Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တစ်အချက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့၊ နှစ်အချက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ  အခြေခံတွေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံတွေနဲ့ မကိုက်ညီလို့ လက်မခံကြောင်း ဆုံးဖြတ်တာနဲ့ သုံးအချက်အနေနဲ့ UNFC နဲ့ UNA တို့က ကမကထပြုပြီး ပါသင့်ပါထိုက်တဲ့ ပညာရှင်တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေ က ပါသင့်ပါထိုက်တဲ့သူတွေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲဖို့တွေ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ အခုကော်မတီကို ဖွဲ့လိုက်တာပါ”

၂၀၁၃ စက်တင်ဘာလ ၄ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရန် UNFC နှင့် UNA မှ ကော်မတီဖွဲ့စည်း” သတင်းမှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော်မတီ လမ်းညွှန်ပုဂ္ဂိုလ် ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဖို့လိုတဲ့ ဥပဒေတစ်ခုလို့ ဒါအမြဲ ပြောခဲ့တယ်။ အဲဒါကတော့ အန်တီ သမ္မတဖြစ်ရေး၊ မဖြစ်ရေးက သက်သက်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့မညီလို့ ပြင်ကို ပြင်ရမယ်၊ ပြင်ကို ပြင်ရမယ်ဆိုတဲ့ ကိစ္စက ဖြစ်အောင်ပြင်ရမယ်၊ ဘယ်လိုဖြစ်အောင် ပြင်မလဲဆိုရင် အန်တီကတော့ အမြဲပဲ အဆင်ပြေပြေနဲ့ အေးအေးချမ်းချမ်းပဲ ဖြစ်အောင် ပြင်ချင်တယ်၊ အဲဒီလို ဖြစ်အောင်တော့ ကြိုးစားရမှာပေါ့”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၆၁) တွင် ပါရှိသော “သမ္မတ ဖြစ်ရေး အတွက်သာ အခြေခံဥပဒေကိုပြင်လိုတာမဟုတ်”သတင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းတဲ့အတွက် ပြည်ထောင်စုတပ်မတော်ဟာ ပြည်နယ်တွေ အားလုံးကို ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်ဖို့ လိုပါတယ်။ သမ္မတနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး  ကော်မတီတို့ တွေ့တဲ့အခါမှာ ပြည်ထောင်စုတပ်မတော် ဖြစ်ဖို့လိုတယ်လို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်လာဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးသွားမယ်”

၂၀၁၃ စက်တင်ဘာလ ၆ ရက်နေ့ လူထုပုံရိပ် ဂျာနယ် အတွဲ (၁) ၊ အမှတ် (၄၉) တွင် ပါရှိသော “ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး အစိုးရနှင့် ဆွေးနွေးမည်” သတင်းမှ ရှမ်းပြည်နယ် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်နယ် တပ်မတော်တောင်ပိုင်း RCSS/SSA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းမုန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

မေး           ။               ။၂၀၁၅ ဟိုဘက်အတွက် ပြင်ဆင်မယ်ဆိုရင် နိုင်ငံရေးအတွေးအခေါ် အယူအဆတွေ ပေါ်ထွန်းလာအောင် လက်ရှိ နိုင်ငံရေးပါတီတွေက ဘယ်လောက်အထိ အားထုတ်သင့်ပါသလဲ။

ဖြေ            ။               ။ “အဓိကတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေက ဘယ်လိုပါတီဖွဲ့စည်းပုံမျိုးနဲ့ ဘယ်လို အိုင်ဒီယော်လော်ဂျီကို တပ်ဆင်မှာလဲဆိုတာ နိုင်ငံရေးပါတီဘက်က သုတေသနလုပ်ရမယ်။ ပါတီတွေကို ထူထောင်ရပ်တည်တဲ့ ပုံသဏ္ဌာန်လည်း ကျွန်တော်တို့ လိုအပ်တယ်။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်ခေတ်ကနေ လာခဲ့တဲ့အတွက် ဆိုရှယ်လစ်ခေတ်ရဲ့ ပါတီဖွဲ့စည်းပုံမျိုးနဲ့ ဆိုတာထက် ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ရပ်တည် နေတဲ့ ပါတီဖွဲ့စည်းပုံတွေဟာ ဘယ်လိုသွားလဲ။ ပေါ်လစီကို ဘယ်လို လက်ခံယူသလဲ။ ဒါတွေကို ကျွန်တော်တို့ လေ့လာသင့်တယ်။”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ ပဲ့တင်သံ ဂျာနယ် အမှတ် (၅) တွင် ပါရှိသော “နိုင်ငံရေး အတွေးအခေါ် နှင့် မူဝါဒကို စွဲကိုင်ရပ်တည်နိုင်ရန် နိုင်ငံရေးပါတီများ အချိန်ယူရမည်” သတင်းမှ လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါတီချင်း အတူတူမှာ ကျန်တဲ့ပါတီတွေက ပါတီ ရန်ပုံငွေ ရှာဖွေတဲ့ ပုံစံက အဖွဲ့ဝင်တွေကနေ ဝင်ကြေး ကောက်မယ်။ အထိမ်းအမှတ် စာရွက်စာတမ်းလေးတွေ ရောင်းမယ်၊ တီရှပ်တွေ ရောင်းမယ်၊ မူးစုမတ်စု ရှာရမယ့် အချိန်မှာ သူတို့က လွယ်လွယ်ကူကူ နိုင်ငံပိုင်မြေတွေကို လက်ညှိုးထိုးပြီးတော့ အဲဒီလို ပိုက်ဆံရှာလို့ ရရင် တခြားပါတီတွေလည်း ရသင့်တယ်၊ အဲသလို မဟုတ်ရင် သူက နေရင်း ထိုင်ရင်း ပါမစ်တွေရမယ်၊ မြေကွက်တွေ ရမယ်၊ သူက ထုနဲ့ ထည်နဲ့ ငွေကြေးစုပြီး ဆောင်းပြီးသား၊ တခြားသူက လက်ဖဝါး၊ ခြေဖဝါး နဲ့ ပြိုင်ရမယ်ဆိုရင် ဘယ်လိုလုပ် ပါတီစုံ ဒီမိုကရေစီ ဖြစ်မလဲ၊ တရားမျှတမှု ရှိမလဲ”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၆၁) တွင် ပါရှိသော “အများပိုင်နေရာ အများပိုင်ပစ္စည်းကို ပါတီပိုင် လုပ်လို့ရသလား” သတင်းမှ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာ - တရုတ် နှစ်နိုင်ငံကြား ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက်  အထောက်အကူပြုဟု သမ္မတဆို

သြဂုတ် ၂ ရက်နေ့တွင် ကျင်းပသော (၁၀) ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲ၌ နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်းမှာ  နှစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မဟာဗျူဟာအရ အရေးပါသော ဆက်သွယ်ရေးကို မြှင့်တင်လိုသည့်အပြင်  အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရန် လိုလားကြောင်း၊ သို့မှသာ  အာဆီယံ-တရုတ် ဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်နိုင်မည်ဖြစ်ကြောင်း  ၎င်းက ဆက်လက် ပြောကြားသည်။

ထိုအပြင် တရုတ်ဝန်ကြီးချုပ် လီကာကျန်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေချိန်၌ တရုတ်နိုင်ငံတွင်လည်း အနောက်တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး  နှစ်နိုင်ငံလုံးမှာ တည်နေရာ ဈေးကွက်အနေအထားနှင့် နည်းပညာပိုင်း အားသာချက်များကို ရရှိထားသည်ဟု ပြောကြားခဲ့သည်။

နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ရှိစေရန် တိုးမြှင့်သင့်ကြောင်း၊  နှစ်နိုင်ငံအကျိုးရှိစေမည့် ပူးပေါင်း ဆာင်ရွက်မှုများကို တိုးမြှင့်စေမည့် နည်းလမ်းများနှင့် အတွေးအခေါ်သစ်များကို ဆွေးနွေးသင့်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ ဆောင်ရွက်မည့် အကြီးစားစီမံချက်များအား ခိုင်မာစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့  ဒေသခံပြည်သူ များအတွက်  အကျိုးအမြတ်များ ရရှိစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ချမ်းသာကြွယ်ဝရေးနှင့် လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းသင့်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေး တည်ငြိမ်တိုးတက်ရေးအတွက် ကြိုးပမ်းသင့်ကြောင်း ဆက်လက်  ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံသည်  အာဆီယံဥက္ကဋ္ဌ ရာထူးစတင်တာဝန်ယူမည်ဖြစ်သည့်အတွက်   တရုတ်-အာဆီယံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်  မြန်မာနိုင်ငံမှ ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း လီကာကျန်းက ပြောကြားခဲ့သည်။သို့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မြေဧက ခြောက်သိန်းကို   တာမိုးညှဲချမ်းသာ သစ်အခြေခံစက်မှုလုပ်ငန်းကုမ္ပဏီနှင့်  တရုတ်နိုင်ငံအခြေစိုက်  Sun Shine Kaidi New Energy Co.Ltd တို့ပူးပေါင်း၍ ဇီဝလောင်စာဆီထုတ်လုပ်ရန် စီမံကိန်းဆောင်ရွက်မှုကို ဒေသခံများမှ သမ္မတရုံးထံသို့ လက်မှတ်ထိုး ကန့်ကွက်စာ တင်ထားသည်ဟု သိရသည်။ ယင်းစီမံကိန်း ဖော်ဆောင်မှု အောင်မြင်ပါက စိုက်ပျိုးရေးကို အခြေခံစားသောက်ရသော ဒေသခံပြည်သူများ ရပ်တည်ချက်ပျောက်သွားနိုင်သည့်အတွက် နိုင်ငံတော်သမ္မတရုံးထံသို့ လက်မှတ်ထိုး ကန့်ကွက်စာတင်ခြင်းဖြစ်သည်ဟု ကန့်ကွက်မှုတွင် ပါဝင်သော ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 YC


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် လိုက်လံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် လွှတ်တော်ရပ်နားချိန်အတွင်း သွားရောက်သည့် ရှမ်းပြည်နယ် ခရီးစဉ်အတွင်း နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လိုက်လံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

သူရဦးရွှေမန်း၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း စက်တင်ဘာလ ၂ ရက်နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) ၊ နှင့်စက်တင်ဘာလ ၃ ရက်နေ့တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် နှင့် တွေ့ဆုံခဲ့သည်။

သူရဦးရွှေမန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် ပြည်သူလူထုများနှင့် တောင်ကြီးမြို့၌ တွေ့ဆုံရာတွင် “နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဆိုတာ တိုင်းပြည်တစ်ပြည်မှာ တပ်မတော် တစ်ခုပဲ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ယူနီယံအာမခံ UNION ARMY ဆိုတာပဲ ရှိတယ်။ တိုင်းဒေသကြီး ပြည်နယ်တွေ အားလုံးမှာ တစ်တိုင်းကို တပ်မတော်တစ်ခု ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ပြည်ထောင်စုတပ်မတော်မှာပဲ အားလုံး ပါရပါမယ်” ဟု ပြောကြားခဲ့သည်။

“Power sharing (အာဏာခွဲဝေခြင်း) ဆိုတာက စဉ်းစားဆင်ခြင်ပြီး ၊ စနစ်တစ်ခုကနေ စနစ်တစ်ခု ကူးပြောင်းတဲ့အခါ လွယ်လွယ်နဲ့ မရဘူး။ အဆင့်တိုင်း၊ အဆင့်တိုင်းကို လုပ်ဆောင်သွားရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီ (SNLD) နှင့် တွေ့ဆုံရာတွင် “လက်နက်ကိုင်ပြီး ဖက်ဒရယ်စနစ်ကို တောင်းဆိုနေတာထက် ပြည်နယ် ဒေသအလိုက် လွှတ်တော်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုလို့ ရတာပါပဲ။ ရှမ်းပြည်နယ်အတွက် လိုအပ်တဲ့ ဥပဒေ ပြည်နယ်မှာရှိတဲ့ လွှတ်တော်တွေမှာ တင်ပြပြီး အတည်ပြု ပြဋ္ဌာန်းလို့ ရတာပဲ။ လက်နက်ကိုင်ပြီး ဖက်ဒရယ် တောင်းဆိုစရာ မလိုပါဘူး” ဟုလည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်၍ ၎င်းတို့ ပြန်လည် ရောက်ရှိလာပါက ကျေးရွာများ တည်ဆောက်ပေးကာ နိုင်ငံသားမှတ်ပုံတင်များ ရရှိအောင် ဆောင်ရွက်ပေးရန်၊ မှတ်ပုံတင်တွင် တိုင်းရင်းသားလူမျိုး အမည်မှန် ဆောင်ရွက်ပေးရေးနှင့် ပုဒ်မ ၁၇ နှင့် ၁၈ တို့ကို ဖျက်သိမ်းပေးရန် တောင်းဆို တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် စက်တင်ဘာလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့်လည်း ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ UWSA နှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လွှတ်တော် အမတ်အချို့ တက်ရောက်ခဲ့ပြီး UWSA ဘက်မှ ဒုတိယ စစ်သေနာပတိချုပ် ခွန်ဆန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးအိုင်လိန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ တက်ရောက်ခဲ့ကြကာ မိုင်းတုံ၊ မိုင်းဆတ် နှင့် ကျိုင်းတုံမြို့ အနီးတဝိုက်တွင် နှစ်ဖက်တပ်များ တပ်များ တိုးချဲ့၍ အပြန်အလှန် ဝန်းရံနေမှု ကိစ္စများ၊ ရှေ့ရောက်နေသည့် တပ်များအား မူလနေရာ ပြန်ဆုတ်ပေးရေးနှင့် မူလနေရာတွင် ပြန်လည်နေရာပေးရေး စသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း “ဝ” အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၏ ပြောကြား ချက်အရ သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လာမည့် စက်တင်ဘာ ၆ ရက်နေ့တွင်လည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး မွန်ပြည်နယ် ၊ တနင်္သာရီ တိုင်းဒေသကြီးများသို့လည်း သွားရောက်ကာ ၎င်းဒေသများရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရှိနေကြောင်း သိရှိရသည်။

 YC


၂၀၃၁ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏ လျှပ်စစ်ဓါတ်အား ပမာဏ ယခုထက် ငါးဆ လိုမည်

လျှပ်စစ်ဓါတ်အားဝန်ကြီးဌာနသည် ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး နှစ် ၃၀ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ အဆိုပါစီမံကိန်းအရ ၂၀၃၁ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ်နှစ်သောင်းနီးပါး ရှိလာမည်ဖြစ်ပြီး လက်ရှိထုတ်လွှတ်နေသည့် လျှပ်စစ်ဓါတ်အားထက် ငါးဆပိုမိုလိုအပ် လာမည်ဟု  ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသော Myanmar Energy Investment Summit 2013 ၌ ရေအားလျှပ်စစ်စီမံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးတင်လွင်ဦးက ပြောကြားခဲ့သည်။

၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်၌ အများဆုံးလျှပ်စစ်ဓါတ်အားပမာဏ ၁၈၉၀၄ မဂ္ဂါဝပ်အထိ လိုအပ်မည်ဖြစ်ပြီး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၅၆၄၂ မဂ္ဂါဝပ်အထိ လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း လျှပ်စစ်ဓါတ်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ ရေစွမ်းအင်၊ သဘာဝဓါတ်ငွေ့နှင့်ကျောက်မီးသွေးတို့မှ လျှပ်စစ်ဓါတ်အားမဂ္ဂါဝပ် လေးထောင်နီးပါး ထုတ်လုပ်နိုင်သောကြောင့် ၂၀၃၁ ခုနှစ်တွင် လိုအပ်မည့် မဂ္ဂါဝပ် နှစ်သောင်းနီးပါးကို ဖြည့်ဆည်းနိုင်ရန် စနစ်တကျ ကြိုးပမ်းရမည်ဖြစ်ကြောင်း Upstream Ayerwady မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည်  လျှပ်စစ်ဓါတ်အားရရှိမှုနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အခြေအနေများ အပေါ်တွင် များစွာမူတည်နေသောကြောင့် GDP သည် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု  အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ခန့်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပြည်တွင်းလျှပ်စစ်စွမ်းအား လိုအပ်ချက်ပမာဏကို ထပ်မံဖြည့်ဆည်းရန် ၂၀၁၅ ခုနှစ်မတိုင်မီ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံငါးခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့်  ၅၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မည့်  သဘာဝဓါတ်ငွေ့သုံးစက်ရုံကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ တည်ဆောက်ရန်အတွက် Kokrea Western Power ကုမ္ပဏီ၊ မြန်မာနိုင်ငံမှ HEXA International Group ကုမ္ပဏီနှင့်  Korea Electric Manufacture Association ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီးဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive