Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာအပစ်အခတ်ရပ်စဲရေးကို ဆင်းရဲဒုက္ခခံကာ စောင့်ဆိုင်းနေသူများ

(longlobaltrends.com မှ 30 Nov 2013 ရက်စွဲပါ Burma: Camp fatigue as IDPs wait for Myanmar ceasefire ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှ တိုင်းရင်းသားပြည်သူ အများစု၏ မျှော်လင့်ချက်များမှာ မြန်မာအစိုးရ အရာရှိကြီးများ နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကိုယ်စားလှယ်များ အကြားပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ်တွင် များစွာမူတည်လျက် ရှိပါသည်။ ၎င်းတို့၏ လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး အချိန်တိုအတွင်း ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။

ပဋိပက္ခကြောင့် ပြည်တွင်းရွှေ့ပြောင်း ထွက်ပြေးရသူများ (IDP) နေထိုင်သည့် ဖားကန့်တောင်စခန်းရှိ စာကြည့် တိုက်ငယ် လေးတွင် အသိပညာနှင့် တည်ငြိမ်အေးချမ်းမှု ဆာလောင်လျက်ရှိသော ကလေးငယ်များ စုဝေးလျက်ရှိပြီး ၎င်းတို့ သည် ကိုယ့်အိုးကိုယ့်အိမ်ရှိရာသို့ ပြန်မည့်အချိန်ကို စောင့်ဆိုင်းနေ ကြသည်။

“ဒီစာကြည့်တိုက်လေးက ကလေးတွေကို သူတို့မိသားစုတွေ ဖြစ်ပေါ်ခံစားခဲ့ကြရတဲ့ ကံဆိုးမိုးမှောင်ကျမှု တွေကို မေ့ဖျောက်ပေးနိုင်ပါတယ်” ဟု စာကြည့်တိုက်မှူးဖြစ်သူ Ton Goon က ပြောကြားသည်။ Ton Goon သည် ယခင်က ကချင်စစ်တပ်မှ စစ်သားတစ်ဦးဖြစ်ပြီး မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှူံးခဲ့ရသူလည်းဖြစ်သည်။

အသက် ၄၀ အရွယ်ရှိ၊ ကလေးသုံးဦ၏ မိခင်ဖြစ်သူ Foo Sum Hlu သည်လည်း Nhkawng စခန်းသို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလကတည်းက ရောက်ရှိနေခဲ့သည်။ သူမအနေဖြင့် မိမိနေထိုင်ခဲ့ရာ နေအိမ်သို့ ပြန်သွားနိုင်ရေး အတွက် ယခု ချင်းမိုင်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နေတယ်လို့တော့ ကျွန်မတို့ကြားမိတယ်၊ ဒါပေမဲ့ ခုချိန်ထိရွာကို မပြန်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရတပ်တွေ အဲဒီမှာရှိနေတုန်းပဲမိုလို့၊ ကျွန်မတို့ လယ်မြေတွေ အတော်များများ အလဟသတ် ဖြစ်ကုန်ပြီ၊ စိုက်ပျိုးရေးကို ကောင်းကောင်းမလုပ်နိုင်တော့လို့ပါ” ဟု ၎င်းကပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) နှင့် အစိုးရအကြား ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ၁၇ နှစ်ကြာမြင့်ပြီးနောက် ပျက်ပြားခဲ့သွားခဲ့သည်မှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ ပြီဖြစ်သည်။ ယခုအခါ အစိုးရနှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနှင့် မြန်မာနိုင်ငံတွင်း ပြုလုပ်လျက်ရှိသော်လည်း တိုက်ပွဲများမှာမူ ဆက်လက်ဖြစ်ပွား နေဆဲပင်ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OCHA) အဆိုအရ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း တစ်သိန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများနှင့် အန်ဂျီအိုများက စစ်မက်ပဋိပက္ခများ အမြန်ဆုံးရပ်ဆိုင်းရေးနှင့် တိုက်ပွဲဖြစ်ပွားသည့် နယ်မြေတွင် ပိတ်မိနေသူ ကချင်တိုင်းရင်းသားများ လုံခြုံရေးအတွက် တိုက်တွန်းဆော်သြခဲ့ကြသည်။ “စက်မက်ပဋိပက္ခမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် အရပ်သားတွေရဲ့အခွင့်အရေးကို လေးစားဖို့ပါ” ဟု အရပ်ဘက်လူ့အဖွဲ့အစည်းများက စုပေါင်းထုတ်ပြန်သော ကြေညာချက်ကဆိုသည်။

Nam Lim Pa ကျေးရွာအနှီး လတ်တလော ဖြစ်ပွားသော တိုက်ပွဲများကြောင့် ယင်းဒေသတွင် နေထိုင်သော ရွာသူ၊ ရွာသားများနှင့် IPD များမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်က ယင်းဒေသကို ပိတ်ဆို့ဝိုင်းရံ ထားခဲ့သည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ ဘဝမှာ လုံခြုံမှုရှိသော်လည်း ပင်ပန်းဆင်းရဲမှုများကား ပြည့်နှက်၍ နေလေ သည်။ “ဒီဒုက္ခသည် စခန်းမှာ ဆင်းဆင်းရဲရဲနေထိုင်ရတာ ကျွန်မ အတော်ပင်ပန်းနေပြီ။ ကျွန်မရွာကိုပြန်ပြီး ပုံမှန်နေထိုင်နေကျ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ပြန်နေချင်လှပြီ” ဟု Sabaw Roi ဆိုသူ အသက် ၇၀ အရွယ်အဘွားတစ်ဦးက IRIN သို့ပြောပြသည်။ သူမသည် Pa Kahtwwang စခန်းတွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်နေထိုင်ခဲ့ရခြင်းဖြစ်ပြီး သူမ၏ မြေး ၂၀ ဦး၏ ရှေ့ရေး အတွက် စိုးရိမ်သောက ရောက်လျက်ရှိသည်။ စခန်းမှတာဝန်ခံများကမူ ဒုက္ခသည်များ နေအိမ်သို့ပြန် မည့်ကိစ္စမှာ အန္တရာယ်များလွန်းကြောင်း ပြောကြားသည်။

မြန်မာအစိုးရက ကျောထောက်နောက်ခံပေးထားသည့် လိုင်ဇာရှိ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူများ (ကေအိုင်အို) နှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ (IRRC) ကိုတာဝန်ယူထားသော Doi Pyi Sa က IDP များ နေအိမ်ပြန်မည့် ကိစ္စမှာ အခက်အခဲရှိကြောင်း၊ တိုတောင်းသောရက် ကာလအတွင်း ပြန်မည်ဆိုလျှင်ပင် အစိုရတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ ဆုံရမည့် ပြဿနာရှိကြောင်း ပြောကြားသည်။ စစ်တပ်အရာရှိများသည် ဒုက္ခသည်များ ၎င်းတို့နေရပ်သို့ ပြန်ပြီး အိမ်နှင့် လယ်ယာမြေများ ကြည့်ရှုခွင့်ပြုသည့် အချိန်ကာလကို ၁ ရက်မှ ၃ ရက်အတွင်းသာ အချိန်အကန့်အသတ်ဖြင့် ခွင့်ပြု ထားကြောင်း ၎င်းကဆိုသည်။ ပြန်လိုသူများအနေဖြင့်လည်း ခွင့်ပြုချက်ရယူရမည်ဟု ဆိုသည်။

“အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက အရပ်သားတွေ ပြန်မယ့်နေရာဒေသတွေထဲကို အစိုးရတပ်တွေ ဝင်ရောက်တပ်စွဲမှု မြင့်တက်လာတယ်။ တပ်တွေလှုပ်ရှားမှုကြောင့် ရန်စမှုတွေ ထပ်ဖြစ်မှာကို ကျွန်မ အင်မတန် စိုးရိမ်မိတယ်။ လောလောဆယ် အချိန်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

သို့သော် ကချင်စစ်မက်ပဋိပက္ခအတွက် ရလဒ်ကောင်းများ ထွက်ပေါ်ရေးအတွက် ဆွေးနွေးပွဲများ လုပ်ဆောင်လျက် ရှိသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့မှာ ကေအိုင်အို ထိန်းချုပ်ထားသည့် နယ်မြေများ တွင်ရှိသည့် Woi Chya ဒုက္ခသည် စခန်းသို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လအတွင်းက ဝင်ရောက် ခွင့်ရရှိခဲ့ပြီး အစားအသောက်၊ ဆေးဝါးနှင့် အခြားပစ္စည်းများပါဝင်သော ထရပ်ကား ၁၁ စီးဖြင့် လူပေါင်း ၄၀၀၀ ကျော်ခန့်အား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့နိုင်ကြောင်း OCHA ကဆိုသည်။

အဆိုပါ အဖွဲ့သည် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့်ရရှိခဲ့သောကြောင့် အားတက်ခဲ့သော်လည်း အကူအညီများ လိုအပ်နေသည့် နေရာများသို့ ထပ်မံဝင်ရောက်ခွင့်ရရှိရေးနှင့် ပတ်သက်၍ တိုက်တွန်းပြောဆိုလျက် ရှိသည်ဟု ကချင်ဒုက္ခ သည်ဖွံ့ဖြိုးရေးအဖွဲ့ KRDC မှ Htu Raw ကဆိုသည်။

“ဒုက္ခသည်စခန်းတွေမှာ တစ်ပတ်ကို တစ်ကြိမ်တော့ ကလေးငယ်တွေအတွက် လှုပ်ရှားမှုတွေရှိတယ်၊ သီချင်းဆို တာတို့၊ ဂိမ်းဆော့တာတို့၊ ယဉ်ကျေးမှုကပွဲတွေ လုပ်တာတို့ပေါ့” ဟု ၎င်းကပြောကြားသည်။

“IDP တွေတသီးတခြားစီဖြစ်နေချိန်မှာ သူတို့တတွေက အကူအညီမရှိဘူးလို့ ခံစားနေခဲ့ကြရတာ။ အဲဒီတော့ စခန်းတွေမှာ သူတို့ကိုစုပြီး အဲဒီလိုပွဲလေးတွေလုပ်ပေးတာ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ရရှိစေပါတယ်၊ သူတို့အတွက် အားတက်စေတာပေါ့” ဟု ၎င်းက ပြောကြားသည်။

မြန်မာပြည်တွင်း စစ်မက်ပဋိပက္ခနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘက်အသီးသီးက ၂၀၁၃ ခုနှစ် မကုန်မီ ကာလ အတွင်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ တိုင်းပြည်က အဓိကကတော့ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့၊ အပြောင်းအလဲဖြစ်ဖို့။ ဒါပေမယ့် အစိုးရအနေနဲ့ ကလည်း နှစ်တွေသာ ကြာလာတယ် သိသိသာသာ ပြောင်းလဲအောင်လည်း မလုပ်နိုင်သလို တကယ့်အောက်ခြေလူတန်းစား တွေအတွက်၊ လယ်သမားတွေအတွက်၊ လယ်သမားတွေက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရာခိုင်နှုန်း ၇၀၊ ဆင်းရဲတဲ့ပြည်သူက ရာခိုင်နှုန်း ၉၀ ရှိတဲ့ ပြည်သူတွေအတွက် သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ၊ အပြောင်းအလဲတွေ ဘာမှဖြစ်မလာဘူး”

ဒီဇင်ဘာ ၂ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၉) တွင်ပါရှိသော  “အပြောတွေပဲဖြစ်နေသလား သမ္မတဦးသိန်းစိန်၏ မိန့်ခွန်း၊ ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးအေးသာအောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက ဖောင်းပွနေတယ်။ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုတာတွေမပါဘူး ဖြစ်နေတယ်”

ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးအတွက် လက်တွေ့ လုပ်ငန်းစဉ်များ ချမှတ်ပေးရန် ကယားနှင့် ကယန်းဒေသမှ လူငယ်များ တောင်းဆို” သတင်းမှ ကရင်နီပြည် လူငယ်များ သမဂ္ဂမှ ဥက္ကဋ္ဌ ကိုအသန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Government Sector က အရမ်းသေးတယ်။ လူဦးရေ သန်းခြောက်ဆယ်မှာ Government Sector က တစ်သန်း ကျော်လေးပဲရှိတယ်။ အဲ့ဒါမှာ ခင်ဗျားကို ကျွန်တော်ပြောမယ်၊ Reform  လုပ်ချင်တဲ့သူက တစ်ထောင် လောက်ပဲရှိတယ်။ ကျန်တဲ့လူက တရွတ်တိုက် လိုက်တုန်းပဲ”

ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အစိုးရအဖွဲ့အတွင်း ဒီမိုကရေ စီစနစ်သို့ ပြောင်းလဲလိုသူ တစ်ထောင်ခန့်သာရှိဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြော” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတက ရပ်ဆိုင်းထားပါလို့ ပြောထားတဲ့အချိန်ကစပြီး CPI ဘက်ကတော့ လူထုတွေရဲ့ သဘောထားရ ယူနေတဲ့ သဘောရှိ တယ်။ မြစ်ကြီးနားလူထုရဲ့ ခွင့်ပြုချက်ရရင် လုပ်နိုင်မယ်လို့ သူတို့ယုံကြည်ထားတဲ့ အခြေအနေ ရှိတယ်။ အရင်က ကျေးရွာေ ဒသခံတွေနဲ့ လုံးဝအဆက်အဆံတွေ မရှိခဲ့ရာကနေ အခုဆို ဒေသခံ တွေနဲ့ နီးနီးစပ်စပ်နေတယ်။ ကူညီတာတွေ လုပ်ပေးနေ တယ်။ ဒေသခံတွေ သဘောတူရင် စီမံကိန်းပြန်ပြီး  တော့ စမယ် ဆိုပြီး ကြိုးစားနေတဲ့ သဘောလိုဖြစ်နေပါတယ်”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂၇) တွင်ပါရှိသော “မြစ်ဆုံစီမံကိန်း အကောင်အ ထည်ပြန်ဖော်နိုင်ရန် ကြိုးပမ်းနေ” သတင်းမှ လူမှု့ဖွံ့ဖြိုးရေးကွန်ရက် (ကချင်ပြည်နယ်) မှ တာဝန်ခံ မဒေါင်ရွန် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“SME တွေ ဖွံ့ဖြိုးဖို့ အတက်နိုင်ဆုံး လုပ်နေပေမယ့် ကန့်သတ်ချက်တွေ ရှိနေတယ်။ ချေးငွေပေးရာမှာလည်း ဗဟိုဘဏ်ရဲ့ သတ်မှတ်စည်းကမ်းတွေအတိုင်း လုပ်နေရတာတွေရှိတယ်”

ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အသေးစားနှင့် အလတ်စား ဘဏ်ကို စင်ကာပူငွေကြေးအဖွဲ့က ဒေါ်လာ သန်း ၂၀ ချေးမည်”  သတင်းမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမျိုးအောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive