Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(10  January 2014 ရက်စွဲပါ UN News Centre မှ UN rights office praises Myanmar for commuting all death sentences ကို ဘာသာပြန်ဆိုသည်)

(10 January 2014 ရက်စွဲပါ The Copenhagen Post မှ Denmark forgives Myanmar debt ကို ဘာသာပြန်ဆိုသည်)


ကုလ လူ့အခွင့်အရေးရုံးက မြန်မာနိုင်ငံ၏သေဒဏ်ကို အစားထိုး လျှော့ပေါ့ခြင်းအတွက် ချီးကျူး

(10  January 2014 ရက်စွဲပါ UN News Centre မှ UN rights office praises Myanmar for commuting all death sentences ကို ဘာသာပြန်ဆိုသည်)

ယနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားရာတွင် မြန်မာနိုင်ငံက သေဒဏ်ပေးခြင်းကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြင့် အစားထိုးခြင်းသည် သေဒဏ် ပေးခြင်း ၊ ပယ်ဖျက်ခြင်းကို ဦးတည်ရန် မျှော်လင့်သည်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ (၂) ရက်နေ့က ကြေညာရာတွင် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် သေဒဏ်များကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ လည်းကောင်း၊ တချို့ ပြစ်ဒဏ်များကိုလည်း လျှော့ချခြင်းဖြင့် လည်းကောင်း လူသားချင်းစာနာသော အကြောင်းကို အခြေပြု၍ လျှော့ပေါ့ ပေးခဲ့သည်ဟု ဆိုပါသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာသမ္မတရဲ့ အမိန့်ကို နွေးထွေးစွာ ကြိုဆိုပါတယ်" ဟု ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က သတင်းထောက်များသို့ ဂျီနီဗာတွင် ပြောကြားခဲ့ပါသည်။

ယခုလုပ်ဆောင်မှုသည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာသော နိုင်ငံတစ်ခုအတွက် အရေးပါကြောင်း ၊ မြန်မာနိုင်ငံတွင် ၁၉၈၉ မှ စ၍ သေဒဏ် မပေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါသည်။

"ဒီခြေလှမ်းဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွက်ရော ဒေသတွင်းနဲ့ တခြား နိုင်ငံများအတွက်ပါ အပေါင်း လက္ခဏာ ဆောင်တဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်" ဟု Mr.Colville က ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာ မင်းကြီးရုံး (OHCHR) ကိုယ်စား ပြောကြားခဲ့ပါသည်။


ဒိန်းမတ်က မြန်မာနိုင်ငံအပေါ် အကြွေးဟောင်းလျှော်

(10 January 2014 ရက်စွဲပါ The Copenhagen Post မှ Denmark forgives Myanmar debt ကို ဘာသာပြန်ဆိုသည်)

ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး Rosmus Helveg Peterson တို့ တွေ့ဆုံဆွေးနွေး အပြီးတွင် မြန်မာနိုင်ငံက ဒိန်းမတ်အပေါ် တင်ရှိနေသော ကြွေး ၂၉၅ ခရိုနာ (kroner) ကို တရားဝင် လျှော်ပစ်ခဲ့ပါသည်။

"ဒိန်းမတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ တိုးတက်မှုကို ထောက်ခံတယ် ဆိုတာ မြန်မာပြည်သားတွေကို အရေးကြီးတဲ့ သတင်း စကားပါးတာပါပဲ"ဟု Petersen က ပြောပါသည်။

"ကျွန်တော်တို့ ကြွေးမြီတွေ လျှော်ပစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ အရမ်းလိုအပ်နေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး ၊ ကျောင်းနဲ့ လမ်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အရင်းအမြစ်တွေ တံခါးဖွင့်ပေး ပါလိမ့်မယ်" ဟု ၎င်းက ပြောပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခု လျှော်ပစ်ခဲ့သော ကြွေးအများစုမှာ နှစ်ပေါင်း သုံးဆယ် ကြာပြီ ဖြစ်သော အစိုးရချေးငွေများ ဖြစ်ပြီး ငါးဖမ်းလှေများကို စုံစမ်းထောက်လှမ်းသည့် ဒိန်းမတ်လုပ် သဘောင်္ များ ဝယ်ယူရန် ချေးခဲ့ခြင်းဖြစ် သည်ဟု ဆိုပါသည်။

"အချိန်ကတော့ ကွက်တိပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲတဲ့ ပြည်သူတွေကို အကျိုးရှိအောင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ကြွေးဟောင်းတွေကြောင်း ဝန်ထုပ်ဝန်ပိုး မရှိသင့်တော့ပါဘူး" ဟု Petersen က ပြောပါသည်။ "ကြွေးမြီ လျှော်ပစ်တာက ကျွန်တော်တို့က မြန်မာနိုင်ငံ နဲ့ အခြား ဆင်းရဲတဲ့ တိုင်းပြည်တွေကို ငွေ ထောက်ပံ့ခြင်း မပြုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ၊ တရားစီရင်ရေး ၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် အထိ ပြည်သူတွေထံကနေ တိုင်ကြားစာ ပေါင်း ၁ဝဝဝဝ ကျော် ရောက်ရှိနေပါတယ်။ အဲဒီ ၁ဝဝဝဝ ကျော်အနက်က ရာခိုင်နှုန်း ၉ဝ ကျော်က တရားသူကြီးတွေ အကျင့်ပျက် လာဘ်စားလို့ တိုင်ကြတာတွေ ဖြစ်ပါတယ်။ တရားစီရင်ရေး ကဏ္ဍမှာ ငွေများ တရားနိုင် ဖြစ်နေတာ တွေ မတရားစီရင်ခြင်း ခံရလို့ တိုင်တာတွေ များတယ်။ နောက်ပိုင်း ဥပဒေ အရာရှိတွေကိုပါ တိုင်ကြားလာတာတွေ ရှိတယ်။ ဥပမာ ပြောရရင် လာဘ်ယူပြီး လူသတ်မှု ၃ဝ၂ ကို လူသေမှု ၃ဝ၄ ပြောင်း တပ်ပေးတာမျိုးတွေ ။ အာမခံမပေးရတဲ့ အမှုတွေကို အာမခံပေးလို့ ရတဲ့ ပုဒ်မ ပြောင်းတပ်တာမျိုးတွေ ။ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီး တရားသူကြီးတွေကို တိုင်တယ်။ တချို့ တိုင်စာတွေမှာ တရားသူကြီးတွေနဲ့ ရဲနဲ့ ပေါင်းပြီး မတရားလုပ်တယ် ဆိုတာတွေကို တိုင်တယ်။ ကျွန်တော်တို့ တိုင်ကြားစာတွေကို ပြန်လည် စိစစ်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးနေပါတယ်"

ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ပြည်သူများထံမှ ရောက်ရှိ လာသည့် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သော တိုင်ကြားစာ ၁ဝဝဝဝ ကျော်အနက် ရာခိုင်နှုန်း ၉ဝ ကျော် မှာ တရားရေး ဝန်ထမ်းမျာအား တိုင်ကြားခြင်းဖြစ်" သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ၊ ဥပဒေရေးရာ နှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"သမ္မတကြီးပေးခဲ့တဲ့ ပုဒ်မ ၂ဝ၄ (က) အရ လွတ်ငြိမ်းခွင့် ပေးတာကို ကြိုဆိုတယ်။ ထောက်ခံတယ်။ အသိ အမှတ်ပြုတယ်။ ဒါပေမဲ့ တို့တိုင်းပြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မှာ အဲဒီလောက်နဲ့ မလုံလောက်ဘူးပေါ့။ အဲဒါကြောင့် ပုဒ်မ ၂ဝ၄ (ခ) အရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ထောက်ခံချက်နဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ကျွန်တော် ဒုတိယ အကြိမ်တုန်းက  တင်ခဲ့တဲ့ အဆိုကို အခု နဝမအကြိမ် လွှတ်တော်မှာ ဆက်လက်ပြီးတော့ အရင်တင်ထားတဲ့ အဆိုအတိုင်း ရုပ်လုံး ပေါ်အောင်  ကျွန်တော် ဆက်ကြိုးစားမှာပါ"

ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ကာလုံမှသာ ခွင့်ပြုနိုင်သည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးရန် အဆိုကို လာမည့် လွှတ်တော်တွင် ဦးသိန်းညွန့် တင်သွင်းမည်" သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"၂ဝ၁၅ ကို ကြိုတင်ပြီးတော့ ချိန်ဆနေတယ်။ တွက်ဆနေကြတယ်ဆိုရင် ၂ဝ၁၄ ကို ကျော်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးတို့ ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ၊ နောက်ပြီး အလုပ်သမား လယ်သမား ကိစ္စတွေက ဒီ ၂ဝ၁၄ ထဲမှာ အပြတ်ဖြတ်ရမယ့် ကိစ္စတွေပဲ။ ဒါတွေကို ကျော်ပြီး စဉ်းစားလို့ မရပါဘူး။ အပစ် ရပ်ပေါင်းလည်း များပြီ။ ဘယ်တော့မှလည်း အဖြေထွက်မလာဘူး ဆိုတော့ အဖြေထွက်အောင် ဆွေးနွေး ချင်တယ် ဆိုတာ ပထမခြေလှမ်းပါ။ အဲဒီအခါမှာ ဘက်နှစ်ဖက် အတွက် အကျပ်အတည်း ဆိုက်တဲ့ အချိန်ပဲ ဖြစ်တယ်။ အဲဒီအကျပ်အတည်းကို သယ်သွားပြီးတော့ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ တကယ် မလွယ်ပါဘူး"

ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် "စံတော်ချိန်" နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "၂ဝ၁၄ ကျော်ပြီး ၂ဝ၁၅ ကို ကြိုတင် စဉ်းစားနေ၍ မရ  ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ၂ဝ၁၄ ၌ အပြတ်ဖြတ်ရန် လိုအပ်" သတင်းမှ  ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး - ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် နဲ့ အင်တာဗျူးတစ်ခု ရခဲ့ပါတယ်။ လွှတ်တော်က ကန့်လန့် လုပ်တယ်၊ သမ္မတကြီး အမှတ်တက်သွားမှာ စိုးလို့ ဆိုပြီး ပြောလာတာ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။

ဖြေ - "မဟုတ်ပါဘူး ။ ဒီသဘောမျိုး ပြောတာ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သမ္မတက သူ့သမ္မတမှ မဟုတ်ဘဲနဲ့ ၊ သမ္မတက လွှတ်တော်ရဲက သမ္မတလည်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလည်း ဖြစ်ပါတယ်။ အဲဒီတော့ လွှတ်တော်ဆိုတာကလည်း ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းစိန် တာဝန်ယူနေတာ ဖြစ်ပါတယ်။ လွှတ်တော် ရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။ ဥပဒေအရ သမ္မတကြီးက နေပြီး တာဝန်ယူလုပ်လို့ မရလို့ စီနီယာ အရ ဒုတိယ ဥက္ကဋ္ဌ ကနေပြီး ဥက္ကဋ္ဌ တာဝန် တက်ယူရတာပါ။ သို့သော်လည်းပဲ ဒီနေရာမှာ အမှတ် တက်သွားမှာ စိုးလို့ဆိုတော့ အပြိုင်အဆိုင် သဘောကို ဆောင်သွား တယ်။ အဲလိုမရှိပါဘူး။ အဲလို မဟုတ်ပါ ဘူး။ သမ္မတကြီး အမှတ်တက်တာလည်း ကျွန်တော်တို့ အမှတ်တက်တာနဲ့ အတူတူပါပဲ။ တိုင်းပြည် အတွက် ပါပဲ။ အစိုးရအတွက် ပါပဲ။ ကျွန်တော်တို့ ပါတီအတွက် ပါပဲ။ ဆိုတော့ ဒါက ဒီကိစ္စကို တွက်စရာ အကြောင်း မရှိပါဘူး။။ သမ္မတကြီး အမှတ်တက်တာဟာ သမ္မတကြီးအတွက် အပြည့်အဝမရအောင် တစိတ်တ ပိုင်းတော့ ရမှာပါ။ လုံးဝ မရဘူးဆိုရင် ကျွန်တော်တို့ မရဘူး။ သမ္မတကြီး အမှတ်တစ်ရာ ရလို့ ကျွန်တော်တို့က အစိတ် လောက်ရတယ် ဆိုရင်လည်း ကျွန်တော်တို့အတွက် အကျိုးရှိတာပါပဲ။ ဒီသဘောပါ။ အဲဒီတော့ အဲလို ပြောတာ ကတော့ ကျွန်တော်တို့ အနေနဲ့ကတော့ လက်မခံပါဘူး။"

ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် "The Messenger" ဂျာနယ် အတွဲ (၄) ၊ အမှတ် (၃၄) တွင် ပါရှိသော "ဦးအောင်သောင်း နှင့် တွေ့ဆုံမေးမြန်းခြင်း" အင်တာဗျူးမှ ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး - တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်မယ်ဆိုရင် ဘယ်လို အချက်တွေ ပါဝင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ - အပစ်အခတ် ရပ်စဲရေးအတွက် ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ အထူးသဖြင့် လက်နက်ကိုင်တိုင်းရင်းသားတွေ လိုလာတဲ့ တွေ့ဆုံဆွေးနွေးရေးက လွဲလို့ တခြား မရှိဘူး။ ပထဝီအနေအထားအရ ဒီ တိုင်းရင်းသားတွေ အားလုံးက ပြည်မကြီးကို ဝိုင်းထားတာ။ ဒီဘက် ဖိရင် ဟိုဘက်ပြေးတယ်။ ပြီးရင် အခြေအနေကောင်း တဲ့ဘက် ပြန်လာတယ်။ အဲလို ဖြစ်နေတယ်။ တိုင်းပြည်ရဲ့ ပထဝီ အနေအထားအရ သော်လည်းကောင်း ၊ သမိုင်းကြောင်း အရသော်လည်းကောင်း ၊ ဒီပြဿနာကို လက်နက်နဲ့ ဖြေရှင်းလို့ မရဘူး။ အကယ်၍ လက်နက်နဲ့ ဖြေရှင်းရင် တစ်ခဏပဲ ရမယ်။ ဘေးထွက် ဆိုးကျိုး ဖြစ်တဲ့ ဘိန်းမှာ ဒုတိယ နိုင်ငံ ဖြစ်သွားပြီ။ မက်တန်ဖက်တမင်း (Metanfetaminas) ထုတ်လုပ်မှု မှာ ပထမနိုင်ငံ ဖြစ်သွားပြီ။ သွားချင်တဲ့ လမ်းကြောင်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ၊ တန်းတူအရေး ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ခွင့် တကယ့် တိုင်းရင်းသားရဲ့ လွတ်လပ်မှုကို ရချင်တယ်။ ဒီအချက်ကို မကိုင်တွယ်ဘဲ တစ်ခုချင်းစီ လုပ်မယ် ဆိုရင် ခက်ခဲမယ်လို့ မြင်တယ်။

ဇန်နဝါရီလ  ၁၄ ရက်နေ့ထုတ် The Flower News ဂျာနယ် အတွဲ(၁၀) ၊ အမှတ် (၃) တွင် ပါရှိသော "60 Seconds Interview" ကဏ္ဍမှ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive