Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု ခနော်ခနဲ့ ဖြစ်နေဆဲဟု ဝန်ကြီးဦးစိုးသိန်း ပြောကြား

(The Strait Times 20 Nov 2013 “Myanmar transition still shaky, says minister Soe Thein” သတင်း ကိုဘာ သာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် ခနော်ခနဲ့အဆင့်တွင် ရှိနေဆဲဖြစ်ပြီး၊ ဖြေရှင်းစရာ ကိစ္စရပ်များစွာ ကျန်ရှိ နေပါသည်။

သို့ရာတွင် စီးပွားရေးသမားများ၏ မြေအပိုင်စီးမှုများ ရပ်တန့်ရေးနှင့် အရေအတွက် သောင်း၊သိန်းချီသော ပြည်သူ များ ၎င်းတို့မြေပြန်ရရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများသည် လူထု၏ ဝိုင်းဝန်းထောက်ခံမှုကို ဖြေးဖြေးချင်း ရရှိနေသည်ဟု သမ္မတဦးသိန်းစိန်၏ သော့ချက်ကျ ပြောင်းလဲရေးသမားများထဲမှ တစ်ဦးဖြစ်သူ ဝန်ကြီးဦးစိုးသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ဒီမိုကရေစီနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက်ပိုင်း ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားနေသော အကြမ်းဖက်မှု၏ လှုပ်ခတ်ခြင်းကို ခံနေရသည်။

အကြမ်းဖက်မှု အများစုမှာ လင်္ကျာစွန်းဗုဒ္ဓဘာသာ၏ တို့မီးမွှေးသော မွတ်ဆလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ ပါဝင်သည့် လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပြီး၊ မကြာသေးမှီက နိုင်ငံတစ်လွှားအစီအရီ ဗုံးထောင်မှုများမှာ သယံဇာတ ထိန်းချုပ်မှုကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများထံ လက်လွှတ်ရမည်ကို စိုးရိမ်သော ဒေသခံ ကရင်စီးပွားရေးသမားများ၏ လက်ချက်ဟု အပြစ်တင်ထားပါသည်။

အဆိုပါ ဗုံးကွဲမှုများအတွင်း တစ်ဦးအသက်ဆုံးရှုံးကာ၊ အမေရိကန်တိုးရစ်တစ်ဦး အပါအဝင် အမြောက်အများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက “အသွင်ကူးပြောင်းမှုဟာ ခနော်ခနဲ့ ဖြစ်နေတုန်းပဲ။ ဘာ့ကြောင့် ဒီမိုကရေစီဟာ အရေးကြီးသလဲ၊ ပြုပြင်ပြောင်းလဲမှုတွေဟာ လူအနည်းငယ်အတွက် မဟုတ်ပဲ၊ လူသန်း ၆၀ အတွက် ဘာ့ကြောင့်အရေးပါ သလဲ ဆိုတာကို ပြည်သူတွေဆီ ဝေမျှပေးလိုပါတယ်။ တကယ်လို့ အရပ်ဖက်အဖွဲ့အစည်း အတွင်းမှာ ပြုပြင်ပြောင်းလဲမှု တွေကို ထောက်ခံမှု ကျယ်ပြန့်လာအောင် လုပ်နိုင်မယ်ဆိုရင် အသွင်ကူးပြောင်းမှုဟာ လှုပ်ခါမှုလျှော့လာပါလိမ့်မယ်။ ပြည်သူ တွေက အရပ်ဖက်အဖွဲ့အစည်းကို ယုံကြည်မှုရှိတယ်” ဟု ပြောကြားသည်။

နိုင်ငံရေး ရည်မှန်းချက်များမရှိပဲ သာမန်လူတစ်ဦးသာ ဖြစ်လိုကြောင်း ပြောဆိုထားသူ၊ အငြင်းသန်ပုံရသော်လည်း ရင်းနှီးပွင့်လင်းသူ ရေတပ်ဦးစီးချုပ်ဟောင်း ဦးစိုးသိန်း သည် သမ္မတ၏ ကိုယ်စားလှယ်တစ်ဦး အနေဖြင့် တိုင်းပြည်အနှံ့ ခရီးလှည့်ကာ ဒေသခံများနှင့် ဓမ္မာရုံအစည်းအဝေးပုံစံ တွေ့ဆုံမှုများ ပြုလုပ်လျက် ရှိသည်။

“လူထုဗဟိုပြုဖွံ့ဖြိုးရေး ဆိုတာကို အသိပေးချင်တာပါ။ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲမှုတွေရဲ့ အရေးကြီးပုံကို ပြည်သူတွေကို ရှင်းပြဖို့အတွက် လာမယ့်နှစ်မှာ နိုင်ငံတစ်လွှား မြို့နယ်ပေါင်း ၃၃၀ လောက်စီကို ခရီးထွက်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက The Strait Times သို့ ပြောကြားသည်။

နောက်ပိုင်းတွင် မြေပိုင်ဆိုင်ခွင့်များကို နာမည်မပေါက်သော်လည်း မျိုးဆက်နှင့်ချီ၍ နေထိုင်ခဲ့သူများထံ ပေးသွား မည်ဖြစ်ပြီး၊ အာဏာရှိသော စီးပွားရေးသမားများ၏ မြေအပိုင်စီးမှုကို ယင်းအစီအစဉ်ဖြင့် တားဆီးသွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ နှစ်စပိုင်းတွင် မြေမရှိသူများကို မြေကွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ဒီလိုသာ မလုပ်ပေးဘူးဆိုရင် ဒီဖြစ်စဉ်ဟာ သမ္မတကြီးတစ်ဦးထဲရဲ့ ပြုပြင်ပြောင်းလဲမှုသာ ဖြစ်နေပြီး ကျန်တဲ့ ပြည်သူတွေ အတွက်ကတော့ ဘဝဟာ နဂိုအတိုင်းပဲ ဖြစ်နေမှာပေါ့” ဟု ဝန်ကြီးကဆိုပါသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကိစ္စကို ပြန်လည်သုံးသပ်ရန် နှစ်ပတ်တစ်ကြိမ် စည်းဝေးသော ကော်မတီကို ဦးစိုးသိန်းက ဥက္ကဌအဖြစ် ဆောင်ရွက်နေသည်။ ဒီဇင်ဘာ ၃၁ ရက်မတိုင်မှီ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဇူလိုင်လက ဗြိတိန်နိုင်ငံတွင် သမ္မတ ပေးထားသော ကတိကဝတ်ကို ထိန်းသိမ်းရန် အပြည့်အဝ ရည်မှန်းထား သည်ဟု ဦးစိုးသိန်းက ပြောကြားသည်။

ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးနှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွတ်မြောက် လာပြီး နာရီပိုင်းအကြာတွင် The Strait Times  နှင့် ပြုလုပ်သော အင်တာဗျုး၌ ဦးစိုးသိန်းက အထက်ပါအတိုင်း မှတ်ချက် ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော သတင်းပတ်အတွင်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ တို့၏ ခရီးစဉ်များ အပါအဝင် အဖွဲ့ဝင် ၁၀၀ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသော အီးယူနိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး ကက်သရင်းအက်ရှ်တန် ၏ ခရီးစဉ်အစရှိသော ထိပ်ပိုင်းအဆင့် ခရီးစဉ်များကြားတွင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထောင်ထဲတွင် ကျန်နေသော နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်၏ အမှုတွဲများကိုလည်း ယခုနှစ်မကုန်မှီ ပြန်လည် စစ်ဆေး သုံးသပ်သွားမည်ဟု ဦးစိုးသိန်း က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟု မည်ကဲ့သို့ သတ်မှတ်သနည်းဟူသော အချက်မှာ အငြင်းပွားစရာကိစ္စဖြစ်နေပြီး၊ ၎င်းတို့ အများစုမှာ ရာဇဝတ်မှုစွဲချက်များဖြင့် အပြစ်ပေးခံရခြင်း ဖြစ်ပါသည်။

ဦးစိုးသိန်းက ၎င်း၏ ကော်မတီသည် ထောင်ထဲ၌ နိုင်ငံရေးအကျဉ်းသား မည်မျှကျန်သည်ဟူသော အကဲဖြတ်ချက် ကို အကြာမှီ ကြေညာပေးမည်ဖြစ်ပြီး၊ သက်ဆိုင်သူများ၊ မိသားစုများ၊ အရပ်ဖက် အဖွဲ့အစည်းများကို ဖိတ်ခေါ်တင်ပြ သွားမည်ဟုဆိုပါသည်။

ဥရောပကုမ္မဏီများ၏ အခွင့်အလမ်းကို ရှာဖွေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးရန် နေပြည်တော် တွင် ကျင်းပသော မြန်မာ-အီးယူ ဆွေးနွေးပွဲ၏ အဝန်းအဝိုင်းတွင် ဝန်ကြီးဦးစိုးသိန်း က “ဒီ့ နောက်မှာ ဘယ်သူဘယ်ဝါ ဆိုတာ ကို ဆွေးနွေးကြမှာပါ။ နောက်ဆုံးရက်ကတော့ ဒီဇင်ဘာ ၃၁ ပါ။ ပေးထားတဲ့ ကတိကဝတ်ကို တည်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။

ထို့အပြင် အစိုးရသည် တပ်မတော်၏ ဘတ်ဂျက်ကိုလျှော့၍ လူမှုကဏ္ဍသို့ ဘဏ္ဍာငွေ ပိုမိုခွဲဝေပေးရန် စီစဉ်နေ သည်ဟု ဝန်ကြီးက ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်က ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့၏ မြန်မာအစိုးရအပေါ် အကြံပြုချက်တွင် “ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ဂျီဒီပီ၏ ၂.၃ ရာခိုင်နှုန်း သုံးစွဲမှုသည် ကမ္ဘာ့စံနှုန်းသတ်မှတ်ချက်အရ အလွန်အကျွံ့နိမ့်နေ ကြောင်း၊ တပ်မတော်သည် အမျိုးသားဘတ်ဂျက်၏ ၂၉ ရာခိုင်နှုန်း ရရှိထားကြောင်း” ဖော်ပြထားသည်။

ဝန်ကြီးဦးစိုးသိန်းက “ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲထားကြောင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် ၇ ရာခိုငနှုန်းနှင့် တပ်မတော်သည် ၁၃ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း” ရှင်းလင်းပြောဆိုသည်။

“ကတိုက်ကရိုက် ပြောင်းလဲမှုတွေ လုပ်လို့မရပါဘူး။ ကွာနေတာကို ဖြည်းဖြည်းချင်း ကျဉ်းသွားအောင် လုပ်ရမှာပါ။ လာမယ့်နှစ် ဘတ်ဂျက်မှာ ပိုပြီးတော့ ကျဉ်းသွားပါလိမ့်မယ်” ဟု ဦးစိုးသိန်းက ပြောကြားသွားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုက အနိုင်ယူဖို့ မဟုတ်ဘူး။ အစိုးရကလည်း ကျွန်တော်တို့ကို အနိုင်မယူနဲ့။ ကျွန်တော်တို့ကလည်း အစိုးရကို အနိုင်မ ယူဘူး။ ငြိမ်းချမ်းရေးက အဓိကပဲ။ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလက်တွဲကြမလဲ ဆိုတာပဲ။ အနိုင်ယူနေရင် ဘယ်လို လက်တွဲလို့ရမှာလဲ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “တိုင်းပြည်နှင့် ပြည်သူ လူထု၏ တပ်မက်မှုသည် ငြိမ်းချမ်းရေးဖြစ် အဓိကကျသော ငြိမ်းချမ်းရေးရရန် ဝိုင်းဝန် လုပ်ဆောင်ရန် လိုအပ်” သတင်းမှ KNU/KIA မှ ဒေါက်တာ ထံမပီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒို့တာဝန်အရေးသုံးပါးကို အနာဂတ် နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးရှိလာတဲ့အခါ ပြင်သင့်တာကို ပြင်ရမယ်လို့ ကျွန်တော့် အနေနဲ့မြင်ပါတယ်။ မပြင်သင့်တာကိုလည်း လုံးဝမပြင်ရဘူးလို့ မြင်ပါတယ်။ မပြင်သင့်တာဘာလဲ အမျိုးဘာသာ သာသနာကို ကွယ်ပျောက်စေ၊ ထိခိုက်စေမယ့်အရာပေါ့ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကို နောင်လာနောင်သားတွေ ထိခိုက်စေမယ့်အရာ အဲ့ဒီတစ်ခုကို ပြင်ရင် အားလုံးကိုထိခိုက်နိုင်တယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “ဒို့တာဝန် အရေး သုံးပါး ဖော်ဆောင်မည့် အခြေခံဥပဒေလိုအပ်ဟု ဦးအောင်သိန်းလင်းဆို” သတင်းမှ ပြည်ထောင်စု ကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံသားဖြစ်ဖို့အတွက် စိစစ်ပြီး (နိုင်) ပေးသင့်တဲ့သူပေး၊ (ဧည့်) ပေးသင့်တယ်သူကိုပေး (ပြု) ပေးသင့်တဲ့သူ ကို ပေးပြီး၊ အားလုံးကိုတရားဥပဒေအတိုင်း တရားဝင်အသိအမှတ်ပြုပြီး သွားချင်တဲ့နေရာကို ပေးသွားလိုက်ရင် ပြဿနာကို တစ်နည်းတစ်ဖုံဖြေရှင်းနိုင်မှာပါ။ တစ်နေရာတည်းမှာ စုထားရင် ပြဿနာက ပိုကြီးနိုင်တယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၇) တွင်ပါရှိသော “တအုံနွေးနွေး ရခိုင်အရေး” သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် ၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“ကျေးလက်ဒေသတွေမှာ မီးလင်းရရှိရေးအတွက် အလွန်လိုအပ်နေပါတယ်။ တော်တော်လေး လုပ်ရဦးမှာပါ။ ဒါပေမယ့် ဆယ်စုနှစ်အတွင်းမှာ မဟာဓါတ်အားလိုင်းနဲ့ သောက်သုံးရေရရှိမှုကို လုပ်ကိုင်နေတာဟာ အရင်ကနဲ့ ယှဉ်ရင် အောင်မြင်တယ် လို့ ပြောလို့ရပါတယ်။ ဥပမာ လာအိုနိုင်ငံမှာ ဆိုရင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းက လျှပ်စစ်မီးရရှိသွားတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင် လာအိုနိုင်ငံရဲ့ မဟာဓါတ်အားလိုင်း နည်းပညာ အသုံးပြုမှုကို လေ့လာသင့်ပါတယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ကျေးလက်ဒေသပြည်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ မဟာဓါတ်အားလိုင်းနှင့် ဝေးကွာနေကြောင်း ဒုတိယသမ္မဦးဥာဏ်ထွန်း ပြောကြား” သတင်းမှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Retial Business ကို အခုချိန်မှာတော့ မပေးသေးဘူး။ ဒါပေမယ့် အနှေးနဲ့အမြန်ပေးရတော့မှာပဲ။ မြန်မာနိုင်ငံ ကလည်း ဒီထက်တိုးတက်လာလို့ သူများနိုင်ငံတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံမှု သွားလုပ်လို့ရှိရင် နိုင်ငံတကာကလည်း ခွဲခြားဆက်ဆံမှု မရှိဘူး။ လောလောဆယ်မှာကတော့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပေးချင်လို့ ကန့်သတ်လို့ တာတွေ ရှိနေတုန်းပဲပေါ့။ ဒါပေမယ့် သိပ်မကြာတော့တဲ့ အချိန်မှာ ဒီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးရတော့မှာပါ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လက်လီဆိုင်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လတ်တလောခွင့်မပြုသေး” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဆက်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive