Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အောက်ခြေပြည်သူကိုယ်စားပြု ဘတ်ဂျက်ကို ရေးဆွဲမည်ဟု ဝန်ကြီး ဦးစိုးသိန်း ဆို

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်ရေးဆွဲရာတွင်  နိုင်ငံတော်စီမံကိန်းကြီးများအတွက်  ဘတ်ဂျက်ပိုမိုတောင်းခံ မည်မဟုတ်ဘဲ  ပြည်သူကိုယ်စားပြု ဘတ်ဂျက်ကိုရေးဆွဲမည်ဖြစ်ကြောင်း၊ လာမည့်နှစ် စီမံကိန်းများသည်   များပြားမည် မဟုတ်ဘဲ နည်းလာမည်ဖြစ်ကြောင်း၊ State Own Enterprise နည်းပါးပြီး Private များလာမည်ဖြစ်ကြောင်း  သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“အခုသွားမယ့်စနစ်က ၂၀၁၄-၂၀၁၅ မှာ ပြည်သူဗဟိုပြုတဲ့ ဘတ်ဂျက်ဖြစ်အောင် People Sector Development ပြည်သူနဲ့ ဆွေးနွေးပြီးတော့ ပြည်သူတကယ်လိုတဲ့ လုပ်ငန်းကိုသာလျှင် ဘတ်ဂျက်ကို အောက်ကတက်လာမယ်။ အပေါ်ကလည်း မဟာဗျူဟာအရ လိုအပ်တာနဲ့ ပေါင်းစပ်တော့မှ Align ဖြစ်တဲ့ ဘတ်ဂျက်ဖြစ်လာမယ်။ တကယ်တိတိကျကျနဲ့ တကယ့် Effective ရှိမယ့် ပြည်သူတကယ်လိုတဲ့ ဟာဖြစ်လာမယ်”ဟု ဝန်ကြီးဦးစိုးသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင်ရန်အတွက်  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုဝန်ကြီးများထံမှ ဘတ်ဂျက်  ပိုမိုတောင်းခံရန်နှင့် စက်တင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသုံးစရိတ်များကို စတင်ရေးဆွဲမည်ဖြစ်သည့်အတွက်  ပြည်သူများ အကျိုးပြုမည့် စီမံကိန်းများကို လုပ်ကိုင်ရန်  နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်ဟု  ကယားပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသောရယ်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတွင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင်   ပြည်ထောင်စုဘဏ္ဍာငွေမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုကို ထောက်ပံ့သည့်အခါ  ကယားပြည်နယ်တွင် အနည်းဆုံးဖြစ်ပြီး  မကွေးတိုင်းတွင် အများဆုံးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှာလည်း လုံခြုံရေးကို  အဓိကလုပ်ကိုင်ကြ၍ မြို့နယ်ဒေသခံများမှာ ဖွံ့ဖြိုးစေချင်သည့်အတွက်   နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဦးစိုးသိန်းက ဆက်လက်ပြောကြားခဲ့သည်။

အစိုးရဝန်ကြီးဌာနများသည်  ဘတ်ဂျက်ငွေများမှ ပိုလျှံငွေများကို ဘဏ္ဍာနှစ်မကုန်မီ ပြန်လည်အပ်ရန် ညွန်ကြားထားသော်လည်း  လိုက်နာခြင်းမရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင်  ဖော်ပြခဲ့သည်။

အောက်တိုဘာလတွင်  ပြန်လည်စတင်မည့် လွှတ်တော်တွင် အစိုးရအဖွဲ့မှ  ခွင့်ပြုဘတ်ဂျက်ဖြင့် မလုံလောက်၍ ထပ်တိုးတောင်းခံငွေများကို  စိစစ်သွားမည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဝင် ဦးစိုင်းသီဟကျော်က  စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တင်ပြပါက  အသေးစိတ် ညှိနှိုင်းဆောင်ရွက်မည်ပြီး စာရင်းစစ်အဖွဲ့များအပြင်  လွှတ်တော်ကပါ စိစစ်သည့်အတွက်  နိုင်ငံတော် စီမံကိန်းကြီးများကို ချပေးသော ဘတ်ဂျက်များ မှာ အဟောသိကံဖြစ်သည်ဟု ပြော၍မရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက  သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 YC


ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီ ၁၅၀ ကျော် မှတ်ပုံတင်ထား

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကုန်းတွင်းပိုင်းလုပ်ကွက်နှင့် ကမ်းလွန်(ရေတိမ်ပိုင်း) လုပ်ကွက်များတွင် ပြည်ပရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် စက်တင်ဘာလ ၂ ရက်နေ့အထိ ပြည်တွင်းမှ ဧဒင်၊ အေရှားဂရင်း၊ ရွှေတောင်ဖွံ့ဖြိုးရေး၊ ပါရမီစွမ်းအင်ဖွံ့ဖြိုးရေးကုမ္ပဏီများအပါအဝင် မြန်မာကုမ္ပဏီပေါင်း ၁၅၄ ခုကျော်သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြုလုပ်ထားပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းမှ စတင်၍ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်ကို ပထမဦးဆုံးအကြိမ် ဈေးပြိုင်တင်ဒါခေါ်ယူခဲ့ရာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြည်တွင်းပြည်ပကုမ္ပဏီ ၃၇ ခု အဆိုပြုတင်ပြခဲ့ပြီး ယင်းကုမ္ပဏီများမှ ၈ ခုကို လုပ်ကွက် ၁၀ ကွက်တွင် ပြည်တွင်းရှိ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း စွမ်းအင်ဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ချထားပေးသည့် ကုန်တွင်း၊ ကမ်းလွန် လုပ်ကွက်နှင့် ကမ်းလွန်ရေတိမ်ပိုင်း လုပ်ကွက်များတွင် မြန်မာကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် ခွင့်ပြုထားပြီး ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်များအား လုပ်ကိုင်ခွင့်ကို ခွင့်ပြုမပေးထား ကြောင်း သိရသည်။

“ဝန်ကြီးဌာနက တွဲလုပ်မယ့် မြန်မာကုမ္ပဏီတွေကို စာရင်းကောက်တယ်။ တွဲလုပ်ချင်တဲ့ နိုင်ငံခြားကုမ္ပဏီ ကတော့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ရမှာပါ။ ရှယ်ယာဝင်ခိုင်းပြီး မြန်မာကုမ္ပဏီတွေကို ဘေးထိုင်ခိုင်းတဲ့ ကိစ္စမဖြစ်အောင် ညှိနှိုင်းကြီးကြပ်ရပါတယ်”ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော ကုန်းတွင်းပိုင်းလုပ်ကွက် ၅၃ ကွက်၊ ကမ်းလွန်လုပ်ကွက် ၄၈ ကွက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင်သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအား အကျိုးအမြတ်များပိုမိုရရှိစေရန် ကုန်းတွင်း၊ ကမ်းဝေးရှာဖွေရေးအပိုင်းကို ပြင်ဆင်ဆောင်ရွက်နေပြီး ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းဘက်သို့ အသွင်ကူးပြောင်းလဲဖွဲ့စည်းနိုင်ရန် ညှိနှိုင်းဆောင်ရွက် နေကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီများအကြား အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော ရေနံနှင့် သဘာဝဓါတ်ငွေ့ဆိုင်ရာလုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပေးထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တူးဖော်ထုတ်လုပ်ရောင်းချနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုမှာ ရတနာစီမံကိန်းနှင့် ရဲတံခွန်စီမံကိန်းတို့ဖြစ်သည်။ ထို့ပြင် မကြာသေးမီကပင် ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဇောတိကစီမံကိန်းမှ ထွက်ရှိမည်ဓါတ်ငွေ့များကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ စတင် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

   YC


မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရေး ထောက်ပံ့ရန် SWP မှတိုက်တွန်းပြောကြား

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံမည့် ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန် အလွှာစုံ၊ ကဏ္ဍစုံမှ အင်အားစုအားလုံးပါဝင်လာမည့် နိုင်ငံရေးစကားဝိုင်းတစ်ခု ပေါ်ပေါက်လာရေး အတွက် ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီတို့က အထောက်အပံ့ပေးရန် ဂျာမန်ညဏ် ကြီးရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် SWP (The Stiftung Wissenschaft und Politik) – ( German Institute for International and Security Affair) က တိုက်တွန်းသည့် ထုတ်ပြန်ချပ်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိက အထောက်အပံ့ပေးနေသည့် ဂျာမနီနှင့် အီးယူအဖွဲ့အစည်းများအနေဖြင့် အင်အားစုအားလုံးပါဝင်မည့် အမျိုးသားအဆင့် နိုင်ငံရေးစကား ဝိုင်းတစ်ခုဖြစ်ပေါ်လာရန် မြန်မာအစိုးရအား သံတမန်နည်းလမ်းဖြင့် ဖိအားပေးသင့်ကြောင်း SWP က စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စာတမ်းတွင် ဖော်ပြထားသည်။

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အဓိကကဏ္ဍနှစ်ရပ်ဖြစ်သည့် ဖက်ဒရယ်စနစ် အကောင်အထည်ဖော်ရေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးစကားဝိုင်းအတွက် အီးယူနှင့် ဂျာမနီတို့ အဓိက အထောက်အပံ့ပြုနိုင်ပြီး ယင်းကဏ္ဍနှစ်ခုကို တစ်ပြိုင်နက် အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်ကြောင်း SWP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လာမည့်လအအနည်းငယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအပါအဝင် အဖွဲ့အစည်း အသီးသီးနှင့် မြန်မာနိုင်ငံအနာဂတ်အရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်သော်လည်း အစိုးရ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာအနေနှင့် မျက်ခြေပြတ်နေမည်ကို စိုးရိမ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင် ဦးညိုအုန်းမြင့်က ပြောကြားသည်။

“နိုင်ငံရေးစကားဝိုင်းအတွက် ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ကျန်တာကတော့ အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲတွေကတစ်ဆင့်သွားမည်”ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

သို့ရာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ယုံကြည်မှုပျက်ပြားကာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ခက်ခဲလာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခက်အခဲဖြစ်စေကြောင်း တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်(PSIF/TNLA) မှ ဒုအထွေထွေအတွင်းရေးမှူး ဒု - ဗိုလ်မှူးကြီးတာဘုန်းကျော်က ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံတို့က အဓိကထောက်ပံ့နေပြီး ၂၀၁၃ ခုနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် EU က ယူရိုသန်း ၃၀ ကျော် ခွင့်ပြုပြီးဖြစ်ကြောင်း ကြေညာထားသည်။

YC


မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရအနေဖြင့် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ်မည်ကို အမေရိကန် လွှတ်တော်အမတ်တစ်ချို့ ဝေဖန်

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် တိုက်ခိုက်ရေး မဟုတ်သည့် ကာကွယ်ရေးဆိုင်ရာ စစ်ရေးနယ်ပယ်များတွင်  လေ့ကျင့်မှုများ ပြန်လည် စတင် ပြုလုပ်ပေးလိုသော်လည်း  အမေရိကန် လွှတ်တော်အမတ် အချို့ကမူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအတွက် စွပ်စွဲခံနေရသော မြန်မာနိုင်ငံအပေါ် ယခုကဲ့သို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေခြင်းမှာ စောလွန်းနေသေးကြောင်း ဝေဖန်ခဲ့သည်ဟု အေပီ သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

အရှေ့အာရှ ပစိတ်ဖိတ်ဒေသတွင် သြဇာလွှမ်းမိုးမှု တိုးမြှင့်ရန် ကြိုးစားနေသော အမေရိကန်အစိုးရသည် မြန်မာနိုင်ငံကို အရပ်သားအစိုးရ တက်လာခဲ့ပြီးသည့် နောက်ပိုင်း ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့သည့်အပြင် ယခင် စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်း ဝါရှင်တန်သို့ ဖိတ်ကြားခဲ့သည်။ ယခင် အပတ်ကလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီဖြင့် အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူများသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လူ့အခွင့်အရေး၊ ဥပဒေ စည်းမျဉ်းများ နှင့် ပတ်သက်၍ မည်သည့်အကူအညီများ ပေးအပ်နိုင်မည်ကို ဆန်းစစ်ခဲ့ကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်သော ဒေသတွင်း ကွန်ဖရင့်တွင်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးချုပ် ဟေဂယ်လ် နှင့် မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့သည် နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသေးသည်။

ထိုကဲ့သို့ အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး တိုးမြှင့် ခြင်းနှင့် ပတ်သက်၍ အမေရိကန် ဥပဒေပြုအမတ်အချို့ကမူ မြန်မာ အစိုးရအပေါ် ဖိအားပေးနိုင်သည့် တစ်ခုတည်းသော စစ်ရေးဆက်ဆံမှုကို ပြန်လည် မပြုလုပ်စေလိုကြာင်း ရှုမြင်သည်။

“မြန်မာနဲ့ အမေရိကန် စစ်ရေးဆက်သွယ်မှု ပြန်လည်စတင်ဖို့အတွက် အချိန် စောလွန်းပါတယ်။ မြန်မာ စစ်တပ်က အရပ်သားအစိုးရ အပေါ် လွှမ်းမိုးမှု ရှိနေသေးတဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေမှာ ချိုးဖောက်မှုတွေ ရှိနေဆဲပါ” ဟု ရီပတ်ဘလစ်ကန်ပါတီ အမတ် အရှေ့အာရှရေးရာ မူဝါဒ ဥက္ကဋ္ဌ Steve Chabot ၏ အေပီသတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေး ပေါ်လစီနှင့် ပတ်သက်၍ အိုဘားမား အစိုးရ အဖွဲ့ပေါ် ကွန်ဂရက်တွင် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်သော ကင်တပ်ကီပြည်နယ် ရီပတ်ပလေကန် အထက်လွှတ်တော်အမတ် Mitch McConnel ကမူ နှစ်နိုင်ငံ စစ်တပ်ချင်း ပိုမို ဆောင်ရွက်သင့်ကြောင်း ၎င်း၏ သြဂုတ်လ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

အမေရိကန်အစိုးရသည် ၁၉၈၈ မတိုင်မီ အချိန်ကာလအထိ မြန်မာနိုင်ငံမှ အရာရှိ များအား စစ်သင်တန်းများ ပေးလေ့ရှိခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း ကာလများတွင် စစ်ရေးအကူအညီများ အားလုံး ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှ စတင်၍ မြန်မာနိုင်ငံသည် စစ်ရေး အကူအညီများနှင့် အထောက်အပံ့များအတွက် တရုတ် ၊ ရုရှား နှင့် မြောက်ကိုရီးယားနိုင်ငံတို့ အပေါ်တွင် မှီခိုနေခဲ့ရသည်။

ယခုအချိန်တွင် အမေရိကန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ဆက်ဆံရာတွင် ချီတုံချတုံ ဖြစ်နေသော်လည်း အနောက်နိုင်ငံများ ဖြစ်ကြသည့် ဗြိတိန်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံတို့မှာမူ ကာကွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံ စစ်တပ်နှင့် ပူးပေါင်း လုပ်ဆောင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

            YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Bangkok Post မှ 4 Sep 2013 ရက်စွဲပါ “Myanmar stock exchange running late” သတင်း ကို ဘာသာပြန်ဆို သည်။)

(2 Sep 2013 ရက်စွဲပါ BBC News မှ China’s manufacturing activity at 16 month high သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာစတော့အိပ်ချိန်း နောက်ကျနေ

(Bangkok Post မှ 4 Sep 2013 ရက်စွဲပါ “Myanmar stock exchange running late” သတင်း ကို ဘာသာပြန်ဆို သည်။)

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ စတော့အိပ်ချိန်း စတင်ရေးကိစ္စသည် ဥပဒေဆိုင်ရာပုံစံ Legal framework ချမှတ်ရာတွင် နှောင့်နှေးခြင်းကြောင့် စီစဉ်ထားသည့်ထက် နောက်ကျနေကြောင်း စီမံကိန်းတွင် ကူညီ ပေးနေသော Janpan Exchange Group Inc မှအမှုဆောင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၇ ရက် တိုကျိုတွင် ပြုလုပ်သော အင်တာဗျူးတွင် Japan Exchange မှအကြီးတန်းအမှု ဆောင်အရာရှိ ကိုအိချီဝိုမီယာဟာရာက “ကျွန်တော်တို့မှာ အချိန်မလောက်တဲ့ ဖိအားရှိနေပါတယ်။  ငွေရင်းငွေနှီးဈေး ကွက်ဥပဒေ အတည်ပြုတာ နောက်ကျလို့ စီမံကိန်း ကြန့်ကြာသွားပါပြီ။ စည်းကမ်း ထိမ်းသိမ်းရေးလိုဟာမျိုး ဆက်စပ်အဖွဲ့အစည်းတွေကို ဘယ်လောက်မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်မလဲ ဆိုတာက မြန်မာအစိုးရအပေါ်မှာ မူတည်နေပါတယ်”ဟု ပြောကြားပါသည်။

မြန်မာအာဏာပိုင်များသည် ဆယ်စုနှစ်ချီတံခါးပိတ်ထားမှုကို ဖွင့်လှစ်လိုက်ပြီးနောက် စတော့အိပ်ချိန်း ထူထောင်ရာတွင် အကူအညီရယူရန်အတွက် ဂျပန် Tokyo Stock Exchange Group နှင့် Daiwa Securities Group တို့ကို မနှစ်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူ Institude of Southeast Asian Studies မှ သုတေသနပညာရှင် ဒေါ်မိုးသူဇာက “တစ်ခြား ခေတ်မှီ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတွေလိုဘဲ မြန်မာနိုင်ငံမှာလည်း ကုမ္ပဏီ ငွေရင်းငွေနှီး ရရှိနိုင်ဖို့ အတွက် စတော့ဈေးကွက် ရှိဖို့လိုပါတယ်။ ကောင်းမယ်ထင်သလို သတ်မှတ်ထားတဲ့ စတော့ဈေးကွက် ရှိဖို့လိုပါတယ်။ ကောင်းမယ်ထင်သလို သတ်မှတ်ထားတဲ့နောက်ဆုံးရက်ကို အချိန်မှီဖို့ထက် ဆီလျှော်မှန်ကန်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့က ပိုပြီးအရေးကြီးပါတယ်” ဟု မှတ်ချက်ပေးသည်။

စတော့အိပ်ချိန်းကို ဇူလိုင် ၃၁ ရက်တွင် သမ္မတဦးသိန်းစိန် ကလက်မှတ်ထိုးပေးလိုက်သည်။ စတော့အိပ်ချိန်းဈေးကွက် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ကိုင်ခြင်းတို့ပါဝင်သော ၎င်းဥပဒေကို လွှတ်တော်က အတည်ပြုပေး ခဲ့သည်။

စီမံကိန်းကို ကူညီပေးနေသော Japan Exchange ကြီးကြပ်သူ မီယာဟာရာက “စတော့အိပ်ချိန်းဥပဒေ ကို ၂၀၁၃ နှစ်စတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ ယခုလို နှောင့်နှေးမှုကြောင့် စီမံကိန်းအကောင်အထည်ေ ဖ်ာရာတွင် တစ်နှစ်ခန့်အချိန် တိုတောင်းသွားကြောင်း ၊ လုပ်ငန်းအချိန်မှီပြီးစီးရန်အတွက် မိမိတို့ကုမ္ပဏီအနေဖြင့် အရာ အရာကြိုးပမ်းအားထုတ် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း”ရှင်းလင်းပြောကြားထားသည်။

အင်္ဂါနေ့က တယ်လီဖုန်းအင်တာဗျူးတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က စတော့ အိပ်ချိန်း လည်ပတ်မည့်ပုံစံကို ချမှတ်ရန်အတွက် ဥပဒေအရ စည်းကမ်းပိုင်းဆိုင်ရာများကို ရေးဆွဲရဦးမည်ဟု ပြောကြား သည်။

သြဂုတ်လ ၂၃ ရက်က ညှိနှိုင်းဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဒုဝန်ကြီးဦးမောင်မောင်သိမ်းက “စတော့အိပ်ချိန်း အတွက် အဆောက်အအုံနှင့် ဆော့ဝဲလ် ကဲ့သို့ အခြေခံအဆောက်အဦးစနစ်များကို နောက်နှစ်တွင် အစိုးရက စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စတော့အိပ်ချိန်းကို ၂၀၁၅ တွင်စတင်နိုင်မည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။

တိုကျိုအခြေစိုက် Japan Exchange နှင့် Daiwa သုတေသနဌာနနှစ်ဖွဲ့စလုံးက မြန်မာစတော့အိပ်ချိန်း အတွက် လုပ်ငန်းပိုင်းနှင့် အခြေခံအဆောက်အဦးစနစ်ပိုင်းဆိုင်ရာ အစီအစဉ်များအပါအဝင် ပုံစံချမှတ်မှုနှင့် ပတ်သက်နေ သည့် အစီရင်ခံစာများကို အပြီးသတ်ရေးသားပြီးစီပြီဖြစ်၍ မြန်မာအစိုးရထံ ယခုလအတွင်း တင်ပြကြလိမ့်မည်ဟု မစ္စတာမီယာဟာရာ က ပြောကြားသည်။

မြန်မာစတော့အိပ်ချိန်းဥပဒေတွင် နိုင်ငံခြားသားများအား ရောင်းဝယ်ခွင့်ပြုမှာလားဆိုသည်ကို ဖော်ပြ ထားခြင်းမရှိပေ။


၁၆ လကြာ မြင့်မားနေသော တရုတ်၏ ကုန်ထုတ်လုပ်မှု

(2 Sep 2013 ရက်စွဲပါ BBC News မှ China’s manufacturing activity at 16 month high သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်၏ ကုန်ထုတ်လုပ်မှုသည် ၁၆ လ အမြင့်ဆုံးအခြေအနေတစ်ခုအဖြစ် သြဂုတ်လအတွင်း မြင့်မားလာခဲ့ရာ ၎င်းတို့၏ စီးပွားရေး ရုတ်ခြည်း ကျဆင်းသွားမည်ကို ကြောက်ရွံ့စိုးရိမ်နေကြသည်။

တရားဝင် ထုတ်ပြန်သော Purchasing Managers’ Index (PMI) အရ ဂျူလိုင်လအတွင်း ၅၀ ဒဿမ ၃ မှ ၅၁ အထိ တက်လာခဲ့သည်။

PMI သည် ဖော်ပြပါ ကဏ္ဍ၏ ကျန်းမာသန်းစွမ်းမှုအတွက် အဓိကညွှန်းကိန်းတစ်ခုဖြစ်ပြီး ယင်းအမှတ် ၅၀ ကျော်လာခြင်းမှာ ကြီးထွားလာခြင်းကို ညွှန်ပြသည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနယ်ပယ် တရုတ်သည် ၎င်း၏ စီးပွားရေးတိုးတက်နှုန်း အချိန်အတိုင်းအတာ တစ်ခု၏ သုံးလပတ်နှစ်ခုကြာမျှ နှေးကွေးလာခဲ့ပြီးနောက်ပြန်လည် ဦးမော့လာစေရေးအတွက် အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းခဲ့သည်။

“ကျွန်တော်တို့ဟာ စီးပွားရေးအခြေအနေ တိုးတက်မှုအတွက် ပိုရှင်းလင်းတဲ့ လက္ခဏာတွေကို တွေ့နေပါ တယ်”ဟု ဟောင်ကောင်၊ JP Morgan  မှ စီးပွားရေး ပညာရှင် အကြီးအကဲ Haibin က ပြောသည်။

 ခိုင်မာသော မူဝါဒကြေညာချက်

တရုတ်စီးပွားရေးသည် နှစ်တစ်နှစ်၏ အစောပိုင်း ဧပြီလမှ ဇွန်လအထိတွင် ၇ ဒဿမ ၅ ရာခိုင်နှုန်း ကြီးထွား ခဲ့ကာ အရှေ့ သုံးလ၏ စီးပွားရေး တိုးတက်မှု ၇ ဒဿမ ၇ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

နောက်လာမည့် လများတွင် စီးပွားရေး တိုးတက်နှုန်း သည့်ထက် လျော့ကျမည်ကို စိုးရိမ်မှုများ ရှိနေခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပကဲ့သို့ အဓိကဈေးကွက်များတွင် တရုတ်တင်ပို့ကုန်များ မှာယူမှု နည်းလာခြင်းကြောင့် ဖြစ်သည်။

ဤသည်မှာ တရုတ်နိုင်ငံ၏ အဓိက စီးပွားရေး မောင်းနှင်အားဖြစ်သော ကုန်ထုတ်လုပ်မှုနှင့် တင်ပို့မှုကဏ္ဍအတွက် ထိခိုက်နစ်နာရသည်။

ရုတ်တရက် ပြင်ပဝယ်လိုအား ကျဆင်းလာမှုကြောင့် ဘေဂျင်းသည် စီးပွားရေးကို ပြန်လည်ထိန်းညှိရန်နှင့် တိုးတက်နှုန်းကို တာရှည်ထိန်းထားရန် ပြည်တွင်းသုံးစွဲမှုအား မြင့်တက်လာအောင် ကြိုးစားနေရသည်။

ပြီးခဲ့သောလက အစိုးရသည် လစဉ် ယွမ် နှစ်သောင်း(၃၂၅၇ ဒေါ်လာ/ ၂၁၂၅ ပေါင်) ထက်နည်းပြီး ရောင်းဝယ်ကြသော အသေးစား လုပ်ငန်းများအတွက် တန်ဖိုး မြှင့်ပစ္စည်းအတွက်အခွန် (value-added tax) နှင့် စုစုပေါင်း ရောင်းရငွေအပေါ်အခွန် (turnover tax) တို့ကို ရုတ်သိမ်းပေးခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီငယ် ခြောက်သန်းခန့် အကျိုးဖြစ်ထွန်းရန်နှင့် အလုပ်အကိုင်များ တိုးပွားလာရန် မျှော်လင့်ထားသည်။

ဘေဂျင်းက အကောက်ခွန်ရှင်းလင်းမှု(custom clearance) ဖြစ်စဉ်ကို ရိုးရှင်းအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်တာ ကုန်ကျငွေများ ဖြတ်တောက်ရန်နှင့် ပုဂ္ဂလိက အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ တင်ပို့မှုကို အားပေးရန်အတွက် အကောင်အထည်ဖော် မည်ဟု ပြောပါသည်။

“မူဝါဒ ရပ်တည်ချက် လတ်တလော ပြောင်းလဲမှုနှင့် ခိုင်မာသည့် မူဝါဒကို ကြေညာခြင်း”များမှာ စီးပွားရေးကဏ္ဍ ပြန်လည်အသက်ဝင်လာစေ ရန် အဓိကအချက်တစ်ခုဖြစ်သည်ဟု Haibin က ဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive