Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့်အာဏာများ မျှဝေပေးရန်  ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် နာယကထံ တောင်းဆို

တိုင်းရင်းသားများ အဓိကတောင်းဆိုနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၏ လုပ်ပိုင်ခွင့်အာဏာများကို မျှဝေပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် နယကထံသို့ တောင်းဆို လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့တွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရှမ်းပြည်နယ်အခြေစိုက် လူမူအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းက တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရက ဗဟိုဦးစီးမှုစနစ် လျှော့ချပေးရေး၊ ဖက်ဒရယ်စနစ်ကို ဖြစ်အောင် ဆောင်ရွက်ပေးရေးနှင့် ထိုင်းတွင် ရွေ့ပြောင်းလုပ်ကိုင်နေသော ရှမ်းတိုင်းရင်းသားများအား မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးရေးတို့အတွက် တောင်းဆိုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကလည်း မှတ်ပုံတင်တွင် တိုင်းရင်းသားလူမျိုး အမည်မှန်ဖြစ်ပေါ်အောင် ဆောင်ရွက်ပေးရေး၊ ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး ပြဿနာများ၊ တိုင်းရင်းသားတို့ တောင်းဆိုနေသည့် ဖယ်ဒရယ်မူဝါဒ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် လေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများနှင့် လယ်ယာမြေပြဿနာများ စသည်တို့ကို တွေ့ဆုံပွဲ၌ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 “ဖယ်ဒရယ်က အတော်လေးအသံကျယ်နေပါတယ်။ ဖယ်ဒရယ် မရဘူး ဆိုရင် ငြိမ်းချမ်းရေးအတွက် ခက်ခဲမယ်။ ဖယ်ဒရယ် မရဘူးဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခက်အခဲဖြစ်စေမယ် ၊ ဖယ်ဒရယ်မရဘူးဆိုရင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အခက်အခဲဖြစ်မယ်ဆိုတဲ့စကားတွေ အသင့် အတင့်မှန်တဲ့အတွက် ပေးထားချက်တွေ ပေါ်မူတည်ပြီးတော့ ထိုက်သင့်တာတွေကို ဆောင်ရွက်မယ်၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ၊ ပြည်သူတွေ အားလုံးမှာဥပဒေအပေါ် မူတည်ပြီး တာဝန်ရှိပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက      ဖယ်ဒရယ် မူဝါဒသဘောထားနှင့်ပတ်သက်ပြီး  ယင်းကဲ့သို့ ပြောဆို ခဲ့ကြောင်း သိရသည်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ပြည်သူ့အသံ၊ အခက်အခဲများကို ကြားသိမြင်တွေ့ပြီး ညှိနှိုင်း  ဆောင်ရွက်ပေးနိုင်ဖို့  ပြည်သူ့လွှတ်တော်ထဲသို့ ရောက်ရှိ လာခြင်းဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဖယ်ဒရယ်စနစ် ကျင့်သုံးနေသည် အမေရိကန်ပြည်ထောင်စုကို စံနာမှုနာထားပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အာဏာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့်ပိုမိုရရှိစေရန် အခြေခံဥပဒေပြင်ဆင်ရာတွင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်နှင့်တိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာ အခန်း၊ စာမျက်နှာ ၁၈၈ ဇယား(၂)ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

“ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်နယ်အသီးသီးမှ တစ်ဦးစီတင်ပြချက်များဟာ ပြည်သူတွေလိုအပ်ချက်များ ဖြစ်နေလို့ အမှန်တကယ်ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းငွေက သုံးသပ်ပြောဆိုခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့  တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဦးစီးဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ရပ်ကွက်အထောက် အကူပြု ကော်မတီ ဝင်များ၊ အစိုးရဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 YC


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာမှ ရရှိလာသော သဘောတူလက်မှတ် စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုရေး လုပ်ဆောင်ပေးရန် KNU အဖွဲ့ တိုက်တွန်း အကြံပြု

သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ တွေ့ဆုံဆွေးနွေးပွဲတွင်  ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ သဘောတူလက်မှတ် ရေးထိုးထားခဲ့ သော စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုရေး လုပ်ဆောင်ပေးစေလိုကြောင်း KNU အဖွဲ့မှ အစီရင်ခံစာ တင်ပြ၍ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစီရင်ခံစာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီများနှင့် လွှတ်တော် ၏ အခန်းကဏ္ဍရပ်များကို ရှင်းလင်းစွာ သတ်မှတ်ပေးရေး၊ အစိုးရမှ ငြိမ်းချမ်းရေးဖြစ်စဉ်အား သက်ဆိုင်ရာ အစိုးရ ဌာန အဖွဲ့အစည်းအဆင့်ဆင့် အတွင်း သိရှိနားလည်ရေးနှင့် ပံ့ပိုးထောက်ပံ့ရေးတို့အတွက် လုပ်ဆောင်ပေးရန် တို့ ပါဝင် ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သဘောတူစာချုပ်များ အပါအဝင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုပေးရေး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ အလျင်အမြန် စတင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရေး၊ နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များအား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုပေးရေး ၊ ထိုကဲ့သို့ ထပ်ဆင့် အတည်ပြုထားသော နိုင်ငံရေးဆွေးနွေးပွဲ များမှ ရလဒ်များအား လွှတ်တော်မှ ဥပဒေကြမ်း ပေါ်ထွက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက်အကြံပြု ထားကြောင်း သိရသည်။

အဆိုပါ KNU မှ အစီရင်ခံစာ တင်ပြချက်နှင့် ပတ်သက်၍ “ကေအင်န်ယူအနေနဲ့ တင်ပြသွားတာက သူတို့ အဖွဲ့ရဲ့ နိုင်ငံရေး တိုင်းမ်ဖရိန်ပေါ့။ လွှတ်တော် ပြင်ပ ငြိမ်းချမ်းရေးသဘောတူစာချုပ် တို့ နိုင်ငံရေးဆွေးနွေး ပွဲ ရလဒ်တို့ကို လွှတ်တော်က အတည်ပြုပြီး ဥပဒေထွက်ဖို့ အကြံပြုချက်ဖြစ်ပါတယ်။ ဥပမာ- ကေအိုင်အိုဆိုရင် ၁၇ နှစ် ကြာ အပစ်အခတ် ရပ်စဲထားပေမယ့် ခိုင်မာတဲ့ ဥပဒေ မရှိတဲ့အတွက် ငြိမ်းချမ်းရေးက ပျက်ပြီး တိုက်ပွဲ ပြန်ဖြစ်တယ်။ အဲဒီလိုတွေ ပြန်မဖြစ် အောင် ဥပဒေ ရှိရမယ်ပေါ့နော်။ ဒါက သူတို့တစ်ဖွဲ့တည်းရဲ့ တင်ပြချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကေအင်န်ယူလိုပဲ အခြားအဖွဲ့တွေကလည်း တောင်းဆိုမှုတွေ လာဦးမှာပါ။ လွှတ်တော် အနေနဲ့ကတော့ တစ်နိုင်ငံလုံးက ပြည်သူကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် အမြင်တွေ အမျိုးမျိုးရှိဦးမှာပါ။ အဲဒီတော့ ပြင်ပမှာ ဆွေးနွေးမှုတွေ တင်ပြလာသမျှကို လွှတ်တော်က အတည်ပြုပေးလို့တော့ ရမှာ မဟုတ်ဘူး။ ဆွေးနွေးရဦးမယ်။ အဲဒီလို ဆွေးနွေးဖို့အတွက်ကို ဒီကာလတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရယ် မကြာမကြာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒါ ကျွန်မ တစ်ဦးတည်ရဲ့ အမြင်ပါ” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကလည်း နိုင်ငံတော်အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများကို လွှတ်တော်နှင့် ဆက်လက်ဆွေး နွေးရန် လွှဲပြောင်းမှု ပြုလုပ်မည်ကို စိုးရိမ်သဖြင့် လွှတ်တော်ပြင်ပ၌သာ  နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ၍  ရရှိလာသည့် ဆွေးနွေးမှု ရလဒ်အ တိုင်း ဆက်လက်အကောင်အထည် ဖော်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်ပြီး ကေအင်န်ယူ အနေဖြင့် ယင်းကဲ့သို့ ဆွေးနွေးမှုများ အား လွှတ်တော်မှ အတည်ပြု၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေး ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ စက်တင် ဘာလ ၂ ရက်နေ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် KNU အဖွဲ့၏ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအဖွဲ့မှ ဘားအံခရိုင် လေးဝါးတပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် KNU ဗဟိုကော်မတီဝင် ၄၅ ဦး နှင့် လက်အောက်ခံခရိုင် ခုနစ်ခုမှ ကိုယ်စားလှယ် ၂၁ ဦးတို့ တက်ရောက်ခဲ့ကြပြီး ငါးရက်ခန့် ကြာမြင့်မည့် ယင်းဆွေးနွေးပွဲတွင် နိုင်ငံတော်အစိုးရနှင့် လုပ်ဆောင်နေသော ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကာ ဆွေးနွေးပွဲမှ ကရင် အမျိုးသား တစ်ရပ်လုံးအတွက် ကောင်းမွန် သည့် ရလဒ်များ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအင်န်အယ်လ်အေမှ တပ်မှူးကြီးတစ်ဦးက ပြောကြားသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှ စတင်ကာ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တို့အတွက် အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေ သည့် အဖွဲ့ ဖြစ်သည်။

 YC


မလေးရှားနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော တရားမဝင် မြန်မာနိုင်ငံသားများအားဖမ်းဆီးနေမှုနှင့် ပတ်သက်၍ နိုင်ငံ တော်သမ္မတမှ အဆင့်မြင့်အရာရှိများစေလွှတ် ဖြေရှင်း

မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများအား မလေးရှားနိုင်ငံသို့ သွားရောက်ဖြေရှင်းရန်အတွက် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူဝင်မှုကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်မှ ပြောကြားချက်မှ သိရသည်။

မလေးရှားအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း၌ တရားမဝင်နေထိုင်နေသော နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီး လျက်ရှိရာ စက်တင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံသားအလုပ်သမား ၅၀၀ ခန့် ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများ ထံမှသိရသည်။

“Ops 6P Bersepadu” ဟု အမည်ပေးထားသည့် ယင်းဖမ်းဆီးစစ်ဆေးရေး စီမံချက်များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ enforcement personal အဖွဲ့၊ ရဲများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ များနှင့် ဒေသခံကောင်စီဝင်များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သုံးလကြာဖမ်းဆီး မည်ဟု မလေးအစိုးရက ထုတ်ပြန် ထားသည်။

“နေရပ်ပြန်ပို့ခံရမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်။ ကျွန်တော်တို့တွေအားလုံး မလေးရှားမှာ လာနေတာ ပြဿနာ ရှာဖို့မဟုတ်ဘူး။ ကိုယ့်နိုင်ငံထဲမှာ ကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် အလုပ်လုပ်ချင်တာက ကျွန်တော်တို့ ရဲ့ ဆန္ဒပါ” ဟု မလေးရှားရောက် မြန်မာနိုင်ငံသား ကိုအောင်အောင်၏ ပြောဆိုချက် ကို The Star သတင်း စာ၏ ဖော်ပြချက် မှ  သိရသည်။

ထို့ပြင် ယခုဖမ်းမိထားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ အခန်း ၆၊ ပုဒ်မ ၁၅ (၄) နှင့် ပုဒ်မ ၅၅ တို့ အရ အရေးယူ သွားမည်ဖြစ်ပြီး “တရားမဝင်အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကတော့ မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ်သိန်း ၁၅၀ ခန့်) နှင့်အထက် ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ်အထိ ကျခံစေခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့နဲ့ အရေးယူနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ယင်းပြစ်ဒဏ် သုံးရပ် စလုံးကျခံရနိုင်ပါတယ်” ဟု လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရဝနကူးမား၏ ပြောဆိုချက်ကို The Star သတင်းဌာနတွင် ဆက်လက်ဖော်ပြထားသည်။

မလေးရှားအစိုးရက စတင်ဖမ်းဆီးချိန်မှစပြီး Tanjung Sepat နှင့် Tanjung Rhu ရှိဝင်ပေါက်ထွက်ပေါက် နေရာများကို တင်းကျပ်စွာ ထိန်းချုပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလက္ကာနှင့် စလန်ဂေါကမ်းခြေများအကြားရှိ ကမ်းခြေရှစ် နေရာ ကိုလည်း ထွက်ပြေးတိမ်းရှောင်သူများ မသုံးနိုင်စေရန် ပိတ်ဆို့ထားခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးတစ်ပါးကြောင့် ဘာသာရေးတင်းမာမှုများဖြစ်ပွား

(The Nation(Pakistan) မှ 31 August 2013 ရက်စွဲပါ Anti-Muslim monk stokes Burmese religious tensions ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သတင်းပတ်အတွင်း ဘာသာရေးအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ပြန်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွတ်စလင်ရာပေါင်းများစွာ၏ နေအိမ်များကို ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက ပြာကျသည်အထိ မီးရှို့ဖျက်ဆီးပစ်ကြသည်။

မွတ်စလင်အများစုအပါအဝင် လူပေါင်း ၂၀၀ ခန့်သေဆုံးစေခဲ့သည့် ရခိုင်ပြည်နယ်တွင်း ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုကြီး ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင် ဘာသာရေးဆိုင်ရာ မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုများမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။

ထိုသို့ ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများ မြင့်တက်လာရမှုတွင် လူအများစုက အငြင်းပွားစရာဖြစ်ရပ်များကို ဖန်တီးပေးလျက်ရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားရေးအဖွဲ့တစ်ခုကို ပြစ်တင်ဝေဖန်ကြသည်။

မန္တလေးမြို့ရှိ နာမည်ကျော်ဘုန်းကြီးကျောင်းကြီးတစ်ခု၏ စာသင်ခန်းတွင် စာချဘုန်းကြီးတစ်ပါးက စာပေသင်ကြားပေးလျက်ရှိသည်။ ယင်းမှာ ဦးဝီရသူဖြစ်ပြီး ရဟန်းပျိုများကို လိင်ပိုင်းဆိုင်ရာရှောင်ရှားရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းသင်ပြနေခြင်းဖြစ်သည်။ သွေးဆောင်ဖြားယောင်းမှုများမှ ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း ဦးဝီရသူက ဆုံးမပြောဆိုပြီးနောက် တပည့်များက “မှန်လှပါ အရှင်ဘုရား”  ဟုကတိပြုကြသည်။

အဆိုပါသင်ကြားမှုပြီးဆုံးသွားပြီးနောက် ဦးဝီရသူနှင့် ကျွန်တော်အပြင်ဘက်တွင်တွေ့ ဆုံဖြစ်သည်။ အဆိုပါဘုန်းကြီးကျောင်းရှိ နံရံများပေါ်တွင် လတ်တလောမြန်မာပြည်၌ ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများ၌ ဓားစားခံဖြစ်ခဲ့ရသော ဗုဒ္ဓဘာသာဝင်များ၏ ပိုစတာများကပ်ထားသည်။ အမှန်ပြောရလျှင် ယင်းပိုစတာများကို ကြည့်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာမရှိလှပါ။ ပြီးခဲ့သည့် အောက်တိုဘာလတွင်းဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု၌ သေဆုံးခဲ့သော ကလေးငယ်များနှင့် အမျိုးသမီးများပုံကိုလည်းတွေ့ရသည်။

အဆိုပါ ဓာတ်ပုံများကို တပ်ဆင်ထားရခြင်းမှာ မြန်မာနိုင်ငံသည် မွတ်စလင်ကျူးကျော်သူများ၏ တိုက်ခိုက်မှုကိုခံနေရပြီဟူသည့်အချက်ကိုသတိရစေရန်ဖြစ်သည်ဟု ဦးဝီရသူကပြောသည်။

“မွတ်စလင်တွေဟာ သူတို့အားနည်းနေတဲ့အချိန်မှာ ပုံစံတစ်မျိုး။ ကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံပြတယ်။ သူတို့အင်အားကြီးလာတဲ့အခါမှာ သူတို့ဟာ ဝံပုလွေတွေ ဒါမှမဟုတ် ကျားသစ်တွေလိုဖြစ်လာတယ်၊ တခြားသူတွေကို တရိစ္ဆာန်တွေလို လိုက်ပြီးအမဲဖြတ်ကြတော့တာ” ဟု ဦးဝီရသူကပြောသည်။

ဦးဝီရသူက မွတ်စလင်များသည် မြန်မာနိုင်ငံကို အစ္စလာမစ်နိုင်ငံတော်အဖြစ်ပြောင်းလဲပစ်ရန် ကြီးမားသည့် အကြံအစည်ကြီးတစ်ခုကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ဦးဝီရသူ ပြောသည့်အတိုင်းသာမှန်မည်ဆိုပါက ယင်းအကြံအစည်သည် ရေရှည်အကောင်အထည်ဖော်ရမည့် စီမံကိန်းကြီးတစ်ခုသာဖြစ်ရပေလိမ့်မည်။

နောက်ဆုံးရရှိသည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း သန်း ၆၀ တွင် ၉၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး မွတ်စလင်များမှာ ၅ ရာခိုင်နှုန်းသာရှိသောကြောင့်ပင်ဖြစ်၏။

“ကျုပ်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက် မွတ်စလင်တွေရဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူခဲ့ကြတယ်။ နောက်တော့သူတို့တတွေ ကျုပ်တို့ထက်ချမ်းသာလာကြပြီး ကျုပ်တို့ရဲ့ မြန်မာအမျိုးသမီးလေးတွေကို ပိုက်ဆံပေးပြီးဝယ်ကြတယ်၊ လက်ထပ်ကြတယ်။ သူတို့က အဲဒီပုံစံနဲ့ ကျုပ်တို့တိုင်းပြည်ထဲကို ထိုးဖောက်ဝင်ရောက်လာရုံတင်မကဘူး ကျုပ်တို့ရဲ့ဘာသာတရားကိုပါဖျက်ဆီးပစ်ကြတာ” ဟု ဦးဝီရသူကပြောသည်။

မြန်မာဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်များတွင် အသေးစားစတေကာလေးများ ကပ်ကာ ၎င်းတို့သည် ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ဈေးဆိုင်မှန်းသိရှိစေရန်ဖော်ပြကြသည်။ စတေကာများတွင် ၉၆၉ ဟူသည့် ဂဏန်းသုံးလုံးပါဝင်သည်။

၉၆၉ လှုပ်ရှားမှုကိုထောက်ခံသူများက ၎င်းတို့၏ အသင်းအဖွဲ့သည် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုကို ကာကွယ်ပေးရုံသက်သက်တစ်ခုတည်းအတွက် ဖွဲ့စည်းထားခြင်းသာဖြစ်သည်ဟု ဆိုကြသည်။ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဦးဝီရသူ၏ လေလုံးထွားပြောဆိုမှုများကိုကြည့်မည်ဆိုလျှင် မွတ်စလင်များကို အဓိကပစ်မှတ်ထားခြင်း ဖြစ်သည်ဟူသောအချက်အပေါ် သံသယဖြစ်စရာမလိုပေ။

“အတိတ်ကာလတုန်းက ဘာသာရေးနဲ့ လူမျိုးရေးကိုအခြေခံပြီး ခွဲခြားဆက်ဆံခဲ့တာတွေမရှိခဲ့ပါဘူး။ ကျုပ်တို့တတွေအားလုံး ညီအကိုစိတ်ဓာတ်နဲ့အတူနေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့(မွတ်စလင်) မဟာစီမံကိန်းကြီးလည်း ပေါ်ထွက်လာတော့ ကျုပ်တို့အနေနဲ့ ဆက်ပြီးငြိမ်နေလို့မဖြစ်တော့ဘူး” ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှသည် အလယ်ပိုင်း မိတ္ထီလာနှင့် ဥက္ကံမြို့များသို့ ဆူပူအကြမ်းဖက်မှုများ ကူးစက်ဖြစ်ပွားခဲ့မှုကိုကြည်မည်ဆိုပါက ဘာသာရေးတင်းမာမှုများ၊ ဝါဒဖြန့်ဟောပြောမှုများ၊ ဘုန်းတော်ကြီးများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ၉၆၉ အကြား ချိတ်ဆက်မှုဖြစ်ထွန်းလျက်ရှိသည်ကိုတွေ့မြင်နိုင်သည်။

ဆူပူအကြမ်းဖက်မှုများကိုကြည့်မည်ဆိုပါက ဖိနှိပ်မှုများ အချိုးညီညီပါဝင်နေသည်ကိုတွေ့ရသည်။ မွတ်စလင်တစ်ဦးက ဗုဒ္ဓဘာသာဝင်တစ်ဦးအပေါ် ပြစ်မှုတစ်ခုကျူးလွန်ပြီးနောက် ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းက မွတ်စလင်များကို ပြန်လည်အကြမ်းဖက်ကြသည့်ပုံစံမျိုးဖြင့် ပေါ်ထွက်လာခြင်းမျိုးဖြစ်သည်။

ဦးဝီရသူသည် လွန်ခဲ့သည့် ၁၀ နှစ် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက မွတ်စလင်ဆန့်ကျင်ရေးအမြင်များ ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။ နှစ်ကာလများပြောင်းလဲသွားပြီးနောက် ယခုအခါ ဆိုလျှင် ၎င်း၏ မွတ်စလင်ဆန့်ကျင်ရေးသဘောတရားများမှာ လူမှုမီဒီယာများ၊ ဒီဗီဒီများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာတော့သည်။ သို့သော် ၎င်းအနေဖြင့် ပြစ်တင်ဝေဖန်ခံရခြင်းထက် ထိပ်ပိုင်းပုဂ္ဂိုလ်များ၏

ထောက်ပံ့မှုပင်ရရှိနေသည်။

ပြီးခဲ့သည့် ဇွန်လတွင် ဦးဝီရသူနှင့်ပတ်သက်သော အရေးကိစ္စမှာ TIME မဂ္ဂဇင်းအဖုံးဆောင်းပါးကြောင့် အထွတ်အထိပ်သို့ရောက်ရှိသွားသည်။

ယင်းမဂ္ဂဇင်းက ဦးဝီရသူကို အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တစ်ဦး၏ မျက်နှာဟူသည့် ဆောင်းပါးခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်ကို ဘုန်းတော်ကြီးများက မကျေမနပ်ဖြစ်ခဲ့ရာ သမ္မတဦးသိန်းစိန်က ဦးဝီရသူကို အကာအကွယ်ပေးပြောဆိုခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ ဦးသိန်းစိန်က ဦးဝီရသူသည် ဗုဒ္ဓ၏သားတော်ဖြစ်သည်ဟုပင် ချီးမွမ်းပြောဆိုခဲ့သည်။

ဦးဝီရသူယခုကဲ့သို့ အဘယ့်ကြောင့်မျက်နှာသာပေးခံရသနည်းဟူသောကိစ္စနှင့်ပတ်သက်၍ အဖြေရှာရာတွင် သီအိုရီရှားပါး လှသည်တော့မဟုတ်ပေ။

များစွာသောသီအိုရီများအနက်တစ်ခုမှာ တိုင်းရင်းသားနှင့်ဘာသာရေး ဆူပူအကြမ်းဖက်မှုများကို စစ်တပ်က ၎င်း၏ အခန်းကဏ္ဍပျောက်ကွယ်သွားမှုမရှိစေရန် ထိန်းသိမ်းရာ၌ အသုံးချခြင်းဖြစ်နိုင်သည်။ ယခင်က မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည်ပင် ထိုနည်းလမ်းကိုအသုံးပြုခဲ့သည်ဟူသည့် အဆိုများအခိုင်အမာရှိနေသည်။

“ကျုပ်တို့လည်း ဒါနဲ့ပတ်သက်ပြီး သိချင်နေကြတာ” ဟု ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ သံဃာတော်တစ်ပါးဖြစ်သည့် ဦးကလျာစက ပြောကြားသည်။

“လက်ရှိအနေအထားမှာ ၉၆၉ လှုပ်ရှားမှုဆိုတာ မလိုအပ်ဘူးဆိုတာ ကျုပ်တို့ယုံကြည်တယ်။ တကယ်လို့ အဲဒီလှုပ်ရှားမှုကို အသည်းအသန် ဆက်လက်အကောင်အထည်ဖော်နေမယ်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရေးမှာ အနှောင့်အယှက်ဖြစ်လာ နိုင်တယ်” ဟု ၎င်းက Red Ruby စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာပြောပြသည်။

မန္တလေးရှိ ဦးဝီရသူ၏ ဘုန်းကြီးကျောင်းမှ ကားဖြင့်သွားပါက ခဏအတွင်းရောက်နိုင်သည့်နေရာတွင်ရှိသော ဂျွန်းဗလီတွင်မူ မွတ်စလင်လူငယ်များမှာ ညစဉ်ညတိုင်း ဗလီကိုစောင့်ကြပ်နေကြရသည်။ အကယ်၍ ဗုဒ္ဓဘာသာဝင်တို့၏ တိုက်ခိုက်မှုပေါ်ပေါက်လာပါက မိမိတို့အနေဖြင့် ဗုဒ္ဓဘာသာဝင်အများစုလွှမ်းမိုးထားသော ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ အကာအကွယ်ပေးမှု ရရှိမည်မဟုတ်ဟု ယုံကြည်ကြောင်း ယင်းမွတ်စလင်လူငယ်များကပြောသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive