Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်း၊ တစ်ဦး ကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ လုံးဝ လုပ်ယူလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ အားလုံးနားလည်ထားတာက ယနေ့ နိုင်ငံရေးလှုပ်ရှားမှုဟာ တစ်ဖွဲ့ချင်း၌ လည်းကောင်း၊ တစ်ဦးချင်း၌ လည်းကောင်း၊ ပြည်သူလူထုအားလုံးနှင့် အတူ လက်တွဲဆောင်ရွက်နိုင်မှသာ တော်ကာကျမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သြဂုတ်လတွင် နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း မကဒတ မှ ကိုသံခဲပြော” သတင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (မ.က.ဒ.တ) ဥက္ကဋ္ဌ ကိုသံခဲ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဒီနေ့ခေတ် ခေါင်းဆောင်တဲ့သူတွေက အများဆုံး နားထောင်တတ်ရမယ်။ နားထောင်တတ်တဲ့သူက အလုပ်ရဲ့ ထိရောက်မှု နှစ်ဆရှိတယ် ‘ပြောတဲ့သူက တစ်ဆပဲရှိတယ်။ နားမထောင်တတ်ရင် ထိရောက်မှုရှိမှာ မဟုတ်ဘူး’ ကိုယ်ပြောတဲ့ စကား ကိုလည်း ကိုယ်တိုင် နားလည်ဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ ဦးဆောင်နေကြတဲ့ လူကြီး၊ လူငယ် အားလုံးဟာ နားထောင် တတ်အောင် အလေ့အကျင့် မွေးမြူကြမယ်”                                                                      

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ရန် အောက်ခြေအသံ နားထောင်ကြရမည်” သတင်းမှ ဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


ဖြေ။        ။ ပေးဆပ်တဲ့နေရာမှာ ပုံစံပြောင်းသွားနိုင်တယ်။ ဒီနေ့ဒီအချိန်မှာ အရင်လို အဖမ်းအဆီးရှိချင်မှ ရှိမယ်။ ဆိုလိုတာက တစ်ဖက်က ကိုင်တွယ်တဲ့နည်းက ဖမ်းဆီးထောင်ချတဲ့နည်းမဟုတ်ဘဲ တခြားနည်းလမ်းရော မရှိနိုင်ဘူးလား။ သိပ်ရှိ နိုင်တာ ပေါ့။ ကျွန်တော်တို့ အကုန်လုံးကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားရင်းနဲ့ ဘာတွေ ပေါ်လာနိုင်သလဲ ဆိုရင် အချင်းချင်း တိုက်ခိုက်တာတွေ၊ ရန်မူတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်လာရင်းနဲ့ နစ်နာဆုံးရှုံးမှုတွေပါ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် တစ်ယောက်လုပ်တဲ့ အကြောင်းအရာကို တစ်ယောက်က နားလည်အောင် ကြိုးစားရမှာပါ။ ဒီနားလည်မှု အခြေခံနဲ့ပဲ သွားရမယ်။ ဘာ့ကြောင့် တစ်ချိန်က အတူတူ လက်တွဲခဲ့တဲ့ လက်တွေက ဘာ့ကြောင့် ဒီနေ့ ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိးုတဲ့ လက်တွေ ဖြစ်ရမှာလဲ။ အဓိကက အဲဒါပဲ။

၂၀၁၃ သြဂုတ်လ ၈ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၀) ပါ “၈၈ မျိုးဆက်   (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် အင်တာဗျူး” မှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယနေ့ အချိန်အခါမှာ သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူပြီးတော့ နိုင်ငံတော် အကျိုးပြုဆောင်ရွက်တဲ့ နေရာမှာ အဓိက ကျတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်သူတွေကို ကျွန်တော်တို့ ဂရုစိုက်ရပါမယ်။ လူမှုရေးအဖွဲ့ အစည်းတွေရဲ့ ထိခိုက်မှုတွေပါ ဂရုစိုက်ရပါမယ်။ ဒါတွေဟာ ကျွန်တော်တို့ တကယ် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၇ ရက်နေ့ထုတ် The Myanmar Post ဂျာနယ် အတွဲ (၅) ၊ အမှတ် (၃၁) ပါ “သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ကတိပေး” သတင်းမှ လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည် ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အခါ နှစ်ပေါင်း ၆၀ လုံးလုံး သူတို့ရဲ့ စိတ်ထဲမှာ ခံစားခဲ့ရတာကို အဲဒီမှာ တစ်ခါတည်း မဆဲရုံတစ်မယ် သူတို့ ပြောကြတယ်။ ပြောတာကို နာခံတယ်။ ပြီးရင် သူတို့ကို ပြန်ရှင်းပြဖို့ လိုတယ်။ အဲဒီလို ရှင်းပြတဲ့အခါ ဒီအဆင့်တွေ အဆင့်တွေ ရှိတယ်လို့ ပြောပြတယ်။ အခု ကျွန်တော်တို့ စကားပြောဖို့ ကျန်တာက ကေအိုင်အေရယ်၊ လားဟူရယ်၊ ABSDF ရယ်၊ ပလောင်ရယ် လေးဖွဲ့ကျန်သေးတယ်။ လေးဖွဲ့လုံးနဲ့လည်း အခြေအနေ ကောင်းနေပြီ”

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်  အတွဲ (၈) ၊ အမှတ် (၄၃) ပါ “ကေအိုင်အို၊ လားဟူ၊ ပလောင်၊ ABSDF တို့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကျန်ရှိဟု ပြည်ထောင်စုဝန်ကြီး ပြောကြား” သတင်းမှ သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. သတင်းမီဒီယာဥပဒေကြမ်းကို  စာနယ်ဇင်းကောင်စီနှင့် နိုင်ငံရေးပါတီများတို့ ပူးပေါင်းဆောင်ရွက်မည်
  2. မွန်ပြည်သစ်ပါတီသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
  1. လက်ပံတောင်းအစီရင်ခံစာအပေါ် အကောင်အထည်ဖော်လျက်ရှိသည့် ကော်မတီ၏ လုပ်ဆောင်ချက်အပေါ် ဒေါ်စုတာဝန်ယူရန် တောင်းဆို

သတင်းမီဒီယာဥပဒေကြမ်းကို  စာနယ်ဇင်းကောင်စီနှင့် နိုင်ငံရေးပါတီများတို့ ပူးပေါင်းဆောင်ရွက်မည်

စာနယ်ဇင်းကောင်စီဘက်မှ တင်ပြထားသည့် သတင်းမီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိုနှိုင်းဖြေရှင်းခွင့် မရသဖြင့် ဥပဒေကြမ်းပါ အချက် ၁၇ ချက်ကို  ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် နိုင်ငံရေးပါတီ များ၏ တွေ့ဆုံဆွေးနွေးပွဲကို  သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ယုဇနဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့ကြသော တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှေ့နေများကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စသော နိုင်ငံရေးပါတီ ၂၃ ခု ထံမှ အကြံညဏ်များ ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းမီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ “ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ကြားမှာ ညှိနှိုင်းလို့ မရတော့ဘူး။ ဒီမိုကရေစီနည်းအရ  ညှိနှိုင်းတာမရလို့ ဒီမိုကရေစီနောက်တစ်နည်းဖြစ်တဲ့ ဒုတိယနည်းလမ်းအနေနဲ့ လွှတ်တော် တင်သွားမှာပါ။ အရင်က ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တင်ဖို့ သဘောတူထားပေမယ့်ညှိနှိုင်းလို့မရလို့ လွှတ်တော်တင်မှာပါ” ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူးဦးကျော်မင်းဆွေမှ ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသတင်းမီဒိယာဥပဒေကြမ်းအား ပြည်တွင်းရှိ ဥပဒေပညာရှင်များက နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို လေ့လာပြီး ရေးဆွဲထားခြင်းဖြစ်သည့်အပြင် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်မှုများ၊ ဥပဒေ၏အကာအကွယ်ပေးမှုများကိုပါရှိအောင် အဓိက ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာတွင် အဆိုပါဥပဒေမူကြမ်းအား  ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်သို့ တင်သွင်းခွင့်မပေးကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံညှိနှိုင်းမှုတွင် မီဒီယာဥပဒေပြဋ္ဌာန်းချက်ပါ အချက် ၅၁ ချက်ကို သဘောတူညီခဲ့ပြီး ကျန် ၁၇ ချက်အား ဝန်ကြီးဌာနမှ သဘောတူညီမှု မရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ကရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသည့် သတင်းမီဒီယာ ဥပဒေကြမ်းအား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ထောက်ခံကြောင်း သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

စာနယ်ဇင်းကောင်စီသတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်၌ တင်သွင်းဆွေးနွေးသည့်အခါ NDF မှ လွှတ်တော်ကိုယ်စားလှယ် များက ထောက်ခံဆွေးနွေးသွားမည့်ဖြစ်ကြောင်း  အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်မှ ဇူလိုင်လ ၄ ရက်နေ့တွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို အတည်ပြုခဲ့ခြင်းကြောင့်  ယင်းဥပဒေမူကြမ်းကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် မြန်မာသတင်းထောက်များကွန်ရက်(MJN)၊ မြန်မာနိုင်ငံသတင်းစာ ဆရာသမဂ္ဂတို့ အနေဖြင့် ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၊ မြန်မာနိုင်ငံသတင်းစာဆရာသမဂ္ဂ(MJU)၊ မြန်မာသတင်းထောက်များကွန်ရက် (MJN)တို့မှ ပူးပေါင်း၍ လွတ်လပ်သည့်မီဒီယာဥပဒေရရှိရေးအတွက် ပုံနှိပ်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ပြန်လည် ပြင်ဆင်ရန် ပြည်သူလူ့ထု၏ ဆန္ဒလက်မှတ်ကောက်ယူခြင်းကို သြဂုတ်လ ၄ ရက်နေ့တွင် လှည်းတန်း၊ မြေနီကုန်း၊ တာမွေမြို့နယ် တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းပြည်သူလူထု၏ ဆန္ဒလက်မှတ် ၅၀ ရာခိုင်နှုန်း ရရှိမှသာ အမျိုးသားလွှတ်တော်သို့ ဥပဒေပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

 YC


မွန်ပြည်သစ်ပါတီသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ဗဟို)နှင့် မွန်ပြည်သစ်ပါတီမှ အလုပ်အမှုဆောင်အဖွဲ့တို့သည် သြဂုတ်လ ၄ ရက်နေ့က မော်လမြိုင်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာအစိုးရနှင့် ၂၀၁၂နှစ်ဆန်းပိုင်းမှ စ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး နောက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန်စောင့်ဆိုင်း နေလျက်ရှိသည်။

မော်လမြိုင်မြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနိုင်တလညီ ဦးဆောင် တက်ရောက်ခဲ့ပြီး အစိုးရဖက်မှ အကြီးတန်းအရာရှိကြီးများသာ တက်ရောက်ခဲ့ ကြသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီသည် မွန်ပြည်နယ်သို့ရောက်ရှိနေသာ ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ပါကိုနှင့်လည်း သြဂုတ် ၂ ရက်နေ့က တွေဆုံကာ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲကို မွန်နိုင်ငံရေးပါတီများ ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ငြိမ်းချမ်းရေးဖောင်ဆောင်ရေးလုပ်ငန်နှင့် ပတ်သက်ပြီးရှင်းပြတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု အဲဒါကိုဘယ်လိုတည်ထောင်မှာလဲ ရှင်းပြတယ်။ သူတို့ဘက်ကတော့ ဒီအပေါ်မှာ တတ်နိုင်သလောက် ဝိုင်ဝန်းကူညီသွားဖို့၊ အချိန်ယူပြီးတော့ စောင့်ဆိုင်းပေးဖို့ပြောသွားတယ်”ဟု ဆွေးနွေးမှုပွဲတွင် ပါဝင်ခဲ့သော မွန်ဒီမိုကရေစီပါတီမှ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

YC


လက်ပံတောင်းအစီရင်ခံစာအပေါ် အကောင်အထည်ဖော်လျက်ရှိသည့် ကော်မတီ၏ လုပ်ဆောင်ချက်အပေါ် ဒေါ်စုတာဝန်ယူရန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတော်အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကော်မတီမှ အမှန်အလုပ် လုပ်ကိုင်ဆောင်ရွက်နေမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်နေဖြင့် တာဝန်ယူသင့်ကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ ရွာ ၂၆ ရွာမှ ဒေသခံရွာသူ၊ ရွာသားများ၏ သြဂုတ်လ ၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။

လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍  သြဂုတ်လ ၃ ရက်နေ့တွင် ဝက်မှေးရွာ၌ ရွာ ၂၆ ရွာမှ ရွာသားများနှင့် သံဃာတော်များ၊ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီဝင်များမှ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအပြီးတွင် တောင်းဆိုချက် ၉ ချက်ပါဝင်သည့် ကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခု ကော်မရှင်၏ ထုတ်ပြန်ချက်အရ အစီရင်ခံစာပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကော်မတီ အမှန်တကယ် အလုပ်လုပ်ရန်လည်း သူမကသာ ဆက်လက် တာဝန်ယူသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကော်မရှင်၏ အစီရင်ခံစာတွင်  မြေယာလျော်ကြေးပေးရာ၌ “သင့်လျော်သည့် ကာလ ပေါက်ဈေး”ဟု ညွှန်ကြားထား သော်လည်း ယခု ဆောင်ရွက်နေသည်မှာ ၎င်းတို့ဘာသာ သတ်မှတ်ထားသည့် နှုန်းထားဖြစ်နေ၍ ဒေသခံများနှင့် သေချာစွာ ညှိနှိုင်းပြီးမှသာ လက်ပံတောင်းတောင် စီမံကိန်းဆက်လက်လုပ်ကိုင်ရန်လည်း ဒေသခံများက ထည့်သွင်း တောင်းဆိုခဲ့သည်။

ထိုသို့ လက်ပံတောင်းတောင်စီမံကိန်း ကိစ္စရပ်နှင့်ပတ်သက်၍ ဝက်မှေးရွာမှ မသက်သက်ဝင်းက “သူတို့ပေးတဲ့ လယ်ယာ မြေလျော်ကြေး ၁၀ သိန်းဟာ ဘ၀တစ်ခု ရပ်တည်လို့ မရပါဘူး။ ခု မြေယာ လျော်ကြေး ယူသွားတဲ့လူတွေက နဂိုကတည်းက သူတို့ မြေမှာ ဘာမှ စိုက်စားလို့ မရတဲ့သူတွေက ယူသွားကြတာပါ။ ကျန်နေတဲ့လူတွေက တစ်နှစ်ကို သုံးလေးသီး စိုက်လို့ရတဲ့ လယ်ယာ မြေတွေဆိုတော့ ဆယ်သိန်းနဲ့ မရပါဘူး။ ဘ၀တစ်ခု ရပ်တည်လို့ရမယ့် လျော်ကြေးမျိုး ဖြစ်သင့်ပါတယ်” ဟု ရှင်းပြသည်။

ယင်းကိစ္စများ ဖြစ်ပွားနေသည့် ကြားမှပင် သြဂုတ်လ ၃ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသရှိ ရွာများသို့ ရဲကားများ အကြောင်းမရှိဘဲ ဖြတ်သန်းဝင်ရောက်သောကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ ရသေးကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် အရေး စုံစမ်းကော်မရှင် အစီရင်ခံစာပါ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ယူထားသည့် ကော်မတီကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရန် အစိုးရက တာဝန်ပေးအပ်ထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် သက်ရောက်မှုများကို ကောက်ယူ ထားသည့်စစ်တမ်းကို လာမည့် စက်တင်ဘာလအတွင်း ထွက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဇူလိုင်လ ၂၅ ရက်နေ့ လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive