Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဘာသာရေးပဋိအက္ခများ ရပ်တန့်သွားစေရန်အတွက် မိမိတစ်ဦးတည်းမတက်နိုင်ဟုဒေါ်အောင်ဆန်းစု ကြည်ပြောကြား

တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ဟန်ချက်ပျက်စေခဲ့သော နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ပဋိပက္ခများကို ၎င်းတစ်ဦးတည်း၏ အင်အားဖြင့် ရပ်တန့်ရန် မတက်နိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ပိုလန်နိုင်ငံ ဝါဆောင်မြို့တွင် ပိုလန်သမ္မတဟောင်းနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေးအသွင်ဆောင်နေသော ပဋိပက္ခများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရပ်တန့်အောင် ဆောင်ရွက်နိုင်ခြင်းမရှိမရှိ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့လိုအပ်တယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ကျွန်မတို့ပြည်သူတွေဟာ လုံခြုံမှုကို ခံစားနိုင်မယ်။ လုံခြုံစိတ်ချမှုကို ရရှိထားတဲ့ပြည်သူတွေသာလျှင် မတူညီတဲ့ လူမှုအဖွဲ့အစည်းအချင်းချင်းကြားက အပြန်အ လှန် ရင်းနှီးချစ်ခင်မှုတွေကို ပြန်လည်စတင်တည်ဆောက်နိုင်မယ်။ ဒီအချက်က ကျွန်မတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံး ဆိုတာ အခိုင်အမာပြောလိုပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကစ၍ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ပဋိပက္ခများမှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေပြီး နေရာအနှံ့တွင်လည်း ဆူပှုမှုကို ဖြစ်ပေါ်စေသည့် ကောလဟာလများ၊ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အမုန်းတရား အခြေခံပြောဆိုမှုများ မကြာခဏဖြစ်ပေါ်နေကာ နိုင်ငံတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံး ခဲ့ရပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအများစု၏ လေးစားမှုကိုရရှိထားပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အတွက်ပေးအပ်သော နိုဗယ်ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ နှုတ်ဆိတ်နေခြင်း အပေါ် သတင်းထောက်အများစုက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း (CAN) သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပက်တက္ကသိုလ်တွင် “တော်လှန်ရေးမှသည် အမျိုးသားရင်ကြားစေ့ရေးသို့” ခေါင်းစဉ်ဖြင့် ဟောပြော သွားမည်ဖြစ်သည်။

YC


CPI ကုမ္ပဏီ၏ ချီဖွေငယ်လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ကချင်ပြည်နယ်သို့ ယခုနှစ်မကုန်မီတွင် ဓါတ်အား စတင်ရောင်း ချမည်

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် CPI ကုမ္ပဏီ၏ ချီဖွေငယ်လျှပ်စစ်ဓါတ်အားစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ် အားများကို ယခုနှစ်မကုန်မီတွင် ကချင်ပြည်နယ်သို့ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနားနှင့် ဝိုင်းမော်ကို ဖြန့်ဖို့က သေချာတယ်။ ဓါတ်အားလိုင်းနှင့် ဓါတ်အားစစ်ရုံတွေ ပြီးနေပြီ။ ဘူးဂါးကုမ္ပဏီကဘဲ ဖြန့်ဖြူးမှာပါ။ ဈေးနှုန်းကတော့ မသတ်မှတ်ကြသေးဘူး။ ဓါတ်အားလိုင်းကတော့ မိုးကောင်းမှာ မဟာဓါတ်အားလိုင်းနဲ့ ဆုံမယ်။ စက်သုံးလုံးလည်ပတ်သွားဖို့ရှိတယ်။ ပြည်ထောင်စုအဆင့် ဘယ်လိုသဘောတူညီချက် လုပ်သလဲဆိုတာတော့ မသိပါဘူး” ဟု ပြည်နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းတင့်က ပြောသည်။

ချီဖွေငယ် လျှပ်စစ်ဓါတ်အားစက်ရုံသည် ၃၃ ဒသမ ၃ မီဂါဝပ် စက်သုံးလုံးတပ်ဆင်ထားပြီး မီဂါဝပ် ၉၉ ဒသမ ၉ မီဂါဝပ် ထုတ်လုပ်နိုင်ကာ ပထမတစ်လုံးကို အောက်တိုဘာလ မကုန်မီတွင် စတင်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချီဖွေငယ်မှ လျှပ်စစ်ဓါတ်အားကို ဖြန့်ဖြူးနိုင်ရန်အတွက် ချီဖွေ - ဝါရှောင် - မြစ်ဆုံ ဓါတ်အားလိုင်းမှ ခွဲထွက်ပြီး ချီဖွေ - ဝါရှောင် - ဝိုင်းမော်သို့ 132 KV ဓါတ်အားလိုင်းဆက်သွယ်ထားပြီး ဝိုင်းမော်မြို့တွင် 132/66 KV ဓါတ်အားခွဲရုံ တည်ဆောက်ထားပြီး မြစ်ကြီးနားမြို့တွင် 66/11 KV ဓါတ်အားခွဲစက်ရုံတည်ဆောက်ထားပြီးဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက “ ဘူးဂါးကုမ္ပဏီက ၅ မီဂါဝပ်လိုနေတာ ကျွန်တော်တို့က CPI နဲ့ပြောထားပြီ။ ကျွန်တော်တို့ဘက်က အဆင့်သင့်ဖြစ်ပြီလို့ပြောတာကို သူတို့ဘက်က တွန့်ဆုတ် နေတယ်။ အခုတော့ ဒီဇင်ဘာမတိုင်ခင်ပြီးစေရမယ်လို့ ကတိပေးသွားတယ်” ဟု ပြောကြားခဲ့သည်။

ဘူးဂါးကုမ္ပဏီဖြန့်ဖြူးရေးမန်နေဂျာ ဦးလအောင်က “ ကျွန်တော်တို့ကတော့ မသိရသေးဘူး။ အစီစဉ်လည်း မရှိသေးဘူး။ အပြင်မှာ ပြောနေကြပေမဲ့ တိကျတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး။ လူကြီးပိုင်းတွေ ညှိနှိုင်းဦးမယ် ထင်တယ်။ နွေရာသီမှာတော့ လိုအပ်တာများတာပေါ့” ဆိုသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များသို့ ကေအိုင်အိုပိုင် မလိ ရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး နှစ်မြို့ပေါင်း ၁၅ မီဂါဝပ်သာ ရရှိနေသောကြောင့် လိုအပ်သော ၅ မီဂါဝပ်ကို အလှည့်ကျစနစ်ဖြင့် ထောက်ပံနေရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ပူတာအိုခရိုင် နှင့် တနိုင်း၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စသည့်မြို့နယ်များမှာ လျှပ်စစ်ဓါတ် အားမရ ရှိသေးပေ။

YC


 ပြည်တွင်း SME လုပ်ငန်းများ မြှင့်တင်နိုင်ရန် ငွေချေးမည်

ပြည်တွင်းရှိ (SME) အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်ရေးနှင့် လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အခက် အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ကျပ်သန်းငါးထောင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ချပေးထားပြီး လုပ်ငန်း ရှင်များ အနေဖြင့် မြန်မာ့အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDP) နှင့် ချိတ်ဆက် ချေးယူ နိုင်ကြောင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ထုတ်ပြန်ကြေငြာသည်။

ထို့သို လိုအပ်သောချေးငွေများ ရရှိနိုင်ရန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ချေးငွေအာမခံ အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ အသေးစား အလတ်စား လုပ်ငန်းများအတွက် အာမခံ လုံလောက်စွာ တင်သွင်းနိုင်မှု ရှိမှသာ ချေးငွေအလုံအလောက် ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ချေးငွေအာမခံ အဖွဲ့အစည်း (Credict Guarantee Corporation) ပေါ်ပေါက်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ အာမခံ တင်သွင်း နိုင်ခြင်း မရှိသည့် အသေးစား အလတ်စား လုပ်ငန်းများအပေါ် အဆိုပါ ချေးငွေအာမခံ အဖွဲ့အစည်းမှ အာမခံပေးခြင်းဖြင့် လိုအပ်သော ချေးငွေများ ရရှိနိုင်မည်ဖြစ်သည်။

SME လုပ်ငန်းများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ ယင်းလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်ပေးရေးမှာလည်း လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အသေးစား အလတ်စား လုပ်ငန်းများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခွန်ကင်းလွတ်ခွင့်များ ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အသေးစား အလတ်စား လုပ်ငန်းများကို စွမ်းရည်ပြည့် အကောင်အထည် ဖော်နိုင်ရန် လိုက်လျောညီထွေမှု ရှိစေရန်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ခိုင်မာသော စီးပွားရေး ၀န်းကျင်ကို ထူထောင်နိုင်ရန် အထောက်အပံ့ပြုမည့် SME Development Law (draft) ကို ညှိနှိုင်းရေးဆွဲပြီးဖြစ်၍ လွှတ်တော်မှ အတည်ပြုပြီးပါက အသေးစားအလတ်စား လုပ်ငန်းများအတွက် အကာအကွယ်ပေးနိုင်မည့် မူဝါဒများ ပါဝင်ကြောင်း သိရသည်။

SME Development Law (draft) တွင် အသေးစား အလတ်စား လုပ်ငန်များအတွက် One Stop Service ဖြင့် ၀န်ဆောင်မှုပေးခြင်း၊ အခွန်သက်သာခွင့်ပေးခြင်း၊ အားပေးချီးမြှင့်ခြင်းနှင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးအတွက် ၀န်းကျင်ကောင်းများ ဖန်တီးရေး မူဝါဒများ ပါဝင်ကြောင်း သိရသည်။

အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူများ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး အဆိုပါ လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့် ပေးမည် ဆိုပါကလည်း နိုင်ငံတော် ဘဏ္ဍာရရှိမှု ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဝန်ထမ်းဟောင်း ဦးမြင့်ဇော်က ဆိုသည်။

ထို့ပြင် ပြည်တွင်းရှိ SME လုပ်ငန်းများအတွက် Local NGO တစ်ခုဖြစ်သော မင်္ဂလာမြန်မာအဖွဲ့သည် ၂၀၁၂ ခုနှစ်မှစ၍ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ ရှိ ငွေကြေးမပြည့်စုံ သော်လည်း အသေးစားလုပ်ငန်း တည်ထောင်လိုသူများကို အတိုးနှုန်း နှစ်ကျပ်ခွဲနှုန်းဖြင့် ချေးငွေများ ထုတ်ချေးကူညီပေးခဲ့ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

(AFP မှ 13 Sept 2013 ရက်စွဲပါ “Suu Kyi admits failure in stopping violence” သတင်းကို ဘာသာပြန် ဆိုပါသည်)

(AFP မှ 13 September 2013 ရက်စွဲပါ  “Rohingya boat lands in Thailand as monsoon rages” သတင်းကို ဘာသာပြန်ဆိုသည်)


အကြမ်းဖက်မှုတားဆီးရာတွင် မအောင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဝန်ခံ

(AFP မှ 13 Sept 2013 ရက်စွဲပါ “Suu Kyi admits failure in stopping violence” သတင်းကို ဘာသာပြန် ဆိုပါသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို လှုပ်ခါခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို သူမတစ်ယောက်တည်း ဟန့်တားရန် မဖြစ်နိုင်ကြောင်းနှင့် ဖြေရှင်းရန် နည်းလမ်းမှာ ဥပဒေ စိုးမိုးမှုကို တည်ဆောက်ခြင်းဖြစ်ကြောင်း မနေ့ကပြောကြားလိုက်ပါသည်။

“ဒီကိစ္စဟာ ကျွန်မတစ်ယောက်တည်း လုပ်ဆောင်လို့ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်မတို့ မြန်မာလူ့အဖွဲ့အစည်းတစ်ခုလုံး အပတ်တကုတ်ကြိုးစားအားထုတ်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ကျွန်မ ထင်ပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပအလယ်ပိုင်းခရီးစဉ်အတွင်း ဝါဆောမြို့၌ သတင်းထောက်များ အားပြောကြား သည်။

“ကျွန်မတို့ ပြည်သူတွေ လုံခြုံမှုကို ခံစားနိုင်စေမယ့်တရားဥပဒေ စိုးမိုးမှု သက်ရောက်ဖို့ လိုအပ်ပါတယ်။ ကျွန်မ တို့ နိုင်ငံရဲ့ အနာဂါတ်အတွက် ညီညွတ်မှုကို အာမခံချက်ရှိမယ့် ဆက်ဆံရေးပုံစံကို ထူထောင်ရေးကိစ္စကို လုံခြုံမှုရှိတဲ့ ပြည်သူတွေကသာ ပြောဆိုနိုင်၊ ကြိုးစားနိုင်ကြမှာပါ” ဟု သူမက ဆိုပါသည်။

မြန်မာနိုင်ငံမှ လူမျိုးရေးအကြမ်းဖက်မှု ရပ်တန့်အောင် သူမတစ်ကိုယ်တော် လုပ်ဆောင်နိုင်မလားဟု သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုအတွက် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရသော် လည်း၊ ဗုဒ္ဓဘာသာလူများစု မြန်မာနိုင်ငံတွင် မွတ်ဆလင်တို့ အကြမ်းဖက်ခံနေရခြင်းကို ပြတ်ပြတ်သားသား ရှုတ်ချရန် ပျက်ကွက်ခဲ့သည်ဟု အချို့နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြစ်တင်စွပ်စွဲထားကြသည်။

မနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လူ ၂၀၀ ခန့် သေဆုံးခဲ့ရသော လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားခဲ့ရာ သေဆုံးသူအများစုမှာ နိုင်ငံသားခံယူခွင့် ငြင်းပယ်ခံထားရသော ရိုဟင်ဂျာမွတ်ဆလင်များ ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်မြန်မာအတိုက်အခံခေါင်းဆောင်သည် ပိုလန်ကွန်မြူနစ်ဆန့်ကျင်ရေးခေါင်းဆောင် လက်ရှ်ဝေလ်ဆာနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝါဆော မြို့တော်ဝန်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် မြို့တော်သားအဖြစ် သတ်မှတ် ဂုဏ်ပြုကြောင်း ကြေညာခဲ့ပြီး၊ ထိုဂုဏ်ပြုဆုကို ရရှိထားသော အခြားနိုင်ငံခြားသားတစ်ဦးမှာ တိဘက်ဘာသာရေး ခေါင်းဆောင်ဒလိုင်းလားမား ဖြစ်သည်။

မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

၂၀၁၁ တွင် အာဏာရလာသော လက်ရှိအရပ်ဖက်အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အတိုက်အခံခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တရားဝင် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

လတ်တလော ပိုလန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဟန်ဂေရီနှင့် ချက်ရီပတ်ဗလစ်နိုင်ငံများသို့ ဆက်လက်ခရီးလှည့်လည်မည်ဖြစ်သည်။


 

မုတ်သုံကုန်ဆုံးတော့မည်ဖြစ်၍ ထိုင်းသို့ရိုဟင်ဂျာစက်လှေဆိုက်ရောက်

(AFP မှ 13 September 2013 ရက်စွဲပါ  “Rohingya boat lands in Thailand as monsoon rages” သတင်းကို ဘာသာပြန်ဆိုသည်)

မုတ်သုံရာသီ မကုန်ခင် စွန့်စွန့်စားစား ခရီးထွက်လာပုံရသော ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော်သည် ထိုင်းနိုင်ငံတောင်ဖက်ကမ်းခြေသို့ ရောက်ရှိလာကြောင်း ထိုင်းအာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားသည်။

ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာပုံရသော အုပ်စုသည် ဗုဒ္ဓဟူးနေ့က လေမုန်တိုင်း တိုက်နေစဉ် တောင်းပိုင်းဆာတွန် ပြည်နယ်ကမ်းခြေသို့ ကမ်းကပ်လာခြင်းဖြစ်သည်ဟု ထိုင်းတာဝန်ရှိသူက ဆိုပါသည်။

“သူတို့လှေပေါ်ကို အစားအစာနဲ့ သောက်ရေတင်ပေးလိုက်ပါတယ်။ ပြီးတော့ သူတို့ဆက်လက် ထွက်ခွာသွား ပါတယ်” ဟုအမည်မဖော်လိုသော ထိုင်းလုံခြုံရေးအရာရှိက APF သို့ပြောကြားသည်။

“ကျွန်တော်တို့ကလည်း သူတို့ကို လက်မခံချင်ဘူး။ သူတို့ကလည်း ဒီမှာ မနေချင်ဘူး၊ ရိုဟင်ဂျာတွေက အိမ်နီချင်း မွတ်ဆလင်နိုင်ငံတွေကို အခြေချချင်ကြတာပါ” ဟု ၎င်းအရာရှိကဆိုသည်။

ရိုဟင်ဂျာများ သွားရောက်လိုသော နိုင်ငံတို့၏ အမည်ကို ထိုင်းအရာရှိက ထုတ်မပြောသော်လည်း ရိုဟင်ဂျာ တို့က များသောအားဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားသို့ သွားရန်ရည်ရွယ်ထားကြသည်။

ယခင်တပ်မတော်ခေါ် စစ်တပ်ကအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် မနှစ်က ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်တို့ အကြား အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ကလေးများနှင့် အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာလှေစီး ဒုက္ခသည် ထောင်ပေါင်းများစွာ စွန့်ခွာထွက်ပြေးလာခဲ့ကြသည်။

သို့သော် အများစုမှာ မုတ်သုံရာသီ ကုန်ဆုံးချိန် ပင်လယ်ပြင်ငြိမ်သက်သော အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ခွာလာလေ့ရှိသည်။

ယခု မုတ်သုံမကုန်မှီ စွန့်စားထွက်ခွာလာသူများသည် ၁၅ ရက်ကြာ ပင်လယ်စွန့်စားခန်းအပြီးတွင် ဆာတွန်ပြည်နယ် ကမ်းရိုးတန်းသို့ ဆိုက်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံရွာလူကြီးက ဗုဒ္ဓဟူးညနေတွင် အတည်ပြု ပြောဆိုသည်။

“သူတို့အားလုံး ၁၅နှစ်နဲ့ ၄၅နှစ်ကြား ယောကျာင်္းတွေချည်းပဲ။ ပိန်ကပ်ပြီး အားမရှိတော့ဘူး၊ တစ်ချို့ဆိုရင် လမ်းတောင်မလျှောက်နိုင်တော့ဘူး၊ သူတို့အားလုံးမလေးရှားသို့ သွားဖို့ထွက်လာကြတာပါ” ဟု ဆွမ်တန်ခွန်ဆတ်က AFP သို့ပြောကြားသည်။

ထိုင်းနိုင်ငံသည် ရိုဟင်ဂျာလှေစီး ဒုက္ခသည်များအား၊ လာရောက်ကမ်းလှမ်းမည့် တတိယနိုင်ငံကို စောင့်ရင်း မဆန့်မပြဲ အချုပ်ခန်းများတွင် စုပြုံထိန်းသိမ်း ထားခြင်းကြောင့် လူအခွင့်အရေးအုပ်စုများ၏ အပြစ်တင် ဝေဖန်မှုကို ရင်ဆိုင်နေရသည်။

သို့သော် လာရောက်ကမ်းလှမ်းသည့်  ပြည်ပနိုင်ငံ မရှိသေးသောကြောင့် ရိုဟင်ဂျာဒုက္ခသည်များမှာ မိသားစုနှင့် တစ်ကွဲတစ်ပြားဖြစ်ကာ အခက်အခဲတွေ့နေကြသည်။

၎င်းရိုဟင်ဂျာဒုက္ခသည်များအား လက်ခံမည့် တတိယနိုင်ငံကို ရှာဖွေနေစဉ် အတွင်း ၆ လ နေထိုင်ခွင့်ပြုရန် UNHCR နှင့် ထိုင်းအစိုးရတို့ သဘောတူထားခဲ့ကြခြင်းဖြစ်သည်။

ထိုင်းအစိုးရက ရိုဟင်ဂျာများ၏ နေထိုင်ခွင့်သက်တမ်းကို လာမည့်နှစ်စအပိုင်းထိ သက်တမ်းတိုး ပေးထားသော်လည်း ထိုင်းနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ခြိမ်းခြောက်ငွေညစ်မှုများ အမြတ်ထုတ်မှုများရှိနေသည်ဟု လူအခွင့် အရေးအုပ်စုများက ထောက်ပြဝေဖန်လျက်ရှိသည်။

ထိုကြောင့် ပြီးခဲ့သော ဇန်နဝါရီလတွင် ရိုဟင်ဂျာများအား တရားမဝင် လူကုန်ကူးမှုရာတွင် ပတ်သက်နေသော ထိုင်းစစ်ဖက် အရာရှိများကို အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူက ၎င်းရိုဟင်ဂျာလှေစီးဒုက္ခသည်များကို မောင်ထုတ်ခြင်းမပြုလုပ်သင့်ကြောင်းနှင့် ၎င်းတို့ရောက်ရာဒေသတွင် ခိုလှုံခွင့်ရရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive