Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကာလုံ လက်မှတ်ရေးထိုးရမည်ဟု UNFC တောင်းဆို

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များဖြစ်သော နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီး ချုပ်တို့ တက်ရောက်လက်မှတ်ရေးထိုးရမည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုချက်ထုတ်ပြန်လိုက်ကြောင်း UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါ ကပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် UNFC သဘောထားများကို အောက်တိုဘာ ဒုတိယအပတ် အတွင်း ပြုလုပ်ခဲ့သော UNFC ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ငါးဦးမှ တစ်ဦးဦးပျက်ကွက်ပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် အောင်မြင်မည်မဟုတ်ကြောင်း ဦးစောဒေးဗစ်သာကပေါက ရှင်းပြသည်။

အဆိုပါနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါ အဝင် ပြည်သူလူထုထောက်ခံမှုရရှိထားသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ အသိသက်သေအဖြစ် လက်မှတ်ထိုးရမည်ဖြစ်ကြောင်း UNFC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုရချင်ရင်တော့ နိုင်ငံတော်အဆင့်မှာ အာမခံချက်ပေးနိုင်တဲ့သူတွေ တက်ရောက်ဖို့ လိုတယ်” UNFC ဒုတိယဥက္ကဋ္ဌဦးစောဒေးဗစ်သာပေါ ကပြောကြားသည်။

သက်သေများအဖြစ် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်မဟုတ်သော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ တက်ရောက်ရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိကြောင်း UNA (တိုင်းရင်းသား မဟာမိတ်ပါတီများ) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

“ အဓိကက ဒီလက်မှတ်ထိုးပွဲမှာ ဖက်ဒရယ်စနစ်ကို ထည့်သွင်းဆွေးနွေးသွားလိမ့်မယ်” ဟု၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အောက်တိုဘာလကုန်ပိုင်းတွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာထားသော်လည်း KIO/KIA အဖွဲ့နှင့် ပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF တို့နှင့် အပစ်အခတ်ရပ်စဲနိုင်ရန် ကျန်ရှိနေသေးသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတွင် မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီများ အားလုံး အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာလ တတိယအပတ်တွင် ပြောကြား ထားသည်။

YC


ဗုံးပေါက်ကွဲမှုများကြောင့် ရန်ုကုန်တွင် လုံခြုံရေးအခြေအနေတိုးမြှင့်ဆောင်ရွက်

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ဝန်းကျင်နှင့် မြို့တွင်းနေရာများတွင် အသေးစားဗုံးပေါက်ကွဲမှုလေးခု ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ပြည်သူများအနေဖြင့် နိုးနိုးကြားကြားရှိကြရန် ရဲတပ်ဖွဲ့မှသတိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဘတ်စ်ကားများပေါ်တွင်လည်းကောင်း၊ ဘူတာရုံများ၊ လေဆိပ်များ၌လည်းကောင်း မသင်္ကာဖွယ်ရာ ပစ္စည်းများတွေ့ ရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ သတင်းပို့ရန် ရဲတပ်ဖွဲ့မှ ပြည်သူများအား တိုက်တွန်းထားသည်။

ထို့အပြင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တော်၏ လုံခြုံရေးကို အောက်တိုဘာ ၁၄ ရက်မှစ၍ အာဏာပိုင်များက ပိုမိုကြပ်မတ်လိုက်ပြီး မြို့တော်အဝင်အထွက်နေရာများ၌ မော်တော်ယာဉ်များအား နေ့ညမပြတ် စစ်ဆေးနိုင်ရန် စစ်ဆေးရေးစခန်းများ တိုးမြှင့်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တည်းခိုရိပ်သာတစ်ခု၌ အောက်တိုဘာ ၁၁ ရက်က ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် အသေးစား ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်း၌ပင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ စော်ဘွားကြီး ကုန်း ကားမှတ်တိုင်တွင်လည်း ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဗုံးပေါက်ကွဲမှုများအပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း အောက်တိုဘာလ ၁၄ ရက်နေ့က လက်လုပ်ဖောက်ခွဲရေးပစ္စည်းနှစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သတ်၍ မည်သူမည်သည့် အဖွဲ့အစည်းတွင် တာဝန်ရှိသည်ကို မိမိတို့မပြော နိုင်သေး ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ မိမိတို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်တိုင်းမှည တစ်ပုံစံ တည်းလိုလိုဖြစ်ရည ဖောက်ခွဲမှုများအားလုံးကို အဖွဲ့တစ်ဖွဲ့တည်းက သို့မဟုတ် လူပဂ္ဂိုလ်တစ်ဦးတည်းကသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

YC


OPCW အဖွဲ့က  ဓာတုလက်နက်အသုံးပြုခြင်းမှ ရှောင့်ကြည်ရန်နှင့် သဘောတူလက်မှတ်ရေးထိုးထားမှုအား လိုက်နာရန် မြန်မာအစိုးရသို့ တိုက်တွန်းပြောကြား

ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိထားသော နိုင်ငံတကာဓာတုလက်နက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (OPCW)က  မြန်မာအစိုးရသို့  ဓာတုလက်နက်အသုံးပြုခြင်းမှ ရှောင့်ကြည်ရန်နှင့် သဘောတူလက်မှတ်ရေးထိုးထားမှုအား လိုက်နာရန် အောက်တိုဘာ ၁၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မကြာသေးခင်ကလည်း ၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအဖြစ် ကုလကျောထောက် နောက်ခံပြုဓာတု လက်နက်ပိတ်ပင်ရေးအဖွဲ့ကို  အောက်တိုဘာ ၁၂ ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။

 ဓာတုလက်နက်ဆန့်ကျင်ရေး နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ ရပ်တည်ရေးအတွက် နိုင်ငံတကာ ဓာတု လက်နက်ပိတ်ပင်ရေး သဘောတူစာချုပ်ကို အတည်ပြုသင့်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင်မှ လွှတ်တော်သို့ တိုက်တွန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်မသုံးစွဲရေး နိုင်ငံတကာ သဘောတူညီချက်အား လက်မှတ်ရေးထိုး ထားပြီဖြစ်သော်လည်း လွှတ်တော်၏ အဆုံးအဖြတ်ခံယူရန် ကျန်ရှိနေသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က  ယင်းအမြင်ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှ ဓာတုလက်နက် သုံးစွဲတာမရှိပါဘူး။ ၁၉၉၃ ခုနှစ်ကတည်းက ဓာတုလက်နက်တား ဆီးရေးညီလာခံမှာ အသုံးမပြုပါဘူး သဘောတူလက်မှတ်ရေးထိုးထားပြီးသားပါ။ တစ်ခုကျန်တာက လွှတ်တော်ကို တင်ပြီး ဆုံးဖြတ်မှုခံယူပြီးတော့ ဥပဒေလိုအပ်ရင်လဲ ဥပဒေကို ပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်သွားရမှာပါ ” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီတွင်  နိုင်ငံတကာဓာတုလက်နက်ပိတ်ပင်မှုကွန်ဗင်းရှင်း၌ ပြုလုပ်သော ဓာတုလက်နက်တားဆီးရေးညီလာခံတွင် ဓာတုလက်နက်အသုံးမပြုရေး သဘောတူညီချက်အား လက်မှတ်ထိုး ခဲ့သော်လည်း ဓာတုလက်နက်အသုံးပြုခြင်းမှ ရှောင့်ကြည်ရန် သဘောတူညီချက်များတွင် ပါဝင်သော နိုင်ငံတကာအဖွဲ့ အစည်းများ၏ ဝင်ရောက်စစ်ဆေးခြင်းကို လက်ခံထားခြင်းမရှိခြင်းဘဲ နှစ်ပေါင်း ၂၀ ကြာသည့်တိုင်အောင်  အဖွဲ့ဝင်နိုင်ငံ အဖြစ် အတည်ပြုသတ်မှတ်နိုင်ခြင်းမရှိကြောင်း သိရသည်။

“ ပြီးခဲ့တဲ့နှစ်ပတ်လောက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးက IAEA နဲ့ လက်မှတ်ထိုးပြီး နျူကလီးယား ကိုမလုပ်ဘူး။ လာစစ်မယ်ဆိုရင်လဲ စစ်ဆေးနိုင်တယ်လို့ပြောတော့ သူတို့ကလဲ လာစစ်ချင်တဲ့သဘောနဲ့ပြောတာ ထင်ပါ တယ်။ အဲဒီ့အဖွဲ့ကလဲ ဆီးရီးယားမှာ ဓာတုလက်နက်တွေကို စစ်ဆေးခဲ့ပြီး နိုင်ငံတကာက စစ်ဆေးရေးကိစ္စတွေ ခဏရပ်ထားပါ။ သူတို့ကို ဓာတုလက်နက်မသုံးအောင် လုပ်ပါမယ်လို့ ကြားဝင်အာမခံထားတာရှိတော့ မြန်မာနိုင်ငံမှာလဲ ဓာတုလက်နက်နဲ့ စိုးရိမ်စရာမရှိအောင်လုပ်ချင်တဲ့ သဘောထင်ပါတယ်။ နောက်ပြီး အာဆီယံအသိုက်အဝိုင်းကလာရင် ငြိမ်းချမ်းရေးကို အာမခံပေးရမှာ ဖြစ်တဲ့အတွက် အာဆီယံဥက္ကဋ္ဌမဖြစ်ခင်မှာ ဒါကို တိုက်တွန်းမယ်ထင်ပါတယ် ” ဟု မြန်မာနိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးကလည်း သုံးသပ်ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ မကြာသေးခင်ကာလအတွင်းပင် နိုင်ငံတကာနျူ ကလီးယားစွမ်းအင်အေဂျင်စီ( IAEA)နှင့် သဘောတူလက်မှတ်ထိုးထားပြီး ဓာတုလက်နက် (သို့မဟုတ်) နျူကလီးယား လက်နက်ပိုင်ဆိုင်ထားမှု မရှိကြောင်း ၊ နိုင်ငံအတွင်းဓာတုလက်နက်များသုံးစွဲခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူစဉ်တစ်နှစ်တာအတွင်း အစည်းအဝေးပေါင်း ၁၀၀၀ ခန့် လက်ခံကျင်းပရမည်

(11 Oct 2013 ရက်စွဲပါ Foreign Policy မှ Catherine A Traywick ရေးသားသော As New ASEAN chair, Myanmar braces for year of 1000 meeting ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ကြာသာပတေးနေ့က ဘရူနိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌရာထူးနေရာ အတွက် လက်ခံရယူခဲ့ပါသည်။ ၂၀၀၆ ခုနှစ်က စစ်အစိုးရလက်ထက်တွင် ဒီမိုကရေစီကို ဖော်ဆောင်ခြင်းမရှိမှု အပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဖိအားများပေးခြင်းကြောင့် ဥက္ကဌရာထူးကို ရယူနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအသင်းကြီး၏ ဥက္ကဌအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရမည်ဖြစ်ပါသည်။ ၎င်းမှာ နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်ပြီး ထောင်ပေါင်းများစွာသော ကိုယ်စားလှယ်များ နှင့် သတင်းစာဆရာများ လာရောက်မည် ဖြစ်ပါသည်။ ၎င်းတို့သည် လာလတ္တံသော အစည်းအဝေးပေါင်း ၁၀၀၀ ခန့်ကို လည်း တက်ရောက်ကြမည် ဖြစ်ပါသည်။

သို့သော် အခြေခံအဆောက်အဦးများ ချူချာလှသော မြန်မာနိုင်ငံသည် ဝင်ထွက်သွားလာကြမည့် ဧည့်သည် များကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပါမည်လော။ယခုနှစ် နေပြည်တော်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို လက်ခံကျင်းပစဉ်က ၎င်း၏ အခြေခံအဆောက်အဦးနှင့် ပတ်သက်သော ပြဿနာများ၏ ဆိုးရွားသော အခြေအနေကို အားလုံးက မြင်တွေ့ခဲ့ ရပါသည်။ ပထမဆုံး မြင်တွေ့ရသော အချက်မှာ လွန်ခဲ့သော  ခုနှစ်နှစ်ကမှ ဆောက်လုပ်ခဲ့သော နေပြည်တော်တွင် နိုင်ငံတကာလေဆိပ်မှ နာရီအတန်ကြာဝေးကွာနေခြင်း ဖြစ်ပါသည်။ ရောက်ရှိလာသူများ အတွက်လည်း ဟိုတယ်ခန်း လုံလောက်မှုမရှိခြင်း (နေပြည်တော်သည် အခန်း ၃၀၀၀ သာပေးနိုင်ပါသည်) ဟော်တယ်များမှာ ATM စက်များ တပ်ဆင်နေဆဲဖြစ်သည်ကို တွေ့ခဲ့ကြရပါသည်။ ထို့ကြောင့် ဧည့်သည်များမှာ နှစ်နာရီခန့်ဝေးကွာသော ရန်ကုန်မြို့တွင် သာ နေထိုင်နေရခြင်းများ ရှိပါသည်။ (ယခုနှစ် အာဆီယံထိပ်သီးအစည်းဝေးကို ဘရူနိုင်းတွင် ကျင်းပရာ ဘရူနိုင်းရှိ ဟို ယ်ပေါင်း ၂၀၀၀ ရှိ အခန်းများသည် လာရောက်သော ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ဝန်ထမ်း များကို ကောင်းစွာလက်ခံထားနိုင်သည့် အနေအထားတွင် ရှိပါသည်)။ မကြာခဏ မီးပြတ်တောက်ခြင်းနှင့် အင်တာနက်ဆက်သွယ်ရေးများကလည်း ဖိုရမ်အပေါ်အများယုံကြည်မှု ယုတ်လျော့စေခဲ့ပါသည်။

အဆိုပါ ကိစ္စရပ်များသည် မြန်မာနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမည့် အချိန်အတွင်း ကောင်း လာနိုင်ဖွယ်ရာမရှိပေ။ မြန်မာနိုင်ငံ၌ လျှပ်စစ်မီးနှင့်အင်တာနက်တို့သည် ယုံကြည်စိတ်ချရခြင်း မရှိသည့် အခြေအနေတွင်ပင် ရှိနေပါသေးသည်။

ထို့ကြောင့်ပင် NGO အများစုသည် အင်တာနက်အဆက်မပြတ်ရနိုင်သော ဈေးကြီးသည့် ဟော်တယ်များတွင် သာ ၎င်းတို့၏ ရုံးခန်းများကို ငှားရမ်းထားခြင်း ဖြစ်ပုံရပါသည်။ ဥပမာအားဖြင့် မကြာမီက အထိပင် ကုလသမဂ္ဂ ရော၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ ကရော ၎င်းတို့၏ ရုံးများကို ရန်ကုန်ရှိ Traders ဟိုတယ်တွင် ဖွင့်လှစ်ထား ခဲ့ပါသည်။ ဟိုတယ်ကလည်း တိုးလာသော ဧည့်သည်များကြောင့် ဟိုတယ်အခန်းခများ ဈေးတက်လာခြင်းကို အကြောင်းပြု၍ ရုံးခန်းများကို နှင်ထုတ်နေပါသည်။ ဟိုတယ်များ ထပ်မံဆောက်လုပ်နေသော်လည်း အခန်း လိုအပ်ချက်ကရှိနေဦးမည် ဖြစ်ပါသည်။ ၂၀၁၃ ခု အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အာဆီယံဥက္ကဌ အဖြစ်ကြောင့် လာရောက်မည့်သူများအပြင် လာမည့်နှစ်တွင် ဧည့်သည်တစ်သန်းကျော် လာရောက်နိုင်သည်ဟု အစိုးရက မျှော်လင့်နေပါသည်။ အားကစားသမား (၇၀၀၀) ကျော်လာရောက်ယှဉ်ပြိုင်မည့် အရှေ့တောင်အာရှ အားကစားပွဲသည် တိုင်းပြည်၏ ခရီးသွားကဏ္ဍအပေါ် ကိုင်တွယ်နိုင်မည့်စွမ်းရည်ကို အမှန်တကယ် စမ်းသပ်မှု တစ်ခုဖြစ်လိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားဝန်ကြီးကလည်း အဆိုပါ ပွဲတော်များအတွင်း ဟိုတယ် အခန်းခများနှင့် ပတ်သက်သော အစိုးရသတ်မှတ်ချက်များ ထားရှိရန်တောင်းဆိုခဲ့ပါသည်။ ဟိုတယ်ခန်း ဈေးနှုန်းကြီးမြင့်မှုများသည် အနာဂတ်ခရီးသွားကဏ္ဍအတွက် အတားအဆီး ဖြစ်ပါသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive