Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အစိုးရအဖွဲ့နဲ့ လွှတ်တော်က သဘောသဘာဝချင်း မတူပါဘူး၊ တာဝန်လည်း မတူဘူး၊ ရည်မှန်းချက်ကတော့ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို လွှတ်တော်က ဆောင်ရွက်သလို အစိုးရအဖွဲ့ကလည်း ဆောင်ရွက်နေကြ တာပဲ၊ အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပဲ၊ ဥပဒေပြုရေးက ဥပဒေပြုရေးပဲ၊ တစ်ထပ်တည်း မကျဘူး၊ သဘောထား လည်း မတူဘူး၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လွှတ်တော်က ဥပဒေတွေ ပြုပေးရတယ်၊ အစိုးရအဖွဲ့က လိုက်ပါဆောင်ရွက်ရမယ်၊ လိုက်ပါ မဆောင်ရွက်ရင် အဲဒီသဘောထား ကွဲလွဲမှုဟာ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုဖြစ်တယ်၊ လွှတ်တော်ကတော့ Check and Balance လုပ်ရမယ်၊ လိုအပ်ရင် ဒီထက်ပိုပြီးတော့ ပြောဆိုမှု တွေ ရှိလာမယ်”

၂၀၁၃ သြဂုတ်လ ၂၂ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၂) တွင် ပါရှိသော “သဘော သဘာဝချင်းမတူသည့်အတွက် အစိုးရအဖွဲ့နှင့် ဥပဒေပြုရေးပိုင်း တင်းမာမှုများရှိနိုင်ဟု သူရဦးရွှေမန်း ပြော” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်ထင်တာကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ USDP ကို ၀င်ရောက်ပြီး သမ္မတ ဖြစ်မယ် ဆိုတာပဲ။ သူရဦးရွှေမန်းကတော့ နိုင်ငံရေးမှာ Player မဟုတ်ဘူး။ ဦးဌေးဦးလည်း Player မဟုတ်ဘူး။ ဦးသိန်းစိန်ကတော့ Player ပဲ။ ဦးသိန်းစိန်ကို လူကြိုက်များတာကိုတော့ နည်းနည်း သံသယရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ထက်တောင် ဦးသိန်းစိန်က Popular ဖြစ်လာတာ တွေ့ရတယ်။ ဦးသိန်းစိန်သာ USDP ပါတီကို ဦးဆောင်ရင် USDP ပါတီ လူကြိုက်များပြီး တော်တော့်ကို ခရီးရောက်မယ်။ ပါတီကိုလည်း လူကြိုက်များအောင် လုပ်နိုင်လာလိမ့်မယ်။ USDP ပါတီမှာ ရှိတဲ့ ခေါင်းဆောင်တိုင်းမှာရော၊ စီးပွားရေး အသိုင်းအ၀ိုင်းမှာပါ ဦးသိန်းစိန်ထက် ယုံကြည်ရတဲ့သူ မရှိသေးဘူး။ ဦးသိန်းစိန်သာ သမ္မတ ပြန်လုပ်မယ်လို့ စိတ်ကူးထားရင် တပ်မတော် ကာကွယ်ရေးဦးစီချုပ် သမ္မတဖြစ်မယ့် အခွင့်အလမ်း နည်းပါးသွားနိုင်တယ်။ USDP အားကောင်းလာအောင် ဦးသိန်းစိန်လုပ်နိုင်ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ မှာ သမ္မတ ဖြစ်လာမယ်။ အဲ့ဒီတော့ JOKER ဖြစ်တဲ့ ဦးသိန်းစိန် သမ္မတ ထပ်လုပ်မှာလား၊ အနားယူမှာလား။ ဦးသိန်းစိန် အနားယူရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပဲ သမ္မတ ဖြစ်လာမှာ။”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ The Messenger ဂျာနယ်ပါ အတွဲ (၄) ၊ အမှတ် (၁၃) တွင် ပါရှိသော မြန်မာနိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ် သမ္မတ ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး အစဉ်တစိုက် လေ့လာသုံးသပ်သူ Larry Jagan ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြေကိစ္စတွေက ပထမအဆင့်အနေနဲ့ သစ်တောမှာ ကျူးကျော်တဲ့သူတွေအားလုံးကို ရွာအဖြစ် သတ်မှတ် ပေးလိုက်ပါပြီ။ ကျေးရွာပေါင်း ၁၃၀၀ လောက်ကို လုပ်ပေးပြီး ဖြစ်ပါတယ်။ နောက် ဆက်လုပ်ထားမှာပါ။ အလား တူပဲ လယ်ယာလုပ်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့ လုပ်ပိုင်ခွင့် ပေးလိုက်ပါပြီ။ အဲဒီတစ်ဆင့်ပြီးရင် ကျွန်တော်တို့ မြေဆုံးရှုံးတဲ့သူတွေကို မြေပေးနိုင်အောင် သွားနေပါတယ်လို့ ပြောချင်ပါတယ်။ ဒီတော့ သူ တကယ် ပိုင်တယ်လို့ ပြောနိုင်ရင်၊ ပြည်နယ်တွေ တောင်တန်းတွေ တောင်ကုန်းတွေ သိမ်းထားတယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြနိုင်မယ်ဆိုရင် ကျွန်တော်တို့က ဖြေရှင်းပေးပါ့မယ်”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၅) တွင် ပါရှိသော “ဒေသ အာဏာပိုင်များ ၊ ငွေရှိသူများ အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားသည့် မြေနေရာများ အား အမှန်တကယ်ပိုင်ဆိုင်ကြောင်း တင်ပြနိုင်ပါက ဖြေရှင်းပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“KNU က တာဝန်ရှိသူတွေနဲ့ တပ်မတော်အရာရှိကြီးတွေ အကြား ဒီလိုမျိုး ရေးဆွဲနိုင်ဖို့ MPC အနေနဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့တယ်။ ခုချိန်ထိတော့ ဒီစည်းမျဉ်းတွေက အတည်မပြုရသေးဘူး။ ထွက်လာတော့မှာပါ။ ဒီစည်းမျဉ်းတွေ ထွက်လာရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ စံပြစည်းမျဉ်းတစ်ခု ဖြစ်လာမှာပါ”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (4) ၊ အမှတ် (13) တွင် ပါရှိသော “KNU နှင့် အစိုးရ ပူးပေါင်းရေးဆွဲသည့် စစ်ရေးစစ်ရာ စည်းမျဉ်းများသည် ငြိမ်းချမ်းရေးအတွက် စံပြတစ်ခုဟု ဆို” သတင်းမှ Myanmar Peace Center မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးကို တောင်းဆိုနေကြတဲ့ နေရာမှာ မိခင်တွေ ၊ အမျိုးသမီးတွေက ပိုများတယ်။ ဘာလို့လဲ။ မငြိမ်းချမ်းရင် သူတို့က အန္တရာယ်ရှိတဲ့ အခြေအနေရှိနေလို့ပဲ။ ပြီးတော့ အမျိုးသမီးတွေနဲ့ အရင်တုန်းက မတွေးမိခဲ့တဲ့ အတွေးမျိုးတွေနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရမယ်။ အရင်တုန်းက အတွေးမျိုးထဲကနေ ရုန်းထွက်ရမယ်”

 ၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အမျိုးသမီးများ အဓိက ပါဝင် ၊ အတွေးသစ်များဖြင့် လုပ်ကိုင်ရန် ဒေါက်တာအောင်ထွန်းသက် ဆို” သတင်းမှ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အရပ်ဘက်အဖွဲ့အစည်း များအပေါ် ထိန်းချုပ်မှုများကို လျော့ချရန်လိုအပ်ကြောင်း ဝန်ကြီးများပြောဆို

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၏ အရပ်ဘက် လူ့အဖွဲ့အစည်းများအပေါ် ထိန်းချုပ်မှုများကို လျော့ချရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး သုံးဦးနှင့် အရပ်ဘက် အဖွဲ့အစည်းများ ရန်ကုန်မြို့တွင် တွေ့ဆုံစဉ်၌ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြု ချက်များကို ရယူပြီး  ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် အစိုးရ၏ ထိန်းချုပ်မှု လျှော့ချ၍ ထိန်းကြောင်းမှုများသာ ပြုလုပ်ရန်ဆိုသည့် အချက်ကို သဘောတူကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

“ဒီကိစ္စကို ဆောင်ရွက်ဖို့ဆိုအတွက် ဝန်ကြီးအယောက် ၃၀ လောက်နဲ့၊ လွှတ်တော်အမတ် ၆၀၀ လောက် လုပ်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ အားလုံးပါဝင်ဖို့လိုပါတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

အစိုးရဌာနဆိုင်ရာများနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလုပ်တွဲလုပ်ရန် ဖိတ်ခေါ်ရာတွင် ခက်ခဲမှုများ ရှိပြီး ယင်းလုပ်ငန်းလုပ်ဆောင်ရန်အတွက် ခွင့်ပြုချက်တောင်းခံရာတွင်လည်း အစိုးရနှင့် အကြိုသဘောတူလက်မှတ် (MOU)များ လိုအပ်သည်ဆို၍ ငြင်းပယ်ခံရမှုများရှိကြောင်း Myanmar NGO Network ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

အစိုးရ၏ ချုပ်ကိုင်မှုများကို ဖြေလျှော့ပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သော်လည်း မကြာခင်က ထွက်ရှိလာသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းတွင် အစိုးရ၏ ချုပ်ကိုင်မှုများစွာ ပါဝင်ပတ်သက်မှု ရှိကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ NGO နှင့် INGOများက ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ ပြည်သူအပေါ်တို့ ပေးကမ်းမှ ရမှာဆိုတဲ့ စိတ်ထားတွေကို ပြင်ဖို့လိုတယ်။ သမားရိုးကျ အတွေးအခေါ်နဲ့တော့ ကျေးလက်ဖွံ့ဖြိုးရေးကို လုပ်နိုင်မှာ မဟုတ်ဘူး”ဟု စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာအောင်ထွန်းသက် က ဝေဖန်ထောက်ပြခဲ့သည်။

ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကြားတွင် အုပ်ချုပ်ရေးဆိုင်ရာ ညှိနှိုင်းရမည့်အချက်ပေါင်း ၁၆၀ ကျော်ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောဆိုခဲ့သည်။

အဆိုပါအချက်များကို သြဂုတ်လ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များတွေ့ဆုံသည့်အခမ်းအနား၌ တောင်းခံခဲ့ခြင်းဖြစ်ပြီး တင်ပြချက်များမှ စိစစ်ကာ ညှိနှိုင်းရမည့်အချက်ပေါင်း ၁၆၉  ချက်ကို ဒုတိယသမ္မတတစ်ဦးထံသို့  တင်ပြထားကြောင်း သိရသည်။

ယင်းတွေ့ဆုံသည့်အခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ဘဏ္ဍာငွေခွဲဝေပေးရေးကို ညှိနှိုင်း ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

 YC


အစိုးရနှင့် UNFCတို့၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းနိုင်ငံရေး အင်းအားစုများအား ဖိတ်ကြားသွားမည်

အစိုးရ ငြိမ်းချမ်းရေးဖောင်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရန်ရှိရာ ယင်းသို့ ဒေါ်အောင်းဆန်းစု ကြည်၊ ပြည်တွင်းနိုင်ငံရေး အင်းအားစုခေါင်းဆောင်များ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့(UNA)နှင့် ညီနောင်တိုင်းရင်းသား များပါတီ ဖက်ဒရေးရှင်း(NBF) တို့ကို ဖိတ်ကြားသွားရန် စီစဉ်နေကြောင်း UNFC ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောသည်။

အဆိုပါငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း UNFC ၏ အတွင်းရေးမှူး (၁) ဖဒိုမန်းမန်းက အတည်ပြုပြောကြားသည်။ ယင်းဆွေးနွေးပွဲ၌ နိုင်ငံရေးကို လွှတ်တော်ပြင်ပမှ ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ တိုင်းရင်းသားဒေသများ၌ အစိုးရအစိုးရတပ်စခန်းများ ပြန်လည်လျှော့ချ ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်သည့် လမ်းပြမြေပုံရေးဆွဲရေးများကို ဆွေးနွေးမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ တွေ့ဆုံဆွေးနွေးမည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "ဒီလကုန် နောက်လဆန်းလောက် သူတို့ဆီကနေ Framework သွားလက်ခံမယ်" ဟု သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် သတင်းထောက်များအား ပြောကြားသွားခဲ့သည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ Technical Team နှင့် UNFC ၏ Technical Team တို့ ဇူလိုင်လလယ်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC


ယာယီမှတ်ပုံတင် ကုမ္ပဏီများ ကနဦးမတည်ငွေကို ဘဏ်စာရင်းသွင်းရန် ကြေညာချက်ထုတ်သော်လည်း  လိုက်နာခြင်း မရှိသည့်အတွက်  ကုမ္ပဏီများကို စိစစ်ရန် ထပ်ဆင့်ကြေညာချက်ထုတ်

ယာယီကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိသော ကုမ္ပဏီများနှင့် လုပ်ငန်းရည်ရွယ်ချက် တိုးမြှင့်မည့် ကုမ္ပဏီများ သည် ကနဦးမတည်ငွေကို  မြန်မာနိုင်ငံတွင်းရှိ ဘဏ်တစ်ခုခုတွင် ငွေသွင်းစာရင်းဖွင့်ရန်   ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုန်ပြန်ထားပြီး ယင်းဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိသော ကုမ္ပဏီများရှိသည့်အတွက်  ကုမ္ပဏီစာရင်းကို စိစစ်နိုင်ရန် ထပ်ဆင့်ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း  ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်ဟု သိရသည်။

ကုမ္ပဏီမှတ်ပုံတင်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများအတွက် ကနဦးမတည်ငွေရင်းသည် ဝန်ဆောင်မှု လုပ်ငန်းများအတွက် ကျပ်သိန်း ၅၀ ၊ ထုတ်လုပ်မှုလုပ်ငန်းအတွက်  ကျပ်သိန်း ၅၀၀ နှင့်  အများပိုင်ကုမ္ပဏီအတွက် ကျပ်သိန်း ၅၀၀၀  သတ်မှတ်ထားသည်။ စင်ကာပူနိုင်ငံတွင်  စင်ကာပူဒေါ်လာသုံးရာဖြင့် မှတ်ပုံတင်နိုင်ပြီး ဒေါ်လာအနည်းငယ်ရင်းနှီး၍ ကုမ္ပဏီထောင်နိုင်သည်။

ကုမ္ပဏီသက်တမ်းကို သုံးနှစ်မှ ငါးနှစ်အထိတိုးလိုက်သည့်အတွက်  အခွန်တိမ်းရှောင်သော ကုမ္ပဏီများသည်  သက်တမ်း မပြည့်မီအချိန်အထိ  ဆောင်ရွက်ပြီးနောက် ပျောက်ကွယ်သည့်အတွက်  နိုင်ငံတော်အခွန်ဘဏ္ဍာများ ဆုံးရှုံးကြောင်း ဒုဝန်ကြီးဦးလင်းအောင်က  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ ကနဦးမတည်ငွေ စာရင်း ကျပ်သိန်း ၅၀ မှာ အပန်းမကြီးသော်လည်း  မလိုအပ်ဘဲ နိုင်ငံသားများကို  စည်းမျဉ်းစည်းကမ်း မတင်းကျပ်စေ လိုကြောင်း  ကုမ္ပဏီမှတ်ပုံတင်ရေးလုပ်ငန်းများ ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်ကြေးမှာ  အနည်းဆုံး ကျပ်ဆယ်သိန်းရှိသည်။ အလုပ်မလုပ်သော ကုမ္ပဏီများနှင့် လိပ်စာအတိအကျမရှိသော ကုမ္ပဏီများ စာရင်းကို စိစစ်ပြီးနောက် ဇူလိုင်လတွင် ကုမ္ပဏီ ၁၇၅၂ ခုကို ပယ်ဖျက်လိုက်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှုင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

ယခု ကြေညာချက်နှင့် ပတ်သက်၍   မှတ်ပုံတင်သည့်အခါ ဘဏ်များတွင် ငွေစာရင်းဖွင့်ခြင်းနှင့် ငွေခေတ္တ ငှားရမ်းခြင်း  ပိုလာဖွယ်ရှိပြီး  ကုမ္ပဏီထောင်သူတိုင်း  သိန်း ၅၀၀ ပြရန်  မဖြစ်နိုင်ကြောင်းနှင့် ထိုသို့  ငွေစာရင်းဖွင့်ခြင်းကို ကုမ္ပဏီသက်တမ်းတိုးသည့်အကြိမ်တိုင်း ပြသရန် လိုမလို သိရှိလိုကြောင်း  စသည်တို့ကို  ယင်းဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်  မေးမြန်းထားသည်ကို တွေ့ရသည်။

YC


မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ PR စနစ် အမှန်တကယ် ကျင့်သုံးပါက တိုင်းရင်းသားများ အခွင့်အရေး ပိုမိုရရှိရန်  ဖက်ဒရယ်ယူနီယံပါတီကို ထူထောင်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါက ကိုယ်စားလှယ် အရေအတွက် များများ အနိုင်ရရှိရေးအတွက် ညီနောင်တိုင်းရင်းသား ပါတီများအနေဖြင့် ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို ထူထောင်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသားပါတီများထံမှ သိရသည်။

ကိုယ်စားလှယ်ဦးရေ အရေအတွက်များများ အနိုင်ရနိုင်ရန်အတွက် ညီနောင်တိုင်းရင်းသားပါတီ ၁၅ ပါတီ စုပေါင်း၍ ဖက်ဒရယ်ယူနီယံပါတီအဖြစ် ထူထောင်ကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယခုအခါ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် တိုင်းရင်းသား အခွင့်အရေး ကိစ္စရပ်များအား လွှတ်တော် အတွင်း၊ အပြင် ဆောင်ရွက်လျက်ရှိကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲကို ဒီပါတီနဲ့ ၀င်ပြိုင်မှာပါ။ ဒါမှ ရွေးချယ်တင်မြှောက်ပွဲမှာ ပီအာရ်စနစ် သုံးခဲ့ရင် ကျွန်တော်တို့ ကိုယ်စားလှယ် အရေအတွက် များများရမှာပါ။ အခုလက်ရှိတော့ ဖွဲ့စည်းပုံဥပဒေကိစ္စ၊ တိုင်းရင်းသား အခွင့်အရေးကာကွယ်ရေး ကိစ္စရပ်တွေရယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကိုပဲ အဓိက ထား ဆောင်ရွက်နေ ပါတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က တိုင်းရင်းသားပါတီများအတွက် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းမှုတစ်ခု ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ကောင်းမွန်သော အကျိုးဆက်များ ဖြစ်ထွန်းလာနိုင်ကြောင်း ပြောကြားသည်။

“တိုင်းရင်းသားအချင်းချင်း ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုကို အခြေခံပါတယ်။ ရလဒ်ကောင်းတွေ ပေါ်ထွက် လာနိုင်ရင် အရမ်းကောင်းမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖက်ဒရယ်ယူနီယံ ပါတီကို ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်က ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြကာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ စနစ်အတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများဖြင့် ဖွဲ့စည်းခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကလည်း “ရှမ်းမူ”ကို အခြေခံသော ရှစ်ပြည်နယ်စနစ် ဖက်ဒရယ်ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန် ဆန္ဒရှိနေပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အမျိုးသား ပြည်နယ်များဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲရန် ဆန္ဒရှိနေကြ သည်။

              YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive