမှမကွေးတိုင်းအတွင်းရှိ လျော်ကြေးပေးမှုအားလက်ခံသည့် ရွာတစ်ရွာမှလွဲ၍ ကျန်လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူဒေသတွင် လျှပ်စစ်မီးရရှိရေးအတွက် ဒေါ်လာ ၁၀ သန်းထောက်ပံ့ခဲ့ သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ သန်း အကုန်အကျခံ ထားကြောင်း ပြောဆိုရှင်းလင်းသွားခဲ့သည်။

လက်ရှိ ပြည်ပနိုင်ငံသို့ဓာတ်ငွေ့ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း အသီး သီး ပိုင်ဆိုင်ကြောင်း သိရသည်။

YC


လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ခု ရေးဆွဲ၍ လာမည့်လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။

ယခု လွှတ်တော်သို့တင်သွင်းမည့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား လူ့အခွင့် အရေးအဖွဲ့ကို ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် Paris Principles စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်သကဲ့သို့ ရေးဆွဲပြီးပါက လူထုသို့ ချပြရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထို့ပြင် အဆိုပါဥပဒေကြမ်း ရေးဆွဲရာတွင် လူမှုလူ့အဖွဲ့အစည်းများရှိ လူတန်းစားအသီးသီး၏ အမြင်ကိုသိရှိရန် လိုအပ်သကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာစကားများဖြင့် ရေးသားဖော်ပြသင့်သည့် အပြင် လူထုဆန္ဒသိရှိနိုင်စေရန် လွှတ်တော်အနေဖြင့်လည်း အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရေးဆွဲလျက်ရှိသည့် ဥပဒေမူကြမ်းသည် အာရှပစိဖိတ် ဒေသတွင်းရှိပညာရှင်များနှင့် အနောက်နိုင်ငံများရှိလူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ၏အကြံဉာဏ်များဖြင့် ရယူ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၌ သမ္မတအမိန့်ဖြင့်အငြိမ်းစားသံအမတ် ကြီးများ၊ အငြိမ်းစားပါမောက္ခများနှင့် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive