Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးမျက်နှာစာတွင် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ဟု ဂိုချောက်တောင်ပြော

(5 June 2013 ရက်စွဲပါ Channel News Asia မှ Myanmar made progress on political, economic fronts: ESM Goh ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ပွဲရှေ့တန်းမြန်မာနယ်စပ်

(2013 June 5 ရက်စွဲပါ ABC news မှ Myanmar border the front line in China’s drug fight သတင်းဆောင်းပါးအား ဘာသာပြန်ဆိုသည်)

  1. ကချင်ပဋိပက္ခကြောင့် လူကုန်ကူးခံရမှုများ ပိုမိုဖြစ်ပေါ်

(IRIN မှ 6 June 2013 ရက်စွဲပါ Myanmar : Kachin conflict boosts trafficking ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးမျက်နှာစာတွင် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ဟု ဂိုချောက်တောင် ပြော

(5 June 2013 ရက်စွဲပါ Channel News Asia မှ Myanmar made progress on political, economic fronts: ESM Goh ကို ဘာသာပြန်ဆိုသည်)

စင်္ကာပူနိုင်ငံ၏ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင်က ၎င်းပြီးခဲ့သည့်နှစ်ဇွန်လက လာရောက်စဉ်ကထက် စာလျှင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ထင်သာမြင်သာသော တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။

ပို၍အရေးကြီးသည်မှာ မြန်မာခေါင်းဆောင်များသည် လာမည့်ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၅ ကိုကျော်လွန်၍ တည်ငြိမ်ရေးသေချာစေရန် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်ဟုဆိုပါသည်။

Mr. Goh က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီး သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံခြင်းမှာ တစ်နှစ်အတွင်းတွင် တတိယအကြိမ် ဖြစ်ပါသည်။ နောက်ဆုံးအကြိမ်မှာ ဧပြီလက တရုတ်နိုင်ငံ ဟိုင်နန်တွင်ကျင်းပသော BOAO ဖိုရမ်တွင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အသွင်ပြောင်းနေသည့် ကာလအတွင်း မှာပင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရသည်ဟု Mr. Goh က ပြောပါသည်။

နိုင်ငံရေးမျက်နှာစာတွင် တိုးတက်မှုများရှိနေသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျနေကြောင်း ၎င်း က ဆိုပါသည်။

“စီးပွားရေးဘက်မှာ တိုးတက်မှုတွေတွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးဘက်နဲ့စာရင် နည်းနည်းနှေးကွေးနေပါ တယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံရေးဘက်မှာဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ဒီနှစ်ခု ဟာ ဆက်စပ်နေပါတယ်။ သမ္မတကိုတော့ အမြန်ဆုံးတံခါးဖွင့်မှုအတွက် အမှတ်ပေးရမှာပဲ”ဟု Mr. Goh ကပြောပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများကို ရှေ့ဆက်လုပ်ဆောင် နေသော်လည်း မကြာခဏဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အစိုးရအပေါ် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်နေပါသည်။

Mr. Goh က အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်း၏အမြင်ကိုပြောဆိုခဲ့ပြီး အလွန်ပင်စိန်ခေါ်မှုဖြစ်သော ကိစ္စရပ်ဖြစ်သည့် အတွက် အဖွဲ့အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောခဲ့ပါသည်။

“သူတို့မှာ တိုင်းရင်းသားရေးရာ တင်းမာမှုတွေ ရှိတယ်ဆိုတာသိကြပါတယ်။ အတိအကျဆိုရရင် ဗုဒ္ဓဘာသာနဲ့ မူဆလင်ကြား ဘာသာရေးပဋိပက္ခတွေ အပါအဝင်ပေါ့။ သူတို့ အကောင်းဆုံးလုပ်နိုင်မှာက ပဋိပက္ခကို အသေးဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ”ဟု ၎င်းကဆိုပါသည်။

Mr. Goh သည် သမ္မတဦးသိန်းစိန်နှင့် တစ်နာရီကြာခန့်တွေ့ဆုံခဲ့ရာ မြန်မာသမ္မတသည် အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေစဉ် ၎င်း၏တိုင်းပြည် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို အပြည့်အဝသဘောပေါက်ကြောင်း ၎င်းက ပြောပါသည်။

ဥပမာတစ်ခုအနေဖြင့် အစိုးရသည်လယ်သမားများအား ငွေကြေးထောက်ပံ့ခြင်းဖြင့် ကူညီရန်ရည်ရွယ်သည်။နောက် တစ်ခုမှာ အစိုးရသည်တိုင်းပြည်တွင် ကြုံတွေ့နေရသော လျှပ်စစ်စွမ်းအားခက်ခဲမှုကို ဖြေရှင်းနိုင်ရန် လျှပ်စစ်စွမ်းအားထုတ် စက်ရုံများ ပိုမိုတည်ဆောက်လိုပါသည်။

ပုဂ္ဂိုလ်နှစ်ဦးတို့သည် စင်္ကာပူနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးအားကောင်းမှုကိုလည်း အလေးအနက်ပြောကြား ခဲ့ပါသည်။

Mr. Goh သည်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ၎င်းကယခုနိုင်ငံရေး လုပ်ငန်း စဉ်သစ်တွင် လွှတ်တော်ဥက္ကဋ္ဌ၏ အပေါင်းလက္ခဏာ ဆောင်သောကဏ္ဍမှပါဝင်မှုကို မီးမောင်းထိုးပြခဲ့ပါသည်။ ယခုနိုင်ငံရေး ဝန်းကျင်သစ်တွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးပါလှပါသည်။

Mr. Goh ကပြောကြားရာတွင် “သူက သူ့မှာ ပါတီစွဲမရှိပါဘူး။ မြန်မာဆိုတဲ့အစွဲပဲ ရှိပါတယ်။ ဒါဟာသူ့ရဲ့လုပ် ဆောင် မှုမှာအရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ် သူလုပ်ဆောင်နေတဲ့ကဏ္ဍတစ်ခုက သမ္မတရဲ့အုပ်ချုပ်ရေး အစီ အစဉ်ကို ပံ့ပိုးပေးရေးဖြစ်ပါတယ်။ ရုပ်သေးလွှတ်တော်ဆိုရင် ဒီလိုမလုပ်နိုင်ဘူးလို့ဆိုပါတယ်။ သူတို့က အုပ်ချုပ်ရေးကို စောင့် ကြည့်ဖို့တာဝန်လည်း ထမ်းဆောင်ပါတယ်လို့ ဆိုပါတယ်။ ဒါဟာလွှတ်တော်ရဲ့ နေရာကဏ္ဍဖြစ်တယ်လို့ ဆိုပါတယ်”ဟု ၎င်း ကပြောပါသည်။

“မေးခွန်းကတော့ သူတို့ဟာအမြဲတမ်း အုပ်ချုပ်ရေးကို စောင့်ကြည့်ဖို့ပဲလား။ တိုင်းပြည်ရဲ့ အကျိုးစီးပွားတစ်ခုလုံး ကိုလည်းကြည့်ရပါမယ်။ လွှတ်တော်ဟာလွတ်လပ်တဲ့ လွှတ်တော်ဖြစ်တယ်လို့ ပြရုံပဲလား။ ရာဘာတံဆိပ်တုံး လွှတ်တော် အဖြစ် ရှုမြင်မှုနဲ့ထိရောက်တဲ့ လွှတ်တော်အဖြစ် ရှုမြင်မှုကြားမှာ ချိန်ခွင်လျှာ ညှိနေခြင်းဖြစ်ပါတယ်”ဟု ဆိုပါသည်။

Mr. Goh က ဦးရွှေမန်းအား အားလုံးပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ တွဲလုပ်ကိုင်နေခြင်းအတွက် ချီးကျူးခဲ့ပါသည်။

ကြာသပတေးနေ့တွင် Mr. Goh သည် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ပါသည်။


တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ပွဲရှေ့တန်းမြန်မာနယ်စပ်

(2013 June 5 ရက်စွဲပါ ABC news မှ Myanmar border the front line in China’s drug fight သတင်းဆောင်းပါးအား ဘာသာပြန်ဆိုသည်)

မြန်မာနယ်စပ်ဒေသ တစ်လျှောက်တွင် ဆိုးဝါးစွာပျံ့နှံ့နေသည့် ပြစ်မှုမှုခင်းများ၏ အမှန်တကယ်ဖြစ်ပွားနေခဲ့သည့် သက်သေအဖြစ် မတ်လတွင်မြန်မာနိုင်ငံသား မူးယစ်ဘုရင်နော်ခမ်းကို သေဒဏ်ပေးလိုက်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများ မှထုတ်ပြန်ခဲ့ကြသည်။ တရုတ်မြန်မာနယ်စပ်သည် ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားပြီး အများစုမှာတောင်တန်းနှင့် ဝေးလံ ခေါင်ဖျား ဒေသများဖြစ်၍ နယ်စပ်လုံခြုံရေးကိစ္စမှာ ခက်ခဲသော အလုပ်တစ်ခုဖြစ်နေသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့သည် မူးယစ်ဆေးနှင့် လိင်အပျော်အပါးတို့အတွက်နိဗ္ဗာန်ဘုံအဖြစ် ကျော်ကြား သော မြို့တစ်မြို့ဖြစ်သည်။ “ကျွန်တော့် သူငယ်ချင်းတွေကိုကျွန်တော် ဒီကိုအလည်ခေါ်တဲ့အခါတိုင်း သူတို့ကပြည်နယ် မြို့ တော် ကူမင်းအထိပဲ လာရဲကြတယ်လို့ ပြောတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ထင်တာက ဆေးတွေကိုနေ့ခင်းကြောင်တောင်ပဲ ရောင်းကြတယ်။ ဒါသိပ်မဆိုးသေးဘူး။ ကုန်းတွင်းဘက်မှာ ပိုဆိုးတယ်လို့ ကျွန်တော်သူတို့ကို ပြောရတယ်”ဟု ၎င်းကပြောသည်။

“အဲဒီမှာ လူဆိုးသူခိုးတွေများတယ်။ ရှုပ်ထွေးနေတာပဲ။ တိုက်ခိုက်၊ လုယက်၊ လူသတ်တဲ့လူတွေရှိတယ်။ ကျွန်တော် ကတော့ လယ်သမားအိုပဲ။ အဲဒီလိုပဲ ကျွန်တော်ပြောတယ်”ဟု အခြားတစ်ဦးကဆိုသည်။

ရွှေလီမြို့သည် တရုတ်ပြည်အနောက်ဘက်၏ အရိုင်းအစိုင်းမြို့ဟူသော သူ၏ပုံရိပ်ကို ခဝါချရန်ခက်ခဲနေသည်မှာ ထိုင်း၊ မြန်မာနှင့် လာအိုတို့ ဆက်စပ်နေသော မူးယစ်ဆေးဝါး ထုတ်လုပ်ထွက်ရှိရာ ရွှေတြိဂံဒေသနှင့် နီးစပ်နေမှုကြောင့် လည်း တစိတ်တပိုင်းသက်ဆိုင်သည်။

ယင်းဒေသရှိ မူးယစ်ဆေးဝါးများကို ယခုအခါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရေးအတွက် လိုအပ်သော သံမဏိနှင့် ဘိလပ်မြေများအား သယ်ယူပို့ဆောင်ရန် မြန်မာနှင့် တရုတ်ကြားဖောက်လုပ်ထားသော အဝေးပြေး လမ်းမသစ်များမှ သယ်ယူပို့ဆောင်နေသည်။

လွန်ခဲ့သော ၂၅ နှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ကျောင်းသားဟောင်းအောင်မြင့်က “ရွှေလီက ရှုပ်တယ်။ ဒီမှာဆိုးဝါးတဲ့ အမှုအခင်းတွေ တခြားနေရာတွေထက်ကို ပိုဖြစ်တယ်။ တချို့ကတရုတ်တွေ လုပ်တာ။ တချို့ကျတော့ မြန်မာ တွေလုပ်တာ။ တခြားနိုင်ငံသားတွေ ကျူးလွန်တာတွေလည်း ရှိတယ်”ဟု ဆိုသည်။

ဘိန်းဖြူသည် တရုတ်နိုင်ငံတွင် ယခုထိအဓိက ထိပ်ဆုံးစာရင်းတွင်ပါဝင်သော မူးယစ်ဆေးဖြစ်သည်။ ဒုတိယ လိုက်သည်မှာ speed နှင့် ice အပါအဝင် စိတ်ကြွမူးယစ်ဆေးများဖြစ်သည်။ ကုလသမဂ္ဂ၏အဆိုအရ ဒေသတွင်းဖမ်းဆီးရမိ မှုများ၏ တစ်ဝက်သည် တရုတ်နိုင်ငံမှ ဖြစ်သည်ဟုသိရပါသည်။ တရုတ်နိုင်ငံတွင်   စိတ်ကြွဆေးသုံးသူများမှာ အများအားဖြင့် အသက် ၃၅ နှစ်အောက်များဖြစ်သည်။

ရွှေလီမြို့အစွန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ရွက်ဖျင်တဲတွင် နေထိုင်သည့် Mr. Yin မှာ အသက် ၄၀ ရှိပြီ ဖြစ်ပြီး ဆေးစွဲနေသည်မှာ နှစ်၂၀ ခန့်ရှိပြီဖြစ်သည်။ “ကျုပ်တစ်ခါတလေ ဆေးသုံးတယ်။ နေ့တိုင်းတော့မဟုတ်ပါဘူး။ ကျုပ် အမှိုက်ပုံးတွေလိုက်စုတယ်။ ကျုပ်ဆေးသုံးဖို့အတွက် ငွေများများ ကျုပ်မှာမရှိဘူးလေ။ တခါတလေ လမ်းပေါ်မှာတွေ့တဲ့ ဆေးကို သုံးတယ်။ ကျုပ်သုံးတာနဲ့တူတယ်လို့ သိရင်ပေါ့။ တခါတလေလည်း ဝယ်သုံးတယ်။ ဒါပေမယ့် မြန်မာဘက်ကို သွားတဲ့အခါ ဆေးတချို့ရဖို့ ကျုပ်အတွက်ခက်ခဲတယ်”ဟု Mr. Yin ကဆိုသည်။

ရွှေလီရှိ မူးယစ်ဆေးဝါးသုံးစွဲမှုတိုက်ဖျက်ရေး ရှေ့တန်းအနီးမှလူများက တရုတ်လူငယ်များသည် သူတို့ကိုယ်သူတို့ ဆေးမစွဲနိုင်ဟု အမှတ်မှားနေကြကြောင်း ပြောကြသည်။

ပရဟိတသမား Zhang Wenjun ကို မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းနှင့် အလုပ်စခန်းများသို့ ၁၅ နှစ်အတွင်း ၆ ကြိမ်တိတိ ပို့လွှတ်ခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်အထိ ယင်းနေရာများတွင်ကြာခဲ့ပြီး ကုသမှုစနစ်များမှာ အနည်းငယ် ပြောင်းလဲနေကြောင်း ပြောကြားသည်။ “အရင်က ဆေးဖြတ်တဲ့သူတွေကို အလုပ်စခန်းတွေမှာ အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ အဲဒါက နည်းနည်းပြောင်းနေတယ်။ ဒါပေမယ့် တခြားဟာတွေတော့ အခြေခံအားဖြင့်တူပါတယ်။ သူတို့ အခု ထိ အဓိပ္ပာယ်မရှိတာတွေကို ထပ်ခါထပ်ခါလုပ်တုန်းပဲ”ဟု ၎င်းကဆိုသည်။

မလုံလောက်သော ကုသမှုနည်းလမ်းများမှာ ဆေးစွဲလန်းမှုကိုကျော်လွှားရန် အလွန်အမင်းရုန်းကန်နေရပြီး လူမှု ပတ်ဝန်းကျင်၏ အပြင်ဘက်တွင် ရှိနေဆဲဖြစ်ကာ အလုပ်အကိုင် မရှာဖွေနိုင်ကြသေးပေ။

Zhang Wenjun က သူ၏ Guiding Star အလှူအဖွဲ့သည် ဆေးဖြတ်သူများနှင့် တွေ့ဆုံဆွေးနွေး နှစ်သိမ့်မှုများ ပြု လုပ်ရာတွင် ဒေသအာဏာပိုင်များနှင့် ဆက်ဆံရခြင်းအပေါ် စိတ်ပျက်မိကြောင်း ဆက်လက်ပြောကြားသည်။“ပြီးခဲ့တဲ့နှစ်နှစ် အတွင်း နိုင်ငံခြားမှငွေကြေး အကူအညီတွေရရှိဖို့ အရမ်းခက်လာတယ်။ အခြေခံအဖွဲ့အစည်းကြီးတွေ တရုတ်ကနေ ပြန် ရုတ်သိမ်းသွားတာ ကျွန်တော်တို့အစီအစဉ်ကို အများကြီးထိခိုက်စေတယ်။ လူတွေလည်းထွက်ကုန်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့မှာ ထောက်ပံ့ရမယ့် မိသားစုတွေရှိတယ်။ သူတို့အလကား အလုပ်မလုပ်ပေးနိုင်ဘူး”ဟု ၎င်းက ပြောကြားသည်။

ထိုဒေသ၏ စီးပွားရေးသရုပ်မှန်များမှာ ရွှေလီကဲ့သို့ တရုတ်နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးတိုက်ပွဲများ အဖြစ် သို့ ပြောင်းလဲလာလိမ့်မည်ဟု ဆိုလိုသည်ဟု အောင်မြင့်ကဆိုသည်။ “မြန်မာနိုင်ငံဟာ သိပ်ဆင်းရဲတယ်။ အထူးသဖြင့် မူးယစ် ဆေးဝါးထုတ်တဲ့ နယ်စပ်တွေပေါ့”ဟု သူက ဆိုသည်။

“ပြဿနာတွေကတော့ ဆက်ရှိနေမှာပဲ။ ဆေးတွေကလည်း တရုတ်ပြည်ထဲကို ဆက်ဝင်နေဦးမှာပဲ”


      ကချင်ပဋိပက္ခကြောင့် လူကုန်ကူးခံရမှုများ ပိုမိုဖြစ်ပေါ်

(IRIN မှ 6 June 2013 ရက်စွဲပါ Myanmar : Kachin conflict boosts trafficking ကိုဘာသာပြန်ဆိုသည်)

ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများသည် ယခုအခါလူမှောင်ခိုကူးခံရမည့် အလားအလာများ ပိုမိုတိုးမြင့်လာ ကြောင်း ထိုင်းအခြေစိုက်၊ ကချင်အမျိုးသမီးအဖွဲ့(KWAT) က ဇွန်လ ၅ ရက်နေ့တွင်ထုတ်ပြန်သော အစီရင်ခံစာက ဆိုသည်။

"အမျိုးသမီးငယ် ထောင်ပေါင်းများစွာဟာ လူကုန်ကူးခံရမယ့် အန္တရာယ်နဲ့ရင်ဆိုင် ကြုံတွေ့နေရပါတယ်"ဟု KWAT မှ ပြောရေးဆိုခွင့်ရှိသူ Julia Marip က IRIN သို့ ပြောကြားသည်။

လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား စစ်မက်ပဋိပက္ခတို့က လူကုန်ကူးသူများအနေဖြင့် ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများအပေါ် ပစ်မှတ်ထား အမြတ်ထုတ်ရန် ကြီးမားသော အခွင့် အရေးတစ်ရပ်ကို ဖန်တီးပေးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

လတ်တလော ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့်တိုင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများက ဒုက္ခသည် စခန်းများသို့ ပုံမှန်ပေးပို့နေသည့် အထောက်အပံ့များ မရရှိအောင် ပိတ်ဆို့လျက်ရှိရာ ဆင်းရဲနွမ်းပါးမှုနှင့် လူကုန်ကူးမှုများ ပိုမို ဖြစ်ပေါ်စေရန် ဖန်တီးလိုက်သလိုဖြစ်နေသည်။ သတင်းပေးပို့ချက်တစ်ရပ်အရ အသက်မပြည့်သေးသော မိန်းကလေးငယ်များ ကို တရုတ်အမျိုးသားများအတွက် ရောင်းချရာတွင် ဒေါ်လာ ၆၅၀၀ အထိရရှိကြောင်း သိရသည်။ KWAT ၏အစီရင်ခံစာတွင် ပြည်တွင်းရွှေ့ပြောင်းသူများ အဓမ္မထိမ်းမြားလက်ထပ်ခိုင်းခံရမှု၊ ဖိအားပေးအလုပ်ကြမ်းစေခိုင်းခံရမှု သို့မဟုတ် လိင်ရောင်း ဝယ်မှုပြုခံရမှု ၂၄ မှုကို မီးမောင်းထိုးဖော်ပြထားသည်။

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး မဟာမင်းကြီးရုံး(UNOCHA) အဆိုအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ပြည်တွင်းရွှေ့ပြောင်းခံရသူပေါင်း ၈၅၀၀၀ ကျော်ရှိသည်။ အဆိုပါပမာဏမှာ ကေအိုင်အေ ထိန်းချုပ်ထားသည့် နယ်မြေများမှ ရွှေ့ပြောင်းခံရသူ ၅၀၀၀၀ ကျော် အပါအဝင်ဖြစ်သည်။


        

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အတွေ့အကြုံအရ ကျွန်တော်တို့ တွေ့တွေ့နေတာက နားလည်မှုယူထားကြတယ် ဆိုပေမယ့်လည်း နှစ်ဦးနှစ်ဖက် အပစ် အခတ်ရပ်စဲရေးကို တကယ်သဘောတူညီကြပြီဆိုရင်တော့ တစ်ဦးနဲ့တစ်ဦးပစ်ခတ်တာတွေ မရှိဖို့လိုတယ်လေ။ အဲလိုမဟုတ် ဘဲပစ်ခတ်တာတွေ လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက တည်ဆောက်ဖို့ ခက်လိမ့်မယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်စလုံးက တော့ ကိုယ်ထိုးထားတဲ့ ငြိမ်းချမ်းရေးကတိကို တည်ဖို့အရေးကြီးတယ်”

ဇွန်လ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နှစ်ဖက်စလုံးကသာ ကတိတည်ကြမည် ဆိုပါက ငြိမ်းချမ်းရေးမှာ ရသလောက်ဖြစ်နေပြီ” သတင်းမှ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီကနေ့ခေတ် စားသောက်ကုန်ကို ထုတ်လုပ်ဖြန့်ဖြူး စားသုံးတဲ့စနစ်ထုတ်လုပ်မှုနဲ့ စားသုံးမှုပုံစံမညီမျှမှုကြောင့် စွန့်ပစ်ပစ္စည်း အဖြစ် ဆုံးရှုံးပျက်စီးမှု မြောက်မြားစွာ ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာမှာ နှစ်စဉ်စားသောက်ကုန်ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၁ ဒဿမ ၃ ဘီလီယံတန်ဟာ စွန့်ပစ်ပစ္စည်းအဖြစ် ပျက်စီးဆုံးရှုံးနေပြီး ကမ္ဘာ့သီးနှံထုတ်လုပ်မှု ၂ ဒသမ ၃ ဘီလီယံတန်ရဲ့ တစ်ဝက်ကျော်ဖြစ်နေတာ တွေ့ရပါတယ်”

ဇွန်လ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ စွန့်ပစ်ပစ္စည်းဆိုင်ရာ မူဝါဒနှင့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြော ကြား” သတင်းမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံလို့ အမည်ခံမယ်ဆိုရင် စစ်တပ်ကလွှတ်တော်ထဲမှာ ရှိနေဖို့ မသင့်ဘူးလို့ ကျွန်တော် မြင်တယ်။ ခုဟာက တပ်မတော်သားတွေထဲက အစိုးရအဖွဲ့ထဲလည်း ပါလို့ရနေတယ်။ သမ္မတကလည်း ခန့်လို့ ရနေတယ်။ ခုဆိုလည်းကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေမှာလည်း တပ်ကိုပဲ ပေးထားတာပဲလေ။ ကျွန်တော်ကတော့ လျှော့တာ၊ ဘာတာထက် တော်လောက်ပြီလို့ပဲ ပြောချင်တယ်”

ဇွန်လ ၇ ရက်နေ့ထုတ် Hot News အတွဲ(၃) အမှတ် (၁၄၃)တွင်ပါရှိသော “တပ်မတော်ဦးစီးချုပ် အမည်တင်သွင်း သော ကိုယ်စားလှယ်များကိစ္စ”သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်၏ပြောကြားချက် အား ကောက်နှုတ်ချက်။


“ခရီးသွားလာရေးလုပ်ငန်းဟာ မြန်မာ့စီးပွားရေးရဲ့ ထောက်တိုင်တစ်ခုဖြစ်လာမယ့်အပြင် အခြေခံလူတန်းစားအပါအဝင် ပြည် သူတွေအတွက် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကိုပါ ဖန်တီးပေးနိုင်မယ့်အလားအလာတွေရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းက ဖြည့်ဆည်းပေးမယ့် ခိုင်မာတဲ့စမှတ်တွေပါပဲ”

ဇွန်လ ၆ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ADB က ကန်ဒေါ်လာ သန်း ၅၀၀ ကူညီ” သတင်းမှ ADB ဘဏ်ဒုတိယဥက္ကဋ္ဌ မစ္စတာစတီဖန်ဂရော့ဖ်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“အခြေခံအလုပ်သမားအများစု မျှော်လင့်တောင့်တနေတဲ့ အနည်းဆုံးအခကြေးငွေဥပဒေကို ပြဋ္ဌာန်းဖို့နည်းဥပဒေကို အပြီး သတ် ရေးဆွဲပြီးသွားပါပြီ။ ဝန်ကြီးဌာနအနေနဲ့ လာမည့်ရက်အနည်းငယ်အတွင်းမှာ ရှေ့နေချုပ်ရုံးကိုတင်ပြသွားမယ်။ ပြီးတာနဲ့ နိုင်ငံတော်သမ္မတဆီကို ဆက်လက်တင်ပြသွားမယ်။ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ဒီဥပဒေကို ဇွန် ၂၂ ရက်မှာ ထုတ်ပြန် သွားမယ်လို့ သတ်မှတ်ထားတယ်။ ဒီဥပဒေက အခြေခံအလုပ်သမားတွေအတွက် အများဆုံးအကျိုးရှိတဲ့ ဥပဒေဖြစ်ပါတယ်”

ဇွန်လ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အနည်းဆုံးအခကြေးငွေဥပဒေကို ဇွန်လ ကုန်တွင် ထုတ်ပြန်မည်”သတင်းမှ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘာ့ခေါင်းဆောင်လူငယ်များနှင့်တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်(၂၂)ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြသည့် ကမ္ဘာ့လူငယ်ခေါင်းဆောင်(Young Global Leaders)များအား ဇွန်လ ၅ ရက်နေ့က နေပြည်တော်ရှိနိုင်ငံတော်သမ္မတ အိမ် တော်သဘင်ဆောင်တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုများ၊ စီးပွားရေး၌မဟာဗျူဟာမြောက်နေရာတွင် တည်ရှိနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မိန့်ခွန်းပြောကြား အပြီးတွင် မြန်မာနိုင်ငံမှ ဦးသူရကိုကိုက ကမ္ဘာ့လူငယ်ခေါင်းဆောင်များ ကိုယ်စားမေးခွန်းများမေးမြန်းခြင်းကို နိုင်ငံတော် သမ္မတမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် စင်္ကာပူလုပ်ငန်းရှင်များ လာရောက်ရင်းနှီးရေး ဂိုချောက်တောင်နှင့် တွေ့ဆုံ ဆွေးနွေး

သမ္မတဦးသိန်းစိန်သည် စင်ကာပူလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ပတ်သက်၍ စင်ကာပူ နိုင်ငံ၏ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့် ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

စင်ကာပူဝါရင့်ဝန်ကြီးဂိုချောက်တောင်သည် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ  ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။


မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရန် ADB မှ ကန်ဒေါ်လာ သန်း ၅၀၀ ကူညီမည်

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာသန်း ၅၀၀ ဖိုးရှိ လုပ်ငန်းအစီအစဉ်များ အကောင်အထည် ဖော်ရေးအတွက် အကူအညီပေးမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့ နေပြည်တော်၌ကျင်းပသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။အဆိုပါ ADB ဘဏ်၏ထုတ်ပြန်ချက်အရ မြန်မာ့ခရီးသွား လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ အရေးကြီးသောဒေသများ၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်း၊ လူမျိုးစုအသိုင်းအဝိုင်းများ၏ လုံခြုံမှုအားတိုးမြှင့်စေခြင်း စသောလုပ်ငန်းများအား အကောင်အထည် ဖော်မည်ဖြစ်ကာ နော်ဝေနှင့်မြန်မာ အစိုးရနှစ်ရပ်၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ယင်းအစီအစဉ်အား သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အသေးစိတ်ရေးဆွဲထားသော ဖွံ့ဖြိုးရေးအစီအစဉ် ၃၈ ခု ပါဝင်မည်ဟု သိရသည်။


 

တီလားဗီးယားငါး ပြည်ပသို့တင်ပို့နိုင်ရန် အမေရိကန်မှပညာရှင်အဖွဲ့က ကူညီမည်

ပြည်တွင်း တီလားဗီးယားငါးများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် အမေရိကန်မှပညာရှင်အဖွဲ့က နည်းပ ညာနှင့်ဈေးကွက်ချိတ်ဆက်ပေးနိုင်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးသန်းလွင် ၏ ပြောကြားချက်အရ သိရှိရသည်။  လက်ရှိပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများတွင် ငါးမြစ်ချင်းမွေးမြူရေးသည် ထိပ်တန်း တွင်ရပ်တည်နိုင်သော်လည်း ကမ္ဘာ့ဈေးကွက်တွင် စားသုံးသူနည်းပါး၍ ဈေးကွက်နိမ့်ကျခြင်းကြောင့် ငါးမြစ်ချင်းမွေးမြူရေးကို လျှော့ချကာ တီလားဗီးယားငါးကို တိုးချဲ့မွေးမြူရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ စီးပွားဖြစ်တီလားဗီးယား မွေးမြူရေးကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင်စတင်မည်ဖြစ်ပြီး အဓိကအမေရိကန်နှင့် ကနေဒါ၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများသို့ တင်ပို့သွား မည်ဖြစ်ကြောင်း သိရသည်။


နှစ်လအတွင်း ပြည်ပသို့ဆန်တန်ချိန်နှစ်သိန်းကျော်တင်ပို့

              ယခုနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ဆန်တန်ချိန် နှစ်သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းမှသိရှိရသည်။ ယခင်နှစ်တွင် ပြည်ပသို့ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်စပါးပေါ်သည့် အချိန်များ တွင် ပြည်ပသို့ ဆန်တင်ပို့မှု များပြားသောကာလဖြစ်သဖြင့် ယခုနှစ် ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ခြင်း ရှိ၊ မရှိကို နှစ်ကုန် အထိ စောင့်ကြည့်ရမည်ဖြစ်ပြီး ဆိပ်ကမ်းရောက် ဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၄၀ မှ ၅၀၀ ၀န်းကျင်အထိ ရှိကြောင်း သိရသည်။


မြန်မာ့ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှု ဇွန် ၁၄ ရက်နေ့စတင်မည်

              မြန်မာနိုင်ငံရှိ ပို့ကုန်သွင်းကုန်များအား ဇွန်လ ၁၄ ရက်မှစတင်၍ ကြိုတင်ဝင်ငွေခွန်များ ကောက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ယခင်ကကျသင့်အခွန်များကို တစ်ကြိမ် တည်း ပေးဆောင်ရခြင်းအစား ကုန်စည်တင်ပို့တင်သွင်းသည့် အကြိမ်တိုင်းအခွန်ကို အလီလီပေးဆောင်ခြင်းဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်များ အား ကြိုတင်ငွေဝင်ခွန်ကောက်ခံရာ၌ ကျသင့်သည်များကိုပေးသွင်းပြီးမှသာ ကုန်ပစ္စည်းများကို တင်သွင်းတင်ပို့ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်း အကောက်ခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယမုံအောင်၏ ပြောကြားချက်အရ သိရသည်။


ဗီယက်နမ်မှ တည်ဆောက်သည့် ပိာုတယ်လုပ်ငန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်း ၂၅၀၀ ဖော်ထုတ်နိုင်မည်

ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် Hotel Project (Hoang Anh Lai Myanmar Center) ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၅၀၀ အား ရရှိစေမည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်စီမံကိန်းတာဝန်ရှိသူ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုအသင်း ဥက္ကဋ္ဌ Mr.Chin Pak Kha ၏ ပြောဆိုချက်အရ သိရှိရသည်။  ဧရိယာအကျယ်အ၀န်း ၈ ဒသမ ၅ ဟက်တာပေါ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၀ ရင်းနှီးမြှုပ်နှံထားသော အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ ၏ ဟိုတယ်လုပ်ငန်းတွင် ပထမဆုံးရင်းနှီးမြှုပ်နှံသည့် စီမံကိန်းဖြစ်ကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုအဖြစ် အာဆီယံ ဒေသတွင်း နိုင်ငံများတွင် ရပ်တည်သွားမည်ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive