Transparency Myanmar

transparency.myanmar@gmail.com

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တပတ်အတွင်းစီးပွားရေးသတင်း

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြလိုက် ပါသည်။

သတင်းအဖွဲ့

(၁) အစီရင်ခံစာမြန်မာ ၂၀၁၄

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) နှင့် Oxford Business Group (OBG) တို့မှ ပူးပေါင်း၍ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအား သုံးသပ်တင်ပြထားသည့် အစီရင်ခံစာတစ်စောင်အား ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထုတ်ဝေကာ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုထုတ်ဝေဖြန့်ချီမည့် အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခြုံငုံသုံးသပ်မှုများ၊ အခြေခံအဆောက်အအုံ တိုးတက်ဖြစ်ထွန်းမှုများ၊နှင့် ဘဏ်စနစ်ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ကျွမ်းကျင်ပညာရှင်များ၏ လေ့လာချက်များဖြင့် သုံးသပ် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ထုတ်ဝေမည့် အစီရင်ခံစာကို “အစီရင်ခံစာမြန်မာ ၂၀၁၄”ပာု အမည်ပေးထားခြင်းဖြစ်သည်။

အစီရင်ခံစာမြန်မာ ၂၀၁၄ ထုတ်ဝေပြီးပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို လေ့လာသုံးသပ် သိရှိသွားနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပေးစွမ်းနိုင် မည်ဖြစ်ကြောင်း သိရသည်။

 

(၂) စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ

လက်ရှိ မြန်မာနိုင်ငံအစိုးရသစ်၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ နိုင်ငံတွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ပိုင်စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ကုန်သည်/ စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 လက်ရှိ ကျင့်သုံးလျက်ရှိသော စီးပွားရေးဆိုင်ရာမူဝါဒများတွင် အားသာချက်၊ အားနည်းချက် များ ရှိသည့်အတွက် အချို့နေရာများတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်စေမှုကြောင့် အစိုးရပိုင်းနှင့် ပုဂ္ဂလိက ပူးပေါင်းကာ အဆိုပါအခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU)နိုင်ငံများမှ မြန်မာနိုင်ငံအား ဇွန်လအတွင်း ပြန်လည်ပေးအပ်မည့် အထွေထွေကုန်သွယ်ခွန် လျှော့ပေါးရေးစနစ် (Generalized Syetem of Preferences-GSP) အခွင့်အရေးစနစ်နှင့်ပတ်သက်၍ ပထမအကြိမ်အစည်းအဝေးကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ်အစည်းအဝေးကို မေလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ထပ်မံ၍ အဆိုပါ GSP စနစ်အား ထိရောက်စွာအသုံးချနိုင်ရေးအတွက် မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ တို့တွင်လည်း တတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်သည်။

(၃) ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ငါးဆ တိုးတက်လာကြောင်း သိရှိရသည်။ အစိုးရသစ်တာဝန်ယူပြီး နောက်ပိုင်း နှစ်တာကာလအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလီယံ၊ လုပ်ငန်းပေါင်း ၉၄ ခု၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှု ကျပ် ၁ ဒသမ ၁ ထရီလီယံ၊ လုပ်ငန်းပေါင်း ၆၅ ခုရှိပြီး အလုပ်အကိုင်ရရှိသူ ၈၇၀၀၀ ဦးကျော် ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိကျသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် သီလဝါရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်လျှက်ရှိပြီး ကုန်သွယ်မှုတိုးတက်လာစေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် အခွန်အခဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျှက်ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိဆောင်ရွက်မည့် အမျိုးသားဘက်စုံတိုးတက်ရေးစီမံကိန်း ( National Comprehensive Development Plan – NCDP) ကိုရေးဆွဲလျှက်ရှိသည်။

နိုင်ငံ၏ စီးပွာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆက်သွယ်ရေးကဏ္ဍသည် အရေးကြီးသောနေရာမှ ပါဝင်လျှက် ရှိသည်။ မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးစနစ် အားကောင်းလာစေရန်အတွက် ၂၀၁၅ နှစ်သို့အရောက်တွင် ဖုန်းသိပ်သည်းဆ ကို ၅၀ ရာခိုင်နှုန်းအထိ ရှိလာစေရန် ရည်မှန်းထားသောကြောင့် လာမည့် ဇွန်လအတွင်း ဆက်သွယ်ရေးအော်ပရေတာ အဖြစ် ရွေးချယ်ခြင်းခံရမည့် ကုမ္ပဏီနှစ်ခုသည် ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိနေသည်။

 

(၄) MIC ၏ ခွင့်ပြုချက်များ

IGE၊ ရွှေတောင်၊ Green Asia၊ သူရိယစွမ်းအင်ကုမ္ပဏီလီမိတက် အပါအဝင် ကုမ္ပဏီ ငါးခုအား သီလဝါ ဆိပ်ကမ်းဆိပ်ကမ်းဒေသရှိ မြေယာ ၁၃၆ ဧကအပေါ်တွင် ဆီအတင်အချဆိပ်ခံတံတား တည်ဆောက်ရန်နှင့် ဆီသိုလှောင်ကန်များ တည်ဆောက်၍ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ခွင့်ပြုမိန့်များကို MIC မှခွင့်ပြုပေးခဲ့သည်။

ထို့သို့ မြေဌားရမ်း၍ စက်သုံးဆီအတင်အချ ဆိပ်ခံတတားနှင့် ဆီသိုလှောင်ကန်များတည်ဆောက်ပြီး စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးသည့်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ရွှေတောင်ကုမ္ပဏီ အားမြေနေရာ ၂၄ ဒသမ ၇၁ ဧက၊ IGE Co.,Ltd အား မြေနေရာ ၂၄ ဒသမ ၇၁ ဧက၊ Green Asia Co.,Ltd အား မြေနေရာ ၂၄ ဒသမ ၇၁ ဧက ၊ သူရိယစွမ်းအင်ကုမ္ပဏီအား မြေနေရာ ၂၄ ဒသမ ၇၁ ဧက၊ ပိတောက် ရွှေဝါကုမ္ပဏီအား မြေနေရာ ၃၇ ဒသမ ၀၆ ဧက ပေးအပ်ခဲ့သည်။

 

(၅) နယ်စပ်ကုန်သွယ်ရေး

မြန်မာနှင့်ထိုင်းနိုင်ငံအကြား နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေသော နယ်စပ် စခန်း (၃) ခုဖြစ်သည့် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကီးကင်းနယ်စပ်ကုန်သွယ်ရေးစခန်း၊ မယ်ဆင်နန်း နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို မေလအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွက် မြန်မာနိုင်ငံဘက်မှ တရားဝင် ဖွင့်လှစ်ထားသော မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုသာ ရှိသေးသည့်အတွက် ယခုဖွင့်လှစ်မည့် နယ်စပ်ကုန်သွယ်ရေးစခန်းသုံးခုနှင့်ဆိုပါ စုစုပေါင်း ၇ ခုအထိရှိလာမည့်ဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဆိုင်ကလုန်းမဟာစင် အားပျော့သွားခြင်းကြောင့် ထိခိုက်မှုနည်းသွားကြောင်း ကုလအကဲဖြတ်

(UN News Center မှ 17  May 2013 ရက်စွဲပါ  “UN assesses Law damage from weakened Cyclone Mahason in Bangladesh, Myanmar “ သတင်းကိုဘာသာပြန်ဆိုသည်။ )

  1. တိုက်ခိုက်မှုကြောင့် ပိုက်လိုင်းအစီအစဉ်ကိုမထိခိုက်

(Energy Tribune မှ 17 May 2013 ရက်စွဲပါ “Myanmar pipeline on schedule despite attack” သတင်းကို ဘာသာပြန်သည်။)


ဆိုင်ကလုန်းမဟာစင် အားပျော့သွားခြင်းကြောင့် ထိခိုက်မှုနည်းသွားကြောင်း ကုလအကဲဖြတ်

(UN News Center မှ 17  May 2013 ရက်စွဲပါ  “UN assesses Law damage from weakened Cyclone Mahason in Bangladesh, Myanmar “ သတင်းကိုဘာသာပြန်ဆိုသည်။ )

ယမန်နေ့ အပူပိုင်းဆိုင်ကလုံးမဟာစင် ဝင်ရောက်တိုက်ခတ်သွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာဒေသများကို ကုလသမဂ္ဂအေဂျင်စီများနှင့် လုပ်ဖော်ကိုင်ဖက်များက အကဲဖြတ်နေကြပြီဖြစ်ပြီး အားလျော့ပျက်ပျယ်သွားသော ဆိုင်ကလုံး ကြောင့် မူလကစိုးရိမ်ထားသလောက် ထိခိုက်ပျက်စီးမှုမရှိဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ၆ဦးသေဆုံးပြီး ရေလွှမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိသည်ဟု သတင်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဖက်တွင် အသေအပျောက်မရှိဟု သတင်းထုတ်ပြန်ထားကြောင်း ကုလလူသားချင်း စာနာမှုညှိနှိုင်းရေးဌာန OCHA ကအစီရင်ခံစာထုတ်ပြန်သည်။

OCHA အစီရင်ခံစာတွင် “ အကဲဖြတ်သုံးသပ်မှုများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ လွန်ခဲ့သော ငါးရက်က ခန့်မှန်းထားသလောက် ပျက်စီးမှုမရှိကြောင်း၊ အိမ်ခြေပျက်စီးမှုအနည်းငယ်သာရှိကြောင်း” ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ခံဒေသများပေါ်သို့ လေကြောင်းမှပျံသန်း အကဲဖြတ်ရာတွင် သိသိသာသာပျက်စီးမှု မရှိသော်လည်း နေရာကွက်၍ ရေလွှမ်းမိုးမှုရှိနေပြီး၊ သောက်သုံးရေ အညစ်အကြေးစွန့်ပစ်မှုနှင့် ယာယီခိုလှုံရန်နေရာ အနည်းငယ်သာ ရှိသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံဖက် ရခိုင်ပြည်နယ်တွင်မူ ကုလသမဂ္ဂနှင့် အင်ဂျီအိုအဖွဲ့များက ဒုက္ခသည် ၁၂၀,၀၀၀ခန့်ကို ဘေးကင်းရန် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းပေးခြင်းအပါအဝင် ကြိုတင်ပြင်ဆင်မှုများကို မတ်လကတည်းကပင် ဆောင်ရွက်ခဲ့ကြပြီး၊ အာဏာပိုင်များကလည်း အနီးကပ်ကာကွယ်ရေး အစီအမံများဆာင်ရွက်ခဲ့သည်။

ကနဦး အကဲဖြတ်ချက်များအရ မုန်တိုင်းကြောင့် သိသိသာသာထိခိုက်ပျက်စီးမှုမရှိကြောင်း ညွှန်ပြနေသော်ငြားလည်း မုတ်သုံမိုးရာသီ ဆက်လက်ဝင်ရောက်လာမှုကြောင့် အိုးမဲ့အိမ်မဲ့ဒုက္ခကို ဆက်လက်ရင်ဆိုင်နေရမည့် အရပ်သားများကို အကာအကွယ်ပေးရန်အတွက် ၄င်းဒေသမားကို ကုလအေဂျင်စီများနှင့် လုပ်ဖော်ကိုင်ဖက်ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်လေ့လာ စောင့်ကြည့်လျက်ရှိသည်။


 

တိုက်ခိုက်မှုကြောင့် ပိုက်လိုင်းအစီအစဉ်ကိုမထိခိုက်

(Energy Tribune မှ 17 May 2013 ရက်စွဲပါ “Myanmar pipeline on schedule despite attack” သတင်းကို ဘာသာပြန်သည်။)

ယခုနှစ်ကုန်တွင် တရုတ်နိုင်ငံသို့ ပိုက်လိုင်းနှစ်သွယ်ဖြင့် ရေနံနှင့်ဓာတ်ငွေ့စတင်ပို့မည့်ု အစီအစဉ်သည် မြန်မာသူပုန်များ၏ ယခုသတင်းပတ်တိုက်ခိုက်မှုကြောင့် နှောင့်နှေးကြန့်ကြာမည်မဟုတ်ကြောင်း မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နယ်စပ်မှ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သူပုန်များပစ်ခတ်မှုကြောင့် CNPC တရုတ်ရေနံကုမ္ပဏီအတွက် ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်နေသူ မြန်မာနိုင်ငံသားနှစ်ဦးသေဆုံးသွားသည်ဟု မြန်မာစွမ်းအင်ဝန်ကြီးဦးဌေးအောင်က ပြောကြားသည်။

“ဒီဖြစ်ရပ်ကြောင့် စီမံကိန်းသတ်မှတ်ကာလကို ထိခိုက်စရာမရှိပါဘူး။ တည်ဆောက်မှုတွေတော့ ပြီးစီးကာနီးနေပါပြီ။ ရေနံစိမ်းပို့လွှတ်ဖို့ရက် မသတ်မှတ်ရသေးပေမယ့် ဇူလိုင်လမှာ ပထမဦးဆုံးဓာတ်ငွေ့ပို့လွှတ်နိုင်တော့မှာပါ။ ရေနံစိမ်းကိုလည်း ဒီနှစ်အတွင်း ပို့လွှတ်နိုင်အောင်ကြိုစားမှာပါ“ ဦးဌေးအောင်ကဆိုပါသည်။

တရုတ် CNPC ကုမ္ပဏီက ရှယ်ယာအများစုထည့်ဝင်ထားသော အဆိုပါပိုက်လိုင်းများကို ဘင်္ဂလားပင်လယ်အော် ကမ်းခြေ ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ သွယ်တန်းထားခြင်းဖြစ်ပြီး၊ တည်ဆောက်မှုပြီးစီးချိန်တွင် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၄၄၀,၀၀၀ နှင့် တစ်နှစ်လျှင်သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။

သို့သော်လည်း ယခုသတင်းပတ် တိုက်ခိုက်မှုအပါအဝင် အပစ်ရပ်သဘောတူညီမှုရရှိခဲ့သော်လည်း ပြီးခဲ့သောလပိုင်းများအတွင်း တရုတ်နယ်စပ်တွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

ဒေသခံရွာသား ၂၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသော အစိုးရတပ်နှင့်ရှမ်းတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြီးတွင် ပြန်လည်အေးချမ်းနေပြီဟု အာဏာပိုင်များကို ကိုးကား၍ ပြည်တွင်းမီဒီယာက သတင်းထုတ်ပြန်ထားသည်။

ပိုက်လိုင်းကာကွယ်ရေးနှင့် ဆက်စပ်နေသည့် လုံခြုံရေးကိစ္စများအပေါ် မှတ်ချက်ပေးရန် ဦးဌေးအောင်က ငြင်းဆိုသည်။

ပိုက်လိုင်းများနှင့် ပထမဆုံးဆက်စပ်နေသည့် တနင်္လာနေ့ကတိုက်ခိုက်မှုနှင့်ပတ်သတ်၍ မည်သည့်အုပ်စုကမှ တာဝန်ခံခြင်းမရှိပေ။ ရှမ်အုပ်စု RCSS ၏ လက်နက်ကိုင်တပ်ဖွဲ့ကလည်း ယင်းတိုက်ခိုက်မှုနှင့် မပတ်သတ်ကြောင်း ငြင်းဆိုသည်။

၎င်းပိုက်လိုင်းများသည် စွမ်းအင်ဖူလုံမှုအတွက် ဘီဂျင်း၏ ကြိုးပမ်းမှုတွင် မဟာဗျူဟာမြောက်အရေးပါသော စီမံကိန်းဖြစ်သည်။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ တရုတ်ဧည့်ပါမောက္ခ ဇူဟောင်က ” ဒီတိုက်ခိုက်မှုဟာ တရုတ်ကုမ္မဏီတွေနဲ့ အစိုးရတာဝန်ရှိသူတွေအတွက် ကြီးကြီးမားမားစိုးရိမ်စရာကိစ္စဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား နိုင်ငံရေးဆက်ဆံမှု မကောင်းတော့ လို့ မနှစ်ကမြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု သိသိသာသာထိုးကျသွားခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ တရုတ်တို့အနေဖြင့် ၄င်းပိုက်လိုင်းများတည်ငြိမ်လုံခြုံရေးအတွက်  ဝ အုပ်စု UWSA ကို စစ်ရေးထောက်ပံမှုရက်ဆိုင်းခြင်းဖြင့် အလှဲအလှယ်လုပ်ရဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နှစ်ပေါင်း ၅၀ နီးပါးအတွင်း ဖြစ်ပေါ်လာတဲ့ နေပြည်တော်-အိမ်ဖြူတော်ခေါင်းဆောင်များရဲ့ သံခင်းတမန်ခင်း ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်နွယ်အကျိုးဖြစ်ထွန်းစေမှာ ဖြစ် ပါတယ်။ အခု အမေရိကန်ဘက်ကချမှတ်ထားတဲ့ တစ်ဆင့်ချင်းတက်လှမ်းနေတဲ့ မူဝါဒအရလည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးစတဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ကူညီထောက်ပံ့မှု အများကြီးပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးစနစ်၊ စီးပွားရေး၊ လူမှုရေးတွေမှာ လည်း Rule of Law ကို ခိုင်ခိုင်မာမာတည်ဆောက်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခုမှဒီလမ်းကြောင်း ကို လျှောက်ရတာဖြစ်တဲ့အတွက် ရှေ့ကဦးဆောင်နေတဲ့ နိုင်ငံကြီးတွေအနေနဲ့ အတွေ့အကြုံတွေ၊ နည်းပညာ တွေ၊ ထောက်ပံ့ကူညီမှုတွေအများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါတွေကို သမ္မတကြီးရဲ့ အိမ်ဖြူတော် ခရီးစဉ်မှာ ဆွေးနွေးဖော်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

မေလ ၁၈ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “သမ္မတဦးသိန်းစိန် အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် စတင်ထွက်ခွာ” သတင်းမှ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသားပြန်လည်စိစစ်ရေး ကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “နိုင်ငံရေးအကျဉ်းသားအချို့လွတ်မြောက်မှု အမေရိကန်ကြိုဆို” သတင်းမှ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ)၏  ပြောကြားချက်အားကောက်နှုတ်ချက်။


“အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေတဲ့ လှုပ်ရှားသူတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုသဟဇာတဖြစ်အောင် လုပ်မလဲ။ နားလည်မှု ဘယ်လိုတည်ဆောက်မလဲဆိုတာ တစ်ချိန်တည်းမှာ အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ တစ်ခါတလေကျတော့ issue တွေဟာ လူထုခေါင်းဆောင်တွေကို ဆွဲချစေတဲ့၊ ပွန်းပဲ့စေတဲ့ ကိစ္စဖြစ်သွားပါတယ်။ တစ်ကယ်က အဲဒီနေရာ တွေမှာ လူစားမထိုးဘဲနဲ့ လူထုခေါင်းဆောင်တွေကို အနာတရဖြစ်မယ့် ကိစ္စကို issue အလိုက် ဆောင်ရွက်နေ တဲ့လူတွေအနေနဲ့ အလေးအနက်ထားရမယ်။ တစ်နိုင်ငံလုံးပြဿနာကို စဉ်းစားနေတဲ့ လူထုခေါင်းဆောင် တွေဘက်ကလည်း ဖြစ်နေတဲ့ပြဿနာတွေနဲ့ လူထုခံစားချက်တွေကို မှန်မှန်ကန်ကန်နားလည်အောင် ကြိုးစား ဖို့လိုတယ်။”

မေလ ၂၀ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၄) အမှတ် (၃၁) တွင်ပါရှိသော “အသွင်ကူးပြောင်းရေး ကာလတွင် အားလုံးညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်  (၈၈) ကိုကိုကြီးတိုက်တွန်း” သတင်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ ဒီပွဲက တိုင်းရင်းသားတွေနဲ့ အလွတ်သဘောတွေ့ဆုံတာပါ။ အဓိကကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါမှာလိုအပ်တာတွေ ထောက်ပြပြီး အစိုးရဘက်ကတက်နိုင်ရင် လုပ်ဆောင်ပေး ဖို့ပါပဲ။”

မေလ ၁၈ ရက်နေ့ထုတ် The Yangon Time နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ငြိမ်းချမ်းရေးဆွေးနွေးပွဲ များဆိုင်ရာ ကိစ္စ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဝန်ကြီးဦးအောင်မင်းအဖွဲ့နှင့် MPC တွင် အလွတ်သဘောတွေ့ဆုံ” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင်ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက် နှုတ်ချက်။


“ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါတပ်စခန်းအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးစရာတွေရှိတယ်။ မူလသဘောတူထားတဲ့အချက်မှာ မပါတဲ့နေရာတွေမှာ ချက်ချင်းဝါးတဲတွေဝင်ဆောက်ပြီး စခန်းတွေ လုပ်တယ်။ ဒါ့ကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေရတယ်လို့ ပြောလို့ရတယ်။”

မေလ ၁၈ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သဘောတူချက်မှာ မပါတာတွေကို လုပ်ကြတယ် ချက်ချင်းဝါးတဲတွေဆောက် စခန်းတွေလုပ်ကြတယ်” သတင်းမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive