Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(The Economic Times မှ 26 Aug 2013 ရက်စွဲပါ “ Siam Cement Plans $ 388 mn Cement Plant in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

( 27 Aug 2013 ရက်စွဲပါ Bloomberg  မှ Chris Cooper  ရေးသားသော AHA Holdings raid to buy stake in Myanmar’s Asian Wings Airways ကို ဘာသာပြန်ပါသည်)

(UPI မှ 26 Aug 2013 ရက်စွဲပါ “NGO laws in Myanmar  restrictive , rights group says ” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် ဒေါ်လာ ၃၈၈ သန်းတန်ဘိလပ်မြေစက်ရုံ တည်ရန်  Siam Cement စီစဉ်

 (The Economic Times မှ 26 Aug 2013 ရက်စွဲပါ “ Siam Cement Plans $ 388 mn Cement Plant in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ Siam Cement ဘိလပ်မြေကုမ္ပဏီသည် ဆောက်လုပ်ရေးပစ္စည်း ဝယ်လိုအားကြီးမားလာသည့် အရှေ့တောင်အာရှ ဈေးကွက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတွင် ဘတ်ငွေ ၁၂.၄ ဘီလီယံ(ဒေါ်လာ ၃၈၈ သန်း) ကုန်ကျမည့်ဘိလပ်မြေစက်ရုံကို တည်ဆောက်ရန်စီစဉ်နေသည်။

မြန်မာနိုင်ငံတွင် Siam Cement ၏ ပထမဦးဆုံးလုပ်ငန်းဖြစ်လာမည့် ဘိလပ်မြေစက်ရုံသည် နှစ်စဉ်ဘိ လပ်မြေတန်ချိန် ၁.၈ သန်း ထုတ်လုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး၊ ၂၀၁၆ နှစ်လယ်ပိုင်းတွင်စတင် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရသည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးဘိလပ်မြေကုမ္ပဏီ Siam Cement သည် ကမ္ဘာတွင် အမြန်ဆန်ဆုံးကြီးထွားနေသော ဈေးကွက်များ တည်ရှိရာဒေသတစ်ခုလုံး၏ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားတွင်လည်း ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဘိလပ်မြေဝယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းတက်လာမည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော ဘိလပ်မြေတန်ချိန် ၄ သန်း အနက် ၄၀ ရာခိုင်နှုန်းကျော်မှာ Siam Cement ထုတ်ကုန်များဖြစ်သည်။

Siam Cement ၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ထိုင်းတော်ဝင်မိသားစု၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  The Crown Property Bureau က ပိုင်ဆိုင်ထားသည်ဟု သိရှိရသည်။

 


AHA Holdings  က မြန်မာနိုင်ငံ Asian Wings လေကြောင်းလိုင်း ရှယ်ယာဝယ်မည်ဟုဆို

 ( 27 Aug 2013 ရက်စွဲပါ Bloomberg  မှ Chris Cooper  ရေးသားသော AHA Holdings raid to buy stake in Myanmar’s Asian Wings Airways ကို ဘာသာပြန်ပါသည်)

ဂျပန်နိုင်ငံ၏ ရောင်းအားအကောင်းဆုံး လေကြောင်းလိုင်းကြီးဖြစ်သော AHA Holdings  Inc သည် အရှေ့တောင်အာရှတွင် ပိုင်ဆိုင်မှုများတိုးချဲ့ရန် မြန်မာနိုင်ငံမှ Asian Wings Airways Ltd ၏  ၄၉ % ကို ဝယ်ယူမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်ကို သိရှိနေသူတစ်ဦးက ပြောကြားခဲ့ပါသည်။

AHA အနေဖြင့် အဆိုပါပြည်တွင်းတွင် ပြေးဆွဲနေသော လေကြောင်းလိုင်းကို ရှယ်ယာဝယ်ယူခြင်းအတွက် ၃ ဘီလီယံ( ဒေါ်လာ ၃၁ သန်း)အောက်တွင် ပေးရမည်ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။ အဆိုပါသတင်းမှာ လူသိ ရှင်ကြားထုတ်ပြန်ရခြင်း မရှိသေးခြင်းကြောင့် ၄င်းက အမည်မဖော်လိုကြောင်း ဆိုပါသည်။

ယမန်နှစ်က ဒေါ်လာ ၁.၈ ဘီလီယံရှယ်ယာ တိုးမြင့်ရောင်းချရပြီးနောက် AHAသည် တိုကျိုအခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး လေကြောင်းလိုင်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်အောင် လုပ်ဆောင်နေပါသည်။ ပြီးခဲ့သည့်လက ANA ကကြေညာခဲ့ရာတွင် ၄င်းသည်လေယာဉ်မှူးသင်တန်း Pan Am Holding Inc ကို ဒေါ်လာ ၁၃၉.၅ သန်းဖြင့် ဝယ်ယူမည်ဟု ကြေညာခဲ့ပါသည်။

ANA ကမူ မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း ကုမ္ပဏီပြောဆိုခွင့်ရပုဂ္ဂိုလ် Etsuga Uchiyama ကပြောကြား ခဲ့ပါသည်။ Nikkei သတင်းစာက ယနေ့အစောပိုင်းတွင် အဆိုပါဝယ်ယူမှုသတင်းကို ဖော်ပြခဲ့ပါသည်။

ယမန်နေ့က ပိတ်သိမ်းချိန်တွင် ANA လေကြောင်းလိုင်း၏ ရှယ်ယာသည် တိုကျိုရောင်းဝယ်ရေးတွင် ၂၀၉ ယန်းဖြင့် မပြောင်းလဲဘဲ ရှိနေပါသည်။ စတော့သည် ယခုနှစ်တွင် ၂၂၅ စတော့ပျမ်းမျှ၏ ၃၁% တိုးတက်မှုနှင့်ယှဉ်လျှင် ၁၅ % တိုးလာခဲ့သည်။

 


 

မြန်မာနိုင်ငံမှ  NGO ဥပဒေသည် တင်းကြပ်လွန်းကြောင်း လူ့အခွင့်အရေး အုပ်စုပြောကြား

(UPI မှ 26 Aug 2013 ရက်စွဲပါ “NGO laws in Myanmar  restrictive , rights group says ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြန်လည်သုံးသပ်ပြင်ဆင်နေသော သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကြမ်းသည် NGO အဖွဲ့ အစည်းများအပေါ် အလွန်အကျွံ ထိန်းချုပ်ခွင့်ကို အစိုးရအားပေးထားကြောင်း  Human Rights Watch အုပ်စုက ပြောကြားလိုက်ပါသည်။

ဇူလိုင်လအတွင်းက လူအများသိအောင် ချပြခဲ့သော အဆိုပါဥပဒေမူကြမ်းကို တင်းကြပ်လွန်းအားကြီးသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းဥပဒေကြမ်းကို မပြင်ဆင်ဘဲလက်ရှိပုံစံအတိုင်း အတည်ပြုပြဋ္ဌာန်းလိုက်ပါက မြန်မာအစိုးရအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းပြည်တွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အလွန် အမင်း ထိန်းချုပ်ခွင့် ရသွားနိုင်ကြောင်း Human Rights Watch  လူ့အခွင့်အရေးအုပ်စုက သုံးသပ်ပြောကြားသည်။

“ဒီဥပဒေမူကြမ်းက အဖွဲ့အစည်းတွေ လှုပ်ရှားမှုကို ချုပ်ချယ်ဖို့၊ ငြင်းပယ်ဖို့၊တကယ်လို့ခွင့်ပြုချက်မရဘဲ အဖွဲ့ အစည်းလုပ်ငန်းတွေ လုပ်မယ်ဆိုရင် အဖွဲ့ခေါင်းဆောင်တွေ၊အဖွဲ့ဝင်တွေကို ထောင်ထဲပို့ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်အာဏာတွေ အစိုးရကို ပေးထားပါတယ်။ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ  အကဲခတ် စောင့်ကြည့် ရေး အုပ်စုတွေရဲ့ လှုပ်ရှားမှုကို အစိုးရက ထိထိရောက်ရောက် ဟန့်တားပြီး အရပ်ဖက်အဖွဲ့အစည်းအပေါ် တင်းကြပ်တဲ့ ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားလိုပုံရပါတယ်” ဟု Human Rights Watch ၏ အာရှရေးရာ လက်ထောက် ဒါရိုက်တာ ဖိလ်ရောဘတ်ဆန် က ဘန်ကောက်မြို့တွင် တနင်္ဂနွေနေ့က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၈လကျော်ကြာမှ စတင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ထိရောက်သော အပြောင်းအလဲများ ဆက်တိုက်ထွက်ပေါ်လာခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြု ချီးကျူးမှုကို လက်ခံရရှိလျက်ရှိသည်။ သို့ရာတွင် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ဆက်လက်ကျန်ရှိနေသေးသည်။

အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်မှုများကို တိုင်းနှင့်ပြည်နယ်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်များက လိုလားခြင်း မရှိသည့်အချက်မှာ များစွာထင်ရှားနေပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဂျာ ကင်တားနားက “၄င်း၏ မော်တော်ယာဉ်ကို ပိတ်ဆို့ဆန္ဒပြသူများအား အာဏာပိုင်များက ထိရောက်စွာ ဟန့်တားခြင်း မရှိသောကြောင့် နေရာအနှံ့သွားလာကြည့်ရှုခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း”ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်ငြားလည်း အစိုးရက အရာရာကို ဆက်လက်ထိန်းချုပ်ထားရန် စနစ်တကျ ကြိုတင်စီစဉ်ဆောင်ရွက်ထားသည့်  အချက်မှာ  ထင်ထင်ရှားရှား ပေါ်လွင်နေကြောင်း ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ချက် ၄ ခုနှင့်အတူ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြ ဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ ဖြည့်စွက်ပြင်ဆင်ချက်များဖြင့် အတည်ပြုပြဋ္ဌာန်းချက်အရ အဆိုပါ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ ) ကို ပြင်ဆင်သည့် ဥပဒေ”ဟု ပြောင်းလဲ ခေါ်ဝေါ်ရမည် ဖြစ်သည်။

ထို့ပြင်ယခင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄(က) တွင်ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ခြင်း” ဆိုသည့် စကားရပ် အစား “နိုင်ငံသား ဖြစ်ခြင်း” ဟုပြင်ဆင်အတည်ပြုခဲ့သည်။

တတိယပြင်ဆင်ဖြည့်စွက်ချက်အနေဖြင့် ယခင်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅(ဃ) တွင်ပါရှိ သော “ပုဒ်မ ၄ ပါအချက်များနှင့် ညီညွှတ်သော ပါတီထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသားစစ်ဆေးရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် သို့မဟုတ် ယာယီသက်သေခံလက်မှတ် အမှတ်” ဆိုသည့် စကားရပ်အစား “ပုဒ်မ ၄ ပါအချက်များနှင့် ညီညွှတ်သော ပါတီထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်” ဟုပြင်ဆင်ခဲ့ ခြင်းဖြစ်သည်။

နောက်ဆုံးပြင်ဆင်ဖြည့်စွက်ချက်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) တွင် ပါရှိ သော “နိုင်ငံသား ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူ ဖြစ်ခြင်း ”ဆိုသည့် စကားရပ်အစား “နိုင်ငံသား ဖြစ်ခြင်း” ဟုပြောင်းလဲအတည်ပြုခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို ပြင်ဆင်သည့်ဥပဒေကြမ်းအား သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသားလွှတ်တော်၌ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်အနေဖြင့် လက်ခံဆွေးနွေးရန် သင့်မသင့်ကို မတ်တတ်ရပ် အစီအစဉ်ဖြင့် ဆန္ဒတောင်းခံမှုပြုလုပ်ခဲ့ရာ အာဏာရ USDP မှ ကိုယ်စားလှယ်အနည်းငယ်၊ တပ်မတော်သား ကိုယ်စားလှယ်အားလုံး၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၁၀၇ မဲရရှိကာ သတ်မှတ်မဲထက် ကျော်လွန်ခဲ့သဖြင့် လက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“စဉ်းစားဆွေးနွေးသင့်တယ်လို့ ယူဆရတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းမကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသားနိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်” ဟုတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က မှတ်ချက်ပြုပြောကြားခဲ့သည်။

YC


Mobile Team မှတ်ပုံတင်စနစ် ကျင့်သုံးလုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း ဒုသမ္မတဦးဉာဏ်ထွန်းပြောဆို

နိုင်ငံတစ်ဝှမ်းလုံးတွင် ပျံ့နှံ့တည်ရှိနေသော အသေးစားနှင့် အလတ်စားလုပ်ငန်းများအားလုံး မှတ်ပုံတင်နိုင်ရေး အတွက် Mobile Team မှတ်ပုံတင်စနစ် ကျင့်သုံးလုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဉာဏ်ထွန်းက သြဂုတ်လ ၂၆ ရက်၌ ပြုလုပ်သော အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးမှုဗဟို အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

“အသေးစားနှင့်အလတ်စားလုပ်ငန်းတွေက တစ်နိုင်ငံလုံးပျံ့နှံ့နေတဲ့အတွက် ဗဟိုဌာနအနေနဲ့ ရန်ကုန်ကသာ နေပြီး လုပ်နေမယ်ဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ အားကိုးတဲ့အဆင့်ကို ရောက်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် လုပ်ငန်းရှင် ရန်ကုန်မလာနိုင်ရင် ဗဟိုဌာနအနေနဲ့  လုပ်ငန်းရှင်တွေရှိတဲ့နေရာ အရောက်သွားပြီး Mobile Team ပုံစံနဲ့ သွားနိုင်အောင်အထိကို ရည်ရွယ်လုပ်ဆောင်သွားနိုင်ဖို့လိုတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်အား ကိုယ်စားပြုသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်မည်ဖြစ်ပြီး SMEs ဗဟိုစင်တာအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ မှတ်ပုံတင်လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဆိုပါအစည်းအဝေး၌ လမ်းညွန်ပြောကြားခဲ့သည်။

“အသင်းဗဟိုရဲ့ ဝန်ထမ်းအင်အားက ၃၉ ဦးနဲ့ လုပ်ဆောင်နေတယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ  ဖြစ်ဖို့အတွက် နောက်ပိုင်းမှာ အွန်လိုင်းမှတ်ပုံတင်တာတွေကို လုပ်ဆောင်သွားမှာပါ။ အခုလဲလုပ်ငန်းရှင်တွေ လေ့လာနိုင်အောင် အင်တာနက်စာမျက်နှာကိုလဲ လွှတ်တင်ပြီးသွားပါပြီ။ လုပ်ငန်းရှင်တွေ နိုင်ငံတကာ အတွေ့အကြုံတွေ ရအောင်လဲ နိုင်ငံတကာပွဲကိုလဲ လွှတ်ထားတယ်။ ဂျာမနီ၊ နယ်သာလန်၊ ဂျပန်နိုင်ငံတွေက ပညာရှင်အကူအညီတွေနဲ့လဲ အခုနည်းပညာပိုင်းဆိုင်ရာတွေရအောင် လုပ်ဆောင်ပေး နေပါတယ်”ဟု အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဗဟိုဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းမောင်က ပြောကြားခဲ့သည်။

ထို့ပြင် လုပ်ငန်းရှင်များတွင် မှတ်ပုံတင်လုပ်ရကောင်းမှန်းမသိသောသူများ အများကြီးရှိနေသည့်အတွက် အသင်းဗဟိုဌာနများအနေဖြင့်လည်း နယ်စပ်ဒေသများကို သွားရောက်ပြီး ပညာပေးအစီအစဉ်များ၊ နည်းပညာ ပံ့ပိုးပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်နေသည့် အပြင် SMEs လုပ်ငန်းပိုင်းအား လာရောက်ကူညီလိုသည့် နိုင်ငံတကာမှ အသိပညာရှင်၊ လုပ်ငန်းရှင်များ၏ အကူအညီများကို ရယူနိုင်ရေးအတွက် လုပ်ဆောင်နိုင်ရန်လိုအပ်နေကြောင်း သိရ သည်။

YC


 စတော့ဈေးကွက်အတွင်း အများပိုင်ကုမ္ပဏီများအားလုံး ဝင်ရောက်ကစားရန်  အဆင်သင့်မဖြစ်သေး

၂၀၁၅ ခုနှစ်တွင် စတော့ဈေးကွက်အတွက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားသော အများ ပိုင်ကုမ္ပဏီ ၈၀ ကျော်ဖွဲ့စည်းထားပြီးဖြစ်သော်လည်း ဝင်ရောက်ကစားနိုင်မည့် ကုမ္ပဏီအရေအတွက်မှာ ငါးခုဝန်း ကျင်သာရှိကြောင်း ၊ ကုမ္ပဏီအားလုံး စတော့ဈေးကွက်အတွင်း ကစားရန် မဖြစ်နိုင်သေးကြောင်း ဘဏ္ဍာရေး ဒု-ဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်ဟု စတော့ရှယ်ယာဈေးကွက် ပညာရှင် ဦးကျူးခေါင်က ပြော သည်။

“ဘဏ္ဍာရေး ဒုဝန်ကြီးက ရှေ့တစ်ပတ် စတော့ဈေးကွက် ဖော်ဆောင်ရေး အစည်းအဝေးပွဲမှာ ပြောဆိုထားတာက မြန်မာနိုင်ငံမှာရှိတဲ့ အများပိုင်ကုမ္ပဏီအားလုံးက ဒီဈေးကွက်မှာ ဝင်ကစားနိုင်လောက်အောင် အဆင်သင့်မဖြစ် သေးသည့်အတွက် ၂၀၁၅ အမီဖြစ်ဖို့  ပိုမိုလုပ်ဆောင်ကြဖို့ ကျွန်တော်တို့ကို ပြောဆိုထားတာပါ”ဟု စတော့ဈေးကွက် ပညာရှင် ဦးကျူးခေါင်က ပြောသည်။

ကမ္ဘာ့စတော့ဈေးကွက်ကြီး လေးခုထဲမှ ဂျပန်နိုင်ငံတွင်ပင် အများပိုင်ကုမ္ပဏီများ၏ အရေအတွက် များစွာရှိနေ သော်လည်း စတော့ဈေးကွက်အား အမှန်တကယ်စိတ်ဝင်စားသော အရေအတွက်မှာ ၀ ဒဿမ ၁ ရာခိုင်နှုန်း သာရှိသည့် အတွက်  မြန်မာနိုင်ငံကုမ္ပဏီများ အားငယ်စရာမလိုကြောင်း၊ ပညာရှင်များ စုပေါင်းပြီး ကြိုးစား အကောင်အထည် ဖော်မည်ဆိုပါက ၂၀၁၅ တွင် အဆင်သင့် ဖြစ်နိုင်ပါကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီးကဆက်လက် ပြောကြားခဲ့သည်ဟု သိရသည်။

အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဦးက ယခင်အစိုးရ လက်ထက်တွင် ပုဂ္ဂလိကကုမ္ပဏီအရေအတွက်မှာ  ၂၀ ကျော်ရှိပြီး အမှန်တကယ် အသက်ဝင်သည်မှာ ၁၀ ခုသာသည့် အတွက်  ယခုအစိုးရလက်ထက်တွင်  တိုးတက်လာသည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်  ဂျပန်နိုင်ငံ  Diwar အဖွဲ့နှင့် ပူးပေါင်းကာ ပြည်တွင်းအများပိုင်ကုမ္ပဏ်ီများအား နည်းပညာအကူအညီပေးသည့်အပြင် ဥပဒေပိုင်းတွင်  ခိုင်မာစေရန်အတွက် ဝန်ကြီး ဌာနမှ နှစ်စဉ်အစည်းအဝေးပွဲများ လုပ်ဆောင်ရန်နှင့်  စာရင်းဇယားများအား စစ်ဆေးခြင်း ပြုလုပ်၍  အများပိုင်ကုမ္ပဏီ နှင့်အညီ ဖြစ်စေရန်  လုပ်ဆောင်နေသည်ဟု သိရသည်။

အများပိုင်ကုမ္ပဏီများအနေဖြင့် ဈေးကွက်အတွင်း ဝင်လာသည်မှာ  စတော့ကစားလို၍ ဝင်လာခြင်းလော၊ အရင်းအနှီးချဲ့ထွင်လို၍ ဝင်လာခြင်းလောဟူသည်ကို သိရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် စတော့ဈေးကွက်ထဲမှ ကုမ္ပဏီများသည် ၄င်းတို့၏ လုပ်ငန်းများကို ချဲ့ထွင်ရန်အတွက်  အရင်းအနှီး စုဆောင်းသည့် အနေဖြင့် ဝင်လာ ခြင်းဖြစ်ကြောင်း၊ အစိုးရပိုင်းက ယင်းဈေးကွက်ထဲဝင်လာသည့် ကုမ္ပဏီများ တိုးလာစေရန်  ဥပဒေများနှင့် သေချာ လုပ်ဆောင်ရမည် ဖြစ်သကဲ့သို့  စတော့ဝယ်ယူသူများကိုလည်း ကာကွယ်ပေးရန် စဉ်းစားရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ဆိုသည်။

YC


သံသယဖြင့် မှားယွင်းဖမ်းဆီးခံရသူများမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းခွင့်ရှိမည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့  တင်သွင်း

သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တရားရုံးများနှင့် အာဏာပိုင် အဖွဲ့အစည်းများ၏ သံသယဖြင့် မှားယွင်းဖမ်းဆီး ချုပ်နှောင်ခံရသည့် နိုင်ငံသားများ အနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းခွင့်ရှိမည့် ၂၀၁၃ ခုနှစ် စာချွန်တော် အမိန့် လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာ နှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီမှ တင်သွင်းခဲ့ ကြောင်း သိရှိရသည်။

ထိုကဲ့သို့ စာချွန်တော်ဥပဒေကို တင်သွင်းခြင်းနှင့် ပတ်သက်၍  ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက် ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက စာချွန်တော်ဥပဒေသည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှ ဆင်းသက်လာသော နောက်ဆက်တွဲ ဥပဒေ မဟုတ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သီးခြားပေးထားသော ဥပဒေ ဖြစ်ကြောင်း၊ စာချွန်တော်ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဂုဏ်သိက္ခာမြင့်မားအောင် ပေးထားသော အခွင့်အာဏာ တစ်ရပ်ဖြစ်ပြီး နိုင်ငံသား များအတွက် ပေးထားသော မဟာအခွင့်အရေးဟုလည်း ဆိုနိုင်ကြောင်း ပြောကြားခဲ့ သည်။

“နိုင်ငံသားတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အာဏာပိုင် အဖွဲ့အစည်းများက သံသယဖြင့် မှားယွင်းစွာ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရပါက (သို့မဟုတ်) မတရားဖမ်းဆီး ချုပ်နှောင်ခြင်း ခံရပါက ချုပ်နှောင်ခံရတဲ့ နိုင်ငံသားများ အနေနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ရှေ့တော်သွင်း စာချွန်တော် တင်ခွင့်ရှိပါတယ်။ အဲလို တင်သွင်းတဲ့အခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေနဲ့ မှားယွင်း ဖမ်းဆီး ချုပ်နှောင်ခံရတဲ့ နိုင်ငံသားတွေကို ရုံးတော်ကို ဆင့်ခေါ်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲလို စစ်ဆေးပြီးတဲ့ အခါမှာ မှန်ကန်ရင် ဒီနိုင်ငံသားတွေကို လုံးဝ လွှတ်ပေးပိုင်ခွင့် တရားလွှတ်တော်ချုပ်မှာ ရှိနေပါတယ်” ဟု သူရဦးအောင်ကိုက ဆက်လက် ပြောကြားသည်။

ဥပဒေကြမ်းတွင် ပါဝင်သော နောက်ထပ် စာချွန်တော်တစ်ခုမှာ တားမြစ်စေ စာချွန်တော် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ အာဏာပိုင်များ၏ ဖိနှိပ်မှု မှားယွင်းမှုများကြောင့် နိုင်ငံသား တစ်ဦးတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့ အနေဖြင့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးမှုကြုံတွေ့ရပါက ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ စာချွန်တော် တင်သွင်းခွင့်ရှိကြောင်း၊ တင်သွင်းပြီးသည့်အခါ တရားလွှတ်တော်ချုပ်အနေဖြင့် အဆင့်ဆင့် စိစစ်ပြီး အာဏာပိုင်မေး စာချွန်တော်ဖြင့် အဆိုပါနိုင်ငံသားများကို ခေါ်ယူစစ်ဆေးပြီး ၎င်းတို့၏ တင်ပြချက်များ မှန်ကန်ပါက ဖမ်းဆီးချုပ်နှောင်မှုမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက  ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ တတိယ တရားရေးမဏ္ဍိုင် ဖြစ်သည့် အတွက် တရားလွှတ်တော်ချုပ်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ စာချွန်တော်အမိန့် ထုတ်ဆင့်ခွင့် အခွင့်အာဏာကို ပေးထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တရားလွှတ်တော်ချုပ် အနေဖြင့် အခွင့်အာဏာကို တိတိကျကျ ကျင့်သုံးပါက မည်သည့် အဖွဲ့အစည်းဖြစ်စေ မည်သည့်ပုဂ္ဂိုလ်များမှဖြစ်စေ နိုင်ငံသား များပေါ်တွင် မတရားဖိနှိပ် ချုပ်နှောင်မှုများကို စိစစ်ပြီး အမှန်ကို ဖော်ထုတ်ပယ်ချနိုင် ခွင့်ရှိလာတော့မည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ဖြည့်စွက်ပြောကြား သွားခဲ့သည်။

အဆိုပါ ၂၀၁၃ ခုနှစ်အတွက် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခဲ့မှု နှင့် ပတ်သက်၍ လွှတ်တော်မှ ယင်းဥပဒေကြမ်းအား လက်ခံဆွေးနွေး သွားရန် သဘောတူ ကြေညာခဲ့ကြောင်း သိရှိရသည်။

YC


 

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive